အခန်း (၁၇၇-၁၇၈)
Vol. 10 Ch. 177-178
အခန်း(၁၇၇)အရှေ့ပင်လယ် သိုင်းလောက တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားရချေပြီ။
ရှောင်ပီလီသည် အရှေ့ပင်လယ် ဝါးကုတ်အင်္ကျီဝတ် ဓားသမား၏ မလှမ်းမကမ်းတွင် ရပ်တန့်လိုက်သည်။ သူသည် အရှေ့ပင်လယ် ဝါးကုတ်အင်္ကျီဝတ် ဓားသမား တိန်းကိုင်ကို တည်ငြိမ်စွာ ကြည့်ရင်း ဆိုလိုက်၏။
"ဒီလိုလုပ်ရပ်က အထင်အမြင်လွဲမှားမှုတွေ အလွယ်တကူ ဖြစ်စေနိုင်တယ်ဆိုတာ မင်းသိရဲ့လား"
တိန်းကိုင်သည် ရှောင်ပီလီအား ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ဆုပ်၍ အလျင်အမြန်ပင် အရိုအသေပြုလိုက်ပြီးနောက် ဆို၏။
"မိတ်ဆွေ... ငါ့မှာ မင်းအပေါ် ရန်လိုတဲ့စိတ် မရှိပါဘူး"
ထိုသို့ပြောပြီးနောက် တိန်းကိုင်သည် မိမိကိုယ်မိမိ လှောင်ပြောင်သရော်သည့် အမူအရာဖြင့် ဆက်ပြောလေသည်။
"ငါ တိန်းကိုင်က 'အရှေ့ပင်လယ် ဝါးကုတ်အင်္ကျီဝတ် ဓားသမား' ဆိုပြီးတော့ အရှေ့ပင်လယ် သိုင်းလောကမှာ အတန်ငယ် နာမည်ကျော်ကြားပါတယ်။ အရှေ့ပင်လယ်ရဲ့ အဆင့်(၁) ကျွမ်းကျင်သူတွေ အားလုံးနဲ့လည်း အနည်းနဲ့အများတော့ အဆက်အသွယ် ရှိတယ်လို့ ထင်ခဲ့တာပေါ့"
"ဒါကြောင့်ပဲ အခြေအနေကို လာကြည့်ပြီး ဝင်ပါဖို့ ကြံစည်ခဲ့တာပါ"
"ဒါပေမဲ့ ဒီနေ့ မင်းနဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ ငါ သဘောပေါက်သွားခဲ့ပြီ။ အရှေ့ပင်လယ် သိုင်းလောကဆိုတာ... ပြောပလောက်တာ မဟုတ်ပါလား။ ငါ တိန်းကိုင်ဆိုတာလည်း ဘာကောင်မှ မဟုတ်ပါလား"
ဤလူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် လွန်စွာမှ ငယ်ရွယ်လွန်းလှသဖြင့် ရှေးဟောင်းနတ်ဆိုးကြီး တစ်ကောင်ကောင်၏ ပူးကပ်ခြင်းကို ခံထားရသည်လား သို့မဟုတ် လူဝင်စားလာသူလား ဆိုသည်ကို ခွဲခြားရန် ခက်ခဲလှပေသည်။
မိမိ၏ အသက်အရွယ်နှင့် ဤမျှ မြင့်မားသောအဆင့်သို့ ကိုယ်တိုင်ကျင့်ကြံ ရောက်ရှိလာသူဟူ၍ သူ လုံးဝ မတွေးရဲချေ။
သို့မဟုတ်ပါက ထိုအရာသည် ရှေးဟောင်းနတ်ဆိုးကြီးတစ်ကောင် ခန္ဓာကိုယ်ပိုင်ဆိုင်ခြင်းထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ ပိုမိုကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
ရှောင်ပီလီသည် ထိုအဘိုးအိုအား ကြည့်ကာ တည်ငြိမ်စွာဖြင့် ဆိုလိုက်၏။
"မင်းဆီက ရန်လိုတဲ့စိတ်ကို ငါ မခံစားမိလို့သာပဲ။ မဟုတ်ရင် မင်း အခုထိ အသက်ရှင်နေဦးမယ်လို့ ထင်နေသလား"
"ငါ မင်းအကြောင်း ကြားဖူးပါတယ်။ မင်းက အရှေ့ပင်လယ် သိုင်းလောကမှာ တစ်ဦးတည်းသော အဆင့်(၁) လေလွင့် ကျင့်ကြံသူပဲ။ မင်းက များသောအားဖြင့် အရှေ့ပင်လယ်ရဲ့ အဓိကအင်အားစုတွေကြားမှာ ဖျန်ဖြေပေးသူအဖြစ် လုပ်ဆောင်လေ့ရှိပြီး အရှေ့ပင်လယ် သိုင်းလောကမှာ အတော်လေး အောင်မြင်ကျော်ကြားတယ်မလား"
"ဒါပေမဲ့ မဟာကျိုးရဲ့ အကြွင်းအကျန်တွေနဲ့ အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးတို့ကြားက ပဋိပက္ခတွေ ပြင်းထန်လာကတည်းက မင်းက ပုန်းအောင်းနေခဲ့တာပဲ"
"အခု တစ်ခေါက်မှာ ဘာအကြောင်းကြောင့် ကျင့်ကြံရာကနေ ထွက်လာရတာလဲ"
သူ ရှန်းလုံကျွန်းသို့ ပထမဆုံး ရောက်ရှိစဉ်ကပင် ကျောမူအာအား အရှေ့ပင်လယ်နှင့် ပတ်သက်သည့် သတင်းအချို့ကို စုံစမ်းခိုင်းထားခဲ့ဖူးသည်။
ထိုအထဲတွင် အဓိက စုံစမ်းခိုင်းထားသည်မှာ အရှေ့ပင်လယ် သိုင်းလောက၏ ထိပ်တန်းအဆင့်ရှိ သိုင်းဆရာကြီးများအကြောင်းပင် ဖြစ်သည်။
တိန်းကိုင်၏ မျက်နှာတွင် အနည်းငယ် ရှက်ရွံ့သော အမူအရာ ပေါ်လာပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်၏။
"ငါ ကျွန်းငယ်လေးတစ်ခုပေါ်မှာ နှစ်အနည်းငယ်ကြာ ပုန်းနေခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်အတွင်းမှာ ကျိုးမိသားစုက ငါ့ရဲ့ တည်နေရာကို သိသွားပြီး သူတို့ဘက်က ရပ်တည်ပေးဖို့ ဖိအားပေးလာကြတယ်။ ငါလည်း မတတ်သာတော့ဘဲ အဲဒီကျွန်းကနေ ထွက်ပြေးခဲ့ရပြီး အလယ်ပိုင်းလွင်ပြင်မှာ နှစ်အနည်းငယ်လောက် သွားနေဖို့ ပြင်ဆင်နေတာပါ"
"အို..."
ရှောင်ပီလီသည် အတန်ငယ် စိတ်ဝင်စားသွားကာ အေးစက်စွာ ဆိုလိုက်၏။
"မင်းက အဆင့်(၁) ကျွမ်းကျင်သူတစ်ယောက်ပဲ။ ကျိုးမိသားစုက မင်းကို သူတို့ဘက်ပါအောင် ဆွဲဆောင်ချင်တယ်ဆိုရင်တောင် မင်းကို ရိုရိုသေသေပဲ ဆက်ဆံမှာ သေချာပါတယ်။ မင်းက ဘာဖြစ်လို့ ထွက်ပြေးနေရတာလဲ"
တိန်းကိုင်က ခေါင်းခါယမ်းကာ ပြောလေသည်။
"ကျိုးမိသားစုက ရှေးဟောင်းမင်းဆက်ရဲ့ တော်ဝင်မိသားစုပဲ။ သူတို့က အလယ်ပိုင်းလွင်ပြင်ကို ပြန်သွားဖို့ အမြဲတမ်း ကြံစည်နေကြတာ။ မဟာချန်အင်ပါယာရဲ့ နန်းတော်သာ အားနည်းသွားရင် သူတို့မှာ အခွင့်အရေး ရှိကောင်းရှိလိမ့်မယ်"
"ဒါပေမဲ့ အခု မဟာချန်အင်ပါယာက အထွတ်အထိပ် ရောက်နေတဲ့အချိန်ပဲ။ အလယ်ပိုင်းလွင်ပြင်က ဂိုဏ်းအားလုံးက သူတို့ရဲ့ ထက်မြက်တဲ့ အရှိန်အဝါကို ရှောင်လွှဲနေကြရတယ်။ ဗုဒ္ဓဘာသာ၊ တာအိုဘာသာနဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ ထိပ်တန်းအင်အားစုတွေတောင် မဟာချန်အင်ပါယာကို တိုက်ခိုက်ဖို့ အရိပ်အယောင် မပြကြဘူး။ ငါသာ ကျိုးမိသားစုရဲ့ လှေပေါ် တက်စီးမိရင် နောက်နောင် အနာအဆာမရှိဘဲ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်"
ရှောင်ပီလီက ဆို၏။
"ငါ သိချင်တာက ကျိုးမိသားစုက ဘယ်ကနေ ဒီလောက်အထိ ယုံကြည်မှုတွေ ရနေတာလဲ"
"မိုးကြိုးဘေး ခြောက်ကြိမ်တိုင်တိုင် ကျော်ဖြတ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ဘိုးဘေးကို အခြေခံပြီးတော့လား"
"မဟာကျိုးမင်းဆက် တည်ထောင်ခဲ့တာ နှစ်ပေါင်း တစ်ထောင်ကျော်ပဲ ရှိသေးပေမဲ့ ငါ့အထင်တော့ သူတို့မှာ ကျိုးမိသားစုထက် ပိုပြီး ထိပ်တန်းကျွမ်းကျင်သူတွေ အများကြီး ရှိလိမ့်မယ် ထင်တယ်"
တိန်းကိုင်က ခါးသက်သက် ပြုံးလိုက်၏။
"ငါ အလယ်ပိုင်းလွင်ပြင်ကို အကြိမ်အနည်းငယ် သွားဖူးပေမဲ့ မဟာချန်နန်းတော်ရဲ့ အင်အားအစစ်အမှန်ကိုတော့ သဲသဲကွဲကွဲ မသိပါဘူး"
"ကျိုးမိသားစုရဲ့ ယုံကြည်မှု အရင်းအမြစ်နဲ့ ပတ်သက်လို့တော့ ငါ တကယ် မသိဘူး"
"ငါသာ အဲဒီလို အဓိက လျှို့ဝှက်ချက်တွေကို သိနေခဲ့ရင် အခုအချိန်မှာ ကျိုးမိသားစုဘက်မှာ ရှိမနေရင်တောင် အသက်ရှင်လျက် ရှိတော့မှာ မဟုတ်ဘူး"
ရှောင်ပီလီက ခေါင်းညိတ်လိုက်၏။
"စောစောကတင် ငါ ရှန်းလုံကျွန်းပေါ်မှာ ကျိုးမိသားစုရဲ့ သိုင်းနတ်ဘုရား ကျိုးယွမ်... ပြီးတော့ အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးထဲက နှစ်ယောက် အပါအဝင် အဆင့်(၁) ကျွမ်းကျင်သူ လေးယောက်ကို သတ်ခဲ့တယ်"
"မင်းက အရှေ့ပင်လယ်မှာ နေလာတာ ကြာပြီဆိုတော့ အရှေ့ပင်လယ် သိုင်းလောကရဲ့ အခြေအနေကို ကောင်းကောင်း သိမှာပဲ။ ဒီသတင်းသာ အပြင်ကို ပျံ့သွားရင် အရှေ့ပင်လယ် သူတော်စင် ခြောက်ပါးနဲ့ ကျိုးမိသားစုက ငါ့ကို ဘယ်လိုမျိုး တုံ့ပြန်ကြမလဲဆိုတာ မင်း ငါ့ကို ခွဲခြမ်းစိတ်ဖြာပေးနိုင်မလား"
"ဘာ..."
တိန်းကိုင်၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားရ၏။
အရှေ့ပင်လယ် သူတော်စင် ခြောက်ပါးထဲက နှစ်ယောက် သေဆုံးသွားပြီလား။
သိုင်းနတ်ဘုရား ကျိုးယွမ်လည်း သေဆုံးသွားပြီလား။
ငါ့ရှေ့မှာ ရှိနေတဲ့ ဤလူက အမှန်တကယ်ပင် မည်သူနည်း။
ရှောင်ပီလီသည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ကာ တည်ငြိမ်စွာ ဆိုလိုက်၏။
"မလောပါနဲ့"
"ငါနဲ့အတူ ရှန်းလုံကျွန်းကို အရင်လိုက်ခဲ့။ အဲဒီကျွန်းပေါ် ရောက်မှပဲ အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာကြတာပေါ့"
'အလယ်ပိုင်းလွင်ပြင်ရဲ့ သိုင်းဆရာကြီး၊ နတ်ဆိုးဓား ရှောင်ပီလီသည် ရှန်းလုံကျွန်းပေါ်တွင် နဂါးကို သတ်ဖြတ်ခဲ့ပြီး ကျိုးမိသားစု၏ သိုင်းနတ်ဘုရား ကျိုးယွမ်၊ ရှန်းလုံကျွန်းသခင် ထန်ထျန်းစီ၊ ကောင်းကင်ဖုံးလွှမ်း လက်ချောင်းတစ်ချောင်း တုရွှမ်နှင့် အဖြူဖီးနစ်ဓားသမား ရှန်ဟောက်တို့ကို သတ်ဖြတ်ခဲ့ချေပြီ။'
ရက်အနည်းငယ်အတွင်းမှာပင်။
ထိုသတင်းသည် ရှန်းလုံကျွန်းမှတစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီး အရှေ့ပင်လယ် သိုင်းလောကတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
အရှေ့ပင်လယ် သိုင်းလောကတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားရချေပြီ။
နာမည်ဆိုးဖြင့် ကျော်ကြားသော ပင်လယ်ဓားပြများပင် ထိုသတင်းကို ကြားရပြီးနောက် ပိုမိုငြိမ်ကုတ် သွားကြရသည်။
"ဒါက သတင်းအတု ဖြစ်ရမယ် မဟုတ်လား"
"အရှေ့ပင်လယ် သူတော်စင် ခြောက်ပါးက တစ်စိတ်တစ်ဝမ်းတည်း ရှိကြပြီး သိုင်းပညာမှာ အဆင့်(၁) နယ်ပယ်ကို ရောက်ရှိနေကြတာ။ အဆင့်(၁) ဆိုတာ နတ်ဘုရားတွေ၊ မသေမျိုးတွေနဲ့ တန်းတူပဲလေ။ ငါတို့တွေ အလယ်ပိုင်းလွင်ပြင်က 'နတ်ဆိုးဓား' ရှောင်ပီလီဆိုတဲ့ နာမည်ကို ကြားတောင် မကြားဖူးဘူး။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အင်အားကြီးနိုင်မှာလဲ"
"ဟုတ်ပဗျာ... ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
"ဟဲဟဲ... အလယ်ပိုင်းလွင်ပြင် သိုင်းလောကက လူတွေသာ တကယ်ပဲ ဒီလောက်အထိ အင်အားကြီးနေရင် ကျိုးမိသားစုက အရှေ့ပင်လယ်မှာ သောင်းကျန်းနေတာကို သူတို့ ဘာဖြစ်လို့ မျက်ကွယ်ပြုထားကြမှာလဲ"
"ဒါက လုံးဝကို သတင်းအတုပဲ ဖြစ်ရမယ်"
ထိုသတင်းကို ကြားရသောအခါ လူအများစု၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းပင် ဖြစ်သည်။
"ဟိဟိ... ငါ့အဖေသာ နဂါးခေါင်းတောင်ကို သွားပြီး ကျွန်းသခင် ထန်ရဲ့ မွေးနေ့ပွဲကို မတက်ခဲ့ရင်... နတ်ဆိုးဓား ရှောင်ပီလီက သူ့ရဲ့ဓားကို ထုတ်ပြီး ကျွန်းသခင် ထန်ကို ဓားတစ်ချက်တည်းနဲ့ နှစ်ခြမ်းခွဲလိုက်တာကို ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရင် ငါလည်း ယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက အမှန်တရားပဲ"
"ဟင်... ငါ ကြားတာတော့ အဆင့်(၁) ကျွမ်းကျင်သူ သုံးယောက်ဖြစ်တဲ့ ကျွန်းသခင် ထန်နဲ့ ဓားသမား ရှန်ဟောက်တို့တောင် နတ်ဆိုးဓား ရှောင်ပီလီရဲ့ ဓားတစ်ချက်ကို မခံနိုင်ကြဘူးဆို"
"တောက်... မင်းတို့တွေကတော့ ပိုပြီး လျှောက်ပြောနေကြပြီ။ အဆင့်(၁) ကျင့်ကြံသူ သုံးယောက်က ရှောင်ပီလီရဲ့ ဓားတစ်ချက်တည်းကို မခံနိုင်ဘူး ဟုတ်လား။ အဲဒီလိုဆိုရင် အရှေ့ပင်လယ် အရူးဓား အကြီးအကဲ ပိုင်သာ အဲဒီကို သွားရင်လည်း ရှောင်ပီလီရဲ့ ဓားတစ်ချက်ကို မခံနိုင်ဘူးလို့ ဘာလို့ မပြောကြတော့လဲ"
"..."
"ဒါက အမှန်ပဲဗျ။ စောစောတင် ဆရာကြီး ချီက ကျွန်းသခင် ချန်ကို သွားမေးတာ။ ကျွန်းသခင် ချန်က အဆင့်(၃) မဟာဆရာသခင်ကြီးလေ။ သူကိုယ်တိုင် ရှောင်ပီလီက ဓားတစ်ချက်တည်းနဲ့ အဆင့်(၁) ကျွမ်းကျင်သူ သုံးယောက်ကို နှစ်ခြမ်းခွဲပစ်တာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာတဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ။
နားထောင်နေသူ အားလုံး ဆွံ့အသွားကြရလေသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အဆင့်(၁) ကျွမ်းကျင်သူဆိုတာ လောကမှာ အင်အားအကြီးဆုံး ဖြစ်နေပြီလေ။ သူတို့က ဘယ်လိုလုပ်ပြီး ဓားတစ်ချက်တည်းနဲ့ အဆင့်(၁) ကျွမ်းကျင်သူ သုံးယောက်ကို သတ်နိုင်ရတာလဲ"
"သက်ပြင်းချစရာပဲ... ထိပ်တန်းအဆင့်ချင်း တူရင်တောင် အဆင့်အတန်း ကွာခြားမှုတွေ ရှိနေသေးတယ်လို့ပဲ ပြောရမှာပေါ့"
"..."
ရှန်းလုံကျွန်းမှ နှစ်ရက်ခရီးသာ လိုတော့သော အဖြူဖီးနစ်ကျွန်း စားသောက်ဆိုင်အတွင်း၌ ဖြစ်၏။
သူတောင်းစားဂိုဏ်းမှ အကြီးအကဲ ဇိုကုန်းဟူ၊ ဆားဂိုဏ်း၏ အဆင့်(၃) ကျွမ်းကျင်သူ ကျန်းထောင်နှင့် ယွီကျင်းရှို့တို့သည် စားပွဲတစ်ခုတွင် အတူထိုင်နေကြသည်။
ပတ်ဝန်းကျင်မှ ပြောဆိုသံများကို ကြားရသောအခါ ကျန်းထောင်၏ တုတ်တံကို ကိုင်ထားသော လက်များသည် အနည်းငယ် တုန်ယင်သွားခဲ့၏။
သူသည် ဆားဂိုဏ်း၏ မဟာဆရာသခင်ကြီး လေးယောက်ထဲမှ တစ်ဦးဖြစ်သလို၊ မဟာကျိုးဘက်မှ ဆားဂိုဏ်းအတွင်းသို့ စေလွှတ်ထားသော သတင်းပေးတစ်ဦးလည်း ဖြစ်သဖြင့် လျှို့ဝှက်ချက်များစွာကို သူ သိရှိထားသည်။
မဟာကျိုးက လူတွေက ဘာဖြစ်လို့ အဲဒီဘိုးဘေး၊ နတ်ဆိုးဓား ရှောင်ပီလီကို အခုထိ သွားပြီး ရန်စနေကြရတာလဲ။
အလယ်ပိုင်းလွင်ပြင် သိုင်းလောကရဲ့ အင်အားစုအားလုံးကို ကြည့်လိုက်ရင် ရှောင်ပီလီကို သွားပြီး ရန်စတဲ့သူတွေဟာ ကောင်းမွန်တဲ့ အဆုံးသတ်ကို မရရှိခဲ့ကြဘူး။
ဤကာလအတွင်း သူသည် ရှောင်ပီလီနှင့် ပတ်သက်သည့် ပုံပြင်များစွာကို ကြားသိခဲ့ရသည်။
မဟာကျိုး၏ အင်အားသည် လွန်စွာကြီးမားကြောင်း သူ သိရှိထားသော်လည်း နတ်ဆိုးဓား ရှောင်ပီလီ၏ ကြောက်မက်ဖွယ် နာမည်ဆိုးကြီးနှင့် ရင်ဆိုင်ရသောအခါ သူ လုံးဝ ယုံကြည်မှု ကင်းမဲ့သွားရချေပြီ။
ဇိုကုန်းဟူသည် ယွီကျင်းရှို့ကို ကြည့်ကာ မေးလိုက်၏။
"မိန်ကလေး ယွီ... ရှောင်ပီလီက ဘာဖြစ်လို့ ဒီပင်လယ်ရပ်ခြားကို ရောက်လာရတာလဲ"
ကျန်းရှန်းဆောင်သည် မူလကပင် သတင်းအချက်အလက်များကို အခြေခံ၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သူတောင်းစားဂိုဏ်းနှင့် ကျန်းရှန်းဆောင်တို့သည် အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်းထဲတွင် ပါဝင်ကြပြီး သူတို့၏ ဆက်ဆံရေးမှာလည်း အတော်လေး ကောင်းမွန်ကြပေသည်။
သို့သော်လည်း နတ်ဆိုးဓားသည် အဘယ်ကြောင့် ပင်လယ်ရပ်ခြားသို့ ရောက်ရှိလာရသည်ကို သူ အမှန်တကယ် မသိရှိချေ။
ယွီကျင်းရှို့က ခေါင်းခါယမ်းကာ ဆိုလိုက်၏။
"အင်ပါယာ နန်းတော်က သွေးဝတ်ရုံခန်းမဆောင်ရဲ့ သိုင်းဆရာကြီးတွေကို လိုက်လံနှိမ်နင်းဖို့ ပင်လယ်ရပ်ခြားကို ရောက်လာပုံရတယ်"
"ရှောင်ပီလီက လူတွေကို လာကယ်တာ ဖြစ်ရမယ်"
"တခြားကိစ္စတွေကိုတော့ ငါလည်း သိပ်မသိဘူး"
ယွီကျင်းရှို့၏ မျက်နှာအမူအရာသည် မပြောင်းလဲသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ခံစားနေရချေပြီ။
ရှောင်ပီလီ တစ်ယောက်တည်း လှုပ်ရှားပြီးတဲ့နောက် ပြဿနာအချို့ ကြုံရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့။
အခုတော့... ဒါက ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ချေပြီ။
အခန်း(၁၇၈)ထွက်လာပြီး အသေခံလှည့်လော့
သိုင်းဆရာကြီး ကျန်းထောင်က လေးနက်တည်ကြည်သော လေသံဖြင့် မေးမြန်းလိုက်သည်။
“သခင်မလေးယွီ... တစ်စုံတစ်ရာ သတင်းများ ရရှိထားတာ ရှိပါသလား။ ရှောင်ပီလီက ဘာဖြစ်လို့ မဟာကျိုးမင်းဆက်ရဲ့ လူတွေနဲ့ တိုက်ခိုက်ရတာလဲ။ သူတို့အားလုံးမှာ တူညီတဲ့ ရန်သူ ရှိကြတာပဲ မဟုတ်လား။ အကျိုးအကြောင်း တွေးဆကြည့်ရင် သူတို့ လက်တွဲ ဆောင်ရွက်သင့်တာပေါ့။”
ယခုအခါ ထိုသူသည် အမှန်တကယ်ပင် ပျာယာခတ် စိုးရိမ်ပူပန်လာရပြီ ဖြစ်သည်။
အကယ်၍ ရှောင်ပီလီက ကျိုးယွမ်ကို သတ်ဖြတ်စဉ်က ဆားဂိုဏ်းနှင့် မဟာကျိုးမင်းဆက်တို့အကြား ဆက်နွယ်မှု ကဲ့သို့သော လျှို့ဝှက်ချက် အချို့ကို အတင်းအကျပ် မေးမြန်း သိရှိသွားခဲ့ပါမူ။
ထိုအကြောင်းအရာ ပေါ်ပေါက်သွားခဲ့လျှင်မူ...။
သူ့အနေဖြင့် ရှောင်ပီလီနှင့် သွားရောက် တွေ့ဆုံမည့် ခရီးစဉ်မှာ အလွန် အန္တရာယ်ကြီးမားလှပေလိမ့်မည်။
ယွီကျင်းရှို့က သိုင်းဆရာကြီး ကျန်းထောင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းခါယမ်းကာ ဆိုသည်။
“ကျွန်မရဲ့ ကျန်းရှန်းဆောင်ဟာ ပြည်ပဒေသတွေမှာ အဆက်အသွယ် အချို့ ရှိတယ် ဆိုပေမဲ့ ဒါဟာ အလယ်ပိုင်းလွင်ပြင် မဟုတ်ဘူးလေ။ ပြီးတော့ ကျွန်မကလည်း တစ်ချိန်လုံး သင်္ဘောပေါ်မှာပဲ ရှိနေခဲ့တာ ဆိုတော့ အသုံးဝင်မယ့် သတင်း ဘာတစ်ခုမှ မရရှိခဲ့ပါဘူး။ ရှောင်ပီလီရဲ့ လှုပ်ရှားမှုကိုတောင် ရှင့်တို့နဲ့ တစ်ချိန်တည်းမှာပဲ သိခဲ့ရတာ။ နတ်ဆိုးဓားရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်တုန်းကမှ ကြိုတင် ခန့်မှန်းလို့ မရနိုင်ခဲ့ဘူး။”
သိုင်းဆရာကြီး ကျန်းထောင်လည်း အနည်းငယ် စိုးရိမ်စိတ် လောနေမိသည်။ သို့သော်လည်း အကယ်၍ ရှောင်ပီလီက သူမအား ဆားဂိုဏ်းနှင့် မဟာကျိုးမင်းဆက်၏ ဆက်နွယ်မှုကို ပြောပြမထားခဲ့ပါလျှင် ထိုမိန်းမပျိုအနေဖြင့် သိုင်းဆရာကြီး ကျန်းထောင်သည် ရှောင်ပီလီ၏ လှုပ်ရှားမှုများကို အာရုံစိုက် စောင့်ကြည့်နေသည်ဟုသာ ထင်မှတ်ပေလိမ့်မည်။
“ပြည်ပ သိုင်းလောကက ပိုပြီးတော့ တည်ငြိမ်အေးချမ်းလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။” ဇိုကုန်းဟူက ခေါင်းခါယမ်းကာ ဆိုသည်။ “အင်း... ဖြစ်နိုင်တာကတော့ နတ်ဆိုးဓား ရှောင်ပီလီ ပေါ်လာလို့ပဲ ပိုပြီး မတည်မငြိမ် ဖြစ်သွားရတာ ထင်ပါရဲ့။”
အလယ်ပိုင်းလွင်ပြင်တွင် သူ ကြားသိခဲ့ရသည့် ရှောင်ပီလီနှင့် ပတ်သက်သော ကောလာဟလများကို ပြန်လည် တွေးတောမိရာ ထိုသူသည် မည်သည့်နေရာသို့ ရောက်ရှိပါစေ ဆူပူလှုပ်ရှားမှုများကို ဖြစ်ပေါ်စေတတ်သူ ဖြစ်ပေသည်။
ယွီကျင်းရှို့က ဇိုကုန်းဟူကို ကြည့်ကာ မေးမြန်းလိုက်သည်။
“စီနီယာ... ဒီတစ်ခေါက် ပင်လယ်ကို ဘာကိစ္စနဲ့ ထွက်လာတာလဲဟင်။”
သူတို့၏ ကျန်းရှန်းဆောင်နှင့် သူတောင်းစားဂိုဏ်းတို့အကြား ဆက်ဆံရေးမှာ အလွန် ကောင်းမွန်လှသည်။ သူတောင်းစားဂိုဏ်းသည် အလယ်ပိုင်းလွင်ပြင်၏ သေးငယ်သော ထောင့်စွန်းတစ်နေရာတွင်သာ အစဉ်အမြဲ လှုပ်ရှားသွားလာလေ့ ရှိပြီး ပြည်ပ သိုင်းလောကနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိခဲ့ချေ။
ထိုစကားကို ကြားရသောအခါ ဇိုကုန်းဟူ၏ မျက်နှာအမူအရာမှာ ပိုမို ညှိုးမှိန် လေးနက်သွားရသည်။
ဤတစ်ကြိမ် ပင်လယ်ပြင်သို့ ထွက်ခွာလာခဲ့ရာတွင် ရှောင်နူကျွန်းပေါ်က အလောင်းသန့်စင်ရေးဂိုဏ်းဝင်၏ အလောင်းမှတစ်ပါး ဂိုဏ်းခေါင်းဆောင်ဟောင်း၏ ရုပ်ကလာပ်ကို ခိုးယူသွားသော အလောင်းမောင်းနှင်ရေးဂိုဏ်းမှ သစ္စာဖောက်နှင့် ပတ်သက်၍ သဲလွန်စ တစ်ခုမျှပင် မရရှိခဲ့ချေ။
ဤတစ်ကြိမ်တွင်မူ ကျန်းရှန်းဆောင်၏ ပြည်ပ အဆက်အသွယ်များကို အားကိုးရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။
ထိုသို့ တွေးတောလိုက်ပြီးနောက်...။
ဇိုကုန်းဟူက သိုင်းဆရာကြီး ကျန်းထောင်ကို ကြည့်ကာ ဆိုသည်။
“အကြီးအကဲ ကျန်း... ငါတို့ ခဏလောက် သီးသန့် စကားပြောချင်လို့ ရှောင်ပေးလို့ ရမလား။”
သိုင်းဆရာကြီး ကျန်းထောင်က ချက်ချင်း ခေါင်းညိတ်ပြကာ လှည့်ထွက်သွားခဲ့သည်။
သိုင်းလောက ဆိုသည်မှာ ဤမျှအထိ လက်တွေ့ကျလှပေရာ အကယ်၍ သူသည်လည်း အဆင့်(၂) ကောင်းကင်-လူသား တစ်ဦး ဖြစ်ခဲ့ပါလျှင် ဆွေးနွေးစရာ ကိစ္စရှိသည့်တိုင်အောင် ဖယ်ခွာပေးရမည့်သူမှာ သူ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
သိုင်းဆရာကြီး ကျန်းထောင် ထွက်ခွာသွားပြီးနောက် ဇိုကုန်းဟူက လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်ဟောင်းရဲ့ အလောင်း ခိုးယူခံလိုက်ရပြီ။ ခိုးသွားတဲ့သူက အလောင်းမောင်းနှင်ရေးဂိုဏ်းက သစ္စာဖောက်တစ်ယောက်ပဲ။ သူ ငါတို့ထက် ခုနစ်ရက်၊ ရှစ်ရက်လောက် စောပြီး ပင်လယ်ထဲ ထွက်သွားတယ် ဆိုတာပဲ ငါတို့ သိရတယ်။ ငါကတော့ လမ်းတစ်လျှောက်မှာ သဲလွန်စတွေ ရှာဖွေဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် သခင်မလေးယွီအနေနဲ့ သဲလွန်စ တစ်ချို့ ရှာဖွေပေးနိုင်မလားဆိုတာ ကူညီပေးဖို့ အကူအညီ တောင်းရတာပါ။ ဂိုဏ်းခေါင်းဆောင်ဟောင်းရဲ့ အလောင်းကို ပြန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ငါတို့ သူတောင်းစားဂိုဏ်းက အကျိုးဆောင်ခကို အဆမတန် အများကြီး ပေးပါ့မယ်။”
ယွီကျင်းရှို့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဆိုသည်။
“စီနီယာဇို စိတ်အေးအေးထားပါ။ ကျွန်မတို့ ကျန်းရှန်းဆောင်နဲ့ သူတောင်းစားဂိုဏ်းတို့ရဲ့ ဆက်ဆံရေးအရ စီနီယာအတွက် သဲလွန်စတွေကို အစွမ်းကုန် ရှာဖွေပေးပါ့မယ်။ ကျွန်မတို့ ကျန်းရှန်းဆောင်မှာ ပြည်ပ အင်အားစု ကိုယ်ပိုင် မရှိဘူး ဆိုပေမဲ့ ပြည်ပ အင်အားစုတွေက ကျွမ်းကျင်သူ အချို့နဲ့တော့ ဆက်ဆံရေး ကောင်းမွန်ပါတယ်။ အဲဒီ အလောင်းမောင်းနှင်ရေးဂိုဏ်းက သစ္စာဖောက်သာ လူလုံးအနည်းငယ် ပြရုံနဲ့ သဲလွန်စတွေကို ဧကန်မုချ ရှာဖွေတွေ့ရှိမှာပါ။”
ဇိုကုန်းဟူက ခေါင်းညိတ်ပြလိုက်သည်။ ရုတ်တရက် သူ့မျက်လုံးထောင့်မှ ဆိပ်ကမ်းဆီသို့ လျှောက်လှမ်းလာသော လူရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသဖြင့် မျက်နှာပျက်သွားရသည်။
ဇိုကုန်းဟူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ယွီကျင်းရှို့သည်လည်း ထိုသူ၏ ပြောင်းလဲသွားသော မျက်နှာအမူအရာကို သတိပြုမိပြီး ဇဝေဇဝါ ဖြစ်စွာ မေးမြန်းလိုက်သည်။
“စီနီယာ... အလောင်းမောင်းနှင်ရေးဂိုဏ်းက လူနဲ့ ပတ်သက်တဲ့ သဲလွန်စကို တွေ့လိုက်လို့လားဟင်။”
ဇိုကုန်းဟူ စကားမဆိုမိချေ။
အချိန်အတော်ကြာပြီးနောက် ဆိပ်ကမ်းမှ လှေငယ်တစ်စင်း အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာသွားသောအခါမှသာ သူသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်တော့သည်။
“ငါ ခုနက တာအိုလမ်းစဉ် ကောင်းကင်ဂိုဏ်းက မဟာပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ရတာ။ အဲဒီလို ပုဂ္ဂိုလ်မျိုးက အရှေ့ပင်လယ်ကို တကယ်ပဲ ရောက်လာလိမ့်မယ်လို့... မဟုတ်ဘူး... သူက နတ်ဆိုးဓား ရှောင်ပီလီဆီကို ဦးတည်လာတာလား။”
ကောင်းကင်ဂိုဏ်းက မဟာပုဂ္ဂိုလ်တစ်ယောက်လား။
ရှောင်ပီလီဆီကို ဦးတည်လာတာလား။
ယွီကျင်းရှို့ မျက်နှာပျက်သွားကာ လေသံနှိမ့်၍ မေးမြန်းလိုက်သည်။
“ကောင်းကင်ဂိုဏ်းက ဘယ်မဟာပုဂ္ဂိုလ်လဲဟင်။”
ဇိုကုန်းဟူက လေးနက်စွာ ဆိုသည်။
“ကောင်းကင်ဂိုဏ်းရဲ့ သခင်လေး ဖန်စွေ့ယွင်ပဲ။ ငါ ဖန်စွေ့ယွင်ကို အဝေးကနေ နှစ်ကြိမ် မြင်ဖူးခဲ့တယ်။ သူနဲ့ ငါက သက်တူရွယ်တူတွေလို့ ဆိုနိုင်ပေမဲ့ သူ့ရဲ့ သိုင်းပညာကတော့... ငါက သူ့ရဲ့ သောင်းဂဏန်းပုံ တစ်ပုံတောင် မမီပါဘူး။ ကောင်းကင်ဂိုဏ်းက မဟာတာအိုလမ်းစဉ်ကို ကျင့်ကြံတာ ဖြစ်ပြီး ပြင်ပကိစ္စရပ်တွေကို ခဲခဲယဉ်းယဉ်းပဲ စိတ်ဝင်စားတတ်ကြတယ်။ ဒါပေမဲ့ နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနက ဖန်စွေ့ယွင်ကို အရေးယူဖို့ ကြိုးစားတုန်းက နန်းတော်ထဲက အရှင်က တားမြစ်ခဲ့တယ်လို့ ငါ ကြားခဲ့ရတယ်။ ဖန်စွေ့ယွင်က နန်းတော်ထဲက အဲဒီအရှင်ကို ကျေးဇူးကြွေး အကြီးအကျယ် တင်ရှိနေတာ။ နန်းတော်ကပဲ ဖန်စွေ့ယွင်ကို လှုပ်ရှားဖို့ ဖိတ်ခေါ်နိုင်လိမ့်မယ်။ ပြီးတော့ ဖန်စွေ့ယွင်အနေနဲ့ အရှေ့ပင်လယ်အထိ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာရလောက်အောင် တန်ဖိုးရှိတဲ့သူဟာ ‘နတ်ဆိုးဓား’ ရှောင်ပီလီကလွဲလို့ အခြားမရှိနိုင်ဘူး။”
ဖန်စွေ့ယွင်နှင့် ကွမ်ရွှမ်ယွင်တို့ စီးနင်းလာသော လှေငယ်သည် လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ ကျယ်ပြောလှသော ပင်လယ်ပြင်၏ လှိုင်းတံပိုးများကို ဖြတ်သန်း မောင်းနှင်နေသည်။
သူတို့၏ ဦးတည်ရာမှာ ရှန်းလုံကျွန်း ဖြစ်ပေသည်။
ကွမ်ရွှမ်ယွင်က ဖန်စွေ့ယွင်၏ နောက်တွင် ရပ်တန့်နေပြီး မျက်နှာတွင် လေးနက်တည်ကြည်မှုများ ပေါ်ပေါက်လာလျက် ဆိုသည်။
“ရှောင်ပီလီက ကံကြမ္မာကို လုယူသူ တစ်ယောက် ဖြစ်တာ အမှန်ပဲ။ တစ်လကျော်လောက် အတွင်းမှာတင် သူ့ရဲ့ သိုင်းပညာက နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားပုံရတယ်။ အမြန်ဆုံး မရှင်းလင်းနိုင်ရင်တော့...။”
ဖန်စွေ့ယွင်သည်လည်း ကံကြမ္မာကို လုယူသူ တစ်ဦး ဖြစ်သည်ဟု သူ ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဂိုဏ်း၏ သိုင်းနတ်ဘုရားသည် မိုးကြိုးဘေး စမ်းသပ်မှု လေးကြိမ်ကို ကျော်ဖြတ်ထားသည့် အဆင့်(၁) ကျွမ်းကျင်သူ သုံးဦးကို အဓိက အမယ်များအဖြစ် အသုံးပြုကာ မဟာဆေးဝါးများနှင့် ပေါင်းစပ်၍ ဖန်စွေ့ယွင်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော ကံကြမ္မာကို ပြောင်းလဲရန် မဟာဆေးလုံးကို ဖော်စပ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ဖန်စွေ့ယွင်ကိုလည်း ကံကြမ္မာကို လုယူသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
ထိုစဉ်က သူ့ဆရာ၏ နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနသည် ထိုဖန်စွေ့ယွင်ကြောင့် ကောင်းကင်ဂိုဏ်းနှင့် ထိပ်တိုက်တွေ့လုနီးပါး ဖြစ်ခဲ့ရသည်။
ထိုစဉ်က သူ့ဆရာက ဘာကြောင့် ဆက်လက် အရေးမယူခဲ့သည်ကိုမူ သူ မသိရှိချေ။
နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သော သူ့ဆရာ မည်မျှအထိ အင်အားတောင့်တင်းသည်ကိုမူ သူ့ထက် ပိုမို သိရှိသူ မရှိနိုင်ချေ။
ကောင်းကင်ဂိုဏ်းက အစွမ်းကုန် လှုပ်ရှားလာလျှင်ပင် သူ့ဆရာအနေဖြင့် တုံ့ပြန် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ဖန်စွေ့ယွင်က လှည့်ပင် မကြည့်ဘဲ နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
“ရှောင်ပီလီသာ ကံကြမ္မာကို လုယူသူ မဟုတ်ခဲ့ရင် မင်းရဲ့ ဆရာ ညွှန်ကြားရေးမှူးက နန်းတော်ထဲက အဲဒီတစ်ယောက်ကို ငါ့ဆီ စာရေး ခိုင်းလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ရှောင်ပီလီကို သတ်လိုက်တာနဲ့ နန်းတော်ထဲက လူနဲ့ ငါ့ရဲ့ ကျေးဇူးကြွေးက ပြေလည်သွားပြီ။ နောက်နောင် ကျေးဇူးဆပ်ဖို့အကြောင်း တွေးနေစရာ မလိုတော့ဘူး။”
ကွမ်ရွှမ်ယွင်က ဆိုသည်။
“ငါ နန်းတော်ကနေ ထွက်လာတုန်းက စစ်သူကြီးချန်က ငါ့ကို အရှင်မင်းကြီးရဲ့ စာတစ်စောင် ပေးခဲ့တယ်။ နန်းတော်က အရှေ့ပင်လယ် အရူးဓား ပိုင်ထျန်းရွှင်းနဲ့လည်း ဆက်သွယ်မှု ရှိနေတယ်။ ငါတို့ ပိုင်ထျန်းရွှင်းကို ရှာပြီး အင်အားချင်း ပူးပေါင်းသင့်သလား။”
ဖန်စွေ့ယွင်က ခေါင်းခါယမ်းကာ ဆိုသည်။
“ရှောင်ပီလီက မိုးကြိုးဘေး စမ်းသပ်မှု လေးကြိမ်ကို ကျော်ဖြတ်ပြီး မိုးကြိုးဘေးငါးကြိမ်နဲ့ ယှဉ်နိုင်တဲ့ အစွမ်း ရှိနေရင်တောင် ငါ သူ့ကို သတ်နိုင်တုန်းပဲ။”
နဂါးခေါင်းတောင်ပေါ်တွင်...
ရှောင်ပီလီက ဖုန်းစစ်နန်း ကမ်းပေးလာသော စာရင်းကို ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
“ဒါတွေကို ငါ့ကို ဘာလို့ ပြတာလဲ။ နဂါးခေါင်းတောင်က သိုင်းပညာကျမ်းတွေကိုပဲ ရွှေ့လိုက်။ ဒီရွှေနဲ့ ငွေတွေကို အကုန်လုံး ပြန်သယ်သွားနိုင်လို့လား။”
ဖုန်းစစ်နန်းက ရှောင်ပီလီကို ကြည့်ကာ တိုးညင်းစွာ ဆိုသည်။
“ကျွန်မလည်း အကုန်လုံး ပြန်သယ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီနဂါးခေါင်းတောင်က အရမ်း ချမ်းသာလွန်းလို့။ မူလဝိညာဉ်ဆေးလုံးလို မဟာဆေးလုံးတွေ အများကြီး ရှိတဲ့အပြင် ရွှေနဲ့ ငွေတွေလည်း အများကြီးပဲ။ ဒါတွေကို ပြန်မသယ်သွားရင် နှမြောစရာကြီး မဟုတ်ဘူးလား။ အဆိုးဆုံးဖြစ်ရင်လည်း သူများတွေ ကုန်စည်တွေ သယ်တဲ့အချိန် ကျွန်မတို့က ရွှေနဲ့ ငွေတွေကိုပဲ တိုက်ရိုက် တင်သွားကြတာပေါ့။ ကျွန်မတို့ ပြန်ရောက်ရင် သွေးဝတ်ရုံခန်းမဆောင်ကနေ တိုက်ရိုက် နုတ်ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်း စတင်လို့ ရပြီလေ။”
ရှောင်ပီလီက ခေါင်းခါယမ်းကာ ဆိုသည်။
“မင်း အဆင်ပြေ သလိုပဲ စီမံလိုက်ပါ။ ပြန်မယ့် ခရီးလမ်းက တည်ငြိမ်မှာ မဟုတ်ဘူး။ ဒီအရာတွေကို ပြန်သယ်ဖို့ ခက်ခဲလိမ့်မယ်။ ပြီးတော့ မူလဝိညာဉ်ဆေးလုံး တစ်လုံးတည်းနဲ့တင် မင်း ဒီလောက် စိတ်လှုပ်ရှားနေရတာလား... ဒါကိုရော ဘယ်လို ထင်လဲ။”
ရှောင်ပီလီက သူ့လက်စွပ်အင်္ကျီထဲမှ ဆန်းကြယ်သော နဂါး၏ သွေးအနှစ်သာရ ပါဝင်သော ကြွေပုလင်းငယ်ကို ထုတ်ယူကာ အဖုံးကို ဖွင့်လိုက်သည်။
သွေးညှီနံ့ အနည်းငယ်မျှပင် မရှိဘဲ လန်းဆန်းစေသော ရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။
“ငါ ဒီနဂါးရဲ့ သွေးအနှစ်သာရကို သန့်စင်ပြီးသားမို့လို့ အရင်လို အရှိန်အဝါ ပြင်းထန်မှာ မဟုတ်ဘူး။ မင်းအဆင့်(၃) မဟာဆရာသခင်ကြီး နယ်ပယ်ကို တက်လှမ်းတဲ့အခါ ဒါကို သုံးလို့ ရတယ်။ ဒါက နင့်ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေဖို့ ကူညီပေးလိမ့်မယ်...။”
ရှောင်ပီလီ စကားမဆုံးသေးမီမှာပင် ရုတ်တရက် ရှန်းလုံကျွန်း၏ အနောက်ဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။
အဝေးဆီမှ အသံတစ်သံ ပျံ့လွင့်လာပြီး တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။
“နတ်ဆိုး... နတ်ဆိုးဓား... နတ်ဆိုးဓား ရှောင်ပီလီ... ထွက်လာခဲ့စမ်း... အသေခံဖို့... အသေခံဖို့ ပြင်ထားပေတော့။”