အခန်း (၁၈၁-၁၈၂)
Vol. 10 Ch. 181-182
အခန်း(၁၈၁)ဖန်စွေ့ယွင်ကို သတ်လော့
"မောက်မာလှချည်လား"
"ဒီဓားချက်ကို အရင်ခံနိုင်မှ စကား ဆက်ပြောကြတာပေါ့"
ဖန်စွေ့ယွင်က အော်ဟစ်လိုက်ရင်း -
"ဓား ဘယ်မှာလဲ"
"မင်းရဲ့ ဓားသိုင်းပညာက မင်းကျင့်ကြံထားတဲ့ ရုပ်ခန္ဓာကျင့်ကြံခြင်း စွမ်းအားတွေလောက် တကယ်ပဲ ထိုက်တန်မှု ရှိ၊ မရှိ ငါ ကြည့်ရသေးတာပေါ့"
သူနှင့် ရှောင်ပီလီတို့ နှစ်ယောက်လုံးမှာ ကံကြမ္မာကို လုယူသူများ ဖြစ်ကြပြီး သူသည် ရှောင်ပီလီထက် အနှစ်သုံးရာကျော် ပိုမိုကျင့်ကြံထားသူ ဖြစ်သည်။ ထို့အပြင် သူက ကောင်းကင်ဂိုဏ်း၏ အနာဂတ် သိုင်းနတ်ဘုရားလောင်းလည်း ဖြစ်ပေသည်။
သူ့စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းဖြင့် ခုတ်ပိုင်းလိုက်သော ဓားချက်တစ်ချက်က ရှောင်ပီလီကို ဒဏ်ရာပင် ရအောင် မတတ်နိုင်ပါတကား။
ထိုအချိန်တွင်မှ ရှောင်ပီလီ ယခင်က ပြောခဲ့သော စကားများကို သူ သဘောပေါက်သွားတော့သည်။ ရှောင်ပီလီကိုသာ အနှစ်သုံးရာ အချိန်ပေးလိုက်ပါက သူသည် ရှောင်ပီလီ၏ ဖိနပ်ကို သယ်ရန်ပင် မထိုက်တန်တော့ပေ။
ထိုသို့သော ရန်သူမျိုးကို။
သေချာပေါက် အမြန်ဆုံး အမြစ်ဖြတ်ပစ်ရမည် ဖြစ်ချေသည်။
ဝုန်း။
ဖန်စွေ့ယွင်သည် သွေးတစ်လုတ်ကို အံထုတ်လိုက်သည်။
နောက်ဆုံး ဓားစိတ်ဆန္ဒ၏ စွမ်းအားက ငါးဆမျှ ပိုမိုပြင်းထန်လာပြီး ၎င်း၏ နောက်ကွယ်တွင် ဝေဝါးသော ဓားအရိပ်နှစ်ခု ထပ်မံပေါ်ပေါက်လာကာ ရှောင်ပီလီထံသို့ ခုတ်ပိုင်းသွားတော့သည်။
ဝုန်း။
ဝုန်း။
ဓားချက် ကျရောက်လာသည့် ခဏတွင် ပင်လယ်ပြင်ထက်၌ မည်းမှောင်သော တိမ်တိုက်များ အုံ့မှိုင်းလာပြီး လျှပ်စီးလက်ခြင်း၊ မိုးခြိုးပစ်ခြင်းများနှင့် အတူ ရှိနေသည်။
မည်သည့်အချိန်တွင်မဆို မိုးကြိုးဘေး စမ်းသပ်မှု ကျရောက်လာတော့မည့်အတိုင်း ဖြစ်ချေသည်။
ဖန်စွေ့ယွင်သည် မိုးကြိုးဘေး ခြောက်ကြိမ်မြောက်၏ အတားအဆီးသို့ ရောက်ရှိနေပြီ ဖြစ်ပေရာ။
သူ၏ အဝတ်အစားများမှာ ဖုန်မှုန့်အဖြစ် ပြာကျသွားသော်လည်း ရှောင်ပီလီ၏ မျက်နှာအမူအရာကမူ ထိုဓားချက်ကို ရင်ဆိုင်ရချိန်တွင် တစ်ချက်မျှ ပြောင်းလဲခြင်း မရှိပေ။
"အလယ်ပိုင်းလွင်ပြင်က ကောလာဟလတွေက အမြဲတမ်း မှန်ကန်နေတာပဲ" ရှောင်ပီလီက ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့ရဲ့ ပြင်ပသိုင်းပညာက ပြိုင်ဘက်ကင်းတယ် ဆိုပေမဲ့ ငါ့ရဲ့ အကြီးမားဆုံး စွမ်းအားက ဓားတာအိုမှာ ရှိတာ"
"ငါ ဓားမထုတ်ရတဲ့ အကြောင်းရင်းက ဓားထုတ်လိုက်တာနဲ့ ငါ့ရဲ့ ရုပ်ခန္ဓာကျင့်ကြံခြင်းက ဘယ်လောက်အထိ တိုးတက်နေပြီလဲ ဆိုတာကို စမ်းသပ်ဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်လို့ပဲ"
"ငါ စမ်းကြည့်ပြီးပြီ၊ မင်းရဲ့ ဓားချက်က ငါ့ကို ဒဏ်ရာတောင် မရစေနိုင်ဘူး"
"မင်းရဲ့ ဓားသိုင်းပညာက တကယ် မညံ့ပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့ ဓားသိုင်းနဲ့ ယှဉ်ရင်တော့ ပုစဉ်းရင်ကွဲက မိုးကောင်းကင်ပြာကြီးကို လှမ်းကြည့်နေသလိုပဲ"
ဝုန်း။
ရှောင်ပီလီထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် သွေးစွမ်းအားများက ရုတ်တရက် ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခု အစားထိုး ဝင်ရောက်လာသည်။
ချက်ချင်းပင်။
ရှောင်ပီလီ၏ ပတ်ဝန်းကျင် မီတာအနည်းငယ်အတွင်းရှိ နေရာတစ်ခုလုံးမှာ ဓားသွားများ ပြည့်နှက်နေသော လောကတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။
ထိုအချိန်တွင်။
ဖန်စွေ့ယွင်၏ စွမ်းအားအပြည့် ထည့်သွင်းထားသော ဓားချက်ကလည်း ကျရောက်လာချေပြီ။
ဖန်စွေ့ယွင် စိတ်ကူးယဉ်ထားသည့် ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲပစ်မည့် ဓားချက်မျိုး ဖြစ်မလာခဲ့ပေ။ ဓားစွမ်းင်သည် ရှောင်ပီလီနှင့် မီတာအနည်းငယ်အကွာတွင်တင် ကြေမွပျက်စီးသွားသည်ကို ဖန်စွေ့ယွင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ရှောင်ပီလီ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ မဖျက်ဆီးနိုင်သော နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရချေသည်။
၎င်းသည် ကာကွယ်ရေးအရှိန်အဝါနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
ထို့အပြင်... ရှောင်ပီလီသည် ထိုနယ်ပယ်၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်နေသည့်အတိုင်းပင်။
ဓားနတ်ဘုရား။
ယင်းက သူ့ကို ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေသည်။
"ဒါက ဘာသိုင်းပညာလဲ" ဖန်စွေ့ယွင်က လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
ရှောင်ပီလီက အေးဆေးစွာ ပြောလိုက်သည်။
"ဓားထဲမှာ စကြာဝဠာ ကိန်းဝပ်နေပြီး လောကကြီးကို ဓားအဖြစ် ပြောင်းလဲတာ"
"ငါ ပြောပြရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ မင်း ခုနက ငါ့ကို အလောင်းအပြည့်အစုံ ချန်ထားပေးမယ်လို့ ပြောခဲ့တဲ့အတွက် ငါလည်း ဒီနေ့ ကရုဏာထားပြီး မင်းကို အလောင်းအပြည့်အစုံ ချန်ထားပေးမယ်"
"ငါ့ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ မာကျောနေပြီဆိုတာ သိအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်စကား အဖြစ် သတ်မှတ်လိုက်ပေါ့"
ရှောင်ပီလီ စကားပြောပြီးသည်နှင့် သူ၏ လက်ကို ဓားကဲ့သို့ အသုံးပြုကာ ဖန်စွေ့ယွင်ထံသို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်သည်။
ဤ သာမန်ကဲ့သို့ ထင်ရသော ခုတ်ပိုင်းချက်က ဖန်စွေ့ယွင်၏ ကျောရိုးကို အေးစိမ့်သွားစေပြီး သေခြင်း၊ ရှင်ခြင်း ဘေးဒုက္ခ ဆိုးရွားမှုကိုပင် ခံစားလိုက်ရသည်။
ရှောင်ပီလီသည် ဓားတာအို၏ စတုတ္ထမြောက် နယ်ပယ် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်တန်ရာသလား။
သူသည် ဓားတာအို၏ စတုတ္ထမြောက် နယ်ပယ်သို့ ရောက်ရှိပြီးနောက် ဓားတာအို၏ ပိုမိုမြင့်မားသော နယ်ပယ်များအကြောင်း သူ့ဆရာကို မေးမြန်းဖူးသည်။
သို့သော် သူ့ဆရာက သူ့ကျင့်ကြံမှုအဆင့် ထိုနေရာသို့ မရောက်သေးသည့်အပြင် လောကတွင် ဓားတာအို စတုတ္ထမြောက် နယ်ပယ် သို့မဟုတ် ထိုထက်မြင့်သော နေရာသို့ ရောက်ရှိနိုင်သူ အလွန်နည်းပါးသောကြောင့် သူ့ကို ရိုးရှင်းစွာပင် ပယ်ချခဲ့သည်။
ဓားထဲတွင် စကြာဝဠာ ကိန်းဝပ်နေပြီး လောကကြီးကို ဓားအဖြစ် ပြောင်းလဲခြင်း။
၎င်းက ဘာကို ဆိုလိုတာလဲ။
သို့သော် ထိုအချိန်တွင် ဖန်စွေ့ယွင်၌ ထပ်မံတွေးတောနေရန် အချိန်မရှိတော့ပေ။
"အား"
သူက အော်ဟစ်လိုက်ရင်း နေရောင်ပြောင်းလဲခြင်းပညာကို ၎င်း၏ အထွတ်အထိပ်အထိ မြှင့်တင်လိုက်သည်။
ဝုန်း။
ဖန်စွေ့ယွင်၏ အရှိန်အဝါ မြင့်တက်လာသည်။
ယခင်ကထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားတစ်ခု ပေါ်ပေါက်လာပြီး ကောင်းကင်ထက်သို့ ပျံတက်ကာ မည်းမှောင်သော တိမ်တိုက်များကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။ ထိုအပေါက်မှတစ်ဆင့် နေရောင်ခြည်က ဖြာကျလာပြီး လျှပ်စီးလက်ခြင်း၊ မိုးခြိုးပစ်ခြင်းများနှင့် အတူ ရှိနေသည်။
သို့သော် ရှောင်ပီလီသည် ဖန်စွေ့ယွင်၏ မူလဝိညာဉ်မှာ အလွန် အားနည်းနေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။
ရှောင်ပီလီက ညင်သာစွာ ခေါင်းခါလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"မူလဝိညာဉ်ကို မီးရှို့ပြီး သက်တမ်း ဆယ်စုနှစ်ပေါင်းများစွာကို အသုံးချပြီး ဒီဓားချက်ကို ထုတ်ဖော်တာလား"
"ပုစဉ်းရင်ကွဲက ရထားလုံးကို တားဖို့ ကြိုးစားနေသလိုပဲ"
သူ့မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း ကင်းမဲ့နေသည်။ ထိုအချိန်တွင် သူ၏ လက်မောင်းမှာ လောကတွင် အထက်မြက်ဆုံး ဓားအဖြစ် ပြောင်းလဲသွားချေပြီ။
ရှောင်ပီလီ၏ လက်မောင်း ကျရောက်လာသည့် အခါ။
တိမ်တိုက်များကို ထိုးဖောက်နေသော ဓားစွမ်းအားများ ပျောက်ကွယ်သွားတော့သည်။
ဝုန်း။
ဖန်စွေ့ယွင်သည် သွေးတစ်လုတ်ကို အံထုတ်လိုက်ပြီး မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားကာ ယခင်က နက်မှောင်ခဲ့သော ဆံပင်များပင် ဖြူဖွေးသွားတော့သည်။ သူက ရှောင်ပီလီကို ကြည့်ကာ ခက်ခက်ခဲခဲ မေးလိုက်သည်။
"ဓားတာအိုရဲ့ ပဉ္စမမြောက် နယ်ပယ်က အတိအကျ ဘာလဲ"
"မင်း ခုနက မင်းရဲ့ စွမ်းအားအပြည့်ကို အသုံးပြုခဲ့တာလား"
ထိုအချိန်တွင် သူ၏ စွမ်းအားလမ်းကြောင်း အားလုံး ပျက်စီးသွားပြီး မူလဝိညာဉ်လည်း ကြေမွသွားပြီ ဖြစ်သည်။ သူ့ဆရာသာ သူ့ဘေးတွင် ရှိနေလျှင်ပင် သူ့ကို ကယ်တင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သို့သော် ရှောင်ပီလီ၏ ထိုတိုက်ကွက်က သူ့အထွတ်အထိပ် တိုက်ကွက် ဟုတ်၊ မဟုတ် သူ သိချင်နေသေးသည်။
သူသည် မည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကို မသိဘဲ မသေချင်ပေ။
လမ်းဘေးက မြက်ပင်တစ်ပင်လိုမျိုး အလွယ်တကူ အနှုတ်ခံလိုက်ရတာမျိုး မဖြစ်ချေလို။
"ငါ့စွမ်းအားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းပဲ"
"အဓိကအချက်က မင်းကို အလောင်းအပြည့်အစုံ ချန်ထားပေးမယ်လို့ ငါ ကတိပေးခဲ့လို့ နည်းနည်း အလုပ်ရှုပ်သွားတာ၊ မဟုတ်ရင် မင်းကို သတ်ရတာ ဒီထက် ပိုလွယ်လိမ့်မယ်"
ရှောင်ပီလီက တည်ငြိမ်စွာ ပြောလိုက်သည်။
ဝုန်း။
ရှောင်ပီလီ၏ စကားကို ကြားရပြီးနောက် ဖန်စွေ့ယွင်သည် နောက်ထပ် သွေးတစ်လုတ်ကို အံထုတ်လိုက်ပြီး သူ၏ သက်စောင့်စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်ဝန်းများတွင် နာကျည်းမှုများ ပြည့်နှက်နေလျက် ပင်လယ်ရေအောက်ခြေသို့ နစ်မြုပ်သွားချေသည်။
【ကျင့်ကြံမှုအမှတ် +၆၄၀၀၀】
ရှောင်ပီလီက အနောက်ဘက် အဝေးသို့ လှမ်းကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ထိုဘက်တွင် တိုက်ပွဲကို စောင့်ကြည့်နေသော အဆင့်(၁) နယ်ပယ် အရှိန်အဝါတစ်ခု ရှိနေခဲ့သော်လည်း သူနှင့် ဖန်စွေ့ယွင်တို့ တိုက်ခိုက်မှု စတင်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
သူကိုယ်တိုင်ပင် ထိုအရှိန်အဝါ၏ မူလနေရာကို ရှာဖွေ၍မရနိုင်ခဲ့ပေ။
ထိုအချိန်တွင်။
ပင်လယ်ပြင်ထက်၌ မိုင်ပေါင်း နှစ်ရာကျော် ဖြတ်သန်း မောင်းနှင်လာပြီးနောက် ဆံပင်ဖြူများ ပြည့်နှက်နေပြီး မျက်နှာတွင် ပြည်တည်နာများ ရှိနေသော ကွမ်ရွှမ်ယွင်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
"မဟာကံကြမ္မာကို ကောင်းကင်ဘုံက ပြဋ္ဌာန်းတယ်၊ ဒါပေမဲ့ သေးငယ်တဲ့ ကိစ္စတွေကိုတော့ ပြင်ဆင်လို့ရတယ်"
"ရှောင်ပီလီက ဒီအဆင့်အထိ ဘယ်လိုလုပ် ရောက်လာတာလဲ၊ ဖန်စွေ့ယွင်တောင် ရှောင်ပီလီကို မယှဉ်နိုင်ဘူးလား"
သူသာ ရုတ်တရက် စိတ်ကူးပေါက်ပြီး ကြီးမားသော ဘေးဒုက္ခကို သိမြင်ကာ မိမိကိုယ်ကိုယ်အတွက် နက္ခတ်ဗေဒင်ပညာဖြင့် တွက်ချက်ရန် သက်တမ်းကို မီးမရှို့ခဲ့ပါက၊ ထိုနေရာတွင် ဆက်နေလျှင် သေချာပေါက် သေဆုံးရလိမ့်မည်ဟု ကြိုတင်မသိခဲ့ပါက သူ ထွက်ပြေးခဲ့မည် မဟုတ်ပေ။
သို့သော် ဤအကြိမ်တွင် သူ၏ လှည့်စားမှုအတွက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။
ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ချောင်းမြောင်းကြည့်ရှုခြင်းက တန်ဖိုးတစ်ခု ပေးဆပ်ရစမြဲ ဖြစ်သည်။
မိမိကိုယ်ကိုယ်အတွက် ဗေဒင်တွက်ချက်ခြင်း ဖြစ်လျှင် ထိုတန်ဖိုးက ပို၍ပင် ကြီးမားချေသည်။
"ကံကြမ္မာကို လုယူသူ"
"ကံကြမ္မာကို လုယူသူ"
"နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနရဲ့ ရည်ရွယ်ချက်က ကံကြမ္မာကို လုယူတဲ့သူတွေကို ရှင်းလင်းဖို့ပဲ၊ အတိတ်က ကံကြမ္မာကို လုယူခဲ့သူတွေ အားလုံး သေဆုံးရမယ့် ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ဘူး၊ ဖန်စွေ့ယွင်ကလွဲလို့ပေါ့"
"ဒီတစ်ကြိမ်မှာ ကြီးကြပ်ရေးမှူး ဆရာကြီးက ငါ့ကို ဖန်စွေ့ယွင်ကို သီးသန့်ကျင့်ကြံခြင်းကနေ ထွက်လာဖို့ ဖိတ်ခေါ်ခိုင်းတာ၊ ဖန်စွေ့ယွင်ကို ဖယ်ရှားဖို့ ရှောင်ပီလီကို အသုံးချချင်လို့များလား"
"ဒါပေမဲ့ ငါ့ရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကိုကော သူ ထည့်မတွက်ခဲ့ဘူးလား"
ကွမ်ရွှမ်ယွင်၏ မျက်နှာမှာ ခက်ထန်နေသည်။
သို့သော် ကြီးကြပ်ရေးမှူး ဆရာကြီး၏ ကြောက်မက်ဖွယ် စွမ်းအားနှင့် သူ၏ အပြစ်ပြောစရာမရှိသော နက္ခတ်ဗေဒင်ပညာကို တွေးမိသောအခါ သူ့နှလုံးသားထဲတွင် အေးစိမ့်သွားရသည်။
ဖန်စွေ့ယွင်သည် သိုင်းနတ်ဘုရား ရာထူးအတွက် လောင်းကြေးထပ်သူ ဖြစ်သည်။
ယခု ဖန်စွေ့ယွင် သေဆုံးသွားပြီ ဖြစ်ရာ၊ နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာန၏ ညွှန်ကြားရေးမှူး ရာထူးကို ဆက်ခံရန် အခွင့်အရေးရှိသော သူ၏ အနာဂတ် တပည့်ကြီးပါ သေဆုံးသွားလျှင် ကောင်းကင်ဂိုဏ်းအနေဖြင့် နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနကို ပြဿနာရှာရန် အကြောင်းပြချက် ရှိတော့မည် မဟုတ်ပေ။
ထို့အပြင် သိုင်းနတ်ဘုရား ကိုယ်တိုင်ပင် ရှောင်ပီလီကို ဖယ်ရှားရန် ကိုယ်တိုင် ပါဝင်ပတ်သက်လာနိုင်သည်။
သူ ဘယ်တော့မှ ပြန်သွားလို့ ရတော့မှာ မဟုတ်ဘူး ထင်ပါရဲ့။
အခန်း(၁၈၂)ငါ အညံ့ခံလိုက်ရတော့မှာလား
မဟာချန်အင်ပါယာ၏ မြို့တော်။
အင်ပါယာနန်းတော်၏ ဆင်ခြေဖုံးရပ်ကွက်ရှိ နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနတွင် လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုလူရိပ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝေဝါးသောအရှိန်အဝါများ ဖုံးလွှမ်းနေပြီး ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးသည်ပင် လှည့်စားမှုတစ်ခုကဲ့သို့ ဖြစ်ပေါ်နေသည်။
သူသည် မည်သူမျှမသိအောင် တိတ်ဆိတ်စွာ ရောက်ရှိလာပြီး နက္ခတ်ဗေဒင်ဌာန၏ အနက်ရှိုင်းဆုံးနေရာရှိ ခုနစ်ထပ်မျှော်စင်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
မျှော်စင်၏ ပထမဆုံးအထပ်ကို တာဝန်ယူ စောင့်ကြပ်နေသော အရာရှိပင်လျှင် ထိုလူ ရောက်ရှိလာခြင်းကို လုံးဝ သတိမထားမိလိုက်ချေ။
နက္ခတ်ဗေဒင်မျှော်စင်၏ ခုနစ်ထပ်မြောက် အခန်းထဲတွင်တော့ နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာန၏ ညွှန်ကြားရေးမှူး ဆရာကြီး တစ်ဦးတည်းသာ ထိုင်နေသည်။
သူ့ရှေ့တွင်တော့ လက်ဖက်ရည်နှစ်ခွက်ကို ကြိုတင်၍ အဆင်သင့် ဖျော်စပ်ထားပြီးသား ဖြစ်သည်။
“ကြီးကြပ်ရေးမှူး ဆရာကြီး... မင်း ငါ့ရဲ့ ကောင်းကင်ဂိုဏ်းက သရဖူဆောင်းသခင်လေးကို မလုပ်ကြံသင့်ဘူး”
ထိုလူရိပ်သည် ခုနစ်ထပ်မြောက် အခန်းဝတွင် ရပ်တန့်လိုက်ပြီး ကြီးကြပ်ရေးမှူး ဆရာကြီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ကြီးကြပ်ရေးမှူး ဆရာကြီးက အေးချမ်းစွာ ပြုံးလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်၏။
“ကောင်းကင်ဘုံအရှင်”
“မဟာကံကြမ္မာတွေကို ကောင်းကင်ဘုံက ပြဋ္ဌာန်းထားတာ မှန်ပေမဲ့ သေးငယ်တဲ့ အခြေအနေတွေကိုတော့ ပြောင်းလဲလို့ ရပါတယ်”
“ဖန်စွေ့ယွင်ကို ဒီလောက်နှစ်တွေအထိ အသက်ရှင်ခွင့် ပေးခဲ့တာကပဲ အကန့်အသတ်ကို ရောက်နေပါပြီ”
“အချိန်တွေ ထပ်ပြီး ကြာသွားရင် ငါကိုယ်တိုင်လည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ အရာအချို့ ရှိလာမယ်ဆိုတာ မင်းလည်း သိသင့်ပါတယ်”
အကယ်၍ ဤနေရာတွင် အခြားသူတစ်ဦးဦးသာ ရှိနေပါက အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားမည်မှာ သေချာသည်။
တာအိုဘာသာတွင် ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားဟူ၍ ဂိုဏ်းခွဲသုံးခု ရှိသည်။ ထိုဂိုဏ်းခွဲသုံးခုသည် အလွန်တရာ ဆန်းကြယ်လှပြီး နှစ်အနည်းငယ်ကြာမှသာ ဂိုဏ်းတစ်ခုစီမှ ပါရမီရှင်တစ်ဦးစ၊ နှစ်ဦးစ သိုင်းလောကထဲသို့ ထွက်လာလေ့ရှိသည်။
ကောင်းကင်ဂိုဏ်း၏ ကောင်းကင်ဘုံအရှင်သည် သိုင်းလောကထဲတွင် မပေါ်လာသည်မှာ နှစ်ပေါင်း ရာချီနေပြီ ဖြစ်သည်။
ယခု ထိုကောင်းကင်ဘုံအရှင်က နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနသို့ ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်သည်။
ကောင်းကင်ဘုံအရှင်က ခံစားချက်မပါဘဲ အေးစက်စွာ ဆက်ပြောလိုက်သည်။
“ဖန်စွေ့ယွင်ကို စစ်မှန်တဲ့ ကံကြမ္မာကို လုယူသူလို့ မသတ်မှတ်နိုင်ပါဘူး။ သူက အသက်တစ်ဆယ့်နှစ်နှစ်ထက် ပိုမရှင်ရမယ့် လောကရဲ့ နိဂုံးကိုပဲ ပြောင်းလဲခဲ့တာပါ”
“သူ သေတာ ရှင်တာက မင်းအတွက် ဘာမှ အကျိုးသက်ရောက်မှု မရှိလှပါဘူး”
“သူက ငါကျင့်ကြံပြုစုနေတဲ့ နောက်ထပ် ခန္ဓာကိုယ်အိုးတစ်ခုဆိုတာ မင်းသိပါတယ်။ သူ့ကို ဖျက်ဆီးလိုက်ရင် ငါ သီးသန့်ကျင့်ကြံခြင်းကနေ အမှန်တကယ် ထွက်လာရတော့မှာပဲ”
“ဒီကိစ္စကို ဒီအတိုင်း ဒီဇာတ်လမ်းနဲ့တင် ရပ်ပစ်လိုက်လို့ မရဘူး”
ကြီးကြပ်ရေးမှူး ဆရာကြီးက ခေါင်းကို ခါယမ်းလိုက်ပြီး ဆိုသည်။
“ငါသာ ထိုသို့မလုပ်ခဲ့ရင် မင်းက ဘယ်လိုလုပ် သီးသန့်ကျင့်ကြံခြင်းကနေ ထွက်လာနိုင်မှာလဲ”
“လျှိုကျင့်ဖုန်း ပေါ်လာပြီ။ သူ့ရဲ့ သိုင်းပညာက အရင်ကထက် ပိုပြီး အားကောင်းလာတယ်။ သူက မိုးကြိုးဘေး စမ်းသပ်မှု ရှစ်ကြိမ်အထိ တောင့်ခံကျော်ဖြတ်ပြီးသွားပြီ”
“သူတို့က နဝမမြောက် မိုးကြိုးဘေးကိုတောင် ကျော်ဖြတ်နိုင်တဲ့ အခွင့်အရေး ရှိနေတာ”
“ဟိုတုန်းက မင်းတို့ ကောင်းကင်ဂိုဏ်းနဲ့ လန်ခဲကျောင်းတော်တို့ လျှိုကျင့်ဖုန်းကို သေချာ မစောင့်ကြည့်နိုင်ခဲ့လို့ပဲ။ အခု သူ ပြန်လာပြီဆိုတော့ မင်းတို့နှစ်ဦးကပဲ အတူတူ ပူးပေါင်းပြီး ရှင်းရမှာပေါ့”
“ငါလည်း အရင်က သူနဲ့ တိုက်ခိုက်ခဲ့လို့ ဒဏ်ရာအနည်းငယ် ရထားတယ်”
“ဟိုတုန်းက ငါတို့အားလုံး စုပေါင်းပြီး သူ့ကို နှိမ်နင်းခဲ့ကြတာ။ သူသာ နာလန်ပြန်ထူလာရင် မင်းတို့ ကောင်းကင်ဂိုဏ်းကို လာပြီး မတိုက်ခိုက်ဘူးလို့ မင်း တကယ် ထင်နေတာလား”
“မင်း ကောင်းကင်ဂိုဏ်းကို ဂရုမစိုက်ဘူးဆိုရင်တောင် လောကကြီးရဲ့ ကံကြမ္မာကိုကော ဂရုမစိုက်ဘူးလား”
ကောင်းကင်ဘုံအရှင်က တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။
“မင်း လျှိုကျင့်ဖုန်းကို အရင်ရှာတွေ့အောင် ရှာပြီးမှပဲ အဲဒီအကြောင်းကို ပြောကြတာပေါ့”
“ဒီလောကကြီးမှာ ဒီလောက်အထိ အင်အားကြီးမားတဲ့ လူတစ်ယောက် ရှိနေဖို့ မလိုအပ်တော့တာတော့ အမှန်ပဲ”
ကြီးကြပ်ရေးမှူး ဆရာကြီးကလည်း တည်ငြိမ်စွာ တုံ့ပြန်သည်။
“မင်း ကူညီဖို့ သဘောတူသရွေ့တော့ လျှိုကျင့်ဖုန်းကို ရှာဖို့က မခက်ခဲပါဘူး”
ထိုအချိန်တွင်
ရှောင်ပီလီသည် ရှန်းလုံကျွန်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
ရှောင်ပီလီ၏ ပုံရိပ်ကို မြင်လိုက်ရသည့် ခဏတွင်ပင် အရှေ့ပင်လယ် ဝါးကုတ်အင်္ကျီဝတ် ဓားသမား တိန်းကိုင်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်နိုင်သည်။
ဒီလူ ဘာမှမဖြစ်ဘဲ အဆင်ပြေပြေ ပြန်ရောက်လာတာ ကောင်းစွန်းလှသည်။
ဒီလူ ဘာမှမဖြစ်သရွေ့တော့ သူကိုယ်တိုင်လည်း ဆက်ပြီး အသက်ရှင်နိုင်ဦးမည်ဟု သက်သေပြနေခြင်း ဖြစ်သည်။
အနည်းဆုံးတော့ ယနေ့အထိ အသက်ရှင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။
သို့သော်လည်း ဤတစ်ကြိမ်တွင် ရှောင်ပီလီ၏ ပြိုင်ဘက်က မည်သူဖြစ်မည်နည်းဆိုသည်ကို သူ အလွန်တရာ သိချင်မိသည်။
ရှောင်ပီလီ၏ လှုပ်ရှားမှုက အလွန်မြန်ဆန်ပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ နဂါးခေါင်းတောင်ပေါ်သို့ ရောက်ရှိသွားသည်။
အရှေ့ပင်လယ်မှ ဝါးကုတ်အင်္ကျီဝတ်ထားသော ထိုလူကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွား၏။
နဂါးခေါင်းတောင် စံအိမ်ထဲသို့ ရောက်ရှိသွားသည်နှင့် အရှေ့ပင်လယ်မှ ဝါးကုတ်အင်္ကျီဝတ်ထားသော ထိုလူက မေးမြန်းခြင်းကို မအောင့်အီးနိုင်တော့ပေ။
“သခင်ကြီး... ဒီနေ့ မင်းရဲ့ ရန်သူက ဘယ်သူလဲ”
ခုနက မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှနေ၍ ရှန်းလုံကျွန်းပေါ်တွင် ထိုမျှလောက် ကြီးမားလှသော ပင်လယ်လှိုင်းတံပိုးကြီးများ ထလာသည်ကို ကြည့်ခြင်းအားဖြင့် ရှောင်ပီလီနှင့် တိုက်ခိုက်ခဲ့သူသည် သိုင်းလောကတွင် နာမည်ကျော်ကြားသော အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်မှာ သေချာသည်။
ရှောင်ပီလီက အရှေ့ပင်လယ်မှ ဝါးကုတ်အင်္ကျီဝတ်ထားသော ထိုလူကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းကင်ဂိုဏ်းက သရဖူဆောင်းသခင်လေး ဖန်စွေ့ယွင်ပဲ”
“မင်း ကောင်းကင်ဂိုဏ်းအကြောင်း ကြားဖူးလား”
ဟူး။
အရှေ့ပင်လယ်မှ ဝါးကုတ်အင်္ကျီဝတ်ထားသော ထိုလူသည် အသက်ရှူပင် မှားသွားရသည်။
ကောင်းကင်ဂိုဏ်းက သရဖူဆောင်းသခင်လေး ဖန်စွေ့ယွင်။
သူသည် ဖန်စွေ့ယွင်နှင့် တစ်ကြိမ်မျှ မဆုံတွေ့ဖူးသော်လည်း နာမည်ကျော်ကြားလှသည့် ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားဟူသော တာအိုဂိုဏ်းခွဲသုံးခုအကြောင်းကိုတော့ ကြားဖူးထားသည်။
ကျောင်းတော်နှစ်ခု၊ တာအိုဂိုဏ်းသုံးခုနှင့် နတ်ဆိုးကောင်းကင်ဂိုဏ်း။
ဒါတွေက မဟာချန်အင်ပါယာထက်... မဟုတ်သေးပါ၊ အရင်မင်းဆက်ထက်ပင် ပိုမို ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့ကြသော အရာများ ဖြစ်သည်။
သူသည် အလယ်ပိုင်းလွင်ပြင်တွင် အတော်ကြာအောင် လှည့်လည်သွားလာခဲ့ဖူးသဖြင့် ထိုဂိုဏ်းကြီးများထဲတွင် အသက်နှစ်ပေါင်း ငါးထောင်နီးပါးအထိ ရှင်သန်နေထိုင်နေကြသော မိစ္ဆာအိုကြီးများ ရှိနေသည်ဟူသော ကောလာဟလများကို ကြားဖူးထားခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် အဆင့်(၁) ကျွမ်းကျင်သူတစ်ဦး၏ သက်တမ်းသည်ပင် နှစ်ပေါင်းငါးရာသာ ရှိပြီး သက်ရှည်ကျင့်စဉ်ကို ကျင့်ကြံထားသူများပင်လျှင် အလွန်ဆုံး နှစ်ပေါင်း ခြောက်ရာ သို့မဟုတ် ခုနစ်ရာသာ ရှင်သန်နိုင်သည်။
ခန္ဓာကိုယ်ပိုင်ဆိုင်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း၏ အောင်မြင်မှုနှုန်းကို ထည့်မတွက်ထားလျှင်တောင်မှ စီးနင်းဝင်ရောက်ခံရသော ခန္ဓာကိုယ်သည် မိမိကိုယ်ပိုင်မဟုတ်သဖြင့် သိုင်းပညာကို အရင်က အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်အောင် ကျင့်ကြံရန် ခက်ခဲလှသည်။ အကယ်၍ ပြန်ရောက်သွားလျှင်ပင် ခန္ဓာကိုယ်မပြောင်းလဲခင်က မိမိကိုယ်ကို ကျော်ဖြတ်ရန် မလွယ်ကူတော့ပေ။
ထို့အပြင် ပထမအကြိမ် ခန္ဓာကိုယ်ပိုင်ဆိုင်ခြင်း အောင်မြင်ပြီးနောက် ဒုတိယအကြိမ် ထပ်မံကြိုးစားလျှင် အောင်မြင်မှုနှုန်းက အလွန်တရာ နည်းပါးလှသည်။
အကယ်၍ ထိုလူများသည် နှစ်ပေါင်းငါးထောင်အထိ တကယ် ရှင်သန်နေခဲ့ကြသည်ဆိုလျှင် သူတို့၏ သိုင်းပညာက မည်မျှအထိ မြင့်မားသော အဆင့်သို့ ရောက်ရှိနေမည်နည်း။
ထိုသို့သော ကောင်းကင်ဂိုဏ်း၏ သရဖူဆောင်းသခင်လေးက ယခု ရှောင်ပီလီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီလား။
ကောင်းကင်ဂိုဏ်းက မိစ္ဆာအိုကြီး သီးသန့်ကျင့်ကြံခြင်းကနေ ထွက်လာတော့မှာလား။
သူသည် ရှောင်ပီလီနှင့် မဟာချန်အင်ပါယာတို့ မသင့်မြတ်ကြသည်ကို အစောကတည်းက သိထားခဲ့သဖြင့် အနည်းငယ် စိုးရိမ်မိသည်။ မည်သို့ပင်ဖြစ်စေ မဟာချန်အင်ပါယာက အလွန် အင်အားကြီးမားသည်။ ယခုတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေက ပိုလို့တောင် ကြီးမားသွားရပြီ ဖြစ်သည်။
သူသည် မဟာချန်အင်ပါယာကို စိန်ခေါ်ရသည်ထက် ကောင်းကင်ဂိုဏ်း၏ အရှင်သခင်ကို ပို၍ ကြောက်ရွံ့မိသည်။
“မင်း သူ့အကြောင်း ကြားဖူးတာလား” ရှောင်ပီလီက အရှေ့ပင်လယ်မှ ဝါးကုတ်အင်္ကျီဝတ်ထားသော ထိုလူကို ကြည့်ပြီး ဆက်မေးလိုက်သည်။
“ငါကြားဖူးတာတော့ မြေကမ္ဘာဂိုဏ်းနဲ့ လူသားဂိုဏ်းတို့က ဘယ်တောနက်တောင်ထဲမှာ နေထိုင်ကြလဲဆိုတာ ရှာဖွေလို့ ရနိုင်ပေမဲ့ ကောင်းကင်ဂိုဏ်း ဘယ်မှာရှိလဲဆိုတာကိုတော့ သိတဲ့လူ အလွန်နည်းတယ်ဆိုပဲ”
အရှေ့ပင်လယ်မှ ဝါးကုတ်အင်္ကျီဝတ်ထားသော ထိုလူက ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်ပြီး ဆိုသည်။
“မှန်ပါတယ်... ဒဏ္ဍာရီတွေအရတော့ ကောင်းကင်ဂိုဏ်းဟာ ဆန်းကြယ်တဲ့ စိတ်ခံစားမှုပြောင်းလဲခြင်း တာအိုနယ်မြေထဲမှာ တည်ရှိတယ်လို့ ဆိုကြပေမဲ့ အတိအကျနေရာကိုတော့ ငါလည်း မသိပါဘူး”
ရှောင်ပီလီက ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်၏။
“လျှို့ဝှက်ချက်တွေ အလွန်များလွန်းတာပဲ”
“သူက ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဘုံလို့တောင် နာမည်ပေးရဲသေးတယ်”
အရှေ့ပင်လယ်မှ ဝါးကုတ်အင်္ကျီဝတ်ထားသော ထိုလူက အမြန် ပြန်ပြောလိုက်သည်။
“ဒဏ္ဍာရီတွေထဲမှာတော့ ကောင်းကင်ဂိုဏ်းရဲ့ ကောင်းကင်ဘုံအရှင်ဟာ အသက်နှစ်ပေါင်း ထောင်ချီ ရှင်သန်နေခဲ့တာလို့ ပြောကြတယ်၊ အဲဒါ အမှန်လား မဟုတ်ဘူးလားဆိုတာတော့ ငါတို့ မသိနိုင်ဘူး”
“အကယ်၍ ကောင်းကင်ဘုံအရှင်က ထိုမျှလောက် ကြာအောင် အသက်ရှင်နေတာ အမှန်ဆိုရင် သူ့ရဲ့ သိုင်းပညာအရည်အချင်းက အလွန်အမင်း မြင့်မားနေမှာ သေချာတယ်”
ရှောင်ပီလီက မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး ဆိုသည်။
“သူ့ရဲ့ သိုင်းပညာက အလွန်မြင့်မားနေတာလား”
“မစိုးရိမ်ပါနဲ့... မကြာခင်မှာ ငါ့ရဲ့ သိုင်းပညာက ပိုပြီးတော့တောင် ကောင်းမွန်လာဦးမှာပါ”
သူသည် ယခုအခါ အလွန် ယုံကြည်မှု ရှိနေပြီး ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်ကိုပင် စိန်ခေါ်ချင်စိတ်များ ပေါက်ပွားနေသည်။
သို့သော်လည်း မလောရသေးပေ။
ဒီသတင်းသာ အပြင်ကို ပျံ့နှံ့သွားရင် အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးထဲက ကျန်တဲ့လူတွေနဲ့ မဟာကျိုးမင်းဆက်ရဲ့ လက်ကျန်လူတွေက အရင်ဆုံး ငြိမ်မနေနိုင် ဖြစ်ကြတော့မှာ သေချာသည်။
မဟာကျိုးမင်းဆက်ရဲ့ လက်ကျန်လူတွေက အလယ်ပိုင်းလွင်ပြင်ကို ပြန်လာချင်နေကြတာဆိုတော့ သူတို့မှာ တစ်စုံတစ်ရာ အားကိုးစရာ အရင်းအမြစ်တွေ ရှိနေရမည်။
သူသည် မဟာချန်အင်ပါယာအတွက် အရင်ဆုံး သွားရောက် စမ်းသပ်ပေးနိုင်သည်၊ ထိုမဟာကျိုးမင်းဆက်၏ လက်ကျန်လူများသည် မည်သည့်နေရာမှ သတ္တိများ ရရှိနေကြသနည်း။
ရက်အနည်းငယ် ကြာပြီးနောက်။
ရှန်းလုံကျွန်းပေါ်တွင် နောက်ထပ် ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟူသော သတင်းသည် ကျွန်းပေါ်မှနေ၍ အပြင်သို့ ပျံ့နှံ့သွားခဲ့သည်။
အရှေ့ပင်လယ်၏ သိုင်းလောကသည် နောက်တစ်ကြိမ် ထပ်မံ၍ လှုပ်ခတ်သွားရပြန်သည်။
ဤနေ့တွင်။
အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးထဲမှ ကျန်ရှိနေသော လေးဦးအနက် သုံးဦးသည် ဧရာမဝေလငါးကျွန်းပေါ်တွင် စုဝေးရောက်ရှိနေကြသည်။
ဝေလငါးကျွန်းပေါ်ရှိ လေထုက အလွန်အမင်း ဖိနှိပ်အုံ့မှိုင်းနေ၏။
“ရှောင်ပီလီရဲ့ သိုင်းပညာက တကယ်ပဲ အဲဒီလောက်အထိ မြင့်မားနေတာလား”
အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးထဲတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး ‘အဆိပ်မိန်းမ’ ဟု လူသိများသော ကျူးယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူမသည် အရှေ့ပင်လယ်မှ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဖူးသော်လည်း အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးသည် ပြည်ပသိုင်းလောကတွင် နှစ်ပေါင်းများစွာကြာအောင် နာမည်ကျော်ကြားခဲ့ကြသူများ ဖြစ်သည်။ ယခုတော့ အဆင့်(၁) နယ်ပယ်သို့ ရောက်ခါစ လူငယ်လေးတစ်ယောက်က အလယ်ပိုင်းလွင်ပြင်ကနေ ရောက်လာပြီး အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးထဲက နှစ်ယောက်ကို သတ်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူတို့သာ တစ်ခုခု ပြန်မလုပ်ပြနိုင်ရင် အနာဂတ်တွင် အရှေ့ပင်လယ်၏ သိုင်းလောကထဲ၌ သူတို့စကားကို မည်သူက နားထောင်တော့မည်နည်း။
ဧရာမဝေလငါးကျွန်း၏ ကျွန်းသခင် မေယွမ်ရှန့်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ငါ အဲဒီထူးဆန်းတဲ့ နဂါးကို တစ်ကြိမ် မြင်ဖူးတယ်။ အဲဒီနဂါးက မိုးကြိုးဘေး စမ်းသပ်မှု သုံးကြိမ် သို့မဟုတ် လေးကြိမ်အထိ တောင့်ခံနိုင်လောက်အောင် သန်မာပေမဲ့ ရှောင်ပီလီရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတယ်။ ရှောင်ပီလီရဲ့ သိုင်းပညာက ငါတို့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ထက် ကျော်လွန်နေပြီ”
“ဒါ့အပြင် ငါ အစ်ကိုကြီးပိုင်ဆီကို လူလွှတ်ပြီး စာပို့ထားပေမဲ့ သူက အခုထိ ပြန်စာမပို့သေးဘူး”
“ဒါပေမဲ့ ကျိုးမိသားစုရဲ့ လူတွေလည်း ရှောင်ပီလီရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့ရပြီ။ အကယ်၍ ရှောင်ပီလီကိုတောင် မနှိမ်နင်းနိုင်ဘူးဆိုရင် ကျိုးမိသားစုနောက်ကို လိုက်ပြီး အလယ်ပိုင်းလွင်ပြင်ကို ပြန်တိုက်ဖို့ ပြင်နေတဲ့ အင်အားစုတွေလည်း စိတ်ဓာတ်တွေ တုန်လှုပ်ကုန်ကြလိမ့်မယ်”
“ငါတို့ လောလောဆယ် စိတ်မလောကြသေးဘဲ အစ်ကိုကြီးပိုင်ရဲ့ ပြန်စာကို စောင့်ကြတာပေါ့၊ ဒါမှမဟုတ် ကျိုးမိသားစုကိုပဲ ရှောင်ပီလီနဲ့ အရင် ရင်ဆိုင်ခိုင်းလိုက်မယ်”
“အကယ်၍ အစ်ကိုကြီးပိုင်သာ ပါဝင်မလာဘူးဆိုရင် ကျိုးမိသားစုလည်း ရှောင်ပီလီကို ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး”
“အဲဒီလိုဆိုရင်တော့ ငါတို့ သုံးယောက် ရှန်းလုံကျွန်းကို ကိုယ်တိုင်သွားပြီး အနူးအညွတ် တောင်းပန်ကြရုံပဲ ရှိတော့တယ်”
“အဲဒီအချိန်ကျရင်တော့ ရှောင်ပီလီက တစ်ကိုယ်တော် အရှေ့ပင်လယ် သိုင်းလောကတစ်ခုလုံးရဲ့ အလေးအမြတ်ပြုခြင်းကို ခံရတော့မှာပဲ”
‘အဆိပ်မိန်းမ’ ကျူးယွီနှင့် အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးထဲမှ တစ်ဦးဖြစ်သူ ‘စစ်တုရင်သူတော်စင်’ ဖုန်းဖျင်တို့၏ မျက်နှာများသည် အလွန်တရာ ဆိုးဝါးနေကြသည်။ သူတို့သည် သိုင်းလောကကို နှစ်ပေါင်းများစွာကြာအောင် ကြီးစိုးလာခဲ့ကြသူများ ဖြစ်ပြီး ယခုတော့ အမွေးပင် သေချာမပေါက်သေးသည့် ကောင်လေးတစ်ယောက်ရှေ့တွင် ဦးညွှတ် အရှုံးပေးကြရတော့မည်လော။