အခန်း (၁၈၇-၁၈၈)
Vol. 10 Ch. 197-198
အခန်း(၁၈၇) သစ္စာဖောက်မှု၊ အမြစ်ပြတ်ချေမှုန်းခြင်း
ရှောင်ပီလီ စကားပြောပြီးသည်နှင့် အရပ်မျက်နှာအနှံ့ လှိုင်းတံပိုးထန်နေသော ပင်လယ်လှိုင်းကြီးများသည် ချက်ချင်းပင် ရိုက်ခတ်ပျက်စီးသွားတော့သည်။
လူတိုင်းသည် ရှောင်ပီလီ၏ စကားလုံးများကို သဲသဲကွဲကွဲ ကြားလိုက်ရ၏။
ထို့ပြင် ယခုအခါ ရှောင်ပီလီသည် ကျောက်တန်းပေါ်တွင် မတ်တတ်ရပ်နေပြီး ဝတ်ဆင်ထားသော အဝတ်အစားများ အနည်းငယ် ဖရိုဖရဲဖြစ်နေသည်မှတစ်ပါး ဒဏ်ရာရရှိထားသည့် လက္ခဏာ တစ်စုံတစ်ရာမျှ မရှိချေ။
ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဤအကြိမ်တွင် အရှေ့ပင်လယ်၏ အရူးဓား ပိုင်ထျန်းရွှင်း ရှုံးနိမ့်သွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
“သူ ရှုံးသွားပြီ။ စီနီယာပိုင် ရှုံးသွားပြီ။”
“တောက်... အရှေ့ပင်လယ်ရဲ့ သိုင်းလောကက တကယ်ပဲ အလယ်ပိုင်းလွင်ပြင်ထက် နိမ့်ကျနေတာလား။”
“ငါတို့ ဝန်မခံချင်ပေမဲ့ ဝန်ခံရတော့မယ်။ ရှောင်ပီလီက အလယ်ပိုင်းလွင်ပြင် သိုင်းလောကမှာ မျိုးဆက်သစ်လူငယ်တစ်ယောက်ပဲ ရှိသေးတာ။ အရှေ့ပင်လယ် သိုင်းလောကမှာ သိုင်းပညာအမြင့်ဆုံးဖြစ်ပြီး မသေမျိုးနတ်ဘုရားလို ဖြစ်နေတဲ့ စီနီယာပိုင်တောင် သူ့ကို မယှဉ်နိုင်ဘူး။”
“ဟူး... ဒီနေ့ကစပြီး အရှေ့ပင်လယ် သိုင်းလောကကတော့...”
နတ်ဆိုးကျောက်တန်း ပတ်ပတ်လည်တွင် ဤကမ္ဘာမြေတုန်ဟည်းမတတ် တိုက်ပွဲကြီးကို လာရောက်ကြည့်ရှုကြသော ရေတွက်၍မရနိုင်သည့် ထိပ်တန်းကျွမ်းကျင်သူများသည် အားလုံး စိတ်ပျက်အားငယ်သွားကြတော့သည်။
နတ်ဆိုးဓား ရှောင်ပီလီသည် မကြာသေးမီကပင် အရှိန်အဝါ အလွန်တက်လာခဲ့သော်လည်း ပိုင်ထျန်းရွှင်းကသာ အနိုင်ရရှိရန် အခွင့်အရေး ပိုများလိမ့်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့်လည်း အလယ်ပိုင်းလွင်ပြင်မှ ဤသိုင်းဆရာကြီး မည်သို့ ရှုံးနိမ့်သွားမည်ကို ကြည့်ရှုရန် လာရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း လက်တွေ့မြေပြင်က သူတို့ကို ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ပေးအပ်လိုက်ချေပြီ။
ပိုင်ထျန်းရွှင်းသည် တကယ်ပင် ရှုံးနိမ့်သွားခဲ့သည်။
ဤအရာသည် အရှေ့ပင်လယ် သိုင်းလောကတွင် ရှောင်ပီလီကို တားဆီးနိုင်မည့်သူ တစ်ဦးမျှ မရှိတော့ကြောင်း သက်သေပြနေခြင်းလည်း ဖြစ်၏။
“ဒီအတိုင်းပဲ နိုင်သွားတာလား။”
ဖုန်းစစ်နန်းသည် ရှောင်ပီလီ၏ ပုံရိပ်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
သူမအနေဖြင့် တိုက်ပွဲအတွင်း လူနှစ်ယောက်၏ လှုပ်ရှားမှုများကို သဲသဲကွဲကွဲ မမြင်ရသော်လည်း နံ့သာတိုင်တစ်တိုင်စာမျှသာ အချိန်ကုန်ဆုံးသွားခဲ့သည်။
ဖုန်းစစ်နန်းနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ကွမ်ရွှမ်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး-
“ပိုင်ထျန်းရွှင်းက မိုးကြိုးစွမ်းအားကို ဓားသိုင်းပညာမှာ အသုံးချနိုင်တယ်။ သူ့ရဲ့ခွန်အားက အလယ်ပိုင်းလွင်ပြင် သိုင်းလောကရဲ့ အဆင့် (၁) ကျွမ်းကျင်သူတွေထဲက ကိုးဆယ်ရာခိုင်နှုန်းထက် သာလွန်နေပြီ။”
“မင်းရဲ့ဖခင် ဖုန်းယိုလို သိုင်းဆရာကြီးမျိုးတောင် သူ့ရဲ့ ဓားတစ်ချက်တိုက်ကွက်ကို ခုခံနိုင်ဖို့ ခက်ခဲလိမ့်မယ်။”
ဖုန်းစစ်နန်းသည် ကွမ်ရွှမ်ယွင်ကို ကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်၏။
“ဒါဆို ရှင်ကော။”
ကွမ်ရွှမ်ယွင်၏ အပြုံးသည် ခဏမျှ တောင့်တင်းသွားပြီးမှ နောက်ဆုံးတွင် စကားဆိုလေသည်။
“ငါလည်း ဓားတစ်ချက်တည်းနဲ့တင် ခံနိုင်မှာ မဟုတ်ဘူး။”
“မင်း... အဲဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလား။”
ပိုင်ထျန်းရွှင်းသည် ရှောင်ပီလီကို အရောင်တောက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ရှောင်ပီလီ၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခြင်းအပေါ် မည်သည့် ခံပြင်းစိတ်မျှ ပြသခြင်း မရှိချေ။
သူသည် အရှေ့ပင်လယ် သိုင်းလောက၏ နံပါတ်တစ် ဓားသမားအဖြစ် အသက်ခြောက်ဆယ်အရွယ်တွင် ဓားတာအို၏ စတုတ္ထမြောက် နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ သူသည် စတုတ္ထမြောက် နယ်ပယ်တွင်ပင် ပိတ်မိနေဆဲဖြစ်၏။ ထိုနယ်ပယ်တွင် အဝေးကြီးသို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း စတုတ္ထမြောက် နယ်ပယ်၏ အတားအဆီးကို ထိတွေ့နိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
သို့သော်လည်း ခုနက၊
သူသည် ရှောင်ပီလီ၏ ဓားချက်မှတစ်ဆင့် ရှောင်ပီလီ၏ ဓားသိုင်းပညာသည် မိမိထက် များစွာ သာလွန်နေပြီး ဓားတာအို၏ စတုတ္ထမြောက် နယ်ပယ်အထက် ပဉ္စမမြောက် နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
ထို့ပြင် ခုနက ရှောင်ပီလီ၏ ပတ်ပတ်လည် ငါးလံအတွင်း၌ သီးခြားဟင်းလင်းပြင်တစ်ခု ဖြစ်တည်နေသကဲ့သို့ ရှိခဲ့သည်။
ဘေးမှ စောင့်ကြည့်နေသူများသည် ပိုင်ထျန်းရွှင်း၏ စကားကို ကြားသောအခါ မှင်တက်သွားကြ၏။
ပိုင်ထျန်းရွှင်း မည်သည်ကို ဆိုလိုသည်ကို သူတို့ နားမလည်ကြချေ။
ထိပ်တန်း အထွတ်အထိပ်ကျွမ်းကျင်သူများပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြသည်။
“ရှောင်ပီလီက မိုးကြိုးဘေး ခြောက်ကြိမ်ကို ကျော်ဖြတ်ပြီးသွားပြီလို့ ဆိုလိုတာလား။” မေယွမ်ရှန့်က ရေရွတ်လိုက်သည်။
တံငါသည် ယွီကျန့်က ခေါင်းညိတ်လိုက်ပြီး-
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ အစ်ကိုပိုင်က မိုးကြိုးဘေးငါးကြိမ်ကို ကျော်ဖြတ်ထားတဲ့ ကျွမ်းကျင်သူပဲ။ သူကိုယ်တိုင် ဒီလိုပြောတယ်ဆိုမှတော့ အဲဒါ အမှန်ပဲ ဖြစ်ရမယ်။”
ရှောင်ပီလီသည် ပိုင်ထျန်းရွှင်း၏ မေးခွန်းကို ပြန်မဖြေဘဲ ရိုးရှင်းစွာသာ ပြောလိုက်သည်။
“မင်းရဲ့ ဓားသိုင်းပညာကို ငါ့ကိုပေး။”
ပိုင်ထျန်းရွှင်း၏ သိုင်းပညာသည် မိမိထက် နိမ့်ကျသော်လည်း ပိုင်ထျန်းရွှင်း၏ ဓားသိုင်းတွင် ကောင်းမွန်သော အချက်အလက်များစွာ ရှိပေသည်။ ၎င်းကို သေချာနားလည်အောင် လေ့လာနိုင်လျှင် မိမိ၏ ဓားသိုင်းပညာအတွက် အထောက်အကူ ဖြစ်တန်ရာသည်။
အကယ်၍ မိမိအနေဖြင့် ဓားကို အသုံးမပြုဘဲ ထိုနောက်ဆုံး တိုက်ကွက်ကို ရုပ်ခန္ဓာသက်သက်ဖြင့်သာ ခုခံခဲ့လျှင် ဒဏ်ရာအနည်းငယ် ရရှိသွားနိုင်ချေရှိသည်။
ပိုင်ထျန်းရွှင်းသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
“ရတာပေါ့။”
“ခဏနေရင် ငါ မင်းအတွက် ကူးရေးပေးမယ်။”
“ဒါနဲ့ မင်း ငါ့ကို ဘာလုပ်ဖို့...”
ထိုအချိန်တွင် ပိုင်ထျန်းရွှင်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ဝေါ့။
သွေးတစ်လုပ်သည် သူ၏ ပါးစပ်မှ ပန်းထွက်လာပြီး ဖြူလျော်နေသော မျက်နှာသည် ပို၍ပင် ဖြူဆွတ်သွားခဲ့သည်။
သူသည် လက်ကို မြှောက်လိုက်ရာ လက်မောင်းတစ်ဖက်လုံး မည်းမှောင်သွားခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဝေါ့။
ဝေါ့။
ဝေါ့။
မေယွမ်ရှန့်၊ ယွီကျန့်၊ စစ်တုရင်သူတော်စင် ဖုန်းဖျင်၊ ကွမ်ရွှမ်ယွင်နှင့် တခြားသော အဆင့် (၁) ကျွမ်းကျင်သူ အများအပြားသည် တစ်ချိန်တည်းမှာပင် သွေးမည်းများကို အန်ထုတ်လိုက်ကြရပြီး ခန္ဓာကိုယ်များ ယိမ်းထိုးကာ လဲကျလုနီးပါး ဖြစ်သွားကြသည်။
ဖုန်းဖျင်သည် သူ၏ ဘေးနားတွင် မတ်တတ်ရပ်နေသော အဆိပ်မိန်းမ ကျူးယွီကို စူးစူးစိုက်စိုက် ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။
“နင် လုပ်တာလား။”
ထိုနေရာရှိ အဆင့် (၁) ကျွမ်းကျင်သူ အများအပြား ဒဏ်ရာရရှိသွားကြသော်လည်း အဆိပ်မိန်းမ ကျူးယွီနှင့် စွမ်းအားရှင် ဝဇီရာ ဖန်ကျင်း နှစ်ဦးသာလျှင် ထိခိုက်မှုမရှိဘဲ ဘေးကင်းနေခဲ့သည်။
ထို့ပြင် ကျူးယွီသည် အရှေ့ပင်လယ် သိုင်းလောကတွင် အဆိပ်ကို အကျွမ်းကျင်ဆုံး အသုံးပြုနိုင်သူ ဖြစ်ပေသည်။
ထိပ်တန်းကျွမ်းကျင်သူတစ်ဦးပင်လျှင် ကျူးယွီနှင့် ရန်သူဖြစ်ပါက သူမ၏ ထောင်ချောက်အတွင်းသို့ လွယ်ကူစွာ သက်ဆင်းသွားနိုင်၏။
“အဆိပ်မှုန့်ခုနစ်မျိုးလား။”
ကွမ်ရွှမ်ယွင်သည် မိမိ၏ လက်ဝဲဘက် လက်မောင်းကို ကြည့်ကာ မျက်နှာ ညှိုးမှိန်သွားခဲ့သည်။
အဆိပ်မှုန့်ခုနစ်မျိုး ဆိုသည်မှာ ဘာနည်း။
ကွမ်ရွှမ်ယွင်၏ စကားကို ကြားသောအခါ မေယွမ်ရှန့် ချက်ချင်းပင် စကားဆိုလိုက်သည်။
ခဏမျှအတွင်းမှာတင် အဆိပ်သည် သူ၏ နှလုံးသားသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ သူသည် နှလုံးသားစွမ်းအင်လမ်းကြောင်းကိုသာ မနည်း ကာကွယ်ထားနိုင်တော့သည်။ အကယ်၍ စစ်မှန်သော ချီစွမ်းအင်ကို ထပ်မံအသုံးပြုပါက သေချာပေါက် သေဆုံးရချေမည်။
“ဟိဟိဟိ။” အဆိပ်မိန်းမ ကျူးယွီသည် ပါးစပ်ကို ပိတ်ကာ ရယ်မောလိုက်ပြီး-
“ဟုတ်တယ် အဆိပ်မှုန့်ခုနစ်မျိုးပဲ။”
“ဒါက ကျိုးမိသားစုဆီကနေ လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ဆေးဝါးပဲ။ အနံ့မရှိ အရောင်မရှိဘဲ ခွန်အားကြီးတဲ့ ကျွမ်းကျင်သူတွေကို အထူးနှိမ်နင်းဖို့ ဖန်တီးထားတာ။”
“လူတစ်ယောက်က ခွန်အား ပိုကြီးလေလေ၊ စစ်မှန်တဲ့ ချီစွမ်းအင်ကို အသုံးပြုလိုက်တာနဲ့ အဆိပ်က ခန္ဓာကိုယ်ထဲ ပျံ့နှံ့ပြီး ရောဂါလက္ခဏာတွေ ပိုမြန်မြန် ပြလာလေလေပဲ။”
“မူလကတော့ နင်တို့ စစ်မှန်တဲ့ ချီစွမ်းအင်ကို မသုံးရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှောင်ပီလီနဲ့ ပိုင်ထျန်းရွှင်းတို့ရဲ့ တိုက်ပွဲက အရမ်းပြင်းထန်လွန်းလို့ သင်္ဘောပေါ်ကလူတွေကို ကာကွယ်ဖို့ နင်တို့ စစ်မှန်တဲ့ ချီစွမ်းအင်ကို သုံးလိုက်ကြရတယ်မလား။ ချီစွမ်းအင်ကို လှုပ်ရှားလိုက်တာနဲ့ အဆိပ်မှုန့်ခုနစ်မျိုးက ခန္ဓာကိုယ်ထဲကို သဘာဝအတိုင်း ဝင်သွားတော့တာပေါ့။”
“အတွင်းအားကို ထပ်မသုံးနဲ့တော့၊ မဟုတ်ရင် နင်တို့ သေလိမ့်မယ်။”
ကွမ်ရွှမ်ယွင်က ခေါင်းခါလိုက်ပြီး ပြောသည်-
“အဆိပ်မှုန့်ခုနစ်မျိုးမှာ ဖြေဆေးမရှိဘူး။ အတွင်းအားကို မသုံးရင် တစ်နာရီကြာပြီးတဲ့နောက် ဘာမှမဖြစ်တော့ဘူး။”
“ဒါပေမဲ့ စစ်မှန်တဲ့ ချီစွမ်းအင်ကို သုံးလိုက်တာနဲ့ အဆိပ်က ကိုယ်တွင်းအင်္ဂါတွေကို ထိုးဖောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် နတ်ဘုရားတောင် မကယ်နိုင်တော့ဘူး။ ခုနက နင်တို့က သင်္ဘောကို တည်ငြိမ်အောင်လုပ်ပြီး တိုက်ပွဲရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုကိုပဲ ရှင်းထုတ်ခဲ့တာမို့ ခွန်အားအပြည့်မသုံးခဲ့ရဘူး။ ဒါကြောင့် အဆိပ်မိတာ သိပ်မပြင်းထန်သေးတာ။ အကယ်၍ ခွန်အားအပြည့် ထပ်သုံးမယ်ဆိုရင်တော့ တကယ်ပဲ ကယ်တင်လို့ ရတော့မှာ မဟုတ်ဘူး။”
“နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနမှာလည်း အဆိပ်မှုန့်ခုနစ်မျိုးရဲ့ ဆေးညွှန်းရှိတယ်။ ဒါပေမဲ့ ၎င်းကို ဖော်စပ်ဖို့ လိုအပ်တဲ့ ရှားပါးတဲ့ ဝိညာဉ်ဆေးဝါးတွေ ပျောက်ဆုံးသွားတာ ကြာပြီ။ မဟာကျိုးမင်းဆက်ရဲ့ အကြွင်းအကျန်တွေက ပြည်ပမှာ ဒီအဆိပ်မှုန့်ခုနစ်မျိုးကို တကယ် ဖော်စပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။”
ထိုစကားကို ကြားရသောအခါ ဖုန်းစစ်နန်း၊ ကျောမူအာနှင့် တခြားသောလူများ၏ မျက်နှာအမူအရာများ အားလုံး ပြောင်းလဲသွားကြတော့သည်။
သူတို့သည် ခုနက စစ်မှန်သော ချီစွမ်းအင်ကို မသုံးခဲ့ကြသော်လည်း အဆင့် (၁) ကျွမ်းကျင်သူများ လှုပ်ရှားနိုင်စွမ်း မရှိတော့သည့်အတွက် အဆိပ်မိန်းမအနေဖြင့် သေချာပေါက် အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်ရမည်။ ထို့ပြင် အဆိပ်မမိသေးသော အခြားသူများလည်း အနီးအနားတွင် ရှိနေပေလိမ့်မည်။
မေယွမ်ရှန့်သည် အဆိပ်မိန်းမကို ကြည့်ကာ အော်ဟစ်လိုက်၏။
“ကျူးယွီ... နင် ဒါ ဘာသဘောလဲ။”
“နင် ကျိုးမိသားစုဘက်ကို ကူးပြောင်းသွားတာလား။”
အဆိပ်မိန်းမက ပြုံးလိုက်ပြီး-
“... ငါ့မှာလည်း အခြားရွေးချယ်စရာ မရှိလို့ပါ။”
“နောက်ထပ် အနှစ်နှစ်ဆယ်ကြာရင် ငါ့ရဲ့ ဒုတိယမြောက် မိုးကြိုးဘေး ရောက်လာတော့မယ်။ ငါ အဲဒါကို ကျော်ဖြတ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိဘူး။ ဒါပေမဲ့ ကျိုးမိသားစုက ငါ့ကို နှင်းကြာပန်း ကပ်ဘေးကျော်ဆေးလုံး ပေးမယ်လို့ ကတိပြုခဲ့တာကြောင့် ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။”
“နင်တို့က ငါ့ကို အရှေ့ပင်လယ် သိုင်းလောက ရှင်သန်ရေးအတွက် ငါ့အသက်ကို စွန့်စားစေချင်တာလား။”
နှင်းကြာပန်း ကပ်ဘေးကျော်ဆေးလုံး ဟုတ်လား။
အဆင့် (၁) ကျွမ်းကျင်သူ အများအပြား မှင်တက်သွားကြစဉ် ကွမ်ရွှမ်ယွင်ကသာ စကားဆိုလေသည်။
“ကျိုးမိသားစုက နှင်းကြာပန်း ကပ်ဘေးကျော်ဆေးလုံးကို ပေးရလောက်အောင် တကယ် လက်ကြီးတာပဲ။”
“နှင်းကြာပန်း ကပ်ဘေးကျော်ဆေးလုံးက နှစ်ပေါင်းသောင်းချီ သက်တမ်းရှိတဲ့ နှင်းကြာပန်းနဲ့ ထူးဆန်းတဲ့ သားရဲတွေရဲ့ သွေးအနှစ်သာရကို သန့်စင်ဖော်စပ်ရတာ။ အဲဒါက သေလူကို ရှင်စေနိုင်ပြီး အရိုးတွေကို ပြန်လည်သစ်လွင်စေနိုင်တယ်။ မိုးကြိုးဘေး ကြုံတွေ့ရချိန်မှာ အဲဒါကို သောက်သုံးရင် ဒုတိယအသက်တစ်ခု ထပ်ရသလိုပဲ။”
ဖုန်းစစ်နန်းက အလျင်အမြန် ပြောလိုက်၏။
“ရှင် အဲဒါတွေကို အာချောင်မနေနဲ့တော့။”
“ရှင့်ရဲ့ နန်းတော်တွင်း နက္ခတ်ဗေဒင်ဌာနရဲ့ နက္ခတ်ဗေဒင်ပညာက အရမ်းတော်တာ မဟုတ်ဘူးလား။”
“ဒီမှာ အချိန်ဖြုန်းမနေဘဲ ငါတို့ ဒီနေ့ ဒီနေရာမှာ သေရမှာလားဆိုတာကို မြန်မြန် တွက်ချက်ပေးစမ်းပါ။”
ထိုအချိန်တွင် ခရုသင်းမှုတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သင်္ဘောကြီးအချို့သည် လှိုင်းတံပိုးများကို ဖြတ်ကျော်ကာ ဝင်ရောက်လာကြ၏။
မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသော ကျိုးမိသားစု အကြီးအကဲသည် လှေဦးစီးနေရာတွင် ရပ်နေပြီး မျက်နှာတွင် ပြုံးပန်းဆင်လျက် ရှိပေသည်။ သူသည် ပိုင်ထျန်းရွှင်းကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
“ငါတို့ အဆိပ်မှုန့်ခုနစ်မျိုး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးပစ္စည်းအားလုံးကို တကယ် မစုဆောင်းနိုင်ပါဘူး။”
“ဒါပေမဲ့ ငါ့ရဲ့ ကျိုးမိသားစုမှာ အနည်းငယ်တော့ ကျန်ရှိနေသေးတာပေါ့။”
“အဆိပ်မှုန့်ခုနစ်မျိုးကို သုံးလိုက်တာနဲ့ ပတ်ပတ်လည် မိုင်အနည်းငယ်အတွင်းမှာ ရှိတဲ့သူတိုင်း အဆိပ်မိစေရမယ်။ မင်းတို့လို ထက်မြက်တဲ့ အာရုံခံစားမှုရှိတဲ့ သိုင်းဆရာကြီးမျိုးကိုတော့ ရုတ်တရက် သုံးရင် သေချာပေါက် နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။”
“ဒါပေမဲ့ မင်းတို့နဲ့ တိုက်ခိုက်နေတုန်း အဆိပ်မှုန့်ခုနစ်မျိုးကို သုံးရင် ငါကိုယ်တိုင်လည်း အဆိပ်မိသွားလိမ့်မယ်။”
“မင်းသာ မရှိခဲ့ရင် ငါတို့ ကျိုးမိသားစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အရှေ့ပင်လယ် သိုင်းလောကကို စည်းလုံးစေခဲ့ပြီးပြီ။”
“အခုတော့ အားလုံး အဆင်ပြေသွားပြီ။ နတ်ဆိုးဓား ရှောင်ပီလီ ရောက်လာခဲ့တယ်။ သူက မင်းကို အာရုံမလွှဲနိုင်အောင် လုပ်နိုင်လောက်တဲ့အထိ အားကောင်းလွန်းလို့ ငါကိုယ်တိုင် စစ်မှန်တဲ့ ချီစွမ်းအင်ကို သုံးဖို့တောင် မလိုတော့ဘူး။”
“ဒါဟာ အဆိပ်မှုန့်ခုနစ်မျိုးကို အသုံးပြုဖို့ အကောင်းဆုံး အချိန်ပဲ။”
“ဒီနေ့ဟာ မင်းတို့လို လူမိုက်အားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ဖို့ အကောင်းဆုံးနေ့ပဲ။”
အခန်း(၁၈၈) မင်္ဂလာရှိသောအရပ်
ကျိုးမိသားစုအကြီးအကဲ၏ စကားကို ကြားလိုက်ရသောအခါ ရှောင်ပီလီ၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ထိုအဘွားအိုသည် မည်သည့်အချိန်က အဆိပ်မှုန့်ခုနစ်မျိုးကို အသုံးပြုလိုက်သည်ကို သူ သတိမထားမိခဲ့ချေ။ ထို့ပြင် သူသည် ခုနကတင် တိုက်ကွက်တစ်ခုကိုပင် ထုတ်ဖော်ခဲ့သေးသည်။ သို့သော် ယခုအချိန်အထိ သူ့ထံ၌ အဆိပ်မိသည့် လက္ခဏာ အနည်းငယ်မျှပင် မရှိသေးရာ အဆိပ်က နှလုံးသားသို့ တိုက်ခိုက်ခြင်းကို ထားဘိဦး၊ ခန္ဓာကိုယ် အားနည်းသွားသည်ဟူသော ခံစားချက်မျိုးပင် အနည်းငယ်မျှ မရှိချေ။
သူ့အနေဖြင့် အစားကောင်းကောင်းစားနိုင်ပြီး ကျန်းကျန်းမာမာ ရှိနေဆဲပင် ဖြစ်သည်။
သို့သော်လည်း ကျိုးမိသားစုအကြီးအကဲသည် ထိုအခြေအနေကို ရိပ်မိခြင်းမရှိဘဲ ရှောင်ပီလီကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ကျိုးမိသားစုရဲ့ ပါရမီရှင်ကို သတ်ခဲ့ပေမဲ့ အခုက ကျိုးမိသားစုအနေနဲ့ လူတော်လူကောင်းတွေကို အသုံးချရမယ့် အချိန်ပဲ။ မင်းသာ ကျိုးမိသားစုဆီ ခိုလှုံမယ်ဆိုရင် ငါ မင်းကို အသက်ရှင်ခွင့် ပေးနိုင်တယ်”
ထိုသို့ပြောပြီးနောက် ကျိုးမိသားစုအကြီးအကဲသည် အခြားသော သိုင်းပညာရှင်များကို ကြည့်ကာ တည်ငြိမ်စွာ ဆိုပြန်သည်။
"မင်းတို့လည်း အတူတူပဲ”
“မင်းတို့တွေ နှလုံးသားစားဆေးလုံးကို သောက်ပြီး ငြိမ်ငြိမ်ဝပ်ဝပ် နေမယ်ဆိုရင် ငါတို့ကျိုးမိသားစု အလယ်ပိုင်းလွင်ပြင်ကို ပြန်ရောက်တဲ့တစ်နေ့ကျရင် မင်းတို့ကို နန်းတော်မှာ ရာထူးအာဏာတွေတောင် ပေးသနားနိုင်တယ်”
“ဟက်” ပိုင်ထျန်းရွှင်းက နှာခေါင်းရှုံ့ကာ နှစ်ချက်မျှ ရယ်မောလိုက်သည်။
“မင်းတို့ကျိုးမိသားစုက အလယ်ပိုင်းလွင်ပြင်ကို ပြန်သွားနိုင်မယ်လို့ ထင်နေတာလား”
“ဒီလိုနည်းလမ်းတွေကို မသုံးရင် မင်းတို့တွေ အရှေ့ပင်လယ်ကနေတောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ အခုထိ အလယ်ပိုင်းလွင်ပြင်ကို သိမ်းပိုက်ဖို့ အိမ်မက်မက်နေတုန်းပဲလား။ ဒါက တကယ်ပဲ စိတ်ကူးယဉ်နေတာပဲ”
ရှောင်ပီလီကလည်း တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ငါက နန်းတော်နဲ့ မတိုက်ခိုက်ချင်ပေမဲ့ သူတို့မှာ အနည်းဆုံးတော့ အင်အားအချို့ ရှိသေးတယ်။”
“မင်းတို့ကျိုးမိသားစုကတော့ တကယ်ကို ထူးခြားတာပဲ။ မင်းတို့ဘေးနားမှာ အဆင့်မြင့်ကျွမ်းကျင်သူ ဘယ်နှစ်ယောက်မှမရှိဘဲနဲ့ ငါတို့ကို ကတိအလွတ်တွေ လာပေးနေတယ်"
ကျိုးမိသားစုအကြီးအကဲ၏ ဘေးတွင်ရပ်နေသော ပိန်လှီသောအဘိုးအိုတစ်ဦးက ထူးဆန်းစွာ ရယ်မောလိုက်သည်။
“ရှောင်ပီလီ... မင်းရဲ့ပါရမီက တကယ်ကို ထူးချွန်ပါတယ်။ ဒါပေမဲ့ ပညာရှိဆိုတာ အခြေအနေကို ကြည့်တတ်ရတယ်”
“မင်းက အဆိပ်မှုန့်ခုနစ်မျိုး မိနေပြီ။ မင်းသာ ဒီနေ့ ဒီနေရာမှာ သေသွားရင် မင်း ဘယ်လောက်ပဲ ပါရမီရှိရှိ အလဟဿ ဖြစ်သွားမှာပဲ”
“အလောင်းပုပ်နံ့တွေ နံစော်နေတာပဲ” ရှောင်ပီလီက မျက်မှောင်ကုတ်လျက် ထိုပိန်လှီသောအဘိုးအို၏ ဘေးနားရှိ ဝတ်ရုံနက်ခြုံထားသော ပုံရိပ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ အလောင်းမောင်းနှင်ရေးဂိုဏ်း(ခေါ်)အလောင်းထိန်းချုပ်ရေးဂိုဏ်းက လူတွေက မင်းတို့ဖန်တီးထားတဲ့ အလောင်းတွေကို အပြင်မထုတ်ခင် စင်ကြယ်အောင် မဆေးကြောနိုင်ကြဘူးလား”
အလောင်းမောင်းနှင်ရေးဂိုဏ်း(ခေါ်)အလောင်းထိန်းချုပ်ရေးဂိုဏ်းလား။
ကျွမ်းကျင်သူအများအပြားသည် ထိုပိန်လှီသောအဘိုးအိုထံသို့ ကြည့်လိုက်ကြသည်။
အလောင်းမောင်းနှင်ရေးဂိုဏ်း(ခေါ်) အလောင်းထိန်းချုပ်ရေးဂိုဏ်းသည် မိစ္ဆာဂိုဏ်းကြီး ရှစ်ဂိုဏ်းထဲမှ တစ်ခုဖြစ်ရာ ယခုအခါတွင် ကျိုးမိသားစုနှင့် ပူးပေါင်းနေပြီလော။
ကွမ်ရွှမ်ယွင်သည် ထိုပိန်လှီသောပုံရိပ်ကို မျက်မှောင်ကုတ်ကာ ကြည့်နေပြီး သူ့မျက်ဝန်းထဲတွင် သံသယများ ပြည့်နှက်နေသည်။ အတန်ကြာမှ သူက နောက်ဆုံးတွင် စကားဆိုလိုက်သည်။
“အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ် မူရုံယွင်လား”
“မင်း သိုင်းလောကမှာ မပေါ်လာတာ အနှစ်ခုနစ်ဆယ်လောက် ရှိပြီပဲ။ မင်း ပင်လယ်ရပ်ခြားကို ရောက်လာလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး”
“အလောင်းထိန်းချုပ်ရေးဂိုဏ်းက အမြဲတမ်း နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ ဦးဆောင်မှုကို ခံယူခဲ့တာ။ မင်း ကျိုးမိသားစုနဲ့ ပတ်သက်နေတာက မင်းကိုယ်ပိုင် အကြံအစည်လား ဒါမှမဟုတ် နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ အကြံအစည်လား”
နတ်ဆိုးလမ်းစဉ် အတားအဆီးရှစ်ခုသည် ဆုတ်ယုတ်ပျက်စီးခဲ့ရပြီး ၎င်းတို့ထဲမှ အများစုမှာ ယခုအခါ ဖိုစူပြည်နယ်အတွင်း၌သာ ပိတ်မိနေကြသည်။
မိမိဘာသာ ရပ်တည်နေသော ပိုးကောင်ဂိုဏ်းမှလွဲ၍ ကျန်ရှိသော ဂိုဏ်းခြောက်ဂိုဏ်းမှာ အခြေခံအားဖြင့် နတ်ဆိုးကောင်းကင်ဂိုဏ်း၏ ဦးဆောင်မှုကို လိုက်နာကြရသည်။
နတ်ဆိုးဘုရင်သည် ကောင်းကင်အရှင်သခင်ကဲ့သို့ပင် ဆန်းကြယ်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
အကယ်၍ ကျိုးမိသားစုသည် နတ်ဆိုးလမ်းစဉ်တစ်ခုလုံး၏ ထောက်ပံ့မှုကို ရရှိထားပြီး အရှုပ်အထွေးများ ဖြစ်ပွားလာပါက ကျိုးမိသားစုအနေဖြင့် ကမ္ဘာကြီးကို တစ်ဖန်ပြန်၍ အုပ်စိုးခွင့် ရရှိသွားနိုင်ပေသည်။
ထို့ပြင် အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ် မူရုံယွင်သည် လွန်ခဲ့သော အနှစ်ခုနစ်ဆယ်ခန့်ကပင် မိုးကြိုးဘေးလေးကြိမ်ကို ကျော်ဖြတ်ထားနိုင်ခဲ့သော မဟာဆရာသခင်တစ်ဦး ဖြစ်သည်။ နတ်ဆိုးကောင်းကင်ဂိုဏ်းနှင့် ပိုးကောင်ဂိုဏ်းတို့မှလွဲ၍ ကျန်ရှိသော မိစ္ဆာဂိုဏ်းများထဲတွင် သူ၏သိုင်းပညာသည် ထိပ်ဆုံးသုံးယောက်စာရင်းဝင် ဖြစ်သည်။
နတ်ဆိုးလမ်းစဉ်တွင် သူ့ကို စေခိုင်းနိုင်သူဟူ၍ ရှိပါက ထိုသူမှာ နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အရှင်သခင်သာ ဖြစ်ပေလိမ့်မည်။
အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ် မူရုံယွင်က ကွမ်ရွှမ်ယွင်ကို ကြည့်ကာ ခေါင်းခါလျက် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ အနှစ်တစ်ရာ့ငါးဆယ်က ငါတို့ ခေတ္တဆုံတွေ့ခဲ့ဖူးတာကို မိတ်ဆွေကွမ်က အခုထိ မှတ်မိနေသေးလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး”
“ဒါပေမဲ့ မင်း ငါ့ကို မှတ်မိနေသေးတယ်ဆိုရင်တော့ ရှောင်ပီလီကို အခြေအနေကို ကြည့်ပြီး ဆုတ်ခွာတတ်ဖို့ တိုက်တွန်းသင့်တယ်။”
“ကျိုးမိသားစုက အားလုံးကို အပြည့်အစုံ ပြင်ဆင်ထားပြီးပြီ။ အလယ်ပိုင်းလွင်ပြင်ကို ပြန်ဖို့ပဲ ကျန်တော့တာ”
ကျိုးမိသားစုအကြီးအကဲကလည်း အေးစက်စွာ ဆိုသည်။
“ရှောင်ပီလီ... ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ ငါ့ဆီ ခိုလှုံမလား၊ သေမလား”
“မင်းလို ပါရမီရှင်တစ်ယောက်ကို သတ်ရမှာ နှမြောစရာကောင်းပေမဲ့ ငါ့ကို ခိုလှုံတဲ့သူက ကြီးပွားပြီး ငါ့ကို ဆန့်ကျင်တဲ့သူကတော့ ပျက်စီးရလိမ့်မယ်။ မင်းက ကျိုးမိသားစုရဲ့ ရန်သူဖြစ်လာရင်တော့ ချန်လှပ်ထားလို့ မရဘူး”
အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“ရှောင်ပီလီ... အဆိပ်မှုန့်ခုနစ်မျိုးကို ထားလိုက်ဦး။ မင်း အဆိပ်မမိထားဘူးဆိုရင်တောင် ငါနဲ့ ကျိုးအစ်ကို နှစ်ယောက်လုံးကို ပူးပေါင်းတိုက်ခိုက်ရင် မင်း နိုင်ဖို့ အခွင့်အရေးက နှစ်ဆယ်ရာခိုင်နှုန်းထက် မပိုပါဘူး”
ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။
“တိုက်ကွက်တစ်ခု” ရှောင်ပီလီက ပင်လယ်ပြင်ပေါ်တွင် ရပ်တန့်ကာ ကျိုးမိသားစုအကြီးအကဲထံသို့ လက်ညှိုးတစ်ချောင်း အသာဆန့်ထုတ်လိုက်သည်။
ဘာလဲ။
လူတိုင်း ဆွံ့အသွားကြသည်။
ကျိုးမိသားစုအကြီးအကဲနှင့် အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ် မူရုံယွင်တို့ပင် မျက်မှောင်အနည်းငယ် ကုတ်သွားကြသည်။
သူတို့သည် ရှောင်ပီလီ ဆိုလိုသည့်အဓိပ္ပာယ်ကို နားမလည်ကြချေ။
“ရှောင်ပီလီ... မင်း ဒါ ဘာကို ဆိုလိုတာလဲ” မူရုံယွင်က အေးစက်စွာ မေးလိုက်သည်။
ခုနကတင် ရှောင်ပီလီနှင့် ပိုင်ထျန်းရွှင်းတို့၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများက မိုးကြိုးဘေးငါးကြိမ်ကို ကျော်ဖြတ်ထားသည့် ဤကျွမ်းကျင်သူကြီးကိုပင် အနည်းငယ် သတိထားမိစေခဲ့သော်လည်း ယခုအခါ ရှောင်ပီလီသည် အဆိပ်မှုန့်ခုနစ်မျိုးကို မိထားပြီ ဖြစ်သည်။
အဆိပ်မှုန့်ခုနစ်မျိုး မရှိလျှင်ပင် သူကိုယ်တိုင်က မိုးကြိုးဘေးငါးကြိမ်ကို ကြုံတွေ့ထားသည့် မဟာဆရာသခင်ကြီးတစ်ဦး ဖြစ်သည်။
ရှောင်ပီလီက သူ့ကို တိုက်ကွက်တစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်မည်ဟု အိပ်မက်မက်နေဆဲလော။
ထိုနေရာရှိ အခြားသော ထိပ်တန်းကျွမ်းကျင်သူများပင်လျှင် မိမိတို့ နားကြားမှားလေသလားဟု ထင်မှတ်သွားကြသည်။
အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ်၏ သိုင်းပညာသည် နက်နဲဆန်းကြယ်လှသည်။ နတ်ဆိုးဓားသည် မည်မျှပင် အစွမ်းထက်စေကာမူ ထိုကဲ့သို့သော မဟာဆရာသခင်ကြီးကို တိုက်ကွက်တစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်လောက်အောင် အစွမ်းမထက်နိုင်ချေ မဟုတ်လော။
ပိုင်ထျန်းရွှင်းက စွမ်းအင်ဖြင့် အသံလွှင့်ကာ ပြောလိုက်သည်။
“သူရဲကောင်းရှောင်... မင်း ပေါ့ဆလို့ မရဘူး။”
“ငါ ဒီလူနဲ့ တစ်ကြိမ် တိုက်ခိုက်ဖူးတယ်။ သူ့ရဲ့သိုင်းပညာက သာမန်ပဲဆိုပေမဲ့ သူ့နောက်က အလောင်းရုပ်သေးက တကယ်ကို ထူးဆန်းတယ်။ အဲဒီအလောင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက မင်းထက် မနိမ့်ဘူး။ ပြီးတော့ အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ်နဲ့လည်း စည်းချက်ညီညီ ပူးပေါင်းတိုက်ခိုက်နိုင်တယ်။ သူတို့နှစ်ယောက် ပူးပေါင်းတာကို ငါ သတိထားမိလို့ ဆုတ်ခွာခဲ့တာ။ မင်းက အခုမှ နိုင်ထားတာဆိုတော့...”
ပိုင်ထျန်းရွှင်း စကားမဆုံးခင်မှာပင် ရှောင်ပီလီက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး ကျိုးမိသားစုအကြီးအကဲနှင့် ဂိုဏ်းချုပ် မူရုံယွင်တို့ကို အေးစက်စွာ ကြည့်လျက် ဆိုလိုက်သည်။
“ငါ ဆိုလိုတာက မင်းတို့လို အမှိုက်တွေကို တိုက်ကွက်တစ်ခုတည်းနဲ့ မသတ်နိုင်ရင် နောက်ထပ် တိုက်ကွက်တစ်ခုကျရင် ငါ့ဘာသာငါ ပြန်သတ်သေလိုက်မယ်”
ဘာ။
တကယ်ပဲ ဒီလို ဆိုလိုတာလား။
တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
“နတ်ဆိုးဓားက တကယ်ကို နာမည်နဲ့လိုက်အောင် မောက်မာတာပဲ”
တစ်စုံတစ်ယောက်က တိုးတိုးရေရွတ်လိုက်သော်လည်း ကျိုးမိသားစု၏ သင်္ဘောကြီးပေါ်ရှိ လူအုပ်ကြီးကို မြင်သောအခါ စကားကို ဆက်မပြောရဲတော့ဘဲ ပြန်မြိုချလိုက်ရသည်။
“ကောင်းပြီ... ကောင်းပြီ”
မူရုံယွင်က ဒေါသတကြီး ရယ်မောလိုက်သည်။
“ငါ သိုင်းလောကမှာ ကျင်လည်ခဲ့တာ အနှစ်ရာချီနေပြီ။ မင်းလို မောက်မာတဲ့ကောင်မျိုး ကြုံဖူးတာ ဒါ ပထမဆုံးပဲ”
“လာစမ်း... လာစမ်း... မင်း ငါ့ကို တိုက်ကွက်တစ်ခုတည်းနဲ့ ဘယ်လို သတ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
သူသည် သိုင်းလောက၌ ရာစုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး နတ်ဆိုးလမ်းစဉ်၏ လူကြီးပိုင်းတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ယခုအခါတွင်မူ လူအများအပြား၏ ရှေ့မှောက်၌ မျိုးဆက်သစ်လူငယ်တစ်ဦး၏ အထင်သေးမှုကို ခံလိုက်ရသည်။
ထိုသို့ ပြောဆိုနေသော်လည်း မူရုံယွင်၏ အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာပြီး ဝတ်ရုံနက်ခြုံထားသော အလောင်းရုပ်သေးသည် လျှပ်စီးကဲ့သို့ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
ဘုန်း။
အလောင်းရုပ်သေးက လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ပင်လယ်ပြင်ပေါ်တွင် မီတာဆယ်ဂဏန်းမျှ မြင့်မားသော ဧရာမ လှိုင်းတံပိုးကြီးတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။
သမုဒ္ဒရာ လှိုင်းလုံးကြီးများ၏ အဟုန်ကို ဆောင်ကျဉ်းထားသော ထိုထိတ်လန့်ဖွယ် လက်သီးချက်သည် ရှောင်ပီလီထံသို့ ပြင်းထန်စွာ တိုးဝင်သွားသည်။
အလောင်းရုပ်သေးသည် လက်သီးချက်နှင့်အတူ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ၎င်း၏ လက်သည်းများက စိမ်းလန်းသော အလင်းရောင်များ တောက်ပလျက် ရှောင်ပီလီကို ဆွဲကုတ်ရန် ပိုင်းဖြတ်လိုက်သည်။
“သတိထားပါဦး...”
ဖုန်းစစ်နန်း၏ ရင်ထဲ၌ ထိတ်လန့်သွားပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။
ရှောင်ပီလီက မည်မျှပင် သန်မာစေကာမူ အလောင်းထိန်းချုပ်ရေးဂိုဏ်းချုပ်သည် သာမန်လူတစ်ယောက် မဟုတ်ချေ။
ကွမ်ရွှမ်ယွင်က ခေါင်းခါလျက် ပြောလိုက်သည်။
“ငါ ဒီနေ့ နက္ခတ်ဗေဒင်ပညာနဲ့ တွက်ချက်ထားပြီးပြီ။ ဒီနေရာက တကယ်ကို မင်္ဂလာရှိတဲ့ အရပ်ပဲ။”
“စိတ်မပူပါနဲ့... ငါတို့ထဲက ဘယ်သူမှ ဒီနေ့ သေမှာ မဟုတ်ဘူး”