ဓားတစ်လက်၏ အပြန်လမ်း
Vol. 28 Ch. 296
လူတစ်ယောက်၏ ဂုဏ်သတင်း အမည်နာမဆိုသည်မှာ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အာဝါသပမာ ကြီးမားကျယ်ပြန့်လှပေ၏။
ညဇီးကွက်ဘုရင်၏ ကြီးမားလှသော ဂုဏ်သတင်း ဩဇာကြောင့် နဝမအဆင့် မိစ္ဆာအိုကြီးများပင် နောက်တွန့်သွားကြရသည်။ သို့တိုင်အောင် ဤသေခန်းပြတ် တိုက်ပွဲကြီးကို ဆက်လက် အချိန်ဆွဲနေ၍ မရနိုင်တော့ချေ။
ဤကဲ့သို့သော အရေးတွင် တစ်စုံတစ်ယောက်ကတော့ ရှေ့ထွက်လာရမည်သာ ဖြစ်၏။
ထိုသူ၏ ပုံရိပ်က တောင်ကုန်းငယ်လေး တစ်ခုပမာ ထီးထီးကြီး ရပ်တည်နေသည်။ ခန္ဓာကိုယ်ကြီးက ကိုင်းညွတ်နေပြီး ကျောပြင်ထက်တွင် လက်နက်ပေါင်းစုံကို သယ်ပိုးထားရာ သက်ရှိ လက်နက်တိုက်ကြီး တစ်ခုနှင့်ပင် တူနေတော့၏။
အက်ကွဲခြောက်သွေ့နေသော အရေပြားအောက်တွင် အသားစ၊ အရိုးစများ မရှိတော့ဘဲ စက်သွားများ တစ်ကျွီကျွီ လည်ပတ်နေသည့် အသံများသာ ထွက်ပေါ်နေသည်။
"ပိုင်လျန်ဂိုဏ်း... ကျုဝူချွဲ"
ယန်တျန်က ရောက်လာသူ၏ အမည်ကို လေးနက်စွာ ရေရွတ်လိုက်၏။
'ကူလမ်းစဉ်မှာတင် အရူးအမူး ဖောက်ပြန်သူတွေ ရှိတာ မဟုတ်ဘူးပဲ... ယန္တရားပညာရပ်ကို အနက်ရှိုင်းဆုံး လေ့လာထားတဲ့ ပိုင်လျန်ဂိုဏ်းမှာလည်း ရူးသွပ်သူတွေ ပြည့်နှက်နေတာကိုး...'
ခန္ဓာကိုယ် တစ်ဝက်ကို စက်ယန္တရားများအဖြစ် ပြောင်းလဲပစ်ထားသည့်တိုင် ကျုဝူချွဲက နဝမအဆင့်သို့ ရောက်ရှိနေဆဲ ဖြစ်၏။
'ဒီ မိစ္ဆာအိုကြီးတွေက တစ်ချိန်တုန်းက တောက်ပတဲ့ ပါရမီရှင်တွေ ဖြစ်ခဲ့ကြမှာပဲ... ဒါပေမယ့် ရှင်သန်ဖို့ ခက်ခဲကြမ်းတမ်းလွန်းတဲ့ လောကကြီးကြောင့် သူတို့တွေ အခုလို စိတ်ကစဉ့်ကလျား ဖြစ်သွားကြတာပဲ...'
ကျုဝူချွဲ ခြေလှမ်းရွှေ့လိုက်တိုင်း သူ၏ ကိုယ်တွင်းမှ စက်သွားများ လည်ပတ်သံက ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့၏။
ချီလင်ဘုရင် အန်းထိုယွမ်က ရှေ့သို့ တစ်လှမ်း တိုးထွက်လိုက်သည်။
"ဝုန်း..."
သူ၏ ကျောဘက်မှ ဧရာမ ရေခဲတောင်ကြီးများ ရုတ်ချည်း ထိုးထွက်လာပြီး လင်းရှောင် ဓားဂိုဏ်းဆီသို့ သွားရာ လမ်းကြောင်းကို တင်းကျပ်စွာ ပိတ်ဆို့လိုက်တော့သည်။
"ငါလည်း စမ်းကြည့်ချင်သေးတယ်... ဒီနေ့ ငါ ..လူ ဘယ်လောက်အထိ အသက်ရှင်အောင် ကယ်တင်နိုင်မလဲ ဆိုတာ သိချင်တယ်"
အန်းထိုယွမ်၏ ခြေဖဝါးအောက်မှစ၍ ရေခဲမြစ်ကြီးက အဆုံးအစမဲ့ ပျံ့နှံ့စီးဆင်းသွား၏။ လေထု အပူချိန်မှာ ကပ်ဘေးတစ်ခုအလား ထိုးကျသွားရာ ကျုဝူချွဲ၏ ခန္ဓာကိုယ်အတွင်းမှ စက်သွားများပင် အေးခဲကာ အနည်းငယ် ချို့ယွင်းတန့်ရပ်တန့်သွားရတော့သည်။
"အင်း..."
ခေတ္တမျှ ချိန်ဆပြီးနောက် တစ္ဆေဘုရင် ကူချန်ချန်လည်း ပါဝင် လှုပ်ရှားလာတော့၏။
သူ ကိုင်ဆောင်ထားသော ကပ်ဘေးမီးခွက်ကြီး ငြိမ်းသတ်သွားသည်။
အနက်ရောင် မြူခိုးလုံးကြီးများ ထွက်ပေါ်လာကာ အန်းထိုယွမ် ရှိရာနေရာကို ဝိုင်းပတ်ပိတ်လှောင်လိုက်၏။ သို့သော် ကြောက်မက်ဖွယ် ရေခဲပြင်ကြီးက လှိုင်းလုံးများအလား ဆက်တိုက် ရိုက်ခတ်လာပြီး ထိုအနက်ရောင် မြူခိုးများကို အနားမကပ်နိုင်အောင် တွန်းလှန် တားဆီးပစ်လိုက်သည်။
"မင်းတို့ တကယ်ပဲ အသေအလဲ တိုက်ခိုက်ကြတော့မှာလား"
ချီလင်ဘုရင်၏ အလျှော့မပေးသော သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ချိန်တွင် ကူချန်ချန် တစ်ယောက် ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားရတော့၏။
"မင်းတို့ကို လာနောက်နေတယ် ထင်နေလား..."
အန်းထိုယွမ်က ခနဲ့တဲ့တဲ့ တုံ့ပြန်လိုက်ချိန်တွင် သူ၏ ကျောဘက်၌ ရေခဲရောင်များ တောက်ပဖြာထွက်နေသော ဧရာမ ချီလင် ပုံရိပ်ကြီး ရုတ်ချည်း ထွက်ပေါ်လာသည်။
"နေဦး..."
ထိုစဉ် ရေခဲမြစ်၏ နောက်ကွယ်ဆီမှ အေးအေးဆေးဆေး အသံတစ်သံ ထွက်ပေါ်လာ၏။
"စီနီယာ... အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်... ကျန်တာကိုတော့ ကျွန်တော်တို့ တာဝန်ယူပါ့မယ်"
ထိုအသံကို ကြားလိုက်သည်နှင့် အန်းထိုယွမ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ၏ အေးစက်စက် အငွေ့အသက်များလည်း ချက်ချင်း ရုပ်သိမ်းသွားတော့သည်။ တစ္ဆေဘုရင် ကူချန်ချန်ကလည်း သူ၏ ကပ်ဘေးမီးခွက်ကို ပြန်လည် ထွန်းညှိလိုက်၏။
လီယွမ်သည် လင်းရှောင် ဓားဂိုဏ်းအတွင်းမှ ဖြည်းညင်းစွာ လျှောက်လှမ်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ မျက်လုံးအစုံတိုင်းက ဤ ကူသခင် လူငယ်လေးထံသို့ စူးစူးရဲရဲ အာရုံရောက်ရှိသွားကြ၏။
ကျန်းနန်ဒေသတွင် စုဝေးနေကြသော အင်အားကြီး ပုဂ္ဂိုလ်များမှာ သိုင်းလောက၏ ထိပ်သီးများ ဖြစ်ကြသည်။ ဝါရင့်ပညာရှင်များ၊ အင်အားစု အသီးသီးမှ ခေါင်းဆောင်ကြီးများ၊ သိုင်းသူတော်စင်များနှင့် နဝမအဆင့် မိစ္ဆာအိုကြီးများအထိ ပါဝင်နေ၏။
သို့သော်လည်း ဤအခိုက်အတန့်တွင်မူ ကူသခင် လူငယ်လေး၏ တည်ရှိမှုထက် ပို၍ တောက်ပနေသူ မည်သူမျှ မရှိချေ။
"သူက ခုနက... ‘ကျွန်တော်တို့’ လို့ ပြောလိုက်တာလား..."
စစ်မြေပြင်မှ ဆုတ်ခွာသွားခဲ့ပြီးဖြစ်သော သိုင်းသူတော်စင် တစ်ပါးက အဝေးမှ အကဲခတ်နေရင်း ထိုအရေးအကြီးဆုံး စကားလုံးကို သတိထားမိသွားသည်။
လီယွမ် တစ်ယောက်တည်းသာ ဓားဂိုဏ်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် ဤနေရာတွင် ‘ကျွန်တော်တို့’ ဟူသော အသုံးအနှုန်းက အလွန်အမင်း စိတ်ဝင်စားဖွယ် ကောင်းနေတော့၏။
'ဓားနတ်သမီးက တကယ်ပဲ ပုန်းအောင်းရာကနေ ထွက်လာတော့မှာလား...'
'နှစ်ပေါင်း သုံးထောင်တိုင်တိုင် အိပ်စက်ခဲ့ပြီးမှ နိုးထလာသော ပြိုင်ဘက်ကင်း ပါရမီရှင်.. ကူအင်မော်တယ်၏ သမီးတော်.. သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ဓားသူရဲကောင်းမလေး.. သူမ ဘယ်လောက်အထိ အစွမ်းထက်နေပြီလဲ..'
လူတိုင်းက သိချင်ဇောဖြင့် ရင်ခုန်နေကြ၏။
အတူတကွ ရောက်ရှိလာကြသော မိစ္ဆာအိုကြီးများဖြစ်စေ ဓားဂိုဏ်း၏ အကြီးအကဲများဖြစ်စေ၊ မိတ်ဆွေနှင့် ရန်သူကြား ဝေဝါးနေသော လျှို့ဝှက်ချက် အားလုံးကို နောက်ဆုံးတွင် ထုတ်ဖော်ပြသရတော့မည်။
လီယွမ်သည် အညစ်အကြေး ကင်းစင်သော ဓားကြီးကို ဆုပ်ကိုင်လျက် ကျုဝူချွဲ၏ ရှေ့မှောက်သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
"ဓားနတ်သမီး ဘယ်မှာလဲ..."
ကျုဝူချွဲက ဟိန်းဟောက် မေးမြန်းလိုက်၏။ သူ၏ အသံများ တုန်ယင်နေပြီး လွန်ကဲသော စိတ်လှုပ်ရှားမှုများ အပြည့်အဝ ရောယှက်နေသည်။
"ဒီမှာလေ..."
လီယွမ်က သူ၏ ရင်ဘတ် နှလုံးသားရှိရာသို့ လက်ညှိုးထိုးပြလိုက်၏။
"မင်းက ငါ့ကို နောက်နေတာလား..."
ကျုဝူချွဲ၏ မျက်နှာကြီးမှာ အလွန်တရာ ခြောက်သွေ့နေပြီး ခန္ဓာကိုယ် တစ်ဝက်မှာ စက်ယန္တရားများဖြင့် ဖွဲ့စည်းထား၏။ သူ၏ မျက်လုံးအိမ်များ အတွင်း၌ပင် စက်သွားများ ပြည့်နှက်နေသဖြင့် သူ၏ အမူအရာ ပြောင်းလဲမှုများကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
"မနောက်ပါဘူး..."
လီယွမ်က အေးစက်စက် ပြုံးလိုက်သည်။
"ကျွန်တော့်ကို သတ်ကြည့်လိုက်လေ... အဲဒီအခါကျရင် သူ ထွက်လာလိမ့်မယ်"
"ဝှစ်..."
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဧရာမ စက်ယန္တရား လက်သီးကြီး ရုတ်တရက် ဆန့်တန်းထွက်လာ၏။ လေထုကို ခွင်းကာ လီယွမ်ထံ တည့်တည့် ထိုးဆင်းလာသည်။
လီယွမ် လုံးဝ မတုန်လှုပ်ချေ။ အညစ်အကြေး ကင်းစင်သော ဓားကြီးကို ပင့်မြှောက်လိုက်ကာ ကာကွယ်လိုက်သည်။ လက်သီးနှင့် ဓား အကြမ်းပတမ်း ရိုက်ခတ်သွား၏။
ထိုအခိုက်အတန့်၌ ကောင်းကင်ယံမှ နှင်းပွင့်များ ဝေဝဲ ကျဆင်းလာတော့သည်။
ဖြူလွှလွှ နှင်းကန့်လန့်ကာ နောက်ကွယ်မှ ကျောက်စိမ်းကဲ့သို့ နုနယ်ဖြူဝင်းသော လက်တစ်ဖက် ထွက်ပေါ်လာ၏။ လီယွမ်၏ လက်ဖဝါးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ဓားသန္ဓေသားကို အတူတကွ ပူးတွဲ ကိုင်ဆောင်လိုက်၏။
"ချွင်..."
ဓားကြီး လီယွမ်၏ လက်ထဲမှ လွတ်ထွက်သွားသည်။ ပြိုင်ဘက်ကင်း ဓားစိတ်ဆန္ဒများ ပေါက်ကွဲထွက်လာ၏။ ကျုဝူချွဲကို အဝေးဆီသို့ ပြင်းထန်စွာ ရိုက်လွှင့်ပစ်လိုက်တော့သည်။
လေထဲတွင် လွင့်ဝဲနေသော အဖြူရောင် ဂါဝန်လေးနှင့် လွင့်စင်လာသော ရေခဲမြူမှုန်များ ဤမြင်ကွင်းက သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က မှင်တက်သွားခဲ့ရသော ပုံရိပ်နှင့် ကွက်တိ ထပ်တူကျနေသည်။
ဓားနတ်သမီး..
သူမ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
သူမသည် ဒေါသတကြီး ဟိန်းဟောက်သောင်းကျန်းနေသော ကျုဝူချွဲကို တစ်ချက်မျှ လှည့်မကြည့်ချေ။ လီယွမ်၏ မျက်လုံးများကိုသာ နူးညံ့စွာ စိုက်ကြည့်နေတော့သည်။
နက်ရှိုင်းသော စကားလုံးများ မရှိ.. သူ၏ နာမည်ကို ညင်သာစွာ ခေါ်လိုက်ရုံသာပင်။
"လီယွမ်..."
"ဟုတ်တယ်... နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ"
လီယွမ်က ပြုံးလျက် ကြိုဆိုလိုက်၏။
ဓားနတ်သမီးကလည်း အပြုံးလေးဖြင့် ဖွင့်ဟလိုက်သည်။
"ငါတို့က ကံကြမ္မာနဲ့ ချည်နှောင်ထားကြတာပါ... ငါက နင့်ရဲ့ ဘေးနားမှာ အမြဲ ရှိနေခဲ့တာလေ... ခုနကမှ မေမေနဲ့ ဖေဖေက ငါ့ကို ပြောပြတယ်... ကံကြမ္မာက ငါ့ကို အနှစ် သုံးထောင် စောပြီး မွေးဖွားပေးလိုက်တာတဲ့... အဲဒါကြောင့် ငါ နင့်ကို ဒီအချိန်အထိ စောင့်နေခဲ့ရတာ..."
"မင်း ဘယ်တုန်းက ဒီလို စကားမျိုးတွေ ပြောတတ်သွားတာလဲ..."
လီယွမ်က သဘောကျစွာ ရယ်မောလိုက်သည်။
"တကယ်ပြောတာပါ..."
ဓားနတ်သမီး၏ မျက်လုံးများမှာ ယခင်ကဲ့သို့ပင် အညစ်အကြေးကင်းစင်ကာ ကြည်လင်နေဆဲ ဖြစ်၏။
"နင်နဲ့ ငါဟာ အတူတူပါပဲ..."
လီယွမ်၏ နှလုံးသား လှိုင်းထသွားတော့သည်။ ကူ ထိန်းချုပ်ခြင်း နှလုံးသား ကျမ်းတွင် မှတ်တမ်းတင်ထားသော အမြင့်ဆုံးအဆင့်.. ‘အတ္တကင်းမဲ့ကူ’ ကို သူ ရုတ်တရက် ပြန်လည် အမှတ်ရသွားမိ၏။
"အား..."
အချိန်အခါ မသင့်သော ဟိန်းဟောက်သံကြီး ပေါက်ကွဲထွက်လာ၏။ ဓားတစ်ချက်တည်းဖြင့် အဝေးသို့ လွင့်စင်သွားခဲ့ရသော ကျုဝူချွဲက နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာသည်။
ဓားနတ်သမီးက ပြုံးလိုက်သည်။
"နင် ငါ့ကို သင်ပေးထားတာ ရှိတယ်လေ... တိုက်ပွဲဝင်တဲ့အခါ သတိထားရမယ်... ရန်သူရဲ့ ဝိညာဉ်ကိုပါ ချေမှုန်းရမယ်... အလောင်းဖျောက်ရင် သဲလွန်စ မကျန်စေရဘူး... ပြီးတော့ လူဆိုးတွေ အားလုံးကို ရေခဲတုံးတွေအဖြစ် အေးခဲပစ်ပြီး သူတို့ကို ကယ်တင်ပေးရမယ်တဲ့..."
"နယ်မြေ... လူ့လောကမှ နှင်းများ..."
ကောင်းကင်ယံမှ နတ်ဘုရား နန်းတော်တစ်ခု ပြုတ်ကျလာ၏။ ရွှေအုတ်ချပ်များနှင့် ငွေမှုန်ငွေမွှားများ ဝဲပျံဆင်းသက်လာသည်။ ဧရာမ နှင်းမုန်တိုင်းကြီး ကျဆင်းလာပြီး လောကလူ့ရွာ တစ်ခုလုံးကို နတ်ဘုံနတ်နန်း တစ်ခုအဖြစ် ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။
"မင်းက ဘယ်လို နယ်ပယ်မျိုးကို ရောက်နေတာလဲ..."
ကျုဝူချွဲမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားသွား၏။ လွန်ကဲလွန်းသော စိတ်ခံစားမှုလှိုင်းများကြောင့် သူ၏ ခေါင်းတစ်ခြမ်းရှိ စက်သွားများမှာ တစ်ကျွီကျွီ မြည်ကာ မီးခိုးများပင် ထွက်လာတော့သည်။
"သေမယ့်သူက သိခွင့် မရှိဘူး..."
ဓားနတ်သမီး ပြန်လည် တုံ့ပြန်လိုက်ချိန်တွင် လီယွမ်နှင့် စကားပြောစဉ်က ရှိနေခဲ့သော နူးညံ့သိမ်မွေ့မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ အခြားသူများရှေ့တွင်မူ အေးစက်စက် အလှဘုရင်မပင်။
"ဝှစ်..."
ဓားနတ်သမီးက ညာလက်ဖြင့် နှင်းပွင့်ကြွေဓားကို ကိုင်ဆောင်ထားပြီး ဘယ်လက်ဖြင့် လက်ဟန်များ ဖန်တီးလိုက်၏။ တစ်ချိန်တည်းမှာပင် ‘ဓားပျံ ပညာရပ်’ ကို ထုတ်ဖော်လိုက်သည်။
တိမ်တိုက်... ပင်လယ်ပြာ... နဂါးပြာ... ကပ်ဘေး။
ဓားကြီး လေးလက်က ကောင်းကင်နှင့် မြေကြီးကြားတွင် သက်တန့်ကြီး လေးသွယ်အလား ဆက်တိုက် စီးဆင်းသွား၏။ နှင်းပွင့်ကြွေဓား၏ ဦးဆောင်မှုအောက်တွင် ဓားစိတ်ဆန္ဒများအားလုံး တစ်သားတည်း ပေါင်းစပ်သွားကာ ကျုဝူချွဲထံ တစ်ပြိုင်နက်တည်း အဆက်မပြတ် ဝင်ရောက် ခုတ်ထစ်လိုက်တော့သည်။
"နတ်ဘုရား ဓားပေါင်းစပ်မှု..."
ယွင်မိုဝမ်၊ ကျိုးပုပင်းနှင့် ပန်းဓားသူတော်စင် ဖူချူတို့အားလုံး အလွန်အမင်း မှင်တက်သွားကြရသည်။ လူတစ်ယောက်တည်းက... နတ်ဘုရား ဓားပေါင်းစပ်မှု ပညာရပ်ကို ထုတ်သုံးနိုင်တယ်ပေါ့လေ..။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီက ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးများကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
ကောင်းကင်အစွန်းတွင် ရပ်တန့်နေကြသော တစ္ဆေဘုရင် ကူချန်ချန်နှင့် ထျန်းဝေ့ထျန်း၏ မဟာသခင်ကြီး အပါအဝင် ကျန်ရှိနေသည့် မိစ္ဆာအိုကြီးများ အားလုံးမှာလည်း မည်သည့် လှုပ်ရှားမှုကိုမျှ မလုပ်ရဲကြတော့ချေ။ ဤအခိုက်အတန့်တွင် ဓားနတ်သမီး၏ နယ်ပယ်ကို မည်သူမျှ ထိုးထွင်း မမြင်နိုင်ကြတော့ပေ။
နဝမအဆင့်သို့ ရောက်ရှိသွားသည့် အရိပ်အယောင်လည်း မရှိပါဘဲလျက်... ပိုင်လျန်ဂိုဏ်းမှ ကျုဝူချွဲကို အပြတ်အသတ် ဖိနှိပ်ထားနိုင်စွမ်း ရှိနေသည်။
လူ့လောကတစ်ခုလုံး နှင်းပွင့်များ ဝေဝဲ ကျဆင်းနေ၏။ သက်တံ့ရောင် ဓားချက်များက ဧရာမ ကိုယ်ထည်ကြီးကို အရှေ့အနောက် ဖောက်ထွင်းသွားသည်။ သူ၏ စက်ယန္တရား ကိုယ်ထည် တစ်ဝက်မှာ ရေခဲအမှတ်အသားများ ဖုံးလွှမ်းသွားပြီး ဓားစိတ်ဆန္ဒများ၏ ပြတ်သားသော ခုတ်ထစ်မှုကို ခံလိုက်ရတော့သည်။
လီယွမ်၏ မျက်လုံးများက စူးရှတောက်ပနေသည်။ ကံကြမ္မာ ချိတ်ဆက်မှုမှတစ်ဆင့် သူတစ်ယောက်တည်းကသာ အခြေအနေအချို့ကို ရိပ်မိနေခဲ့၏။
သူ၏ ကန့်သတ်ချက်များကြောင့် ဓားနတ်သမီးသည် နဝမအဆင့်သို့ မရောက်ရှိသေးသော်လည်း ‘လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်’ က ချိတ်ဆက်ခဲ့မှုကြောင့် သူမသည် အထူး သဘောတရား တစ်ခုကို နားလည် သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။ ထို ပြိုင်ဘက်ကင်း သဘောတရားကပင် ဓားနတ်သမီးအား နဝမအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားများကို ခေတ္တမျှ ရရှိစေခဲ့ခြင်းပင်။
"လူကြီးမင်းတို့... မလှုပ်ရှားကြတော့ဘူးလား..."
ကျုဝူချွဲက အရှုံးမပေးဘဲ အကျယ်ကြီး ဟိန်းဟောက်လိုက်၏။
"ကျစ်... မင်းတို့တွေ မမြင်ကြသေးဘူးလား... လမ်းကြောင်းသစ်ကြီး တစ်ခု ပေါ်လာပြီလေ... အဲဒါက အင်မော်တယ် ဖြစ်ခြင်းဆီကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းပဲ..."