နဝမအဆင့် မိစ္ဆာအိုကြီးကို သတ်ဖြတ်ခြင်း
Vol. 28 Ch. 297
ကျုဝူချွဲ၏ ဟိန်းဟောက်သံကြီးက မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။
လူအများစု မြင်တွေ့နေရသည်က အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက် မဟုတ်ဘဲ မျက်မှောက်မှ သေမင်းတမန်သာ ဖြစ်နေတော့၏။
ဓားနတ်သမီး ဘယ်လောက်အထိ အစွမ်းထက်နေပြီလဲ ဆိုတာကို သူတို့ လုံးဝ ထိုးထွင်း မမြင်နိုင်ကြချေ။
အကယ်၍ ဓားနတ်သမီး တစ်ယောက်တည်းသာ ရှိနေမည်ဆိုလျှင် ‘အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက်’ ကို အတင်းအဓမ္မ လုယူရန် အခွင့်အရေး ရှိနေသေး၏။ သို့သော် ဆက်တိုက် ရှုံးနိမ့်သွားမှုများနှင့်အတူ ချီလင်ဘုရင်ကပါ လမ်းကြောင်းကို ပိတ်ဆို့ထားရာ ‘တော်ဝင် ဆွေမျိုးများ’ ၏ ဩဇာအာဏာက ဂဏာမငြိမ်ဖြစ်နေသော နှလုံးသားများကို ဖိနှိပ် ချုပ်ချယ်ထားလိုက်ပြီ ဖြစ်သည်။
ကျုဝူချွဲ လုံးဝ လက်မခံနိုင်ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
သူ၌ ရွေးချယ်စရာ မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ် တစ်ဝက်ကို စက်ယန္တရားများဖြင့် အစားထိုးထားပြီး ဖြစ်၏။ ‘ကိုယ်တိုင် ချိတ်ပိတ်ထားခြင်း’ အခြေအနေမှ ရုန်းထွက်လာပြီးနောက် သူ့အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။
"ဓားနတ်သမီး... မင်းရဲ့ သွေးကို ငါ သောက်မယ်... မင်းရဲ့ နှလုံးသားကို ငါ ဝါးမျိုပစ်မယ်..."
သူ၏ ကျောပြင်ထက်ရှိ လက်နက်တိုက်ကြီးက ဝုန်းခနဲ ပေါက်ကွဲထွက်လာ၏။
မတူညီသော လက်နက်ပေါင်း ရာချီ၍ လွင့်စင်ထွက်လာသည်။
"သွားစမ်း..."
လက်နက်များစွာထဲတွင် ဧရာမ နတ်ဘုရား ဝိညာဉ်၏ စွမ်းအားများ ပြည့်နှက်နေသည်။
'အကုန်လုံးကို တတ်ပေမယ့်... တကယ် ကျွမ်းကျင်တာ တစ်ခုမှ မရှိပါလား...'
ဓားနတ်သမီး ခပ်တိုးတိုး ညည်းတွားလိုက်၏။ ဘယ်ဘက်လက်ဖြင့် ဓားသင်္ကေတ ဖန်တီးလိုက်ပြီး ‘နတ်ဘုရား ဓားပေါင်းစပ်မှု’ ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်လိုက်သည်။ ဓားလေးလက်ကို အသုံးပြုကာ လက်နက် တစ်ရာကို ချေမှုန်းပစ်လိုက်၏။
နှင်းပွင့်လေး တစ်ပွင့်က ကျုဝူချွဲ၏ မျက်ခုံးကြားသို့ ကျဆင်းလာချိန်တွင်..
"ချွင်..."
နှင်းပွင့်ကြွေ နတ်ဘုရားဓား ကလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ထက်မြက်လှသော ဓားသွားက စက်ယန္တရား၏ မျက်ခုံးကြားကို ဖြည်းညင်းစွာ ထိုးဖောက် ဝင်ရောက်သွားတော့သည်။
ကျုဝူချွဲ မကောင်းဆိုးဝါး တစ်ကောင်လို ပြုံးလိုက်၏။ သူ၏ ရင်ဘတ်ကြီး ရုတ်တရက် ပေါက်ကွဲပွင့်ဟသွားပြီး စက်ယန္တရား လက်တံနှစ်ခု ထွက်ပေါ်လာကာ ဓားနတ်သမီးထံ လှမ်းဆွဲလိုက်သည်။
ဓားနတ်သမီး ဓားကို ပြန်လည် ဆွဲနှုတ်ရန် ကြိုးစားလိုက်သော်လည်း ပြိုင်ဘက်၏ မျက်ခုံးကြားရှိ စက်ယန္တရားတစ်ခုကြောင့် ဓားက ညပ်နေတော့၏။
"မင်းက အစစ်အမှန် နဝမအဆင့်မှ မဟုတ်တာ... အဆုံးမှာတော့ ငါ့ထက် နိမ့်ကျနေတုန်းပဲ..."
သူ အောင်မြင်သွားပြီဟု ကျုဝူချွဲ တွေးလိုက်မိချိန်မှာပင် တုံးတိတိ ဓားကြီးတစ်လက် လွင့်ပျံလာပြီး သူ၏ စက်ယန္တရား လက်တံနှစ်ခုကို ဝင်တိုက်လိုက်သည်။
စက်ယန္တရား လက်တံနှစ်ခု ပြတ်တောက်သွား၏။
ကျုဝူချွဲ တုန်လှုပ်သွားတော့သည်။
"မဖြစ်နိုင်ဘူး... မင်းက စစ်မှန်တဲ့ နဝမအဆင့်မှာ ရှိနေတာ မဟုတ်ဘူး... ပြီးတော့ ဒါက မင်းရဲ့ ဘဝဆက်နွယ်ဓားလည်း မဟုတ်ဘဲနဲ့... နတ်ဘုရား အဆီအနှစ်တွေ ထည့်သွင်းထားတဲ့ ငါ့ရဲ့ စက်ယန္တရား လက်တံကို ဘယ်လိုလုပ် ဖြတ်တောက်ပစ်နိုင်ရတာလဲ..."
ဓားနတ်သမီးက ဂရုမစိုက်ဘဲ တိတ်ဆိတ်နေ၏။
တိတိကျကျ ပြောရမည်ဆိုလျှင် သူမ၌ ဘဝဆက်နွယ်ဓား နှစ်လက် ရှိသည်။ အညစ်အကြေး ကင်းစင်သော ဓားကြီးက လီယွမ်နှင့် သက်ဆိုင်သလို သူမနှင့်လည်း သက်ဆိုင်နေပေ၏။
စက်ယန္တရား လက်တံနှစ်ခုကို ဖြတ်တောက်ပြီးနောက် ဓားနတ်သမီးသည် အညစ်အကြေး ကင်းစင်သော ဓားကြီး၏ လက်ကိုင်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဒုတိယ ဓားချက်ကို ထုတ်ဖော်လိုက်တော့သည်။
ဓားချက်က ကျုဝူချွဲ၏ လည်ပင်းကို ထိမှန်သွား၏။ ခြောက်သွေ့နေသော ခေါင်းကြီး ကောင်းကင်သို့ လွင့်စင်တက်သွားသည်။
ဓားနတ်သမီးက သူ၏ မျက်ခုံးကြားမှ နှင်းပွင့်ကြွေဓားကို ကျွမ်းကျင်စွာ ဆွဲနှုတ်လိုက်သည်။ ထို့နောက် ကျုဝူချွဲ၏ ရင်ဘတ်ကို နင်းကာ လေထဲတွင် ကျွမ်းပစ်လိုက်ပြီး ဓားနှစ်လက်ကို ထပ်မံ ခုတ်ချလိုက်ပြန်၏။
ဓားနှစ်လက်က ကျုဝူချွဲ၏ ပခုံးနှစ်ဖက်ကို ဖောက်ထွင်းသွားပြီး သူ့ကို မြေပြင်ပေါ်သို့ ဆွဲချလိုက်သည်။
"ဘုန်း..."
တောင်ကုန်းငယ်လေးမျှ ကြီးမားသော သူ၏ ခန္ဓာကိုယ်ကြီးက ဒူးထောက်ကျသွားတော့၏။
ကျုဝူချွဲ၏ ခန္ဓာကိုယ် တစ်ခုလုံး အားပျော့ကာ ပြိုလဲကျသွားပြီး လက်နက် အပိုင်းအစများက ကောင်းကင်ယံမှ မိုးရွာချသကဲ့သို့ ကျဆင်းလာသည်။
"ထာဝရ အသက်ရှင်ခြင်း... သိုင်းနတ်ဘုရား..."
သူက ညည်းတွားလိုက်၏။
"ငါ... ငါ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာ... ငါ... ဒီနေရာမှာ ကျဆုံးသွားလို့ မဖြစ်ဘူး..."
"ငါ ကျေနပ်နိုင်ဘူး... အား..."
များပြားလှသော စက်ယန္တရား ပစ္စည်းများက ရူးသွပ်စွာ စုစည်းလာကြ၏။
ကျိုးပဲ့နေသော စက်ယန္တရား ပစ္စည်းများ၏ မုန်တိုင်းကြားတွင် သံမဏိထုတူ တစ်စုံကို ကိုင်ဆောင်ထားသည့် ပုပုကွကွ သက်ကြီးရွယ်အို တစ်ဦးကို လီယွမ် မြင်တွေ့လိုက်ရသည်။
'ငါ့စိတ်တွေက ကောင်းကင်အပြင်ဘက်ကို လွင့်မျောနေတယ်... ငါ့အတွေးတွေက ဝင်စားခြင်းပဲ...'
ပြီးခဲ့သည့် အကြိမ်က တွေ့ခဲ့ရသော မုရုံ ခွေးအိုကြီး၏ ဝင်စားခြင်းနှင့် နှိုင်းယှဉ်လျှင် ကျုဝူချွဲက သေချာပေါက် ပိုမို အစွမ်းထက်နေသည်။
ကျုဝူချွဲ၏ သွေးချီ စွမ်းအင်များက အပြည့်အဝ မကုန်ခမ်းသေးချေ။ သူ၏ ခွန်အား ကုန်ခမ်းနေသည့် အခြေအနေတွင်ပင် ‘နတ်ဘုရား အဆီအနှစ် အတု’ ကို စုစည်းနိုင်သေးပြီး အမြင့်ဆုံး အခြေအနေသို့ မြှင့်တင်ကာ နဝမအဆင့် သိုင်းပညာရှင် တစ်ဦး၏ အပြင်းထန်ဆုံး နည်းလမ်းများကို ပြသနိုင်သေးသည်။
စက်ယန္တရားများက ဆယ်ပေခန့် ကျယ်ဝန်းသော ဧရာမ လက်ကြီးတစ်ခု အဖြစ် ပေါင်းစပ်သွား၏။
"ဒီသိုင်းကွက်က ငါ့တစ်ဘဝလုံး ရင်းပြီး ဖန်တီးထားတဲ့ ယန္တရားပညာရပ်ရဲ့ အမြင့်ဆုံး နည်းစနစ်ပဲ..."
၎င်း၏ အမည်မှာ...
"ဟင်းလင်းပြင် ပြင်ပမှ အရာဝတ္ထု..."
ထိုအခိုက်အတန့်တွင် ကျုဝူချွဲ၏ စိတ်ထဲသို့ မှတ်ဉာဏ်များစွာ စီးဝင်လာတော့သည်။
သူသည် မွေးရာပါ မသန်စွမ်းသူ တစ်ဦးဖြစ်၏။ အားနည်းကာ ဖျားနာလွယ်ပြီး သိုင်းပညာ အခြေခံ လုံးဝ မရှိခဲ့ချေ။ ပန်းပဲထုရန် တူငယ်လေး တစ်ချောင်းကိုပင် မနည်း မယူခဲ့ရသည်။
သူ၏ မိဘများက သူတို့၏ အဆက်အသွယ်များမှတစ်ဆင့် သူ၏ ဘဝကို စောစီးစွာပင် အဆုံးအဖြတ် ပေးခဲ့ကြ၏။
သူ၏ ရောဂါမှာ ရှားပါးပြီး ကုသ၍ မရနိုင်သော ရောဂါဖြစ်ကာ လောကကြီးတွင် ၎င်းကို ကုသနိုင်စွမ်းရှိသည့် အရာ မရှိဟု ဆိုခဲ့ကြသည်။
ထို့နောက်တွင် သူသည် ယန္တရားပညာရပ်သို့ နက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့ပြီး အားနည်းသော ကောင်လေးတစ်ယောက် ဘဝမှ ယန္တရား မဟာသခင်ကြီး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထိုမျှနှင့် မကျေနပ်နိုင်ဘဲ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို စက်ယန္တရားများဖြင့် အစားထိုးခဲ့သည်။
ဤအခွင့်အရေးကို အသုံးချကာ သိုင်းပညာ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့ပြီး ယန္တရားပညာရပ်နှင့် ပေါင်းစပ်ကာ ဘဝသစ်တစ်ခုကို ရရှိခဲ့သည်။ ထို့နောက် သူ၏ အမည်ကို ဝူချွဲ (အပြစ်ကင်းစင်သူ) ဟု ပြောင်းလဲခဲ့သည်။
'လောကကြီးမှာ ကုသလို့ရတဲ့ အရာ ဘာမှ မရှိမှတော့... ဟင်းလင်းပြင် ပြင်ပက အရာဝတ္ထုပဲ ဖြစ်ရမယ်...'
နတ်ဘုရား အဆီအနှစ် အတု အမြောက်အမြားကို စက်ယန္တရား လက်ကြီးထဲသို့ ထည့်သွင်းလိုက်ပြီး အပြစ်ကင်းစင်သော နတ်ဘုရား ဝိညာဉ်က ၎င်းနှင့် ပေါင်းစပ်သွား၏။ သူသည် သန့်စင်သော လူသားတစ်ဦး မဟုတ်တော့ဘဲ အမှန်တကယ်ကို အပြစ်ကင်းစင်သူ ဖြစ်သွားခဲ့ပြီပင်။
သူ၏ ဘဝ နောက်ဆုံး အချိန်လေးတွင် သူ အနှစ်သက်ဆုံး အရာအတွက် သူ့ကိုယ်သူ မြှုပ်နှံလိုက်တော့သည်။
ဓားနတ်သမီး၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွား၏။
'လေဟာနယ်ကို ဖြတ်သန်းပြီး ဝိညာဉ်ခရီးသွားခြင်းကနေ တစ်ဆင့် ကောင်းကင်နဲ့ မြေကြီး စည်းမျဉ်းတွေရဲ့ အပြင်ဘက်က နတ်ဘုရား အဆီအနှစ်ကို ငါ မရနိုင်ဘူး... အနှစ်သာရပိုင်းမှာတော့ စစ်မှန်တဲ့ နဝမအဆင့်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...'
'နဝမအဆင့်ကို ခဏတာ ယှဉ်ပြိုင်နိုင်ရတဲ့ အကြောင်းရင်းက လင်းရှောင် ဓားဂိုဏ်းမှာ နှစ်ထောင်ချီ တည်ရှိနေတဲ့ အမွေအနှစ် သဘောတရားကို ငှားရမ်းထားလို့ပဲ...'
"ချွင်... ချွင်... ချွင်..."
ဓားနတ်သမီး ထိန်းချုပ်ထားသော နတ်ဘုရားဓား ခြောက်လက်က စက်ယန္တရား လက်ကြီးနှင့် အကြိမ်ကြိမ် ရိုက်ခတ်နေ၏။
မလှမ်းမကမ်းတွင် မိစ္ဆာအိုကြီးများက ထပ်မံ၍ ဂဏာမငြိမ် ဖြစ်လာကြပြန်သည်။
သူတို့က အလောတကြီး မလှုပ်ရှားကြဘဲ ဓားနတ်သမီးကို အနှောင့်အယှက် ပေးရန်အတွက် မမြင်နိုင်သော စိတ်ဝိညာဉ် လှိုင်းများကို ထုတ်လွှတ်လိုက်ကြ၏။
"ရစ်ပတ် နတ်ဘုရားကူ..."
လီယွမ်က ကြိုတင် သတိထားနေပြီး ဖြစ်သည်။ သူက ‘သွေးနတ်ဘုရား အမြုတေ’ ကို ထုတ်ယူ၍ မျိုချလိုက်ပြီး သွေးစွန်းသော ဝတ်ရုံမှတစ်ဆင့် သူ၏ စွမ်းအားများကို ဓားနတ်သမီးထံ လွှဲပြောင်းပေးလိုက်၏။
သွေးစွန်းသော ဝတ်ရုံက စိတ်ဝိညာဉ် နှောင့်ယှက်မှု အားလုံးကို တားဆီးပေးလိုက်သည်။
သွေးစွန်းသော ဝတ်ရုံ၏ ကာကွယ်မှုကို ခံစားလိုက်ရချိန်တွင် ဓားနတ်သမီး၌ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိတော့ချေ။
"ဓားဂိုဏ်းက နင်တို့ နေရမယ့် နေရာ မဟုတ်ဘူး..."
သူမက ညင်သာစွာ ဆိုလိုက်၏။ ညာဘက် လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်လိုက်ရာ ဓားဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ဓားပျံများ မြင့်တက်လာတော့သည်။
တပည့်များ၏ ဓား... အကြီးအကဲများ၏ ဓား...
ပြီးတော့... ဓားသင်္ချိုင်းမှ သံချေးတက်နေသော ရေတွက်မရနိုင်သည့် ဓားများ... ပညာရှင်ကြီးများ၏ ဓားများပါ ပါဝင်နေသည်။
ဤသည်မှာ သမိုင်းတစ်လျှောက် မည်သည့် ဓားသူတော်စင် မဆို သိရှိထားသော သိုင်းကွက်တစ်ခု ဖြစ်၏။ 'ဓားတစ်သောင်း အပြန်လမ်း' ပင် ဖြစ်တော့သည်။
"ဓားတစ်လက်၏ အရိုးသည် ကျိုးရှောင်တောင်တန်း အောက်၌ မြှုပ်နှံထားပြီး.. မကောင်းဆိုးဝါး အပေါင်းကို နှိမ်နင်းဖို့ ဒီခန္ဓာကိုယ်ကို စတေးပါမယ်”
"ဓားနတ်သမီးရဲ့ နာမည်နဲ့... ဓားတစ်သောင်းကို ငါ အမိန့်ပေးတယ်..."
"ဓားတွေ... လာခဲ့စမ်း..."
ဓားနတ်သမီး ခပ်တိုးတိုး ရေရွတ်လိုက်၏။
ယခင်က ကျိုးပုပင်းသည် ဤဓားသိုင်းကို အသုံးပြုကာ ဂိုဏ်းစောင့် ဓားဝင်္ကပါကို အသက်သွင်းရန်အတွက် ကျိုးပဲ့နေသော ဓားငယ်လေးကို အသုံးပြုခဲ့သော်လည်း ဤအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေခဲ့သည်။
ရေတွက်မရနိုင်သော ဓားပျံများက ဓားချီ မြစ်ရှည်ကြီး တစ်စင်းအလား ဧရာမ စက်ယန္တရားကြီးကို အဆက်မပြတ် ဝင်တိုက်နေပြီး ၎င်းတို့၏ ချီစွမ်းအင်များက အဆုံးအစမဲ့ မြင့်တက်နေတော့၏။
ဓားမြစ်ကြီး ပျောက်ကွယ်သွားချိန်တွင် စက်ယန္တရား လက်ကြီးလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။
ဓားနတ်သမီးက မားမားမတ်မတ် ရပ်နေ၏။ သူမ၏ မျက်နှာချင်းဆိုင်ရှိ ဧရာမ နတ်ဘုရား ဝိညာဉ်မှာမူ ရေတွက်မရနိုင်သော ဓားအရိပ်များ၏ ဖောက်ထွင်းမှုကို ခံလိုက်ရပြီး ဝိညာဉ်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။
ဤနေ့အထိ အသက်ရှင်ကျန်ရစ်ကာ အသေအလဲ တိုက်ခိုက်ခဲ့သော သူ့ကိုယ်သူ ပိုင်လျန်ဂိုဏ်း၏ ဘိုးဘေးကြီးဟု သမုတ်ထားသူသည် နောက်ဆုံးတွင် သူ တောင့်တခဲ့သော ‘အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက်’ ကို မရရှိခဲ့ပေ။
ကျုဝူချွဲ ကျဆုံးသွားမှုနှင့်အတူ အဓိက ဂိုဏ်းကြီး ရှစ်ဂိုဏ်း၏ အစီအစဉ်များ လုံးဝ ကျရှုံးသွားခဲ့ပြီး မည်သူမျှ ရှေ့သို့ ထပ်မံ မတက်ရဲကြတော့ချေ။
ဓားနတ်သမီးက နှင်းတောထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေ၏။ သူမ၏ ဖြူဝင်းသော လည်တိုင်ကို အနည်းငယ် မော့ထားပြီး အဖြူရောင် ဂါဝန်လေးက လွင့်ဝဲနေသည်။
"လီယွမ်... ငါ မိုက်တယ်မလား..."
သူမက လျှို့ဝှက် အသံလွှင့်ကာ မေးလိုက်၏။ သူမ၏ လေသံတွင် ဝင့်ကြွားမှု အနည်းငယ် ပါဝင်နေသည်။
'ဤကဲ့သို့ စကားမျိုးကြောင့် လီယွမ် အနည်းငယ် အံ့အားသင့်သွားရသည်။ ဓားနတ်သမီး ပြန်လာပြီးနောက် သူမ၏ ‘အေးစက်ပြီး မာနကြီးတဲ့ နတ်သမီး’ ပုံစံကို အပြည့်အဝ ဖွင့်ချလိုက်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ..'
"နင် ဘာတွေ တွေးနေတာလဲ..."
ဓားနတ်သမီးက သူ၏ အတွေးများကို ကြားလိုက်ရသကဲ့သို့ မေးလိုက်သည်။
"လီယွမ်... နင်ကလည်း ငါ့ကို အသက် သုံးထောင်အရွယ် မိစ္ဆာအိုကြီးလို့ ထင်နေတာလား..."
လီယွမ် မှင်တက်သွား၏။ သူ တကယ်ပဲ မှားသွားခဲ့ပုံရသည်။
'လွန်ခဲ့တဲ့ နှစ်သုံးထောင်က အသက်ရှင်ခဲ့တဲ့ ဓားနတ်သမီး ဆိုတာ အသက် နှစ်ဆယ်ကျော် အရွယ် မိန်းမပျိုလေး တစ်ယောက်ပဲ ရှိသေးတာပဲ... လောကဓမ္မတာတွေကို အတွေ့အကြုံ မရှိသေးတဲ့ သူမအနေနဲ့ ဘယ်လောက်အထိများ အေးစက်နိုင်မှာလဲ...'
"မိုက်တယ်... အရမ်း မိုက်တယ်..."
လီယွမ်က ရင်ထဲမှ ကြိတ်၍ ပြုံးလိုက်သည်။
"ဒါပေမယ့်... မင်း ဟန်ဆောင်နေတာလေး ရပ်လို့ ရမလား... အရင်လို ပြန်နေပါဦး..."
"မလုပ်ပါဘူး..."
ဓားနတ်သမီးက ငြင်းဆန်လိုက်၏။
"အပြင်ထွက်တဲ့ အခါကျရင် ငါတို့က အေးစက်ပြီး မာနကြီးတဲ့ အသွင်အပြင်ကို ထိန်းသိမ်းထားရမယ်လေ..."
"မာနမကြီးရင် လူတွေကို ဘယ်လိုလုပ် ခြောက်လှန့်နိုင်မှာလဲ..."
"ငါသာ မာနမကြီးရင် နင့်အတွက် အကောင်းဆုံး အကျိုးအမြတ်တွေ ရအောင် ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ..."
လီယွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။
"ဒီ မိစ္ဆာအိုကြီးတွေက ရေလာမြောင်းပေး လုပ်ရမယ့်သူတွေ မဟုတ်ဘူး... လောလောဆယ် သူတို့ကို အလွတ်ပေးထားလိုက်ဦးမယ်... နောက်မှ ငါတို့ အကြွေးလာတောင်းဖို့ တစ်ယောက်ချင်းစီဆီ လိုက်သွားကြတာပေါ့..."
ဓားနတ်သမီးကမူ အေးစက်ပြီး မာနကြီးနေဆဲပင်။
"နင်က ငါ့ကို အမြဲတမ်း ‘ငတုံးမလေး’ လို့ ခေါ်ပေမယ့်... ဒီနေ့တော့ နင့်ကို ငါ အလိုလိုက်ထားတာ ဆိုတာကို ပြရမယ်... တကယ်တော့ ငါက အရမ်း ဉာဏ်ကောင်းတာ... ငါ့ရဲ့ စွမ်းဆောင်ရည်ကိုသာ စောင့်ကြည့်နေလိုက်..."