အသိဉာဏ်ပွင့်နေသော ဓားနတ်သမီး
Vol. 28 Ch. 298
ဓားနတ်သမီး တကယ်ပဲ ပြန်ရောက်လာခဲ့ပြီ ဖြစ်၏။
အသိစိတ် ဝိညာဉ် ပြန်လည်ရရှိလာရုံသာမက သူမသည် မယုံနိုင်လောက်အောင်ပင် အသိဉာဏ်ပွင့်နေခဲ့ပြီ ဖြစ်သည်။
လီယွမ် တွေးထားခဲ့သည့် ပုံစံနှင့်တော့ ကွဲလွဲနေ၏။ သူမသည် အေးစက်ပြီး မာနကြီးသော နတ်သမီးလေး တစ်ပါးမှသည် တက်ကြွရွှင်လန်းသော ကောင်မလေး တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
'အနှစ် သုံးထောင်' ဆိုသော စကားလုံးက လေးလံလွန်းလှသဖြင့် ဓားနတ်သမီးမှာ အသက် နှစ်ဆယ်အရွယ်မျှသာ ရှိသေးကြောင်းကို လူများ မေ့လျော့သွားစေခဲ့ခြင်း ဖြစ်၏။ အမှန်တကယ် အေးစက်မာကြောနေသည်မှာ လူတွေ၏ နှလုံးသားထဲမှ ကြိုတင် ကန့်သတ်ထားမှုများသာ ဖြစ်သည်။
လီယွမ်၏ ရင်ထဲရှိ စကားလုံးများအားလုံး စာကြောင်း တစ်ကြောင်းတည်း၌သာ အဆုံးသတ်သွား၏။
'မင်းတော့ လူလုံးထွက်လာပြီပဲ... နောက်ဆုံးတော့ မင်း ကြီးပြင်းလာခဲ့ပြီ...'
ဤမျှ ကြီးမားသော ‘ဘဝဆက်နွယ်ကူ’ (ပင်မကူ)ကို မွေးမြူရသည်မှာ တကယ်ကို ခက်ခဲလွန်းလှသည်။
[t.n: ဒီနေရာမှာ ပါလာတဲ့ ဘဝဆက်နွယ်ကူ ဒါမှမဟုတ် ပင်မကူဆိုတာ ဘာလဲဆိုတာကို တရုတ်ပြည်ရဲ့ ကူ သမိုင်းကြောင်းကနေ စလို့ ရှင်းပြပေးချင်ပါတယ်။
တရုတ်ပြည် ရှေးဟောင်းသမိုင်းမှာ အထူးသဖြင့် တောင်ပိုင်း ယူနန်ဒေသနဲ့ မြောင်လူမျိုးစုတွေကြားမှာ ဒီ ကူ ဆိုတဲ့ အဆိပ်ကောင်ပညာရပ်က တော်တော်လေး နာမည်ကြီးခဲ့တယ်။ မူလအစမှာ ကူ ပြုစုပျိုးထောင်တော့မယ်ဆိုရင် မြေအိုးတစ်လုံးထဲကို အဆိပ်အပြင်းဆုံး သတ္တဝါတွေဖြစ်တဲ့ မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ၊ ဖားပြုတ် စတာတွေကို ထည့်ပြီး ပိတ်လှောင်ထားလိုက်သည်။ အဲဒီနောက် အစာရေစာ လုံးဝ မပေးဘဲ အချင်းချင်း အသေသတ် စားသောက်ခိုင်းလိုက်ခြင်းပင်။ အချိန်တော်တော်ကြာသွားတဲ့အခါ နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့ အကောင်လေးက အဆိပ်အပြင်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ကူ ဖြစ်လာတော့သည်။ ဘဝဆက်နွယ်ကူ ဆိုတာက သာမန် အဆိပ်ကောင် သက်သက် မဟုတ်ပါဘူး။
ကျင့်ကြံသူက ဒီကူအကောင်လေးကို မွေးမြူတဲ့အခါ ကိုယ့်ရဲ့ နှလုံးသွေး၊ စိတ်ဝိညာဉ်နဲ့ ကျင့်စဉ်စွမ်းအားတွေ အားလုံးကို ပုံအောပြီး ကျွေးမွေး ပြုစုပျိုးထောင်ရတာမျိုးပါ။ ဆိုလိုတာက ကျင့်ကြံသူနဲ့ ကူလေးက တစ်သွေးတည်း တစ်သားတည်း အဖြစ် ပေါင်းစပ်သွားသည်။ ပင်မကူ အင်အား ကြီးမားလာတာနဲ့အမျှ ကျင့်ကြံသူရဲ့ စွမ်းအားကလည်း အဆမတန် တိုးတက်လာသလို ကူလေးကလည်း သခင်ဖြစ်သူကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်စွမ်း ရှိလာတယ်။
ဒါပေမဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ အသက် ဆက်နွယ်ထားခြင်း ပါပဲ။ တကယ်လို့ ကူလေးသာ သေသွားမယ်ဆိုရင် ကျင့်ကြံသူပါ ချက်ချင်း သေဆုံးသွားနိုင်သလို ကျင့်စဉ်အခြေခံတွေ ပြိုကွဲပျက်စီးပြီး ဒုက္ခိတဘဝကို ရောက်သွားနိုင်သည်။ ကျင့်ကြံသူ သေသွားရင်လည်း ကူလေးက အတူတူ သေရပေမည်။ အသက်တစ်ချောင်း ဝိညာဉ်တစ်ခုလို ခွဲခြားလို့ မရအောင် တည်ရှိနေတာမျိုးပင်]
ဓားဂိုဏ်းအတွင်း၌..
ကျိုးပုပင်းက နောက်ပြောင်လိုက်၏။
“ဓားငယ်လေး... ငါတို့ မင်းကို မလိုအပ်တော့ဘူး ထင်တယ်...ဘိုးဘေးကြီး ကိုယ်တိုင်က ရန်သူအားလုံးကို သုတ်သင်နိုင်စွမ်း ရှိနေပြီလေ”
ဓားငယ်လေးက အလွန်အမင်း လေးနက်စွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"သူက ဒီလောကကြီးရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ပြောင်းလဲပစ်နိုင်တယ်... ချည်နှောင်ထားတဲ့ သံကြိုးတွေကို ချိုးဖျက်ပစ်နိုင်တယ်... ခင်ဗျားက ဒီလို ပါရမီရှင်နဲ့ ခေတ်တစ်ခုတည်း အတူတူ မွေးဖွားလာရတာကိုက ကံကောင်းလွန်းလှပြီ..."
"မင်း ဆိုလိုတာက..."
ထျန်းယွမ်တိုက်ကြီးဆိုသည်မှာ ကန့်သတ်ချုပ်ချယ်ခံထားရသော ကမ္ဘာတစ်ခု ဖြစ်ကြောင်း ဓားငယ်လေးက သူ့ကို တစ်ခါက ပြောပြဖူးသည်။
တဖြည်းဖြည်း လှောင်ပိတ်ခံလာရသည့် ငှက်လှောင်အိမ်ကြီး တစ်ခုနှင့် တူနေ၏။
အစပိုင်းတွင် ငှက်လှောင်အိမ်ကြီးက ကြီးမားကျယ်ပြန့်လှပြီး သံကြိုးကွက်များကြားရှိ ကွက်လပ်များက ငှက်အချို့ကို လွတ်မြောက် ပျံသန်းခွင့် ပေးထားခဲ့သည်။
နောက်ပိုင်းတွင် ငှက်လှောင်အိမ်ကြီးက ကျုံ့ဝင်လာပြီး ကွက်လပ်များက တဖြည်းဖြည်း သေးငယ်လာတော့၏။
ငှက်အချို့က သူတို့၏ အစွမ်းကုန် ကြိုးစားအားထုတ်မှုများဖြင့် လွတ်မြောက်အောင် ရုန်းထွက်နိုင်ဆဲ ဖြစ်သည်။
သို့သော် ငှက်လှောင်အိမ်ကြီးက သတ်မှတ်ထားသော အရွယ်အစားတစ်ခုအထိ ကျုံ့ဝင်သွားသည့် အခါတွင်မူ သေလမ်းသာ ရှိတော့ပြီး မည်သူမျှ ထွက်ခွာနိုင်မည် မဟုတ်တော့ချေ။ ဆက်တိုက် ကျုံ့ဝင်နေသော လှောင်အိမ်ထဲတွင် သေဆုံးမည့်ရက်ကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
ဤသီအိုရီကို ကျိုးပုပင်း ပထမဆုံး ကြားခဲ့ရချိန်က သူ အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး ဓားငယ်လေးက သူ့ကို လှည့်စားနေသည်ဟုပင် ထင်မှတ်ခဲ့သေး၏။
ပြန်လည် တွေးတောကြည့်သည့် အခါတွင်တော့ ကြောက်စရာ ကောင်းလာတော့သည်။
ထျန်းယွမ်တိုက်ကြီး၏ နောက်ဆုံး သိုင်းနတ်ဘုရားမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က မွေးဖွားခဲ့ခြင်း ဖြစ်ပြီး သူသည် တာ့ယန် အင်ပါယာကို တည်ထောင်ခဲ့သော ဧကရာဇ်ပင် ဖြစ်သည်။
နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်လာသည့်တိုင် လောကကြီးတွင် နောက်ထပ် သိုင်းနတ်ဘုရား တစ်ပါးမျှ ထွက်ပေါ်လာခြင်း မရှိခဲ့တော့ချေ။
ဤအချိန်ကာလမှာ အမှန်တကယ်ပင် ကြာမြင့်လွန်းလှသည်။
ဤသည်က ဓားငယ်လေး ပြောခဲ့သော ‘ငှက်လှောင်အိမ် သီအိုရီ’ နှင့် ကွက်တိ ကိုက်ညီနေသဖြင့် သူ ယုံကြည်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
တောင်တန်းများ၏ အပြင်ဘက်တွင်..
ပန်းဓားသူတော်စင် ဖူချူ၊ အရိပ်ဝှက်ဓားသူတော်စင် ယွင်ရှန်းယင်း နှင့် စာအုပ်ဓားသူတော်စင် မုန့်ချင်းစီ တို့အားလုံး နှင်းတောထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ဓားနတ်သမီးထံမှ မျက်လုံးလွှဲရန် ခက်ခဲနေကြ၏။
ဓားသမားများ အနေဖြင့် သူတို့က ၎င်း၏ နောက်ကွယ်မှ စစ်မှန်သော အဓိပ္ပါယ်ကို ပိုမို နားလည်နိုင်စွမ်း ရှိကြသည်။
သူတို့အားလုံးသည် ဓားများ မူလဇစ်မြစ်သို့ ပြန်လည်ရောက်ရှိခြင်း ဟူသော တူညီသည့် လမ်းစဉ် တစ်ခုတည်းမှ ဆင်းသက်လာကြခြင်း ဖြစ်၏။
ပတ်ဝန်းကျင် အခြေအနေ၊ စိတ်နေသဘောထား နှင့် တစ်ဦးချင်းစီ၏ အရည်အသွေးများအပေါ် မူတည်၍ ကွဲပြားခြားနားသော သူများက အသုံးပြုသည့် စွမ်းအားများမှာ အပြတ်အသတ် ကွာခြားသွားသည်။
ဓားနတ်သမီး၏ ဓားစိတ်ဆန္ဒများမှာ သူတို့ မည်သည့်အခါမျှ လှမ်းမမီနိုင်သော အမြင့်ဆုံး အထွတ်အထိပ် တစ်ခုပင် ဖြစ်နေတော့၏။
'ဒါက... လုံးဝ ပြီးဆုံးသွားပြီလား...'
ချီလင်ဘုရင်က သက်ပြင်းချလိုက်သည်။
မိစ္ဆာအိုကြီးများက နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားရန် ပြင်ဆင်နေကြပြီ ဖြစ်၏။
"ချွင်..."
ထိုအခိုက်အတန့်တွင် ဓားတစ်လက်၏ အော်မြည်သံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားတော့သည်။
"လွန်ခဲ့တဲ့ နှစ်သုံးထောင်ကနေ အခုအချိန်အထိ မျိုးဆက်သစ်တွေ အားလုံးက ဒီလောက်တောင် ရိုင်းစိုင်းကြတာလား... ဒီကို ရောက်နေမှတော့ အိမ်ရှင်က ဘာမှ မပြောရသေးဘဲနဲ့ အားလုံး သေသေချာချာ ထိုင်နေသင့်တယ်လေ... ဘယ်သူက မင်းတို့ကို ထွက်သွားခွင့် ပြုလိုက်လို့လဲ..."
ဓားနတ်သမီးက အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ သူမ၏ အသံမှာ ရှေးဟောင်း ရေခဲရေစီးကြောင်းကြီး တစ်ခုအလား အေးစက်ပြီး ထက်မြက်နေသည်။
လီယွမ် ရယ်ချင်စိတ်ကို မနည်း အောင့်ထားလိုက်ရ၏။
'ဟေ့... ငတုံးမလေး... မင်း ထပ်ပြီး ပို့စ်ပေးနေပြန်ပြီလား...'
‘ဒါပေမယ့်…’
ဓားနတ်သမီး၏ ပြိုင်ဘက်ကင်းသော အလှတရား၊ သူမ၏ အေးစက်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသော အသွင်အပြင်၊ နှင်းပွင့်ကြွေဓား၏ တည်ရှိမှု၊ နှင့် ကောင်းကင်မှ နှင်းများ ကျဆင်းလာသော ကောင်းကင် ဖြစ်စဉ်များ အားလုံး ပေါင်းစပ်သွားသည့်အခါ သူမ၏ လွှမ်းမိုးနိုင်စွမ်းက အမှန်တကယ်ပင် အံ့မခန်း ဖြစ်နေတော့သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် မိစ္ဆာအိုကြီးများ အားလုံး အတင်းအဓမ္မ ရပ်တန့်လိုက်ကြရ၏။
"ဓားနတ်သမီး... ဒီကျူးလွန်မှုအတွက် ငါတို့က တန်ရာတန်ကြေး ပေးပြီးပြီပဲ... မင်း ဘာလိုချင်သေးလို့လဲ..."
တစ္ဆေဘုရင် ကူချန်ချန်က လှမ်းမေးလိုက်သည်။
"ကျုဝူချွဲက တန်ရာတန်ကြေး ပေးပြီးသွားပြီ... ဒါပေမယ့် မင်းတို့ မပေးရသေးဘူးလေ..."
ဓားနတ်သမီးက အေးတိအေးစက် တုံ့ပြန်လိုက်၏။
"ဘာလဲ... မင်းက ငါတို့ အကုန်လုံးကို သတ်ပစ်ချင်တာလား..."
အထက်စီးမှ မေးခွန်းထုတ်ခံလိုက်ရသဖြင့် နဝမအဆင့် ပညာရှင် တစ်ဦးဖြစ်သော တစ္ဆေဘုရင် ကူချန်ချန်မှာ အတော်လေး မကျေမနပ် ဖြစ်သွားတော့သည်။
"မင်းတို့ရဲ့ ဆုံးရှုံးမှုတွေက မင်းတို့ ကိုယ့်အပြစ်နဲ့ကိုယ် ခံရတာပဲ... ဒါပေမယ့် ဓားဂိုဏ်းရဲ့ ဆုံးရှုံးမှုတွေနဲ့ လီယွမ် ခံစားခဲ့ရတဲ့ နစ်နာမှုတွေ အတွက်ကတော့ မဖြစ်မနေ လျော်ကြေးပေးရမယ်..."
ဓားနတ်သမီးက ပြတ်သားစွာ ဆိုလိုက်၏။
"ငါက မပေးဘူးလို့ ပြောရင်ကော..."
ကူချန်ချန်က ပြန်လည် စိန်ခေါ်လိုက်သည်။
"ဒါဆိုရင်တော့ ရန်ငြိုးက အတည်ဖြစ်သွားပြီ... ဒီနေ့ ကိစ္စအတွက် အနာဂတ်မှာ အဆတစ်ရာ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်..."
ဓားနတ်သမီးက အေးစက်စက် လေသံဖြင့်ပင် ဆက်ပြောလိုက်၏။
အကယ်၍ အခြား သိုင်းလောကသား တစ်ဦးဦးကသာ ဤစကားမျိုး ပြောခဲ့ပါက ကူချန်ချန်က လှောင်ပြောင် ရယ်မောမိမည်သာ ဖြစ်သော်လည်း ဓားနတ်သမီးကတော့ ကွဲပြားသည်။ ဓားနတ်သမီး ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ ဘယ်လောက်အထိ အစွမ်းထက်လာမလဲ ဆိုတာကို မည်သူမျှ မသိနိုင်ချေ။
အကယ်၍ ယနေ့တွင် ဓားနတ်သမီး၏ စိတ်ကျေနပ်အောင် မလုပ်ပေးခဲ့ပါက အနာဂတ်တွင် ဘေးအန္တရာယ်ကြီး ကျရောက်လာမည်ဖြစ်ပြီး ၎င်းက လုံးဝ ဖျက်ဆီးပစ်နိုင်လောက်အောင် ပြင်းထန်လိမ့်မည်။
ဓားနတ်သမီးက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ တောင်တံခါးရှေ့တွင် ရှည်လျားသော စားပွဲတစ်လုံးနှင့် ကုလားထိုင် ဆယ့်တစ်လုံး ထွက်ပေါ်လာ၏။
"ကျေးဇူးပြုပြီး အားလုံး နေရာယူကြပါ... ဒီနေ့ကိစ္စတွေကို ငါတို့ ဖြေရှင်းကြတာပေါ့..."
"မနက်ဖြန် နေထွက်လာတဲ့အခါ ကျူးလွန်ခဲ့တဲ့ အမှားတွေ အားလုံးကို ခွင့်လွှတ်ပေးမယ်..."
ထိုသို့ပြောပြီးနောက် ရိုးရှင်းသော ဂါဝန်လေး ဝတ်ဆင်ထားပြီး အေးစက်သော အမူအရာ ရှိသည့် ဓားနတ်သမီးက သဘာပတိ နေရာတွင် ဝင်ထိုင်လိုက်၏။
"လီယွမ်... ဒီကို လာခဲ့..."
ထို့နောက် အဝေးတွင် ရပ်နေသော လီယွမ်ကို သူမ လှမ်းကြည့်လိုက်သည်။
ပြဇာတ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသော လီယွမ်က ဝမ်းသာအားရ ပျံသန်းလာပြီး ဓားနတ်သမီး၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
ဓားနတ်သမီးက ဆက်ပြောသည်။
"လီယွမ်က ငါ့အဖေရဲ့ အမွေဆက်ခံသူပဲ... ပြီးတော့ သူက ဒီလောကကြီးမှာ ငါ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးပဲ... အခု သူက ကျေနပ်နေပြီဆိုတော့ ဒီကိစ္စကို ဒီနေ့ပဲ ဖြေရှင်းလို့ ရပြီ..."
'ခြိမ်းခြောက် ငွေညှစ်တာလား...'
'ဒီကိစ္စကို ငါ တော်တော်လေး ကျွမ်းကျင်တယ်...'
ဤသည်မှာ လီယွမ် အနှစ်သက်ဆုံး အပိုင်းပင် ဖြစ်တော့သည်။
မိစ္ဆာအိုကြီးများက စားပွဲတွင် ဝင်ထိုင်ရန် သဘာဝကျကျပင် မဝံ့ရဲကြချေ။ ဓားနတ်သမီးက ရုတ်တရက် တိုက်ခိုက်ပြီး ဓားတစ်ချက်တည်းဖြင့် သူတို့ကို နှစ်ပိုင်းပိုင်းပစ်မည်ကို စိုးရိမ်နေကြ၏။ သို့သော် သူတို့က ထွက်လည်း မသွားရဲသဖြင့် ဂိုဏ်းခေါင်းဆောင်များကိုသာ ကိုယ်စားလှယ်အဖြစ် စေလွှတ်၍ နေရာယူခိုင်းလိုက်ရတော့သည်။
ပိုင်လျန်ဂိုဏ်းမှ အထွတ်အထိပ် သူတော်စင် မိုရွှမ်ကျီက သစ္စာရှိမှုကို ပြသသည့် အနေဖြင့် ပထမဆုံး ရှေ့ထွက်လာခဲ့၏။
ဘိုးဘေးကြီး ကိုယ်တိုင် အသတ်ခံလိုက်ရပြီ ဖြစ်ရာ ပိုင်လျန်ဂိုဏ်းတွင် ပြန်လည် တိုက်ခိုက်ရန် အင်အား မရှိတော့သဖြင့် လက်နက်ချ အရှုံးပေးရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
"ဟား... ဟား..."
ချီလင်ဘုရင် အန်းထိုယွမ်က အသံထွက် ရယ်မောလိုက်ပြီး သူလည်း ဝင်ထိုင်လိုက်၏။
"ဒီအဘိုးကြီးက သက်သေ လုပ်ပေးမယ်..."
မမြင်နိုင်သော ဖိအားတစ်ရပ်က ပျံ့နှံ့သွားတော့သည်။
အချိန်တွေက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွား၏။
ကြီးမားလှသော ဖိအားများအောက်တွင် အဓိက ဂိုဏ်းကြီး ရှစ်ဂိုဏ်းမှ သူတော်စင်များ အားလုံး တစ်ယောက်ပြီး တစ်ယောက် ဝင်ထိုင်လိုက်ကြရသည်။ မဏ္ဍိုင်ကြီး နှစ်ခု ဆက်တိုက် ဆုံးရှုံးသွားခဲ့ရသည့် နဂါးကျားတောင်မှပင် လူထပ်မံ စေလွှတ်ခဲ့ရ၏။
အေးစက်ပြီး မာနကြီးနေသော ဓားနတ်သမီး၏ ရှေ့မှောက်တွင် မည်သူမျှ အသက်ပြင်းပြင်း မရှူရဲကြချေ။
အလွန်အမင်း သံသယဖြစ်ဖွယ် ကောင်းလှသော အသံလေးက လီယွမ်၏ နားထဲတွင် ထပ်မံ ထွက်ပေါ်လာ၏။
"မြန်မြန်... မြန်မြန်... အဓိက အင်အားစု ရှစ်ခုဆီမှာ ဘာရတနာတွေ ရှိလဲဆိုတာ ငါတို့ အဘိုးကို သွားမေးကြည့်... နင့်အတွက် အကုန်လုံး ငါ ယူပေးမယ်..."
"ဟင်... ငါတို့ အဘိုး..."
လီယွမ် အဓိက သော့ချက်ကို ဆုပ်ကိုင်မိသွား၏။
"ဒါမှမဟုတ်ရင် ဘယ်လို ခေါ်ရမှာလဲ..."
ဓားနတ်သမီးက နောက်ပြောင်လိုက်သည်။
"အခုကျတော့ နင် ငါ့ကို ငတုံးမလေး လို့ မဆက်ဆံတော့ဘူးလား... ရစ်ပတ်... ဝင်စား... ပက်ကျိ... ရှောင်ချိုက်... ဝူမေ့... ဒါမှမဟုတ် ရွှေရောင် ရတနာလေး ဖြစ်နေရင်တောင် ပုစဉ်းရင်ကွဲက စကားပြောတတ်ရင် ဒီလိုပဲ ဖြစ်မှာပဲ..."
"ငါတို့က ချစ်ခင်ရတဲ့ မိသားစုတစ်ခုလေ... နင်ပဲ အဲဒီလို ပြောခဲ့တာ မဟုတ်ဘူးလား..."
"ငါ့လို ချွေတာပြီး အလုပ်ကြိုးစားတဲ့သူ ရှိနေတာကို နင် ကျေးဇူးတင်သင့်တယ်..."
"ထင်တဲ့အတိုင်းပဲ... ငါ နည်းနည်းလေးတောင် အသားမကျသေးဘူး..." လီယွမ်က သက်ပြင်းချလျက် ဆိုလိုက်၏။
"အိမ်ရောက်ရင်လည်း မင်းရဲ့ အေးစက်တဲ့ ပုံစံလေးကို ဆက်ထိန်းထားပါလား..."
"အရင်တုန်းက ငါ့ကို ငတုံးမလေးလို ဆက်ဆံဖို့ ဘယ်သူက ခိုင်းလို့လဲ..."
ဓားနတ်သမီးက ကောင်းကောင်းကြီး မှတ်မိနေ၏။ ထိုစဉ်က လီယွမ်သည် ဝူမေ့နှင့် ရှောင်ချိုက်တို့ကို သူမက ငတုံးမလေး ဖြစ်ကြောင်းနှင့် ငတုံးမလေးနှင့် သွားမငြင်းကြရန် နေ့တိုင်း ပြောဆိုလေ့ ရှိခဲ့သည်။
လီယွမ်က အကြောင်းအရာကို ချက်ချင်း ပြောင်းလဲပစ်လိုက်၏။
"ကောင်းပြီလေ... ငါ အဘိုးကို မေးကြည့်လိုက်မယ်..."
သူက သတိထားကာ လျှို့ဝှက် အသံလွှင့်လိုက်သည်။
"အဘိုး..."
'အဘိုး' ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် မတ်မတ် ထိုင်နေသော ချီလင်ဘုရင် အန်းထိုယွမ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဟန်ပန်ပျက်လုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး လှုပ်ရှားနေသော စိတ်ခံစားမှုများကို ဖိနှိပ်ထားလိုက်နိုင်၏။
"ရှောင်... ရှောင်လင်းအာ..."
အန်းထိုယွမ်သည် ဤ ‘အဘိုး’ ဟူသော အခေါ်အဝေါ်လေးကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
သူ မည်သည့်အခါမျှ မတောင်းဆိုဝံ့ခဲ့ချေ။
ရှောင်လင်းအာက သူ့ထံသို့ ကိုယ်တိုင် လျှို့ဝှက် အသံလွှင့်လာမှသာ အဘိုးအို တစ်ယောက် သက်ပြင်းချနိုင်တော့၏။ ဤတိုက်ပွဲကြီးက ရှောင်လင်းအာ ကြီးပြင်းလာပြီ ဖြစ်ကြောင်းကိုလည်း သူ့အား သိမြင်စေခဲ့သည်။
သူ၏ မိခင်ကဲ့သို့ပင် သူသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော အရည်အချင်းရှိသူ တစ်ဦး ဖြစ်ပေ၏။ သူက တကယ့် ယောကျ်ားကောင်း တစ်ယောက်... အားကိုးရတဲ့ မဏ္ဍိုင်ကြီး တစ်ခုပဲ..။
"အဘိုး လာမယ်ဆိုတာကို ကျွန်တော် သိနေခဲ့ပါတယ်... အဘိုးရဲ့ ကောက်ကျစ်တဲ့ ဗျူဟာတွေဆီကနေ ကျွန်တော် လေ့လာစရာတွေ အများကြီး ရှိသေးတယ်... ဟား ဟား..."
လီယွမ်က မိသားစုဝင်များ ရှေ့တွင် ‘ကျေးဇူးတင်ပါတယ်’ ဟူသော စကားကို မပြောဆိုတတ်ချေ။
"ဒီနေ့ အဘိုးက သေဖို့ ပြင်ဆင်ပြီး လာခဲ့တာ... ဒါပေမယ့် လင်းအာက ဒီလောက်အထိ ကြီးပြင်းလာလိမ့်မယ်လို့ အဘိုး လုံးဝ မထင်ထားခဲ့ဘူး... မင်းက အဘိုးကို အံ့သြစရာတွေ အများကြီး ပေးခဲ့တာပဲ..."
အန်းထိုယွမ် အလွန်အမင်း ကျေနပ်သွားတော့၏။
"အခု မင်း ကိုယ်တိုင် ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ညဇီးကွက် အစောင့်တပ်တွေရဲ့ ခြေရာခံမှုကို မကြောက်တော့ဘူး ထင်တယ်..."
"အင်း..."
လီယွမ် ပြန်ဖြေလိုက်၏။
"ကျွန်တော် လုံးဝ မကြောက်တော့ပါဘူး... ဒါပေမယ့် ကျွန်တော့်ရဲ့ စစ်မှန်တဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကတော့ အချိန် အများကြီး လိုပါသေးတယ်... ကျွန်တော်တို့ ပိုပြီး ပြင်ဆင်မှုတွေ လုပ်ဖို့ လိုသေးတယ်..."
"မင်းနဲ့ မင်းရဲ့ အမေအပေါ် အဘိုး အပြစ်ရှိသလို ခံစားရတယ်... မင်းတို့အတွက် အများကြီး ပိုလုပ်ပေးချင်ခဲ့တာ... သားလေး.. မင်း အမိန့်ပေးလိုက်တာနဲ့ အဘိုးက သံချပ်ကာဝတ်ပြီး မင်းအတွက် တိုက်ပွဲဝင်ပေးမယ်... မင်း ထီးနန်းတက်နိုင်ဖို့ အဘိုး ကူညီပေးမယ်..."
အန်းထိုယွမ် အမြဲတမ်း တောင်းပန်ချင်စိတ် ဖြစ်နေခဲ့သည်။
"အဲဒီလို လုပ်စရာ မလိုပါဘူး..."
လီယွမ်က သူ့အား နှစ်သိမ့်ပေးလိုက်၏။
"အမှန်တကယ် ဘေးအန္တရာယ်က နတ်ဆိုးတွေဆီမှာ ရှိတာ... ဘယ်သူတစ်ဦးတစ်ယောက်ဆီမှာမှ မဟုတ်ပါဘူး... ကျွန်တော် ပြန်လာတဲ့အခါကျရင် အရာအားလုံးကို ဖြေရှင်းပေးပါ့မယ်..."
"ကောင်းပြီလေ..."
အန်းထိုယွမ် တစ်ခဏမျှ ရပ်တန့်သွား၏။
"ဒါနဲ့... ဓားနတ်သမီးနဲ့ မင်းနဲ့က ဘယ်လို ပတ်သက်နေတာလဲ... သူက... ငါ့ရဲ့... မဖြစ်နိုင်ပါဘူး..."