တိုက်ပွဲအပြီး စေ့စပ်ဆွေးနွေးမှုများ
Vol. 28 Ch. 299
အန်းထိုယွမ်၏ စကားဝက် နောက်ကွယ်မှ အဓိပ္ပါယ်မှာ ပြောစရာပင် မလိုလောက်အောင် ရှင်းလင်းနေသည်။
လီယွမ် လဲကျမတတ် ဖြစ်သွား၏။ အမှန်တကယ်ပင် ရှင်းပြရ ခက်ခဲလွန်းလှသည်။ ကြမ်းတမ်းသော စိတ်ဓာတ်ရှိသည့် သူ၏ အဘိုးကသာ ဤကဲ့သို့ တွေးတောရဲခြင်း ဖြစ်ပေမည်။
အခြားသူများဆိုလျှင်မူ ဓားနတ်သမီး၏ ကျွန်တစ်ယောက်အဖြစ်သာ သူ့ကို မြင်ကြမည် ဖြစ်၏။
"အဘိုး... အဲဒီလိုမျိုးကြီး ပြောလို့ မရဘူးလေ..."
"အဘိုး နားလည်ပါတယ်... နားလည်ပါတယ်..."
အန်းထိုယွမ်က ပြုံးစစဖြင့် ဆိုလိုက်သည်။
"ကိုယ့်မြေးအကြောင်း ကိုယ်က နားမလည်ဘဲ နေပါ့မလား..."
လီယွမ် "... "
'သေခါနီးအချိန် ကုတင်ပေါ်ကနေတောင် ရုတ်တရက် လန့်နိုးလာပြီး... ငါက တကယ်ပဲ အဲဒီလောက် နှာဗူးထနေတဲ့ ကောင်လားဆိုပြီး တွေးမိလောက်တယ်...'
"ဒီအကြောင်း နောက်မှ ဆက်ပြောကြတာပေါ့..."
လီယွမ် အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲလိုက်၏။
"အဘိုး... အဘိုးက သိုင်းလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့သူဆိုတော့ အတွေ့အကြုံ အများကြီး ရှိမှာပဲ... အရင်ဆုံး ပြောပြပါဦး... အဓိက ဂိုဏ်းကြီး ရှစ်ဂိုဏ်းဆီမှာ ဘယ်လို တန်ဖိုးကြီး ပစ္စည်းတွေ ရှိလဲ ဆိုတာ..."
အန်းထိုယွမ် ချက်ချင်း သဘောပေါက်သွားသည်။
"အဘိုး စဉ်းစားကြည့်ပါရစေဦး..."
မည်သည့် သိုင်းလောက အင်အားစုကြီး မဆို ကိုယ်ပိုင် အုတ်မြစ် ခိုင်ခိုင်မာမာ ရှိကြသည်။ ဧရာမ ဂိုဏ်းကြီး တစ်ခုကို ဆက်လက် ရပ်တည်နိုင်ရန်နှင့် မျိုးဆက်တိုင်းသို့ အမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက် သူတို့၌ ပေါများလှသော အရင်းအမြစ်များ မရှိဘဲ နေမည် မဟုတ်ချေ။
သို့သော် အန်းထိုယွမ်သည် မြောက်ပိုင်းဒေသတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူ ဖြစ်ရာ အခြား မိသားစုများ၏ နောက်ခံ အပြည့်အစုံကိုမူ မသိရှိနိုင်ပေ။
သူ လုပ်နိုင်သည်မှာ သူ၏ မြေးအတွက် ဖြစ်နိုင်ခြေရှိသော ‘လျော်ကြေး’ အကြံပြုချက်များကိုသာ တင်ပြနိုင်ခြင်း ဖြစ်၏။
ဤအခိုက်အတန့်တွင် စစ်မြေပြင်တစ်ခုလုံးမှာ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။
ဓားနတ်သမီးက အေးစက်ပြီး မာနကြီးစွာ ရပ်နေ၏။ အဓိက အင်အားစုကြီး ရှစ်ခု၏ ခေါင်းဆောင်များထဲမှ မည်သူမျှ စကားမဟရဲကြချေ။
လီယွမ် အလိုချင်ဆုံး အရာမှာ အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများနှင့် သက်ဆိုင်သော ရတနာများပင် ဖြစ်သည်။
အဋ္ဌမမြောက် ဘဝဆက်နွယ်ကူ ‘လျှပ်တပြက် ပုစဉ်းရင်ကွဲ’ ၏ ဆင့်ကဲပြောင်းလဲမှု အတွက်ဖြစ်စေ၊ နဝမမြောက် ဘဝဆက်နွယ်ကူအတွက် ပြင်ဆင်ရန်ဖြစ်စေ.. သာမန် ရတနာများက သူ့အတွက် များစွာ အသုံးမဝင်တော့ပေ။
ထူးခြားကူ သို့မဟုတ် ရှားပါးကူ အသစ်စက်စက် တစ်ကောင်ကို မွေးမြူရန် အသုံးမပြုနိုင်လျှင်တော့ မသိချေ။
အချိန်အတန်ကြာ တွေးတောပြီးနောက် အန်းထိုယွမ်က လီယွမ်ကို အကြံပြုချက် အချို့ ပေးလိုက်သည်။
ထူးခြားသော ရတနာအချို့ကို သေချာ ရွေးချယ်ပြီးနောက် ကျန်ရှိနေသည့် အရာများကိုတော့ လီယွမ်က ဓားနတ်သမီးကိုသာ ဆုံးဖြတ်ခိုင်းလိုက်၏။
ဤတိုက်ပွဲအပြီးတွင် ဓားဂိုဏ်း၏ မူလချီစွမ်းအင်များ အတော်လေး ထိခိုက်ပျက်စီးသွားခဲ့သည်။ တပည့်များ၏ ထိခိုက်သေဆုံးမှုများအတွက် လျော်ကြေးပေးရန် ဖြစ်စေ၊ ဓားဂိုဏ်း၏ ကာကွယ်ရေး ဝင်္ကပါကို ပြုပြင်ရန် ဖြစ်စေ လိုအပ်သော အရင်းအမြစ်များမှာ မနည်းမနောပင် ဖြစ်၏။
ထို့အပြင် ရက်ရက်ရောရော ကူညီပေးခဲ့ကြသော ပန်းဓားသူတော်စင် ဖူချူ နှင့် စီနီယာ ဦးလေးယန်တျန် တို့ကိုလည်း သိုက်တူးရာမှ ရလာသော ပစ္စည်းများထဲမှ ဝေစုတစ်ခု ပေးသင့်သည်။
"စက္ကူနဲ့ စုတ်တံ ယူခဲ့..."
ဓားနတ်သမီးက လှမ်းခေါ်လိုက်၏။
လီယွမ် ချက်ချင်းပင် ရိုသေစွာဖြင့် စက္ကူနှင့် စုတ်တံကို ဆက်သလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားနတ်သမီးက အရင်းအမြစ်များစွာ၏ အမည်များကို စက္ကူပေါ်တွင် ရေးချလိုက်ပြီး ဂိုဏ်းရှစ်ဂိုဏ်းကို ဆန့်ကျင်မည့် ‘ရှက်ဖွယ်ကောင်းသော’ သဘောတူညီချက် တစ်ခုကိုလည်း ရေးဆွဲလိုက်၏။
ဥပမာအားဖြင့် နောင်လာမည့် နှစ်တစ်ရာအတွင်း ပိုင်လျန်ဂိုဏ်းသည် ဓားဂိုဏ်း တပည့်များ လေ့ကျင့်ရန်၊ ဖန်တီးရန်နှင့် ပြုပြင်ရန် လိုအပ်သော ဓားများကို အခမဲ့ ထောက်ပံ့ပေးရမည်။
ထျန်းဝေ့ထျန်းတွင် တည်ရှိသော ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေ အနေဖြင့် ဓားဂိုဏ်း အသုံးပြုရန်အတွက် ကျန်းနန်အနီးရှိ မြေနေရာ တစ်စိတ်တစ်ပိုင်းကို ပေးအပ်ရမည်။
ထို့အပြင် ဂိုဏ်းတစ်ခုစီ၏ သိုင်းပညာ ကျမ်းစာများ အပွား တစ်ခုစီကိုလည်း ဓားဂိုဏ်းသို့ ဆက်သရမည် ဖြစ်သည်။
ဤအခြေခံ အရင်းအမြစ်များ အားလုံးကို ဓားဂိုဏ်း ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုမည် ဖြစ်၏။
လီယွမ်က ရတနာရှစ်ခုကိုသာ တောင်းဆိုခဲ့သည်။
ရတနာများ၏ အမည်များကို မြင်လိုက်ရချိန်တွင် အဓိက အင်အားစုကြီး ရှစ်ခုမှ ခေါင်းဆောင်များ၏ မျက်နှာများ အားလုံး ပျက်ယွင်းသွားကြတော့၏။
"မဖြစ်နိုင်ဘူး..."
ထျန်းဝေ့ထျန်း၏ သခင်လေး ကျွင်မိုက စားပွဲကို လက်သီးဖြင့် ထုရန် ပြင်လိုက်စဉ်မှာပင် သူ၏ လက်က လေထဲတွင် တောင့်တင်းသွားသည်။
အန်းထိုယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဆိုလိုက်၏။
"ငါ ဒီမှာ ရှိနေတယ်လေ... စားပွဲကို လက်သီးနဲ့ ထုဖို့ မင်းမှာ အခွင့်အရေး မရှိဘူး..."
ဓားနတ်သမီးက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဓားဂိုဏ်းနဲ့ ကူလမ်းစဉ်က မင်းတို့ထက် ပိုပြီး ရက်ရောပါတယ်... အနည်းဆုံးတော့ မင်းတို့ကို မျိုးတုံး သတ်ဖြတ်တဲ့အထိ မလုပ်ခဲ့ဘူးလေ... အကယ်၍ ဒါက မင်းတို့ မျှော်လင့်နေတဲ့ ရလဒ်ဆိုရင်တော့..."
"ဝှစ်..."
နှင်းပွင့်ကြွေဓားကို မြှောက်လိုက်၏။
"မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာ ငါ့အတွက် ဝန်မလေးပါဘူး..."
ထျန်းဝေ့ထျန်းမှ သူမကို ပေးရမည့် ရတနာကို ဓားနတ်သမီးက ‘ကြေးမုံပြင်မှ သုံးဆယ့်သုံးလွှာ ကြာပန်း’ ဟု အမည်တပ်လိုက်သည်။
ဤအရာမှာ ထျန်းဝေ့ထျန်း ၌သာ ရှိသော ထူးခြားသည့် အရာဖြစ်၏။
ထျန်းဝေ့ထျန်း၏ ပတ်ဝန်းကျင်မှာ အလွန် ထူးဆန်းသည်။ ကောင်းကင်အပြင်ဘက် ဟု ခေါ်ဆိုသော်လည်း ၎င်းမှာ မြေအောက်နေရာ တစ်ခု ဖြစ်၏။ သဘာဝအလျောက် ဖြစ်တည်နေသော ရှုပ်ထွေးလှသည့် မြေအောက်ကမ္ဘာကြီး တစ်ခုဖြစ်ပြီး မည်သူမျှ ၎င်း၏ အူတိုင်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိချေ။
ထျန်းဝေ့ထျန်းကို တည်ထောင်ခဲ့သော ဘိုးဘေးကြီးမှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် မောက်မာဝင့်ကြွားသူ တစ်ဦး ဖြစ်ခဲ့သည်။ နဂါးပလ္လင်ပေါ်မှ (၉၅) နှစ်အရွယ် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးက မိမိကိုယ်မိမိ လောကကြီး၏ သခင်ဟု ကြေညာခဲ့သောကြောင့် နတ်ဘုရားပင်လျှင် မထိန်းချုပ်နိုင်သော နေရာတစ်ခုကို ဖန်တီးမည်ဟု သူက သစ္စာဆိုခဲ့၏။
ထို့ကြောင့် ‘ထျန်းဝေ့ထျန်း’ (ကောင်းကင်အပြင်ဘက်) ဟူသော အမည် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကြေးမုံပြင်မှ သုံးဆယ့်သုံးလွှာ ကြာပန်းသည် ကောင်းကင်အပြင်ဘက်တွင် ပေါက်ရောက်သော်လည်း ၎င်း၏ ပွင့်ချိန်မှာ အလွန်တိုတောင်းပြီး ကြမ်းတမ်း၍ အန္တရာယ်များသော နေရာများတွင်သာ ပွင့်လေ့ရှိသဖြင့် ခူးယူရန် အလွန် ခက်ခဲလှသည်။
ရေခဲတိုက်များ၊ မီးတောင်နံရံများ နှင့် မြေအောက်မြစ်များတွင် ၎င်းကို တွေ့ရှိနိုင်၏။
၎င်းသည် ပတ်ဝန်းကျင် အားလုံးနှင့် အံဝင်ခွင်ကျ ဖြစ်ရန် မွေးဖွားလာခြင်း ဖြစ်ပြီး မည်သည့် ဟင်းလင်းပြင်နှင့်မဆို လိုက်ဖက်ညီကာ မည်သည့်နေရာတွင်မဆို ပွင့်လန်းနိုင်သည်။ သို့သော် ၎င်းက စိတ်ကူးယဉ်ဆန်လွန်းပြီး အဝေးမှသာ ငေးကြည့်နိုင်ကာ လက်လှမ်းမမီနိုင်သဖြင့် ‘ကြေးမုံပြင်မှ သုံးဆယ့်သုံးလွှာ ကြာပန်း’ ဟု အမည်တွင်ရခြင်း ဖြစ်သည်။
လီယွမ်က ဤအရာကို အလိုရှိနေခြင်းမှာ သဘာဝကျကျပင် လျှပ်တပြက် ပုစဉ်းရင်ကွဲကို ဆင့်ကဲပြောင်းလဲရန် ကူညီချင်သောကြောင့်ပင်။
ဘဝဆက်နွယ်ကူ တစ်ကောင်အနေဖြင့် ဓားနတ်သမီးက အခြေအနေကို အပြည့်အဝ နားလည်သဘောပေါက်ပြီး ‘ချစ်ခင်ရသော မိသားစုကူများ’ အတွက် အမြင့်ဆုံး အကျိုးအမြတ်ကို ရရှိရန် သံန္နိဋ္ဌာန်ချကာ အလွန် ခိုင်မာသော စေ့စပ်ဆွေးနွေးမှု ရပ်တည်ချက်ကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ... ငါ လက်ခံတယ်..."
သူများ ခြံဝင်းထဲ ရောက်နေမှတော့ ခေါင်းငုံ့ရမှာပါပဲ။
ထျန်းဝေ့ထျန်းက ဓားနတ်သမီးကို ကြောက်ချင်မှ ကြောက်မည် ဖြစ်သော်လည်း သူ၏ အထက်လူကြီးက သည်းခံပြီး ဓားနတ်သမီးကို အရင် နှစ်သိမ့်ပေးရန် ပြောထားသဖြင့် ကျွင်မိုမှာ ရွေးချယ်စရာ မရှိတော့ပေ။
ထျန်းဝေ့ထျန်းက သဘောတူလိုက်၏။
အခြားသော လွှမ်းမိုးသူ အင်အားစုကြီး ခုနစ်ခုမှာမူ ပို၍ပင် အရှက်ရသွားကြတော့သည်။
ဆူရှင်း စံအိမ်မှ လျော်ကြေးပေးရမည့် ရတနာမှာ ‘စာပေဝိညာဉ်’ ဖြစ်ပြီး ၎င်းမှာ နဝမအဆင့် စာပေသမား သေဆုံးပြီးနောက် စုဆောင်းရရှိလာသော စာပေအမွေအနှစ် သလင်းကျောက်ပင် ဖြစ်၏။
ပိုင်လျန်ဂိုဏ်းကမူ နတ်ဆိုးတစ်ရာ မီးလျှံ ဟုခေါ်သော အလွန်အမင်း အစွမ်းထက်သည့် ထူးဆန်းသော မီးလျှံတစ်ခုဖြင့် လျော်ကြေးပေးရသည်။
နဂါးကျားတောင်၏ လျော်ကြေးမှာ ‘ကံကြမ္မာ ကျောက်စိမ်း’ ဖြစ်ပြီး ချင်းချန်တောင်၏ လျော်ကြေးမှာလည်း အလားတူပင် ဖြစ်သော ‘ကံကြမ္မာ ပုလဲ’ ဖြစ်၏။ ထိုပစ္စည်း နှစ်ခုစလုံးက ချီစွမ်းအင်များ စုစည်းလာမှု၏ ကံကြမ္မာကို ကိုယ်စားပြုသည်။
ဤအရာများကို ရွှေရောင် ရတနာလေး အတွက် လီယွမ်က အထူး ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
ကျင်းချန်ဘုရားကျောင်းမှ ပေးအပ်သော လျော်ကြေးမှာ သန့်စင်သော ဓာတ်တော် တစ်ဆူ ဖြစ်၏။
ရှူတောင်မှ လက်ဆောင်မှာ ဝိုင်တစ်အိုး ဖြစ်သည်။
အင်ပါယာ မင်းဆက်ခေတ်က ရှူတောင်ရှိ နဝမအဆင့် အထွတ်အထိပ် ဓားသူတော်စင် တစ်ပါး ကိုယ်တိုင် ချက်လုပ်ထားပြီး နှောင်းလူများအတွက် ချန်ရစ်ခဲ့သော နှစ်တစ်ထောင်ကျော် သက်တမ်းရှိ ရှားပါး ဝိုင်တစ်မျိုး ဖြစ်သည်ဟု ဆိုကြ၏။
နောက်ဆုံးအနေဖြင့် နေလဂိုဏ်း ဖြစ်သည်။
နေလဂိုဏ်းက အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အချိန်ကြာမြင့်စွာ ငုပ်လျှိုးနေခဲ့ကာ မကြာသေးမီက ဖရိုဖရဲ ခေတ်ရောက်မှသာ ပြန်လည် ထကြွလာခြင်း ဖြစ်သဖြင့် အန်းထိုယွမ်ပင် သူတို့အကြောင်း သိပ်မသိချေ။
နောက်ဆုံးတွင် သူတို့က ‘ပင်လယ်ငြိမ်သက် ပုလဲ’ ဖြင့် လျော်ကြေးပေးရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရ၏။
အခြေအနေများ၏ ဖိအားကြောင့် အဓိက အင်အားစုကြီး ရှစ်ခုစလုံး သဘောတူလိုက်ကြရသည်။
ဓားနတ်သမီးက ဆက်ပြော၏။
"ကျေးဇူးပြုပြီး ပစ္စည်းတွေ သွားယူကြပါ... ဒီကို ရောက်လာတာနဲ့ ရေးထားတဲ့ သဘောတူညီချက် အတိုင်း ဆက်လုပ်ပြီး အားလုံး အေးအေးချမ်းချမ်း နေလို့ ရပါပြီ..."
အရင်ဆုံး လျော်ကြေးပေး.. ပြီးမှ ကိစ္စကို ဆွေးနွေး။ လီယွမ်က သူတို့ကို အများကြီး သင်ပေးစရာ မလိုခဲ့ပေ ဓားနတ်သမီးက အရာအားလုံးကို ပြီးပြည့်စုံစွာ တွက်ချက်ထားပြီး ဖြစ်၏။
'ဒါက တကယ့်ကို ချွေတာပြီး အလုပ်ကြိုးစားတဲ့ အိမ်ထောင်ရှင်မပဲ...'
သူမသည် အပြင်ပန်းတွင် ပြိုင်ဘက်ကင်းပြီး အေးစက်မာနကြီးသော ဓားသူတော်စင် တစ်ပါး ဖြစ်သော်လည်း အိမ်တွင်မူ လုံ့လဝီရိယရှိပြီး ချွေတာတတ်ကာ အနည်းငယ် အတတ ဖြစ်နေသော အိမ်ထောင်ဦးစီးလေး တစ်ယောက်သာ ဖြစ်၏။ သူသည် နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေတော့သည်။
အဝေးဆီမှ ကောင်းကင်ယံတွင်..
ကိုယ်ပွား ပုံရိပ် ခုနစ်ခု ရောက်ရှိလာကြ၏။
ပိုင်လျန်ဂိုဏ်းမှလွဲ၍ ကျန်ရှိသော အဓိက အင်အားစုကြီး ခုနစ်ခုမှ မိစ္ဆာအိုကြီးများ အားလုံး သူတို့၏ နတ်ဘုရား ခရီးသွားစွမ်းရည်များကို အသုံးပြုကာ ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကြသည်။
"တစ္ဆေဘုရင်... နေလ ဂိုဏ်းချုပ်... မင်းတို့ နှစ်ယောက်က သွေးချီဆုတ်ယုတ်တဲ့ ရောဂါ ခံစားရလောက်အောင် အသက်မကြီးသေးဘဲနဲ့... ဒီကိစ္စကို တိတ်တိတ်လေး သည်းခံနေကြတော့မလို့လား..."
ကျင်းချန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးအိုက မေးလိုက်၏။
"မသတ်နိုင်ရင်လည်း မသတ်နိုင်ဘူးပေါ့..."
နေလ ဂိုဏ်းချုပ်က စိတ်ခံစားမှု အတက်အကျ သိပ်မရှိဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။
တစ္ဆေဘုရင်ကတော့ တိတ်ဆိတ်နေ၏။
"ကျုပ် ကောင်းကင် ဖြစ်စဉ်တွေကို အကြိမ်ကြိမ် လေ့လာကြည့်ပြီးပြီ... အင်မော်တယ် ဖြစ်ခြင်းဆီ သွားတဲ့ လမ်းကြောင်းက လုံးဝနီးပါး ပိတ်ဆို့နေတာ... အကယ်၍ သူက သီးသန့် ပုန်းအောင်းပြီး ဆက်လက် အသက်ရှင်နေမယ် ဆိုရင်တောင် အဆုံးသတ်မှာတော့ မြေကြီး တစ်ဆုပ် ဘဝပဲ ရောက်သွားမှာပါ..."
နဂါးကျားတောင်မှ တာအိုအဘိုးအိုက သက်ပြင်းချလိုက်သည်။
ထိုစဉ် ဆူရှင်း စံအိမ်မှ အဘိုးအိုက ပြောလိုက်၏။
"ငါ့အမြင်ကို ပြောရရင်တော့... ဘယ်သူမှ ကိုယ့်အသက်ကို ရင်းပြီး မစွန့်စားရဲကြမှတော့ အခုပဲ လက်လျှော့လိုက်တာ ပိုကောင်းမယ်... အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက်ကို မရတာကလည်း ဆိုးရွားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး..."
ကျင်းချန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးအိုက မျက်မှောင်ကြုတ်လိုက်သည်။
"ဒကာကြီးက ဘာလို့ အဲဒီလို ပြောရတာလဲ..."
"ကျုပ်တို့ လိုအပ်နေတာက လမ်းကြောင်းတစ်ခုပဲလေ... အကယ်၍ ဓားနတ်သမီးက တကယ်ပဲ လမ်းကြောင်းသစ် တစ်ခုကို ဖောက်နိုင်တယ်ဆိုရင်... အားလုံး အဲဒီလမ်းကို အသုံးပြုလို့ ရတာပေါ့..."
ဆူရှင်း စံအိမ်မှ အဘိုးအိုက ပြန်ဖြေလိုက်၏။
ဤခေတ်ကြီးတွင် နဝမအဆင့်သို့ ရောက်ရှိလာနိုင်သူများ အားလုံးမှာ တစ်ချိန်က ပါရမီရှင်များ ဖြစ်ခဲ့ကြပြီး ရည်မှန်းချက် မကြီးမားဘဲ နေမည်လား။ သူတို့က ကိုယ့်ကိုယ်ကိုယ် ချို့ယွင်းနေသည်ဟု တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဘဲ လောကကြီးကသာ မပြည့်စုံဘူးဟု ခံစားခဲ့ကြရခြင်း ဖြစ်သည်။
သူတို့၏ မပြည့်စုံမှုများက ကောင်းကင်နှင့် မြေကြီး၏ မစုံလင်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းပင်။
ကောင်းကင်ဘုံက သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် သွားစရာ လမ်းမရှိတော့ခြင်း ဖြစ်၏။
"အော်မိတော်ဖော်..."
ကျင်းချန်ဘုရားကျောင်းမှ ဘုန်းတော်ကြီးအိုက ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
"ဒကာကြီး ပြောတာ မှန်ပါတယ်... ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့... ဓားနတ်သမီးတောင် အဲဒီလမ်းကို မဖြတ်သန်းနိုင်ဘူးဆိုရင် အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက် ဆိုတာ စိတ်ကူးယဉ် သက်သက်ပဲ ဆိုတာ သက်သေပြနေတာပဲ..."