သူ ကြီးပြင်းလာခဲ့ပြီ
Vol. 28 Ch. 300
"သူက ဒီလမ်းကြောင်းကို မဖြတ်သန်းနိုင်ခင်မှာပဲ ငါတို့နဲ့ အရင် စာရင်းလာရှင်းမှာကို စိုးရိမ်ရတယ်..."
နဂါးကျားတောင်မှ တာအိုအဘိုးအိုက စိုးရိမ်တကြီး ပြောလိုက်၏။
"မလုပ်ပါဘူး..."
တစ္ဆေဘုရင် ကူချန်ချန်က ပြန်ပြောလိုက်သည်။
"သူက လုပ်ချင်တယ် ဆိုရင်တောင် ညဇီးကွက်ဘုရင်က ခွင့်ပြုမှာ မဟုတ်ဘူး... ဒီခေတ်ကြီးက အတိတ်နဲ့ မတူတော့ဘူးလေ..."
"ငါတို့တွေမှာ ကိုယ်ကျိုးရှာတဲ့ ရည်ရွယ်ချက်တွေ ရှိကြတာ မှန်ပေမယ့်... လောကကြီးက နယ်စပ်မှာ ကစဉ့်ကလျား ဖြစ်နေတာ... ငါတို့ရဲ့ မျိုးဆက်တွေက နယ်စပ်မှာ အသက်စွန့်ပြီး သွေးချွေးတွေ ရင်းနှီးနေကြတာ... လောကကြီးအတွက် တကယ်ကို အကျိုးပြုနေကြတာပဲ..."
"သူက လောကကြီးကို ဆန့်ကျင်ပြီး တစ်ယောက်တည်း ရေဆန်ကို ဆန်တက်ရဲတယ်ဆိုရင်... အဲဒါက တစ်လောကလုံးကို အံတုတာပဲ..."
"ဒီလို အချိန်အခါမျိုးမှာ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး ကိုယ်တိုင်တောင် သိုင်းလောကကို နင်းခြေပစ်ဖို့ မရဲဘူး... ဓားနတ်သမီးက ကမ္ဘာဖျက်မယ့် နတ်ဆိုးခေါင်းဆောင်ကြီးမှ မဟုတ်တာ... ငါတို့ အဲဒီလောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး..."
ဤအချက်ကပင် မိစ္ဆာအိုကြီးများ သူတို့၏ အသက်ကို ရင်းပြီး မစွန့်စားရဲကြသည့် အကြောင်းရင်း ဖြစ်သည်။
အကယ်၍ သူတို့သာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘဲ သေမယ့်လမ်းကို ရောက်နေပြီ ဆိုပါက လုံးဝ တည်ငြိမ်နေကြမည် မဟုတ်ချေ။ ညဇီးကွက်ဘုရင်၏ သုတ်သင်ရှင်းလင်းမှုကို ခံရမည့် အန္တရာယ် ရှိနေလျှင်ပင် အန်းထိုယွမ်နှင့် ဓားနတ်သမီးကို သတ်ဖြတ်ရန် အားလုံး ပူးပေါင်းကြမည် ဖြစ်ပြီး လင်းရှောင် ဓားဂိုဏ်းကိုလည်း အမြစ်ပြတ် ဖျက်ဆီးပစ်ကြမည်သာ ဖြစ်၏။
သို့သော် ယခုမူကား နောက်ဆုတ်စရာ လမ်းရှိနေသေးသည်။ သူတို့က အခြား ရလဒ်တစ်ခုကို မျှော်လင့်ချက်ထားကာ စောင့်ကြည့်ရန် လိုလားနေကြသည်။
နောက်ဆုံးတွင် ဧရာမ မိစ္ဆာကြီး ခုနစ်ကောင်မှာ သူတို့၏ ‘ရှုံးနိမ့်မှု’ ကို လက်ခံလိုက်ကြသော်လည်း ပြင်ပလူများ ထင်မှတ်ထားသလောက် အရှက်ကွဲစရာ သို့မဟုတ် လက်ခံနိုင်စရာ မရှိသည့် အခြေအနေမျိုးတော့ မဟုတ်ခဲ့ပေ။
လျော်ကြေးဆိုသည်မှာ သူတို့အတွက် ဘာမှမဟုတ်ချေ။ သူတို့၏ မျိုးဆက်များအတွက် လျှောက်လှမ်းရမည့် လမ်းကြောင်းကို ပိုမို ခက်ခဲသွားစေရုံသာ ဖြစ်၏။ စမ်းသပ်မှု တစ်ခုဟုသာ သဘောထားလိုက်ကြသည်။
အကျိုးအပြစ်များကို ချိန်ဆပြီးနောက် ဓားနတ်သမီးက လမ်းကြောင်းကို အရင် ဖောက်ပေးမည်ကို စောင့်ကြည့်ရန် မိစ္ဆာအိုကြီးများက ဆုံးဖြတ်လိုက်ကြ၏။
'ငါတို့လည်း ကြည့်ချင်သေးတယ်...'
'ခေတ်သစ် သိုင်းလောကရဲ့ အထွတ်အထိပ် ဖြစ်တဲ့ ညဇီးကွက်ဘုရင်က ဘာဆက်လုပ်မလဲ ဆိုတာကိုပေါ့...'
ကျန်းနန်ကို လွှမ်းခြုံသွားပြီး သိုင်းလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော မုန်တိုင်းကြီးက ယခုအခါ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
ဓားနတ်သမီးနှင့် လီယွမ်တို့က အဓိက ဂိုဏ်းကြီး ရှစ်ဂိုဏ်းထံမှ ရတနာများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေကြစဉ် ဤကြီးကျယ်ခမ်းနားလှသော ပွဲတော်ကြီးအကြောင်း သတင်းများက တာ့ယန် တစ်ခွင်လုံးသို့ တောမီးအလား လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။
တောင်ပိုင်းနယ်စပ်...
နဝမကူနန်းတော်၏ အတွင်းစည်း...
"အဘိုး..."
ကောင်မလေးက ခေါင်းတလားဆီသို့ ပြေးသွားကာ အကျယ်ကြီး အော်ခေါ်လိုက်၏။
ခေါင်းတလား အတွင်းရှိ အိပ်မောကျနေသော ချီယန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ဒီတစ်ခါ သူ အတော်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး အားအင်ကုန်ခမ်းနေသလို ခံစားနေရ၏။ အဆိပ်လက်တစ်ဆုပ်စာခန့်ကို မျိုချလိုက်ပြီးနောက်မှသာ ခွန်အားအချို့ ပြန်လည် ရရှိလာပြီး ထထိုင်နိုင်တော့သည်။
"တောက်ဆု... အခုကော ဘာကိစ္စ ရှိပြန်ပြီလဲ..."
တောက်ဆု ဟူသော ကောင်မလေးမှာ မွေးရာပါ ဆွံ့အသူ တစ်ဦး ဖြစ်သော်လည်း ချီယန်က ကူကျင့်စဉ်များကို အသုံးပြု၍ သူမကို ကုသပေးခဲ့ပြီး အသံပြန်ရအောင် လုပ်ပေးခဲ့ခြင်း ဖြစ်၏။
တောက်ဆု၏ အသံလေးကသာ သူ့ကို အမြန်ဆုံး နိုးထစေနိုင်သည်။
"အရေးကြီး ကိစ္စလေ..."
ကူအသိုက်အမြုံ တစ်ခုလုံးက လေးစား ကြည်ညိုရသော ဘိုးဘေးမှာ တောက်ဆု၏ မျက်လုံးထဲတွင်တော့ ကြင်နာတတ်သည့် အဘိုးအို တစ်ဦးသာ ဖြစ်ပြီး သူမက အလွန် တည်ငြိမ်ကာ အာဏာပါပါဖြင့် ပြောလိုက်၏။
"ဘာ အရေးကြီး ကိစ္စလဲ..."
ချီယန်က ခပ်အေးအေး လှမ်းမေးလိုက်သည်။
"ကျန်းနန် ခရီးစဉ်ကနေ ရလဒ် တစ်ခုခု ရလာလို့လား..."
"အင်း..."
တောက်ဆု ခေါင်းညိတ်လိုက်၏။
"စီနီယာအစ်ကို ချီလင်က ကျန်းနန်မှာ နတ်ဘုရား စွမ်းအင်တွေကို ထုတ်ဖော်ပြသခဲ့တယ်... ကူအင်မော်တယ်ရဲ့ ဆန္ဒကို ဆက်ခံပြီး အထွတ်အထိပ် သူတော်စင်ကို အံတုခဲ့တယ်... ဓားနတ်သမီး ဘိုးဘေးကြီးကလည်း အပြည့်အဝ ပြန်လည် နိုးထလာပြီး သူမရဲ့ ဓားတစ်ချက်တည်းနဲ့ နဝမအဆင့်ကို ခုတ်ပိုင်းပစ်လိုက်တယ်..."
"ပြီးတော့..."
ထို့နောက် တောက်ဆုက ဇာတ်လမ်း တစ်ခုလုံးကို အစအဆုံး ပြန်လည် ပြောပြလိုက်တော့၏။
"ဒီကောင်လေးက ပိုပိုပြီး ပါရမီရှင် ဆန်လာတာပဲ..."
ချီယန် အံ့အားသင့်သွားသည်။
အံ့အားသင့်မှုရဲ့ နောက်ကွယ်မှာတော့ စိတ်သက်သာရာ ရသွားမှုက ပိုများနေပေ၏။
ယန်တျန်ကို ကျန်းနန်သို့ အကူအညီ ပေးရန် သူ စေလွှတ်ခဲ့ခြင်းမှာ ယန်တျန်သည် အခြေအနေ အရပ်ရပ်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိပြီး သင့်လျော်စွာ လုပ်ဆောင်တတ်သူ ဖြစ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။
အကယ်၍ အခြေအနေများက အရေးတကြီး ဖြစ်လာပါက ယန်တျန်က သူ့ထံသို့ သေချာပေါက် သတင်းပို့မည်သာ ဖြစ်၏။
ဒါဆိုရင်...
လီယွမ်က အထွတ်အထိပ် သူတော်စင်ကို ဆန့်ကျင် ပုန်ကန်သည့် အချိန်တွင် ထိုနေရာမှ သတင်းစကား တစ်ခု ရောက်လာသင့်သော်လည်း ကြီးမားသော တိုက်ပွဲကြီး ပြီးဆုံးသွားသည့် အချိန်အထိ မည်သည့် သတင်းမျှ မရောက်လာခဲ့ပေ။
လီယွမ်က ယန်တျန်ကို တားဆီးထားခဲ့ခြင်း ဖြစ်ကြောင်း ကြိုတင် ခန့်မှန်းနိုင်သည်။
'တစ်ချိန်တုန်းက ကိုယ့်အကျိုးစီးပွားကိုပဲ ဂရုစိုက်တတ်တဲ့ ကောင်လေးက အခုတော့ ကြီးပြင်းလာခဲ့ပြီပဲ... အာဏာကို ဆုပ်ကိုင်ပြီး အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်တတ်လာပြီ... နောက်ဆုံးတော့ သူ့ဘာသာသူ ရပ်တည်နိုင်သွားပြီ...'
နှစ်များတစ်လျှောက်လုံး ချီယန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် အာဏာများကို ခွဲဝေပေးခဲ့သည်။
သူက လီယွမ်ကို ကာကွယ်ပေးခဲ့ပြီး ဆဋ္ဌမနန်းတော်ကို လီယွမ်အား ကူညီရန် စေခိုင်းကာ ကူမိသားစု၏ အာဏာဗဟိုချက်ကို လီယွမ်ထံသို့ တဖြည်းဖြည်း ရွှေ့ပြောင်းပေးခဲ့၏။
ယခုအခါ အရေးကြီးသော ကိစ္စရပ်များတွင် လီယွမ် ကိုယ်တိုင် ဆုံးဖြတ်ချက်များ ချမှတ်လာနိုင်ပြီ ဖြစ်သည်။
သူ၏ ဆန္ဒများကို အမြဲတမ်း လွှမ်းမိုးခံနေရခြင်းမျိုး မဟုတ်တော့ပေ။
ဤကဲ့သို့သော ‘စည်းကမ်း ဖောက်ဖျက်မှု’ မျိုး ပိုမို ဖြစ်ပေါ်လာရန် ချီယန်က မျှော်လင့်နေခဲ့၏။ အမှားအမှန် ဆိုသည်ထက် ဘဝတွင် ဆုံးဖြတ်ချက်တိုင်းက မှန်ကန်နေမည်ဟု မည်သူမျှ အာမမခံနိုင်ချေ။ အနည်းဆုံးတော့ စမ်းသပ်လုပ်ဆောင်ရဲသည့် သတ္တိ ရှိသင့်သည်။
သွေးသစ်များ ဝင်ရောက်လာမှသာ ကူအသိုက်အမြုံ အတွက် စစ်မှန်သော ပြန်လည်မွေးဖွားခြင်းသို့ ဦးတည်နိုင်မည် ဖြစ်၏။
ဤအမွေဆက်ခံသူအပေါ် သူ အလွန်အမင်း ကျေနပ်နေတော့သည်။
သတ္တိရှိသလို ပါးနပ်မှုလည်း ရှိ၏။ အထွေထွေ ရေစီးကြောင်းနှင့်အညီ လိုက်လျောညီထွေ နေတတ်သလို ရေဆန်ကို ဆန်တက်ရဲသည့် သတ္တိလည်း ရှိသည်။ ဘယ်အချိန်မှာ နှိမ့်ချနေရမည် ဘယ်အချိန်မှာ ပေါ်လွင်အောင် နေရမည် ဆိုသည်ကိုလည်း ကောင်းစွာ သိရှိ၏။
အလိုအပ်ဆုံးဖြစ်သော ခွန်အားကိုပင် တဖြည်းဖြည်း ဖြည့်ဆည်းလာနိုင်ပြီ ဖြစ်ရာ လီယွမ်က ကူအသိုက်အမြုံ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်မည့် နေ့ရက်များက မဝေးတော့ချေ။
'ဘဝရဲ့ နောက်ဆုံးအချိန်မှာ ဒီလို အလားအလာရှိတဲ့ ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ခဲ့တာ... ကူလမ်းစဉ်က တကယ်ပဲ တောက်ပလာတော့မှာပဲ...'
ချီယန်က ရင်ထဲမှ လှိုက်၍ ရယ်မောလိုက်၏။
"အဘိုး... ထပ်အိပ်ဦးမလို့လားဟင်..."
တောက်ဆုက မေးလိုက်သည်။
"မအိပ်တော့ဘူး..."
ချီယန်က ခေါင်းယမ်းလိုက်၏။ ခေါင်းတလား ဘေးရှိ တောင်ဝှေးကို ကောက်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းလာခဲ့သည်။
"တောက်ဆု... အဘိုး ကျောင်းကို မသွားတာ ကြာပြီ... အဘိုးကို အဲဒီကို ခေါ်သွားပေးပါဦး..."
"ကလေးတွေက စကားတွေ အရမ်းများပြီး ဆူညံလွန်းလို့ အဘိုး နားပင်းတော့မယ် ဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား..."
တောက်ဆုက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"ဟား... ဟား..."
ချီယန် ရယ်မောလိုက်သည်။
"အဘိုးက အခု အိုနေပြီလေ... အကြားအာရုံကလည်း အရင်လို မကောင်းတော့ဘူး... စကားပြောသံလေးတွေ ကြားရတာ ကောင်းပါတယ်... အနည်းဆုံးတော့ အဘိုး နားမပင်းသေးဘူး ဆိုတာ သက်သေပြနေတာပေါ့..."
"အိုကေလေ..."
တောက်ဆုက ခုန်ဆွခုန်ဆွဖြင့် ရှေ့မှ ပြေးသွား၏။
ချီယန်က တောင်ဝှေးကို အားပြုကာ ခြေဆွဲလျက်ဖြင့် နောက်မှ လိုက်သွားသည်။
အနီးအနားရှိ စာသင်ကျောင်းမှ ကျောင်းသားများ စာအံနေသံကို ကြားနေရ၏။ ယခင်က ဤအသံများကို ဆူညံသည်ဟု သူ ထင်ခဲ့သော်လည်း ယခုအခါတွင်မူ ၎င်းက ကျောင်းသားသစ်များ၏ အသံများအဖြစ် သူ ကြားနေရသည်။
ရှန်းဟိုင်ကွမ်...
တပ်မှူး၏ နန်းတော်အတွင်း၌..
ကိုယ်ရံတော် လီရော့ချန် ထံမှ ရရှိသော ထောက်လှမ်းရေး သတင်းကို ကြည့်ကာ ရှောင်ချင်အာ၏ မျက်လုံးများ ပြူးကျယ်သွား၏။
“ကူအင်မော်တယ်ရဲ့ အမွေဆက်ခံသူ ထွက်ပေါ်လာပြီ..အစ်ကိုလီယွမ်က အထွတ်အထိပ် သူတော်စင်ကို ဆန့်ကျင်ခဲ့တယ်..ဓားနတ်သမီးက ကျန်းနန်ကို ပြန်ရောက်လာပြီး ဓားတစ်ချက်တည်းနဲ့ နဝမအဆင့်ကို သတ်ဖြတ်လိုက်တယ်..”
"ဒါ... ဒါ..."
"အစ်ကိုလီယွမ်က တကယ်ကို လျှို့ဝှက်ထားနိုင်တာပဲ..."
ရှောင်ချင်အာက လီယွမ်ကို အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦးဟု ထင်မှတ်ထားခဲ့သည်။
"ဒါပေမယ့် ဓားနတ်သမီး ပြန်လည် နိုးထလာတာကိုတောင် အစ်ကိုလီယွမ်က နောက်ကွယ်ကနေ လျှို့ဝှက် ကြိုးကိုင်ခဲ့တာ ဆိုတာကိုတော့ ညီမ တကယ် မထင်ထားခဲ့ဘူး..."
သူမသည် နယ်စပ်ဒေသတွင် တောက်ပစွာ အောင်မြင်မှုများ ရရှိနေပြီး စစ်သည်များ၏ လေးစားမှုကို ခံနေရသော်လည်း သူမ၏ နှလုံးသား ယိမ်းယိုင်သွားသည့် အခါတိုင်း ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ရှိ လှမ်းမမီနိုင်သော ထိုပုံရိပ်ကို မလွှဲမရှောင်သာ သတိရမိပြီး ထပ်မံ၍ မာနမကြီးရဲတော့ချေ။
ဤကြီးကျယ်သော တိုက်ပွဲကြီးတွင် ကူသခင်နှင့် သေမင်းကတိကဝတ် ( သေဆုံးခြင်း စာချုပ်) ရုပ်သေးရုပ်များ ပါဝင်သော အထူးတပ်ဖွဲ့က အကြိမ်ကြိမ် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ခဲ့ပြီး သူမအတွက် ပြဿနာများစွာကို ဖြေရှင်းပေးနိုင်ခဲ့၏။
ကူကောင်များ အမြောက်အမြား ထောက်ပံ့ပေးမှုက တောင်ပိုင်း ကင်းလှည့်တပ်မတော်ကိုလည်း ကြီးမားသော အကူအညီများ ဖြစ်စေခဲ့သည်။
အစ်ကိုလီယွမ်က တပ်မတော်ထဲတွင် မရှိသော်လည်း တောင်ပိုင်း ကင်းလှည့်တပ်မတော်အပေါ် သူ၏ လွှမ်းမိုးမှုက အလွန် နက်ရှိုင်းလှသည်။ ၎င်းတွင် ယခင်မင်းဆက်မှ အကြွင်းအကျန် မုရုံစုကို သတ်ဖြတ်ခြင်းနှင့် ချန်းလန်ကို သိမ်းရုံး ပေါင်းစည်းခြင်း ကဲ့သို့သော အရေးကြီးသည့် အဖြစ်အပျက်များလည်း ပါဝင်ပြီး ၎င်းတို့အားလုံးက သူမ၏ အောင်မြင်မှုများအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင် အစ်ကိုလီယွမ် သိုင်းလောကသို့ ဝင်ရောက်လာခြင်းနှင့် သူ၏ ရှေ့ဆောင် ကြိုးပမ်းအားထုတ်မှုများက ကူသခင် လမ်းစဉ်အတွက် ကြီးမားသော ကံကောင်းခြင်းများကို ယူဆောင်လာပေးခဲ့ပြီး ၎င်းကလည်း သိသာထင်ရှားသော သက်ရောက်မှုများ ရှိလာခဲ့သည်။
တောင်ပိုင်း ကင်းလှည့်တပ်မတော်သို့ ဝင်ရောက်လာသော ကူသခင်များထဲတွင် နဝမကူနန်းတော် ကူအသိုက်အမြုံမှ သာမက အခြား ဒေသများမှ ကူသခင်များလည်း ပါဝင်လာကြပြီး အရေအတွက်မှာလည်း တိုးပွားလာနေသည်။
ပြန်လည် တွေးတောကြည့်လိုက်လျှင် သူမ၏ ဘဝတွင် ကြီးမားသော အပြောင်းအလဲတိုင်းမှာ အစ်ကိုလီယွမ်၏ ပါဝင်ပတ်သက်မှုများ ရှိနေခဲ့ခြင်းပင် ဖြစ်တော့သည်။
ကျန်းရှီး ခံတပ်...
စစ်သူကြီးချုပ် ပိုင်ချန်က ကျန်းနန်မှ ထောက်လှမ်းရေး သတင်းကို လက်ခံရရှိလိုက်၏။
"ဓားနတ်သမီး ပြန်ရောက်လာပြီး ပိုင်လျန်ဂိုဏ်းက မိစ္ဆာအိုကြီး ကျုဝူချွဲကို သတ်လိုက်တယ်ပေါ့..."
"ကူသခင် လူငယ်လေးက သူတော်စင်ကို အံတုတယ်..."
"လီယွမ်... ကူအင်မော်တယ်ရဲ့ အမွေဆက်ခံသူ. ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ အစွမ်းအထက်ဆုံး ကူလမ်းစဉ် လိုက်စားသူတဲ့လား..."
'ပါရမီရှင်နဲ့ ချီလင် ဆိုတာ တစ်ယောက်တည်းများလား...'
"စိတ်ဝင်စားစရာပဲ..."
ပိုင်ချန်က ပြုံးလိုက်၏။
'ကစဉ့်ကလျား ဖြစ်နေတဲ့ အချိန်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ ခေတ်ကြီး တစ်ခုပဲ... နှစ်ပေါင်း သုံးထောင်ကြာ တည်ရှိနေတဲ့ ကူအင်မော်တယ်ရဲ့ မျိုးဆက်တောင် လောကကြီးထဲကို ထွက်ပေါ်လာပြီ... ဒီကမ္ဘာကြီးက နောင် အချိန်အကြာကြီးအထိ ကစဉ့်ကလျား ဖြစ်နေတော့မှာပဲ...'
'ဒါလည်း ကောင်းပါတယ်... သန်မာတဲ့သူ တစ်ယောက် ပိုလာတော့ ညဇီးကွက်ဘုရင်ကို စစ်ဆေးဖို့ လူတစ်ယောက် ပိုရလာတာပေါ့...'
"ကံမကောင်းတာက ကူအင်မော်တယ်ရဲ့ အမွေဆက်ခံသူနဲ့ ဓားနတ်သမီးက ကူအနွယ်ဝင်တွေ ဖြစ်နေပြီး ရှောင်ချင်အာရဲ့ ဘက်မှာပဲ ရပ်တည်သွားမှာ..."
အဲဒီလိုသာ မဟုတ်ခဲ့လျှင် သူ ကိုယ်တိုင် သွားရောက် ဖိတ်ခေါ်မိမည် ဖြစ်၏။
'ဒါပေမယ့်…ဒီလို ထူးခြားပြောင်မြောက်တဲ့ ပုဂ္ဂိုလ်မျိုး.. နောင်တစ်ချိန်မှာ ညဇီးကွက်ဘုရင်ကိုတောင် ယှဉ်ပြိုင်နိုင်မယ့် ပါရမီရှင်မျိုး ဆိုတော့... အခွင့်အရေး ရရင်တော့ ငါ သေချာပေါက် သွားတွေ့ရမယ်...'