စစ်မှန်သော နဂါး၏ ကံကြမ္မာ
Vol. 28 Ch. 301
မျောင်ယွင် ခရိုင်မြို့တော်...
ရေကန်ဘေးတွင် ညဇီးကွက်ဘုရင်က ငါးမျှားနေ၏။
ဇီနုန်က ကျန်းနန်မှ ပို့လိုက်သော ထောက်လှမ်းရေး သတင်းများကို ဆက်သလိုက်သည်။
"အရှင်မင်းကြီး... အရိပ်ဝှက်မြို့စား ယွင်ရှန်းယင်းရဲ့ အစီရင်ခံစာအရ ဓားနတ်သမီးက စစ်မှန်တဲ့ နဝမအဆင့်ကို မရောက်သေးဘူးလို့ ဆိုပါတယ်... ဒါပေမယ့် သူမက ပိုင်လျန်ဂိုဏ်းက ကျုဝူချွဲကို အတင်းအဓမ္မ သတ်ဖြတ်နိုင်ခဲ့ပြီး လမ်းကြောင်းသစ် တစ်ခုကို ဖောက်နိုင်မယ့်ပုံ ရနေပါတယ်တဲ့..."
"ဒါက ကောင်းတဲ့ ကိစ္စပါပဲ..."
ညဇီးကွက်ဘုရင်က အမြဲလိုလိုပင် တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
တာ့ယန် အင်ပါယာမှာ ပါရမီရှင်တွေ ပိုများလေ ပိုကောင်းလေပဲ.. သူ လုံးဝ ဂရုမစိုက်ပါ။
အခြားသူများအတွက်တော့ ဓားနတ်သမီးမှာ နှစ်ပေါင်း သုံးထောင်ကြာ အိပ်စက်ပြီးနောက် နိုးထလာသည့် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းသော ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း သူ၏ အမြင်တွင်မူ သူမမှာ ယခုမှ အိပ်ရာနိုးလာသော မိန်းမပျိုလေး တစ်ဦးမျှသာ ဖြစ်၏။
ညဇီးကွက်ဘုရင်ကတော့ ထိုမိန်းမပျိုလေးမှာ ‘အနှစ်သုံးထောင်’ ဟူသော ဘွဲ့အမည်တစ်ခုတည်း ရှိနေခြင်းမျိုး မဟုတ်ဘဲ အမြန်ဆုံး ကြီးပြင်းလာပြီး အထွတ်အထိပ်သို့ ရောက်ရှိလာရန်ပင် မျှော်လင့်နေသေးသည်။
ဇီနုန်က ဆက်လက် ဖတ်ပြလိုက်၏။
"သူတော်စင်ကို အံတုခဲ့တဲ့ ကူသခင် လူငယ်လေးက ကူအင်မော်တယ်ရဲ့ အမွေဆက်ခံသူ ဖြစ်ကြောင်းနဲ့ ဓားနတ်သမီးနဲ့ ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေ ရှိနေကြောင်း ဖော်ထုတ်လိုက်ပါတယ်..."
"ချီလင် ဆိုတဲ့ နာမည်အပြင် သူမှာ နောက်ထပ် နာမည်တစ်ခု ရှိပါသေးတယ်..."
"လီယွမ်တဲ့..."
‘လီယွမ်’ ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ညဇီးကွက်ဘုရင်က ထူးထူးခြားခြားပင် သူ၏ ငါးမျှားတံကို ချထားလိုက်ပြီး ဇီနုန်ထံမှ ထောက်လှမ်းရေး ဖိုင်ကို လှမ်းယူလိုက်၏။
လီယွမ်... သာမန် နာမည်တစ်ခု။
လောကကြီးမှာ လီ ဆိုတဲ့ မျိုးရိုးနာမည်နဲ့ သာမန် လူသန်းပေါင်းများစွာ ရှိနေသလိုမျိုးပဲပေါ့။
သို့သော် အလွန် သာမန်လူ တစ်ယောက် ဖြစ်နေလျှင်တောင် ‘လီ’ ဟူသော မျိုးရိုးနာမည် ရှိနေပြီး သူ၏ အမြင်အာရုံထဲသို့ ရောက်လာပြီဆိုပါက အထူး ဂရုပြုသင့်သည်။
ဤသည်မှာ သူ၏ တာဝန် ဖြစ်၏။
ညဇီးကွက်ဘုရင်က မှတ်တမ်းဖိုင်ကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထိုအထဲတွင် ကျန်းနန်၌ ဖြစ်ပွားခဲ့သော ကစဉ့်ကလျား ဖြစ်ရပ်များကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် အရိပ်ဝှက်မြို့စား ယွင်ရှန်းယင်း၏ လက်ရေးမှတ်တမ်း ပါဝင်သည်။
အရေးအကြီးဆုံး အချက်များထဲမှ တစ်ခုမှာ...
မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စုမှ ချီလင်ဘုရင် အန်းထိုယွမ်
ကျန်းနန်သို့ ရောက်ရှိလာခြင်းမှာ အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက် အတွက် မဟုတ်ဘဲ လင်းရှောင် ဓားဂိုဏ်းကို ကူညီရန်အတွက် ဖြစ်နေခြင်းပင်။
ဒီကိစ္စက ညဇီးကွက်ဘုရင်ကို အများကြီး အံ့အားသင့် မသွားစေခဲ့ချေ။
ညဇီးကွက် အစောင့်တပ်က ယခင် ဖမ်းမိထားသော သဲလွန်စများအရ အစစ်အမှန် မင်းသားလေးမှာ ကူသခင် လမ်းစဉ်တွင် ပုန်းအောင်းနေကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်သည်။
ချီလင်ဘုရင်၏ လုပ်ရပ်များမှာ နောက်ဆုံး အတည်ပြုချက် တစ်ခုသာ ဖြစ်၏။
ထောက်လှမ်းရေး အချက်အလက် နံပါတ်နှစ်။
အရိပ်ဝှက်မြို့စား ယွင်ရှန်းယင်း ကိုယ်တိုင်၏ မှတ်တမ်းအရ သူသည် လုပ်ငန်းစဉ် တစ်ခုလုံးတွင် ‘နဂါးကို ကူညီရန်’ ဟူသော မျက်လုံးဖြင့် လီယွမ်ကို အနီးကပ်ဆုံး စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
သို့သော် အစမှ အဆုံးတိုင် လီယွမ်ထံမှ စစ်မှန်သော နဂါး၏ ချီစွမ်းအင် ယန္တရား အရိပ်အယောင်လေး တစ်ခုကိုမျှ မတွေ့ခဲ့ရချေ။
"စိတ်ဝင်စားစရာပဲ..."
လောကရှိ အရာအားလုံးက အပြန်အလှန် ဆက်နွယ်နေပြီး အပြန်အလှန် ပေါက်ဖွားကာ အပြန်အလှန် ထိန်းချုပ်နေကြသည်။
တာ့ယန်တွင် နဂါးကို ရှာဖွေနိုင်သည့် နည်းလမ်း ရှိနေပြီဆိုမှတော့ နဂါးကို ဖုံးကွယ်နိုင်သည့် နည်းလမ်းလည်း ရှိရမည်သာ ဖြစ်၏။ လီယွမ်က စစ်မှန်သော နဂါး ဟုတ်မဟုတ် ဆိုသည်ကို ယွင်ရှန်းယင်း၏ စကားတစ်ခွန်းတည်းဖြင့် အဆုံးအဖြတ်ပေး၍ မရနိုင်ဘဲ ကိုယ်တိုင် သွားရောက် ကြည့်ရှုစစ်ဆေးရန် လိုအပ်သည်။
ညဇီးကွက်ဘုရင်သည် တာ့ယန်၏ လျှို့ဝှက်နဂါး နည်းစနစ်က ဘာလဲဆိုတာကို မသိသော်လည်း ယခင် မင်းဆက်များ၏ ရှေးဟောင်း မှတ်တမ်းများတွင် သဲလွန်စ အချို့ကို ရှာဖွေတွေ့ရှိခဲ့ဖူးသည်။
လျှို့ဝှက်နဂါး နည်းစနစ် ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်မှာ ကံကြမ္မာ အရှိန်အဝါ ပင် ဖြစ်၏။
သို့သော် ယခုအခါ တာ့ယန်၏ ကံကြမ္မာ အရှိန်အဝါ အူတိုင် တစ်ခုလုံးကို အရိပ်ဝှက်မြို့စား၏ လှောင်ချိုင့်ထဲက ငှက်က သယ်ဆောင်ထားသည်။ အကယ်၍ မင်းသားလေးသာ ထီးနန်း ပြန်လည် သိမ်းပိုက်ရန် ရောက်လာပါက ခွန်လွန်တောင်က မလွဲမသွေ သတိပြုမိသွားမည်သာ ဖြစ်၏။
‘ဒါမှမဟုတ်...
မင်းသားလေးက အခြားနေရာကနေ ကံကြမ္မာ အရှိန်အဝါတွေ ရရှိသွားတာလား…’
“ဟား ဟား ဟား..”
ညဇီးကွက်ဘုရင်က ရုတ်တရက် အသံထွက် ရယ်မောလိုက်၏။
"ဒီပုံစံကမှ မင်းသားလေး ရှိသင့်တဲ့ ပုံစံပဲ... အခက်အခဲတွေ ကြားကနေ ထွက်ပေါက်ရှာနိုင်ရမယ်... ဒုက္ခတွေ ကြုံလာရင် သည်းခံနိုင်ရမယ်... ရေစီးကြောင်းနဲ့ အရင် လိုက်မျောပြီးမှ ရေဆန်ကို ပြန်ဆန်တက်ရမယ်လေ..."
"မင်းသားလေးက အထွတ်အထိပ်ကို ရောက်နေတဲ့ အချိန်တုန်းက ထိုက်ဇူ ဧကရာဇ်ရဲ့ သတ္တိမျိုးကို ပိုင်ဆိုင်ထားတာပဲ..."
ဤအချက်သို့ ရောက်ချိန်တွင် လီယွမ်က သူ၏ မင်းသားလေး ဟုတ်မဟုတ် ဆိုသည်မှာ ညဇီးကွက်ဘုရင်၏ အမြင်တွင် အရေးမကြီးတော့ပေ။
အဘယ်ကြောင့်ဆိုသော် မင်းသားလေးက သူ့ကို ပြောပြခဲ့ပြီး ဖြစ်သောကြောင့်ပင်။
'စစ်မှန်တဲ့ နဂါးရဲ့ ကံကြမ္မာက ပိတ်လှောင်ခံထားရတယ်... အထွတ်အထိပ် သို့ ၁၉၉၅ ခုနှစ်မှာ ပြန်လာလိမ့်မယ်...'
‘မင်းသားလေးက သေချာပေါက် ပြန်လာလိမ့်မယ်…
ဒါကြောင့်..အခြားအရာတွေကို ခန့်မှန်းနေစရာ မလိုတော့ဘူး.. မင်းသားလေးက ပြန်လာဖို့ စိတ် ရှိနေသရွေ့ လုံလောက်ပြီ..’
သေးသွယ်သော ခန္ဓာကိုယ်ပိုင်ရှင် ဇီနုန်က ဘေးတွင် ခေါင်းငုံ့ကာ မတ်တတ်ရပ်နေပြီး စကားတစ်ခွန်းမျှ မဟရဲချေ။
နှစ်များတစ်လျှောက်လုံးတွင် သူမသည် ဘုရင်ကြီး၏ ဘေးနားတွင် အချိန်အကြာဆုံး နေထိုင်ခဲ့သူ ဖြစ်၏။
ဘုရင်ကြီး လိုအပ်သော အချက်အလက် အများစုမှာ သူမထံမှတစ်ဆင့် ရောက်ရှိလာခြင်း ဖြစ်သည်။
ယနေ့တိုင်အောင်ပင် ဘုရင်ကြီး၏ အတွေးများကို သူမ ထိုးထွင်း မမြင်နိုင်သေးပေ။ သူက သစ္စာရှိသူလား.. သစ္စာဖောက်လား..။ သူက လူကောင်းလား.. လူဆိုးလား..။ သူမ လုံးဝ အဖြေမရှာနိုင်ချေ။
သို့သော် အသေအချာ ခံစားမိသည့် အချက်တစ်ခုမှာ ဘုရင်ကြီးသည် မင်းသားလေးကို အမှန်တကယ် ပြန်လာစေချင်နေသည် ဆိုခြင်းပင်တည်း။
"ဇီနုန်..."
ညဇီးကွက်ဘုရင်က ထပ်မံ စကားဆိုလိုက်၏။
"ဒီကနေ့က စပြီး မင်း လုပ်ရမယ့် အလုပ်က တစ်ခုတည်းပဲ... နဝမကူနန်းတော် ကူအသိုက်အမြုံကို အနီးကပ် စောင့်ကြည့်ထား..."
"လီယွမ် ပြန်လာတာနဲ့ ချက်ချင်း လာသတင်းပို့..."
"ကိုယ်တော် ကိုယ်တိုင်... ဒီ ကူလမ်းစဉ်ရဲ့ ပါရမီရှင်ဆီ သွားလည်ချင်တယ်..."
"အမိန့်နာခံပါတယ်..."
ဇီနုန်က ချက်ချင်း ခေါင်းငုံ့လိုက်၏။
ညဇီးကွက်ဘုရင်က မှတ်တမ်းဖိုင်များကို စုသိမ်းလိုက်ပြီး ငါးမျှားတံကို ပြန်လည် ကောက်ကိုင်လိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"မင်းသားလေး ပြန်လာဖို့ အချိန် သိပ်မလိုတော့ဘူး... တာ့ယန်ရဲ့ ကံကြမ္မာ အရှိန်အဝါ တွေလည်း အပြည့်အဝ ပေါင်းစည်းသင့်နေပြီ..."
ကျန်းနန်... ကျိုးရှောင်တောင်..။
လင်းရှောင် ဓားဂိုဏ်း..။
အဓိက ဂိုဏ်းကြီး ရှစ်ဂိုဏ်းထံမှ ရတနာများ တစ်ခုပြီး တစ်ခု စတင် ရောက်ရှိလာသည့် အချိန်အထိ ဓားနတ်သမီးက စားပွဲတွင် လဝက်ကျော်ကြာ အေးစက်မာနကြီးစွာ ထိုင်နေခဲ့၏။
ဤသည်မှာ အဓိက အင်အားစုကြီး ရှစ်ခု၏ ခေါင်းဆောင်များအတွက် အမှန်တကယ်ကို စိတ်ပျက်စရာ အကောင်းဆုံး အချိန်ကာလပင် ဖြစ်သည်။
'စီနီယာ ဓားနတ်သမီး... ကျွန်တော်တို့ သွားလို့ ရပြီလား...'
"..."
ဓားနတ်သမီးက တိတ်ဆိတ်နေပြီး သူမ၏ အေးစက်သော ဟန်ပန်ကို ဆက်လက် ထိန်းသိမ်းထား၏။ သို့သော် လျှို့ဝှက် အသံလွှင့်ကာ
"လီယွမ်... မြန်မြန် ပစ္စည်းတွေ စစ်လိုက်... ငါ ထိုင်ရတာ အရမ်း ညောင်းနေပြီ..."
လီယွမ်၏ အကြည့်က ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံသွားပြီး များပြားလှသော ရတနာများအပေါ် အာရုံစိုက်လိုက်၏။
သူ၏ မျက်လုံးများအောက်တွင် အတုအပ ပစ္စည်းများမှာ လုံးဝ ပုန်းအောင်းနိုင်စရာ နေရာမရှိချေ။
အဓိက အင်အားစုကြီး ရှစ်ခုကလည်း ဤအခြေအနေအောက်တွင် မည်သည့် အတုအပကိုမျှ မလုပ်ရဲကြပေ။
"အကုန်လုံး အစစ်တွေပဲ... သူတို့ကို သွားခိုင်းလိုက်တော့..."
လီယွမ်က မည်သူ့ကိုမျှ အတင်းအကျပ် ဆက်မနေခိုင်းတော့ဘဲ သူ၏ မှတ်စုစာအုပ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်ပြီး နောက်ပိုင်းတွင် ဤအင်အားစုများကို တစ်ခုချင်းစီ အမိန့်တော်များ ထုတ်ပြန်ရန် ပြင်ဆင်ထားလိုက်၏။
ဓားနတ်သမီးကတော့ တိတ်ဆိတ်နေသည်မှာ ခေါင်းဆောင် အချို့က ချွေးများ ရွှဲရွှဲစိုနေလျက် ထပ်မံ၍ မေးမြန်းလာသည့် အချိန်အထိပင်။
"စီနီယာ ဓားနတ်သမီး... ရတနာတွေကိုလည်း ပို့ပြီးပါပြီ... ကျွန်တော်တို့ရဲ့ ကတိအတိုင်းလည်း သေချာပေါက် ဆက်လုပ်ပါ့မယ်... ကျွန်တော်တို့ ပြန်လို့ ရပြီလား..."
ထိုအခါမှ ဓားနတ်သမီးက အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။
"မင်းတို့ သဘောပဲ..."
လီယွမ် ရယ်ချင်စိတ်ကို မနည်း အောင့်ထားလိုက်ရသည်။
'ဓားနတ်သမီးက အပြင်လူတွေ ရှေ့မှာ အေးစက်မာနကြီးရမယ် ဆိုတဲ့ စကားရဲ့ အနှစ်သာရကို တကယ် သဘောပေါက်သွားတာပဲ...'
"ဝှစ်... ဝှစ်... ဝှစ်..."
နောက်တစ်ခဏတွင်တော့ အဓိက ဂိုဏ်းကြီး ရှစ်ဂိုဏ်း၏ ခေါင်းဆောင်များ အားလုံး အရိပ်အယောင်လေးပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြတော့၏။
ဓားနတ်သမီးကတော့ အေးစက်သော မျက်နှာထားနှင့် ရှိနေဆဲပင်။
တကယ်တော့ သူမ ရူးတော့မလို ဖြစ်နေလေ၏။ လူတွေက သူမကို မိစ္ဆာအိုကြီးဟု သတ်မှတ်ထားကြသော်လည်း ဒီလူအိုကြီးတွေနှင့် ပတ်သက်ပြီး သူမလည်း ထိုသို့ ခံစားနေရသည်ပင်။
သူမက အသက် သုံးထောင်အရွယ် ရှိနေပြီဟု တစ်ခါမှ မခံစားခဲ့ရပါလေ။
အိပ်မက်တစ်ခု မက်ပြီး နိုးလာသလိုပါပင်။
အဓိက အင်အားစုကြီး ရှစ်ခု၏ ခြိမ်းခြောက်မှု အပြည့်အဝ ပျောက်ကွယ်သွားပြီး ကျိုးရှောင်တောင်က အမှန်တကယ် အေးချမ်းသွားချိန်တွင် ဓားဂိုဏ်း တပည့်များ၏ တင်းမာနေသော နှလုံးသားများလည်း ပြေလျော့သွားနိုင်ခဲ့ပြီ ဖြစ်သည်။
"ဒုံး... ဒုံး... ဒုံး..."
ဂိုဏ်း၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာမှ မိုးခြိမ်းသံအလား စည်တော်ရိုက်သံများ ထွက်ပေါ်လာ၏။
စည်တော် တစ်ရာ့ရှစ်ကြိမ် တိတိ မြည်ဟည်းသွားသည်။
ဂိုဏ်းချုပ် ယွင်မိုဝမ်က အကြီးအကဲ တစ်စုကို ဦးဆောင်ကာ ထွက်လာပြီး ကျန်ရှိနေသည့် တပည့်များက တောင်တံခါးရှေ့တွင် နဂါးပုံစံ ဝင်္ကပါ ဖွဲ့စည်းကာ အားလုံး လက်သီးဆုပ်ပြီး ဒူးတစ်ဖက် ထောက်လိုက်ကြ၏။
"ဘေးအန္တရာယ်တွေကို ကျော်ဖြတ်ပြီး ပြန်လည် ရောက်ရှိလာတဲ့ ဘိုးဘေးကြီးကို ဂုဏ်ပြုပါတယ်... အရှင်မရဲ့ နက်ရှိုင်းတဲ့ စွမ်းရည်တွေက အကန့်အသတ်မရှိ ပြည့်စုံလွှမ်းခြုံနိုင်ပါတယ်... အရှင်မ အင်မော်တယ် အဖြစ်ကို ရောက်ရှိသွားပါပြီ..."
"ဘေးအန္တရာယ်တွေကို ကျော်ဖြတ်ပြီး ပြန်လည် ရောက်ရှိလာတဲ့ ဘိုးဘေးကြီးကို ဂုဏ်ပြုပါတယ်... အရှင်မရဲ့ နက်ရှိုင်းတဲ့ စွမ်းရည်တွေက အကန့်အသတ်မရှိ ပြည့်စုံလွှမ်းခြုံနိုင်ပါတယ်... အရှင်မ အင်မော်တယ် အဖြစ်ကို ရောက်ရှိသွားပါပြီ..."
"ဘေးအန္တရာယ်တွေကို ကျော်ဖြတ်ပြီး ပြန်လည် ရောက်ရှိလာတဲ့ ဘိုးဘေးကြီးကို ဂုဏ်ပြုပါတယ်... အရှင်မရဲ့ နက်ရှိုင်းတဲ့ စွမ်းရည်တွေက အကန့်အသတ်မရှိ ပြည့်စုံလွှမ်းခြုံနိုင်ပါတယ်... အရှင်မ အင်မော်တယ် အဖြစ်ကို ရောက်ရှိသွားပါပြီ..."
ကျယ်လောင်လှသော အသံကြီးများက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားပြီး ကျိုးရှောင်တောင် တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
ထိုအချိန်မှစ၍ ဓားဂိုဏ်းသည် သိုင်းလောကတွင် ကြီးစွာသော အောင်မြင် ကြီးပွားမှုများကို ခံစားရတော့မည် ဖြစ်သည်။
"ကောင်းပြီ... ရိုးရိုးရှင်းရှင်းပဲ နေကြတာပေါ့... အားလုံး ထွက်သွားလို့ ရပါပြီ..."
ဓားနတ်သမီးက သူမ၏ လက်ကို မြှောက်လိုက်၏။ အေးစက်မာနကြီးသော ပုံစံမျိုး ဟန်ဆောင်ရန် မလိုအပ်ပါက သူမသည် ဘိုးဘေးကြီး မလုပ်ချင်ပေ။ သို့သော် လီယွမ်၏ တည်ရှိမှုကို ဖိနှိပ်ထားရန်အတွက် သူမ အေးစက်မာနကြီးနေမှသာ ရမည်ဖြစ်ရာ အခြား ရွေးချယ်စရာ မရှိတော့ပါ။
အကယ်၍ သူမသာ ဝူမေ့ သို့မဟုတ် ရှောင်ချိုက်တို့ကဲ့သို့ အများရှေ့တွင် ပွေ့ဖက်ချင် ဖက်တွယ်ချင်နေမည် ဆိုပါက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။
"ဘိုးဘေးကြီးရဲ့ အမိန့်ကို နာခံပါ့မယ်..."
ထို့နောက် ဓားဂိုဏ်း အကြီးအကဲများနှင့် တပည့်များ အားလုံး ထွက်ခွာသွားကြတော့၏။
ပန်းဓားသူတော်စင် ဖူချူက လျှောက်လာသည်။
"ဂျူနီယာ ဖူချူ... စီနီယာ ဓားနတ်သမီးကို ဂါရဝပြုပါတယ်... အင်း... ဂျူနီယာ အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ..."
"ငါ့ဓားကို စိန်ခေါ်ချင်လို့လား..."
ဓားနတ်သမီးက သူမကို ကြည့်လိုက်၏။
"ဟုတ်ပါတယ်..."
ဖူချူက လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
"ဂျူနီယာရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ..."
"ရပါတယ်..."
ဓားနတ်သမီး ခေါင်းညိတ်လိုက်၏။
"ငါနဲ့အတူ တောင်ထဲကို လိုက်ခဲ့..."
ထို့နောက် သူမက လီယွမ်ထံ လျှို့ဝှက် အသံလွှင့်လိုက်သည်။
"ကျန်းနန်မှာ ခဏလောက် ဆက်နေရအောင်... ပန်းဓားသူတော်စင် ဖူချူရဲ့ ပါရမီက မဆိုးဘူး... ကိုယ့်ဘက်ပါအောင် သိမ်းသွင်းဖို့ ကြိုးစားသင့်တယ်..."
"ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ နင် ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ လူအင်အား လိုအပ်တယ်လေ..."