အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း ၂၁၁
ပိုင်ဟယ်သို့ ပြန်သည့်လမ်းတွင် သူတို့နှစ်ဦးစလုံး စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေခဲ့ကြသည်။
ကျန်းဟန်၏ မျက်နှာထက်တွင်မူ စိတ်အေးလက်အေး ဖြစ်နေသည့် အမူအရာရှိနေပြီး အလွန်အမင်း တက်ကြွရွှင်လန်းသော စိတ်ခံစားချက်ကြောင့် လမ်းဘေးဝဲယာရှိ ရှုခင်းများပင်လျှင် လှပနေသည်ဟု ခံစားနေရသည်။
ယခုတစ်ကြိမ်တွင် သူသည် သူ၏ အကြီးမားဆုံးသော စိတ်နတ်ဆိုးကို တိုက်ရိုက် အမြစ်ပြတ် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ သားရဲကုန်သည် သေဆုံးသွားခဲ့ပြီဖြစ်၍ သူ လုံးဝ စိတ်အေးလက်အေး ဖြစ်သွားရုံသာမက အချိန်အတော်ကြာ တစ်ဆို့နေခဲ့သည့် သူ၏ ကျင့်စဉ်အဆင့်မှာလည်း တိုက်ရိုက်ပင် အဆင့်သွားခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူ စတင်ရောက်ရှိခါစက ထိုသားရဲကုန်သည်ကို ရိုးရိုးရှင်းရှင်း သတ်ပစ်လိုက်ရမလား ဆိုသည်ကို ဝေခွဲမရ တုံ့ဆိုင်းနေခဲ့သေးသည်။ သို့သော် ကံကောင်းချင်တော့ လျန်ပင်း၏ မောင်ငယ်လေး အနိဋ္ဌာရုံဖြင့် သေဆုံးသွားခဲ့ရသည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရ၏။
ထို့နောက်တွင် သူသည် အကွက်ချစီစဉ်ကာ လျန်ပင်းကို လိုက်ရှာခဲ့ပြီး သူမကို သားရဲကုန်သည်နောက်သို့ ခြေရာခံ လိုက်ခိုင်းခဲ့သည်။ သားရဲကုန်သည်၏ စရိုက်အရ သူသည် ဤကိစ္စကို လုံးဝ သည်းခံနိုင်မည်မဟုတ်ဘဲ လျန်ပင်းကို အပြတ်ရှင်းရန် တောရိုင်းထဲသို့ ဆွဲခေါ်သွားလိမ့်မည်ဟု ကျန်းဟန် တွက်ဆခဲ့ပေသည်။
ထိုအခြေအနေသည် သူ ခြုံခိုတိုက်ခိုက်ရန်အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်လာလိမ့်မည် ဖြစ်သော်လည်း သားရဲကုန်သည်က ဤမျှအထိ သတိကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ ထို့ကြောင့် ခြုံခိုတိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ချေ။
ဟုတ်ဟုတ်၏ တိုက်ခိုက်ရန် ကြိုးပမ်းမှုမှာ ထိရောက်မှုမရှိကြောင်း သက်သေပြလိုက်ပြီးနောက်တွင်မူ ကျန်းဟန်သည် ညှာတာမနေတော့ဘဲ ပိုင်လင်းကို ပြတ်ပြတ်သားသား အသုံးပြုလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က အကယ်၍ ဤသားရဲကုန်သည်ကို ထွက်ပြေးခွင့်ပေးလိုက်ပါက သူ၏ နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ အာရုံခံမိနေခဲ့သောကြောင့် ဖြစ်သည်။
သူ၏ မှန်းဆချက် မမှားခဲ့ပေ။ သားရဲကုန်သည်ကို သတ်ပစ်ပြီးနောက်တွင် သူ၏ စိတ်နတ်ဆိုးမှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏ ချုပ်နှောင်မှုကို သူ ဘယ်တော့မှ နောက်ထပ် ခံရတော့မည် မဟုတ်ပေ။
ဤသည်မှာ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် မသေဆုံးမီ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအရပ်၌ ကျန်ရစ်ခဲ့သော စွဲလမ်းမှုနှင့် ဤကမ္ဘာလောကအပေါ် ထားရှိခဲ့သည့် အနက်ရှိုင်းဆုံးသော နာကျည်းမုန်းတီးမှု ဖြစ်ရမည်ဟု သူ ခံစားလိုက်ရသည်။
ပိုင်လင်း၏ အမှတ်အသား ပေါက်ကြားသွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍မူ ၎င်းမှာ ရှောင်လွှဲ၍မရနိုင်သော အခြေအနေ ဖြစ်ခဲ့၏။ ပိုင်လင်း ပေါ်သွားမည်ကို စိုးရိမ်ရုံသက်သက်ဖြင့် ဤမျှ ကောင်းမွန်သော အခွင့်အရေးကို သူ လက်လွှတ်မခံနိုင်ခဲ့ပေ။
ဤနေရာသည် လူသူဆိတ်ညံသော တောရိုင်းဖြစ်ပြီး လူသတ်ရန်အတွက် အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ ဤကဲ့သို့ ရှားပါးလှသော အခွင့်အရေးကို သူ အလဟဿ အဆုံးရှုံးမခံနိုင်ခဲ့ချေ။
မကြာမီပင် မြို့ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လျန်ပင်းမှာ သူမ၏ အိမ်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။ သူမ မောင်လေး၏ ရုပ်အလောင်းမှာ မသင်္ဂြိုဟ်ရသေးဘဲ ရှိနေဆဲဖြစ်ပြီး ရေခဲဖြင့် အေးခဲကာ ထိန်းသိမ်းထားခြင်း ခံထားရလေသည်။
သူမသည် ယခင်ကတည်းက ထိုသားရဲကုန်သည်ကို သတ်ရန်အတွက် ဓားတစ်ချောင်းဖြင့် ပြေးထွက်သွားရန် ကြံရွယ်ထားပြီးဖြစ်သည်။ သူမ မအောင်မြင်ခဲ့လျှင်ပင် ထိုလူ၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းအားဖြင့် သူ့ကို လူသတ်မှုစွပ်စွဲချက်နှင့် ရင်ဆိုင်ရစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သူမသည် သူမ၏ နောက်ဆုံး သေတမ်းစာကိုပင် ရေးသားထားပြီး ဖြစ်၏။ သူမ သေဆုံးပါက သူမ၏ မောင်လေး၊ မိဘများနှင့်အတူ တစ်နေရာတည်းတွင် မြှုပ်နှံပေးရန် တစ်စုံတစ်ယောက်ကို အကူအညီတောင်းထားခဲ့သည်။
သို့သော် လမ်းခုလတ်တွင် ကျန်ဟန်နှင့် ဆုံတွေ့ခဲ့သဖြင့် ဤအရာအားလုံး ပြောင်းလဲသွားခဲ့ရလေသည်။
မောင်လေး၏ ရုပ်အလောင်းကို ပြန်လည်မြင်တွေ့လိုက်ရချိန်တွင် မိန်းမငယ်လေး လျန်ပင်းသည် ရုပ်အလောင်းကို ချက်ချင်းပင် ဖက်တွယ်ကာ မျက်ရည်များ တဖြိုင်ဖြိုင် စီးကျလျက် မရှိုက်ရုံတမယ် ငိုကြွေးလေတော့သည်။
ကျန်းဟန်သည် သူမကို စိတ်မလောဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းပေးခဲ့၏။ သူ စတင်ရောက်ရှိချိန်ကတည်းက ထိုကောင်လေးမှာ သေဆုံးနေခဲ့ပြီ ဖြစ်ရာ သူလည်း ဘာမျှ တတ်နိုင်ခြင်း မရှိခဲ့ပေ။
“သားရဲထိန်းချုပ်သူ တစ်ယောက် အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ လူတွေကို ရှင်ပြန်ထမြောက်အောင် လုပ်ပေးနိုင်မယ်လို့ ရှင် ထင်လား။”
မိန်းမငယ်လေး လျန်ပင်းက ရုတ်တရက် မေးလိုက်သည်။
“မင်း ကြိုးစားကြည့်လို့ရတယ်။ လောလောဆယ်မှာတော့ ဘယ်သူမှ သားရဲထိန်းချုပ်သူရဲ့ အထွတ်အထိပ်အဆင့်ကို မရောက်ဖူးသေးတော့ ဘာမဆို ဖြစ်နိုင်တာပဲ။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
ဤသို့ဖြစ်ခြင်းက ကောင်းမွန်သည်ဟု သူ ခံစားမိသည်။ လူတစ်ယောက်တွင် ဆက်လက် အသက်ရှင်ရန် တွန်းအားတစ်ခု လိုအပ်ပြီး အောင်မြင်ရန် မဖြစ်နိုင်သလောက် နီးပါးဖြစ်သော ပန်းတိုင်တစ်ခုက သင့်ကို ပိုမိုကြီးမားသော လှုံ့ဆော်မှု တွန်းအားများကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
လျန်ပင်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းတလားတစ်ခုကို ရှာဖွေကာ သူမ၏ အေးခဲနေသော မောင်လေးကို ထည့်သွင်းလိုက်ပြီး ကျန်းဟန်ကို သူမ၏ ဧည့်ခန်းထဲတွင် တွင်းတစ်တွင်းတူး၍ မြှုပ်နှံပေးရန် တောင်းဆိုခဲ့သည်။
သူ့ကို မြှုပ်နှံပြီးနောက်တွင် သူမသည် မောင်လေးကို ပြန်လည် ရှင်သန်လာစေချင်သောရည်ရွယ်ချက်ဖြင့် အုတ်ဂူမှတ်တိုင်ကို စိုက်ထူခြင်း မပြုခဲ့ပေ။
“ကျွန်မ ရှင့်ကို ဘယ်လို ခေါ်ရမလဲ။”
ထိုအချိန်တွင် လျန်ပင်းသည် ကျန်းဟန်ကို ကြည့်ကာ မေးမြန်းလိုက်၏။
“ကျန်းဟန်လို့ပဲ ခေါ်ပါ။”
ကျန်းဟန်က သူမကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။ ထိုမိန်းကလေးတွင် ခါးအထိ ကျနေသော ဖြောင့်စင်းသည့် ဆံပင်ရှည်များ ရှိပြီး အသားအရေမှာ နူးညံ့အိစက်နေကာ နှုတ်ခမ်းအစုံမှာ ဟင်္သာပြဒါးရောင်ကဲ့သို့ နီမြန်းနေပြီး မျက်ဝန်းများမှာလည်း နက်ရှိုင်းသော ရေကန်ကြီးများကဲ့သို့ ရှိနေသည်။ သူမ၏ စရိုက်လက္ခဏာမှာ ဆိတ်ငြိမ်သော ချိုင့်ဝှမ်းထဲမှ သစ်ခွပန်းတစ်ပွင့်ကဲ့သို့ အေးချမ်းဆိတ်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့ကာ ထူးခြားတင့်တယ်လှသည်။
“သခင်ကြီး ကျန်းဟန်...ကျွန်မကို ခဏလောက် စောင့်ပေးပါဦး။ ကျွန်မ အပေါ်ထပ်မှာ ပစ္စည်းတွေသိမ်းပြီး အဝတ်အစား လဲလိုက်ပါဦးမယ်။”
လျန်ပင်းက ပြောလိုက်သည်။
“မင်းရဲ့ဖုန်းကို ငါ့ကိုပေးခဲ့ပါ။ ငါ မင်းကို စိတ်ချလို့ မရသေးဘူး။”
ကျန်းဟန်က သူမကို ကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။
လျန်ပင်းက ခေါင်းငြိမ့်ပြလိုက်ပြီး စကားအများကြီးမပြောဘဲ ဖုန်းကို ကျန်းဟန်ထံ ကမ်းပေးလိုက်သည်။
လျန်ပင်း အဝတ်အစားလဲရန် အပေါ်ထပ်သို့ တက်သွားပြီးနောက် ကျန်းဟန်သည် သူမ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပေါ်ပေါ်ထင်ထင်ပင် ဖြန့်ကြက်လိုက်လေသည်။
လျန်ပင်းသည် အသုံးမဝင်သော မြွေစိမ်းလေးတစ်ကောင်ကို စာချုပ်ချုပ်ဆိုထားသော်လည်း သူမ၏ စိတ်ဝိညာဉ်စွမ်းအင် ပါရမီမှာ မဆိုးလှပေ။ ထို့အပြင် ကျန်းဟန်ကလည်း ဖုံးကွယ်ရန် မကြိုးစားဘဲ ပြုလုပ်ခဲ့သဖြင့် သူမသည်လည်း သဘာဝအတိုင်း အာရုံခံမိသွားခဲ့သည်။
သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်တွင်မူ ရေချိုးခန်းထဲသို့ လှမ်းဝင်သွားခဲ့တော့သည်။
ကျန်းဟန်က သူမအတွက် ကလဲ့စားချေပေးခဲ့ပြီး သူမ၏အသက်ကိုလည်း ကယ်တင်ပေးခဲ့သည်။ ထိုအရာများနှင့် နှိုင်းယှဉ်လျှင် ဤကိစ္စမှာ ဘာမျှ အရေးမကြီးတော့ဟု သူမ ခံစားမိပေသည်။ အကယ်၍ ကျန်းဟန် ကြည့်ချင်သည်ဆိုရင်လည်း ကြည့်ပါစေတော့။
ကျန်းဟန်ဘက်ကမူ ၎င်းကို သူမ ရေချိုးသည်ကို ချောင်းကြည့်ရန်အတွက် အမှန်တကယ် ပြုလုပ်ခြင်းမဟုတ်ပေ။ ပိုင်လင်း၏ လျှို့ဝှက်ချက် ပေါက်ကြားသွားမည့် ဖြစ်နိုင်ခြေကို တားဆီးရန်အတွက် သူမ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။
မိန်းကလေးက လှပနေရုံသက်သက်ဖြင့် လျှို့ဝှက်ချက်ကို မပေါက်ကြားစေရပါဘူးဟု သူ စိတ်မချနိုင်ခဲ့ပေ။
သို့သော်လည်း သူ မျက်စိပသာဒ ဖြစ်သွားခဲ့သည်မှာတော့ အမှန်ပင်။ သို့သော် သူ တစ်ချက်ပဲ ကြည့်ခဲ့ပါသည်။ ထိုမိန်းကလေး၏ ခန္ဓာကိုယ်အချိုးအစားမှာ သူမ၏ အေးချမ်းလှပသော စရိုက်နှင့် မလိုက်ဖက်ဘဲ အလွန်အမင်း ဆွဲဆောင်မှုရှိပြီး ထွားကျိုင်းရင့်ကျက်သည်။ ၎င်းမှာ အချိုးအစားကျနပြီး စိုပြည်လှပလွန်း၏။ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက် ပိုင်ဆိုင်သင့်သည့် ကိုယ်လုံးကိုယ်ပေါက်မျိုးနှင့် လုံးဝ မတူညီပေ။
မိနစ် ၃၀ ခန့် ကြာပြီးနောက်တွင် မိန်းကလေးသည် သူမ လိုအပ်သမျှအရာအားလုံးကို လျှို့ဝှက်နံပါတ်ပါသော ခရီးဆောင်သေတ္တာအကြီးကြီးတစ်ခုထဲသို့ ထည့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။
ကျန်းဟန်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေဆဲဖြစ်သည်။ အဓိကမှာ ကျန်းဟန်က သူမ အဝတ်အစားလဲခြင်းနှင့် ရေချိုးခြင်း ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့သွားခဲ့၍ ဖြစ်ပြီး ကျန်အနည်းငယ်ကမူ ရေနွေးကြောင့် ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး ကွယ်ဝှက်ထားထားစရာမရှိ ပွင့်လင်းသွားခဲ့ကြပြီဟု ဆိုနိုင်သည်။ လျန်ပင်းသည်လည်း ကျန်းဟန်တွင် နဂါးတစ်ကောင် ရှိနေသည့် လျှို့ဝှက်ချက်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးပြီ ဖြစ်သည်။
“ပစ္စည်းတွေ အားလုံး အဆင်သင့်ဖြစ်ပြီလား။ ဒါဆို သွားကြမယ်။ မင်းရဲ့ ပစ္စည်းတွေ ငါ့ကိုပေး။”
ကျန်းဟန်က သူမကို ကြည့်ကာ ပြောလိုက်ပြီး ခရီးဆောင်သေတ္တာကို သိုလှောင်သေတ္တာထဲသို့ ထည့်လိုက်သည်။
ထိုသိုလှောင်သေတ္တာတွင် အထူးဟင်းလင်းပြင် အသေးစားလေး ပါရှိပြီး ၎င်းထဲသို့ ပစ္စည်းများ ထည့်ထားသော်လည်း သေတ္တာ၏အလေးချိန်ကို တိုးမလာစေပေ။
“ကျေးဇူးတင်ပါတယ်။”
လျန်ပင်းက ပြောလိုက်သည်။
ထို့နောက်တွင် ကျန်းဟန်သည် လျန်ပင်းကို ခေါ်ဆောင်ကာ ပျံသန်းနိုင်သော သားရဲစီးနင်း၍ ပိုင်ဟယ်ခရိုင်မှ ထွက်ခွာခဲ့ကြသည်။
လမ်းခရီးတွင် ကျန်းဟန်သည် သူ မဆက်သွယ်ဖြစ်သည်မှာ ကြာပြီဖြစ်သော ဆရာမ ဝမ်ယိထံသို့ စာတစ်စောင် ပို့လိုက်၏။ သူ သစ္စာဆိုရန် လိုအပ်နေသဖြင့် သစ္စာဆိုခြင်းဆိုင်ရာ သားရဲများကို ဘယ်နေရာတွင် ရှာရမလဲဟု သူမကို မေးမြန်းလိုက်သည်။
အကူအညီတောင်းမည့်သူကို ရှာဖွေရာတွင် ကျန်းဟန်သည် သူ အားအနည်းဆုံးအချိန်၌ ကူညီမှုလက်ကမ်းပေးခဲ့သည့် ဤဆရာမကိုသာ ဆက်လက် ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သူမသည် သူ ယုံကြည်နိုင်သည့် လူနည်းစုထဲမှ တစ်ယောက် ဖြစ်ပေသည်။
အဓိကအချက်မှာ ဆရာမ ဝမ်ယိသည် လိုက်လံစပ်စုမည့်သူ မဟုတ်သဖြင့် သူ့ကို စိတ်အေးရစေသည်။
သူ ရှန်းဟွာမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဆရာမ ဝမ်ယိက သုံးရက်ခန့် စောင့်ရန် ပြန်စာပို့လာပြီး သူမ လူတစ်ယောက်ကို သစ္စာဆိုကျောက်တုံး တစ်တုံး လာပို့ခိုင်းမည်ဟု ပြောလာခဲ့လေသည်။ ၎င်းကျောက်တုံးမှာ သက်တမ်း ကိုးရက်သာ ရှိသော သစ္စာဆိုလိပ်ပြာ၏ ရုပ်အလောင်းမှ ဖြစ်တည်လာခြင်း ဖြစ်သည်။
၎င်းမှာ အန္တာတိကတိုက်မှ လာသော လျှို့ဝှက်ဆန်းကြယ်အမျိုးအစား သားရဲတစ်မျိုး ဖြစ်သည်။ နှစ်စဉ် မတ်လတိုင်းတွင် ပိုးတုံးလုံးဘဝမှ ရုန်းထွက်လာကြပြီး မျိုးပွားခြင်းလုပ်ငန်းစဉ် ပြီးဆုံးသည်နှင့် သေဆုံးသွားကြသည်။
၎င်းတို့သည် ယေဘုယျအားဖြင့် ကိုးရက်ထက် ပို၍ အသက်မရှင်ကြချေ။ ၎င်းတို့၏ ရုပ်အလောင်းများမှာ ထူးဆန်းသော သစ္စာဆိုကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။ ၎င်းကို လက်တွင် ကိုင်ဆောင်ကာ ကတိသစ္စာပြုလိုက်ရုံဖြင့် ၎င်းကတိကို ကောင်းကင်တာအိုက မှတ်တမ်းတင်သွားမည် ဖြစ်သည်။ ကတိသစ္စာကို ချိုးဖောက်ရန် ကြိုးပမ်းမည့် မည်သည့်လုပ်ရပ်ကိုမဆို မဟာတာအိုက တိုက်ရိုက် တားဆီးပိတ်ပင်မည်ဖြစ်ရာ ၎င်း၏ အာနိသင်မှာ အလွန်ကောင်းမွန်လှသည်ဟု ဆိုနိုင်သည်။
သို့သော် ဤအရာမှာ အလွန်လည်း တန်ဖိုးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် အန္တာတိကတိုက်မှာ အလွန်ဝေးကွာလှပြီး သစ္စာဆိုလိပ်ပြာများကို ထိုနေရာတွင်သာ တွေ့ရသောကြောင့် ဖြစ်သည်။ ကျောက်တုံးတစ်တုံးလျှင် အနည်းဆုံး ငွေတစ်သန်းခန့် တန်ဖိုးရှိသည်။
ကျန်းဟန်က ငွေပေးချေရန် ဆန္ဒရှိသော်လည်း ဆရာမ ဝမ်ယိက သဘာဝအတိုင်းပင် ငြင်းပယ်ခဲ့ပြီး သူမတွင် ပိုက်ဆံမပြတ်လပ်ကြောင်းနှင့် နောက်တစ်ကြိမ် ဆုံမှသာ ထမင်းတစ်နပ် ကျွေးရန် ပြောခဲ့သည်။
ကျန်းဟန်လည်း စိတ်ထဲမထားတော့ပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဆရာမ ဝမ်ယိထံမှ အကြွေးများစွာ တင်ရှိနေပြီးသားဖြစ်ရာ ဤမျှလောက်ကတော့ ကိစ္စမရှိတော့ပေ။
ယနေ့သည် နိုဝင်ဘာလ ၅ ရက်နေ့ သို့ ရောက်ရှိနေပြီဖြစ်ရာ ကျောင်းက သွေးမျိုးဆက်ငှက်အုပ်စုကို လိုက်လံဖမ်းဆီးသည့်နေ့မှစ၍ နှစ်ရက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းဟန်သည် မူလက သွားရောက်ကြည့်ရှုချင်ခဲ့သော်လည်း ထိုအရာနှင့် နှိုင်းယှဉ်လျှင် သားရဲကုန်သည်ကို သတ်ပစ်ရန်က ပို၍ အရေးကြီးနေခဲ့သည်။
“လျန်ပင်း မင်းရဲ့ သားရဲက ဘာလဲ။”
အိမ်ပြန်လာစဉ် ကျန်းဟန်က မေးလိုက်သည်။
“မြွေစိမ်းလေးပါ။ ကြယ်နှစ်ပွင့် အလားအလာရှိပါတယ်။”
လျန်ပင်းက လက်ကမ်းပေးလိုက်ရာ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲမှ ကျောက်စိမ်းရောင် မြွေစိမ်းလေးတစ်ကောင်သည် နှင်းကဲ့သို့ ဖြူဆွတ်နေသော သူမ၏ လက်ဖဝါးပေါ်၌ ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ဝါးမြွေနှင့်မတူဘဲ အဆိပ်မရှိသည့်အပြင် သစ်သားဒြပ်စင် တစ်မျိုးတည်းသာ ရှိပြီး ၎င်း၏ ကြီးထွားမှု အလားအလာမှာလည်း အလွန်အမင်း နိမ့်ပါးလှသည်။
“ဒါဆို မင်းရဲ့ သားရဲထိန်းချုပ်သူ ပါရမီကကော ဘာလဲ။”
ကျန်းဟန်က ထပ်မံမေးမြန်းလိုက်သည်။
“ကျွန်မရဲ့ ပါရမီကိုတော့ ကျွန်မက မြှုပ်နှံခြင်းလို့ နာမည်ပေးထားပါတယ်။ သူ့ကို သားရဲ ဒဏ်ရာရရှိနေတဲ့ အချိန်မှာပဲ အသုံးပြုလို့ရပါတယ်။ အသုံးပြုပြီးရင် သေစေနိုင်တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခုကို တစ်ကြိမ် ကာကွယ်တားဆီးပေးနိုင်ပြီး သားရဲရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးလိမ့်မယ်။
အသက်သွေး နည်းလေလေ၊ တိုက်ခိုက်မှုကို ပိုပြီး တိုးမြင့်ပေးလေလေပါပဲ။ လောလောဆယ်အထိတော့ ကျွန်မ မစမ်းသပ်ရသေးတာမို့ အများဆုံး ဘယ်နှစ်ဆအထိ တိုက်ခိုက်မှုစွမ်းအား တိုးလာနိုင်မလဲဆိုတာ မသိသေးဘူး။”
လျန်ပင်းက ပြောလိုက်သည်။ သူမ၏ ဤသားရဲထိန်းချုပ်သူ ပါရမီမှာ အလွန်ပင် ထူးခြားဆန်းကြယ်ပြီး ယခင်က မည်သည့်နေရာတွင်မျှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ဖူးပေ။
သူမသည် တစ်ချိန်က ဤပါရမီကို အားကိုး၍ သူမအပေါ် ရင်းနှီးမြှုပ်နှံမည့်သူတစ်ဦးကို ရှာဖွေရန် ကြိုးပမ်းခဲ့ဖူးသော်လည်း သူမ၏ ပါရမီအကြောင်း သိရှိသွားကြပြီးနောက် မည်သူမျှ ရင်းနှီးမြှုပ်နှံရန် သဘောမတူခဲ့ကြပေ။
ဓားသွားပေါ်တွင် ကခုန်ရသကဲ့သို့ အန္တရာယ်များလှသော ဤကဲ့သို့သော စွမ်းရည်မျိုးသည် မတော်တဆမှုများ ဖြစ်ပွားရန် အလွန်လွယ်ကူပေသည်။ မတော်တဆတစ်ခုခု ဖြစ်သွားသည်နှင့် ရင်းနှီးမြှုပ်နှံထားသမျှ ငွေကြေးအားလုံးသည် ရေစုန်မျောသွားမည် ဖြစ်သည်။
ပြောရလျှင် ပိုင်ဟယ်ခရိုင်တွင် သူမသည် လမ်းပြပေးမည့် ဆရာကောင်းသမားကောင်းနှင့် မတွေ့ဆုံခဲ့ရပေ။ ထို့အပြင် လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာတွင် ရှိနေသဖြင့် သူမနှင့် အထက်တန်းလွှာတို့အကြား သတင်းအချက်အလက် အတားအဆီးတစ်ခု ရှိနေခဲ့သည်။ တစ်စုံတစ်ယောက်က စိတ်ဝင်စားလျှင်ပင် ၎င်းတို့ထံ မည်သို့ဆက်သွယ်ရမည်ကို သူမ သိရှိနိုင်မည် မဟုတ်ပေ။
အဆုံးသတ်တွင်မူ သူမသည် မတတ်သာဘဲ မြွေစိမ်းလေးတစ်ကောင်ကိုသာ အရင်ဆုံး စာချုပ်ချုပ်ဆိုခဲ့ရပြီး သားရဲမွေးမြူရေးဂေဟာတစ်ခုတွင် အလုပ်လုပ်ခဲ့ရပေသည်။