အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း ၂၁၄
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ကျန်ဟန်သည် မူလက သစ္စာဆိုကျောက်တုံးမှာ သုံးရက်မြောက်နေ့မှ ရောက်ရှိလာမည်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ဒုတိယမြောက်နေ့ မွန်းလွဲပိုင်းတွင်ပင် ရောက်ရှိလာခဲ့သည်။
ချောထုပ်ကို လက်ခံရရှိပြီးနောက် သူသည် လျန်ပင်းကို ခေါ်ဆောင်ကာ မနေ့က ၎င်းတို့ လေ့ကျင့်ခဲ့ကြသည့် တောအုပ်ဆီသို့ ထွက်ခွာခဲ့လိုက်ကြ၏။
ရောက်ရှိလာချိန်တွင် ကျန်းဟန်သည် ချောထုပ်ကို ဖွင့်ကြည့်လိုက်ရာ ၎င်းထဲ၌ လုံခြုံစွာ ထုပ်ပိုးထားသော ဝက်သစ်ချသား သေတ္တာတစ်လုံး ပါရှိနေသည်ကို တွေ့လိုက်ရလေသည်။
၎င်းကို ထပ်ဖွင့်လိုက်သည့်အခါ အလယ်ဗဟိုတွင် လက်သီးဆုပ်ခန့်ရှိပြီး လိပ်ပြာပုံစံ အဆင်တန်ဆာပါရှိသည့် ဖြူဆွတ်နေသော ကျောက်တုံးတစ်တုံး ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
၎င်းအပြင် သစ္စာဆိုကျောက်တုံး အသုံးပြုပုံ လမ်းညွှန်ချက်လက်စွဲစာအုပ်လည်း ပါရှိသေးသည်။ ဆရာမ ဝမ်ယိသည် တကယ့်ကို အသေးစိတ် ဂရုစိုက်တတ်သူတစ်ယောက်ပင်။ မည်သူမျှ ဟာကွက်ကို အခွင့်ကောင်းမယူနိုင်စေရန် သစ္စာဆိုမှုကို အသက်သွင်းခြင်းဆိုင်ရာ သတိပြုရမည့်အချက်များကိုလည်း ကျန်းဟန်အတွက် ရှင်းလင်းစွာ ရေးသားပေးထားခဲ့သည်။
ကျန်းဟန်သည် သူကိုယ်တိုင် ကြိုတင်ရေးဆွဲထားသော သစ္စာဆိုကတိစကားကို ကြည့်ရှုပြီး နေရာအနည်းငယ်ကို ပြင်ဆင်လိုက်ကာ လျန်ပင်းထံသို့ ကမ်းပေးလိုက်သည်။
“တစ်ချက် ကြည့်လိုက်ဦး။ ဒီမှာ ရေးထားတဲ့အချက်တွေအားလုံးကို မင်း လက်ခံနိုင်ရဲ့လား။ လက်ခံနိုင်တယ်ဆိုရင်တော့ သစ္စာဆိုကျောက်တုံးကို ကိုင်ပြီး သစ္စာဆိုလိုက်တော့။ ဒါ ပြီးသွားရင် မင်းလည်း လွတ်လပ်တဲ့သူ ဖြစ်သွားပြီ။”
လျန်ပင်းသည် သာမန်ကာလျှံကာ တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ပြဿနာမရှိကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆို သစ္စာဆိုလိုက်ကြစို့။ ငါလည်း ဒါကို တခြားနည်းလမ်းမရှိလို့ လုပ်ရတာမို့ မင်းအနေနဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။”
ကျန်းဟန်က လျန်ပင်းကို ကြည့်ကာ ပြောလိုက်သည်။ အကယ်၍ ယခုအချိန်တွင် ပိုင်လင်းသာ ပေါက်ကြားသွားပါက သူသည် ချက်ချင်းဆိုသလို လူအများအပြား၏ အာရုံစိုက်မှုကို ခံရမည့်သူ ဖြစ်လာမည်ဖြစ်ပြီး အလင်းတွင်သာမက အမှောင်ထဲတွင်ပါ အမျိုးမျိုးသော အင်အားစုများ၏ ဖိအားပေး ခြိမ်းခြောက်မှုများကို ခံရကာ ခဏချင်းအတွင်း၌ပင် အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပေသည်။
လျန်ပင်းက ခေါင်းငြိမ့်ပြလိုက်ပြီး သစ္စာဆိုကျောက်တုံးကို လှမ်းယူကာ သူမ၏ လက်ဖဝါးကို ဓားဖြင့် မွှန်းလိုက်၏။ သွေးများ စီးကျလာသည်ကို စောင့်ဆိုင်းကာ သစ္စာဆိုကျောက်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် သစ္စာဆိုကျောက်တုံးထံမှ အနီရောင် အလင်းတန်းများ ဖြာထွက်လာ၏။ ဟင်းလင်းပြင် ဝိညာဉ်ကမ္ဘာထဲတွင် အစွမ်းထက်သော နိယာမတရားတစ်ခု နှိုးဆွခံလိုက်ရသည့်အလား လျန်ပင်း၏ ခေါင်းထက်၌ လာရောက် စုစည်းလာခဲ့သည်။
“ကျွန်မ လျန်ပင်း ကိုယ့်ရဲ့ သွေးကို အသုံးပြုပြီး ကြီးမြတ်တဲ့ သစ္စာဆိုခြင်း နိယာမတရားကို ဖိတ်ခေါ်ပါတယ်။ ဤနိယာမတရားကို သက်သေအရာ တည်စေလျက် ဤကတိသစ္စာကို ပြုပါတယ်။
ကျန်းဟန်၊ မိုးကြိုးနဂါး ပိုင်လင်း၊ သားရဲ ဟုတ်ဟုတ်နဲ့ ပတ်သက်ပြီး ကျွန်မ သိရှိထားတဲ့ မည်သည့် လျှို့ဝှက်ချက်ကိုမဆို မည်သည့် တည်ရှိမှု၊ မည်သည့် အရာဝတ္ထုကိုမျှ ဘယ်သောအခါမှ ထုတ်ဖော်ပြောဆိုခြင်း ပြုမှာမဟုတ်ကြောင်း သစ္စာဆိုပါတယ်။
ဒါ့အပြင် ကျွန်မဟာ ကျန်းဟန်ရဲ့ သက်တော်စောင့်အဖြစ် လိုလိုလားလား ခံယူပြီး သူ့အတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်ပေးပြီး တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးသွားပါမယ်။ အကယ်၍ ကျွန်မ ဤကတိသစ္စာကို ချိုးဖောက်ခဲ့ရင် ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစ ကြေမွပျက်စီးပြီး စိတ်ဝိညာဉ်လည်း ထာဝရ ငရဲလားပါစေ။”
သစ္စာဆိုမှု ပြီးဆုံးသွားသည်နှင့်အမျှ သစ္စာဆိုကျောက်တုံးသည် သွေးရောင် စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ လျန်ပင်း၏ စိတ်ဝိညာဉ်အမျှင်တန်းလေးတစ်ခုကို ဆွဲယူသွားပြီး ပျောက်ကွယ်သွားတော့သည်။ ဤကဲ့သို့သော သစ္စာဆိုမှုမှာ အလွန်ထူးဆန်းလှပေသည်။ အမှန်တကယ် ကတိဖျက်ပါက ဘာဖြစ်မည်ဆိုသည့် စကားကို ပြောဆိုနေရန်ပင် မလိုအပ်ချေ။
အဘယ်ကြောင့်ဆိုသော် သင်သည် တမင်တကာဖြစ်စေ၊ မသိစိတ်ကြောင့်ဖြစ်စေ သစ္စာကတိကို ချိုးဖောက်ရန် စိတ်ကူးမိသည်နှင့် တစ်ပြိုင်နက် သစ္စာဆိုခြင်း နိယာမတရားက ၎င်းကို တားဆီးရန်အတွက် တိုက်ရိုက် သက်ရောက်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။
သူမအနေဖြင့် ကျန်းဟန်တွင် စစ်မှန်သော နဂါးတစ်ကောင် ရှိနေသည့်အချက်ကို ဖွင့်ဟပြောဆိုရန် ကြံစည်လိုက်သည်နှင့် သူမ၏ ပါးစပ်ကို ဖွင့်၍မရခြင်း သို့မဟုတ် စကားလုံးများ ထွက်မလာခြင်းတို့ကို ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ သင်သည် နိယာမတရားထက် ပိုမိုအစွမ်းမထက်သရွေ့ ဤကဲ့သို့သော လုပ်ရပ်မှန်သမျှကို တားဆီးခြင်း ခံရမည် ဖြစ်သည်။
ထို့ကြောင့် ကတိဖျက်ပါက အပိုင်းပိုင်းပြတ်ပါစေဟူသော ကြုံးဝါးချက်များမှာ လုံးဝ မလိုအပ်သော အရာများ ဖြစ်သည်။ သစ္စာဆိုခြင်း နိယာမတရား တည်ရှိနေသရွေ့ သင်သည် ကတိကို လုံးဝ ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
“ဘာလို့ ငါပေးတဲ့စာအတိုင်း မဖတ်တာလဲ။ ဘာဖြစ်လို့ မင်းဘာသာမင်း အပိုဒ်တစ်ခု ထပ်တိုးလိုက်ရတာလဲ။”
ကျန်းဟန်သည် မကျေမနပ်ဖြစ်နေဟန်ဖြင့် လျန်ပင်းကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
သူမထံ ပေးခဲ့သော စာရွက်ထဲတွင် လျန်ပင်းသည် သူ၏ သက်တော်စောင့်ဖြစ်လာပြီး တစ်သက်လုံး ကာကွယ်ပေးမည်ဟူသော အချက်များ လုံးဝ ပါဝင်ခြင်းမရှိချေ။ နောက်ဆုံးစာကြောင်းမှာ သူမဘာသာ တိုက်ရိုက် ထည့်သွင်းသွားခြင်း ဖြစ်သည်။
“တောင်းပန်ပါတယ်...”
လျန်ပင်းက ခေါင်းငုံ့ကာ တောင်းပန်လိုက်ပြီးနောက် ခြင်တစ်ကောင်၏ အော်သံကဲ့သို့ တိုးညှင်းသော အသံဖြင့် ထပ်မံပြောဆိုလိုက်သည်။
“ဒါပေမယ့် ကျွန်မအတွက် ဒီကမ္ဘာပေါ်မှာ မိသားစုတစ်ယောက်မှ မကျန်တော့ဘူး။ သစ္စာဆိုပြီးသွားရင် မောင်းထုတ်ခံလိုက်ရမှာကို ကျွန်မ မလိုလားဘူး။ ကျွန်မ ရှင့်နောက်ကိုပဲ လိုက်ချင်တယ်။ ရှင့်ရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ပါတယ်။”
ကျန်းဟန်သည် မိမိရှေ့ရှိ မိန်းကလေးကို ကြည့်ကာ အနည်းငယ် ဆွံ့အသွားရသည်။
“မင်း သစ္စာဆိုပြီးရင် ငါ မင်းကို မောင်းထုတ်မယ်လို့ ငါ ပြောခဲ့လို့လား။”
မိန်းကလေးမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်ပြောလိုက်၏။
“ကျွန်မ ရှင့်ကို ယုံကြည်ပါတယ်။ ဒါပေမယ့် ရှင်က ကျွန်မအပေါ် မယုံကြည်ရဲမှာကို ကျွန်မ စိုးရိမ်မိတယ်။ ဒီလိုမျိုး လုပ်မှသာ ရှင် စိတ်အေးသွားလိမ့်မယ်လို့ ကျွန်မ တွေးမိလို့ပါ။”
ကျန်းဟန်က သူမကို ကယ်တင်ပေးခဲ့ခြင်းဖြစ်ပြီး သူသည်သာ ဤကမ္ဘာပေါ်တွင် သူမ ယုံကြည်ကိုးစားနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သစ္စာဆိုခြင်းအားဖြင့် ဖြစ်စေဦးတော့ သူမသည် ကျန်းဟန်၏ ယုံကြည်မှုကို ရယူပြီး သူ၏ဘေးနားတွင် ဆက်ရှိနေချင်ခဲ့သည်။
သူမ၏မောင်လေး သေဆုံးပြီးနောက် သုံးရက်တာအတွင်း သူမသည် ရေတွက်မရနိုင်အောင် များပြားသော လူများထံ သွားရောက် အကူအညီတောင်းခံခဲ့၏။ သူမ အလုပ်လုပ်ခဲ့သည့် သားရဲမွေးမြူရေးခြံမှ သူဌေးကိုလည်းကောင်း၊ သူမ၏ အတန်းဖော်ဟောင်းများနှင့် ဆရာ၊ ဆရာမများကိုလည်းကောင်း၊ ထိုမိတ်ဆွေများနှင့် ဆွေမျိုးများကိုလည်းကောင်း၊ ရဲတပ်ဖွဲ့ကိုလည်းကောင်း အားလုံးကို လိုက်လံတောင်းပန်ခဲ့သော်လည်း ဤကျယ်ပြောလှသော ကမ္ဘာကြီးထဲတွင် သူမကို ကူညီချင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
သူမ စိတ်ပျက်အားငယ်စွာဖြင့် ငိုကြွေးနေချိန်တွင် ကျန်းဟန်တစ်ယောက်သာလျှင် သူမ၏ပုခုံးကို ပုတ်ပေးခဲ့ပြီး ကလဲ့စားချေခြင်းက အလွန်ရိုးရှင်းကြောင်း ပြောပြခဲ့၏။ နောက်ဆုံးတွင် သူမ၏မောင်လေးကို သတ်ခဲ့သည့် လူသတ်သမား သူမ၏မျက်စိရှေ့မှောက်၌ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို စောင့်ကြည့်ခွင့်ပေးခဲ့သည်။
ကျန်းဟန်တွင် သူ၏ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိနေပြီး သူမအတွက် ကလဲ့စားချေပေးခြင်းက လမ်းကြုံသက်သက်သာ ဖြစ်သော်လည်း ထိုအချိန်က သူမအတွက်မူ ထိုအရာက တစ်ခုတည်းသော ကယ်တင်ခြင်း ဖြစ်ခဲ့ရုံသာမကခဲ့ပေ။
“ထားလိုက်ပါတော့။ မင်းသဘောအတိုင်းသာ လုပ်တော့။”
ကျန်းဟန်က သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ သစ္စာကတိကလည်း ဆိုပြီးသွားပြီဖြစ်ရာ သူ အခြားဘာများလုပ်နိုင်ဦးမည်နည်း။
အမှန်တော့ သူသည် လျန်ပင်းကို သည်အတိုင်း တိုက်ရိုက်လွှတ်ပေးလိုက်ရန် မရည်ရွယ်ခဲ့ပေ။ သူမကို လေ့ကျင့်ပျိုးထောင်ပေးရန် စိတ်ကူးရှိပြီးသား ဖြစ်သည်။
ထို့အပြင် သစ္စာဆိုခြင်းဟူသော အရာသည်လည်း ဖျက်ဆီး၍မရနိုင်သော နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကနဦးစိတ်ကူးမှာ လျန်ပင်းကို သင့်တော်သော နေရာတစ်ခုတွင် ထားခဲ့ရန်ပင်။ ဥပမာအားဖြင့် စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့ ထံတွင် ဖြစ်သည်။
ဤနည်းအားဖြင့် သူမကို လေ့ကျင့်ပေးနိုင်ရုံသာမက သူမ၏ သွားလာလှုပ်ရှားမှုများကိုလည်း သွယ်ဝိုက်သောနည်းဖြင့် စောင့်ကြည့်သိရှိနိုင်မည်ဖြစ်သည်။
ယခုမူ ထိုသို့ပြုလုပ်ရန် လုံးဝမလိုတော့ဘဲ ဘေးတွင် ကပ်ပါလာသူတစ်ဦး ပိုတိုးလာရုံသာ ရှိတော့သည်။
“မစိုးရိမ်ပါနဲ့။ ကျွန်မ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်မှာပါ။ ရှင့်ကို နောက်ထပ် ဒုက္ခမပေးတော့ပါဘူး။”
လျန်ပင်းက ထပ်ပြောလိုက်သည်။
“အဲအကြောင်းတွေ ထပ်မပြောနဲ့တော့။ ငါနဲ့ လိုက်ခဲ့။ မင်းကို နေရာတစ်ခုကို ခေါ်သွားပေးမယ်။”
ကျန်းဟန်က ခေါင်းခါရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့။”
လျန်ပင်းက အလျင်အမြန်ပင် နောက်မှ လိုက်သွားခဲ့လိုက်သည်။
“ကျွန်မတို့ တောထဲကို စွန့်စားခန်းသွားကြမလို့လား။”
လျန်ပင်းက ပိုမိုကြမ်းတမ်းလာသော ပတ်ဝန်းကျင်ကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ ဤသည်မှာ သူမအနေဖြင့် တောနက်ထဲသို့ ယခုကဲ့သို့ နက်နက်ရှိုင်းရှိုင်း ရောက်ရှိဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျန်းဟန် ရှိနေသောကြောင့် သူမ မကြောက်ရွံ့ခဲ့ပေ။
“မဟုတ်ဘူး။ ငါတို့ တောတွင်းဈေးကွက်ကို သွားနေတာ။”
ကျန်းဟန်က ဆိုသည်။
နောက်ဆုံးတွင် သူတို့သည် မမှောင်ခင် တောတွင်းဈေးကွက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြ၏။
ကျန်းဟန်သည် လျန်ပင်းကို ခေါ်ဆောင်လျက် စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့၏ သစ်လုံးအိမ်ငယ်လေးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
“အစ်မ ရှောင်ယွဲ့...မတွေ့ရတာ ကြာပြီနော်။”
ကျန်းဟန်က ပြုံးကာ နှုတ်ဆက်လိုက်သည်။
စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့သည် ခေါင်းကိုမော့ကာ ကျန်းဟန်ကို ကြည့်ပြီးနောက် သူ၏နောက်က လျန်ပင်းကိုလည်း တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“မတွေ့ရတာ ကြာပြီပဲ။ ဒါက မင်းရဲ့ အတန်းဖော်လား။”
“မဟုတ်ပါဘူး။ ကျွန်မက ကျန်းဟန်ရဲ့ သက်တော်စောင့်ပါ။”
လျန်ပင်းက သူမဘာသာ စတင်၍ ဝင်ရောက်ပြောဆိုလိုက်သည်။
“သက်တော်စောင့်လား။”
စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့က စူးစမ်းလိုသော အမူအရာတစ်ခုကို ပြသလိုက်၏။
“သူမက ကျွန်တော့်ရဲ့ ပါတနာပါ။ သက်တော်စောင့် မဟုတ်ပါဘူး။”
ကျန်းဟန်က လျန်ပင်းနှင့် မည်သို့ဆုံတွေ့ခဲ့ပုံ အဆင့်ဆင့်ကို စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့အား ရှင်းပြပေးလိုက်သည်။
“မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ။”
လျိုယွဲ့သည် နားထောင်ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
သူမသည် ထိုခံစားချက်ကို ကိုယ်ချင်းစာမိပုံရပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားပုံရသည်။
ထို့နောက်တွင် သူမသည် လျန်ပင်းထံသို့ လျှောက်လှမ်းသွားကာ သူမ၏ ပုခုံးကို ညင်သာစွာပုတ်ရင်း နူးညံ့စွာ ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့။ အရာအားလုံး ပိုကောင်းလာမှာပါ။”
“ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း အဲဒီလိုပဲ ယုံကြည်ပါတယ်။”
လျန်ပင်းက ခေါင်းညိတ်လိုက်သည်။
သူမအနေဖြင့် ကျန်းဟန်၏နောက်သို့ လိုက်ပါရခြင်းဖြင့် အရာအားလုံး ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ခံစားရပေသည်။
“ငါ မိတ်ဆက်ပေးမယ်။ ဒါက အစ်မ ရှောင်ယွဲ့ပဲ။ ငါတို့ သိကျွမ်းခဲ့ကြတာ သိပ်မကြာသေးပေမဲ့ သူမက ငါ့အပေါ်မှာ အစ်မအရင်းတစ်ယောက်ထက်တောင် ပိုကောင်းတယ်။ ဒါ့အပြင် သူမက စီနီယာ သားရဲမွေးမြူရေးပညာရှင်တစ်ယောက်လည်း ဖြစ်တာမို့ မင်း ဒီမှာ အားနာနေစရာ မလိုပါဘူး။”
ကျန်းဟန်က စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့နှင့် ထပ်မံ၍ မိတ်ဆက်ပေးလိုက်သည်။
“စီနီယာ သားရဲမွေးမြူရေးပညာရှင်တစ်ယောက်...ပြီးတော့ ဒီလောက်တောင် ငယ်သေးတာလား။”
လျန်ပင်း တစ်ယောက် အလွန်အမင်း တုန်လှုပ်အံ့ဩသွားရ၏။ သူမရှေ့ကလူသည် အမှန်တကယ်ပင် စီနီယာ သားရဲမွေးမြူရေးပညာရှင်တစ်ဦး ဖြစ်နေသည့်အပြင် အလွန်လည်း ရင်းနှီးပွင့်လင်းမှု ရှိနေသည်မဟုတ်ပါလော။
သူမ ယခင်က အလုပ်လုပ်ခဲ့ဖူးသည့် သားရဲမွေးမြူရေးခြံက မွေးမြူရေးပညာရှင်ဆိုလျှင် အခြေခံအဆင့်မျှသာ ရှိသော်လည်း အလွန်ပင် မောက်မာလှသည်။ သူတို့ဌေးပင်လျှင် ထိုသူ့ကို စကားတစ်ခွန်းမှ မကျေမနပ် မပြောရဲဘဲ အလုပ်သင်များမှာလည်း နေ့တိုင်း ဆဲဆိုနှိမ်ချခြင်းကို ခံခဲ့ကြရသည်။
ယခုကဲ့သို့ နူးညံ့သိမ်မွေ့သော စီနီယာ သားရဲမွေးမြူရေးပညာရှင်တစ်ဦးနှင့် တွေ့ဆုံရသောအခါ သူမကိုယ်သူမ အိပ်မက်မက်နေသည်ဟုပင် ခံစားလိုက်ရသည်။
“နောင်ကျရင် ညီမလေးရဲ့ သားရဲတွေအတွက် သီးသန့်မွေးမြူရေးလမ်းညွှန်စာအုပ်တွေ လိုအပ်လာရင် အစ်မဆီကို လာခဲ့ချေ။ အစ်မ အလကား လုပ်ပေးမယ်။”
စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့က ပြုံးကာ ပြောလိုက်သည်။ ချီးကျူးစကား အပြောခံရလျှင် မည်သူမဆို မနှစ်သက်ဘဲ မနေနိုင်ကြပေ။
ခဏတာ စကားစမြည်ပြောဆိုပြီးနောက် ကျန်းဟန်က ထပ်မံမေးမြန်းလိုက်သည်။
“အစ်မ ရှောင်ယွဲ့ ကျွန်တော့်ရဲ့ ဆေးရည်ကော အဆင်သင့်ဖြစ်ပြီလား။”
“ဖြစ်ပြီပေါ့။ အားလုံး ဓာတ်ခွဲခန်းထဲမှာ ရှိတယ်။”
စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် ဆက်မေးသည်။
“မင်းကောင်လေး...အခုတလော လူတွေကို လိုက်ပြီး လုယက်နေတာတော့ မဟုတ်ပါဘူးနော်။ မင်း တော်တော်လေး လက်ဖွာနေတယ်။”
သူမသည် သဘာဝအတိုင်း ကျန်းဟန်က မွေးမြူရေးဆေးရည်၏ အရည်အသွေးကို ထပ်မံမြှင့်တင်လိုက်ခြင်းကို ဆိုလိုနေခြင်းဖြစ်သည်။ သားရဲနှစ်ကောင်တည်းအတွက် တစ်လစာဆေးရည်ဖော်စပ်ခကို ငါးသန်းအထိ သုံးစွဲခြင်းမျိုးမှာ နောက်ခံအသိုင်းအဝိုင်းကြီးမားသော ပါရမီရှင် တစ်ယောက်သာလျှင် သုံးစွဲနိုင်သည့် ပမာဏမျိုး ဖြစ်သည်။
“ဟီးဟီး...ဒါက လျှို့ဝှက်ချက်ပဲ။”
ကျန်းဟန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ဖွင့်ဟပြောဆိုခြင်း မပြုခဲ့ပေ။