အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း ၂၁၅
ကျန်းဟန်က ပြောပြောဆိုဆိုဖြင့် အခန်းထဲသို့ ဝင်သွားကာ ဆေးရည်များကို ထုတ်ယူလိုက်ပြီး သိုလှောင်သေတ္တာတစ်ခုထဲသို့ ထည့်ကာ ထုပ်ပိုးလိုက်သည်။
စုစုပေါင်း ဆေးရည် ပုလင်းတစ်ရာ့ရှစ်ဆယ် ရှိပြီး ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့က တစ်နေ့လျှင် သုံးပုလင်းစီ သောက်သုံးမည်ဆိုပါက တစ်လစာ အတိအကျပင် ဖြစ်သည်။
ဤဆေးရည်များအားလုံးမှာ အဆင့် ၃ အကန့်အသတ်ဆေးရည်များဖြစ်ပြီး အဆင့် ၄ ဝိညာဉ်အပင်များနှင့် ဝိညာဉ်ပုံဆောင်ခဲများကိုလည်း ထပ်လောင်းထည့်သွင်းထားသောကြောင့် အလွန်တရာ သန့်စင်လှသည်။
“ကျန်းဟန် ဝိုင်နည်းနည်းလောက် သွားဝယ်ခဲ့။ ငါတို့ ဒီည အောင်ပွဲခံကြမယ်။”
ကျန်းဟန် ဆေးရည်များကို ယူလာပြီးနောက် လျိုယွဲ့က ထပ်ပြောလိုက်သည်။
“မလိုပါဘူး။ ကျွန်တော့်ဆီမှာ အစ်မ ရှောင်ယွဲ့ကို ကျေးဇူးတင်တဲ့အနေနဲ့ သီးသန့်ဖော်စပ်ထားတဲ့ ဆီးသီးစိမ်းဝိုင် ရှိတယ်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်၏။ ထို့နောက် သူသည် သိုလှောင်သေတ္တာထဲမှ ဝိုင်နှစ်ပုလင်းကို ထုတ်ယူလိုက်တော့သည်။
ဝိုင်ပုလင်းထဲတွင် အဆင့် ၃ မိုးကြိုးမုန်တိုင်း ဆီးသီးစိမ်းများကို စိမ်ထားခြင်းဖြစ်ပြီး သောက်သုံးလိုက်သည့်အခါ ထူးခြားသော တဆစ်ဆစ် ကျဉ်စိမ့်သည့် ခံစားချက်ကို ပေးစွမ်းနိုင်ကာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသည်။
“ဒါက တော်တော်ကောင်းမယ့်ပုံပဲ။”
လျိုယွဲ့က အံ့ဩသွားသည့် အမူအရာတစ်ခုကို ပြသလိုက်၏။ သူမသည် ဝိုင်ပုလင်းကို ယူ၍ အနံ့ခံကြည့်လိုက်ပြီး ဝိုင်မှာ အဆင့်မြင့်ကြောင်း အရိပ်အယောင်ပြလိုက်သည်။ မည်သို့ပင်ဆိုစေ ကျန်းဟန်က အတော်လေး အလိုက်သိတတ်နေသည်ဖြစ်ရာ သူမအနေဖြင့် သူ့အပေါ်တွင် ယခုကဲ့သို့ ကောင်းမွန်ပေးခဲ့ရခြင်းမှာ အလဟဿ မဖြစ်ခဲ့ပေ။
ဝိုင်ပုလင်းကို ချလိုက်ပြီးနောက် လျိုယွဲ့က လျန်ပင်းကို ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ သားရဲကို ထုတ်လိုက်ပါဦး။ ငါ ကြည့်ရအောင်။ မင်းအတွက် သီးသန့်မွေးမြူရေးလမ်းညွှန်စာအုပ်တစ်အုပ် ငါ ရေးဆွဲပေးမယ်။”
လျန်ပင်းက ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူ၏ ခေါင်းညိတ်လက်ခံမှုကို ရရှိပြီးမှသာ သူမ၏ သားရဲကို ထုတ်ယူလိုက်တော့သည်။
“မင်းရဲ့ ဒီသားရဲက အလေး ထူးဆန်းတာပဲ။ ငါ တကယ်ပဲ တစ်ခါမှ မမြင်ဖူးဘူး။ ကြည့်ရတာ သတ္တုနဂါးရဲ့ သွေးမျိုးဆက် ရှိနေပုံပဲ။”
လျိုယွဲ့သည် ရွှေရောင်စပါးအုန်းမြွေကို တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းတွင် နဂါးသွေးမျိုးဆက် ရှိနေကြောင်းကို ချက်ချင်းပင် သိရှိသွားခဲ့သည်။
“ဟုတ်ကဲ့...ကျွန်မ သူ့ကို ရွှေရောင်စပါးအုန်းမြွေလို့ နာမည်ပေးထားတယ်။ အဲဒီတုန်းက သူ့ကို တောထဲမှာ တွေ့ခဲ့တာပါ။ အစကတော့ သူက မြွေစိမ်းလေးတစ်ကောင်ပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ ရုတ်တရက်ကြီး သွေးမျိုးဆက် ပြောင်းလဲသွားခဲ့တာပါ။”
လျန်ပင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အရမ်းကောင်းတဲ့ သားရဲလေးပဲ။ သူ့ကို ကောင်းကောင်းစောင့်ရှောက်ပါ။ နောင်တစ်ချိန်မှာ သူက ရေနဂါးအဖြစ် ပြောင်းလဲသွားနိုင်တယ်။”
လျိုယွဲ့က လျန်ပင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် သွေးဖောက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို တိုင်းတာခြင်း စသည့် အသေးစိတ်စစ်ဆေးမှုများကို စတင်ပြုလုပ်ခဲ့သည်။
တိုင်းတာစစ်ဆေးမှုများ ပြီးဆုံးသွားသောအခါ ညစာစားရန် အချိန်နီးကပ်နေပြီ ဖြစ်သည်။ ထိုအခါ လျိုယွဲ့က လက်ခုပ်တီးကာ ပြောလိုက်၏။
“အရင်ဆုံး ထမင်းစားကြရအောင်။ ငါ ဒီဉ မင်းအတွက် မွေးမြူရေးအစီအစဉ် ရေးပေးမယ်။ မနက်ဖြန်မနက်ကျရင်တော့ မင်းကို ပေးနိုင်မှာပါ။”
“အရမ်းကောင်းတာပဲ။ အများကြီး ကျေးဇူးတင်ပါတယ်...စီနီယာ လျိုယွဲ့။”
လျန်ပင်းက အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဒါက ကိစ္စအသေးအဖွဲလေးပါ။ ငါ့အတွက် အချိန်နည်းနည်း ပေးရရုံပဲ။”
လျိုယွဲ့က လက်ကာပြရင်း ဤအရာက သူမအတွက် မပြောပလောက်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ကြောင်း အရိပ်အယောင်ပြလိုက်သည်။
“စားကြရအောင်။ ညစာ အဆင်သင့်ဖြစ်နေပြီ။”
ကျန်းဟန်က ဗိုက်ဆာလာသဖြင့် သူ၏ဗိုက်ကို ပွတ်ရင်း ပြောလိုက်သည်။
“အင်း...။”
မကြာမီ သူတို့သုံးဦးစလုံးသည် အိမ်နောက်ဖေးရှိ သုတေသနဥယျာဉ်ထဲမှ ဂင်ဂိုသစ်ပင်အောက်သို့ ရောက်ရှိလာခဲ့ကြ၏။ ဤလတွင် ဂင်ဂိုသစ်ပင်၏ အရွက်များမှာ ရွှေရောင်ဝင်းနေကြပြီဖြစ်သည်။
အရွက်များမှာ မြေပြင်ပေါ်သို့ ကြွေကျလျက် ရွှေရောင်ကော်ဇောကြီး ခင်းထားသကဲ့သို့ ရှိနေသည်။ ထိုအပင်အောက်၌ ဟော့ပေါ့ စားရခြင်းမှာ ထူးခြားသော ဆွဲဆောင်မှုတစ်မျိုး ရှိနေပေသည်။
“ဟင်း...မင်းရဲ့ ဒီဆီးသီးစိမ်းဝိုင်က တော်တော်လေး ကောင်းသားပဲ။”
လျိုယွဲ့သည် ကျန်းဟန် ဖော်စပ်ထားသော ဆီးသီးစိမ်းဝိုင်ကို တစ်ငုံသောက်ကြည့်ပြီး ချီးကျူးလိုက်သည်။
“ဒါကတော့ သဘာဝအတိုင်းပဲပေါ့။ ကျွန်တော် အစ်မ ရှောင်ယွဲ့ကို ဖားဖို့အတွက် သီးသန့်ယူလာတာလေ။ အစ်မ ရှောင်ယွဲ့နဲ့ ပြန်တွေ့ရတာ တကယ်ကို ဝမ်းသာစရာပဲ။ ကျွန်တော် အစ်မကို ခွက်မြှောက်ပြီး ဂုဏ်ပြုပါရစေ။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။ သူသည် သာမညပင်လယ်တွင် လျိုယွဲ့ကို ကူညီခဲ့ဖူးသော်လည်း သူမ အမှန်တကယ် အပြင်သို့ ပြန်လည်ထွက်ခွာလာနိုင်မလားဆိုသည်ကိုမူ ထိုစဉ်က သေချာမသိခဲ့ပေ။
ယခုအခါ သူမ သက်ရှိထင်ရှား ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူသည်လည်း သဘာဝအတိုင်း အလွန်ဝမ်းမြောက်နေမိသည်။
“မင်းကတော့ တကယ်ကို စကားချိုချိုလေးတွေ ပြောတတ်တာပဲ။”
လျိုယွဲ့က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း သူမ၏ အမူအရာက ထိုချီးကျူးမှုကို သဘောကျနှစ်ခြိုက်နေကြောင်း ပြသနေခဲ့သည်။ သူမသည် သူနှင့် ခွက်ချင်းတိုက်လိုက်ပြီး တစ်ငုံတည်းဖြင့် အကုန်မော့ချလိုက်တော့သည်။
သဘာဝကျစွာပင် သူတို့နှစ်ဦးစလုံးသည် လျန်ပင်းကို ပစ်ပယ်မထားခဲ့ကြဘဲ အလွန်ပင် ဂရုတစိုက်ရှိကြသည်။
လျန်ပင်းသည် စားပွဲပေါ်ရှိ အမျိုးမျိုးသော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားများကို မြင်သောအခါ စားရန်ပင် အနည်းငယ် တွန့်ဆုတ်နေ၏။ အကြောင်းမှာ ဤအရာများအားလုံးသည် အဆင့်မြင့် ဝိညာဉ်အပင်များဖြစ်နေကြောင်း သူမ သတိပြုမိသွားသောကြောင့် ဖြစ်သည်။
မုန်ညင်းဖြူနှင့် နံနံပင်တို့မှာ အဆင့် ၁ ဝိညာဉ်အပင်များ ဖြစ်ကြပြီး ခရမ်းချဉ်သီးများမှာမူ အဆင့် ၃ ပင်ဖြစ်နေကာ သူတို့စားနေကြသည့် ဓားငါးနှင့် ဆေဘာငါးများသည်လည်း အဆင့် ၃ သားရဲများ ဖြစ်ကြသည်။
အထူးသဖြင့် အမဲသားဆိုလျှင် အဆင့် ၄ သားရဲဖြစ်သည့် ရွှေရောင်နွား၏ အသားဖြစ်သည်။ ပင်လယ်စာအများစုမှာလည်း အဆင့်မြင့် အရာများ ဖြစ်ကြသည်။
ယခင်က သူမသည် သာမန်ဆန်နှင့် ခေါက်ဆွဲများကိုသာ စားခဲ့ရပြီး ယခုကဲ့သို့ အဆင့်မြင့် ပစ္စည်းများကိုမူ များသောအားဖြင့် ပိုက်ဆံရရန်အတွက်သာ ရောင်းချလေ့ရှိကြောင်း သိထားရမည်ဖြစ်သည်။
“အားနာမနေနဲ့။ အစ်မ ရှောင်ယွဲ့က စီနီယာ သားရဲမွေးမြူရေးပညာရှင်တစ်ယောက်ပဲ။ ဒီဟာတွေက သူ့ရဲ့ သုတေသနဥယျာဉ်ထဲမှာ အလွတ်သဘော စိုက်ပျိုးထားတာတွေပဲမို့လို့ မင်း စိတ်ကြိုက်သာ စားလိုက်ပါ။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ် ညီမလေး။ လူသားတွေရဲ့ ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်မစုပ်ယူနိုင်ဘူးဆိုပေမဲ့ ဒီလို အဆင့်မြင့် ဝိညာဉ်အပင်တွေက ထူးခြားတဲ့ ဆေးဖက်ဝင်အာနိသင်တွေ ရှိနေတုန်းပဲမို့လို့ ခန္ဓာကိုယ်ကို သန်မာစေတယ်။”
လျိုယွဲ့ကလည်း ပြုံးကာ ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ။”
လျန်ပင်းက ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ တူကို မြှောက်လိုက်တော့သည်။ မုန်ညင်းဖြူကို တစ်လုပ်စားပြီးနောက် သူမ၏မျက်နှာတွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး နောက်ထပ်တစ်လုပ်ကို မစားဘဲ မနေနိုင်တော့ပေ။
“အရသာရှိတယ် မဟုတ်လား။ ငါလည်း အဲဒါကို ပထမဆုံးအကြိမ် စားတုန်းက ဒီလိုမျက်နှာအမူအရာမျိုး ဖြစ်ခဲ့ရတာပဲ။”
ကျန်းဟန်က ပြုံးကာ ပြောသည်။
လျန်ပင်းက ခေါင်းညိတ်ပြလိုက်ပြီး မကြာမီမှာပင် သူမ၏ ပါးစပ်သေးသေးလေးမှာ မရပ်မနား စားသောက်တော့လေသည်။
ရွှေရောင် ပင်ဂိုသစ်ပင်၏ အရွက်များမှာ ရွှေရောင်မိုးပွင့်များကဲ့သို့ ရံဖန်ရံခါ လွင့်ပျံကြွေကျနေ၏။
ဆန်းကြယ်သည်မှာ ထိုရွှေရောင်မိုးပွင့်များက စားပွဲနှင့် ဝေးရာတွင်သာ ရှိနေခြင်းပင် ဖြစ်သည်။
ဤသည်မှာ သဘာဝတရား၏ ဖန်တီးမှုကြောင့် မဟုတ်ဘဲ လျိုယွဲ့၏ စိတ်ဝိညာဉ်စွမ်းအင်ကြောင့် ဖြစ်သည်။
ယခုကဲ့သို့သော ပတ်ဝန်းကျင်နှင့် အရသာရှိသော အစားအစာများကြောင့် သူတို့သုံးဦးစလုံး အလွန်ပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။
လျန်ပင်းသည်လည်း ဤနွေးထွေးသော လေထုကြောင့် စိတ်ဒဏ်ရာများ သက်သာရာရရှိလာခဲ့ပြီး ပျော်ရွှင်စရာ ခံစားချက်ထဲ၌ စီးမျောဝင်ရောက်သွားခဲ့ရလေသည်။
ညစာစားပြီးနောက် လျိုယွဲ့သည် သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ စက္ကန့်ပိုင်းအတွင်း အရာအားလုံးကို ရှင်းလင်းသိမ်းဆည်းလိုက်၏။
၎င်းက ကျန်းဟန်ကို အလွန်အမင်း အားကျသွားစေခဲ့လေသည်။
စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ခြင်းက တကယ့်ကို အစွမ်းထက်လွန်းလှ၏။ သူကမူ စိတ်ဝိညာဉ်စွမ်းအင်ကို အပြင်သို့ မနည်းထုတ်လွှတ်နေနိုင်ရုံမျှသာ ရှိသေးပြီး အရာဝတ္ထုများကို ထိန်းချုပ်နိုင်ရန်အတွက် အနည်းဆုံး အာရုံလေးပါးစလုံး အပြည့်အဝ ပွင့်လင်းလာရန် လိုအပ်ပေသည်။
ညစာစားပြီးနောက် လျိုယွဲ့က လျန်ပင်းအတွက် အခန်းတစ်ခန်း စီစဉ်ပေးခဲ့သည်။ ကျန်းဟန်နှင့် ဆရာမ ဝမ်ယိတို့၏ အခန်းများကိုမူ မူလအတိုင်း ထားရှိထားပြီး မည်သူမျှ မထိတွေ့ခဲ့ကြပေ။
“ဒေါက်...ဒေါက်...”
“ငါ ဝင်ခဲ့လို့ ရလား။”
လျန်ပင်းကို နေရာချပေးပြီးနောက် လျိုယွဲ့သည် ကျန်းဟန်၏ အခန်းတံခါးကို ခေါက်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်၏။
“ရတာပေါ့။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
လျိုယွဲ့သည် ချက်ချင်းပင် အထဲဝင်လာပြီး သူမ၏နောက်က တံခါးကို ပြန်ပိတ်လိုက်၏။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်၍ စိတ်ဝိညာဉ်ကာကွယ်ရေးအတားအဆီးတစ်ခုကို ဖန်တီးလိုက်တော့သည်။
ထို့နောက် သူမသည် ဆံပင်ကို အနောက်သို့ သပ်တင်လိုက်ပြီး တောက်ပသော အပြုံးတစ်ခုဖြင့် ကျန်းဟန်ထံသို့ လျှောက်လှမ်းလာခဲ့သည်။
“အစ်မ ရှောင်ယွဲ့ အစ်မ ဘာလုပ်မလို့လဲ။”
ကျန်းဟန်သည် နောက်သို့ တရွေ့ရွေ့ ဆုတ်နေခဲ့သော်လည်း မကြာမီမှာပင် ဆုတ်စရာနေရာ မရှိတော့ဘဲ နံရံတွင် ကပ်သွားတော့သည်။
လျိုယွဲ့က စကားမပြောဘဲ ဒုန်းခနဲမြည်အောင် ကျန်းဟန်ကို နံရံတွင် ကပ်လျက် တွန်းကပ်လိုက်ပြီး သူမ၏ဦးခေါင်းကို သူ၏လည်ပင်းနားသို့ တိုးကပ်ကာ အသက်ပြင်းပြင်း နှစ်ချက် ရှူလိုက်လေသည်။
“ဟင်း...ရင်းနှီးနေတဲ့ အငွေ့အသက်ပဲ။ ကြည့်ရတာ ငါ ထင်တာ မမှားဘူးပဲ။”
“ဘာကို မမှားတာလဲဗျာ။ အစ်မ ရှောင်ယွဲ့... အစ်မ ဒီလို ဆက်လုပ်နေရင် ကျွန်တော် အော်တော့မှာနော်။ ကျွန်တော်က သိက္ခာရှိတဲ့လူတစ်ယောက်ပဲ။ အစ်မ ရှောင်ယွဲ့ကို ဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး။”
ကျန်းဟန်က လက်မတင် အကွာအဝေးလေးတွင် ရှိနေသော လျိုယွဲ့ကို ကြည့်ကာ ဖြောင့်မတ်တည်ကြည်သော လူကြီးလူကောင်းတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်သည်။
လျိုယွဲ့၏ ကိုယ်သင်းနံ့နှင့် သူမ၏နှုတ်ခမ်းမှ ထွက်လာသော လေနွေးနွေးလေးများက သူ့အား ရိုက်ခတ်နေ၏။ သူမသည် လှပသော ကြိုးတစ်ချောင်းအင်္ကျီဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်က အဆမတန် ဆွဲဆောင်မှုရှိနေလေသည်။ သို့သော်လည်း သူကတော့ ဟန်ဆောင်နေဆဲပင်။
“လျန်ပင်းရဲ့ အဲဒီမြွေလေးက သူမပြောသလို ရုတ်တရက်ကြီး သွေးမျိုးဆက် ပြောင်းလဲသွားတာမျိုး မဟုတ်ဘူး။ အဲဒီအစား ပြီးခဲ့တဲ့တစ်ရက်အတွင်းမှာ သူ့ရဲ့ခန္ဓာကိုယ်က ပြင်ပက အစွမ်းထက်တဲ့ စွမ်းအားတစ်ခုရဲ့ ပြုပြင်မွမ်းမံမှုကို ရုတ်တရက် ခံလိုက်ရတာပဲ။ ဒီအချက်ကို စီနီယာ သားရဲမွေးမြူရေးပညာရှင်တစ်ယောက်ရဲ့ မျက်လုံးထဲကနေ ဖုံးကွယ်လို့မရဘူးဆိုတာ မင်းသိပါတယ်။”
ထိုအခိုက်အတန့်တွင် လျိုယွဲ့က ရုတ်တရက် ပြောလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး သူမ၏ မျက်ဝန်းများက ကျန်းဟန်၏ မျက်လုံးများထဲသို့ တည့်တည့် စိုက်ကြည့်နေ၏။
“အဲဒါ ဘာဖြစ်လို့လဲ။ သွေးမျိုးဆက် ပြောင်းလဲတာမျိုးလို ကိစ္စတွေကို ဘယ်သူက အသေအချာ ပြောနိုင်မှာလဲ။”
ကျန်းဟန် နားမလည်ချင်ယောင် ဆောင်လိုက်သည်။ သူသည် လျိုယွဲ့၏ မျက်လုံးများကို မကြည့်ချင်သော်လည်း သူ ခေါင်းငုံ့လိုက်သည်နှင့် မမြင်သင့်မမြင်အပ်သော ဆီးနှင်းပမာ ဖြူဖွေးနေမှုကို မြင်တွေ့လိုက်ရသဖြင့် ခေါင်းပြန်မော့ကာ သူမကိုသာ ဆက်၍ စိုက်ကြည့်နေခဲ့ရသည်။
“မြွေတွေမှာ နဂါးအသွင် ရှိနိုင်တယ်ဆိုပေမဲ့ သူတို့မှာ နဂါးရဲ့ သဘာဝဗီဇ မရှိကြဘူး။ အဲ့ဒါကြောင့် အလိုအလျောက် သွေးမျိုးဆက် ပြောင်းလဲဖို့ အရမ်းခက်ခဲတယ်ဆိုတာ မင်းသိထားရမယ်။ တကယ်တမ်း နဂါးဗီဇ ရှိတဲ့အကောင်တွေက ငါးတွေ၊ အထူးသဖြင့် ဓားငါးတွေပဲ။ သူတို့ကမှ အလိုအလျောက် သွေးမျိုးဆက် ပြောင်းလဲခြင်းရဲ့ အဓိက တွန်းအားတွေ ဖြစ်ကြတယ်။”
လျိုယွဲ့က ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ သူမသည် ကျန်းဟန်ကို နံရံတွင် ကပ်လျက် တွန်းကပ်ထားဆဲဖြစ်ကာ သူတို့နှစ်ဦးကြား ဆယ်စင်တီမီတာပင် မပြည့်သော အကွာအဝေးကို ထိန်းသိမ်းထားရင်း လွှတ်မပေးခဲ့ပေ။
“အစ်မ ရှောင်ယွဲ့...အစ်မ တကယ်ပဲ ဘာပြောချင်နေတာလဲ။ ကျွန်တော် ချောတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဒီလောက်အထိ စိုက်ကြည့်နေဖို့ မလိုပါဘူး။”
ကျန်းဟန်က အကြောင်းအရာကို လွှဲပြောင်းလိုသဖြင့် ခံစားချက်မရှိသကဲ့သို့ ဆက်လက်၍ ကမူးရှူးတိုး ပြောလိုက်သည်။
ထိုအချိန်တွင် လျိုယွဲ့သည် သူမ၏ ဖြူဖွေးနုနယ်သော လက်ကလေးကို ဆန့်ထုတ်ကာ ကျန်းဟန်၏ ပါးကို ဆိတ်ဆွဲလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ပြီးတော့ မင်းရဲ့ ဒီခန္ဓာကိုယ်ကလည်း သာမန်သားရဲရဲ့ စွမ်းအင်တုံ့ပြန်မှုကြောင့် ရလာနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ဒါက ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်သလဲ။ သားရဲရဲ့ လက္ခဏာရပ်မျိုး တစ်စက်ကလေးမှ မရှိဘူး။ ဒါမျိုးက ဒဏ္ဍာရီလာ သားရဲ အရေအတွက် အနည်းငယ်ထဲကသာ အောင်မြင်အောင် လုပ်ဆောင်နိုင်တာဆိုတာ မင်းသိရဲ့လား။ မင်းရဲ့ လျှပ်စီးပိုးကောင်လေး ပျောက်ဆုံးနေတာ အရမ်းကြာနေပြီဆိုတဲ့ အချက်နဲ့ပါ ပေါင်းစပ်ကြည့်ရင်... ငါ ဘာကို ဆိုလိုနေတာလဲဆိုတာ မင်းသိမှာပါ။”
လျိုယွဲ့၏ စကားများကြောင့် ကျန်းဟန်၏ စိတ်ထဲတွင် တုန်လှုပ်အေးခဲသွားရ၏။ သို့သော်လည်း သူ၏ မျက်နှာတွင်မူ ဆက်လက်၍ အပြစ်ကင်းစင်ဟန် ဆောင်နေခဲ့သည်။
“အစ်မ ရှောင်ယွဲ့...အစ်မ ဘာတွေ ပြောနေတာလဲ။”