အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း ၂၁၆
ကျန်းဟန်က ငတုံးတစ်ယောက်ကဲ့သို့ နားမလည်သလို ဆက်ဟန်ဆောင်ချင်နေသေးသော်လည်း လျိုယွဲ့က သူ့ကို ထိုသို့လုပ်ခွင့်မပေးတော့ပေ။ ထိုအစား သူမက ကျန်းဟန်ကို ကြည့်ပြီး မေးလိုက်သည်။
“ငါ ဘာလို့ ဒီမှာ လာပုန်းနေလဲဆိုတာ မင်းသိလား။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ ဘယ်သွားခဲ့လဲဆိုတာကော မင်းသိလား။”
“မသိဘူး။”
ကျန်းဟန်က ခေါင်းခါပြလိုက်ပြီး လျိုယွဲ့ ဘာပြောတော့မည်ကို မသိနိုင် ဖြစ်နေခဲ့သည်။
“အမှန်တော့ ငါက သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့ထဲက ဂျန်နဆစ် လို့ခေါ်တဲ့ မွေးမြူရေးပညာရှင် အဖွဲ့အစည်းတစ်ခုကပဲ။ အတိအကျပြောရရင် ငါက အဲဒီအဖွဲ့အစည်းရဲ့ စမ်းသပ်မှုကို ခံယူထားတဲ့ ထုတ်ကုန်တစ်ခုပေါ့။
ငါ့အဖေက ဂျန်နဆစ်အဖွဲ့အစည်းရဲ့ သုတေသနအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ငါ့အမေကတော့ တောင်အမေရိကတိုက်က ထူးခြားတဲ့ သားရဲတစ်ကောင်ပဲ။ ငါက မျိုးရိုးဗီဇနည်းပညာကနေတစ်ဆင့် ဖန်တီးထားတဲ့ လူသားသွေးတစ်ဝက်နဲ့ သားရဲသွေးတစ်ဝက် ပါဝင်တဲ့ သက်ရှိတစ်ခုပေါ့။
ငါ့ရဲ့ စိတ်စွမ်းအင်က သာမန်လူတွေနဲ့ မတူရုံတင်မကဘူး။ တစ်ဖက်မှာလည်း စိတ်စွမ်းအားကိုပါ အတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်တယ်။ ဒါ့အပြင် ငါက သားရဲထိန်းချုပ်သူတစ်ယောက်လည်း ဟုတ်တယ်။ ငါ့ရဲ့စိတ်ဝိညာဉ်ထဲမှာ သားရဲထိန်းချုပ်ခြင်းမျိုးစေ့တစ်စေ့ မွေးဖွားလာတာနဲ့အမျှ ငါ့ရဲ့သက်တမ်းကလည်း သာမန်လူသားတွေထက် တစ်ဆကနေ နှစ်ဆနီးပါး ပိုရှည်လာလိမ့်မယ်။”
လျိုယွဲ့က ဖြည်းဖြည်းချင်း ပြောပြနေ၏။ သူမ ပြောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် စိတ်စွမ်းအား လှိုင်းတုန်ခါမှုများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ သူမ၏ ကျောပြင်မှ ပွင့်လင်းမြင်သာသော အတောင်ပံနှစ်စုံ ထွက်ပေါ်လာပြီး ဆံပင်များက ပန်းရောင်သို့ ပြောင်းလဲသွားကာ မျက်လုံးသူငယ်များက ရေခဲပြာရောင် ဖြစ်သွားပြီး နားရွက်များမှာလည်း နတ်သူငယ် နားရွက်များကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းဟန်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အသွားကာ လျိုယွဲ့ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိ၏။ ဤပုံစံဖြင့် ရှိနေသော လျိုယွဲ့သည် ဒဏ္ဍာရီလာ နတ်ဘုရားတိုင်းပြည်မှ ထွက်လာသည့် သားရဲတစ်ကောင်ကဲ့သို့ အလွန်ပင် လှပလွန်းလှသည်။
လူသားနှင့် သားရဲ မျိုးစပ်ခြင်း...ဤကဲ့သို့သောအရာမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
“ဂျန်နဆစ် အဖွဲ့အစည်း ဟုတ်လား။ အစ်မရှောင်ယွဲ့... ဒါတွေကို ကျွန်တော့်ကို ဘာလို့ လာပြောပြနေတာလဲ။”
ကျန်းဟန်သည် သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး လျိုယွဲ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။ သူမသည် သားရဲအသွင်သို့ ပြောင်းလဲသွားပြီးနောက်တွင်ပင် သူ့ကို လွှတ်မပေးသေးဘဲ နံရံတွင် ကပ်ထားဆဲဖြစ်ရာ သူ ထွက်ပြေးသွားမည်ကို စိုးရိမ်နေပုံရသည်။
“ဒါပေါ့...။ ဂျန်နဆစ်အဖွဲ့အစည်းဆိုတာ စီနီယာမွေးမြူရေးပညာရှင်ဖြစ်မှ ဝင်ခွင့်ရတဲ့ အထူးအဖွဲ့အစည်းတစ်ခုပဲ။ သူတို့ကို သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့ထဲက ထိပ်တန်းဘဏ္ဍာရေး လုပ်ငန်းစုကြီးတွေက ငွေကြေးပံ့ပိုးထားပြီး လူသားတွေက သားရဲတွေရဲ့ စွမ်းအားကို ဘယ်လိုဆွဲထုတ်ပြီး ပေါင်းစပ်ရမလဲဆိုတာနဲ့ လူသားတွေရဲ့ သက်တမ်းကို ဘယ်လိုတိုးမြှင့်ရမလဲဆိုတဲ့ လျှို့ဝှက်သုတေသနတွေကို အဓိကလုပ်ဆောင်ကြတယ်။
ပြီးတော့ ငါက နှစ်ပေါင်းများစွာအတွင်းမှာ အောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော အမှုတွဲပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာလို့လဲမသိဘူး ငါ့အဖေက ငါ့ကို တိတ်တဆိတ် ခေါ်ထုတ်သွားဖို့၊ သုတေသနအချက်အလက်တွေကို ဖျက်ဆီးဖို့နဲ့ အဲဒီသုတေသနရလဒ်ကို အထက်ကို မတင်ပြဖို့ ရွေးချယ်ခဲ့တယ်။
ဒါကြောင့်မို့လို့ ငါတို့တွေ အဖွဲ့အစည်းရဲ့ လိုက်လံလုပ်ကြံခြင်းကို ခံခဲ့ရတယ်။ နောက်ဆုံးတော့ ငါ့အဖေက ဂျန်နဆစ်အဖွဲ့အစည်းရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပြီး ငါကတော့ ကံကောင်းထောက်မစွာနဲ့ ထွက်ပြေးလွတ်မြောက်လာပြီး နောက်ဆုံး ဒီမှာ လာပုန်းနေခဲ့တာပဲ။”
လျိုယွဲ့က ကျန်းဟန်၏ ဆံပင်ကို တစ်ဖန်သပ်တင်ပေးရင်း ဆက်ပြောလိုက်သည်။
“မင်းကို ဒါတွေ ဘာလို့ပြောပြရလဲဆိုရင် မင်းဆီမှာ နဂါးတစ်ကောင်ရှိနေတာကို ငါ အာရုံခံမိလို့ပဲ။ ဒါ့အပြင် မင်းက သာမညပင်လယ်ကို ရောက်ခဲ့ပြီး အဲဒီမှာ ငါ့ကို ကယ်ခဲ့တယ်။ ဒါကြောင့် မင်းက ယုံကြည်ရတဲ့သူတစ်ယောက် ဖြစ်လို့ပဲ။
မင်းဆီမှာ နဂါးတစ်ကောင်ရှိနေမှန်း ငါ ဘာလို့သိလဲဆိုရင် သားရဲတွေက နဂါးတွေရဲ့ လက်အောက်ခံ သတ္တဝါတွေ ဖြစ်လို့ပဲ။ ဘယ်သားရဲမဆို နဂါးတစ်ကောင်ကို မြင်ဖူးတာနဲ့ အဲဒီအနံ့ကို မှတ်မိနိုင်တယ်။ မင်း မင်းရဲ့ရုပ်သွင်ကို ပြောင်းလဲထားပေမဲ့ မင်းက သာမညပင်လယ်ထဲမှာ ငါ့ကို ကယ်ခဲ့တဲ့ နဂါးစီးသူရဲကောင်းဆိုတာကို ငါ့နှာခေါင်းက အနံ့ရနေတုန်းပဲ။”
“အော်... ဒါဆိုရင် အစ်မရှောင်ယွဲ့က ကျွန်တော် ချောလွန်းလို့ နံရံမှာ ကပ်ထားတာ မဟုတ်ဘူးပေါ့။”
ကျန်းဟန်က ရယ်မောလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
လျိုယွဲ့တစ်ယောက် သူ့ကို မနေနိုင်ဘဲ မျက်စောင်းထိုးလိုက်၏။ သူမသည် ‘မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေတာပဲ။ မင်း ထွက်ပြေးသွားမှာ စိုးလို့သာ မဟုတ်ရင် ဘယ်သူက မင်းကို နံရံမှာ လာကပ်ထားမှာလဲ’ ဟု ပြောနေသည့်အလား ဖြစ်နေသည်။
ထို့နောက် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က လူသားအသွင် ပြန်ပြောင်းလိုက်သည်။ မကြာမီပင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သားရဲအရှိန်အဝါများ လုံးဝမကျန်တော့ဘဲ ပျောက်ကွယ်သွားရာ ကျန်းဟန်ကို အံ့အားသင့်သွားစေခဲ့သည်။
လျိုယွဲ့ ဤမျှ သန်မာနေသည်မှာ မဆန်းတော့ပေ။ အကယ်၍ လူသားများသည်လည်း စိတ်စွမ်းအားကို အသုံးပြုနိုင်မည်ဆိုပါက သားရဲထိန်းချုပ်သူဟူသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် မမည်သည့်အားနည်းချက်မျှမရှိဘဲ အမှန်တကယ် ပြီးပြည့်စုံသွားပေလိမ့်မည်။
လူသားတစ်ဦးထက် သုံးဆရှိသော သက်တမ်းကလည်း သူ့ကို အားကျမိစေခဲ့သည်။ ဤအရာသည် အသက်ရာကျော်ခြင်းဟု မှတ်ယူ၍ရနေပြီဖြစ်သည်။
“ဒါကို အစ်မယိကော သိလား။”
ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒါပေါ့။ ရှောင်ယိနဲ့ ငါက သေဖော်ရှင်ဖက် သူငယ်ချင်းတွေပဲ။”
လျိုယွဲ့က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဒါဆို ကျွန်တော်တစ်ယောက်တည်းပဲ ဘာမှမသိဘဲ အမှောင်ချခံထားရတာပေါ့။”
ကျန်းဟန်က သူ့လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ရင်း ပြောလိုက်သည်။
“မင်းက ဘာမို့လို့လဲ။ မင်းသာ ငါ့ကို မကယ်ခဲ့ရင် ပြီးတော့ မင်းဆီမှာသာ နဂါး တစ်ကောင်မရှိရင်... မင်း သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့ဆီ ခိုလှုံလာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
မဟုတ်ရင် ငါ အခု ဒါတွေကို ပြောပြမှာမဟုတ်ဘူး။ အရင်တုန်းက လူတစ်ယောက်ကို အလွယ်တကူ ယုံကြည်မိလို့ ငါရော ရှောင်ယိပါ အသက်အန္တရာယ်ကနေ သီသီလေး လွတ်လာခဲ့ရဖူးတယ်။”
လျိုယွဲ့က နှာခေါင်းရှုံ့ကာ ခပ်ဖွဖွ ညည်းတွားလိုက်သည်။
ကျန်းဟန်နှင့်မတူဘဲ သူမသည် သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့အတွင်းရှိ နဂါးထိန်းချုပ်သူဂိုဏ်း၏ အခြေအနေကို ကောင်းကောင်းသိသည်။ သူတို့ဂိုဏ်းတွင် သေလုမြောပါးဖြစ်နေသော နဂါးအိုကြီးတစ်ကောင်သာလျှင် စစ်မှန်သော နဂါးဖြစ်ပြီး ကျန်သောနဂါးများမှာ သွေးသန့် အစစ်အမှန်နဂါးအဆင့်သို့ မရောက်ကြသေးပေ။
အကယ်၍ ကျန်းဟန်၏ နဂါးသာ အရှာဖွေတွေ့ရှိခံလိုက်ရလျှင် အထူးသဖြင့် သူ့ကိုယ်ပိုင်စွမ်းအားက မသန်မာသေးသည့်အချိန်မျိုးတွင် နဂါးထိန်းချုပ်သူဂိုဏ်းမှ လူတိုင်းက ထိုနဂါးကို လုယူရန် နည်းမျိုးစုံသုံးကြပေလိမ့်မည်။
ထိုအချိန်ကျလျှင် ကျန်းဟန်ရင်ဆိုင်ရမည့် အခြေအနေက သူမ၏အခြေအနေထက်ပင် ပို၍ဆိုးဝါးသွားနိုင်ပေသည်။
“ငါနဲ့ နေရာတစ်ခုကို လိုက်ခဲ့။ အမှန်တော့ ဒီနေရာကလည်း လုံးဝကြီး စိတ်မချရသေးဘူး။”
ထို့နောက် လျိုယွဲ့က ပြောပြောဆိုဆိုဖြင့် အပြင်သို့ လျှောက်သွားခဲ့သည်။
“ဘာလုပ်မလို့လဲ။”
ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်၏။
“ရောက်ရင် သိလိမ့်မယ်။”
လျိုယွဲ့က လှည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။
ကျန်းဟန်သည်လည်း သူမနောက်မှ လိုက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။
သူတို့နှစ်ဦးသည် သုတေသနဥယျာဉ်ဆီသို့ အမြန်ရောက်ရှိသွားပြီး ကြီးမားသော အကာအကွယ်အတားအဆီးတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ထိုအကာအကွယ်အတားအဆီးအတွင်း၌ သစ်ပင်တစ်ပင်တည်းသာ စိုက်ပျိုးထားသည်။ ၎င်းသည် တစ်ပင်လုံး ကျောက်စိမ်းရောင်တောက်နေပြီး စိမ်းလဲ့သော ပယင်းကျောက်ဖြင့် ထုဆစ်ထားသည့် ထင်းရှူးပင်တစ်ပင်ကဲ့သို့ပင်။
“ဒါက ဘာဝိညာဉ်သစ်ပင်လဲ။”
ကျန်းဟန်က ထပ်ခါတလဲလဲ သေချာကြည့်ရှုလိုက်သော်လည်း မှတ်မိခြင်း မရှိသေးပေ။
“ဒါက တိတ်ဆိတ်ခြင်းထင်းရှူးပင်လို့ခေါ်တယ်။ အရှိန်အဝါတွေကို ဖုံးကွယ်ပေးနိုင်တဲ့ ထူးခြားတဲ့ ဝိညာဉ်သစ်ပင်တစ်မျိုးပဲ။ မင်းရဲ့နဂါးကို ဒီမှာ ထုတ်လိုက်ရင် တခြားသူတွေ ရှာမတွေ့နိုင်တော့ဘူး။”
လျိုယွဲ့က ရှင်းပြလိုက်ရင်း ကျန်းဟန်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“မင်း လျှပ်စီးပိုးကောင်ကို နဂါးအဖြစ် ဘယ်လိုဆင့်ကဲပြောင်းလဲအောင် လုပ်ခဲ့လဲဆိုတာ ငါမသိပေမဲ့... မင်း နဂါးတွေအကြောင်း သိပ်မသိသေးတာတော့ ထင်ရှားတယ်။ နဂါးတစ်ကောင်က သားရဲတစ်ကောင်နဲ့ အဖော်သားရဲစာချုပ် မချုပ်ထားဘူးဆိုရင် တခြားသားရဲတွေရဲ့ အာရုံခံမိခြင်းကို ခံရဖို့ဆိုတာ အရမ်းလွယ်ကူတယ်။”
“ဒါကြောင့် ငါက မင်းရဲ့နဂါးအတွက် အဖော်သားရဲ ဖြစ်ချင်တယ်။ ငါ့အတွက်လည်း အကျိုးကျေးဇူးတွေရနိုင်သလို မင်းအတွက်လည်း ဒီလိုပုန်းကွယ်နေတဲ့ အန္တရာယ်ကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။”
လျိုယွဲ့က ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက...အဆင်ပြေပါ့မလား။ ပြီးတော့ အဖော်သားရဲရဲ့ အသုံးဝင်ပုံကရော ဘာတွေလဲ။”
ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ငါလည်း အတိအကျတော့ မသိဘူး။ ဘာလို့လဲဆိုရင် အမှန်အတိုင်းပြောရရင် ငါက သားရဲသွေးနှောပဲ ရှိသေးတာမို့လို့ပဲ။ အကျိုးကျေးဇူးတွေအနေနဲ့ကတော့ ပထမတစ်ခုက... ပိုင်လင်းရဲ့အရှိန်အဝါကို တခြားသားရဲတွေ အာရုံခံမိမှာကို မင်း စိုးရိမ်စရာမလိုတော့ဘူး။ ဒုတိယတစ်ခုက အဖော်သားရဲ ရှိသွားပြီးနောက်မှာ မင်းရဲ့နဂါးက သားရဲရဲ့စွမ်းအားကြောင့် ပိုမိုသန်မာလာပြီး ဆင့်ကဲပြောင်းလဲမှုလည်း ပိုမြန်လာလိမ့်မယ်။”
လျိုယွဲ့က ပြောလိုက်သည်။ ကျန်းဟန်က ပိုင်လင်းနှင့် စိတ်ချင်းဆက်သွယ်ကြည့်လိုက်သည်။
ပိုင်လင်းက ၎င်းအနေဖြင့် အမှန်တကယ်ပင် သားရဲများစွာနှင့် အဖော်ဆက်ဆံရေး တည်ဆောက်နိုင်ကြောင်း၊ ဤအရာသည် ၎င်းအပေါ် မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်သလို မည်သည့်ထိန်းချုပ်မှု ဆက်ဆံရေးမျိုးကိုမျှလည်း ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း အချက်ပြလာ၏။ အဖော်သားရဲစာချုပ်ဟူသည်မှာ နှစ်ဦးနှစ်ဖက်စလုံးမှ သွေးတစ်စက်စီလဲလှယ်ကာ အရှိန်အဝါနှင့် စိတ်စွမ်းအားကို ပေါင်းစပ်ခြင်းသာ ဖြစ်သည်။
“ဒါဆိုလည်း လုပ်ကြတာပေါ့။ စမ်းကြည့်ရအောင်။”
ကျန်းဟန်က ခေါင်းညိတ်လိုက်ပြီး ပိုင်လင်းကို ထုတ်လိုက်သည်။ အစီအရင်ပုံရိပ်တစ်ခု လင်းလက်သွားသည်နှင့် မီတာငါးဆယ်ရှည်လျားသော သားရဲကြီးတစ်ကောင် ဆင်းသက်လာခဲ့ပြီး ၎င်း၏အရှိန်အဝါမှာ ရှေးကျကာ မြင့်မြတ်ပြီး ခန့်ညားထည်ဝါလှသည်။
“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ အရှိန်အဝါလဲ။”
ပိုင်လင်း၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ လျိုယွဲ့မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။ ဤအရာသည် ပြီးခဲ့သည့်အကြိမ်က မြင်ခဲ့ရသည်နှင့် မတူပေ။ ထိုစဉ်က ပိုင်လင်းသည် ဖုံးကွယ်ထားခဲ့သော်လည်း ယခုအကြိမ်တွင်မူ မည်သည့်ဖုံးကွယ်မှုမျှ မရှိပေ။
ဤမီတာငါးဆယ်ကျော်ရှည်သော သားရဲကြီးကို ကြည့်ရင်း လျိုယွဲ့၏ ရင်ထဲ၌ လှုပ်ခတ်သွားခဲ့သည်။ နဂါးတစ်ကောင်ဖြစ်ခြင်းကို ဖယ်ထားလိုက်လျှင်ပင် ရထားတွဲနှစ်တွဲစာခန့် ရှည်လျားသော မြွေကြီးတစ်ကောင် သင့်ရှေ့တွင် မတ်တပ်ရပ်နေသည်ကို မြင်ယောင်ကြည့်ရုံရုံနှင့်ပင် သင့်ကို ဆွံ့အပြီး ကြောင်အသွားစေရန် လုံလောက်ပေသည်။ သတ္တိနည်းသူဆိုလျှင် ဘောင်းဘီထဲ ဆီးပင် ထွက်ကျသွားနိုင်သည်။
ဒဏ္ဍာရီလာ နဂါးတစ်ကောင် ဖြစ်နေသည်ဆိုလျှင်မူ လူသားတို့အပေါ် ပေးစွမ်းနိုင်သော ခံစားချက်က ပို၍ပင် ပြင်းထန်ပေလိမ့်မည်။ သားရဲထိန်းချုပ်သူများ ခေတ်တွင်ပင် နဂါးအစစ်ကို မြင်ဖူးသူ သိပ်မရှိကြပေ။
လျိုယွဲ့သည် ကျန်းဟန်က လျှပ်စီးပိုးကောင်ကို နဂါးတစ်ကောင်အဖြစ် မည်သို့ဆင့်ကဲပြောင်းလဲစေခဲ့သနည်းဟူသည်ကို အမှန်တကယ် စူးစမ်းချင်မိသော်လည်း သူမက အလိုက်သိတတ်သဖြင့် မမေးခဲ့ပေ။
ယခုအခါ သုတို့နှစ်ဦးစလုံးသည် တစ်လှေစီး တစ်ခရီးတည်းသွားများ ဖြစ်နေကြပြီ ဖြစ်သော်လည်း လျှို့ဝှက်ချက်တိုင်းကိုမူ မျှဝေရန်မလိုအပ်ပေ။ အထူးသဖြင့် ဤကဲ့သို့သော ထိပ်တန်းလျှို့ဝှက်ချက်မျိုးကို ဖြစ်သည်။
“ဝေါင်းးး”
ပိုင်လင်းက သူ၏ပါးစပ်ကိုဟကာ ခပ်တိုးတိုး ဟိန်းဟောက်လိုက်၏။ နဂါးချီများသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာပြီး နဂါးချီလုံးတစ်လုံးအဖြစ် လျင်မြန်စွာ ပုံပေါ်လာခဲ့သည်။ ထို့နောက် ပိုင်လင်းက နဂါးသွေးတစ်စက်ကို ထွေးထုတ်လိုက်ရာ ၎င်းသည် ထိုချီစွမ်းအင်လုံးကြီးထဲသို့ ကျရောက်သွားတော့သည်။