← Chapters

နဝမအိုးဖြင့် အသက်သွင်းခြင်း

Vol. 28 Ch. 303

နဝမအိုးဖြင့် အသက်သွင်းခြင်း

Vol. 28 Ch. 303

လမ်းစဉ်ကြီး သုံးရပ် (ဂိုဏ်းကြီးသုံးဂိုဏ်း) မှ ရရှိလာသော ကံကြမ္မာ ရတနာများနှင့်အတူ ရွှေရောင် ရတနာလေးကို အနက်ရောင်အိုးထဲသို့ ထည့်သွင်းလိုက်သည်။

လီယွမ်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေ၏။

မကြာမီပင် အိုးထဲ၌ နဂါးအော်သံသဲ့သဲ့နှင့်အတူ စူးရှတောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ဤမြင်ကွင်းမှာ အပြုသဘောဆောင်သော ဆင့်ကဲပြောင်းလဲမှု၏ ထင်ရှားသည့် နိမိတ်တစ်ခုပင် ဖြစ်၏။

အချိန်အတော်ကြာပြီးနောက် ကူအိုးလေးကို ဝိုင်းအုံနေသော လုံးလုံးဝိုင်းဝိုင်း ဘောလုံးလေးက ကန်ထုတ်လိုက်ပြီး ရွှေရောင် ရတနာလေး လိမ့်ထွက်လာတော့သည်။

လီယွမ်၏ စိတ်အာရုံထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။

[ သင်၏ ဘဝဆက်နွယ်ကူသည် အသွင်ကူးပြောင်းမှု တစ်ခုကို ဖြတ်သန်းပြီးဖြစ်ကာ 'နဝမအိုးဖြင့် အသက်သွင်းခြင်း' အခြေအနေသို့ ဝင်ရောက်သွားပြီ ဖြစ်ပါသည် ]

"နောက်တစ်ကြိမ် ပြန်ဖြစ်ပြန်ပြီ..."

ထူးခြားသည့် အခွင့်အလမ်းများကြောင့် လျင်မြန်စွာ ဆင့်ကဲပြောင်းလဲသူများမှ လွဲ၍ ရှားပါးကူ အများစုမှာ ထူးခြားကူအဖြစ်သို့ မပြောင်းလဲမီ ကြားခံအဆင့်တစ်ခုကို ဖြတ်သန်းကြရမြဲ ဖြစ်၏။

ဥပမာအားဖြင့် ရုပ်သေးဘုရင်မကူ၏ ‘ပြောင်းပြန်သုံးဆင့်’ အခြေအနေ နှင့် အိပ်မက်ပိုးကောင်၏ ‘အိပ်မက် ကိုးဆင့် ပြောင်းလဲခြင်း’ အခြေအနေမျိုးတို့ ဖြစ်သည်။

ရွှေရောင် ရတနာလေးမှာလည်း ဤအဆင့်သို့ ရောက်ရှိသွားလေပြီ။ ဤသည်မှာ ထူးခြားကူအဆင့်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သဖြင့် အကောင်းဘက်သို့ ဦးတည်နေခြင်းပင်။

"ဂလု... ဂလု..."

ရွှေရောင် ရတနာလေးက လီယွမ်၏ ခြေထောက်နားထိ လိမ့်လာသည်။ လီယွမ်က ၎င်းအား ကောက်ယူလိုက်၏။

လူနှင့် ကူကောင်တို့ ထိတွေ့လိုက်သည်နှင့် ရှစ်ခွင်လွှမ်း ကံကြမ္မာကူ ပေါ်ရှိ ပုံစံများက တစ်ဖန် ပြန်လည် တောက်ပလာသည်။ ၎င်း၏ ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်ပေါ်ရှိ ရှုခင်းပန်းချီကားပေါ်တွင် စိတ်ကူးယဉ်ဆန်ဆန် ကွင်းဆက် (၉) ခု ထွက်ပေါ်လာ၏။

ထို ကွင်းဆက် (၉) ခုကို မြင်လိုက်ရချိန်တွင် ခွန်လွန်တောင်၌ ကံကြမ္မာကို စောင့်ကြည့်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို လီယွမ် ပြန်လည် အမှတ်ရမိသွားသည်။ ကံကြမ္မာ ချည်နှောင်မှု (၉) ခုက နဂါးသွေးကြောများကို ချိတ်ဆက်ထားပြီး မဟာ ကံကြမ္မာ အရှိန်အဝါကို သယ်ဆောင်ထားခြင်း ဖြစ်၏။

"ဂလု... ဂလု..."

ရွှေရောင် ရတနာလေး၏ ဆိုလိုရင်းကို လီယွမ် သဘောပေါက်သွားသည်။ ကံကြမ္မာ အမျိုးအစား ကူကောင်များ၏ ဆင့်ကဲပြောင်းလဲမှုမှာ အလွန် ခက်ခဲလှသည်။ ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာ ကောင်းချီးများနှင့် ရတနာ အမြောက်အမြား လိုအပ်သည့်အပြင် ကူသခင်၏ ကိုယ်ပိုင် ကံကြမ္မာ အရှိန်အဝါကလည်း အလွန် သန်မာနေရန် လိုအပ်သေးသည်။

လီယွမ်က ဤအချက်ကို သဘာဝကျကျပင် သိရှိထားပြီး ဖြစ်၏။

'နဝမအိုးဖြင့် အသက်သွင်းခြင်း' အခြေအနေမှာ မိမိ၏ ကိုယ်ပိုင် ဆန္ဒနှင့် လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာတို့အပေါ် အခြေခံ၍ ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူက ဆင့်ကဲပြောင်းလဲသွားခြင်း ဖြစ်သည်။

'နဝမအိုးဖြင့် အသက်သွင်းခြင်း' လုပ်ငန်းစဉ် ပြီးဆုံးသွားပါက ရွှေရောင် ရတနာလေးမှာ ထူးခြားကူ ဖြစ်သည့် 'ကိုး-ငါး အထွတ်အထိပ်ကူ' အဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။

"ဂလု... ဂလု..."

ရွှေရောင် ရတနာလေး၏ ထပ်တလဲလဲ ရှင်းပြချက်များကို နားထောင်ပြီးနောက် လီယွမ် အကြမ်းဖျင်း နားလည်သွားတော့သည်။

ဆိုလိုသည်မှာ ‘နဝမအိုးဖြင့် အသက်သွင်းခြင်း’ ဆိုသည်မှာ ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူ၏ အသွင်ပြောင်းလဲမှုကို ပြီးမြောက်စေရန် သူနှင့် ကံကြမ္မာ အရှိန်အဝါချင်း ထပ်တူကျသော လူ (၉) ဦး၏ ပံ့ပိုးကူညီမှု လိုအပ်ခြင်း ဖြစ်သည်။

ကံကြမ္မာ၏ ဖော်ပြချက်အရ အကယ်၍ တစ်စုံတစ်ယောက်သည် ကံကြမ္မာကို ခိုးယူခြင်းဖြင့်သာ အာဏာကို ရရှိလာပါက သူတို့သည် ထိုရာထူးအတွက် အရည်အချင်း မရှိကြပေ။

ကိုး-ငါး အထွတ်အထိပ် ရာထူးသို့ တက်လှမ်းသူများသည် ဘာမျှ မလုပ်ဘဲ အကျိုးအမြတ်ကိုသာ မျှော်လင့်နေမည့်အစား တာဝန်ယူမှု ရှိရမည်ဖြစ်ပြီး ‘ဧကရာဇ် အာဏာစက်’ ကို ပြသနိုင်စွမ်း ရှိရမည် ဖြစ်သည်။

ပြန်လည် တွေးတောကြည့်လျှင် လီယွမ်သည် ငယ်စဉ်က တာ့ယန်အတွက် ကြီးမားသော အကျိုးပြုမှုများ မလုပ်ခဲ့ပေ။ တကယ် ပြောရလျှင် ရှောင်ချင်အာကို ကူညီပေးခြင်းနှင့် တောင်ပိုင်း ကင်းလှည့်တပ်မတော်ကို ထောက်ပံ့ပေးခြင်းမှာသာ တာ့ယန်၏ တည်ငြိမ်မှုအတွက် အကျိုးရှိစေသော တစ်ခုတည်းသော အရာ ဖြစ်နေသည်။

'နဝမအိုးဖြင့် အသက်သွင်းခြင်း ဆိုတာ... ကံကြမ္မာချင်း ထပ်တူကျတဲ့ သူ (၉) ဦးရဲ့ အကူအညီ လိုအပ်တာလား...'

လီယွမ် တွေးတောနေမိသည်။

ယခုအချိန်တွင် တာ့ယန်၏ ကံကြမ္မာ အရှိန်အဝါကို ထမ်းထားရသူများထဲတွင် သူကို ထောက်ခံသူ နှစ်ဦးသာ ရှိသေး၏။ ပထမတစ်ဦးမှာ တောင်ပိုင်း ကင်းလှည့်တပ်မတော်ကို ကိုယ်စားပြုသည့် ရှောင်ချင်အာ ဖြစ်ပြီး ဒုတိယတစ်ဦးမှာ မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စုများကို ကိုယ်စားပြုသည့် အဘိုး အန်းထိုယွမ် ဖြစ်သည်။

ထို့အပြင် နဝမကူနန်းတော်နှင့် လင်းရှောင် ဓားဂိုဏ်းမှာ စင်စစ် သိုင်းလောက အင်အားစုများသာ ဖြစ်သဖြင့် မပါဝင်နိုင်ချေ။ သူသည် မည်သည့် နေရာဒေသမှ အဆင့်မြင့် အရာရှိများ၊ ဘုရင်များ၊ စစ်သူကြီးများနှင့်လည်း အဆက်အသွယ် မရှိခဲ့ပေ။

ကျန်ရှိနေသော ‘အိုး’ ခုနစ်လုံးကို ဘယ်ကနေ ရှာရမလဲ...။

'ကိုး-ငါး အထွတ်အထိပ် တစ်ယောက် ဖြစ်လာဖို့ ဆိုတာ တကယ်ပဲ မလွယ်ပါလား...'

[t.n - "ကိုး-ငါး အထွတ်အထိပ်"

(九五至尊 ) ဆိုတာ ဘာလဲဆိုတော့...

ဒါက တရုတ်ရှေးဟောင်း ဧကရာဇ်တွေကို တင်စားတဲ့ အလွန်မြင့်မြတ်တဲ့ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။

တရုတ်ရိုးရာ ဗေဒင်နဲ့ ဒဿနိကဗေဒဖြစ်တဲ့ ယီကျင်း (အပြောင်းအလဲကျမ်း) ပညာရပ်ကနေ ဆင်းသက်လာတာပါ။

ဒီကျမ်းမှာ လောကကြီးရဲ့ အပြောင်းအလဲတွေကို မျဉ်းကြောင်း (၆) ကြောင်းပါတဲ့ ပုံသင်္ကေတတွေနဲ့ တွက်ချက်လေ့ရှိပါတယ်။

တရုတ်ယင်-ယန် သဘောတရားအရ မဂဏန်းတွေကို 'ယန်' (အဖိုစွမ်းအင်) အဖြစ် သတ်မှတ်ပြီး အဲဒီအထဲမှာ ‘၉’ ဆိုတဲ့ ဂဏန်းက အသန်မာဆုံးနဲ့ အမြင့်ဆုံး ယန်စွမ်းအင် ကို ကိုယ်စားပြုပါတယ်။

နောက်ပြီး အောက်ကနေ အပေါ်ကို ရေတွက်တဲ့အခါ (၅) ခုမြောက် နေရာက အလယ်ဗဟိုတည့်တည့်မှာ ရှိနေပြီး အမြင့်မြတ်ဆုံးနဲ့ အခိုင်မာဆုံး နေရာ ဖြစ်နေပါတယ် (၆ ခုမြောက် အမြင့်ဆုံးနေရာကျတော့ လွန်ကဲသွားပြီး ဘဝင်မြင့်ရာကျလို့ အပြစ်အနာအဆာ ကင်းတဲ့ နေရာက ၅ ခုမြောက် နေရာပဲ ဖြစ်ပါတယ်။)

ဒါကြောင့် "ကိုး-ငါး" ဆိုတာ အသန်မာဆုံးသော စွမ်းအင် (၉) ဟာ အလွန်တရာ ပြီးပြည့်စုံပြီး အလယ်ဗဟို ကျတဲ့ နေရာ (၅) မှာ တည်ရှိနေခြင်းလို့ အဓိပ္ပါယ်ရသွားပါတယ်။

"ကိုး-ငါး" ဟာ ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတဲ့ အမြင့်ဆုံးအာဏာပိုင်ဆိုင်တဲ့ "ဧကရာဇ်" ရဲ့ ရာထူးနေရာကို ဆိုလိုတာပါ။

ရှေးခေတ်တရုတ်မှာ ဘုရင်တွေကို "ကိုး-ငါး အထွတ်အထိပ် ပုဂ္ဂိုလ်" လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ (တရုတ်နန်းတွင်း ဇာတ်လမ်းတွေထဲမှာ ဘုရင်ကို 'ကျိုဝူကျိကျွင်း' လို့ သုံးနှုန်းလေ့ရှိတာကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်)။

လီယွမ်ရဲ့ ကံကြမ္မာကူလေးက ရိုးရိုးအဆင့်ကနေ ဘုရင်တစ်ပါးလို အကြွင်းမဲ့ အာဏာရှိတဲ့ "ဧကရာဇ် ကူ" အဖြစ်ကို အဆင့်တက်သွားမယ့် သဘောကို တင်စားပြီး "ကိုး-ငါး အထွတ်အထိပ်ကူ" လို့ နာမည်ပေးထားတာပါ။

ဒါကြောင့်လည်း ဒီကူကို အသက်သွင်းဖို့အတွက် ဘုရင်တစ်ပါးလိုပဲ တခြားလူတွေရဲ့ ကံကြမ္မာကို ထမ်းပိုးပေးနိုင်မယ့် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဧကရာဇ် အာဏာ)တွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ]

တာ့ယန်၏ နေရာအသီးသီးတွင် ‘အိုး’ ခုနစ်လုံးထဲမှ တစ်လုံး ဖြစ်လာနိုင်မည့် အကြွင်းမဲ့ သစ္စာရှိသော ဝန်ကြီးများ ရှိနေနိုင်သော်လည်း လက်ရှိ လီယွမ်အတွက်မူ ထိုခုနစ်ဦးကို ရှာဖွေရခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။ ဤအချက်ကပင် ကံကြမ္မာ အမျိုးအစား ကူကောင်များ ဆင့်ကဲပြောင်းလဲရန် မည်မျှ ခက်ခဲကြောင်း သက်သေပြနေသည်။

၎င်းမှာ အချိန်နှင့် ဟင်းလင်းပြင် ကံကြမ္မာ အမျိုးအစား ကူကောင်များနှင့်ပင် အဆင့်အတန်း တူညီလောက်အောင် ခက်ခဲလှပေ၏။

အကယ်၍ သူသာ တာ့ယန်၏ တိုက်ရိုက် သွေးရင်း ဆက်ခံသူ မဟုတ်ခဲ့ပါက ရှစ်ခွင်လွှမ်း ကံကြမ္မာ ကူကို မွေးမြူရန်မှာပင် ကြီးမားလှသော စိန်ခေါ်မှု တစ်ခု ဖြစ်နေမည်သာ ဖြစ်သည်။

"ရွှေရောင် ရတနာလေး... မင်းကတော့ အစားအသောက် အကြမ်းဆုံးပဲ..."

လီယွမ် သက်ပြင်းချလိုက်သည်။

"အခုတော့ မင်းကို စကားပြောတဲ့ နေရာမှာ ယှဉ်ပြိုင်ဖို့ တိုက်တွန်းရုံတင် မဟုတ်ဘူး... ကိုယ်တိုင်လည်း ယှဉ်ပြိုင်ရဦးမယ်..."

"ဂလု... ဂလု..."

ရွှေရောင် ရတနာလေးမှာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။

"ကောင်းပြီ... သွားပြီး တခြားနေရာမှာ သွားဆော့တော့..."

လီယွမ် ကျန်ရှိနေသော ရတနာ လေးမျိုးကို ကြည့်လိုက်သည်။

ထျန်းဝေ့ထျန်း၏ ကြေးမုံပြင်မှ သုံးဆယ့်သုံးလွှာ ကြာပန်း၊ နေလဂိုဏ်း၏ ပင်လယ်ငြိမ်သက် ပုလဲ၊ ပိုင်လျန်ဂိုဏ်း၏ နတ်ဆိုးတစ်ရာ မီးလျှံ နှင့် ရှူတောင်၏ နှစ်တစ်ထောင် သက်တမ်းရှိ ဝိုင်တို့ ဖြစ်ကြသည်။

"ရှီး..."

ရှောင်ချိုက် ခေါင်းလေး ထွက်ပေါ်လာသည်။ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းတွင် ရှောင်ချိုက်သည် ထူးခြားသော မီးလျှံများစွာကို ဝါးမျိုခဲ့ပြီး ၎င်းတို့ထဲတွင် ‘နတ်ဆိုး မီးလျှံ’ မှာ အဖိုးတန်ဆုံး ဖြစ်ကာ နတ်ဆိုးတစ်ရာ မီးလျှံမှာလည်း ထို နတ်ဆိုး မီးလျှံနှင့် အဆင့်အတန်း မတိမ်းမယိမ်း ရှိသည်။

"မင်းအတွက်..."

သို့သော် ရှောင်ချိုက်မှာ ထူးခြားသည့် သတ္တဝါ တစ်ကောင် ဖြစ်ပြီး မီးလျှံ အမျိုးမျိုးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ လီယွမ်က နတ်ဆိုးတစ်ရာ မီးလျှံကို ရှောင်ချိုက်၏ ဆင့်ကဲပြောင်းလဲမှုကို ကူညီပေးလိမ့်မည်ဟု မမျှော်လင့်ဘဲ အသံလေး တစ်ချက်လောက် ကြားလိုက်ရုံနှင့်ပင် ကျေနပ်နေသည်။

အဆင့် (၉) အဆင့်သို့ နီးကပ်လာပြီ ဖြစ်ရာ သူ စဉ်းစားစရာများ ပိုများလာပြီး ပန်းတိုင်များကလည်း ပိုမို ဝေးလံလာခဲ့ပြီ ဖြစ်၏။

ကူအင်မော်တယ် တစ်ပါး ဖြစ်လာခြင်းမှာ အဆုံးစွန်သော ပန်းတိုင် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ထျန်းယွမ်တိုက်ကြီး၏ နှစ်ပေါင်း လေးထောင်နီးပါး သမိုင်းတွင် ကူအင်မော်တယ် တစ်ပါးသာ မွေးဖွားခဲ့ဖူးပြီး သူနှင့်အတူ ကောင်းကင်ပလ္လင်သို့ တက်လှမ်းသွားသူမှာ လျှို့ဝှက်ဆန်းကြယ်လှသော ‘မဟာ ကံကြမ္မာ ကူ’ ဖြစ်သည်။

ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ အစအနပင် မရှိတော့ချေ။

အကယ်၍ လီယွမ်သာ ဒုတိယမြောက် ကူအင်မော်တယ် ဖြစ်လာလိုပါက သူ ကိုယ်တိုင်သာ ရှာဖွေ ဖောက်ထွက်ရတော့မည် ဖြစ်သည်။

ယောင်ယောင်ဝါးဝါး ဖြစ်နေသော မဟာ ကံကြမ္မာ ကူမှလွဲ၍ သူ မြင်ဖူးသမျှထဲတွင် အစွမ်းထက်ဆုံး ကူမှာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားတွင် နှစ်ပေါင်း တစ်ထောင်ကျော် ရှင်သန်ခဲ့ပြီး ‘နတ်ဘုရားကူ’ အဖြစ်သို့ ပြောင်းလဲရန် လက္ခဏာများ ပြသနေသည့် ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ဖြစ်၏။

ဘဝဆက်နွယ်ကူ မှာ ကိုယ်ထည်သက်သက်သာ ကျန်ရှိတော့သော်လည်း ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူကမူ ရှင်သန်နေဆဲ ဖြစ်သည့်အပြင် ၎င်း၏ ခွန်အား တစ်စိတ်တစ်ပိုင်းကိုပင် ထိန်းသိမ်းထားနိုင်သေးသည်။

ဓားနတ်သမီးနှင့် အပြင်းအထန် တိုက်ခိုက်ပြီးနောက်မှသာ သူ ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

ယခု လီယွမ်သည်လည်း ဘဝဆက်နွယ်ကူများကို နတ်ဘုရားကူအဆင့်သို့ ရောက်ရှိစေရန် တဖြည်းဖြည်း ကြိုးစားနေသည်။

ဘဝဆက်နွယ်ကူက ဆင့်ကဲပြောင်းလဲခြင်း မရှိလျှင် ကူသခင်ကိုယ်တိုင်ကလည်း ကူအင်မော်တယ် ဖြစ်လာနိုင်မည် မဟုတ်ပေ။

[ မူလ အရင်းအမြစ်များကို ရွေးချယ်ပါ ]

[ ဘဝဆက်နွယ်ကူ၊ အရောင်တစ်ထောင် ဘုရင်မ မီးလျှံ စပါးအုံးမြွေ၊ အတူတကွ ပေါင်းထည့်မည့်အရာများမှာ နတ်ဆိုးတစ်ရာ မီးလျှံ ]

[ ဖန်တီးမှုကို စတင်ပါသည်... ]

ဤတစ်ကြိမ်တွင် အနက်ရောင်အိုးက အလွန် တိုးတိတ်နေပြီး အသက်ရှူချိန် ခဏတာအတွင်းမှာပင် ပြီးဆုံးသွားသည်။

[ သင်၏ ဘဝဆက်နွယ်ကူ ] အရောင်တစ်ထောင် ဘုရင်မ မီးလျှံ စပါးအုံးမြွေက နတ်ဆိုးတစ်ရာ မီးလျှံကို လွယ်လွယ်ကူကူ ဝါးမျိုသွားပြီး ၎င်း၏ မီးလျှံ ထိန်းချုပ်နိုင်စွမ်းမှာ အနည်းငယ် တိုးတက်သွား၏။

"တကယ်ပါပဲ..."

လီယွမ် သက်ပြင်းချလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အင်မော်တယ် အဆင့်သို့ ဆင့်ကဲပြောင်းလဲခြင်းမှာ အလွန် ခက်ခဲလွန်းလှသည်။

သူ ဤအကြံအစည်ကို ခေတ္တ စွန့်လွှတ်လိုက်သည်။ နဝမအဆင့်သို့ ရောက်ရှိသွားပြီးနောက် လမ်းကြောင်းသစ်တစ်ခု ထွက်ပေါ်လာကောင်း ဖြစ်နိုင်ပေမည်။

အရာအားလုံး မအောင်မြင်ပါက ဓားနတ်သမီးကို အရန်သင့် ရှိနေစေရမည်။ အခြားသော ဘဝဆက်နွယ်ကူများနှင့် မတူဘဲ ဓားနတ်သမီးမှာ ထူးခြားသော ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း ရှိနေပြီး ကိုယ်တိုင်ပင် ကျင့်ကြံနိုင်စွမ်း ရှိသည်။

လီယွမ်မှာ ကူသန့်စင်ရာတွင် ကျရှုံးခြင်းကို အသားကျနေပြီ ဖြစ်ရာ ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ နောက်ဆုံး ကျန်ရှိနေသည့် အရင်းအမြစ် သုံးမျိုးကို ကြည့်လိုက်၏။

[ မူလ အရင်းအမြစ်များကို ရွေးချယ်ပါ ]

[ ဓားသွားကူ၊ ဝိုင်ဓားကူ၊ ဓားစိတ်ဆန္ဒစုစည်း ကူ... အားလုံးကို နှစ်တစ်ထောင်သက်တမ်းရှိ ရတနာနှင့် ပေါင်းထည့်ပါ ]

[ ဖန်တီးမှုကို စတင်ပါသည်... ]

ရှူတောင်၏ အဓိက ကျင့်ကြံသူများမှာ ဓားတာအို လိုက်စားသူများ ဖြစ်ကြသည်။ ဤဝိုင်အိုးဟောင်းမှာ နှစ်ပေါင်း တစ်ထောင်က မင်းဆက်ခေတ်က ဓားနတ်သမီး တစ်ပါးကိုယ်တိုင် ချက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့် အသင့်တော်ဆုံး ဖြစ်သည့် လီယွမ်၏ ကူကောင်များကို ပေါင်းထည့်လိုက်သည်။

မကြာမီပင် ဓားချီ အလင်းရောင် တစ်ခုက ကူအိုးထဲမှ ထွက်ပေါ်လာ၏။

[ သင်သည် ရှားပါးကူဖြစ်သော 'ကောင်းကင်ဓားကျိုချက်ကူ' ကို ရရှိပါပြီ ]

[ ကောင်းကင်ဓားကျိုချက်ကူမှာ အပြည့်အဝ တိုက်ခိုက်ရေးဆိုင်ရာ ကူကောင်ဖြစ်ပြီး လက်အောက်ခံ ကူအဖြစ် အသုံးပြုနိုင်သည်၊ ထိုအိုးထဲတွင် ကောင်းကင်နှင့် မြေကြီး၊ ဝိုင်နှင့် ဓားတို့ ပါဝင်ပြီး ဝိုင်တစ်ခွက် ကျိုချက်လိုက်သည်နှင့် နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည် ]

[ သင်သည် ရှားပါးကူအသစ် တစ်ကောင်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့သည့်အတွက် အသွင်ကူးပြောင်းမှု အမှတ် (၁၀၀၀) ရရှိပါသည် ]

"ဒါက တကယ့်ကို ကောင်းတဲ့ အရာပဲ..."

ရှားပါးကူ အများစုမှာ လက်အောက်ခံ ကူအဖြစ် သန့်စင်၍ မရနိုင်ပါ၊ သို့မဟုတ် သန့်စင်ပြီးနောက်တွင် အကျိုးသက်ရောက်မှုများစွာ လျော့နည်းသွားတတ်၏။ ကောင်းကင်ဓားကျိုချက်ကူ ကဲ့သို့သော ရှားပါးကူများမှာ အလွန် ရှားပါးလှသည်။

အရေးအကြီးဆုံးမှာ ၎င်းနှင့်အတူ အသွင်ကူးပြောင်းမှု အမှတ် ၁၀၀၀ ပါ ပါလာပါ၏။

ဤသည်မှာ လီယွမ် အလိုအပ်ဆုံးအရာ ဖြစ်သည်။

အနက်ရောင်အိုး ပွင့်သွားချိန်တွင် ကင်းခြေများ တစ်ကောင် လိမ့်ထွက်လာသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ ပိန်ရှည်ရှည် ကြေးဝါ ဝိုင်အိုးလေးနှင့် တူနေပြီး အနီးကပ် ကြည့်လိုက်လျှင် ကင်းခြေများ မျိုးနွယ်စုဝင် ဖြစ်သည့် အလွန်သေးငယ်သော ခြေထောက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။

"ဝိုင်အိုးက လောကကြီးကို ထိန်းချုပ်ထားတယ် ဝိုင်က ဓားကို ကိုင်ဆောင်ထားတယ်... ဝိုင်တစ်ခွက် ကျိုချက်ရင် နတ်ဘုရားကိုတောင် သတ်နိုင်တယ်..."

လီယွမ် ခပ်တိုးတိုး ရေရွတ်လိုက်၏။

"တော်တော်လေး အဆင့်မြင့်တာပဲ... ဓားနတ်သမီးနဲ့ တွဲသုံးရင်တော့ အံ့အားသင့်စရာ ကောင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လောက်တယ်..."

All Chapters