နင်ဟုန်ယွီ၏ တုံ့ပြန်မှု
Vol. 28 Ch. 305
"တာ့ယန်မှာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အဖြစ်အပျက် အများကြီး ရှိခဲ့ပါတယ်။ နန်းတွင်းရေးရာနဲ့ စစ်ရေးကိစ္စတွေလည်း ပါဝင်ပါတယ် ဒါပေမယ့်..."
ချီနျန်ချူက စကားပြောရင်း မျက်လုံးများကို အောက်သို့ ချလိုက်ကာ ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။
"ဘာဖြစ်လို့လဲ..."
နင်ဟုန်ယွီက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
"ငါ့ကို မပြောပြရဲတဲ့ ကိစ္စမျိုး ရှိနေတာလား..."
"ဒီကိစ္စကတော့..."
ချီနျန်ချူက တုန်ယင်နေသော အသံဖြင့် ဆိုလိုက်သည်။
"ကျွန်တော်မျိုး မပြောဝံ့ပါဘူး... အရှင်မင်းသမီး ကိုယ်တိုင် သူတစ်ယောက်ယောက်ကို သွားတွေ့ပြီး သူကိုယ်တိုင်ပဲ ပြောပြတာက ပိုသင့်လျော်ပါလိမ့်မယ်..."
"ကောင်းပြီလေ..."
ချီနျန်ချူ တစ်ခုခု ကြံစည်နေမည်ကို နင်ဟုန်ယွီ လုံးဝ မကြောက်ပေ။ ဆွေ့ရှ လင်းရွှီ (၁၆) ခု၏ ကောင်းချီးကို ရရှိပြီးနောက်ပိုင်း သူမကို ခြိမ်းခြောက်နိုင်မည့်သူမှာ ကန္တာရ တစ်ခုလုံးတွင် မရှိသလောက်ပင် ဖြစ်သည်။ သို့သော် သူမ ရရှိလိုက်သော စွမ်းအားများအတွက် သူမသည်လည်း တာဝန်ယူမှုများစွာကို ပခုံးပြောင်း တာဝန်ယူထားရ၏။
ဆွေ့ရှ လင်းရွှီ အားလုံး ( ကန္တာရ ဆယ့်ခြောက် ပြည်ထောင်) သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး အညစ်အကြေးများဖြင့် ညစ်ညမ်းနေသည်။ ကန္တာရ၏ အခြေခံ အုတ်မြစ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူမသည် လင်းရွှီကို အစဉ်မပြတ် သန့်စင်ပေးနေရမည် ဖြစ်သည်။ ဤအညစ်အကြေးများက ကန္တာရကိုသာမက တစ်တိုက်ကြီးလုံးကိုပါ ပျံ့နှံ့သွားနိုင်မည်ဟု သူမ ကြိုတင် ခံစားမိနေသည်။
မကြာမီပင် ချီနျန်ချူ၏ နောက်သို့ လိုက်ပါသွားကာ နန်းဆောင်တစ်ခုသို့ သူမ ရောက်ရှိလာ၏။
ခန်းမအတွင်းတွင် နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်နှင့် ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရေကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူမသည် အလွန်ပင် လှပပြီး သူမဆီမှ ရင်းနှီးနေသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
"ဆွေ့ရှနိုင်ငံ.. ဝိညာဉ် ဆွေ့ရှရဲ့ မျိုးဆက် ရှီဝမ်က အရှင်မင်းသမီးကို ဂါရဝပြုပါတယ်..."
လီယွမ် တောင်ပိုင်းနယ်စပ်မှ ကျန်းနန်သို့ ထွက်ခွာသွားပြီးနောက် ရှီဝမ်လည်း သူမ၏ နေရပ်သို့ ပြန်လည် ခရီးနှင်ခဲ့ပြီး ကန္တာရသို့ အောင်မြင်စွာ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ကူကျွန်အဖြစ် ပြောင်းလဲပြီးနောက် လီယွမ်၏ သွေးကို အသုံးပြုကာ ချီနျန်ချူကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်။
သို့သော် ရှီဝမ်သည် သူမ၏ ကတိသစ္စာကို ဖျက်ဆီး၍ ဆွေ့ရှ လင်းရွှီ၏ ကာကွယ်မှုကို လက်လွတ်မဆုံးရှုံးစေရန် အလွန် ပါးနပ်စွာ ရှောင်လွှဲခဲ့၏။ သူမသည် တောင်ပိုင်းနယ်စပ်တွင် နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သွေးမျိုးဆက် ညစ်ညမ်းသွားခဲ့ရကာ အသက်သေဆုံးမည့် ဘေးမှ လွတ်မြောက်စဉ် လီယွမ်အပေါ် စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာပြီး သူ၏ အချစ်ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု လိမ်ညာခဲ့ခြင်း ဖြစ်သည်။
ချီနျန်ချူတွင် အတည်ပြုနိုင်မည့် နည်းလမ်း မရှိသော်လည်း ရှီဝမ်ထံတွင် လီယွမ်၏ အသက်စွမ်းအင်များ ရှိနေသဖြင့် သူ ယုံကြည်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
"ရှီဝမ်လား..."
နင်ဟုန်ယွီ သူမကို စိုက်ကြည့်လိုက်ရာ မျက်ခုံးများ တွန့်ကွေးသွားသည်။
"ငါ မှတ်မိတယ်... မင်းက ကန္တာရမှာ လွန်ခဲ့တဲ့ နှစ်ငါးရာအတွင်း အလှဆုံး မိန်းမပျိုလေးပဲ... တကယ်လည်း လှပတာပဲ..."
"ကျွန်မ အလွန် ကြောက်ရွံ့မိပါတယ်... ကျွန်မရဲ့ အဆင့်အတန်းက အရှင်မင်းသမီးရဲ့ အခေါ်အဝေါ်ကိုတောင် မထိုက်တန်ပါဘူး..."
ရှီဝမ်မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေ၏။ သူမအပေါ် သက်ရောက်နေသော မမြင်နိုင်သည့် ဖိအားက သူမကို ကြောက်လန့်စေသည်။
"ချီနျန်ချူက မင်းကို တာ့ယန် အကြောင်း သတင်းပို့ခိုင်းတယ်လို့ ပြောတယ်... မင်းက တာ့ယန် အကြောင်းကို ကောင်းကောင်း သိနေပုံရတယ်ပေါ့... မင်း အဲဒီကို ရောက်ဖူးတာလား..."
နင်ဟုန်ယွီက တည်ငြိမ်စွာပင် ထိုင်ချလိုက်သည်။
သူမ၏ ကိုယ်တွင် ဂျူနီယာ မောင်လေး၏ အငွေ့အသက်ကို ခံစားမိနေသည့်တိုင် သူမ၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
"ဟုတ်ကဲ့..."
ရှီဝမ် ခေါင်းငုံ့လိုက်၏။
"ကျွန်မ တစ်ခါ တာ့ယန်ကို ရောက်ဖူးပါတယ်... အရှင်မင်းသမီးရဲ့ ဂိုဏ်းကို ဘေးကင်းကြောင်း သတင်းပို့ဖို့ အမိန့်ပေးခံခဲ့ရတာပါ... လမ်းခုလတ်မှာ နတ်ဆိုးတွေ ကစဉ့်ကလျား ဖြစ်နေတာနဲ့ ကြုံတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး..."
“အဲ့ဒီမှာ ကျွန်မ ချစ်ရတဲ့ လီယွမ် ဆိုတဲ့ လူတစ်ယောက် နဲ့ တွေ့ခဲ့တယ်”
“နောက်တော့.. သူက အရှင်မင်းသမီး ရဲ့ ဂျူနီယာ မောင်လေး ဖြစ်ကြောင်း သိလိုက်ရပေမယ့် ကျွန်မ အရူးအမူး ဖြစ်နေပြီး နတ်ဆိုး တွေရဲ့ လှည့်စားခြင်း ကို ခံလိုက်ရလို့ သူ့ဆီမှာ ကိုယ့်ကိုယ်ကိုယ် ပေးအပ်ခဲ့မိတယ်”
"ကျေးဇူးပြုပြီး... ကျွန်မကို ခွင့်လွှတ်ပေးပါ အရှင်မင်းသမီး..."
စကားဆုံးသည်နှင့် ရှီဝမ်၏ အသံမှာ တုန်ယင်နေတော့သည်။ ထက်ဝက်မှာ သရုပ်ဆောင်ခြင်း ဖြစ်ပြီး ကျန်တစ်ဝက်မှာမူ သူမ၏ ရင်ထဲမှ အမှန်တကယ်ပင် ကြောက်ရွံ့နေခြင်း ဖြစ်၏။
နင်ဟုန်ယွီ၏ အမူအရာမှာ အနည်းငယ် မှောင်မိုက်သွားသည်။
"မင်း ပြောတာ အမှန်ပဲလား..."
ရှီဝမ်မှာ မြေပြင်ပေါ်သို့ ခေါင်းကို ထိကပ်ကာ တုန်ယင်လျက် ပြောလိုက်၏။
"စကားတိုင်းက အမှန်ပါ..."
"ငါ နားလည်ပါပြီ..."
နင်ဟုန်ယွီ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ထလိုက်တော့..."
ထို့နောက် ဘေးတွင် ရပ်နေသည့် ချီနျန်ချူကို ကြည့်ကာ မေးလိုက်၏။
"ဒါဆိုရင် တာ့ယန်မှာ ရှန်းဟိုင်ကွမ်ကို အောင်မြင်စွာ တိုက်ခိုက်ပြီးတဲ့နောက် နောက်ထပ် စစ်ပွဲကြီး တစ်ခု ထပ်ဖြစ်ခဲ့တာလား..."
"ဟုတ်ကဲ့..."
ချီနျန်ချူက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်သည်။
အရှင်မင်းသမီး၏ တုံ့ပြန်မှုမှာ သူ ထင်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။ သူ တကယ် ချစ်မြတ်နိုးရသည့် တစ်ဦးတည်းသောသူက သစ္စာဖောက်သွားသဖြင့် သူမ ဒေါသထွက်သင့်သည် မဟုတ်ပါလား။
သူမက ဒေါသတကြီးဖြင့် ရှီဝမ်ကို မေးခွန်းထုတ်သင့်သည် မဟုတ်ပါလား။ အနည်းဆုံးတော့ အမှန်တရားကို သိရှိနိုင်ရန် စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းများစွာ မေးမြန်းသင့်သည်။
တစ်ချိန်လုံးတွင် အရှင်မင်းသမီးမှာ မျက်မှောင် အနည်းငယ်သာ ကြုတ်လိုက်သည်။ သူမ၏ စစ်မှန်သော ခံစားချက်များက ဘယ်ဆီသို့ ရောက်သွားသလဲ။
'စစ်မှန်သော အချစ်ကူ' ဆိုတာက ဒီလိုအရာတွေကို ဂရုမစိုက်ဘူးလား...
ချီနျန်ချူမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားပြီး အလျင်အမြန်ပင် ဆိုလိုက်၏။
"အရှင်မင်းသမီး... မကြာသေးခင်က တာ့ယန်မှာ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒါက အရှင်မင်းသမီးရဲ့ ဂျူနီယာ မောင်လေး... လီယွမ်နဲ့ ပတ်သက်နေပါတယ်..."
"အို... ပြောပြပါဦး..."
နင်ဟုန်ယွီမှာ ပုံမှန်အတိုင်းပင် ရှိနေဆဲ ဖြစ်သည်။
ချီနျန်ချူက ဆို၏။
"အရှင်မင်းသမီးရဲ့ ဂျူနီယာ မောင်လေး လီယွမ်က ကျန်းနန်မှာ နဝမအဆင့် မိစ္ဆာအိုကြီးတွေ အထွတ်အထိပ် သူတော်စင်တွေနဲ့ အပါအဝင် အင်အားစုကြီး ရှစ်ခုက ပုဂ္ဂိုလ်ကြီးတွေကို တိုက်ခိုက်ခဲ့ပါတယ်..."
"ဘာ..."
နင်ဟုန်ယွီ နောက်ဆုံးတော့ သူမ၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားတော့သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ... ဂျူနီယာ မောင်လေး အဆင်ပြေရဲ့လား... မြန်မြန် ပြောပြစမ်း..."
သူမသည် ဂျူနီယာ မောင်လေး၏ အမျိုးသမီးကိစ္စများတွင် မည်သို့ပင် သံသယ ဖြစ်နေစေကာမူ အသက်အန္တရာယ်နှင့် ပတ်သက်လာလျှင်တော့ ချက်ချင်းပင် အခြေအနေကို စုံစမ်းတော့မည့်သူ ဖြစ်၏။
"..."
ချီနျန်ချူ၏ အိုဟောင်းနေသော နှလုံးသားမှာ ကွဲအက်သွားလုနီးပါး ဖြစ်သွားသည်။
'ဘာလို့ ဒီလောက်တောင် အရေးတကြီး ဖြစ်နေရတာလဲ...'
"ကျွန်တော်မျိုး အစကနေ စပြောပါမယ်..."
ချီနျန်ချူက ဆိုလိုက်၏။
"တာ့ယန် ကျန်းနန် တိုက်ပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ဓားနတ်သမီး ပြန်လည် နိုးထလာတဲ့အတွက် အင်အားစုကြီး ရှစ်ခုစလုံးက လာရောက်ခဲ့ကြပါတယ်..."
ဓားနတ်သမီး ရှိနေကြောင်းကိုတော့ နင်ဟုန်ယွီ သိရှိပြီး ဖြစ်၏။ အစပိုင်းတွင် ဂျူနီယာ မောင်လေးက သူမကို ဓားနတ်သမီးမှာ သူ၏ ဝေးလံသော ဆွေမျိုးတော်စပ်သူ တစ်ဦးသာ ဖြစ်ကြောင်း လိမ်ညာခဲ့ဖူးသည်။
ချီနျန်ချူက ဆက်ပြော၏။
"အင်အားစု အားလုံးက ဓားနတ်သမီးဆီမှာ အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက် ရှိတယ်လို့ ယုံကြည်ပြီး လုယူဖို့ ကြိုးစားခဲ့ကြပါတယ်... အဆုံးမှာတော့ ဓားနတ်သမီး တကယ် ပြန်လည် နိုးထလာပြီး နဝမအဆင့် မိစ္ဆာအိုကြီးတွေကို ဓား တစ်ချက်နဲ့ သတ်ဖြတ်လိုက်တယ်... အဲဒီနောက်မှာ အင်အားစုရှစ်ခုစလုံးကို အရှက်ရစေမယ့် သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုခိုင်းပြီး လျော်ကြေးတွေ အများကြီး ပေးဆောင်စေခဲ့ပါတယ်..."
"ဒီလိုနဲ့ တာ့ယန် မင်းဆက် စတင်ကတည်းက အကြီးဆုံး ဖြစ်ရပ်ကြီး အဆုံးသတ်သွားခဲ့ပါတယ်..."
ဇာတ်ကြောင်း ပြောပြစဉ်တွင် ချီနျန်ချူက လီယွမ်၏ လုပ်ဆောင်ချက်များကို လျင်မြန်စွာ ကျော်ဖြတ်ပြီး အခြားသူများ၏ အကူအညီများကိုသာ ပိုမို အလေးပေး ပြောဆိုသွားသည်။
သို့သော်လည်း...
ဤအရာက နင်ဟုန်ယွီ၏ အံ့အားသင့်စရာ အပြုံးတစ်ခုကိုသာ ဖော်ဆောင်လိုက်၏။
"သူတော်စင်တွေကို အံတုပြီး နဝမအဆင့်ကိုတောင် မကြောက်မရွံ့ တိုက်ခိုက်နိုင်တဲ့ ငါ့ရဲ့ ဂျူနီယာ မောင်လေးက တကယ်ပဲ အံ့သြစရာ ကောင်းတာပဲ..."
ချီနျန်ချူ "......"
'မဟုတ်ဘူး... ကျွန်တော် အဲဒီလို ပြောလိုက်တာ မဟုတ်ဘူး...'
သူသည် ကျန်းနန်၏ အံ့ဖွယ်များကို စကားလုံးပေါင်း သုံးထောင်ဖြင့် ဖော်ပြခဲ့သော်လည်း လီယွမ်အကြောင်းက ဆယ်ရာခိုင်နှုန်းတောင် မရှိခဲ့ချေ။
သို့သော် အရှင်မင်းသမီးကမူ အရာအားလုံးကို လီယွမ်၏ ဇာတ်လမ်းအဖြစ်သာ အနှစ်ချုပ်လိုက်သည်။
'ကောင်းပြီလေ... တကယ့်ကို စစ်မှန်သော အချစ်ကူ ပါပဲ...'
သူက အဆိုးမြင်စရာတွေကို လုံးဝ မမှတ်မိဘဲ အကောင်းမြင်စရာတွေကိုပဲ မှတ်မိနေတာ။
ရှီဝမ်မှာ မြေကြီးပေါ်တွင် ခေါင်းကို ထိကပ်လျက် အောင်သွယ်တော်ကြီး တစ်ယောက်လို ပြုံးနေ၏။
သူမသည် အရှင်မင်းသမီးနှင့် လီယွမ်တို့၏ ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ထားပြီး ဤကိစ္စကြောင့် သူတို့၏ ဆက်ဆံရေး ပျက်စီးသွားမည်ကို စိုးရိမ်ခဲ့ဖူးသော်လည်း ယခုတော့။
'စစ်မှန်သော အချစ်ကူ’၏ တန်ဖိုးမှာ တဖြည်းဖြည်း တက်လာနေပြီ ဖြစ်သည်။
ချီနျန်ချူမှာ အလွန် ကြောက်ရွံ့သွားပြီး အခြေအနေကို ပိုမို ပျက်စီးစေရန် ထပ်မံ လှုံ့ဆော်လိုက်သည်။
"အရှင်မင်းသမီး... လူတိုင်း ပြောနေကြတာကတော့ ဓားနတ်သမီးနဲ့ လီယွမ်ကြားက ဆက်ဆံရေးက အလွန် ရှုပ်ထွေးနေတယ်လို့ ဆိုကြပါတယ်... သူတို့က ကူအင်မော်တယ် ပေးအပ်ခဲ့တဲ့ ကံကြမ္မာနဲ့ ဆုံစည်းခြင်း ဖြစ်နိုင်ပါတယ်... သူတို့နှစ်ယောက်က လုံးဝ ခွဲခြားမရအောင် ချည်နှောင်ထားကြတယ်တဲ့..."
နင်ဟုန်ယွီက သူ့ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
"ပြီးတော့ကော..."
ချီနျန်ချူ၏ စိတ်ထဲတွင်တော့ အမှောင်ကျသွားတော့သည်။
ပြဿနာက 'စစ်မှန်သော အချစ်ကူ' မှာလား.. ဒါမှမဟုတ် အရှင်မင်းသမီးရဲ့ ဦးနှောက်မှာလား..။
'ဒါကိုတောင် ခွင့်လွှတ်နိုင်ဦးမှာလား...'
သူ ထပ်ပြောရန် ပြင်ဆင်နေစဉ် နင်ဟုန်ယွီက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ... မင်း သွားလို့ ရပြီ... ရှီဝမ်နဲ့ ငါ တစ်ခုခု ဆွေးနွေးစရာ ရှိသေးတယ်..."
Book 28 end.