အရှင်ကျိုးထျန်ကို သတ်ဖြတ်ခြင်း
Vol. 101 Ch. 1390
ဝမ်လင်းသည် နှစ်ပေါင်းနှစ်ထောင်လောက် ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ သူ့ဘဝလမ်းတစ်လျှောက်လုံး သူသည် အန္တရာယ်မျိုးစုံအပေါ် ဖြတ်လျှောက်လာခဲ့ပြီး ဖြစ်သည်။ သူ့ဉာဏ်ပညာ၊ အညံ့မခံမည့်စိတ်ဆန္ဒ တို့ကို အသုံးပြုကာ သူသည် သူ့ဘဝ၏ သေရေးရှင်ရေးအခြေအနေများကို ရုန်းကန် ဖြတ်ကျော်ခဲ့ရသည်။ ထိုအဖြစ်သနစ်က သူ့ကို ကောင်းကင်ဘုံနှင့်ပါ ရင်ဆိုင်ဝံ့သည့် သတ္တိကို ရစေခဲ့သည်။
သူသည် တာအိုပညာရှင်ရေကဲ့သို့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့်ပင် တိုက်ခိုက်ရဲခဲ့၏။ သူသာ ထာဆန်၏ လိုက်လံခြင်း၊ ထို့နောက် တာအိုသခင်အိပ်မက်ပြာတို့နှင့် မတွေ့ခဲ့ပါက ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းသည် သူ့အတွက် ဉာဏ်မီနိုင်သည့်အရာ မဟုတ်ဟုသာ ခံစားမိမည် ဖြစ်သည်။ ထို့နောက်တွင် သူသည် ယခုကဲ့သို့ ပြန့်ကြဲမိုးကြိုးကလန်နှင့် ရင်ဆိုင်ရန် ရဲတင်းသည့်နည်းလမ်းမျိုးကိုလည်း ရွေးချယ်မိလိမ့်မည် မဟုတ်ပေ။
သို့ပေမည့် ဤအရာများမှာ အဟန့်အတားတစ်ခုသာ ဖြစ်သည်။ သူက ထိုအဟန့်အတားကို ကျော်လွန်ပြီးသည်နှင့် ၎င်းသည် ပျက်စီးသွားခဲ့ပေပြီ။ သူက ပို၍ သတိထားကာ လှုပ်ရှားလာခဲ့လျှင်ပင် သူသည် သတ်ဖြတ်ဦးမည်သာ။
ထို့အပြင် ကျန်းရှင်းရီ၏ တိုက်ပွဲဆန္ဒကလည်း ဝမ်လင်း၏စိတ်ထဲတွင် အမြစ်တွယ်နေပေပြီ။
သည်အခိုက်အတန့်၌ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်လောက်သာ ရှိသော အရှင်ကျိုးထျန်က သူ့ကို လာရန်စဝံ့နေသည်။ ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။ သူက အရှင်ကျိုးထျန်ကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်၌ လှောင်ပြုံးတစ်ခု တွဲခိုသည်။
အရှင်ကျိုးထျန်သည် ဝမ်လင်း၏အသွင်ဟန်ပန်ကို တွေ့မြင်သည့်အခါ သူ့နှလုံး တစ်ချက် ခုန်ပေါက်သွားမိသည်။ သူက အန္တရာယ်အာရုံကို ခပ်ရေးရေး ခံစားမိလိုက်သည်။ သို့ပေမည့် သူသည် ဝမ်လင်းကို ကြည့်မိသည့်အခါ သူက အာဏာတက်ခြင်းအဆင့်ကျင်ကြံသူဟုသာ မြင်သည်။ ထိုကဲ့သို့ ကျင့်ကြံသူလေးက အခုလိုမျိုး အမူအရာကို ဖော်ထုတ်ဝံ့နေ၏။ အရှင်ကျိုးထျန် မျက်မှောင်ကြုတ်သွားသည်။ သူ့စိတ်ထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာသည်။
သူသည် အပြင်လူတစ်ယောက်က မိုးကြိုးကလန်ဝင်၏ခန္ဓာကိုယ်ကို ပိုင်စိုးကာ မိုးကြိုးသလင်းကျောင်းတော်ထဲထိ ဝင်လာနိုင်မည်ဟု လုံးဝ စိတ်ကူးကြည့်မိမည် မဟုတ်ပေ။ သူ့ရှေ့ရှိ ထိုသူက ကြမ်းကြုတ်သောရှေးဦးသားရဲတစ်ကောင်ကဲ့သို့ လူစားမျိုး ဖြစ်နေမည်ဟုလည်း သူ မသိပေ။
ဤအခိုက်တွင် ပြန့်ကြဲမိုးကြိုးကလန်၏ သည်နေရာတွင် တာဝန်ရှိသူခြောက်ယောက်သည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူတို့ထဲမှ တစ်ယောက်က ထရပ်ကာ ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။ “မင်းနာမည်က ယုဖေလား…”
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူ့ဉာဏ်ပညာဖြင့် သူက ချက်ခြင်းပင် ထိုလူသည် သူ့ကို ကျောက်စိမ်းပြားပေးလိုက်သော အထည်ဒြပ်ယန်အဆင့်ဂျူနီယာနှင့် ပတ်သတ်မည်ကို သိလိုက်၏။
စကားတစ်ခွန်းပင် မဆိုဘဲ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြား ပေါ်လာ၏။ ၎င်းကျောက်စိမ်းပြားသည် ဝမ်လင်းထံ စကားလှမ်းပြောသောလူထံသို့ ပျံသန်းသွားသည်။
ထိုကျင့်ကြံသူက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ချိန်၌ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ ကျောက်စိမ်းပြားအတွင်းကို ကြည့်ပြီးနောက် သူက ဝမ်လင်းကို စူးစမ်းဟန် ကြည့်သည်။ ထို့နောက် သူက လက်နှစ်ဖက်ဆုပ်ကိုင်ကာ အရှင်ကျိုးထျန်ကို ပြောလိုက်၏။ “စီနီယာကျိုးထန်၊ ကျေးဇူးပြုပြီး ငါတို့ကို မျက်နှာသာပေးပါ။ ဒီလူဟာ ငါ့မိတ်ဆွေဟောင်းက ခုနစ်သန်းကမ္ဘာစမ်းသပ်မှုထဲ သွားရောက်ဖို့အတွက် ပြောလိုက်တဲ့သူ ဖြစ်နေတယ်။ ဒီစမ်းသပ်မှုကလည်း လူတစ်ယောက်တည်းအတွက်မှ မဟုတ်တာ။ သူ့ကိုပါ သွားခွင့် ပြုရင် အဆင်ပြေနိုင်မလား…”
အရှင်ကျိုးထျန်က မထူးခြားနားဟန်ဖြင့် ထိုစကားဆိုလိုက်သော ကျင့်ကြံသူကို ကြည့်လိုက်သည်။ အနောက်ဘက်ဂိတ်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများသည်လည်း သူ့ရှေ့တွင် ပုရွတ်ဆိတ်များသာ။ သို့သော် သူတို့သည် မိသားစုထဲ၌ အဆင့်အတန်းမြင့်ကာ သူတို့နောက်တွင် အကြီးအကဲတစ်ယောက် ရှိကြ၏။ သူသည် မောက်မာသော်လည်း ဒီကိစ္စကို သေချာ စဉ်းစားဖို့ လိုလာသည်။
“ဒီနေရာမှာ တစ်စုံတစ်ယောက်ကို သတ်ဖို့ဟာ အကြီးအကဲတစ်ယောက်အတွက်တောင် ခက်ခဲနိုင်တယ်။ ဒီကောင်စုတ်လေးကို သူ့သေဆုံးမှုကို ဘယ်သူမှ မထောက်လှမ်းနိုင်မယ့် ခုနစ်သန်းကမ္ဘာထဲ ဝင်ခွင့်ပေးလိုက်မယ်။ တကယ်တော့ ခုနစ်သန်းကမ္ဘာပတ်လည်မှာ ရှိတဲ့အတားအဆီးတွေကြောင့် ကလန်ဘိုးဘေးရဲ့ နတ်ဘုရားအာရုံတောင် အထဲကို မဝင်ရောက်နိုင်ဘူး။ ဒါ့ကြောင့်လည်း ဒီနေရာဟာ ကလန်ရဲ့ ပုဂ္ဂိုလ်ရေး ရန်ငြှိုးတွေ ရှင်းတဲ့နေရာတစ်ခု ဖြစ်နေတာပဲ။ အဲ့နေရာမှာဆို လူတိုင်းဟာ လျှို့ဝှက်ပြီး လဲလှယ်မှုတွေလည်း လုပ်နိုင်သေးတယ်…”
သူက ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ ထို့နောက် သူသည် ကျောက်စိမ်းပြားထဲသို့ ပျောက်ကွယ်ကာ ခုနစ်သန်းကမ္ဘာထံသို့ ဦးတည်ဝင်ရောက်သွားလေသည်။
သူ ပျောက်ကွယ်သွားပြီးနောက် ကျောက်စိမ်းပြားသည် လင်းလက်မှုကို ပြန်ပေးစွမ်းနေ၏။ ဝမ်လင်းက ၎င်းကို ဖမ်းယူလိုက်သည်။ သူ့နတ်ဘုရားအာရုံကို ၎င်းအထဲသို့ စေလွှတ်လိုက်ရာ သူလည်း ခုနစ်သန်းကမ္ဘာအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
ဒီနေရာရှိ ပြန့်ကြဲမိုးကြိုးကလန်မှ တာဝန်ရှိသူများသည် မျက်မှောင်ကြုတ်သွားသည်။ သူတို့သည် မကျေမနပ်ဟန်ပန် ဖြစ်ပေါ်ကုန်၏။
“ဒီလူက အတော်ကျေးဇူးမသိတတ်တာပဲ။ ငါတို့က သူ့ကို ကူညီပေးခဲ့တာ။ သူက ကျေးဇူးစကားတစ်ခွန်းတောင် မပြောခဲ့ဘူး…”
“ထားလိုက်ပါတော့လေ…အစောပိုင်းတည်းက ငါက သူ့ကို ဒီခုနစ်သန်းလောကထဲ မဝင်ရောက်ဖို့ သွေးဆောင်လှည့်ဖျားမလို့ လုပ်ထားခဲ့တာ။ အခု အရှင်ကျိုးထျန်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်လည်း ရှိနေတယ်။ ဒီကောင်လေးက ဒါကို မမြင်ဘူး။ ဒါပေမဲ့ ငါတို့ကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒီကောင်လေး ဝင်သွားပြီးတာနဲ့ သူဟာ သေရေးရှင်ရေး ကြုံရတော့မှာ ငါ စိုးရွှံ့မိတယ်…”
“ရောင်းရင်းကျင့်ကြံသူ ဟောင်ရန်ရဲ့ တောင်းဆိုမှုကတော့ အလကားဟသ ဖြစ်သွားပြီ။ သူ ပြောပုံအရ သူက ဒီကောင်လေးကို သဘောကျနေတယ့်ပုံပဲ…”
“ဒီကိစ္စက ငါတို့နဲ့ မဆိုင်ဘူး။ သူ သေတာပဲ ဖြစ်ဖြစ် ရှင်တာပဲ ဖြစ်ဖြစ် ကံကြမ္မာက ဆုံးဖြတ်ပေးလိမ့်မယ်…”
သူတို့ခြောက်ယောက်သည် အခုကိစ္စနှင့် ပတ်သတ်၍ တစ်ယောက်နှင့်တစ်ယောက် ပြောနေကြ၏။ ထို့နောက် သူတို့က ဤကိစ္စကို အစသပ်ကာ တဖန်ထပ်ပြီး ကျင့်ကြံရန် သူတို့၏မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။
ဝမ်လင်းအတွက်မူ သူ ပျောက်ကွယ်သွားပြီးနောက် သူ့အမြင်သည် ချက်ခြင်း ဝေဝါးသွား၏။ သို့သော် သူ့မူလစိတ်ဝိညာဉ်မှာ သန်မာလွန်း၏။ ထို့ကြောင့် သူသည် ချက်ခြင်း ပြန်ကောင်းမွန်လာသည်။ သူ့အမြင် ပြန်ကြည်လင်လာချိန်တွင် သူက ကျဉ်းမြောင်းသောလမ်းတစ်ခုကို ချက်ခြင်း တွေ့မြင်လိုက်ရ၏။ ထိုလမ်းကြောင်းသည် သလင်းအလင်းကို ပေးစွမ်းနေသည်။ ထိုအလင်းက သူ့ခန္ဓာကိုယ်ကို လာထိမိသည့်အခါ ၎င်းသည် သူ့ကို ဝေဝါးသွားကာ သူ့ကိုယ်တွင်းကိုပင် မမြင်ရအောင် ဖြစ်သွားစေသည်။
ဝမ်လင်း၏ ဂရုတစိုက်ရှာဖွေမှုအောက်၌ သူသည် နတ်ဘုရားအာရုံကို ရှေ့သို့ မဖြန့်ကျက်နိုင်အောင် ကာဆီးထားသော ထူထဲသည့်နရံကြီးတစ်ခု သည်နေရာတွင် ရှိနေသည်ဟု ရှင်းလင်းစွာ ခံစားမိသည်။ ဒီလမ်းကြောင်း ပတ်ဝန်းကျင်တွင်လည်း လှိုင်းထန်မှု၊ပရမ်းပတာဖြစ်မှုတို့ ရှိနေသည်။
“ဒီနေရာဟာ အတော်လေး ထူးဆန်းတယ်။ နံရံအထူကို ကြည့်ရသလောက် အပြင်ဘက်က ဘယ်လိုနတ်ဘုရားအာရုံမဆို ဒီနေရာရှိ ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာတက တစ်စုံတစ်ယောက်အနေနဲ့ ဒီမှာ လူတစ်ယောက် အသတ်ခံရရင် ထောက်လှမ်းနိုင်ဖို့ မဖြစ်နိုင်ဘူး…” ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။ သူသည် ရှေ့သို့ တရကြမ်း ဆက်သွားသည်။
ဟင်းလင်းပြင်ပရမ်းပတာဖြစ်မှုသည် ဝမ်လင်း၏အမြန်နှုန်းနှင့်အတူ မြင့်တက်လာ၏။ ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာသည်။ သို့ပေမည့် ယင်းတို့သည် ဝမ်လင်းကို တစ်စက်လေးပင် ရပ်တန့်အောင် မလုပ်နိုင်ပေ။ ဝမ်လင်း၏အမြန်နှုန်းကြောင့် ဟင်းလင်းပြင်အက်ကြောင်းများသည် မကြာဆိုသလို ပျက်စီးကာ ပျောက်ကွယ်ကုန်သည်။
ဝမ်လင်းသည် အရှင်ကျိုးထျန်၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုမှုကို မည်သို့ မမြင်ဘဲ ရှိပါ့မည်နည်း။ ဝမ်လင်း၏စိတ်နေစိတ်ထားကပင် အမြဲထိုသို့ ရှိနေသည် မဟုတ်လား။ သူက အခြားသူများ သူ့ကို ရန်လာမစလျှင် ထိုသူတို့ကိုလည်း သူ ရန်သွားစမည် မဟုတ်ပေ။ သို့သော် အခြားတစ်ဖက် သူ့ကို သတ်ဖို့ ဆုံးဖြတ်လာပါက သူသည် ထိုသူတို့ကို သတ်ပစ်မည်သာ။
ဝမ်လင်းနှင့်အရှင်ကျိုးထျန်တို့မှာ ဥမင်လမ်းကြောင်းကနေ ခုနစ်သန်းလောကထံသို့ တစ်ချိန်တည်းလိုလို ဝင်ရောက်လာခဲ့၏။ အရှင်ကျိုးထျန်မှာလည်း မြန်ဆန်သည်သာ။ သို့သော် သူသည် ဟင်းလင်းပြင်ပရမ်းပတာဖြစ်မှုကို ရှောင်ကွင်းနေရသဖြင့် သူ့အရှိန် နှေးရသည်မှာ သဘာဝပင်။
သူ့ပတ်လည်၌ မိုးကြိုးဝတ်ရုံတစ်ခု ခြုံလွှမ်းထား၏။ ထိုအဖြစ်က သူ ရှေ့သို့သွားစဉ် သူသည် မိုးကြိုးတိမ်တိုက်တစ်ခုကဲ့သို့ ရှိစေသည်။ မိုးကြိုးသလင်းကျောင်းတော်မှာတုန်းကကဲ့သို့ သူ့မထူးခြားနားဟန်မှာ ပျောက်ကွယ်နေပြီ ဖြစ်ကာ ခုချိန်၌ သူည် သုန်မှုန်နေ၏။ သူက ရန်လိုလွှမ်းမိုးမှုအော်ရာကို ပေးစွမ်းနေသည်။
နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် သူ့ကိုယ်ပိုင်မာန ရှိ၏။ ခုနစ်သန်းကမ္ဘာသည် ဥပဒေမဲ့သော နေရာ ဖြစ်သည်။ ၎င်းမှာ အစမ်းထက်ကျင့်ကြံသူများသာ လာသင့်သည့်နေရာလည်း ဟုတ်သည်။ လျှို့ဝှက်လဲလှယ်မှုများ၊ သို့မဟုတ် ပုဂ္ဂိုလ်ရေးရန်ငြှိုးများကို ဖြေရှင်းရန် နေရာလည်း ဟုတ်သည်။ ကလန်၏အကြီးအကဲများပင် သည်လောကအတွင်းကို မြင်နိုင်စွမ်း မရှိပေ။ ဤနေရာမှာ သန်မာသူသာ လေးစားခံရမည့် နေရာတည်း။
ဥမင်လမ်းကြောင်းသည် သိပ်ရှည်လျားခြင်း မရှိပေ။ ထို့ကြောင့် အရှင်ကျိုးထျန်အတွက် ထွက်ပေါက်နား ရောက်လာဖို့ အချိန်သိပ်မကြာပေ။ သူ့မျက်နှာထက်တွင် မောက်မာမှု ပြည့်နှက်လျက် သူက တွေးနေ၏။ “အရှင်ဟောင်ကွန် ဒီနေရာကို ရောက်လာမှာကိုပဲ ငါ သတိထားရမယ်။ သူ့ကျင့်ကြံမှုအဆင့်ဟာ ငါ့ထက် နည်းနည်းမြင့်တယ်။ ဒါ့ကြောင့် တိုက်ခိုက်မယ်ဆိုရင် ငါဟာ သူ့ပြိုင်ဘက် မဖြစ်နိုင်လောက်ဘူး…”
“ဒါပေမဲ့လည်း ငါက ငါ့အနီးကပ်မိတ်ဆွေအချို့ကို ငါနဲ့အတူ သွားပေးဖို့ အကူအညီတောင်းထားခဲ့တယ်။ ဒါမှသာ အရှင်ဟောင်ကွန်နဲ့ ပတ်သတ်လို့ ပိုစေ့စပ်သေချာမှာ…” စဉ်းစားနေရင်း သူသည် ပိုမြန်စွာ ရွှေ့လျားလိုက်သည်။ သူ တွေးနေသည်က လဲလှယ်မှုပြုရန်သာ ဖြစ်၏။ ဝမ်လင်းအတွက်ကမူ သူ့အမြင်၌ ဝမ်လင်းသည် သူ စဉ်စားကြည့်စရာမလိုအပ်သော ပုရွတ်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ သူသည် ခုနစ်သန်းလောက၏ ရင်ပြင်ထက်၌ ခဏစောင့်ဖို့သာ လို၍ သည်ယုဖေ ပေါ်လာသည်နှင့် ချက်ခြင်း သတ်ပစ်မည် ဖြစ်သည်။
သို့ပေမည့် အရှင်ကျိုးထျန်သည် ဝင်ပေါက်နှင့် နီးလာကာ လဲလှယ်မှုအကြောင်း တွေးနေစဉ်မှာပင် သူ့အမွှေးအမျှင်များ ချက်ခြင်း ထောင်မတ်သွား၏။ သူ့ဘဝတွင် ခံစားဖူးသမျှ အန္တရာယ်အာရုံထက် ပိုပြင်းထန်သော အန္တရာယ်အသိသည် သူ့ထံမှ ပေါက်ကွဲထွက်လာ၏။
ထိုကဲ့သို့ သေရေးရှင်ရေးအာရုံ ပျံ့နှံ့လာစဉ်တွင် အလွန်အေးစက်သော အသံတစ်ခု အရှင်ကျိုးထျန်နောက်မှ မြည်ဟိန်းလာ၏။
“မင်းက ငါ့ကို သတ်ချင်တယ်လား…”
ထိုအသံသည် ငရဲအတွင်းနက်ပိုင်းမှ ထွက်ပေါ်လာသည့် အေးစက်စက်လေပြင်းများအလား။ ယင်းအသံ သူ့နားထဲ ဝင်ရောက်လာသည်နှင့် အရှင်ကျိုးထျန်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူက နောက်လှည့်လိုက်ရာ သူ့ထံ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာနေသော ဝမ်လင်းကို မြင်လိုက်ရသည်။
သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွား၏။ သူက မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။ မတူညီသော လောကသန်းချီရှိ ဆက်သွယ်ထားသော ပရမ်းပတာဖြစ်နေသော ဤဟင်းလင်းပြင်ကို တည်ငြိမ်စွာ ဖြတ်လျှောက်လာသည့်သူကို အခုမှ သူ ပထမဆုံး တွေ့မြင်လိုက်ရခြင်းပင်။
ထိုလူ၏ရှေ့၌ ပရမ်းပတာဖြစ်နေသောလေပြင်းများသည် ပျက်စီးရ၏။
ထိုလူ၏ အလွန်တရာအေးစက်သော အသံကိုပါ ထည့်ပေါင်းလိုက်သည့်အခါ အရှင်ကျိုးထျန်သည် ထိုလူမှာ လေဟာနယ်အတွင်းမှ သူ့ကို သတ်ရန် ထွက်လာသလားဟုပင် တွေးမိတော့သည်။
“မင်း…မင်း…မင်းက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာပဲ…” အရှင်ကျိုးထန်၏ မျက်နှာသည် ဖြူရောနေလေပြီ။ သို့သော် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွားသည်။ သူက အချိန်အကြာကြီး ကျင့်ကြံခဲ့ပြီးသူ ဖြစ်ကာ သေရေးရှင်ရေးများစွာကိုလည်း သူ့ဘဝတွင် ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်သည်။ သူက တုန်လှုပ်မိသွားသော်လည်း အလျင်အမြန် ပြန်သတိဝင်လာ၏။ တုံ့နှေးမနေဘဲ သူ့မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားကို ထိရိုက်လိုက်သည်။ ထိုအမှတ်အသား ပျံသန်းထွက်လာသည့်အခါ မိုးကြိုးတုန်ဟည်းသံတို့ ပဲ့တင်ထပ်ပြီး အတိုင်းမသိမိုးကြိုးသည် လေဟာနယ်အတွင်း၌ ပေါ်လာတော့သည်။
သူ ထုတ်ဖော်လိုက်သော မိုးကြိုးသည် သူ့ကို မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုပင် ထင်ရစေ၏။ ထိုမိုးကြိုးနဂါးသည် ၎င်း၏ပါးစပ်ကိုဟကာ ဝမ်လင်းကို ဝါးမြိုရန် ဦးတည်ဝင်လာသည်။
“အစတုန်းကတော့ ငါ မင်းကို ခုနစ်သန်းလောကထဲမှာ သတ်မလို့။ ဒါပေမဲ့ အခု မင်းက မင်းဘာသာမင်း သေချင်နေမှတော့ ငါ အခုပဲ မင်းအသက်ကို နှုတ်ပေးရတော့မှာပေါ့…”
မိုးကြိုးနဂါး ဟိန်းမြည်သံ ပေးနေစဉ် အရှင်ကျိုးထန်၏အသံ ပဲ့တင်ထပ်လာ၏။ ထိုအသံသည် မိုးကြိုးနှင့် ပေါင်းစပ်ကာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အသန်မာဆုံးတိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ပေသည်။
သူက စသည်နှင့် သူ့ခွန်အားပြည့်ကို အသုံးချလိုက်ခြင်းပင်။ ထိုအဖြစ်က သည်နေရာတွင် ပေါ်လာသော ဝမ်လင်းအပေါ် သူ့ကြောက်လန့်မှုနှင့်သတိထားမှုကို မီးမောင်းထိုးပြသည်။
ဝမ်လင်းသည် တည်ငြိမ်စွာသာ ရှိနေ၏။ သူ့မျက်လုံးထဲ၌ လှောင်ပြောင်ဟန် ဖြစ်ပေါ်သည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ညင်သာစွာ ဝေ့ယမ်းလိုက်သည်။ “လောကရဲ့မိုးကြိုးအားလုံး…ငါ့အမိန့်ကို နာခံစမ်း။ ပျက်စီးခြင်း…”
မိုးကြိုးတုန်ဟည်းသံများ ရုတ်တရက် အပြင်းအထန် ပဲ့တင်ထပ်သည်။ မိုးကြိုးနဂါးသည် ထိတ်လန့်နာကျင်စွာ အော်သံပေးလျက် ၎င်း၏ဦးခေါင်းမှာ စတင်ပျက်စီးသည်။ ထိုပျက်စီးမှုက ခန္ဓာကိုယ်ဆီ မြန်မြန်ဆန်ဆန် ပျံ့နှံ့ကာ စက္ကန့်ပိုင်းအတွင်း ယင်းမိုးကြိုးနဂါးသည် တစစီ ဖြစ်သွားတော့သည်။
အဖြစ်အပျက်များသည် မြန်လွန်း၏။ မိုးကြိုးနဂါး ပျက်စီးသွားသည့်နောက် အရှင်ကျိုးထျန် ပြန်ပေါ်လာ၏။ သူက သွေးများ အဆက်မပြတ် အန်ထုတ်လိုက်ရပြီး သူ့မျက်နှာသည် ဖြူရောလျက် သူ့မျက်လုံးထဲတွင် တုန်လှုပ်မှု၊ မယုံမကြည်နိုင်ဖြစ်မှုတို့ ပြည့်နှက်သည်။ သူ့မျက်လုံးသည် ပြူးကျယ်နေကာ အဆုံးမဲ့ကြောက်လန့်မှုတို့ ပြည့်လာ၏။
“နိဗ္ဗာနဖြိုခွဲခြင်း…ဒါက နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူပဲ။ မဟုတ်သေးဘူး။ ဒါက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ထက် ကျော်လွန်နေပြီ။ ဒါက…” သူ့ဦးရေပြားသည် ထုံထိုင်းသွား၏။ သူက နောက်သို့ တရကြမ်း ဆုတ်သည်။
ခုချိန်၌ သူ့စိတ်ထဲ၌ ထွက်ပြေးရန်၊ ထွက်ပြေးရန်၊ ထွက်ပြေးရန် အတွေးတစ်ခုသာ ရှိနေတော့၏။
“မင်းက ငါ့ကို သတ်ချင်ခဲ့တာ မလား…” အေးစက်စက်အသံသည် ဒီဥမင်လမ်းကြောင်းအတွင်း၌ ပဲ့တင်ထပ်လေ၏။
***