အခန်း ၃၈၃
Vol. 39 Ch. 383
အခန်း (၃၈၃) အမှန်တရား ထွက်ပေါ်လာခြင်း
"သား..."
ဖခင်ဖြစ်သူမှာ လုံးဝ ဆွံ့အသွားခဲ့ပေ၏။
နှစ်တွေတစ်လျှောက်လုံး သူတို့က ချန်ဖုန်း၏ နောက်ခံအကြောင်းကို တစ်ခါမှ မပြောခဲ့သလို သူက မွေးစားခံရသူဖြစ်ကြောင်းကိုလည်း ဘယ်တော့မှ မပြောခဲ့ချေ။
ဒီသတင်းကို ချန်ဖုန်း ဘယ်ကနေ ရလာခဲ့သလဲဆိုတာက တကယ်ကို လန့်စရာကောင်းလှ၏။ ဒါက သူ့ကို သေမလောက် လန့်သွားစေခဲ့လေပြီ။
ထို့နောက် သူက ကိုင်ထားသော အရက်ခွက်ကို ချက်ချင်းချလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"သား... မင်း မူးနေပြီလား... ဘာတွေ လျှောက်ပြောနေတာလဲ...ကဲပါ... ကဲပါ... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြစို့... မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ... အရက်တွေ အများကြီးသောက်ပြီး ကျန်းမာရေးကို မဖျက်ဆီးပါနဲ့... မင်းအမေကို အိမ်ရှင်းဖို့ ငါ သွားကူလိုက်ဦးမယ်..."
"အဖေ..."
ချန်ဖုန်းက အဖေဖြစ်သူကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။
"အဖေ လိမ်ပြောတဲ့အခါ နှာခေါင်းကို မသိမသာ ပွတ်တတ်တဲ့ အကျင့်ရှိတာကို အဖေကိုယ်တိုင် မသိဘူးလား..."
နှာခေါင်းကို ပွတ်တော့မည့် ဖခင်ဖြစ်သူ၏ လက်မှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ပေသည်။ ဘုရားရေ။ သူ့သားက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ဉာဏ်ကောင်းလာပါလား။ သူ့ကို အရက်မူးအောင်တိုက်ပြီး ဗလာစကားတွေနဲ့ လှည့်စားဖို့ ကြိုးစားရုံသာမက အခုတော့ အမှားနဲ့ အမှန်ကိုတောင် အလွယ်တကူ ခွဲခြားသိမြင်နေပြီ ဖြစ်လေ၏။ တကယ်ကို အံ့သြစရာပင်။
ချန်ဖုန်းက သူ့အတွက် နောက်ထပ် အရက်တစ်ခွက် ငှဲ့ပေးလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"အဖေ... ကျွန်တော့်ရဲ့ နောက်ခံအကြောင်းကို တကယ်တော့ ကျွန်တော် စောစောကတည်းက သိထားခဲ့တာပါ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဖေတို့က ကျွန်တော့်ရဲ့ မိဘတွေပါပဲ... ကျွန်တော်က တခြား အချက်အလက်တချို့ကို သိချင်ရုံသက်သက်ပါ... ကျေးဇူးပြုပြီး ပြောပြပေးပါ..."
"ဟူးး…အေးပါ ခဏလောက် စောင့်ဦး..."
ဖခင်ဖြစ်သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ အချို့သော ကိစ္စရပ်များကို အဆုံးတိုင်အောင် ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူ သိရှိထားပေသည်။ သူက မီးဖိုချောင်ထဲသို့ ဝင်သွားပြီး မိန်းမဖြစ်သူကို ခေါ်လာခဲ့ရာ ပြန်ထွက်လာချိန်တွင် နှစ်ယောက်စလုံး၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်တည်ကြည်နေခဲ့လေသည်။
"ဖုန်းဇီ..."
ချန်ဖုန်း၏ မိခင်က သူ့ကို တိတ်တခိုး ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောဆိုလိုက်၏။
"အမေတို့က သားကို တမင် ဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး... ဒီနှစ်တွေတစ်လျှောက်လုံး သားရဲ့ မိဘအရင်းတွေ ပေါ်လာမလားဆိုပြီး အမေတို့ စောင့်နေခဲ့တာ... ဒါပေမဲ့ နှစ်နှစ်ဆယ်ကျော် စောင့်ခဲ့တာတောင် သူတို့က ပေါ်မလာခဲ့ဘူးလေ... သား စိတ်ပျက်သွားမှာစိုးလို့ အခုချိန်ထိ အမေတို့ မပြောဘဲ နေခဲ့တာပါ..."
"အမေ... ကျွန်တော် အမေတို့ကို အပြစ်မတင်ပါဘူး..."
ချန်ဖုန်းက မိခင်ဖြစ်သူ၏ လက်ကို ကိုင်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ကျွန်တော့်ရဲ့ မိခင်အရင်းက အသက်ရှင်နေပါသေးတယ်... ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် သူ့ကို တွေ့ခဲ့တယ်... ကျွန်တော့်ကို အရင်ဆုံး ဒီကို ပို့ပေးခဲ့တဲ့ အဒေါ်အပါအဝင်ပေါ့... နောက်တစ်ချိန်ကျရင် သူတို့နဲ့ အမေတို့ကို မိတ်ဆက်ပေးပါ့မယ်..."
"ကောင်းပါပြီ... ကောင်းပါပြီ..."
မိခင်ဖြစ်သူမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့ပေ၏။
ဘာပဲဖြစ်ဖြစ် ဖုန်းဇီကို ဆယ်စုနှစ်များစွာတိုင်အောင် သားအရင်းတစ်ယောက်လို ပြုစုပျိုးထောင်လာခဲ့ရာ သူမတွင် သူ့အပေါ် နက်ရှိုင်းသော သံယောဇဉ်များ ရှိနေခဲ့လေသည်။ သူမတွင် အခြား တောင်းဆိုစရာ ဘာမှမရှိဘဲ တစ်လလျှင် ချန်ဖုန်းကို အကြိမ်အနည်းငယ်မျှ ပိုတွေ့ချင်ရုံသာ ဖြစ်ပေသည်။
ထို့နောက် တစ်စုံတစ်ရာကို သတိရသွားသည့်အလား သူမသည် အိပ်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားပြီး အလွန်ဟောင်းနွမ်းနေသော သစ်သားသေတ္တာတစ်လုံးကို ယူဆောင်လာခဲ့၏။ သစ်သားသေတ္တာထဲမှ အဝတ်အစားတစ်ထည်ကို ထုတ်ယူလိုက်သည်။
အဝတ်အစားများမှာ ဟောင်းနွမ်းနေပေပြီ။ ပုံစံဒီဇိုင်းက ဆယ်စုနှစ်များစွာက ဖြစ်ကြောင်း ထင်ရှားနေသော်လည်း အသားမှာမူ အလွန် ကောင်းမွန်လှ၏။
မိခင်ဖြစ်သူက အဝတ်အစားကို ကမ်းပေးရင်း ပြောဆိုလိုက်သည်။
"ဒါက အဲဒီတုန်းက သားကို ထုပ်ပိုးထားတဲ့ အဝတ်အစားလေးပဲ... ဒီကိုရောက်လာတုန်းက ဒီအဝတ်အစားကလွဲပြီး သားကိုယ်ပေါ်မှာ ဘာမှမပါလာခဲ့ဘူး..."
"ဒါပဲ ကျန်တော့တာလား..."
ချန်ဖုန်းမှာ အံ့အားသင့်သွားခဲ့၏။
ဤအရာက သာမန် အဝတ်အစားတစ်ထည်သာ ဖြစ်ပေသည်။ သူ၏ စနစ်ကို မည်သို့ ရရှိလာခဲ့သနည်းဆိုသည်ကို သူ အလွန် သိချင်နေခဲ့လေသည်။
"အမေနဲ့ အဖေ... ဒီနှစ်တွေအတွင်းမှာ ထူးထူးဆန်းဆန်း တစ်ခုခု မြင်ခဲ့ဖူးလား..."
"မမြင်ခဲ့ဖူးပါဘူး..."
ဖခင်ဖြစ်သူက ခေါင်းခါလိုက်ပြီး တစ်စုံတစ်ရာ ပြောချင်သော်လည်း မျိုသိပ်ထားလိုက်ပုံရပေ၏။
"ဘာဖြစ်လို့လဲ အဖေ..."
"ဒါပေမဲ့ ထူးဆန်းတဲ့ကိစ္စ တစ်ခုတော့ ရှိတယ်..."
ဤနေရာတွင် ဖခင်ဖြစ်သူက ဘေးရှိ ဇနီးဖြစ်သူအား တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းပဲ ပြောပြလိုက်ပါ... ငါတို့သားက မိသားစုဝင်ပဲလေ... ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး..."
"တကယ်တော့ ကိစ္စတစ်ခု ရှိခဲ့ပါတယ်..."
မိခင်ဖြစ်သူက လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ထရပ်ကာ တံခါးကို ပိတ်လိုက်၏။ ထို့နောက် သူမက တီးတိုးပြောဆိုလိုက်သည်။
"သား ငယ်ငယ်တုန်းက မိသားစုက ဆင်းရဲတော့ အဖေနဲ့အမေက ဝင်ငွေရအောင် ဆေးဘက်ဝင်အပင်တွေ သွားရှာဖို့ တောင်ပေါ်ကို ခဏခဏ သွားခဲ့ကြတယ်... တစ်ခါတော့ တောင်ပေါ်မှာ ဓားပြတွေနဲ့ တိုးခဲ့တယ်လေ... အမေတို့ လွတ်မြောက်ဖို့ လုံးဝ အခွင့်အရေး မရှိတော့ဘူးလို့ ထင်ထားပေမဲ့ လူတစ်ယောက်ပေါ်လာပြီး အမေတို့ အသက်ကို ကယ်တင်ပေးခဲ့တယ်... သူက အမေတို့ရဲ့ ကျေးဇူးရှင်လို့တောင် ခေါ်လို့ရတယ်..."
"အဲဒီလူက ဘယ်သူလဲ..."
"အမေတို့ မသိဘူး... သူ့ကိုလည်း မမှတ်မိဘူး..."
မိခင်ဖြစ်သူက ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်၏။
"တစ်နှစ်ကြာတော့ အဖေနဲ့အမေမှာ ကလေးတစ်ယောက် ရခဲ့တယ်... ဒါပေမဲ့ အမေတို့ကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါကြောင့် ဆုံးပါးသွားခဲ့လို့ သားကို ရှာတွေ့ခဲ့တာလေ... သားကို ရှာတွေ့ပြီး နောက်တစ်နှစ်မှာ အဲဒီတုန်းက ကျေးဇူးရှင်က ပြန်ပေါ်လာခဲ့တယ်... သူက လမ်းကြုံလို့ ဝင်လည်တာလို့ ပြောခဲ့တယ်... ဒါပေမဲ့ သူက သားကို သီးသန့် လာကြည့်တာဆိုတာကို အမေတို့ သိပါတယ်... အဲဒီနေ့က သူက သားကို နာရီပေါင်းများစွာ ချီထားခဲ့ပြီး သားကို အရမ်း သဘောကျနေခဲ့တာ... သူက သားကို သိသလားဆိုတာ အမေ မသိခဲ့သလို မေးလည်း မမေးရဲခဲ့ဘူးလေ..."
"ကျွန်တော့်ကို လာကြည့်တာလား..."
ဤတစ်ကြိမ်တွင်မူ ချန်ဖုန်း တကယ်ပင် တုန်လှုပ်သွားခဲ့ပေ၏။ ထိုအချိန်က ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့လိမ့်မည်ဟု သူ လုံးဝ မသိရှိခဲ့ချေ။
မိခင်ဖြစ်သူက ခေါင်းညိတ်လိုက်သည်။
"အဲဒီကျေးဇူးရှင်က သူ ဒီကိုလာခဲ့တာကို ဘယ်သူ့ကိုမှ မပြောဖို့ မှာခဲ့လို့ အမေတို့လည်း အခုထိ ဘာမှမပြောဘဲ နေခဲ့တာပါ... သူက ထွက်မသွားခင် သားအတွက် တောက်ပတဲ့ အနာဂတ်ရှိတယ်လို့ ပြောခဲ့ပြီး သားကို သေချာ ဂရုစိုက်ဖို့ အမေတို့ကို မှာခဲ့တယ်..."
ဤအခိုက်အတန့်၌... ချန်ဖုန်း အလွန်အမင်း တုန်လှုပ်သွားခဲ့ပေ၏။
ဤလူသည် မိမိနှင့် ရှုပ်ထွေးသော ဆက်နွှယ်မှုတစ်ခုခု ရှိနေရမည်မှာ သေချာလှသည်။ သူ ရုတ်တရက် သတိရသွား၏။ ယခင်က ဆာကူရာနိုင်ငံ တွင် ရှိနေစဉ်က သူ၏ဖခင် အလောင်းမှာ စစ်ဘက်ဆိုင်ရာဌာန ၏ သင်္ချိုင်းဂူတွင် မရှိကြောင်း မိခင်ဖြစ်သူက ပြောခဲ့သည်။ တိတ်တဆိတ် အခိုးခံလိုက်ရခြင်းလည်း ဖြစ်နိုင်ပေ၏။ သို့မဟုတ်... ဖခင်ဖြစ်သူ မသေသေးခြင်းလည်း ဖြစ်နိုင်ပေသည်။
အကယ်၍ ဒုတိယဖြစ်နိုင်ခြေသာ မှန်ကန်ပါက ယင်းတွင် ပါဝင်နေသော အချက်အလက်များမှာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းလှပေ၏။
‘ငါ့အဖေက မသေသေးဘူးဖြစ်ရမယ်
ဒါဆိုရင် အဖေက အခု ဘယ်မှာလဲ…’ဟု ချန်ဖုန်း တွေးလိုက်၏။
ထို့အပြင် ဘုန်းကြီးက သူ၏ ဖခင်အရင်းဖြစ်သော စစ်ဘုရင် နှင့် တွေ့ဆုံခဲ့ဖူးကြောင်းနှင့် ဖခင်ဖြစ်သူမှာ ဟင်းချက်အလွန်ကောင်းပြီး အန္တရာယ်ကိုပင် ကြိုတင်ခံစားသိရှိနိုင်စွမ်း ရှိကြောင်း ပြောခဲ့သေးသည်။
ထိုအချိန်က ချန်ဖုန်းသည် သူ၏ဖခင်တွင်လည်း စနစ်တစ်ခု ရှိနေမလားဟု တွေးတောခဲ့မိပေ၏။ အကယ်၍ စနစ်သာ ရှိနေမည်ဆိုပါက ဤအရာအားလုံးက အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။ သူ၏ဖခင်သည် မကြာမီ ကျရောက်လာမည့် အကျပ်အတည်းကို ကြိုတင်မြင်တွေ့ရန် စနစ်ကို အသုံးပြုခဲ့ပြီးနောက် လွတ်မြောက်ရန်အတွက် သေချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
ပိုးတောင်မာတစ်ကောင် အရေခွံလဲသလိုမျိုးပင်။
အဒေါ်ဖြစ်သူက သူ့ကို မွေးစားမိဘများနှင့်အတူ ထားရှိခဲ့ခြင်းနှင့် မွေးစားမိဘများကို အဖြစ်အပျက်မတိုင်မီ တစ်နှစ်အလိုက ဖခင်ဖြစ်သူက ကယ်တင်ခဲ့ခြင်းတို့က ဤအရာအားလုံးကို ကြိုတင်စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြနေပေ၏။ သူ၏ ကိုယ်ပိုင်စနစ်မှာလည်း နောက်ပိုင်းတွင် ဖခင်ဖြစ်သူက သူ့ထံ ပေးအပ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဤအကြောင်းကို တွေးမိချိန်တွင်... ချန်ဖုန်းက သူ့ကိုယ်သူ ရုတ်တရက် မေးလိုက်၏။
"စနစ်... မင်းရဲ့ အရင်ပိုင်ရှင်က ဘယ်သူလဲ..."
【ပိုင်ရှင်၏ လက်ရှိမေးခွန်းကို ဖြေကြား၍ မရနိုင်ပါ။】
‘ကျစ်’ ချန်ဖုန်း၏ မျက်နှာမှာ မှောင်မိုက်သွားခဲ့ပေ၏။
"စနစ်... ငါက တခြားသူတစ်ယောက်နဲ့ ဘယ်လို ချိတ်ဆက်ရမလဲ..."
【စနစ်ကို ဖြုတ်ချရန်အတွက် စနစ်ပွိုင့် ၁၀၀,၀၀၀ နှုတ်ယူပါမည်... ချိတ်ဆက်လိုသော သူ၏ အမှတ်အသားကို သတ်မှတ်ပေးပါ... စနစ်ကို ဖြုတ်ချပြီး အခြားတစ်ဦးနှင့် ချိတ်ဆက်လိုပါသလား။】
【ပိုင်ရှင်မှ အချိန်မီ တုံ့ပြန်မှု မရှိသောကြောင့် ချိတ်ဆက်ခြင်းကို ပုံသေအားဖြင့် ရပ်ဆိုင်းလိုက်ပါပြီ။】
【စနစ်ကို ဖြတ်တောက်နေပါသည်...】
【ဒင်... စနစ်ပွိုင့်များ နှုတ်ယူရန် ပျက်ကွက်ပါသည်... စနစ်ကို ရပ်ဆိုင်းရန် ပျက်ကွက်ပါသည်... စနစ်ကို ပြန်လည်ရယူနေပါသည်...】
ထိုအသံကို ကြားချိန်တွင် ချန်ဖုန်း လန့်ဖြတ်သွားခဲ့၏။
‘သောက်စနစ် ကံကောင်းလို့ ငါ့မှာ စနစ်ပွိုင့် လုံလုံလောက်လောက် မရှိနေခဲ့တာ... အဲဒီလိုမှမဟုတ်ရင် မင်းက ငါ့ကို တကယ်ကြီး ဒုက္ခပေးတော့မှာပဲ’
‘ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်က တကယ်ပဲ မှန်ကန်နေဖို့ များပါတယ်’ ဟု ချန်ဖုန်း တွေးတောလိုက်၏။
မွေးစားမိဘများက ဖခင်ဖြစ်သူကို မမှတ်မိခြင်းမှာ ပုံမှန်ပင် ဖြစ်ပေ၏။ သူက ရုပ်ဖျက်ထားမည်ဖြစ်ရာ သာမန်လူတစ်ယောက်အတွက် ခွဲခြားသိမြင်ရန် ခက်ခဲပေလိမ့်မည်။
"ဘာဖြစ်လို့လဲ ဖုန်းဇီ..."
မိခင်ဖြစ်သူက စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"ဒါက သားအတွက် အရေးကြီးလို့လား..."
"ဘာမှမဖြစ်ပါဘူး... ကျွန်တော် ဒီတိုင်း မေးကြည့်တာပါ..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"အမေနဲ့ အဖေ... ကျွန်တော့်ရဲ့ မိဘအရင်းတွေက ဘယ်သူပဲဖြစ်ဖြစ် အဖေတို့က ကျွန်တော့်ရဲ့ မိဘတွေပါပဲ... နောက်တစ်ခါ အချိန်ရရင် အဖေတို့ကို ကျိုတို မြို့ကို အလည်အပတ် ခေါ်သွားပါ့မယ်... ပြီးတော့ တခြားဆွေမျိုးတွေနဲ့လည်း တွေ့ခွင့်ရမှာပါ..."
"ကောင်းပါပြီ... ကောင်းပါပြီ..."
"ပြီးတော့ ရှန်ယန်းယန်း နဲ့ ယွင်ထင် တို့လည်း ကျိုတို ကို သွားကြမှာပါ... ပြီးတော့ အဖေတို့ကို ပြောစရာ သတင်းကောင်းတစ်ခု ရှိသေးတယ်... အဖေတို့ အဘိုးအဘွားတွေ ဖြစ်တော့မယ်..."
“တကယ်လား…” ဤတစ်ကြိမ်တွင် မိခင်ဖြစ်သူမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပေ၏။
"မြန်မြန်ပြောစမ်း... ဘယ်သူ ကိုယ်ဝန်ရှိနေတာလဲ... ရှန်ယန်းယန်း လား ဒါမှမဟုတ် ယွင်ထင် လား..."
"အဲဒါက... အဲဒါက သူတို့ မဟုတ်ဘူး..."
ချန်ဖုန်းက ခေါင်းကုတ်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော် ကျိုတို မှာ ကလေးဘဝတုန်းက မိဘအရင်းတွေက စီစဉ်ပေးခဲ့တဲ့ စေ့စပ်ပွဲတစ်ခု ရှိခဲ့တယ်လေ... သူမနာမည်က ရှန်ကွမ်ယွဲ့ တဲ့... အခုဆိုရင်...အဟမ်း ကိုယ်ဝန်က နှစ်လရှိသွားပြီ..."
"ဒီကောင်စုတ်လေး..."
မိခင်ဖြစ်သူမှာ ဝမ်းသာမှုနှင့် သက်ပြင်းချမှုတို့ ရောထွေးနေခဲ့၏။ အဘွားတစ်ယောက်ဖြစ်ရခြင်းက သဘာဝကျကျပင် ဝမ်းသာစရာကိစ္စ ဖြစ်ပေသည်။ ပြီးတော့ သားဖြစ်သူ မျက်စိကျထားသော ထိုရှန်ကွမ် မိန်းကလေးမှာလည်း အလွန် ထူးချွန်သူတစ်ဦး ဖြစ်ရပေမည်။
‘ဒါပေမဲ့... ချွေးမသုံးယောက်စလုံး အတူတူ ကလေးမွေးနိုင်ရင် သိပ်ကောင်းမှာပဲ…’ဟု လည်း သူမတွေးလိုက်၏။
---