← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း (၃၈၆) မိတ်ဆွေဟောင်းတစ်ဦး

ပြိုင်ဘက်တွေတဲ့လား။

ပြိုင်ဘက်တွေဟုဆိုသဖြင့် ချန်ဖုန်း အံ့အားသင့်သွားခဲ့ပေ၏။

ဤဆေးဖော်စပ်နည်းကို စနစ်မှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လက်ရှိ ဆေးပညာစံနှုန်းများထက် ဆယ်စုနှစ်များစွာ ရှေ့ပြေးနေပြီး မည်သူကမျှ ဖော်စပ်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

ထို့အပြင် ဆေးဖော်စပ်နည်းကို မူပိုင်ခွင့် တင်ထားပြီးဖြစ်ကာ ကုမ္ပဏီကလည်း အတင်းကျပ်ဆုံး လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရာ ပြိုင်ဘက်များက မည်သည့်နေရာမှ ထွက်ပေါ်လာသနည်းဆိုသည်မှာ စဉ်းစားစရာပင်။

ယွင်ထင်က အချိန်ကို ကြည့်လိုက်၏။ ဖုန်းထဲရှိ လိုက်ဖ်လွှင့်သည့် အက်ပ်ကိုဖွင့်ကာ တီဗွီမျက်နှာပြင်ဆီသို့ ချိတ်ဆက်ပြသလိုက်သည်။

"အရင်ဆုံး ကြည့်လိုက်ပါ... ခဏနေရင် နင် သိလာလိမ့်မယ်..."

မျက်နှာပြင်ပေါ်တွင် ကျိုတိုရှိ ကုမ္ပဏီတစ်ခု၏ လိုက်ဖ်လွှင့်မှုကို ပြသနေပေသည်။ တိတိကျကျ ဆိုရလျှင် သတင်းစာရှင်းလင်းပွဲတစ်ခုနှင့် တူလေ၏။

ဇာတ်လမ်း၏ အဓိကမှာ ဆေးဝါးကုမ္ပဏီတစ်ခုက ထုတ်ကုန်အသစ်တစ်ခုကို တီထွင်ထုတ်လုပ်လိုက်ပြီး သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ကြော်ငြာရန် စီစဉ်နေခြင်းဖြစ်ကာ ထုတ်ကုန်အတွက် ရောင်းကွက်အချို့ကိုလည်း ထည့်သွင်းထားခြင်း ဖြစ်ပေသည်။

တကယ်တမ်းတွင် ချန်ဖုန်း၏ ဆေးဝါးကုမ္ပဏီက အမာရွတ်ပျောက်ဆေးကို ထုတ်လုပ်ခဲ့ချိန်က တမင်တကာ ကြော်ငြာခြင်းမျိုး မရှိခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ထုတ်ကုန်က အလွန် အစွမ်းထက်လှပေသည်။ တစ်စုံတစ်ယောက်က စမ်းသပ်သုံးစွဲရန် ဆန္ဒရှိနေသရွေ့ ၎င်းတို့၏ နာမည်ဂုဏ်သတင်းမှာ ချက်ချင်း ထွက်ပေါ်လာနိုင်ပေ၏။

ထို့အပြင် ဆေးဝါးကုမ္ပဏီမှာ ထျန်ဖုန်းလုပ်ငန်းစု လက်အောက်တွင်ရှိရာ ထျန်ဖုန်းလုပ်ငန်းစု၏ ထုတ်ကုန်များက သာမန်ထုတ်ကုန်များ ဖြစ်နေရန် အကြောင်းမရှိချေ။

မျက်နှာပြင်ပေါ်၌။ ဝတ်စုံပြည့်နှင့် နက်တိုင်ချည်ထားသော အမျိုးသားတစ်ဦးကို မီဒီယာအုပ်စုတစ်စုက ဝိုင်းရံထားကြသည်။ ချန်ဖုန်းက မထင်မှတ်ဘဲ တစ်စုံတစ်ရာကို တွေ့ရှိသွားခဲ့၏။

ထိုသူမှာ တကယ်တော့ လျိုမင်လျန် ဖြစ်နေလေသည်။

ရှန်ယန်းယန်း၏ ငယ်သူငယ်ချင်းဟောင်းပင် ဖြစ်ပေ၏။

ထိုသူသည် ပေ့ဟူတက္ကသိုလ်၏ ကျောင်းရဲ့အလှလေးလေးဦးအနက်မှ တစ်ဦးဖြစ်သော ရှောင်မန်ချီနှင့် ဘလိုင်းဒိတ် တွေ့ဆုံခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်ရှိ လူလတ်ပိုင်းအမျိုးသမီးတစ်စု၏ Blacklist သွင်းခြင်းကို ခံခဲ့ရသူ ဖြစ်ပေသည်။

နှစ်ဝက်ခန့် မတွေ့ရပြီးနောက် ဤကောင်က ကျိုတိုသို့ တကယ် ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ချန်ဖုန်းသည် ဘေးတွင်ရှိသော ရှန်ယန်းယန်းအား မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ရှန်ယန်းယန်းက နှုတ်ခမ်းဆူကာ ပြောဆိုလိုက်၏။

"ငါ သူနဲ့ အဆက်အသွယ်မရတာ ခြောက်လလောက် ရှိပြီ... လျိုမင်လျန် ကျိုတိုကို ရောက်နေတယ်ဆိုတာ ငါ အခုမှ သိတာ..."

"ငါ မင်းကို ဘာမှမမေးရသေးဘူးလေ... ဘာလို့ ကိုယ့်လိပ်ပြာကိုယ် မလုံဖြစ်နေရတာလဲ..."

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးကာ ပြောလိုက်သည်။

ထို့နောက် သူ၏ အကြည့်များကို မျက်နှာပြင်ဆီသို့ ပြန်လှည့်လိုက်၏။

လျိုမင်လျန်က ရင်ဘတ်ကို ဟန်ရေးပြသည့်အလား ကော့ထားပြီး မီဒီယာသတင်းထောက်များကို မိတ်ဆက်လိုက်သည်။

"ကျွန်တော်က နန်ကုန်း ဆေးဝါးကုမ္ပဏီရဲ့ မားကတ်တင်းမန်နေဂျာ လျိုမင်လျန် ပါ..."

"ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ကျွန်တော် တာဝန်ယူမှာပါ... သိချင်တဲ့ မေးခွန်းတွေ ရှိရင် အားမနာဘဲ မေးမြန်းနိုင်ပါတယ်..."

သတင်းထောက်တစ်ဦးက မေးမြန်းလိုက်၏။

"မန်နေဂျာလျို... ခင်ဗျားတို့ ကုမ္ပဏီက ထျန်ဖုန်းလုပ်ငန်းစု လက်အောက်ခံ ဆေးဝါးကုမ္ပဏီရဲ့ ထုတ်ကုန်တွေနဲ့ အာနိသင်တူတဲ့ အမာရွတ်ပျောက်ဆေးကို တီထွင်ထုတ်လုပ်လိုက်တယ်လို့ ကြားတယ်... ဒီသတင်းက အမှန်ပဲလား..."

"မှန်ပါတယ်..."

လျိုမင်လျန်က မငြင်းဆိုခဲ့ချေ။ သူက ပြုံးလျက် ပြောဆိုလိုက်သည်။

"ထျန်ဖုန်းလုပ်ငန်းစု လက်အောက်က ဆေးဝါးကုမ္ပဏီအကြောင်း အရင်ပြောကြတာပေါ့... သူတို့ရဲ့ အမာရွတ်ပျောက်ဆေး က လောလောဆယ် အရမ်း အာနိသင်ကောင်းပါတယ်..."

"ဒါက သုံးစွဲသူတွေအတွက် တကယ်ကို ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုပါ... ဒါပေမဲ့ သူတို့က လုပ်ငန်းနယ်ပယ်မှာ လက်ဝါးကြီးအုပ်လုနီးပါး ဖြစ်နေပြီ... ပြီးတော့ ဈေးနှုန်းကလည်း ကြီးလွန်းတယ်... ဒါက မှားယွင်းနေတယ်လို့ ကျွန်တော် ထင်တယ်..."

"မန်နေဂျာလျို... ဘယ်အရာက မှားနေတယ်လို့ ခင်ဗျား ထင်လို့လဲ..."

သတင်းထောက်က သံသယဖြစ်ဖွယ် မေးမြန်းလိုက်၏။

"ဈေးနှုန်းက သင့်တင့်မျှတပြီး စားသုံးသူ အများအပြားနဲ့ ကိုက်ညီမှုရှိသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်..."

လျိုမင်လျန်က ပြုံးလျက် ပြောဆိုလိုက်သည်။

"ပထမဆုံးအနေနဲ့ လုပ်ငန်းကို လက်ဝါးကြီးအုပ်တာက မှားယွင်းပါတယ်... လက်ရှိဈေးနှုန်းက သင့်တင့်တယ်ဆိုပေမဲ့ အနာဂတ်မှာ ဈေးမတက်ဘူးလို့ မဆိုလိုပါဘူး..."

"လုပ်ငန်းတိုင်းမှာ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု သေချာစေဖို့ ယှဉ်ပြိုင်မှုတွေ လိုအပ်ပါတယ်... ပြီးတော့ ထျန်ဖုန်းလုပ်ငန်းစု လက်အောက်က ဆေးဝါးကုမ္ပဏီတွေကို ပုံတူကူးချလို့ ရနိုင်တယ်လို့ ကျွန်တော် ယုံကြည်တယ်... သူတို့ရဲ့ အောင်မြင်မှုက ကံကောင်းသွားရုံ သက်သက်ပါ..."

"အဓိက နည်းပညာတွေကို နားလည်ပြီး လိုအပ်တဲ့ အခြေအနေတချို့နဲ့ ပြည့်စုံနေသရွေ့ ဒီနေရာက လူတိုင်း လုပ်နိုင်ပါတယ်..."

လျိုမင်လျန် ဤစကားများကို ပြောဆိုလိုက်သည်နှင့်…

ထို နေရာရှိ မည်သူကမျှ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် လူအုပ်ကြီးမှာ ရပ်တန့်သွားခဲ့ပေ၏။

မျက်နှာပြင်မှ စောင့်ကြည့်နေသော ရှန်ယန်းယန်းမှာ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်အထိ ဒေါသထွက်နေခဲ့လေပြီ။

"လျိုမင်လျန် က အရမ်း မောက်မာလွန်းတယ်... ဆေးကို ဒီတိုင်း လွယ်လွယ်လေး ဖော်စပ်လို့ရမယ်လို့ သူ တကယ်ကြီး ထင်နေတာလား..."

"သူက ငါတို့ရဲ့ နာမည်ကို အသုံးချပြီး အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်..."

"ဟွန့်... အရှက်မရှိတဲ့ကောင်..."

ချန်ဖုန်းမှာလည်း အနည်းငယ် အံ့အားသင့်နေခဲ့၏။

"ယွင်ထင်... ဒါက မင်းပြောနေတဲ့ ပြိုင်ဘက်လား... ဒီ နန်ကုန်း ဆေးဝါးကုမ္ပဏီ ဆိုတာ နာမည်အရ ကြည့်ရင် နန်ကုန်းမိသားစု ပိုင်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ရမယ် မဟုတ်လား..."

"အင်း..."

ယွင်ထင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"နန်ကုန်းမိသားစု က ဆေးဝါးကုမ္ပဏီတွေရော အလှပြင်ဆိုင်တွေကိုပါ ပိုင်ဆိုင်ထားတာ... ငါတို့ရဲ့ ထုတ်ကုန်တွေ ထွက်ပေါ်လာမှုက သူတို့ရဲ့ စီးပွားရေးကို သိသိသာသာ သက်ရောက်မှု ရှိသွားစေတယ်...ဒါက သူတို့ရဲ့ တုံ့ပြန်မှု ဖြစ်ရမယ်..."

"နားလည်ပြီ..."

ချန်ဖုန်းသည် တစ်ဖက်လူ ဘာလုပ်မည်ကို သိချင်နေခဲ့ပေသည်။

လျိုမင်လျန်က ဆက်လက်ပြောဆိုလိုက်၏။

"အံ့သြမနေပါနဲ့... အရည်အချင်းရှိတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ထမ်း အလုံအလောက် ရှာတွေ့နိုင်သရွေ့ ဒါကို သေချာပေါက် ပုံတူကူးချလို့ ရနိုင်ပါတယ်..."

"ဒီလိုထုတ်ကုန်မျိုးကို ဒီလိုပဲ တီထွင်ရတာပါ... အင်အားကြီးမားတဲ့ ထျန်ဖုန်းလုပ်ငန်းစု ရဲ့ ချဲ့ကားပြောဆိုမှုတွေနဲ့ အလွန်အကျွံ ကြော်ငြာမှုတွေ ပေါင်းစပ်လိုက်တဲ့အခါ ဆေးဝါးကုမ္ပဏီရဲ့ တန်ဖိုးက ကောင်းကင်အထိ ထိုးတက်သွားခဲ့တာလေ..."

"အခုဆိုရင် ကျွန်တော်တို့ ကုမ္ပဏီကလည်း တူညီတဲ့ အာနိသင်ရှိတဲ့ အမာရွတ်ပျောက်ဆေး ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပါပြီ... ပြီးတော့ တစ်ချိန်တည်းမှာပဲ နောက်ထပ် ထုတ်ကုန်တစ်ခုကိုလည်း တီထွင်နိုင်ခဲ့ပါတယ်..."

“ဘာထုတ်ကုန်များလဲ…”

လူတိုင်း သိချင်နေကြ၏။

အမာရွတ်ပျောက်ဆေးကို တီထွင်နိုင်ခြင်းကပင် တကယ်ကို အထင်ကြီးစရာ ကောင်းလှပေပြီ။

ဘာပဲဖြစ်ဖြစ် ထျန်ဖုန်းလုပ်ငန်းစု လက်အောက်ရှိ ဆေးဝါးကုမ္ပဏီများမှလွဲ၍ နန်ကုန်း ဆေးဝါးကုမ္ပဏီ တစ်ခုတည်းသာ ၎င်းကို ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

လျိုမင်လျန်က သူ၏ လက်ဝါးကို အောက်သို့ ဖိချကာ လူတိုင်းကို တိတ်ဆိတ်သွားစေလိုက်သည်။

"အမာရွတ်ပျောက်ဆေး က အမာရွတ်တွေကိုပဲ ဖယ်ရှားပေးနိုင်တာပါ... ကျွန်တော်တို့ ကုမ္ပဏီရဲ့ နောက်ထပ် ထုတ်ကုန်တစ်ခုကတော့ ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် ကျက်သွားစေနိုင်ပါတယ်..."

"ဘယ်လောက်တောင် မြန်သလဲဆိုရင်... ရိုးရိုးရှင်းရှင်း ပြောရရင် ဒီနေရာက အမျိုးသမီးတွေ အကုန်လုံး ကလေးမွေးဖူးကြတယ်လေ... ပုံမှန်အခြေအနေအောက်မှာ ခွဲစိတ်မွေးဖွားတဲ့ ဒဏ်ရာတစ်ခု အတွင်းဘက်မှာ အပြည့်အဝ ကျက်သွားဖို့ တစ်လလောက် အချိန်ယူရတယ်..."

"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို အသုံးပြုပြီးရင် ဒဏ်ရာကျက်ဖို့ အချိန် လဝက်ပဲ ကြာပါတော့မယ်... တချို့ဆိုရင် တစ်ပတ်အတွင်း ရလဒ်တွေ ပြသနိုင်ပါတယ်..."

ဤစကားကို ကြားချိန်တွင်။ လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားသွားကြပေ၏။ ဒဏ်ရာများကို အမြန်ကျက်စေသည်တဲ့လား။

တကယ်တမ်းတွင် ပုံမှန်အခြေအနေအောက်၌ ခွဲစိတ်မွေးဖွားပြီးနောက် သားအိမ်ခွဲရာ အပြည့်အဝကျက်ရန် ခြောက်ပတ်ခန့် အချိန်ယူရလေ့ရှိသည်။

ယခုမူ အတိုဆုံး တစ်ပတ်သာ ကြာမြင့်တော့မည်တဲ့လား။ အာနိသင်က တကယ်ကို သိသာထင်ရှားလှပေ၏။ တုန်လှုပ်စရာပင်။ အတော်လေး တုန်လှုပ်စရာကောင်းလှသည်။

လျိုမင်လျန်က ရယ်မောလျက် ပြောဆိုလိုက်၏။

"ဒါကြောင့် ထျန်ဖုန်းလုပ်ငန်းစု ရဲ့ ဆေးဝါးကုမ္ပဏီကို ပုံတူကူးချလို့ ရတယ်လို့ ကျွန်တော် ပြောခဲ့တာပါ..."

"ဒါပါပဲ... နည်းနည်းလောက် ကြော်ငြာလိုက်ရုံနဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေက သူတို့ထက် သေချာပေါက် သာလွန်သွားမှာပါ... အရောင်းပမာဏရော သုံးစွဲသူတွေရဲ့ အကျိုးသက်ရောက်မှုဘက်မှာပါ သာလွန်သွားမှာပါ..."

"ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့... ဒီထုတ်ကုန် နှစ်မျိုးစလုံးကို လိုအပ်တဲ့ ဖြန့်ချိရေးကိုယ်စားလှယ်တွေ ကျွန်တော်တို့နဲ့ ပူးပေါင်းနိုင်ပါတယ်... စိတ်မပူပါနဲ့... အမာရွတ်ပျောက်ဆေး ရဲ့ ဈေးနှုန်းက ထျန်ဖုန်းလုပ်ငန်းစု ထက် သေချာပေါက် သက်သာမှာပါ..."

"နောက်ထပ် ထုတ်ကုန်အတွက်တော့ ကုမ္ပဏီရဲ့ အကြီးတန်း စီမံခန့်ခွဲသူတွေက ဈေးနှုန်း သတ်မှတ်နေဆဲဖြစ်ပြီး ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး... ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ဖို့ပါပဲ..."

"လူတိုင်း ဆေးဝါးတွေကို ဝယ်ယူနိုင်စွမ်းရှိစေဖို့နဲ့ လူတိုင်း ဆေးကုသမှု ခံယူနိုင်စွမ်းရှိစေဖို့ သေချာအောင် လုပ်ဆောင်သွားမှာပါ..."

"တောက်..."

မျက်နှာပြင်ရှေ့တွင်။ ရှန်ယန်းယန်းက ဒေါသတကြီးဖြင့် တီဗွီကို ပိတ်ပစ်လိုက်လေ၏။

"ဒီ လျိုမင်လျန် က ရှင်းရှင်းလင်းလင်းကို ပြဿနာရှာနေတာပဲ... သူက အသံကျယ်ကျယ်နဲ့ ပြောနေပေမဲ့ တကယ်တော့ ယုတ်မာတဲ့ ယှဉ်ပြိုင်မှုကို လုပ်နေတာ... ဒါကြောင့် သူတို့က ဈေးကွက်ဈေးနှုန်းတွေကို ကမောက်ကမဖြစ်အောင် လုပ်ချင်နေကြတာ..."

"ယန်းယန်း... ဒေါသမထွက်ပါနဲ့..."

ယွင်ထင်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ​ပြောလိုက်၏။

"တကယ်လို့ သူတို့ရဲ့ ဒီထုတ်ကုန်နှစ်ခု ဈေးကွက်ထဲ ဝင်လာမယ်ဆိုရင် ငါတို့အပေါ် တကယ်ပဲ သက်ရောက်မှု ရှိလာနိုင်တယ်..."

"သူတို့က ဒီထုတ်ကုန်နှစ်ခုကို ပေါင်းပြီး အစုံလိုက် ရောင်းချလိုက်ရုံပဲ... ငါ အာမခံရဲတယ်... ဖြန့်ချိရေးကိုယ်စားလှယ် အများစုက နန်ကုန်း ဆေးဝါးကုမ္ပဏီ ကိုပဲ ရွေးချယ်ကြလိမ့်မယ်..."

"ဘာကြောက်စရာ ရှိလို့လဲ..."

သို့သော် ချန်ဖုန်းက သဘောမတူဘဲ ပြောဆိုလိုက်သည်။

"သူတို့ရဲ့ ထုတ်ကုန်တွေ အစစ်အမှန် ဟုတ်မဟုတ်ဆိုတာကိုတောင် မပြောနဲ့ဦး... သူတို့က ပါးစပ်ကပဲ ပြောနေတာ... ဘယ်သူမှ တကယ် မြင်ဖူးတာ မဟုတ်ဘူး..."

"နန်ကုန်း ဆေးဝါးကုမ္ပဏီ က ဒီလိုမျိုး တီထွင်နိုင်မယ်ဆိုတာကို ငါ လုံးဝ မယုံကြည်ဘူး..."

‘သူတို့ဘာသာ ဘယ်လောက်ပဲ ကောင်းကောင်း ငါ့ရဲ စနစ်လောက်များ ဘယ်သူက ပိုကောင်းနိုင်မှာလဲ’ ဟု ချန်ဖုန်း တွေးလိုက်သည်။

ယွင်ထင်က ခေါင်းစောင်းကာ မေးလိုက်၏။

"တကယ်လို့ အစစ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ..."

"ဈေးနှုန်းစစ်ပွဲတစ်ခုထက်တော့ ပိုမှာမဟုတ်ပါဘူး..."

ချန်ဖုန်းက ပြုံးတစ်ဝက်ဖြင့် ပြောဆိုလိုက်သည်။

"တကယ်လို့ သူတို့က ဈေးလျှော့ပေးနိုင်တယ်ဆိုရင် ငါတို့လည်း လျှော့ပေးနိုင်တာပဲ... ဒါ့အပြင် ငါက ဒဏ်ရာတွေကို မြန်မြန်ကျက်စေတဲ့ ထုတ်ကုန် မထုတ်နိုင်ဘူးလို့ ဘယ်သူက ပြောလဲ..."

---

All Chapters