အခန်း ၃၈၇
Vol. 39 Ch. 387
အခန်း (၃၈၇) ကုမ္ပဏီ အကျပ်အတည်း
"ဟင်..."
ယွင်ထင်က သူ့ကို အလွန် အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူမ၏ လေသံတွင် စိတ်လှုပ်ရှားမှုများ ရောယှက်နေပုံရပေ၏။
"ဒဏ်ရာတွေကို အမြန်ကျက်စေနိုင်တဲ့ ဆေးတစ်မျိုးကို တီထွင်နိုင်တယ်လို့ နင် အခုလေးတင် ပြောလိုက်တာလား..."
"လောလောဆယ် ငါတို့ကုမ္ပဏီနဲ့ နန်ကုန်း ဆေးဝါးကုမ္ပဏီ ကြားက အကြီးမားဆုံး ကွာဟချက်က ဒီဆေး မရှိတာပဲ... ဒီဆေးကို တီထွင်နိုင်သရွေ့ ငါတို့မှာ ဒီယှဉ်ပြိုင်မှုအတွက် အားသာချက်တချို့ ရှိနေသေးတယ်..."
"သေချာပေါက်တော့ မပြောနိုင်သေးဘူး..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။ ယွင်ထင်သည် သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို စူးစမ်းရှာဖွေရန် ကြိုးစားနေကြောင်း သူ သိရှိထားပေ၏။
ထို့အပြင် စနစ်က ဤဆေးကို လဲလှယ်ပေးနိုင်ခြင်း ရှိ၊ မရှိကို မသိရသေးချေ။ အကယ်၍ နောက်ဆုံးတွင် ဖော်စပ်၍ မရပါက အရှက်ကွဲစရာ ဖြစ်မည် မဟုတ်လော။ လျိုမင်လျန်နှင့် ပတ်သက်၍ မသေချာမှုများစွာ ရှိနေဆဲပင်။ လက်ရှိတွင် သူသည် နန်ကုန်းမိသားစုအတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်တန်ရာ၏။
သူတို့ ကိုယ်ပိုင် အမာရွတ်ပျောက်ဆေးကို တကယ်ပဲ တီထွင်ခဲ့သလားဆိုသည်ကို သူ အလွန် သိချင်နေခဲ့ပေသည်။
“ငါတို့ရဲ့ ဆေးကို ပြောင်းပြန်လှန်ပြီး ဖော်စပ်နည်းကို ရှာဖွေခဲ့ခြင်းများလား…”
"နည်းလမ်းနှစ်ခုစလုံးက အရမ်းခက်ခဲတယ်လို့ ငါ ထင်တယ်..."
ယွင်ထင်က ခေါင်းခါကာ ပြောလိုက်၏။
"ငါတို့ရဲ့ ဆေးဖော်စပ်နည်းကို သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆီ စမ်းသပ်ဖို့ ပေးလိုက်တုန်းက ဆေးဖော်စပ်နည်းကို ကြည့်ပြီး စမ်းသပ်ရင်တောင် အမှားလုပ်မိဖို့ လွယ်ကူတယ်လို့ သူတို့ ပြောခဲ့တယ်..."
"အထူးသဖြင့် အသေးစိတ် အချက်အလက်တချို့ကို ကိုင်တွယ်တဲ့နေရာမှာပေါ့... တကယ်လို့ ဆေးညွှန်းထဲက ညွှန်ကြားချက်တွေက ဒီလောက် ရှင်းရှင်းလင်းလင်း မဖော်ပြထားဘူးဆိုရင် သူတို့က ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ အချောထည်ကို ထုတ်လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး..."
"နန်ကုန်း ဆေးဝါးကုမ္ပဏီ အနေနဲ့ ထုတ်ကုန်ကနေ ဖော်စပ်နည်းကို ကောက်ချက်ချဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး... သူတို့ကိုယ်တိုင် တီထွင်ဖို့ဆိုတဲ့ အခက်အခဲက အများကြီး ပိုကြီးမားတယ်..."
"သူတို့ ဘာပဲလုပ်နေလုပ်နေ ဘယ်သူက ဂရုစိုက်မှာလဲ..."
ချန်ဖုန်းက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပုံရပြီး ရယ်မောကာ ပြောလိုက်သည်။
"မင်းက ဈေးတင်ချင်နေတာ မဟုတ်ဘူးလား... ငါတို့ရဲ့ အမာရွတ်ပျောက်ဆေး ကို အရင်က ပရိုမိုးရှင်းဈေးနဲ့ ရောင်းချခဲ့တာလို့ အခု ကြေညာချက် ထုတ်လိုက်..."
"ဒီနေ့ကစပြီး ဈေးနှုန်းကို တစ်ပုလင်း ယွမ် ၃,၀၀၀ နဲ့ ပုံမှန်အတိုင်း ပြန်လည်ရောင်းချသွားမယ်လို့လေ..."
"ဟင်..."
ယွင်ထင် လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။
နန်ကုန်း ဆေးဝါးကုမ္ပဏီက ဖန်တီးလိုက်သော အကျပ်အတည်းမှာ ဤမျှ ကြီးမားကြောင်း သူမ သတိမထားမိခဲ့ဘဲ ယခုအခါ ဈေးနှုန်းတိုးမြှင့်ခြင်းက ကုမ္ပဏီအတွက် ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်မလားဟု သူမ တွေးတောနေမိလေသည်။
ရှန်ယန်းယန်း၏ မျက်လုံးများလည်း ပြူးကျယ်သွားကာ ပြောလိုက်၏။
"နင်က ဈေးတင်လိုက်ပြီဆိုတော့ တစ်ယောက်ယောက်က ဝယ်ပါဦးမလားဆိုတာ သေချာလို့လား..."
"စိတ်မပူပါနဲ့... သေချာပေါက် ဝယ်မယ့်သူတွေ ရှိလာမှာပါ... အရင်ဆုံး သွားပြီး ကြေညာချက် ထုတ်လိုက်ပါ..."
ချန်ဖုန်းက လုံးဝ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။
အမာရွတ်ပျောက်ဆေး တစ်ပုလင်းစီတွင် ပမာဏ အများအပြား ပါဝင်ပေရာ အခြေခံအားဖြင့် တစ်ပုလင်းဆိုလျှင် အမာရွတ်များစွာကို ပျောက်ကင်းစေရန် လုံလောက်လှပေ၏။ တကယ်တမ်း တွက်ကြည့်မည်ဆိုပါက ၎င်းမှာ ဈေးမကြီးလှချေ။
"ကောင်းပြီ... ငါ အခုချက်ချင်း လုပ်လိုက်မယ်..." ယွင်ထင်မှာလည်း အလွန် သိချင်နေခဲ့ပေသည်။
ချန်ဖုန်းသည် ကုမ္ပဏီကို မစီမံခန့်ခွဲသော်လည်း သူချမှတ်သမျှ ဆုံးဖြတ်ချက်တိုင်းမှာ မှန်ကန်နေပုံရပြီး ကုမ္ပဏီမှာလည်း ဘယ်သောအခါမှ အရှုံးမပေါ်ခဲ့ချေ။
ချန်ဖုန်းက ရှန်ယန်းယန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူမ၏ တင်ပါးကို ပုတ်ကာ ပြောဆိုလိုက်၏။
"သွား အဝတ်အစားလဲချည်... ခဏနေရင် ထျန်ဖုန်းလုပ်ငန်းစု ရုံးချုပ် အခြေအနေ ဘယ်လိုရှိလဲဆိုတာ သွားကြည့်ကြတာပေါ့..."
"အိုကေ..."
ရှန်ယန်းယန်း မျက်နှာနီရဲသွားပြီး ဆိုဖာပေါ်မှ ခုန်ထလိုက်ပြီး သူမက အိပ်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားလေ၏။
ဆယ်မိနစ် ကြာပြီးနောက်။ သူမသည် ဆွဲဆောင်မှုရှိသော ဂါဝန်အနီရောင်တစ်ထည်ကို လဲဝတ်လာခဲ့သည်။ အလုပ်စလုပ်ပြီးနောက် သူမသည် တဖြည်းဖြည်း ပိုမို ရင့်ကျက်လာကာ သူမ၏ အသွင်အပြင်တစ်ခုလုံးမှာလည်း ပို၍ ထူးခြားထင်ရှားလာခဲ့ပေ၏။
ချန်ဖုန်းကတော့ တံတွေးမြိုမချဘဲ မနေနိုင်ခဲ့ချေ။
"သွားကြစို့... ယွင်ထင် ကိုပါ တစ်ခါတည်း ခေါ်သွားလိုက်..."
အခြားတစ်ဖက်တွင်။
နန်ကုန်း ဆေးဝါးကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲမှာ ဆက်လက် ကျင်းပနေဆဲပင်။
စင်အောက်ရှိ မေးခွန်းများ အဆက်မပြတ် မေးမြန်းနေသော မီဒီယာသတင်းထောက်များကို ကြည့်ရင်း။ လျိုမင်လျန်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပေ၏။
ထျန်ဖုန်းလုပ်ငန်းစုသည် တည်ထောင်ပြီး တစ်နှစ်မပြည့်မီမှာပင် ဈေးကွက်တန်ဖိုး ယွမ် ဘီလီယံရာချီအထိ ရောက်ရှိလာခဲ့ပြီး ၎င်း၏ ဆေးဝါးကုမ္ပဏီမှာလည်း အမာရွတ်ပျောက်ဆေးကြောင့် သိသာထင်ရှားသော တန်ဖိုးတစ်ခုကို ရရှိထားလေသည်။
အခုတော့ ဤသတင်းစာရှင်းလင်းပွဲကို အသုံးပြု၍ ထျန်ဖုန်းလုပ်ငန်းစု၏ ဆေးဝါးကုမ္ပဏီကို သူ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့လေပြီး အပြည့်အဝ အလှည့်အပြောင်းကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ သူကိုယ်တိုင်မှာလည်း နန်ကုန်းမိသားစု၏ အလွန် တန်ဖိုးထားမှုကို ရရှိလာတော့မည် ဖြစ်ပေ၏။
ဤအချိန်၌ လျိုမင်လျန် ရုတ်တရက် မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိလိုက်သည်။ ဖတ်ကြည့်ပီးနောက် ဝမ်းသာမှုလှိုင်းလုံးများက သူ၏ ရင်ထဲတွင် ပြည့်နှက်သွားလေ၏။
လျိုမင်လျန်က အရှေ့သို့မျက်နှာမူကာ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"အားလုံးပဲ... ထျန်ဖုန်းလုပ်ငန်းစု ရဲ့ လက်အောက်ခံ ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ က သူ့ရဲ့ နောက်ဆုံးထွက် ဈေးနှုန်းစာရင်းကို အခုလေးတင် ထုတ်ပြန်လိုက်ပါတယ်..."
"သူတို့ရဲ့ အမာရွတ်ပျောက်ဆေး က ယွမ် တစ်ထောင်ကနေ သုံးထောင်အထိ ဈေးတက်သွားပါပြီ..."
"ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဈေးနှုန်းတွေက သူတို့ထက် သေချာပေါက် သက်သာမှာပါ... ကျွန်တော်တို့က တစ်ပုလင်းကို ယွမ် နှစ်ထောင် သတ်မှတ်ထားပါတယ်..."
ဤစကားကို ကြားချိန်တွင်။ အခင်းဖြစ်ပွားရာ နေရာတစ်ခုလုံး ဆွံ့အသွားခဲ့ကြပေ၏။ ဒါက ယွမ် တစ်ထောင် အပြည့် သက်သာသွားတာပဲ။
ဈေးနှုန်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက်လိုလိုပင် ဖြန့်ချိရေးကိုယ်စားလှယ် အားလုံးသည် နန်ကုန်း ဆေးဝါးကုမ္ပဏီ၏ အရောင်းဟော့လိုင်းသို့ စတင်ဖုန်းခေါ်ဆိုကြတော့သည်။
ကုမ္ပဏီနှစ်ခုလုံး၏ ဆေးများက အာနိသင် တူညီနေမှတော့။ ဈေးနှုန်းပိုမိုသက်သာသော နန်ကုန်း ဆေးဝါးကုမ္ပဏီကို ဘာလို့ မရွေးချယ်ရမှာလဲ။
ရှင်းလင်းနေပေသည်။ ဤရွေးချယ်မှုက ၎င်းတို့၏ ကုန်ကျစရိတ်ကို လျှော့ချပေးပြီး အမြတ်အစွန်းများကို တိုးလာစေမည် ဖြစ်၏။
နန်ကုန်း ဆေးဝါးကုမ္ပဏီ၏ ထုတ်ကုန်များကို မထုတ်လုပ်ရသေးသော်လည်း ၎င်းတို့က ကြိုတင်မှာယူရန်ပင် မစောင့်ဆိုင်းနိုင်ကြတော့ချေ။ အချို့သော ဖြန့်ချိရေးကိုယ်စားလှယ်များက ငွေများကိုပင် တိုက်ရိုက် လွှဲပေးလိုက်ကြလေ၏။ ပထမဆုံး အရင်းအမြစ်များကို ရရှိသူက ဈေးကွက်ကို ဖမ်းဆုပ်နိုင်မည် ဖြစ်ပေသည်။
ဆယ်မိနစ်ပင် မကြာလိုက်ချေ။ နန်ကုန်း ဆေးဝါးကုမ္ပဏီ တစ်ခုလုံးရှိ ဖုန်းလိုင်းများမှာ မအားလပ်နိုင်အောင် မြည်နေတော့၏။
အရောင်းကိုယ်စားလှယ်များကို မြူဆွယ်ရန်အတွက် လျိုမင်လျန်သည် ထိုနေရာ၌ မှာယူထားသော အမာရွတ်ပျောက်ဆေး အရေအတွက်ကို သတင်းစာရှင်းလင်းပွဲ မျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ပြသလိုက်လေသည်။ ကိန်းဂဏန်းများ ကောင်းကင်အထိ ထိုးတက်သွားသည်နှင့်အမျှ လူပိုများလာလေလေ ဖြစ်လာတော့၏။
ထိုအချိန်၌ လျိုမင်လျန်က ထပ်လောင်းပြောဆိုလိုက်သည်။
"ကျွန်တော်တို့ ကုမ္ပဏီရဲ့ အမာရွတ်ပျောက်ဆေး အာနိသင်ကို အတည်ပြုပြီးဖြစ်ပြီး ကုသမှု အကျိုးသက်ရောက်မှုကလည်း အရမ်း ကောင်းမွန်ပါတယ်..."
"ဒီထုတ်ကုန်ကို အနာကျက်မြန်ဆေး နဲ့ တွဲပြီး ရောင်းချသွားမှာပါ..."
"အစုံလိုက်ဆိုရင် စုစုပေါင်း ဈေးနှုန်းက ယွမ် လေးထောင်ပါ... ဆေးတစ်မျိုးစီကို ယွမ် နှစ်ထောင်စီ ကျသင့်မှာ ဖြစ်ပါတယ်... ဈေးသက်သာရုံသာမကဘဲ အဓိကအချက်ကတော့ ဒီဆေးနှစ်မျိုးစလုံးက ဈေးကွက်ထဲမှာ တွေ့ရခဲတာပါပဲ..."
သူက ဗီဒီယိုတစ်ခုကိုပင် ထုတ်လွှင့်ပြသလိုက်သေး၏။ ဗီဒီယိုထဲတွင် ယခုလေးတင် ကလေးမွေးဖွားထားသော လူနာတစ်ဦးက အနာကျက်မြန်ဆေးနှင့် အမာရွတ်ပျောက်ဆေးကို အသုံးပြုနေသည်ကို ပြသထားသည်။
ဗီဒီယိုက တစ်ဖက်လူသည် ဆေးကို နှစ်ပတ်ဆက်တိုက် အသုံးပြုနေကြောင်း မှတ်တမ်းတင်ထားပေ၏။
ဒဏ်ရာအပေါ် ဆေး၏ အာနိသင်ကို တိုက်ရိုက် မြင်တွေ့နိုင်ပေသည်။
ခုနစ်ရက်အတွင်း အမာရွက်တွေ ကျက်လာတယ်။ ထို့နောက်တွင်တော့ ခုနစ်ရက်အတွင်း အမာရွတ်တွေ ပျောက်သွားတော့၏။
ယခင်က လျိုမင်လျန် ပြောခဲ့သော အာနိသင်များ မည်မျှပင် ကောင်းမွန်စေကာမူ ဗီဒီယိုထဲရှိ မြင်ကွင်းများလောက်တော့ လှုံ့ဆော်မှု မပေးနိုင်ခဲ့ချေ။ တကယ်လို့ ထိုဖြန့်ချိရေးကိုယ်စားလှယ်များက အရင်က စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ရင်တောင်... အခုတော့ မည်သူကမျှ သံသယ မရှိကြတော့ချေ။ ဤသို့ဖြင့် အော်ဒါများက အဆက်မပြတ် ဝင်ရောက်လာတော့၏။ လေထုမှာ အလွန်အမင်း ပူပြင်းသောအခြေအနေသို့ပင် ရောက်ရှိသွားလေပြီ။
လျိုမင်လျန်မှာ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။ ယနေ့ သူလက်ခံရရှိသော အော်ဒါတိုင်းအတွက် သူ့အနေဖြင့် ကော်မရှင်ခ ရရှိမည်ဖြစ်ပြီး အရာအားလုံးကို သူ အပြည့်အဝ ထိန်းချုပ်ထားနိုင်လုနီးပါး ဖြစ်နေပေ၏။
သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားပြီးနောက်။
နန်ကုန်း ဆေးဝါးကုမ္ပဏီသည် လျင်မြန်စွာပင် ရေပန်းစားသော ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့တော့သည်။
"နန်ကုန်း ဆေးဝါးကုမ္ပဏီ၏ အင်အားကြီးမားစွာ ထွက်ပေါ်လာမှုနှင့် ထျန်ဖုန်း ဆေးဝါးကုမ္ပဏီထံမှ လျင်မြန်စွာ ဈေးကွက်လုယူမှုက ၎င်း၏ ကြီးစိုးထားသော နေရာကို ခြိမ်းခြောက်နေသည်" ဟူသော ဆောင်းပါးတစ်ပုဒ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ကူးယူဖော်ပြခဲ့ကြလေ၏။
ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ၏ ယခင် ဖြန့်ချိရေးကိုယ်စားလှယ်များသည်လည်း ယိမ်းယိုင်လာသည့် လက္ခဏာများ ပြသလာကြသည်။ အချို့လူများက နန်ကုန်း ဆေးဝါးကုမ္ပဏီထံ အော်ဒါများပင် တင်လိုက်ကြပြီး ၎င်းတို့၏ ဖောက်သည်များ ဖြစ်လာခဲ့ကြလေပြီ။
လျိုမင်လျန်က သူ၏ ရုံးခန်းသို့ ပြန်လာစဉ် သီချင်းလေးတစ်ပုဒ်ကို ညည်းဆိုနေခဲ့၏။ ပေ့ဟူတွင် ရှိနေစဉ်က သူသည် နေရာတိုင်း၌ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး ချန်ဖုန်း၏ လွှမ်းမိုးမှုကို အမြဲတမ်း ခံခဲ့ရကာ နောက်ဆုံးတွင် လူမှုကွန်ရက်ပေါ်ရှိ လူလတ်ပိုင်းအမျိုးသမီးတစ်စု၏ Blacklist သွင်းခြင်းကို ခံခဲ့ရသည်။
ဒီနေ့တော့ နောက်ဆုံးမှာ သူ ခေါင်းမော့နိုင်ခဲ့ပြီး ဒေါသတွေကို ဖြေဖျောက်နိုင်ခဲ့ပြီ။ နန်ကုန်းမိသားစုနှင့် အဆင်ပြေသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အဆင့်အတန်းနှင့် ကြွယ်ဝမှုတို့မှာ သေချာပေါက် ကောင်းကင်အထိ ထိုးတက်သွားမည် ဖြစ်ပေ၏။
ထိုအချိန်၌ အမျိုးသားတစ်ဦး လျှောက်ဝင်လာသည်ကိုမြင်သောအခါ လျိုမင်လျန်က အလျင်အမြန် မတ်တပ်ရပ်ကာ ပြုံးလျက် ပြောဆိုလိုက်၏။
"သခင်လေး နန်ကုန်း... ဘာလို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာရတာလဲ..."
"သတင်းစာရှင်းလင်းပွဲကို ကျွန်တော်တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်... ခင်ဗျားအတွက် ပြီးပြည့်စုံအောင် စီစဉ်ပေးပါ့မယ်လို့ အာမခံပါတယ်..."
---