အခန်း ၃၉၁
Vol. 40 Ch. 391
အခန်း (၃၉၁) ပြန်လည်ချေပခြင်း
"ဘုရားရေ... မယုံနိုင်စရာပဲ... ဒါ သေချာပေါက် မူပိုင်ခွင့် ချိုးဖောက်တာပဲ..."
"မှန်တာပေါ့... သူဌေးကြီး အစ်ကိုဖုန်း က သက်သေပါ ပြထားတာ... လုံးဝ အမှားအယွင်း မရှိနိုင်ဘူး..."
ကွန်ရက်သုံးစွဲသူများက ရေပန်းစားသော ခေါင်းစဉ်များတွင် မှတ်ချက်များ ဝင်ရောက်ပေးခဲ့ကြပြီး သတင်းကို ထိပ်ဆုံး ရေပန်းစားသော ရှာဖွေမှု ဆယ်ခုစာရင်းသို့ ချက်ချင်း တွန်းပို့ပေးလိုက်ကြလေ၏။
သူဌေးကြီး အစ်ကိုဖုန်း ကို ၎င်းတို့ အတော်လေး ရင်းနှီးကျွမ်းဝင်ကြပေသည်။
သူသည် ဒိုရင် လိုက်ဖ်လွှင့်သည့် ပလက်ဖောင်းပေါ်တွင် ငွေသား ယွမ်သန်းရာချီ အသုံးပြုခဲ့ပြီး အမျိုးသမီး လိုက်ဖ်လွှင့်သူ ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ လက်ဆောင်များ ပေးခဲ့ကာ အဓိက ပလက်ဖောင်းအချို့၏ ရေပန်းစားသော ရှာဖွေမှုစာရင်းများတွင် မကြာခဏ ထိပ်ဆုံးမှ ပါဝင်ခဲ့သူ ဖြစ်ပေ၏။
ဤကဲ့သို့သော သူတစ်ဦး ဖော်ထုတ်လိုက်သည့် အရာများမှာ အတော်လေး ယုံကြည်နိုင်ဖွယ် ရှိလှပေသည်။
ဤအချက်အလက်များကို မြင်လိုက်ရချိန်တွင် လျိုမင်လျန် ၏ မျက်နှာအမူအရာမှာလည်း မှောင်မိုက်သွားခဲ့၏။ အခြားသူများက ဤကိစ္စများကို မသိရှိနိုင်သော်လည်း သူက ကြိုတင် သိရှိထားခဲ့ပေသည်။
‘ထင်ထားတဲ့အတိုင်းပဲ... ပြဿနာ တက်ပြီ’ ဟု လျိုမင်လျန် တွေးလိုက်၏။
သူက ရေပန်းစားသော ခေါင်းစဉ်များကို စစ်ဆေးနေချိန်မှာပင် နန်ကုန်း ဆေးဝါးကုမ္ပဏီ နှင့် သက်ဆိုင်သော နောက်ထပ် ကိစ္စတစ်ခုက ရေပန်းစားမှုစာရင်း၏ ထိပ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြန်သည်။
"နန်ကုန်း ဆေးဝါးကုမ္ပဏီ က အဆိပ်သင့်ပြီး စံမမီတဲ့ ဆေးဝါးတွေကို ထုတ်လုပ်နေတဲ့ ရက်စက်တဲ့ ကုမ္ပဏီပဲ... အားလုံး သတိထားပြီး သူတို့ကို သပိတ်မှောက်ကြ... သပိတ်မှောက်ကြ..."
"ဘာတွေ ဖြစ်နေတာလဲ..."
လျိုမင်လျန် လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။
အမာရွတ်ပျောက်ဆေး မှာ အများဆုံးမှ မူပိုင်ခွင့် ချိုးဖောက်မှု ပြဿနာသာဖြစ်ပြီး အာနိသင်မှာ ပုံမှန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆေးကို ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ မှ ဝယ်ယူထားသောကြောင့် ဖြစ်ပေသည်။
‘ဒါပေမဲ့ ဒီဆောင်းပါးက ဘာကိုဆိုလိုတာလဲ…’ ဟု တွေးကာ
လျိုမင်လျန်က အလျင်အမြန် နှိပ်ဝင်လိုက်သည်။ အကြောင်းအရာကိုပင် ဖတ်၍ မပြီးဆုံးမီမှာပင် သူ၏ ဦးရေပြားကို ထုံကျင်သွားစေမည့် မှတ်ချက်များက ဗုံးကြဲသကဲ့သို့ ဝင်ရောက်လာတော့၏။
"နန်ကုန်း ဆေးဝါးကုမ္ပဏီ က အမာရွတ်ပျောက်ဆေး ကို ဈေးပေါပေါနဲ့ ရောင်းနေတာ အံ့သြစရာ မရှိတော့ပါဘူး... တကယ်တော့ သူတို့ရဲ့ အနာကျက်မြန်ဆေး ကို ကြော်ငြာချင်လို့ပဲ ဖြစ်ရမယ်..."
"ဒီ အနာကျက်မြန်ဆေး က နန်ကုန်းမိသားစု က ထုတ်လုပ်တာလား..."
"သေချာတာပေါ့... ဒါပေမဲ့ ရလဒ်တွေက သိပ်မကောင်းဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မားကတ်တင်းမန်နေဂျာ လျို ရဲ့ ကြော်ငြာဗီဒီယိုကို မင်းတို့ မှတ်မိသေးလား..."
"မှတ်မိတယ် မှတ်မိတယ်... ခွဲစိတ်မွေးဖွားထားတဲ့ မိခင်သစ်တစ်ယောက် အသုံးပြုခဲ့ပြီး ဒဏ်ရာက ခုနစ်ရက်အတွင်း ကျက်သွားတာလေ... အာနိသင်က အံ့သြစရာပဲ..."
"သေချာတာပေါ့... မင်းတို့ သိလောက်မှာ မဟုတ်ဘူး... အဲဒီ မိခင်သစ်လေးက နောက်ပိုင်း အထူးကြပ်မတ်ကုသဆောင် (ICU) ကို တက်လိုက်ရပြီး အသက်ကယ်ဖို့ အသက်ရှူလမ်းကြောင်း ဖွင့်ပေးတာကို နှစ်နာရီ အပြည့် လုပ်ခဲ့ရတာ..."
"အို ဘုရားရေ... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ..."
"ပြဿနာက ဒီ အနာကျက်မြန်ဆေး မှာ ရှိနေတာပဲ... နန်ကုန်းမိသားစု တီထွင်ထားတဲ့ ဆေးက ပြဿနာရှိတယ်... လက်တွေ့စမ်းသပ်မှုတွေ မလုပ်ဘဲ တိုက်ရိုက် ရောင်းချခဲ့တာ..."
"သူ့ချည်းသက်သက်ဆိုရင်တော့ ပြဿနာ သိပ်မကြီးဘူး... အများဆုံးက အလွန်အကျွံ သုံးစွဲရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးပြီး လူတွေကို ပိုမြန်မြန် အိုမင်းရင့်ရော်စေရုံပဲ..."
"ဒါပေမဲ့ တခြားဆေးဝါးတွေနဲ့ တွဲသုံးတဲ့အခါကျမှ ဆိုးကျိုးတွေက ထွက်ပေါ်လာတာ... အဲဒါက ပြင်းထန်ရင် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်တစ်မျိုးကို ထွက်ပေါ်စေတယ်..."
"အို ဘုရားရေ... ဒါ တကယ်ကို ထိတ်လန့်စရာပဲ... ငါ မဝယ်လိုက်ရလို့ တော်သေးတာပေါ့..."
"သူတို့က ရွံစရာကောင်းလိုက်တာ... နည်းပညာ မရင့်ကျက်သေးခင်မှာ ထုတ်ကုန်တွေကို ရောင်းချနေပြီး အရောင်းတက်အောင် တခြားဆေးတွေနဲ့ တမင် တွဲရောင်းနေကြတာပဲ..."
"ဟုတ်တယ်... ငါတို့ သပိတ်မှောက်ရမယ်..."
"နန်ကုန်း ဆေးဝါးကုမ္ပဏီ ရဲ့ ထုတ်ကုန် အကုန်လုံးကို သပိတ်မှောက်ကြ..."
"နန်ကုန်းမိသားစု ရဲ့ ထုတ်ကုန် အကုန်လုံးကို သပိတ်မှောက်ကြ..."
သတင်းအချက်အလက်များ အားလုံး အွန်လိုင်းပေါ်တွင် ပေါက်ကွဲထွက်သွားလေ၏။
ဝေးပေါ်၊ ထောင်ထျောင်၊ ပိုက်တူး နှင့် အခြားနေရာများတွင်ပါ ပြည့်နှက်သွားတော့သည်။
နာရီဝက်အတွင်းမှာပင် နန်ကုန်းမိသားစု နှင့် သက်ဆိုင်သော အချက်အလက်အားလုံးသည် အဓိက ပလက်ဖောင်းများပေါ်တွင် ရေပန်းစားသော ခေါင်းစဉ်များ ဖြစ်လာခဲ့ပေ၏။
ဩဇာလွှမ်းမိုးမှုရှိသော လိုက်ဖ်လွှင့်သူ အချို့ကပင် ၎င်းတို့၏ လိုက်ဖ်လွှင့်မှုများအတွင်း နန်ကုန်းမိသားစု ၏ လုပ်ရပ်များကို ဝေဖန်ရှုတ်ချခဲ့ကြလေသည်။
သီးသန့်အခန်းထဲတွင်။
အောင်ပွဲခံနေကြသော ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူများသည် ရုတ်တရက် သေမတတ် တိတ်ဆိတ်သွားကြပေ၏။
ဤသို့ဖြစ်လာမည်ကို မည်သူကမျှ မထင်မှတ်ထားခဲ့ကြချေ။
ကုမ္ပဏီသည် သုံးရက်မှ ငါးရက်အတွင်း လုပ်ငန်းနယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ယခုအခါ ထိုနေရာမှ ပြင်းပြင်းထန်ထန် ပြုတ်ကျတော့မည် ဖြစ်ပေသည်။
၎င်းတို့မှာ အလွန်အမင်း နေရခက်သွားကြလေ၏။
လက်ထဲရှိ အရက်က မမွှေးတော့သလို ရင်ခွင်ထဲရှိ အမျိုးသမီးကလည်း မချိုမြိန်တော့ချေ။
လျိုမင်လျန် သည် အပြင်သို့ အလျင်အမြန် ပြေးထွက်သွားပြီး အော်ဟစ်လိုက်သည်။
"အားလုံးပဲ... သခင်လေး နန်ကုန်း ကို အခုချက်ချင်း သွားအကြောင်းကြားလိုက်မယ်... ခင်ဗျားတို့ အကုန်လုံး ကုမ္ပဏီကို အမြန်ပြန်သွားကြ..."
သီးသန့်အခန်း အပြင်ဘက်သို့ သူ ပြေးထွက်သွားချိန်မှာပင် အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။
"ကြည့်စမ်း... အဲဒါ နန်ကုန်း ဆေးဝါးကုမ္ပဏီ ရဲ့ ပြန်ကြားရေးဌာနက မန်နေဂျာလျို မဟုတ်ဘူးလား..."
"ချီးပဲ... တကယ်ကြီး သူပဲ..."
"ညီအစ်ကိုတို့... သူ့ကို ချကြ... ဒီကောင်က အတုအယောင်နဲ့ စံမမီတဲ့ ထုတ်ကုန်တွေကို ကြော်ငြာနေတာ... ငါ့မိန်းမ ဝယ်မိလုနီးပါးပဲ..."
လူတစ်စုက လျိုမင်လျန် ကို ဝိုင်းရံလိုက်ကြ၏။
ထို့နောက် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ။
လက်သီးများ၊ ခြေကန်ချက်များဖြင့် စတင် ဗုံးကြဲတော့သည်။
"မရိုက်ကြပါနဲ့... မရိုက်ကြပါနဲ့တော့... ရှင်းပြပါရစေဦး..."
လျိုမင်လျန် အဆက်မပြတ် အော်ဟစ်နေခဲ့ပေ၏။ လက်တစ်ဖက်က ခေါင်းကို ကာကွယ်ထားပြီး အခြားလက်တစ်ဖက်က ဂွကြားကို ကာကွယ်ထားရလေသည်။
လျိုမင်လျန်လည်း လုံးဝ ကြောင်အမ်းသွားကာ အရိုက်ခံနေရသည့် ကြားမှ တွေးတောလိုက်၏။
‘ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘဲနဲ့ ဘာလို့ လူတိုင်းက ငါ့ကို ဝိုင်းရိုက်နေကြတာလဲ’
တစ်ချိန်တည်းမှာပင်။
အဆင့်မြင့် အခန်းထဲ၌။
နန်ကုန်းဟိုင် သည် အခန်းထဲရှိ တီဗွီမျက်နှာပြင်ကို ကန်ကျောက်လိုက်ရာ အပိုင်းပိုင်းအစစ ကွဲကြေသွားလေ၏။
ယခင်က စိတ်အနှောင့်အယှက် ဖြစ်နေသော ခံစားချက်က ယခုအခါ အလွန်အမင်းကြီးမားသော ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့ပေပြီ။
ထို့နောက် သူက ဖုန်းတစ်ကော ခေါ်ဆိုလိုက်ကာ တစ်ဖက်လူအား အော်ဟစ်လိုက်၏။
"ကျိုးယီဖာ... ခင်ဗျား တီထွင်ထားတဲ့ အနာကျက်မြန်ဆေး မှာ ဘာလို့ ပြဿနာ ရှိနေရတာလဲ..."
"နိုင်ငံခြားကနေ ခင်ဗျားကို ခေါ်လာဖို့ ယွမ်သန်းဆယ်ဂဏန်းလောက် သုံးခဲ့ရတာ... အခုတော့ ကျွန်တော့်ကို ဒုက္ခပေးနေတာလား..."
"သခင်လေး နန်ကုန်း... ဒီဆေးကို ဈေးကွက်ထဲ မဖြန့်သေးဖို့ အဲဒီတုန်းက ကျွန်တော် သတိပေးခဲ့ပါတယ်... ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ အကြံဉာဏ်ကို နားမထောင်ဘဲ ဈေးကွက်ထဲ ဖြန့်ဖို့ အတင်းအကျပ် လုပ်ခဲ့တာလေ..."
"ဘာ...ခင်ဗျား ပြောချင်တာက ဒါ ကျွန်တော့် အမှားပေါ့လေ..."
"ခင်ဗျားတို့ အကုန်လုံးက အသုံးမကျတာနဲ့ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ..."
နန်ကုန်းဟိုင် ၏ အဆုတ်များ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားခဲ့ပေ၏။ ဆေးအချို့ကို ထုတ်လုပ်ပြီး ရောင်းချပြီးသွားပြီဖြစ်ကာ ထုတ်လုပ်နေဆဲဖြစ်သော ဘီလီယံချီ တန်ဖိုးရှိသည့် အော်ဒါများလည်း ရှိနေသေးသည်။
ထုတ်လုပ်ဆဲ အော်ဒါများကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများကိုပင် ထည့်မပြောသေးချေ။ ရောင်းချပြီးသား အပိုင်းကို ရည်ညွှန်းနေခြင်း ဖြစ်၏။
အကယ်၍ တစ်ယောက်ယောက်က နောက်ထပ် ပြဿနာတစ်ခုခု ထပ်ရှာလာပါက ကုမ္ပဏီက ဆုံးရှုံးမှု အားလုံးကို တာဝန်ယူရမည် ဖြစ်ပေသည်။
တွေးကြည့်ယုံနဲ့တင် သူ့မှာ ဒေါသထွက်လွန်းလှ၏။ လက်ရှိ စီးပွားရေး ဆုံးရှုံးမှုမှာ အနည်းဆုံး ဘီလီယံချီ ရှိနေပေပြီ။
ရုတ်တရတ် နန်ကုန်းဟိုင်က ဒေါသတကြီးဖြင့် သူ၏ ဖုန်းကို ပစ်ပေါက်လိုက်လေသည်။
ဤအချိန်၌ လူတစ်ယောက် အလျင်အမြန် ဝင်လာခဲ့ကာ ပြာယာခတ်လျက် သူက ပြောဆိုလိုက်၏။
"သခင်လေး... ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ က ရှေ့နေစာ ပို့လိုက်ပါတယ်... ကျွန်တော်တို့က သူတို့ရဲ့ ဆေးကို မူပိုင်ခွင့် ချိုးဖောက်တယ်ဆိုပြီး ဆုံးရှုံးမှုတွေ အကုန်လုံးအတွက် လျော်ကြေး တောင်းနေပါတယ်..."
"ကျစ်..."
နန်ကုန်းဟိုင် မှာ ဒေါသထွက်လွန်း၍ သေလုမတတ် ဖြစ်သွားခဲ့ပေ၏။
သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်များက ပို၍ပင် ပျက်စီးစေလောက်ပေသည်။
နန်ကုန်း ဆေးဝါးကုမ္ပဏီ ၏ အရှုပ်တော်ပုံ နောက်တွင် လူတိုင်းသည် နန်ကုန်းမိသားစု ၏ ထုတ်ကုန် မှန်သမျှကို စတင် သပိတ်မှောက်ကြတော့၏။ ထိုအချိန်မှစ၍ ၎င်းတို့၏ စတော့ရှယ်ယာများ အားလုံး ထိုးကျသွားခဲ့သည်။
အော်ဒါများ အားလုံးလည်း နောက်ပိုင်းတွင် ဖျက်သိမ်းခံလိုက်ရလေ၏။
နန်ကုန်းမိသားစု တွင် နက်ရှိုင်းသော သမိုင်းကြောင်း ရှိသော်လည်း ဤတစ်ကြိမ်တွင်မူ ကြီးမားသော ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပြီး ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ပေသည်။
မိသားစုခေါင်းဆောင် နန်ကုန်းရှုံ မှာ အလွန်အမင်း ဒေါသထွက်နေခဲ့၏။
ချန်ဖုန်း ကို ရန်မစရန်နှင့် ချန်ဖုန်း ၏ စီးပွားရေးကို အခွင့်ကောင်းမယူရန် သားဖြစ်သူကို သူ စောစောကတည်းက သတိပေးထားခဲ့ပြီး ဖြစ်သည်။ အခုတော့ ဘာဖြစ်သွားပြီလဲ ကြည့်လိုက်ဦး။ ကိုယ့်တွင်းကိုယ် တူးလိုက်တာပဲ။
နန်ကုန်းမိသားစု သည် ရာစုနှစ်တစ်ခုနီးပါးအတွင်း ဤကဲ့သို့သော အကျပ်အတည်းမျိုးနှင့် မကြုံတွေ့ခဲ့ရဖူးချေ။
အရှုပ်တော်ပုံအချို့ ရေပန်းစားလာလျှင်ပင် ထိုအရာများကို ချက်ချင်း ဖယ်ရှားပစ်ရန် ၎င်းတို့တွင် နည်းလမ်းများ ရှိပေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ။
ဖယ်ရှားပစ်ရန် မည်မျှပင် ကြိုးစားစေကာမူ ထိုအရှုပ်တော်ပုံများသည် ရေပန်းစားသော ခေါင်းစဉ်များစာရင်းတွင် ပို၍ပင် မြန်ဆန်စွာ ပြန်လည်ပေါ်ထွက်လာခဲ့လေ၏။ တစ်ခါတစ်ရံ လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားခြင်းထက်ပင် ပိုမို မြန်ဆန်စွာ ပြန်လည်ရောက်ရှိလာတတ်ပေသည်။
နန်ကုန်းမိသားစု တစ်ခုလုံး ပြည်သူလူထု၏ ထင်မြင်ယူဆချက်များဖြင့် ဝိုင်းရံခံနေရချိန်မှာပင် ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ က နောက်ထပ် မက်ဆေ့ခ်ျတစ်စောင် ထုတ်ပြန်လိုက်လေ၏။
"ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ အနာကျက်မြန်ဆေး ကို မကြာခင် ကြိုတင်မှာယူနိုင်ပါတော့မယ်..."
{အာနိသင်များ - အနာကျက်နှုန်း ခြောက်ဆ ပိုမိုမြန်ဆန်ခြင်း... အဆိပ်အတောက် ကင်းစင်ခြင်း... ဘေးအန္တရာယ် မရှိခြင်းနှင့် မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိခြင်း…}
ဤမက်ဆေ့ခ်ျ ထွက်ပေါ်လာပြီးနောက် အင်တာနက် တစ်ခုလုံး နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။