အခန်း ၃၉၂
Vol. 40 Ch. 392
အခန်း (၃၉၂) အပြည့်အဝ အလှည့်အပြောင်း
"ကြားပြီးပြီလား... ထျန်ဖုန်း ဆေးဝါးကုမ္ပဏီက ဆေးသစ်တစ်မျိုး ထုတ်လိုက်တယ်... အဲဒါကလည်း အနာကျက်မြန်ဆေးပဲတဲ့..."
"နန်ကုန်းမိသားစုရဲ့ ဆေးနဲ့ အတူတူပဲလား မသိဘူး... ဒီတစ်ခေါက် နန်ကုန်းမိသားစုရဲ့ ဆေးကြောင့် လူတစ်ယောက် သေလုနီးပါး ဖြစ်သွားတာနော်..."
"ဟုတ်တယ်... အခုခေတ်မှာ လောဘကြီးတဲ့ ကုန်သည်တွေ အရမ်းများတယ်... ငါတို့လို သာမန်လူတွေက အတုနဲ့ အစစ် အကောင်းနဲ့ အဆိုးကို ခွဲခြားနိုင်ဖို့ နည်းလမ်းမှ မရှိတာ..."
ဘာပဲဖြစ်ဖြစ် နန်ကုန်းမိသားစု၏ အဖြစ်အပျက်က လူများကို ဈေးကွက်ထဲရှိ ဆေးဝါးများနှင့် ပတ်သက်၍ ပိုမို သတိထားလာစေခဲ့ပေ၏။
မည်သူကမျှ မိမိ၏ အသက်အန္တရာယ်နှင့် ပတ်သက်၍ နောက်ပြောင်ရဲမည် မဟုတ်ချေ။ အကယ်၍ ပြဿနာတစ်ခုခု ဖြစ်ပွားခဲ့ပါက။ ၎င်းက တကယ်ကို အသက်ဆုံးရှုံးသွားစေနိုင်ပေသည်။
ဤကဲ့သို့ အရေးကြီးသော အချိန်အခါမျိုးတွင် ထျန်ဖုန်း ဆေးဝါးကုမ္ပဏီက ထုတ်ကုန်သစ်တစ်ခုကို အဘယ်ကြောင့် စတင်ရောင်းချရသနည်းဆိုသည်ကို ကွန်ရက်သုံးစွဲသူများက ဇဝေဇဝါ ဖြစ်နေကြလေ၏။
ဤအခြေအနေတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည်။
အကယ်၍ အောင်မြင်ပါက ဈေးကွက်တစ်ခုလုံးကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်မည်ဖြစ်ပြီး နန်ကုန်းမိသားစု ဆုံးရှုံးသွားသော ဈေးကွက်များအားလုံးကိုပင် ဝါးမျိုသွားနိုင်ပေ၏။
သို့သော် ရှုံးနိမ့်သွားပါက ရလဒ်မှာ နန်ကုန်းမိသားစုထက်ပင် ပိုမို ဆိုးရွားသွားနိုင်ချေရှိသည်။
နန်ကုန်းဟိုင်သည် အွန်လိုင်းပေါ်ရှိ သတင်းများကို ကြည့်လိုက်၏။
ထို့နောက် သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
"ဟွာရှ ဆေးဝါးလုပ်ငန်းတစ်ခုလုံးက အကောင်းဆုံး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်သူတွေ အကုန်လုံး ငါ့ဆီမှာ ရှိနေတာ... နိုင်ငံခြားက ကျွမ်းကျင်သူ တချို့ကိုတောင် ငါ ခေါ်လာခဲ့သေးတယ်..."
"ငါတို့ နန်ကုန်းမိသားစု တောင် ဒီဆေးကို အောင်မြင်အောင် မဖော်စပ်နိုင်တာကို သူတို့ ဖော်စပ်နိုင်မယ်ဆိုတာ ငါ မယုံဘူး..."
သူ၏ ဘေးတွင် မိသားစုခေါင်းဆောင် နန်ကုန်းရှုံက မျက်မှောင်ကြုတ်ကာ ပြောလိုက်ပေ၏။
"တော်တော့... ဘယ်သူ့ကိုမှ အထင်မသေးနဲ့... ချန်ဖုန်း က အမာရွတ်ပျောက်ဆေး ဖော်စပ်နည်းကို ရနိုင်ခဲ့တာပဲ..."
"အနာကျက်မြန်ဆေး ဖော်စပ်နည်းကိုလည်း ရနိုင်တာပေါ့... မင်း ဒီတစ်ခေါက် တကယ်ကို ပေါ့ဆလွန်းသွားတယ်... မင်းရဲ့ မဆင်မခြင် လုပ်ရပ်ကြောင့် ငါတို့ ပိုက်ဆံ ဘယ်လောက်တောင် ဆုံးရှုံးသွားလဲဆိုတာ မင်း သိရဲ့လား..."
"အဖေ... ကျွန်တော်က ကျွန်တော့်ရဲ့ စွမ်းရည်တွေကို သက်သေပြချင်ရုံပါ..."
"မင်းမှာ အဲ့လို လုံးဝ စွမ်းရည်မရှိဘူးကွ..."
နန်ကုန်းရှုံ၏ မျက်နှာမှာ ပို၍ မှောင်မိုက်လာခဲ့ပေ၏။
"နန်ကုန်းရိ နဲ့ သူ့အဖေ ဘယ်လို သေသွားလဲဆိုတာကို မင်း မေ့သွားပြီလား...ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဟွာရှနိုင်ငံက ဝိညာဉ်အဖွဲ့အစည်း ရဲ့ စခန်းလည်း ဖျက်ဆီးခံလိုက်ရသေးတယ်..."
"ဒီကိစ္စက ချန်ဖုန်း နဲ့ ခွဲခြားလို့မရအောင် ဆက်နွှယ်နေတာ... မင်း သူ့ကို ရင်ဆိုင်တာကို ငါ ကန့်ကွက်စရာ မရှိပေမဲ့ သူ့ရဲ့ နောက်ခံကိုတောင် မသိဘဲ ကိုယ့်အတွက် လွတ်လမ်းမစီစဉ်ထားဘဲ မဆင်မခြင် လှုပ်ရှားနေတာ... ဒါက မိုက်မဲတဲ့ လုပ်ရပ်တစ်ခု သက်သက်ပဲ မဟုတ်တော့ဘူး... ယုံနိုင်စရာမရှိလောက်အောင် အရူးအမူး လုပ်ရပ်တစ်ခုပဲကွ..."
"ငါတို့ နန်ကုန်းမိသားစု မှာ ထွန်းတောက်တဲ့ ဂုဏ်သတင်း ရှိတယ်... ငါတို့ ဘယ်တုန်းက ဒီလောက် အရှုံးပေါ်ဖူးလို့လဲ..."
နန်ကုန်းဟိုင်က ဖခင်ဖြစ်သူအား တိတ်တခိုး ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က ချန်ဖုန်း နန်ကုန်းမိသားစု မှာ အဲဒီလို ပြဿနာလာရှာတုန်းကလည်း ကျွန်တော်တို့ အရှုံးပေါ်ခဲ့တာပဲ မဟုတ်ဘူးလား..."
"ခွေးကောင် တော်တော့..."
နန်ကုန်းရှုံမှာ ဒေါသထွက်လွန်း၍ သူ့ကို ကန်ကျောက်ချင်စိတ် ပေါက်သွားခဲ့၏။
"ဒီ အများပြည်သူရဲ့ ထင်မြင်ယူဆချက်တွေကို တိတ်သွားအောင်လုပ်ဖို့ မင်း တာဝန်ယူရမယ်... နန်ကုန်းမိသားစု ရဲ့ အဓိက လုပ်ငန်းကြီး သုံးခုထဲက ဆေးဝါးလုပ်ငန်းကတော့ အခု တစ်ဝက်လောက် ပျက်စီးသွားပြီ..."
"ဒီကိစ္စက တခြားလုပ်ငန်းတွေကိုပါ မထိခိုက်ဖို့ မျှော်လင့်ရတာပဲ... အဲဒီလိုမှမဟုတ်ရင် မင်း ပြဿနာကြီး တက်ပြီသာ မှတ်..."
"ချန်ဖုန်း ကရော..."
"အဲဒါကို စိတ်မပူနဲ့... မင်းကိစ္စကိုသာ သေချာ ဖြေရှင်းလိုက်စမ်း..."
နန်ကုန်းရှုံက သားဖြစ်သူကို ပြင်းပြင်းထန်ထန် မျက်စောင်းထိုး ကြည့်လိုက်ပေသည်။
သားဖြစ်သူ ထွက်သွားသည်အထိပင်။
ထို့နောက် သူက ဖုန်းနံပါတ်တစ်ခုကို အလျင်အမြန် ခေါ်ဆိုလိုက်၏။
"အဘိုးကြီးဝူ... ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ရဲ့ လက်မှတ်တွေကို ဆေးဝါးကွပ်ကဲမှုဦးစီးဌာန က စစ်ဆေးအောင် မင်းရဲ့ အဆက်အသွယ်တွေကို အသုံးပြုလိုက်... သူတို့ရဲ့ ထုတ်ကုန်တွေက စံမမီဘဲ ကြီးမားတဲ့ ကျန်းမာရေးအန္တရာယ် ရှိနိုင်တယ်လို့ ငါ သံသယရှိတယ်..."
"အဘိုးကြီးဝမ်... ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ရဲ့ ငွေစာရင်းတွေကို တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်... သူတို့ အခွန်ရှောင်နေတယ်လို့ ငါ သံသယရှိတယ်..."
"အဘိုးကြီးကျန်း... တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်..."
နန်ကုန်းမိသားစု သည် ကျိုတိုတွင် ကြီးမားသော အဆက်အသွယ် ကွန်ရက်တစ်ခု ရှိပေ၏။
အချို့မှာ တရားဝင် အဖွဲ့အစည်းအချို့ထဲသို့ပင် ထိုးဖောက်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ ဟွာရှနိုင်ငံအတွက် ကြီးမားသော ခြိမ်းခြောက်မှု မရှိသော်လည်း ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များတွင်မူ အကျိုးသက်ရောက်မှု ရှိနိုင်သေးသည်။
နန်ကုန်းမိသားစု သည် ဤတစ်ကြိမ်တွင် ချန်ဖုန်း ကြောင့် အရှက်ကွဲသွားခဲ့လေပြီ။
ထို့ကြောင့် သူကို ပြန်လည် တိုက်ခိုက်ရန် နည်းလမ်းရှာရမည် ဖြစ်ပေ၏။
ဤကာလအတွင်း။ မိသားစုခေါင်းဆောင် နန်ကုန်းရှုံသည် အခြား အင်အားကြီး မိသားစုအချို့ကိုလည်း တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး ၎င်းတို့၏ အရင်းအမြစ်များကို မျှဝေရန် မျှော်လင့်နေခဲ့သည်။
အင်အားစုပေါင်းမှသာ ဤမိသားစုများသည် ဟွာရှနိုင်ငံတွင် ဆက်လက်၍ ပိုမို အင်အားကြီးမားလာနိုင်မည် ဖြစ်ပေသည်။
အခြားတစ်ဖက်တွင်။
အမျိုးမျိုးသော တရားဝင် ဌာနများက ကုမ္ပဏီသို့ လူများ စေလွှတ်ကာ လာရောက်စစ်ဆေးနေကြောင်း အကြောင်းကြားသည့် ဖုန်းခေါ်ဆိုမှုတစ်ခုကို ယွင်ထင် မကြာမီပင် လက်ခံရရှိခဲ့လေ၏။
ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်သည်။
"သူတို့က ငါတို့ကို ပြဿနာလာရှာချင်ရုံ သက်သက်ပဲ မဟုတ်ဘူးလား... သူတို့ကို စစ်ဆေးခိုင်းလိုက်ပါ... ပြီးတော့ သူတို့ ဘယ်လို ပြဿနာမျိုး ရှာနိုင်မလဲဆိုတာကို ကြည့်ဖို့ တစ်ယောက်ယောက်ကို လိုက်ဖ်လွှင့်ခိုင်းထားဖို့ မမေ့နဲ့..."
ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ တွင် လိုအပ်သော ခွင့်ပြုချက်များနှင့် လိုင်စင်များ အားလုံးရှိပြီး ၎င်း၏ ထုတ်ကုန်များသည်လည်း လိုအပ်သော စမ်းသပ်မှု အားလုံးကို အောင်မြင်ထားပြီး ဖြစ်ပေ၏။
မည်သည့်ပြဿနာမျှ ရှိနိုင်မည် မဟုတ်ချေ။
အကယ်၍ ထိုအရာရှိများက တမင်တကာ ပြဿနာရှာလိုပါက ၎င်းတို့၏ လုပ်ရပ်များကို လိုက်ဖ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှုသူများ မြင်တွေ့သွားမည် ဖြစ်သည်။
ပြည်သူလူထု၏ ထင်မြင်ယူဆချက်များ လွှမ်းမိုးသွားချိန်တွင် ၎င်းတို့ သေချာပေါက် ပြဿနာကြီး တက်ပေလိမ့်မည်။
မကြာမီမှာပင်။ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနနှင့် အခြားဌာနများမှ လူများသည် ကုမ္ပဏီသို့ ရောက်ရှိလာကြလေ၏။
ကင်မရာများက သူတို့ထံ ချိန်ရွယ်ကာ လိုက်ဖ်လွှင့်နေသည်ကို မြင်တွေ့ရပြီး အချို့သော လိုက်ဖ်လွှင့်မှုများတွင် ပရိသတ် ရာဂဏန်း၊ ထောင်ဂဏန်းမက ကြည့်ရှုနေကြသည်ကို မြင်သောအခါ သူတို့ လန့်ဖြတ်သွားကြပေသည်။
ထို့နောက် သူ့တို့က လျင်မြန်စွာ စစ်ဆေးပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြတော့၏။
သူတို့လည်း ကြောက်ရွံ့နေကြပေသည်။
အကယ်၍ သူတို့သာ အကြောင်းပြချက်မခိုင်လုံဘဲ တစ်ခုခုလုပ်မိကာ အွန်လိုင်းပေါ်တွင် ပေါက်ကြားသွားပါက သူတို့လည်း အလုပ်ဆက်လုပ်၍ ရတော့မည် မဟုတ်ချေ။
ဤစစ်ဆေးမှုက တကယ်တော့ ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ အတွက် အခမဲ့ ကြော်ငြာပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့ပေ၏။
ထုတ်ကုန်က အရည်အသွေး ပြည့်မီတယ်။ အားလုံးပြည့်စုံတယ်။ အဆိပ်အတောက် ကင်းစင်ပြီး အန္တရာယ်လည်း ကင်းရှင်းတယ်။
အချိန်တိုအတွင်းမှာပင်။ အွန်လိုင်းပေါ်ရှိ ကနဦး သံသယများမှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး တရားဝင် ဌာနများပင်လျှင် မည်သည့် ပြဿနာကိုမျှ ရှာမတွေ့နိုင်ခဲ့ခြင်းက ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ၏ ထုတ်ကုန်များသည် ယုံကြည်စိတ်ချရကြောင်း ဖော်ပြနေပေ၏။
ဖြန့်ချိရေးကိုယ်စားလှယ် ပိုမိုများပြားလာကာ အော်ဒါများ စတင်တင်လာကြလေသည်။ ကုမ္ပဏီ၏ ဖုန်းများမှာလည်း မအားလပ်နိုင်အောင် မြည်နေတော့၏။
နန်ကုန်း ဆေးဝါးကုမ္ပဏီ က ယခင်က လုယူသွားခဲ့သော ဈေးကွက်ဝေစုမှာ ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့ပြီး နန်ကုန်း ဆေးဝါးကုမ္ပဏီ ဆုံးရှုံးသွားသော ဈေးကွက်ဝေစုကိုပင် တဖြည်းဖြည်း ဝါးမျိုလာခဲ့ပေသည်။
အရောင်းပမာဏမှာ ကောင်းကင်အထိ ထိုးတက်သွားခဲ့လေပြီ။
ထို သတင်းကိုရရှိပြီးနောက် ယွင်ထင် မှာလည်း အလွန် ပျော်ရွှင်နေခဲ့၏။
သူမက ချန်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။
"ဒီတစ်ကြိမ်တော့ ဆေးဝါးကုမ္ပဏီက ကျိုတို မှာ နောက်ဆုံးတော့ ခြေကုပ်ယူနိုင်သွားပြီ... ငါတို့က ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ဖမ်းဆုပ်နိုင်ခဲ့ပြီ..."
"နန်ကုန်းမိသားစု က ဆေးဝါးလုပ်ငန်းက သူတို့ရဲ့ စီးပွားရေးကို ဆုံးရှုံးသွားရဖို့ များတယ်..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
အကယ်၍ နန်ကုန်းဟိုင် သာ သူ့ကိုယ်သူ ပြဿနာ မရှာခဲ့ပါက အခြေအနေများက ဤသို့ ဖြစ်လာမည် မဟုတ်ချေ။
ယနေ့ခေတ်တွင် ကုမ္ပဏီသည် အမာရွတ်ပျောက်ဆေး နှင့် အနာကျက်မြန်ဆေး ကိုသာ အဓိကထားပြီး နန်ကုန်းမိသားစု ကဲ့သို့ အခြား ထုတ်ကုန်များနှင့် ပေါင်းစပ်ရောင်းချခြင်းမျိုး မရှိချေ။
၎င်းတို့ကို တစ်ခုချင်းစီသာ ရောင်းချပြီး အလွန် ရေပန်းစားနေလေသည်။
"ချန်ဖုန်း..."
ထိုအချိန်၌ ရှန်ယန်းယန်း သည် ကျက်သရေရှိစွာ လျှောက်လာခဲ့၏။
"ငါ အခု ထျန်ဖုန်းလုပ်ငန်းစု ရဲ့ အခြေအနေကို အတော်လေး နားလည်နေပြီ... ပြီးတော့ ငါ့မှာ အချိန်တွေ အများကြီး ပိုနေတယ်...ဒါကြောင့် နင် ငါ့ကို သိုင်းပညာ သင်ပေးရင် ဘယ်လိုလဲ..."
"ဟင်..."
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့ပေ၏။
ရှန်ယန်းယန်း က မျက်တောင်ခတ်ကာ ပြောဆိုလိုက်သည်။
"နင့်ရဲ့ အမှတ်အသားက အခု အရင်ကနဲ့ မတူတော့ဘူးဆိုတာ ငါသိပါတယ်... အနာဂတ်မှာလည်း မထင်မှတ်ထားတဲ့ အခြေအနေမျိုးစုံနဲ့ သေချာပေါက် ကြုံတွေ့ရမှာပဲ..."
"ငါလည်း နင့်ရဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး... တကယ်လို့ ငါကိုယ်တိုင် ကာကွယ်နိုင်စွမ်း ရှိခဲ့မယ်ဆိုရင် နင်လည်း ဒီလောက်ကြီး စိတ်ပူနေစရာ မလိုတော့ဘူးပေါ့..."
အနီးတွင် ရပ်နေသော ယွင်ထင် လည်း လျှောက်လာပြီး တိုးညင်းစွာ ပြောဆိုလိုက်၏။
"ယန်းယန်း ပြောတာ မှန်တယ်... နင် အချိန်ရရင် ငါတို့ကို သင်ပေးလို့ရပါတယ်...ငါတို့ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်လေးတော့ ရှိဖို့ လိုအပ်တယ်..."
ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။
‘ငါကိုယ်တိုင်က စနစ်ရဲ့ အားဖြည့်ပေးမှုကို အားကိုးနေရတာဆိုတော့ တခြားသူတွေကို ဘယ်လို သင်ပေးရမလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ’ ဟု တွေးလိုက်၏။
"အင်း... မင်းတို့ရဲ့ စွမ်းရည်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတစ်ခုတော့ ငါ့မှာ ရှိပါတယ်... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
ရှန်ယန်းယန်း က ဇဝေဇဝါ ဖြစ်သွားပေ၏။
ချန်ဖုန်းက သူမ၏ ခေါင်းကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... ငါလည်း မင်းတို့ကို သင်ပေးဖို့ကျ သိပ်နားမလည်ဘူးလေ... နောက်မှ ဆရာမကု ကို ခေါ်လိုက်မယ်...သူမကလည်း တော်တော်လေး အစွမ်းထက်ပါတယ်... ဒါကြောင့် သူမက မင်းတို့ကို သင်ပေးနိုင်မှာပါ..."
"အော်..."
ရှန်ယန်းယန်း မှာ အနည်းငယ် စိတ်ပျက်သွားခဲ့၏။ သူမက ချန်ဖုန်း ကိုသာ သင်ပေးစေချင်နေဆဲ ဖြစ်ပေသည်။
—