← Chapters

အခန်း ၃၉၄

Vol. 40 Ch. 394

အခန်း ၃၉၄

Vol. 40 Ch. 394

အခန်း (၃၉၄) မကောင်းသော နိမိတ်

ဆရာတော်တန်၏ တည်ကြည်လေးနက်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် ချန်ဖုန်းက ရယ်မောကာ ပြောလိုက်၏။

"ကိစ္စမရှိပါဘူး လောလောဆယ် ကျိုတိုမှာ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး ကျွန်တော့်အတွက် အခြေအနေတွေကို စောင့်ကြည့်ပေးဖို့ပဲ လိုပါတယ်…"

"နန်ကုန်းမိသားစုကလည်း သင့်တော်တဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေပုံရပြီး လတ်တလောမှာတော့ အလွန် အခြေအနေ ငြိမ်သက်နေပါတယ် ရမ်းကားတဲ့ လုပ်ရပ်တွေ လုပ်လာမှာ မဟုတ်ပါဘူး…"

"ဒါဆိုလည်း ကောင်းတာပေါ့…"

ဆရာတော်တန်က ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်သည်။

ထို့နောက် အပြုံးတစ်ခုနှင့်အတူ သူ၏ အိတ်ကပ်ထဲမှ ကြေးဒင်္ဂါးပြား အနည်းငယ်ကို ထုတ်ယူကာ ပြောလိုက်၏။

"ဒကာချန် ကိုယ်တော် မင်းအတွက် ဗေဒင်ဟောပေးရမလား ကိုယ်တော်က ဗေဒင်ဟောတဲ့ နေရာမှာ အတော်လေး ကျွမ်းကျင်တာနော်…"

"ဗေဒင်ဟောတတ်တယ်…"

ချန်ဖုန်းက သူ့အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီ ထိပ်ပြောင်ပြောင်နဲ့ ဘုန်းကြီးက ခုံးကျော်တံတားတွေပေါ်မှာ လူတွေကို လိမ်လည်လှည့်စားနေတဲ့ မျက်မမြင် ဗေဒင်ဆရာတွေနဲ့ပင် တစ်ထစ်ချ တူနေပေ၏။

"ဟီးဟီး နည်းနည်းပါးပါးတော့ တတ်ပါတယ်…"

ထို့နောက် ဆရာတော်တန်က သူ၏ ကိုယ်ပေါ်မှ လိပ်ခွံတစ်ခုကို ထုတ်ယူလိုက်သည်။ ကြေးဒင်္ဂါးပြားကို လိပ်ခွံထဲသို့ ထည့်လိုက်ပြီး အကြိမ်အနည်းငယ် ခါယမ်းလိုက်ပြီးနောက် ဒင်္ဂါးပြားက လိပ်ခွံထဲမှ ပြုတ်ကျလာ၏။

ဘေးတွင် ရပ်နေသော တန်ယိုယိုမှာ မျက်လုံးများ ပြူးကျယ်သွားရပေသည်။ သူမက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆရာတော်တန်နှင့် အတူရှိနေခဲ့သော်လည်း သူ ဗေဒင်ဟောတတ်ကြောင်း တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

ဟွာရှယဉ်ကျေးမှုသည် နက်နဲပြီး ကျယ်ပြန့်လှပေ၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ ပိုမို နားလည်သဘောပေါက်လာသည်နှင့်အမျှ ဤယဉ်ကျေးမှုများကို လေ့လာရသည်ကို ပို၍ပို၍ နှစ်သက်လာခဲ့သည်။

"ကောင်းပါပြီဗျာ ဒီလို အဓိပ္ပာယ်မရှိတဲ့ အရာတွေကို ကျွန်တော် မယုံကြည်ပါဘူး…"

ချန်ဖုန်းက ပြုံးကာ ပြောလိုက်၏။

ယခုအခါ သူ၏ထံတွင် စနစ်တစ်ခု ရှိနေပြီဖြစ်ရာ သူ ကြုံတွေ့လာရနိုင်မည့် မည်သည့် အန္တရာယ်ကိုမဆို ကြိုတင်ခန့်မှန်းပေးနိုင်မည် ဖြစ်သည်။

သူ ထွက်ခွာသွားတော့မည့်ဆဲဆဲမှာပင် ဆရာတော်တန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

"နေပါဦး ဒါက… မကောင်းတဲ့ နိမိတ်ပဲ…"

"ဟင်…"

ချန်ဖုန်းက ကြည့်ရန် ခေါင်းလှည့်လိုက်၏။

တစ်ဖက်လူ၏ လက်ထဲမှ လိပ်ခွံနှင့် ကြေးဒင်္ဂါးပြားများကို သူလည်း နားမလည်နိုင်ချေ။

ထို့နောက် ချန်ဖုန်း၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက် လက်သွားပြီးနောက် ရယ်မောကာ ပြောဆိုလိုက်သည်။

"ခင်ဗျားလို တစ်ဝက်တစ်ပျက် ကျွမ်းကျင်သူက တိကျအောင် ဟောနိုင်မှာ မဟုတ်ပါဘူး…"

"ကျွန်တော်က ဘာပဲဖြစ်ဖြစ် အဇူရာနန်းတော်ရဲ့ သခင်ပဲလေ ကျွန်တော့်ကို ဘာတွေများ ဖြစ်လာနိုင်မှာမို့လို့လဲ…"

"ကဲ ကျွန်တော် သွားတော့မယ်…"

ချန်ဖုန်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဆရာတော်တန်မှာ အတွေးနက်သွားတော့၏။ သူက ဗေဒင်ဟောရန် ရုတ်တရက် စိတ်ကူးပေါ်လာခဲ့ခြင်းသာ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် ဗေဒင်ဟောဆိုမှု ရလဒ်များမှာ တစ်ခါတစ်ရံ အလွန် တိကျတတ်ပြီး တစ်ခါတစ်ရံတွင်တော့ လွဲချော်တတ်ပေသည်။ ထို့နောက်… သူက နိမိတ်လက္ခဏာကို ထပ်မံ စစ်ဆေးကြည့်လိုက်၏။

ရလဒ်မှာ မကောင်းသော နိမိတ်သာ ဖြစ်နေဆဲပင်။

"အဖေ ဒါက…"

တန်ယိုယိုက နှုတ်ခမ်းဟကာ ပြောလိုက်သည်။

"ရပါတယ် စိတ်မပူပါနဲ့…"

ဆရာတော်တန်က လက်ကာပြလိုက်၏။ သူက ချန်ဖုန်းကို သတိပေးပြီးပြီဖြစ်ရာ တစ်ဖက်လူအနေဖြင့်လည်း ဤကိစ္စကို နှလုံးသွင်းထားလောက်ပေသည်။

ချန်ဖုန်းသည် ဤကိစ္စကို အမှန်တကယ်ပင် နှလုံးသွင်းထားခဲ့ပေ၏။ သူက စစ်ဘက်ဆိုင်ရာဌာနသို့ သွားရောက်ကာ သူ့အတွက် အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ တစ်စုံကို အထူးပြုလုပ်စေခဲ့သည်။ ဤ အလွိုင်းတိုက်ခိုက်ရေးဝတ်စုံတွင် အမှောင်သတ္တု ပါဝင်မှုနှုန်း မြင့်မားပြီး ရှန်ကွမ်ယွဲ့ ဝတ်ဆင်ထားသော ဝတ်စုံထက် များစွာ ပိုမို ခိုင်ခံ့မာကျောပေသည်။

ထို့နောက်… အမျိုးသမီး ဝတ်စုံ နှစ်စုံကိုပါ ထပ်မံပြုလုပ်စေပြီး ရှန်ယန်းယန်းနှင့် ယွင်ထင်တို့အား ပေးအပ်ခဲ့သည်။

နောက်ပိုင်း အချိန်များတွင်…ချန်ဖုန်းက ရှန်ကွမ်မိသားစုသို့ သွားရောက်လည်ပတ်ခဲ့၏။

ရှန်ကွမ်ဖန်ယွင်နှင့် ချင်လဲ့တို့က ချန်ဖုန်းကို မြင်သောအခါ ချက်ချင်းပင် သူ့အတွက် လက်ဖက်ရည် ဖျော်ပေးကာ ကျန်းမာရေး အခြေအနေကို မေးမြန်းကြတော့သည်။ သူတို့၏ အနာဂတ် သမက်အပေါ် အလွန် သဘောကျ ကျေနပ်နေကြောင်း ရှင်းလင်းစွာ သိသာနေပေ၏။

"ရှောင်ချန် မင်းအမေ သက်ရှိထင်ရှား ရှိနေသေးတယ်လို့ ကြားတယ် ငါတို့တွေ တွေ့ကြရအောင် သူ ဘယ်တော့များ ပြန်လာမလဲ…"

ချန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။

"အန်တီ အမေက လတ်တလော နိုင်ငံခြားမှာ အလုပ်ကိစ္စလေးတွေ ရှိနေလို့ပါ အမေ ပြန်ရောက်တာနဲ့ ကျွန်တော် ချက်ချင်း ဆက်သွယ်ပေးပါ့မယ်…"

"ကောင်းပါပြီ…"

ချင်လဲ့က အိပ်ခန်းဆီသို့ လက်ညှိုးထိုးပြလိုက်၏။

"ရှောင်ယွဲ့နဲ့ ရှောင်လန်တို့ နှစ်ယောက်လုံး အထဲမှာ ရှိတယ် မင်းတို့နှစ်ယောက် သေသေချာချာ စကားပြောကြပေါ့ ငါကတော့ မြေးလေး ချီရဖို့ စောင့်နေတုန်းပဲ ဟီးဟီး ငါ အနှောင့်အယှက် မပေးတော့ဘူး…"

ချန်ဖုန်း ဆွံ့အသွားရပေသည်။ ‘ဒီယောက္ခမက ငါ့ကို အရိပ်အမြွက် ပြောနေသလိုပဲ… ရှောင်ယွဲ့ယွဲ့ ကိုယ်ဝန်ရှိနေပြီဆိုတာကို သူတို့ သိနေကြပြီနဲ့ တူတယ်…’

ချန်ဖုန်းက အိပ်ခန်းထဲသို့ အလျင်အမြန် ဝင်သွားလိုက်၏။

ရှန်ကွမ်ယွဲ့က ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အေးစက်တည်ငြိမ်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။ ချန်ဖုန်း ဝင်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပွင့်လန်းလာသကဲ့သို့ ရှိပေ၏။ သို့သော်လည်း အလျင်အမြန်ပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

"ချန်ဖုန်း နင် ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ…"

ရှောင်လန်က ကုလားထိုင်ပေါ်မှ အလျင်အမြန် မတ်တပ်ရပ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"အစ်မရှောင်ယွဲ့က ပြီးခဲ့တဲ့ ရက်တွေအတွင်း နင့်ကို လွမ်းနေတာ…"

"ရှောင်လန်…"

ရှန်ကွမ်ယွဲ့က သူမဆီသို့ လက်သီးရွယ်လိုက်၏။

"ကောင်းပါပြီ ကောင်းပါပြီ ကျွန်မ မပြောတော့ပါဘူး…"

ရှောင်လန်က လျှာထုတ်ပြကာ အိပ်ခန်းထဲမှ နားလည်မှုရှိစွာ ထွက်သွားတော့သည်။ ထို့နောက် သူမ၏ အနောက်မှ အိပ်ခန်းတံခါးကိုပါ ပိတ်ပေးခဲ့၏။

“ဒီကို ဘာလာလုပ်တာလဲ…”

သူမဆီသို့ လျှောက်လာသော ချန်ဖုန်းကို ကြည့်ရင်း ရှန်ကွမ်ယွဲ့၏ ရင်ဘတ်ထဲတွင် ဒိတ်ဒိတ်ကြဲ ခုန်ပေါက်နေတော့သည်။ ချန်ဖုန်းနှင့် အကြိမ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဖြစ်သော်လည်း အဘယ်ကြောင့်မှန်းမသိ သူမအနားသို့ ချန်ဖုန်း ချဉ်းကပ်လာတိုင်း သူမ အနည်းငယ် စိတ်လှုပ်ရှားနေမိဆဲပင်။

ချန်ဖုန်းက သူမ၏ဘေးတွင် ထိုင်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"ကိုယ့်ရဲ့ ဇနီးနဲ့ ကလေးတွေကို လာကြည့်တာလေ…"

"ဘယ်သူက နင့်ဇနီးလဲ နင် မရှက်ဘူးလား…"

ရှန်ကွမ်ယွဲ့က ပြောရင်း သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို မသိစိတ်က ပွတ်သပ်လိုက်သည်။

ဝမ်းဗိုက်အောက်ပိုင်းတွင် သိသာထင်ရှားသော အပြောင်းအလဲများ မရှိသေးချေ။ အစောပိုင်းကာလများတွင် ဤအပြောင်းအလဲများကို သာမန်မျက်စိဖြင့် များသောအားဖြင့် မမြင်နိုင်ပေ။ အချဉ်စာများ စားချင်စိတ် ပေါ်လာသည်မှအပ မနက်ခင်း ကိုယ်ဝန်ဆောင် လက္ခဏာများကို သူမ မခံစားရချေ။ သူမက ပုံမှန် လေ့ကျင့်ခန်း လုပ်လေ့ရှိပြီး ကိုယ်ခံအား ကောင်းမွန်သောကြောင့် ဖြစ်လောက်ပေသည်။

ချန်ဖုန်းက သူမ၏ လက်ကို ဆုပ်ကိုင်ကာ တီးတိုးပြောလိုက်၏။

"ငါ မဟာလင်းယုန်နိုင်ငံကို သွားတော့မယ် အိမ်မှာ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်နော် မင်းကိုယ်က အသားတစ်စလေး လျော့သွားတာနဲ့ ငါ မင်းကို ဖင်ရိုက်ဆုံးမပစ်မယ်…"

"နင်…"

ရှန်ကွမ်ယွဲ့က နှုတ်ခမ်းစူလိုက်သည်။ ‘ဒီကောင်က ဘာလို့ ငါ့ကို အမြဲတမ်း ဖင်ရိုက်ချင်နေရတာလဲ…’

"နေပါဦး ခုနက နင် မဟာလင်းယုန်နိုင်ငံ သွားမယ်လို့ ပြောလိုက်တာလား…"

"အင်း…"

"ငါပါ လိုက်မယ်…" ဟု

ရှန်ကွမ်ယွဲ့က ခေါင်းမာစွာ ပြောလိုက်သည်။

ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မင်းက ဘာသွားလုပ်မလို့လဲ မင်းမှာ ကိုယ်ဝန်ရှိနေပြီလေ အကယ်၍ အန္တရာယ်တစ်ခုခု ကြုံလာရင် ဘယ်လိုလုပ်မလဲ ငါ့စကားကို နားထောင်ပြီး အိမ်မှာပဲနေ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ…"

"ဒါပေမဲ့…"

"ဒါပေမဲ့တွေ ဘာတွေ မရှိဘူး…"

ချန်ဖုန်း၏ မျက်နှာအမူအရာမှာလည်း လေးနက်သွားတော့၏။

"မင်းရဲ့ လုံခြုံရေးက အခုအချိန်မှာ အဓိက အရေးကြီးဆုံးပဲ တကယ်လို့ မင်းသာ တစ်ခုခုသာ ဖြစ်သွားရင် ငါ အကြီးအကျယ် သောင်းကျန်းမိလိမ့်မယ်…"

"အို…"

ရှန်ကွမ်ယွဲ့က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး မကျေမနပ်ဖြစ်နေသော အကြည့်ဖြင့် ပြောလိုက်သည်။

"မဟာလင်းယုန်နိုင်ငံရဲ့ တော်ဝင်မိသားစုက အမြဲတမ်း အတွင်းရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတာ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ…"

“အကယ်၍ နင် အပြင်ဘက်မှာ သွားပြီး ပွေရှုပ်နေလို့ကတော့ ငါ နင့်ကို မျက်နှာပျက်အောင် လုပ်ပစ်မယ်…”

“သောက်ကျိုးနည်း…”

ချန်ဖုန်းက မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ပြောလိုက်၏။

"ရှောင်ယွဲ့ယွဲ့ မင်းရဲ့ အတွေးက မှားနေပြီ မရဘူး ငါ မင်းကို သေချာ အပြစ်ပေးမှ ရတော့မယ်…"

ချန်ဖုန်းက သူမကို ပွေ့ချီလိုက်တော့သည်။ ထို့နောက် ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး…

"နေပါဦး နေပါဦး… အွန်း…"

ထို့နောက်တွင်တော့ အသံများ ထွက်ပေါ်လာလေတော့သည်။

နောက်ထပ် တစ်ကြိမ် တိုက်ပွဲကြီး စတင်သွားပြန်လေပြီ…

သုံးနာရီ အကြာတွင်။

ချန်ဖုန်းက ရှန်ကွမ်မိသားစုမှ ထွက်လာချိန်၌ လဲ့ယန်က သူ၏ရှေ့တွင် ပေါ်လာခဲ့၏။

"သူဌေး အဇူရာနန်းတော်ရဲ့ အမာခံအဖွဲ့ဝင် ၁၅၀၀ လောက် ကျိုတိုမှာ လျှို့ဝှက် ပုန်းအောင်းနေပါတယ်…"

"ကျန်တဲ့သူတွေကိုတော့ မဟာလင်းယုန်နိုင်ငံကို အကုန်ပို့လိုက်ပါပြီ…"

"ပင်မနတ်ဘုရားဆယ်ပါးထဲက ငါးပါးလည်း သွားကြသလို အကြီးအကဲ သုံးယောက်လည်း ပါသွားပါတယ်…"

"ငါ နားလည်ပြီ မင်း ကျိုတိုမှာပဲ နေခဲ့လိုက်တော့…"

ချန်ဖုန်းသည် နှစ်ဖက်စလုံးကို ဟန်ချက်ညီအောင် ထိန်းထားရမည် ဖြစ်သည်။

ထို့နောက် ချန်ဖုန်းက ဆက်ပြောလိုက်သည်။

"ရှန်ကွမ်ယွဲ့နဲ့ ရှောင်လန်တို့က မင်းရဲ့ ကာကွယ်မှု လိုအပ်နေသေးတယ် မင်းရဲ့ စွမ်းရည်က ဧကရာဇ်အဆင့်ကို ရောက်ဖို့ နီးစပ်နေလောက်ပြီမလား…"

“ပြီးတော့ အကယ်၍ ငါမရှိတဲ့အချိန် နန်ကုန်းမိသားစုက ပြဿနာလာရှာရဲရင်… ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဆရာတော်တန်ဆီ သွားပြီး တိုင်ပင်လိုက်ပါ…”

"နားလည်ပါပြီ…"

လဲ့ယန်က ခေါင်းညိတ်လိုက်သည်။

ချန်ဖုန်းက လေဆိပ်သို့ မထွက်ခွာမီနှင့် မဟာလင်းယုန်နိုင်ငံသို့ သွားမည့် လေယာဉ်ပေါ်သို့ မတက်မီ အခြား လမ်းညွှန်ချက် အနည်းငယ်ကို ထပ်မံမှာကြားခဲ့သေး၏။

ပြီးခဲ့သည့်အကြိမ်က မဟာလင်းယုန်နိုင်ငံ ဌာနချုပ်သို့ သွားစဉ်က နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ခဲ့ရသည်ကို သူ မှတ်မိနေသေးသည်။ ဒီတစ်ကြိမ်မှာတော့ တရားဝင် လမ်းကြောင်းကနေပဲ သွားလို့ ရတော့မည်ဖြစ်သည်။

လေယာဉ်စီးချိန်မှာ နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် ကြာမြင့်ပေသည်။

မဟာလင်းယုန်နိုင်ငံသို့ ချန်ဖုန်း ရောက်ရှိချိန်တွင် အဇူရာနန်းတော်မှ ပင်မနတ်ဘုရား ယန်ရီက လူတစ်စုကို ဦးဆောင်ကာ လာရောက်ကြိုဆိုခဲ့ကြ၏။ သူတို့နှင့်အတူ အကြီးအကဲသုံးဦးနှင့် ပင်မနတ်ဘုရား ယိုးဟွန်းတို့လည်း ပါဝင်သည်။

သူတို့က ချန်ဖုန်း ဤနေရာတွင် ပြဿနာတက်မည်ကိုလည်း စိုးရိမ်နေကြသည်။ ဘာပဲဖြစ်ဖြစ် မဟာလင်းယုန်နိုင်ငံသည် ဟွာရှနိုင်ငံနှင့် မတူညီသောကြောင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ သတိထားခြင်းက ပိုကောင်းပေ၏။

All Chapters