အခန်း ၃၉၅
Vol. 40 Ch. 395
အခန်း (၃၉၅) မဟာလင်းယုန်နိုင်ငံသို့ အားလုံးစုရုံးခြင်း
တစ်ချိန်တည်းမှာပင်။
ဟွာရှနိုင်ငံ၏ ကျန်းနန်ပြည်နယ်တွင်။
ကျန်းနန်တွင် အချမ်းသာဆုံးသူဌေးဖြစ်သော ဝမ်ကျင်းတို့ ဇနီးမောင်နှံမှာ အလွန် ဝမ်းသာပျော်ရွှင်နေကြ၏။ အကြောင်းမှာ သူတို့၏ သမီးဖြစ်သူ ဝမ်ဖေး (ကျန်းဖေး) က မနေ့က သတိရလာခဲ့သောကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် သူတို့က သမီးဖြစ်သူကို ဆေးရုံသို့ ခေါ်သွားကာ အသေးစိတ် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သူမ၏ ကျန်းမာရေး အညွှန်းကိန်းများအားလုံး ပုံမှန်ဖြစ်ကြောင်း ရလဒ်များက ပြသနေခဲ့သည်။
အစပိုင်းတွင် သူတို့ အနည်းငယ် စိုးရိမ်နေခဲ့ကြသေးပေမယ့်
အခုတော့ ချန်ဖုန်းရဲ့ ဆေးပညာကို သူတို့ လုံးဝ ယုံကြည်သွားခဲ့လေပြီ။
"မစ္စတာချန်ရဲ့ ဆေးပညာက တကယ်ကို အံ့မခန်းပဲ အဲဒီတုန်းက သမီးလေးရဲ့ ရောဂါကို ကုသဖို့အတွက် နိုင်ငံရပ်ခြားက ကျွမ်းကျင်သူတွေ အပါအဝင် ကျွမ်းကျင်သူ မရေမတွက်နိုင်အောင် တိုင်ပင်ခဲ့ရတယ်…"
"အဆုံးမှာတော့ သူ့လို ငွေအပ်လေး အနည်းငယ်နဲ့ သမီးလေးကို ဘယ်သူမှ မကယ်တင်နိုင်ခဲ့ဘူး…"
"အဲဒီ ယွမ် ၁၀ ဘီလီယံက လုံးဝကို တန်ပါတယ်…"
ဝမ်ကျင်းမှာ ခံစားချက်များ ပြည့်လျှံနေတော့၏။ သူက ငွေကို ပြန်ရှာနိုင်သော်လည်း သူ၏ အဖိုးတန် သမီးလေးမှာမူ တစ်ယောက်တည်းသာ ရှိပေသည်။
ထို့နောက် သူက ဝူရှားအား လှမ်းကြည့်ကာ ပြောလိုက်သည်။
"မိန်းမ မင်း ဘယ်တော့မှ ထပ်ပြီး မရိုင်းရဘူးနော် ကြည့်စမ်း ဒီတစ်ခါ မင်း မစ္စတာချန်ကိုတောင် စော်ကားမိမလို့ ဖြစ်သွားတယ်…"
"ကျွန်မ သိပါတယ်…"
ဝူရှားမှာ အနည်းငယ် နေရခက်သွား၏။ သို့သော် သူမ မည်သို့မျှ မပြောခဲ့ချေ။
ထို့နောက် ဝမ်ကျင်းက တစ်စုံတစ်ရာကို သတိရသွားကာ ဆက်ပြောသည်။
"အော် ဒါနဲ့ မစ္စတာချန်ရဲ့ ညီမဝမ်းကွဲက ကျန်းကျုံးတက္ကသိုလ်မှာ ရှိသေးတယ်လေ ငါတို့ သူမကို သေချာ ဂရုစိုက်ပေးရမယ်…သူမနဲ့ ငါတို့သမီးလေးတို့ သူငယ်ချင်းကောင်းတွေ ဖြစ်သွားရင် အကောင်းဆုံးပဲ…”
"တကယ်ကြီး လိုအပ်လို့လား…"
ဝူရှားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"ဒါပေါ့ လိုအပ်တာပေါ့…"
ဝမ်ကျင်းက လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ကျန်းနန်ရဲ့ အချမ်းသာဆုံးသူဌေးဖြစ်တဲ့ ငါက အဲဒီလောက်တောင် ကြီးကျယ်နေတယ်လို့ မင်း တကယ် ထင်နေတာလား သာမန်လူတွေရဲ့ အမြင်မှာတော့ ငါတို့က အထက်တန်းစား လူတန်းစားတွေပေါ့…"
"ဒါပေမဲ့ အဲဒီ ဩဇာအာဏာရှိတဲ့ မိသားစုတွေက ငါတို့ကို အလေးအနက်တောင် မထားကြဘူး…"
"မစ္စတာချန်က အဆက်အသွယ်တွေနဲ့ ဩဇာလွှမ်းမိုးမှုတွေ ရှိတယ် သူက ငါတို့ တကယ်ကို မိတ်ဆွေဖွဲ့သင့်တဲ့ သူတစ်ယောက်ပဲ…"
"နောက်ကျရင် မင်း သမီးလေးကို ပြောပြီး ကျန်းကျုံးတက္ကသိုလ်က မစ္စတာချန်ရဲ့ ညီမဆီ သွားလည်ခိုင်းလိုက်ပါဦး…"
"ကောင်းပါပြီ ကျွန်မ သိပါပြီ…"
ဝူရှားက လက်ကာပြလိုက်၏။ သူမ၏ ခင်ပွန်းက သူမတို့၏ သမီးဖြစ်သူထက် အခြားလူများကို ပို၍ ကောင်းမွန်စွာ ဆက်ဆံနေသည်ကို သူမ မပျော်မရွှင် ဖြစ်နေပေသည်။
ထို့နောက် ဝူရှားက
"ကြက်ပေါင်းရည် ရပြီလား မသိဘူး ကျွန်မ သမီးလေးဆီ ယူသွားပေးလိုက်ဦးမယ် မီးဖိုချောင်ထဲမှာ ကျက်ခါနီးလောက်ပါပြီ…" ဟု ပြောကာ ထွက်သွားလေ၏။
ခနအကြာတွင် ဝူရှားက မီးဖိုချောင်ထဲမှ ကြက်ပေါင်းရည်ကို ယူဆောင်လာခဲ့သည်။ သို့သော် သမီးဖြစ်သူ၏ အခန်းထဲသို့ ရောက်သောအခါ သူမ ရုတ်တရက် အေးခဲသွားတော့၏။
ထို့နောက် သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ငါ့သမီးလေး ဘယ်ရောက်သွားတာလဲ ခုနလေးတင် ဒီမှာ ရှိနေသေးတာ ဘယ်ရောက်သွားတာလဲ ဘယ်ရောက်သွားတာလဲ…"
ယခုအချိန်မှာတော့ သူမ တကယ်ကို ထိတ်လန့်နေခဲ့ပြီ ဖြစ်၏။
အသံကြားသည်နှင့် ဝမ်ကျင်းက အလျင်အမြန် ပြေးလာကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ…"
"ကျွန်မလည်း မသိဘူး…"
ဝူရှားက ငိုကြွေးကာ ပြောလိုက်သည်။
"အဟင့်…အဟင့် ကျွန်မ ဝင်လာတော့ သမီးလေးကို မတွေ့တော့ဘူး သူမက ဖျားနာရာကနေ ခုလေးတင် သက်သာလာတာကို ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားနိုင်မှာလဲ…"
"တစ်ယောက်ယောက်ကများ သူမကို ဖမ်းသွားတာလို့ ရှင် ထင်လား…မဖြစ်ဘူး ကျွန်မတို့ ရဲစခန်းကို သွားတိုင်မှဖြစ်မယ်…"
"နေပါဦး မလောပါနဲ့…"
ဝမ်ကျင်း၏ မျက်မှောင်များမှာ ပို၍ပို၍ တွန့်ချိုးသွားတော့၏။ ဝမ်မိသားစု ဗီလာကို သက်တော်စောင့်များဖြင့် ဝန်းရံထားရာ သာမန်လူတစ်ယောက်အနေဖြင့် ခိုးဝင်ပြီး သူတို့၏ သမီးကို ပြန်ပေးဆွဲရန်ဆိုသည်မှာ အလွန် ခက်ခဲလှပေသည်။ မည်သူ့ကိုမျှ သတိမပြုမိစေဘဲ ပြုလုပ်ရန်ဆိုလျှင် ပို၍ပင် ခက်ခဲသေး၏။
သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ရုတ်တရက် စားပွဲပေါ်ရှိ စာတချို့ ရေးသားထားသော စာရွက်တစ်ရွက်ကို သူ မြင်တွေ့လိုက်ရသောအခါ သူ အလျင်အမြန် လျှောက်သွားလိုက်သည်။
ထို့နောက် ဝမ်ကျင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး စာရွက်ကို ဇနီးဖြစ်သူကို လှမ်းပေးကာ ပြောလိုက်၏။
"ကြည့်လိုက် ဒါ သမီးလေး ချန်ထားရစ်ခဲ့တာ သူမ ကျန်းနန်ကနေ ထွက်သွားလောက်ပြီ…"
"ဘာ…"
ဝူရှား၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"သူမက သိပ်ကို ဆိုးတာပဲ…"
စာရွက်ထဲတွင် သူမ ဖြေရှင်းရမည့် ကိစ္စတစ်ခု ရှိနေကြောင်းနှင့် မိဘများကို စိတ်မပူစေလိုကြောင်း ရိုးရှင်းစွာ ရေးသားထားပေသည်။ ဘယ်ကို သွားမည်ဆိုသည်ကိုတော့ ရေးမထားခဲ့ချေ။
"မရဘူး ကျွန်မ သမီးကို ရှာတွေ့မှဖြစ်မယ် တကယ်လို့ သမီး တစ်ခုခုသာ ဖြစ်သွားရင် ကျွန်မလည်း အသက် ဆက်မရှင်တော့ဘူး…"
ဇနီးမောင်နှံနှစ်ဦးသည် သူတို့၏ အဆက်အသွယ် အားလုံးကို အလျင်အမြန် အသုံးပြုလိုက်ကြ၏။ ဘူတာရုံနှင့် လေဆိပ်တိုင်းလိုလိုကို ရှာဖွေခဲ့ကြသည်။ သူတို့၏ သမီးဖြစ်သူ၏ အရိပ်အယောင်ကိုမျှ မရှာတွေ့ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်ကျင်းတွင် ကျယ်ပြန့်သော အဆက်အသွယ် ကွန်ရက်ရှိနေသဖြင့် သမီးဖြစ်သူ၏ မှတ်ပုံတင်နံပါတ်ကို အသုံးပြုကာ လေဆိပ်မှ အချက်အလက်အချို့ကို ရှာဖွေနိုင်ခဲ့သည်။
သူတို့၏ သမီးဖြစ်သူသည် မဟာလင်းယုန်သို့ သွားမည့် လေယာဉ်ပေါ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်၏။
“သူမက မဟာလင်းယုန်နိုင်ငံမှာ ဘာသွားလုပ်မလို့လဲ…”
ဝူရှားမှာလည်း လုံးဝကို တွေဝေငေးမောသွားရပေသည်။
“ငါ့သမီးလေးက အဲဒီမှာ ကျောင်းတက်ခဲ့ဖူးတာ မှန်ပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်ကတည်းက ကျောင်းပြီးသွားခဲ့ပြီလေ အခု ဘာလို့ အဲဒီကို ပြန်သွားရတာလဲ…”
ဝမ်ကျင်းက သက်ပြင်းချကာ ပြောလိုက်၏။
"စိတ်မပူပါနဲ့ သူက သုံးနှစ်အရွယ် ကလေးမှ မဟုတ်တော့တာပဲ ကိုယ့်အတိုင်းအတာ ကိုယ် သိလောက်မှာပါ…"
"ငါ့မှာလည်း အဲဒီဘက်မှာ သူငယ်ချင်းတွေ ရှိတော့ သမီး လေယာဉ်ပေါ်က ဆင်းတာနဲ့ သွားကြိုဖို့ သူငယ်ချင်း တစ်ယောက်ကို အကူအညီ တောင်းလိုက်မယ်…နောက်မှ အချိန်ရရင် သူမကို ပြန်ခေါ်လာကြတာပေါ့…"
ချန်ဖုန်းကတော့ ကျန်းနန်မှာ ဘာတွေဖြစ်ပျက်နေမှန်း မသိချေ။ မဟာလင်းယုန်နိုင်ငံ လေဆိပ်သို့ သူ ရောက်ရှိလာချိန်တွင် ပင်မနတ်ဘုရား ယန်ရီနှင့် အခြားသူများက ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
"နန်းတော်သခင်…"
ယန်ရီက အလျင်အမြန် လျှောက်လာခဲ့၏။ အာရုံစိုက်မခံရစေရန်အတွက် ဤတစ်ကြိမ်တွင် ခြောက်ယောက် ခုနစ်ယောက်ခန့်သာ လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။
ချန်ဖုန်းက ဘာပဲဖြစ်ဖြစ် အဇူရာနန်းတော်ရဲ့ သခင်ပဲလေ။
မဟာလင်းယုန်နိုင်ငံမှာ သူ ပေါ်လာတာက အထက်အရာရှိတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်၏။ ထို့ကြောင့် လေယာဉ်ပေါ် တက်ကတည်းကပင်။ ချန်ဖုန်းက သူ၏ ရုပ်သွင်ကို ပြောင်းလဲထားခဲ့ပြီး သူ၏ ကိုယ်ရေးအချက်အလက်များကပင် အခြားသူတစ်ယောက်၏ အချက်အလက်များ ဖြစ်နေပေသည်။
ချန်ဖုန်းက လိုရင်းကိုတန်း ပြောလိုက်သည်။
"သွားကြစို့ အရင်ဆုံး ရေနံကုမ္ပဏီကို သွားရအောင်…"
ဤနေရာတွင် သူ၏ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်းမှာ အဲလစ်ဇဘက် ပေးအပ်ခဲ့သော ရေနံကုမ္ပဏီ သာဖြစ်ပြီး ယင်းရေနံများ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ မဟာလင်းယုန်နိုင်ငံတွင် ရောင်းချသည်။
အများစုကိုတော့ ဟွာရှနိုင်ငံကို တင်ပို့ရောင်းချတာပဲ…
ဘာပဲဖြစ်ဖြစ် ဟွာရှနိုင်ငံကလည်း ဒီလို စွမ်းအင်မျိုး အလွန် လိုအပ်နေတာပဲလေ…
ကားပေါ်တွင် ချန်ဖုန်းက သူ၏ မူလရုပ်သွင်ကို ပြန်လည် ပြောင်းလဲကာ မေးလိုက်သည်။
"အဲလစ်ဇဘက် အခြေအနေ ဘယ်လိုရှိလဲ…"
"အခြေအနေ မကောင်းလှဘူး…"
ယန်ရီက တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
"ဧကရီဘုရင်မမှာ အာဏာအစစ်အမှန် မရှိပေမဲ့ သူမ လက်အောက်မှာ အသုံးပြုနိုင်တဲ့ သယံဇာတတွေ အများကြီး ရှိနေတယ်လေ မကြာသေးခင်က သူမနဲ့ သူမရဲ့ ဦးလေးကြားမှာ အငြင်းပွားမှု သုံးကြိမ်လောက် ဖြစ်ခဲ့တယ်…"
"သူမရဲ့ ဦးလေးက သူမ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လိုချင်နေတာ…"
"နှစ်ဖက်စလုံးက အတိုက်အခံ ပြင်းပြင်းထန်ထန် ဖြစ်နေကြပြီး ပွင့်ပွင့်လင်းလင်းရော လျှို့ဝှက်စွာပါ တိုက်ခိုက်နေကြသလို လက်နက်ကိုင် ပဋိပက္ခတွေတောင် ဖြစ်ပွားခဲ့သေးတယ်…"
"အို…"
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွား၏။ အကယ်၍ ဤအတွင်းရေး ပဋိပက္ခသာ အပြင်လောကကို သိသွားပါက တော်ဝင်မိသားစုအတွင်း အရှုပ်တော်ပုံတစ်ခု ဖြစ်လာလောက်ပေသည်။
ယန်ရီက ဆက်လက်၍ ပြောလိုက်သည်။
"ကံကောင်းထောက်မစွာနဲ့ ဧကရီဘုရင်မက သူမရဲ့ လက်အောက်မှာ ကျွမ်းကျင်သူ အများအပြားကို စုစည်းနိုင်ခဲ့ပေမဲ့ ဝိညာဉ်အဖွဲ့အစည်း ကလည်း သူမအပေါ် သံသယတချို့ ရှိနေပုံရတယ်…"
"ဝိညာဥ်အဖွဲ့အစည်ကလည်း သူမရဲ့ ဦးလေးဖြစ်သူနဲ့ ပူးပေါင်းထားပြီးပြီ…နှစ်ဖက်စလုံးရဲ့ ပဋိပက္ခက မကြာခင်မှာ အပြည့်အဝ ပေါက်ကွဲထွက်လာတော့မယ့်ပုံပဲ…"
"သူမ အခြေအနေကို ခဏ ထားလိုက်ပါ အဲလစ်ဇဘက်က သူမ အကူအညီ လိုအပ်လာတဲ့အခါ ငါတို့ဆီ လာလိမ့်မယ်…"
ချန်ဖုန်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် မေးလိုက်၏။
"ရေနံကုမ္ပဏီ အခြေအနေကရော ဘယ်လိုရှိလဲ…"
"မဟာလင်းယုန်နိုင်ငံရဲ့ အရာရှိတွေက အကြိမ်ကြိမ် လာရောက် စစ်ဆေးကြပေမဲ့ ဧကရီဘုရင်မက ကာကွယ်ပေးထားလို့ ဘာပြဿနာကြီးကြီးမားမားမှ မရှိခဲ့ပါဘူး ဒါပေမဲ့…"
"ဒါပေမဲ့ ဘာဖြစ်လဲ…"
"ဟွာရှနိုင်ငံကို တင်ပို့တဲ့ စွမ်းအင်တွေကို ရေနံတင်သင်္ဘောတွေနဲ့ ပင်လယ်ရေကြောင်းကနေ သယ်ယူပို့ဆောင်ရတော့ တချို့ ဓားပြတွေက ပြဿနာ လာရှာလေ့ရှိတယ်…"
"ဒါပေမဲ့ အခု ကျွန်တော် လူအင်အား ထပ်ဖြည့်ထားပြီးပါပြီ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး…"
ယန်ရီက အလွန် ယုံကြည်စိတ်ချရသော သူတစ်ယောက် ဖြစ်၏။ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးမှာ များသောအားဖြင့် ပင်လယ်ဓားပြတွေနဲ့ ကြုံတွေ့ရတတ်သည်။ ဒီလူတွေက တော်တော်လေး ကျွမ်းကျင်ဖျတ်လတ်ကြသည်။
တကယ်လို့ ယန်ရီတို့က သူတို့ကို လိုက်ဖမ်းမယ်ဆိုရင်တောင် သူတို့က သူတို့ရဲ့ လှေငယ်လေးတွေနဲ့ လူစုခွဲပြီး ထွက်ပြေးသွားကြမှာပဲ ဆိုတော့ သူတို့ကို လိုက်ဖမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
သူတို့က မြေမျက်နှာသွင်ပြင်ကို အရမ်း ရင်းနှီးကျွမ်းဝင်နေကြတော့ သူတို့ကို တစ်ခါတည်း ဖမ်းမိဖို့ဆိုတာ တကယ်ကို ခက်ခဲလှသည်။
မကြာမီမှာပင်။ ချန်ဖုန်းတို့ ကားလေးသည် ရေနံကုမ္ပဏီ တည်ရှိရာ နေရာသို့ ရောက်ရှိလာခဲ့၏။ အတွင်းရှိ ဝန်ထမ်းအများစုမှာ အဇူရာနန်းတော်မှ လူများဖြစ်ကြပြီး အဇူရာနန်းတော်သည် ဤကာလအတွင်း အဖွဲ့ဝင်သစ်များကို အစဉ်မပြတ် စုဆောင်းနေခဲ့သည်။ အခုဆို လူဦးရေ စုစုပေါင်း ၄၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်၏။
ချန်ဖုန်းက ကားပြတင်းပေါက်မှတစ်ဆင့် တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။ ရေနံကုမ္ပဏီ အပြင်ဘက်မှာ ပုန်းအောင်းနေတဲ့ လူအတော်များများ ရှိနေပုံရကာ သူတို့က လမ်းသွားလမ်းလာတွေနဲ့ တူပေမဲ့ သေချာ ကြည့်လိုက်ရင်တော့ သဲလွန်စတချို့ကို တွေ့နိုင်ပေသည်။