← Chapters

အခန်း ၃၉၆

Vol. 40 Ch. 396

အခန်း ၃၉၆

Vol. 40 Ch. 396

အခန်း (၃၉၆) မင်းတို့အားလုံး ငါ့ကို မကျေမနပ်ဖြစ်နေကြတာလား

"နန်းတော်သခင်…"

ယန်ရီက အပြင်ဘက်ရှိ ပုန်းအောင်းနေသော လူရိပ်များကို ကြည့်ကာ ပြောလိုက်၏။

"ဒီလူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းလေးအတွင်းမှ ပေါ်လာတာ သူတို့ရဲ့ ရည်ရွယ်ချက်ကို မသိရသေးတော့ ကျွန်တော်တို့ ဘာမှ မလှုပ်ရှားရသေးဘူး"

"ကျွန်တော်တို့ ရှင်းပစ်လိုက်ရမလား…"

ဟု ယန်ရီက လက်ကိုမြှောက်ကာ လည်ပင်းကို ပွတ်သပ်ပြလိုက်သည်။

"မလောပါနဲ့ အခြေအနေကို အရင် စောင့်ကြည့်ရအောင်…"

ချန်ဖုန်းက လက်ကာပြလိုက်၏။

ကားလေးသည် ရေနံကုမ္ပဏီ၏ ဂိတ်ပေါက်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားပေသည်။ ချန်ဖုန်း အနေနဲ့ လောလောဆယ် မဟာလင်းယုန်နိုင်ငံ၏ တိကျသော အခြေအနေများကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးဘဲ သူ ဆုံးဖြတ်၍မရနိုင်သော ကိစ္စအချို့လည်း ရှိနေဆဲဖြစ်၏။

ဤရေနံကုမ္ပဏီမှာ အတော်လေး ကြီးမားလှပြီး ကမ္ဘာ့ထိပ်တန်း ရေနံသိုက်ဆယ်ခုအနက်မှ တစ်ခုကို ပိုင်ဆိုင်ထားပေသည်။ အဲလစ်ဇဘက်က ဤမျှ ကြီးမားသော ကုမ္ပဏီကြီးကို ချန်ဖုန်းအား တွန့်ဆုတ်ခြင်းမရှိဘဲ ပေးအပ်ခဲ့ရာ သူမ၏ ဦးလေးဖြစ်သူ သိသွားပါက ဒေါသတကြီး ပေါက်ကွဲသွားလောက်ချေသည်။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စက မဟာလင်းယုန်နိုင်ငံ၏ စီးပွားရေးကိုပါ ရိုက်ခတ်လာပြီဖြစ်သောကြောင့်ပင်။

စဉ်းစားကြည့်လေ။ အကယ်၍ ချန်ဖုန်းကသာ မဟာလင်းယုန်နိုင်ငံသို့ ရေနံထောက်ပံ့ရန် ငြင်းဆန်လိုက်ပါက နိုင်ငံ၏ စွမ်းအင်သိုက်များမှာ သိသိသာသာ လျော့ကျသွားမည်ဖြစ်ပြီး ပြည်သူများ၏ လူနေမှုဘဝနှင့် သယ်ယူပို့ဆောင်ရေးအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်၏။

ကုမ္ပဏီတွင် ရုံးခန်းအဆောက်အအုံ သုံးခုရှိပြီး အတော်လေး ကျယ်ဝန်းလှသည်။ ယန်ရီက ချန်ဖုန်းအား ကုမ္ပဏီအတွင်း လိုက်လံပြသရင်း ပြောဆိုလိုက်၏။

"ဒီက ဝန်ထမ်းအများစုကိုတော့ ဟွာရှလူမျိုးတွေနဲ့ အစားထိုးလိုက်ပါပြီ ကျွန်တော်တို့ အဇူရာနန်းတော်က အဖွဲ့ဝင်တွေလည်း ပါပါတယ်"

"ဒါပေမဲ့ ကျွန်တော်တို့ တာဝန်ယူထားတာ အချိန်တိုလေးပဲ ရှိသေးတော့ အဓိက နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတချို့နဲ့ အကြီးတန်း အမှုဆောင်အရာရှိတချို့ကို အစားထိုးဖို့ အချိန်မရသေးဘူး"

"ဒါဆို သူတို့အကုန်လုံးက မဟာလင်းယုန်နိုင်ငံက လူတွေလား…"

ချန်ဖုန်းလည်း နားလည်သဘောပေါက်သွားသည်။

ကုမ္ပဏီတစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းဆိုသည်မှာ လူအနည်းငယ်ကို ငှားရမ်းလိုက်ရုံမျှဖြင့် လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ချေ။ ဤကဲ့သို့သော အဓိက နည်းပညာရှင်များနှင့် အကြီးတန်း အမှုဆောင်များသည် သေချာသော ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများ လိုအပ်ပေ၏။

ရေနံကုမ္ပဏီ၏ အဓိကလုပ်ငန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းနှင့် ရေနံချက်လုပ်ခြင်းတို့ ပါဝင်သည်။ ဤသို့သော အရည်အချင်းရှိသူများကို နေရာတိုင်းတွင် ရှာတွေ့နိုင်မည် မဟုတ်ပေ။

ယန်ရီက ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဒီလူတွေက ကျွမ်းကျင်ပြီး အတွေ့အကြုံရှိကြတယ် စစချင်း တာဝန်လွှဲပြောင်းယူတုန်းက အဆင်ပြေပေမဲ့ အခုတော့ အဲလစ်ဇဘက်ရဲ့ ဦးလေးနဲ့ အဆက်အသွယ် ရှိနေပုံရတယ်"

“တိတိကျကျ ပြောရမယ်ဆို အက်ဒွပ်အတွက် အလုပ်လုပ်ပေး နေသူတွေနဲ့ အဆက်အသွယ် ရှိနေခြင်းပါ…”

"သူတို့ကို ဘာကတိတွေ ပေးထားလဲတော့ မသိဘူး ဒါပေမဲ့ အခု သူတို့က အလုပ်မှာ စပြီး ပေါ့လျော့လာကြပြီ"

ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အလုပ်မှာ ပေါ့လျော့လာတယ်ဆိုပါလား ခင်ဗျားတို့ကို ဆွဲမခေါ်ချင်ဘူးဆိုတာ သေချာလား…"

"ဒီလို မဖြစ်နိုင်ပါဘူး…"

ယန်ရီက ခေါင်းခါကာ ပြောလိုက်၏။

"အဲလစ်ဇဘက်ရဲ့ ဦးလေးက ဘယ်ရေနံလုပ်ငန်းကိုမှ ပိုင်ဆိုင်မထားဘူးလေ ပြီးတော့ သူတို့ကို ခေါ်သွားရင်တောင် နေရာချထားပေးဖို့ နေရာမရှိဘူး သူ တခြား ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်"

"ကောင်းပြီ နာရီဝက်အတွင်း အစည်းအဝေးရှိမယ်လို့ သူတို့ကို အသိပေးလိုက် ပြီးတော့ သူတို့ကိုပါ ခေါ်လိုက်…"

ချန်ဖုန်းသည် စကားအပိုတွေ ပြောနေရန် ပျင်းရိနေပေပြီ။

အကယ်၍ ဤလူများက သူတို့၏ နောက်ကွယ်မှ ရည်ရွယ်ချက်များကို ဘေးဖယ်ထားပြီး ကြိုးကြိုးစားစား အလုပ်လုပ်မည်ဆိုပါက သူတို့ကို ကုမ္ပဏီတွင် ဆက်ထားရန် သူ စိတ်အနှောင့်အယှက် ဖြစ်မည်မဟုတ်ချေ။ သို့သော် သူတို့က တစ်ခုခု ကြံစည်နေမည် ဆိုပါကတော့ တောင်းပန်ပါတယ် ဒီကနေ ထွက်သွားကြပါတော့ဟုသာ ဆိုရမည် ဖြစ်၏။

ချန်ဖုန်းက အတန်ကြာ စဉ်းစားပြီးနောက် ယွင်ထင်ထံ ဖုန်းခေါ်လိုက်သည်။

"ဘာ… ဘာဖြစ်လို့လဲ…"

ယွင်ထင်၏ အသံမှာ အနည်းငယ် မောဟိုက်နေပြီး လေ့ကျင့်ခန်း တစ်ခုခု လုပ်နေသည့်အလား ရှိပေသည်။

"သောက်ကျိုးနည်း မင်း ဘာတွေ လုပ်နေတာလဲ ဘာလို့ မောနေရတာလဲ…"

ချန်ဖုန်းသည် မြင်ကွင်းတစ်ခုကို ချက်ချင်းပင် ပြန်လည် မြင်ယောင်သွားတော့၏။

"နင် ဘာတွေ တွေးနေတာလဲ ငါ လေ့ကျင့်ရေး ဆင်းနေတာ ဟုတ်ပြီလား နင်ပဲ ဆရာမကု ကို ငါနဲ့ ယန်းယန်းအတွက် လေ့ကျင့်ပေးဖို့ ပြောထားတာ မဟုတ်ဘူးလား အခု ဘာကိစ္စ ရှိလို့လဲ…"

"ဘာကိစ္စ ကြီးကြီးမားမားမှ မရှိပါဘူး…"

ချန်ဖုန်းက အပြုံးဖြင့် ပြောလိုက်သည်။

"မဟာလင်းယုန်နိုင်ငံရဲ့ ရေနံလုပ်ငန်းက နည်းပညာရှင်တွေ ဒါမှမဟုတ် မန်နေဂျာတွေ တစ်ယောက်ယောက်ကို မင်း သိလား…အကယ်၍ သိရင် ငါတို့ဘက်ကို လူနည်းနည်းလောက် ဆွဲခေါ်ပေးပါလား…လစာက ပြဿနာမရှိဘူး မင်း သင့်တော်သလို ပေးလိုက်လို့ ရတယ်…"

"ငါ တကယ်ပဲ ဘယ်သူ့ကိုမှ မသိဘူး…"

ယွင်ထင်က မျက်နှာပေါ်မှ ချွေးများကို တဘက်ဖြင့် သုတ်ရင်း ပြောလိုက်၏။

"ဒါပေမဲ့ ထိပ်တန်းဝန်ထမ်းရှာဖွေရေး အေဂျင်စီ တစ်ခုကိုတော့ ငါ ရှာနိုင်တယ် အေဂျင်စီသာ ပါလာရင် သင့်တော်တဲ့သူကို အမြန်ဆုံး ရှာတွေ့နိုင်လောက်တယ်…"

"ကောင်းပြီ ဒီကိစ္စကို မင်းဆီပဲ လွှဲထားလိုက်မယ်…"

ချန်ဖုန်းက ယွင်ထင်၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အလွန် ယုံကြည်မှု ရှိနေဆဲပင်။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူ၏ အဆင့်မြင့် ကိုယ်ပိုင် အိမ်တော်ထိန်း ဖြစ်ခဲ့သည် မဟုတ်လော။

နောက်ပိုင်း အချိန်များတွင်။

ချန်ဖုန်းက ရေနံကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အခြား အချက်အလက် မိတ္တူတစ်ခုကိုပါ ယွင်ထင်ထံသို့ ပေးပို့လိုက်ရာ သူမအနေဖြင့် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများကိုပါ လေ့လာကြည့်ရှုနိုင်မည် ဖြစ်သည်။

နာရီဝက် အကြာတွင်။

အစည်းအဝေးခန်းမ တစ်ခုအတွင်း၌။

ရေနံကုမ္ပဏီ၏ ထိပ်တန်း အမှုဆောင်အရာရှိများ အားလုံး ရောက်ရှိနေကြပြီ ဖြစ်၏။

ဤအစည်းအဝေးသို့ အကြီးတန်း မန်နေဂျာများသာမက အဓိက နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ထမ်းအချို့လည်း တက်ရောက်ခဲ့ကြပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံမှာ မဟာလင်းယုန်နိုင်ငံမှ ဖြစ်ကြပေသည်။

သေချာ ကြည့်မည်ဆိုပါက မဟာလင်းယုန်နိုင်ငံမှ ဤလူဆယ်ဂဏန်းခန့်သည် အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားသကဲ့သို့ အတူတကွ ထိုင်နေကြသည်ကို သတိပြုမိမည် ဖြစ်သည်။

ခေါင်းဆောင်ဖြစ်သူမှာ အသက် ငါးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူ၏ အမည်က ရစ်ချတ် ဖြစ်သည်။ ကုမ္ပဏီတွင် အလွန် လေးစားခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ရေနံကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ထိုရာထူးတွင် နှစ်သုံးဆယ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပေသည်။

ဤအချိန်တွင် သူက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။

"ဧကရီဘုရင်မကြီး ဘာတွေများ ဝင်ပူးနေလို့ ကုမ္ပဏီကို ဟွာရှလူမျိုး တစ်ယောက်ဆီ လွှဲပြောင်းပေးလိုက်ရတာလဲ ငါတော့ နားကို မလည်နိုင်တော့ဘူး…"

"ကုမ္ပဏီမှာသာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ မဖြစ်ခဲ့ရင် ငါ ဥက္ကဋ္ဌအဖြစ် ရာထူးတိုးခံရဖို့ အခွင့်အရေး ရှိနေတာကို…"

အခြားသူများကလည်း ဝင်ရောက် ထောက်ခံလိုက်ကြသည်။

"ဟုတ်တယ် တကယ်လို့ ငါတို့က ဟွာရှလူမျိုးတွေအတွက် အလုပ်လုပ်ပေးရမယ်ဆိုရင် အဲဒါက ငါတို့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာ မဟုတ်ဘူးလား…"

"အားလုံးပဲ စိတ်မပူကြပါနဲ့ ငါတို့က ကုမ္ပဏီရဲ့ ကျောရိုးတွေပဲ တခြားဝန်ထမ်းတွေ အကုန်လုံးကို အစားထိုးလိုက်ပေမဲ့ ငါတို့ကိုတော့ ဘယ်သူမှ မထိရဲဘူးဆိုတာ မင်းတို့ သတိမထားမိကြဘူးလား…"

"ဒါအမှန်ပဲ တကယ်လို့ ငါတို့ကိုသာ အစားထိုးလိုက်မယ်ဆိုရင် ကုမ္ပဏီတစ်ခုလုံး ပြိုလဲသွားလောက်တယ်…"

"…"

ရစ်ချတ်က ခေါင်းညိတ်ကာ ပြောလိုက်၏။

"အားလုံးပဲ ငါတို့အားလုံးက မဟာလင်းယုန်နိုင်ငံက လူတွေဖြစ်ပြီး ငါတို့တွေ စည်းလုံးနေရမယ် သူဌေးသစ် ရောက်လာတဲ့အခါ ဘာတောင်းဆိုမှုမဆို လွတ်လွတ်လပ်လပ် တောင်းဆိုကြ…တကယ်လို့ သူက သဘောမတူရင် ငါတို့ အကုန်လုံး နုတ်ထွက်ကြမယ်…"

"ဒုတိယဥက္ကဋ္ဌ ရဲ့ အဆိုပြုချက်ကို ကျွန်တော် သဘောတူတယ်…"

"ငါလည်း သဘောတူတယ်…"

"…"

လူစုက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အစည်းအဝေးအချိန် နီးကပ်လာသော်လည်း ချန်ဖုန်းကတော့ ပေါ်မလာသေးချေ။

နောက်ထပ် ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်။ ရစ်ချတ်မှာ စိတ်မရှည်တော့သည့်ပုံ ပေါ်လာပေသည်။

သူက ရှေ့တွင်ရှိသော ဥက္ကဋ္ဌဖြစ်သူကို လှမ်းကြည့်ကာ ပြောလိုက်၏။

"ဥက္ကဋ္ဌယန် သူဌေးက ဘယ်တော့များမှ ရောက်လာမှာလဲ အစည်းအဝေးချိန်က ဆယ်မိနစ်တောင် ကျော်နေပြီ တကယ်လို့ သူ အမြန်မလာဘူးဆိုရင်တော့ ငါတို့တွေ ထွက်သွားရလိမ့်မယ်…"

"ဟုတ်တယ် အစည်းအဝေးက နာရီဝက်အတွင်း စရမှာကို ငါတို့တွေ မိနစ်လေးဆယ်ကျော်တောင် စောင့်လိုက်ရတယ်…"

"ဒီသူဌေးက သိပ်ကို ယုံကြည်စိတ်ချရမှု မရှိတာပဲ…"

လူအုပ်ထံမှ ညည်းညူသံများကို ကြားလိုက်ရချိန်တွင်။

ယန်ရီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူသည် စစ်မြေပြင်တွင် တိုက်ခိုက်ရာ၌ အဆင်ပြေသော်လည်း ကုမ္ပဏီတစ်ခုနှင့် ဤဝါရင့် ဝန်ထမ်းများကို စီမံခန့်ခွဲရာတွင်မူ လုံးဝ စွမ်းဆောင်နိုင်စွမ်း မရှိချေ။

လတ်တလောတွင် သင့်တော်သော ကိုယ်စားလှယ်လောင်းကို ရှာမတွေ့သေးသဖြင့်သာ ဥက္ကဋ္ဌရာထူးကို ယာယီလွှဲပြောင်းယူရန် သူ့အား တာဝန်ပေးအပ်ထားခြင်း မဟုတ်ပါက သူ ဤနေရာတွင် ရှိနေမည် မဟုတ်ပေ။

မဟာလင်းယုန်နိုင်ငံ၏ အခြေအနေမှာ လတ်တလောတွင် အတော်လေး ရှုပ်ထွေးနေပြီး ယွင်ထင်ကိုလည်း ဤနေရာသို့ လာရောက် စီမံခန့်ခွဲခွင့် မပြုနိုင်ချေ။

ယန်ရီ၏ အမြင်အရတော့ လက်ဖြင့် ဖြေရှင်း၍ရသော ကိစ္စများကို စကားလုံးများဖြင့် မည်သည့်အခါမျှ ဖြေရှင်းမည် မဟုတ်ပေ။ သူသာ ဤမျှ သတိမထားခဲ့ပါက သူတို့ကို ဓားတစ်ချက်တည်းဖြင့်ပင် အကုန်သတ်ပစ်လိုက်လောက်ပြီ ဖြစ်၏။

ယန်ရီက ဤလူများကို ခြိမ်းခြောက်ရန် ပြင်လိုက်စဉ်မှာပင် အစည်းအဝေးခန်းမ တံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။

ထို့နောက်လချန်ဖုန်းက ဖြည်းညှင်းစွာ ဝင်ရောက်လာ၏။

သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ရှေ့ဆုံးခုံတွင် ပေါ့ပေါ့ပါးပါးပင် ထိုင်လိုက်သည်။

ထိုအခိုက် လူတိုင်းကလည်း လှမ်းကြည့်လာကြ၏။

တက်ရောက်လာသူများထဲတွင် အဇူရာနန်းတော်၏ နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် အသစ်ခေါ်ယူထားသော ဟွာရှဝန်ထမ်းများလည်း ပါဝင်ကြသည်။

ရစ်ချတ်နှင့် သူ၏ လူများကသာ အထင်သေးသော အကြည့်ဖြင့် ကြည့်နေကြပေသည်။ သူတို့အမြင်တွင် သူဌေးသစ်က သိပ်ကို ငယ်ရွယ်လွန်းနေသည်။ ရေနံကုမ္ပဏီကို ဈေးကြီးပေးကာ ဝယ်ယူခဲ့ပြီး သူ့သားကို စီမံခန့်ခွဲရန် လွှဲအပ်လိုက်သော ဟွာရှသူဌေးကြီး တစ်ဦးဦး ဖြစ်ရပေမည်။

"ဘာလဲ မင်းတို့အားလုံး ငါ့ကို မကျေမနပ်ဖြစ်နေကြတာလား…"

ချန်ဖုန်းက မျက်လုံးကို မှေးကြည့်ကာ မေးလိုက်၏။

မဟာလင်းယုန်နိုင်ငံမှ ဤလူများ မည်သို့ ပေါ့လျော့နေကြသည်ကို သူ သိမြင်ချင်နေပေသည်။

All Chapters