အခန်း ၃၉၇
Vol. 40 Ch. 397
အခန်း (၃၉၇) အပေးအယူ စည်းကမ်းချက်များ
ရစ်ချတ်က မောက်မာသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
"ခင်ဗျားက သူဌေးဆိုတော့ ခင်ဗျားကို ဘာမှ မကျေမနပ် ပြောရဲပါဘူး…ဒါပေမဲ့ သူဌေးနဲ့ ဆွေးနွေးဖို့ လိုအပ်တဲ့ စည်းကမ်းချက် တချို့တော့ ရှိတယ်…"
"စည်းကမ်းချက်…"
ချန်ဖုန်း၏ အပြုံးက ပို၍ နက်ရှိုင်းသွားသည်။
"မင်းက ရေနံကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌပဲ ယုတ္တိတန်တန် ပြောရရင် မင်းသာ ကြိုးကြိုးစားစား အလုပ်လုပ်သရွေ့ ကုမ္ပဏီမှာ ရာထူးကောင်းတစ်ခုနဲ့ အနာဂတ်ကောင်းတစ်ခု ရှိသင့်တာပေါ့…"
"ပြီးတော့ ငါ ခန့်မှန်းကြည့်မယ်…"
"အဲလစ်ဇဘက်ရဲ့ ဦးလေး အက်ဒွပ်က ငါ့ကို ပြဿနာရှာဖို့ အတွက် မင်းတို့ကို ဒီကိုလွှတ်ပြီး အကျိုးအမြတ် တချို့ ပေးလိုက်တာလား…အကောင်းဆုံးကတော့ ကုမ္ပဏီ ဒေဝါလီခံရမယ့် အခြေအနေမျိုးပေါ့…"
ရစ်ချတ်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။
"အဲဒါ မမှန်ပါဘူး…"
"မမှန်ဘူး ဟုတ်လား…"
ချန်ဖုန်းက ဘေးဘက်မှ မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်ကာ သူက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်၏။
"ငါ့ရဲ့ လေ့လာစောင့်ကြည့်မှုအရ မင်းက ဒီလ ၁ ရက်၊ ၇ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အက်ဒွပ်ရဲ့ လက်အောက်ငယ်သား တစ်ယောက်နဲ့ သုံးကြိမ် တွေ့ဆုံခဲ့တယ်…"
"အဲဒီအချိန်ကစပြီး မင်းတို့တွေ အလုပ်မှာ ပေါ့လျော့လာကြတယ်…ဒီလအတွက် ရေနံထုတ်လုပ်မှုက ထက်ဝက်တိတိ လျော့ကျသွားတယ်…"
"ခင်ဗျားက ကျွန်တော့်ကို နောက်ယောင်ခံဖို့ လူလွှတ်လိုက်တာလား…"
ရစ်ချတ်က ထိုင်ခုံမှ ခုန်ထလိုက်သည်။
သူ၏ မျက်နှာအမူအရာမှာလည်း မနှစ်မြို့ဖွယ် ဖြစ်နေတော့၏။
အခြားသူများကလည်း ချန်ဖုန်းအား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သူဌေးသစ်အနေဖြင့် ရောက်ရှိပြီး နာရီဝက်အတွင်း ကုမ္ပဏီအကြောင်း အရာအားလုံးကို သိရှိနားလည်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
တကယ်တော့ ရစ်ချတ်နှင့် သူ၏အဖွဲ့တွင် ပြဿနာများရှိနေကြောင်း သူတို့အားလုံး သိထားကြပေသည်။ သို့သော် တစ်ဖက်လူက ကုမ္ပဏီတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေ၏။
သင့်တော်သော ကိုယ်စားလှယ်လောင်းကို ရှာမတွေ့မချင်း သူတို့ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ရဲကြချေ။ အလွန်အကျွံ မဖြစ်သရွေ့ မျက်ကွယ်ပြုထားကြလိမ့်မည် ဖြစ်သည်။
"သူဌေးကို ဘယ်လိုများ ရဲရဲတင်းတင်း စကားပြောရဲတာလဲ…"
ယန်ရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ကိန်းအောင်းနေ၏။ ဤနေရာသာ စစ်မြေပြင်ဆိုပါက ရန်သူသည် အကြိမ်ရာနှင့်ချီ၍ သေဆုံးသွားလောက်ပြီ ဖြစ်ပေသည်။
သို့သော် ရစ်ချတ်ကမူ လုံးဝ မကြောက်ရွံ့ခဲ့ချေ။ မဟာလင်းယုန်နိုင်ငံမှာ ‘မင်းတို့ အသားဝါမျောက်တွေက ပိုပြီး ရိုင်းစိုင်းရဲသေးတာလား…’ဟု သူ တွေးလိုက်၏။
သူက နှာမှုတ်လိုက်ပြီး ပြန်ထိုင်လိုက်၏။
"တွေ့တော့ရော ဘာဖြစ်လဲ သူက ကျွန်တော့် သူငယ်ချင်းလေ ရုံးဆင်းချိန်မှ ကျွန်တော် သူနဲ့ သွားတွေ့တာ…ဒီကိစ္စကိုပါ သူဌေးက ဝင်စွက်ဖက်ရဦးမှာလား…"
"ဟုတ်တယ် ရုံးဆင်းချိန်မှာ ငါတို့က လွတ်လပ်တယ် ငါတို့ တွေ့ချင်တဲ့သူကို တွေ့လို့ရတယ်…"
"ဟုတ်တယ် ပြီးတော့ ဒီလရဲ့ ထုတ်လုပ်မှု ပြဿနာလည်း ရှိသေးတယ် အဲဒါက ငါတို့ အမှားမဟုတ်ဘူး အကြောင်းအချက် အမျိုးမျိုးကြောင့် သက်ရောက်မှု ရှိသွားတာလေ သူဌေး ခင်ဗျား နည်းပညာပိုင်းကို နားမလည်ရင်တောင် လျှောက်တော့ မပြောသင့်ဘူး…"
မဟာလင်းယုန်နိုင်ငံမှ အကြီးတန်း အမှုဆောင်အရာရှိများနှင့် အဓိက နည်းပညာပိုင်းဆိုင်ရာ မန်နေဂျာ ဆယ်ဂဏန်းခန့်က ညည်းညူပြောဆိုလိုက်ကြသည်။ ယခုအခါ သူတို့သည် ဒုတိယဥက္ကဋ္ဌနှင့် တစ်သားတည်း ဖြစ်နေကြပေပြီ။
သူတို့ အတူတူ ရှေ့တိုးကြမည် နောက်ဆုတ်ကြမည်။ မည်သို့ပင်ဖြစ်စေ ရေနံကုမ္ပဏီက သူတို့မပါဘဲ လည်ပတ်၍မရနိုင်ရာ ဘာကိုမျှ ကြောက်ရွံ့နေစရာ မရှိချေ။
ယန်ရီမှာ ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲပင်။ ချန်ဖုန်းက လက်ကာပြလိုက်၏။
‘ဒီကောင်က စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ပဲ သင့်တော်ပုံရတယ် အရင် ဥက္ကဋ္ဌ ဘယ်ရောက်သွားလဲဆိုတာ အဲလစ်ဇဘက်ကို သွားမေးဖို့ အချိန်နည်းနည်း ရှာရမယ်…ကုမ္ပဏီကို စီမံခန့်ခွဲရာမှာ ကူညီပေးဖို့ သူ့ကို ပြန်ခေါ်လာဖို့ လိုတယ်…’
ချန်ဖုန်းက မေးလိုက်သည်။
"ဒုတိယဥက္ကဋ္ဌ ချာလီ ငါနဲ့ ဆွေးနွေးချင်တာ ဘာလဲဆိုတာ အရင် ပြောပြပါဦး…"
ရစ်ချတ်က မောက်မာသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ဒါအမှန်ပဲ တကယ်လို့ ခင်ဗျားက ကျုပ်တို့ကို စိတ်အေးချမ်းသာစွာနဲ့ ဆက်ပြီး အလုပ်လုပ်စေချင်တယ်ဆိုရင် ကျုပ်တို့ အကြီးတန်း အမှုဆောင် ဆယ်ယောက်ကျော်ရဲ့ လစာကို နှစ်ဆ တိုးပေးရမယ်…"
"ဒီနှစ်တွေအတွင်း ကုမ္ပဏီအတွက် ငါတို့ အများကြီး စွမ်းဆောင်ပေးခဲ့တယ်…ငါတို့ တစ်ယောက်ချင်းစီကို ဗီလာတစ်လုံးစီ ဆုချရမယ်…"
"ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က မဟာလင်းယုန်နိုင်ငံက လူတွေဖြစ်ပြီး ကျုပ်တို့ရဲ့ လူနေမှုပုံစံက ခင်ဗျားတို့နဲ့ မတူဘူး…"
"ကျုပ်တို့ အလုပ်လုပ်တဲ့ ပုံစံကလည်း ကွာခြားတယ် ကျုပ်တို့ကို သီးခြား ရုံးခန်းအဆောက်အအုံ တစ်ခု ပေးဖို့ မျှော်လင့်တယ်…ထောက်ပံ့ရေးပစ္စည်း အားလုံးက အကောင်းဆုံး ဖြစ်ရမယ် အကောင်းဆုံးကတော့ လူတစ်ယောက်ကို ကားတစ်စီးစီ ပေးရမယ်…"
"သူဌေး ဒါက ကျုပ်တို့အားလုံးရဲ့ တောင်းဆိုချက်ပဲ…ခင်ဗျား ဘယ်လိုထင်လဲ…"
ချန်ဖုန်း စကားပင် မပြောနိုင်သေးမီ အခြားသော အကြီးတန်း အမှုဆောင်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပေပြီ။
ကုမ္ပဏီ၏ လစာအဆင့်သတ်မှတ်ချက်များကို သတ်မှတ်ထားပြီးဖြစ်ကာ ခံစားခွင့်များအားလုံးကိုလည်း ဝန်ထမ်းအားလုံးအပေါ် တန်းတူညီမျှ ခံစားခွင့်ပြုထားသည်။
“ဘာကြောင့် မင်းတို့ မဟာလင်းယုန်နိုင်ငံက လူတွေက သာလွန်တယ်လို့ ယူဆခံရမှာလဲ… ဘာကြောင့် မင်းတို့လစာက နှစ်ဆဖြစ်သင့်တာလဲ…”
“မင်းတို့ကို ကားရော အိမ်ပါ ဘာလို့ ထောက်ပံ့ပေးထားရမှာလဲ…”
ဌာနမန်နေဂျာ တစ်ဦးက မနေနိုင်ဘဲ ပြောဆိုလိုက်၏။
"ဒုတိယဥက္ကဋ္ဌ ချာလီ ခင်ဗျားရဲ့ တောင်းဆိုချက်က နည်းနည်း လွန်မနေဘူးလား…"
"လွန်တယ် ဟုတ်လား…"
ရစ်ချတ်က သဘောမတူစွာဖြင့် ပြောလိုက်သည်။
"ငါတို့က အထူးအရည်အချင်းရှိသူတွေလေ အထူးအရည်အချင်းရှိသူတွေကို အထူးဆက်ဆံသင့်တာပေါ့…"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါနဲ့ ငါ့ဘေးက လုပ်ဖော်ကိုင်ဖက် ဆယ်ယောက်ကျော်သာ မရှိခဲ့ရင်…"
"ရေနံကုမ္ပဏီ တစ်ခုလုံးက အခုလောက်ဆို ရပ်တန့်သွားလောက်ပြီ…"
"ငါတို့က ဘယ်သူတွေလဲ မင်းတို့က ဘယ်သူတွေလဲ…"
ထို့နောက်လသူက ချန်ဖုန်းအား ထပ်မံ ကြည့်ကာ ပြောလိုက်၏။
"သူဌေး တကယ်လို့ ခင်ဗျားသာ ကျုပ်ရဲ့ စည်းကမ်းချက်တွေကို သဘောတူမယ်ဆိုရင် ကျုပ်တို့ အခုချက်ချင်း အလုပ်စလုပ်မယ်…တကယ်လို့ သဘောမတူရင်တော့ ကျုပ်တို့ ချက်ချင်း နုတ်ထွက်မယ်…"
ချန်ဖုန်းက သူ့အား မနေနိုင်ဘဲ လှမ်းကြည့်လိုက်သော်လည်း ရစ်ချတ်ကလည်း သူ၏ အကြည့်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
ထို့နောက် သူက အခြားသော မဟာလင်းယုန်နိုင်ငံမှ အဆင့်မြင့် အရာရှိများကို လှမ်းကြည့်လိုက်ရာ သူတို့ကလည်း ရစ်ချတ်အား ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ကျောကို မတ်မတ်ထားလိုက်ကြ၏။
သူဌေးအနေဖြင့် သေချာပေါက် သဘောတူလိမ့်မည်ဟု သူတို့ ယုံကြည်ထားကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ထွက်သွားသည်နှင့်…မဟာလင်းယုန်နိုင်ငံရှိ ရေနံလုပ်ငန်းမှ လူများသည် ဤကုမ္ပဏီတွင် မည်သည့်အခါမျှ အမှုဆောင်များအဖြစ် လုပ်ကိုင်လိုမည် မဟုတ်ချေ။ အကြောင်းမှာ ဤကုမ္ပဏီကို တော်ဝင်မိသားစုက ပစ်မှတ်ထားနေသောကြောင့် ဖြစ်ပေသည်။
"အင်း မဆိုးပါဘူး မင်းတို့မှာ ခံယူချက် အတော်လေး ခိုင်မာတာပဲ…"
ချန်ဖုန်း၏ စကားလုံးများမှာ ဂရုမစိုက်သည့်ဟန် ရှိနေဆဲပင်။
"မင်းတို့က ဒီလောက်တောင် အဆင့်အတန်း မြင့်မားနေမှတော့ ထွက်သွားလိုက်တာ အကောင်းဆုံးပဲလို့ ထင်တယ်…"
"မင်းတို့လို လူမိုက်တစ်သိုက် မရှိဘဲ ငါ့ကုမ္ပဏီက တကယ်ပဲ ရပ်တန့်သွားမလားဆိုတာ ငါ ကြည့်ချင်သေးတယ်…"
"သူဌေးက အရမ်း တော်တာပဲ…"
ရစ်ချတ်က စကားပင် ဆုံးအောင် မပြောရသေးမီ ဘာတွေ ဖြစ်ပျက်နေသည်ကို ရုတ်တရက် သဘောပေါက်သွားတော့၏။
တစ်ဖက်လူက သေချာပေါက် သဘောတူလိမ့်မည်ဟု သူ ယူဆထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာဖြင့် သူက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပေသည်။
ရစ်ချတ်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့၏။
"သူဌေး ခင်ဗျား ဒါကို သေသေချာချာ စဉ်းစားဖို့ လိုတယ် ကျုပ်တို့သာ မရှိရင် ကုမ္ပဏီက သေချာပေါက် ပျက်စီးသွားလိမ့်မယ်…"