← Chapters

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း ၄၀၀

Vol. 40 Ch. 400

အခန်း (၄၀၀) မင်းက ငါ့ကို ဆွဲဖယ်နေတာလား

ညစာစားပွဲကို ထိပ်တန်း ရွိုင်ရယ်ဟိုတယ် တစ်ခုတွင် ကျင်းပခြင်း ဖြစ်၏။ ဟိုတယ် တစ်ခုလုံးကို ခမ်းနားထည်ဝါသော ပုံစံဖြင့် အလှဆင်ထားပေသည်။

ဟိုတယ် တည်ဆောက်ရန် ယွမ်သန်းရာနှင့်ချီ ကုန်ကျခဲ့ပြီး အစိုးရ အရာရှိများကို လက်ခံဆောင်ရွက်ရန် သီးသန့် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဟိုတယ်တွင် အလွန် တင်းကျပ်သော လုံခြုံရေး အစီအမံများလည်း ရှိပေ၏။ လုံခြုံရေးဝန်ထမ်းများ အားလုံးမှာ စစ်ဘက်ဆိုင်ရာ အငြိမ်းစား ဝန်ထမ်းများဖြစ်ကြပြီး အလွန် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အချို့လူများဆိုလျှင် ပင်မနတ်ဘုရား တစ်ပါး၏ စွမ်းအားကိုပင် ပိုင်ဆိုင်ထားကြသေး၏။

ယနေ့ မနက်စောစောကတည်းက ဟိုတယ် တစ်ခုလုံးရှိ ခွင့်ပြုချက်မရရှိသော ဝန်ထမ်းများအားလုံးကို ရှင်းလင်းထားပြီး အဓိက အဝင်ပေါက်တွင် ဖိတ်စာများကို စစ်ဆေးရန် လူတစ်ယောက်ကို အထူး တာဝန်ပေးအပ်ထားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ယနေ့ ညစာစားပွဲက အလွန် အရေးကြီးလှပေသည်။ တက်ရောက်လာသူ အချို့မှာ တော်ဝင်သွေးများဖြစ်ကြရာ သူတို့ကို အလေးအနက် မထားဘဲနေ၍ မဖြစ်နိုင်ချေ။

မီတာတစ်ရာ အကွာအဝေးအတွင်းသို့ မည်သူ့ကိုမျှ အနားကပ်ခွင့် မပြုထားချေ။ ထို့ထက် ပိုဝေးသော နေရာများတွင်လည်း။ မလိုလားအပ်သော လူဆိုးများ ပေါ်လာခြင်းမှ ကာကွယ်ရန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများက ကင်းလှည့်နေကြသည်။

ချန်ဖုန်း ရောက်ရှိလာချိန်တွင် ညစာစားပွဲသို့ လူအများအပြား ရောက်ရှိနေကြပြီ ဖြစ်၏။

သို့သော် ညစာစားပွဲတွင် ချန်ဖုန်း ပေါ်လာသောအခါ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

ဤညစာစားပွဲတွင် တော်ဝင်သွေးများပဲဖြစ်ဖြစ်၊ ဖိတ်ကြားခံရသော စစ်ဘက်၊ နိုင်ငံရေးနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများပဲဖြစ်ဖြစ် သူတို့အားလုံးမှာ အနောက်တိုင်းသား မျက်နှာများ ရှိကြပေသည်။

ချန်ဖုန်း တစ်ယောက်တည်းသာ ဟွာရှမျက်နှာ ရှိနေခြင်း ဖြစ်၏။ ထိုအရာက အလွန် သိသာထင်ရှားနေပေသည်။

"သောက်ကျိုးနည်း"

ချန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။

သူက အစက လူမသိသူမသိ နေချင်ခဲ့သော်လည်း ယခုတော့ ရုတ်တရက် အာရုံစိုက်ခံရသူ ဖြစ်လာခဲ့လေပြီ။

"အဲဒီလူက ဘယ်သူလဲ"

"ဒီနေ့ ညစာစားပွဲကို တက်ရောက်လာတဲ့ လူတွေအကုန်လုံးက အထက်တန်းလွှာကချည်းပဲ အဲဒီဟွာရှလူမျိုးက ဘယ်လိုလုပ် အထဲရောက်လာတာလဲ"

"ဟုတ်တယ် ပြီးတော့ အချို့ဆိုရင် တော်ဝင်မိသားစုဝင်တွေတောင် ပါသေးတယ် ဒီလို အခမ်းအနားမျိုးကို အပြင်လူ ဝင်ခွင့်ပြုလို့ ဘယ်ဖြစ်မလဲ"

"လုံခြုံရေး လုံခြုံရေး သူ့ကို ဒီကနေ ခေါ်ထုတ်သွားစမ်း"

"ဒီ ရွိုင်ရယ်ဟိုတယ်ရဲ့ လုံခြုံရေး အစီအမံတွေက တော်တော် ဆိုးရွားတာပဲ ဘယ်သူ့ကိုမဆို ဝင်ခွင့်ပေးထားတာပဲ"

လူအုပ်ကြီးမှာ ဆွေးနွေးသံများဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ မည်သို့ပင် ကြည့်စေကာမူ ဤဟွာရှလူမျိုးသည် ညစာစားပွဲတွင် မရှိသင့်သူ ဖြစ်ပေသည်။

လူအုပ်ထဲတွင်တော့ ဝီလ်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ရေရွတ်လိုက်သည်။

"သူက ဘာလို့ ဒီမှာ ရောက်နေတာလဲ"

ဝီလ်သည် ရေနံကုမ္ပဏီ ကို စောင့်ကြည့်နေခဲ့ပြီး ချန်ဖုန်းသည် ရေနံကုမ္ပဏီ၏ ပိုင်ရှင်သစ်ဖြစ်ကြောင်းနှင့် အဲလစ်ဇဘက်က ရေနံကုမ္ပဏီကို ချန်ဖုန်းထံ ရောင်းချလိုက်ကြောင်းကို ယခုအခါ သူ သိရှိထားပြီ ဖြစ်၏။

"ဝီလ် မင်း သူ့ကို သိလို့လား"

သူ၏ဘေးမှ လူငယ်တစ်ဦးက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။

ဝီလ်က ခေါင်းခါပြကာ ပြောလိုက်၏။

"ငါ သူ့ကို မသိဘူး ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာတော့ ငါ သိတယ်"

စကားပြောရင်းဖြင့် သူက လျှောက်သွားလိုက်သည်။ ထို့နောက် ချန်ဖုန်းဆီသို့ လက်တစ်ဖက် ကမ်းပေးလိုက်ပြီး မျက်လုံးကို မှေးကာ ပြောလိုက်၏။

"မင်္ဂလာပါ မစ္စတာချန် ကျွန်တော်က ဝီလ်ပါ"

“ငါတို့က သိလို့လား…”

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားရသည်။ ‘ဒီ ငတုံးက ဘယ်သူလဲ…’ဟုလည်း သူ တွေးလိုက်၏။

ဝီလ်၏ လက်မှာ လေထဲတွင် တန့်နေပြီးနောက် အနေရခက်စွာဖြင့် ပြန်လည် ရုပ်သိမ်းလိုက်ရရာ သူ၏ မျက်နှာပေါ်တွင် အရိပ်မည်းတစ်ခု ဖြတ်သန်းသွားတော့၏။

"ခင်ဗျားက ရေနံကုမ္ပဏီရဲ့ ပိုင်ရှင်သစ်ဆိုတာ ကျွန်တော် သိပါတယ်"

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ ကျွန်တော့်ဦးလေးက အက်ဒွပ်လေ"

"ဒီကနေ့ မဟာလင်းယုန်နိုင်ငံမှာ အာဏာအရှိဆုံးသူပေါ့"

"မစ္စတာချန် ကျွန်တော် ခင်ဗျားနဲ့ အပေးအယူ တစ်ခု လုပ်ချင်တယ် ဘာပဲဖြစ်ဖြစ် ရေနံကုမ္ပဏီက ကျွန်တော်တို့ မဟာလင်းယုန်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတစ်ခုပဲလေ"

"ကျွန်တော့် မျက်နှာကို ထောက်ပြီး ကုမ္ပဏီကို ကျွန်တော့်ဆီ ရောင်းချပေးမယ်လို့ မျှော်လင့်ပါတယ်"

"မင်းရဲ့ မျက်နှာက ဘာတန်ဖိုးရှိလို့လဲ"

ချန်ဖုန်းမှာ ဤကောင်က သူ၏ ယုံကြည်မှုကို မည်သည့်နေရာမှ ရရှိလာမှန်း လုံးဝ နားမလည်နိုင်ချေ။

‘မင်းကိုတောင် မသိတာ ကုမ္ပဏီကို မင်းဆီ ဘာလို့ ရောင်းရမှာလဲ…’ဟု တွေးလိုက်၏။

"ကောင်းပြီ ငါ့ရှေ့ကနေ ဖယ်လိုက်စမ်း ဘေးဖယ်" စကားပြောရင်းဖြင့် ချန်ဖုန်းက လက်ဆန့်တန်းကာ ဝီလ်ကို ဘေးသို့ ဆွဲဖယ်လိုက်၏။

ချန်ဖုန်း၏ မျက်လုံးများက လူအုပ်ထဲတွင် အဲလစ်ဇဘက်ကို ဆက်လက် ရှာဖွေနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် အတန်ကြာ ရှာဖွေပြီးနောက်တွင် သူမကို မတွေ့ရှိခဲ့ချေ။

ချန်ဖုန်းက ဆွဲဖယ်လိုက်ခြင်းဖြစ်သောကြောင့် ဝီလ်မှာ ဘေးရှိ စားပွဲနှင့် သွားတိုက်မိသွားလေသည်။ ထိုအခါ ဝီလ်က ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့၏။

"ကောင်းပြီ မင်းက ငါ့ကိုတောင် လက်ပါရဲတယ်ပေါ့"

ဝီလ်သည် အပေါ်ယံအားဖြင့် အက်ဒွပ်၏ အဝေးမှ တူဖြစ်သော်လည်း သိရှိသူများကတော့ သူသည် တရားမဝင် သားတစ်ယောက်ဖြစ်ကြောင်း သိထားကြသည်။

(မှတ်ချက်= `အဝေး´မှတူဆိုတာ ဆွေးမျိုးတော်စပ်ပေမယ့် ဥပမာ တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲ အယ့်လိုမျိုး တစ်ဖြည်းဖြည်း `ဝေး´ သွားတာ ဖြစ်ပါလိမ့်မယ်)

ယခုလို အခြေအနေမျိုးတွင် ဤကဲ့သို့ ရိုင်းစိုင်းစွာ ဆက်ဆံခံရပြီးနောက် အထက်တန်းလွှာအသိုင်းအဝိုင်းကို သူ မည်သို့ မျက်နှာပြရဲတော့မည်နည်း။

"အစောင့်တွေ ဒီကောင်က ညစာစားပွဲကို ခိုးဝင်လာတာ သူ့ကိုယ်ရေးအချက်အလက်က သံသယဖြစ်စရာပဲ ခုနကတောင် သူ ငါ့ကို တိုက်ခိုက်လိုက်သေးတယ် သူ့ကို ချက်ချင်း ဖမ်းလိုက်စမ်း"

ချက်ချင်းဆိုသလိုပင် သေနတ်အစစ်များကို ကိုင်ဆောင်ထားသော လူတစ်စုက အပြေးအလွှား ဝင်ရောက်လာကြပြီး ချန်ဖုန်းကို ဝိုင်းရံလိုက်ကြ၏။

ယနေ့ ညစာစားပွဲကို တက်ရောက်လာသူများ အားလုံးတွင် အလွန် အထူးခြားဆုံးသော ကိုယ်ရေးအချက်အလက်များ ရှိကြပေသည်။ ရွိုင်ရယ်ဟိုတယ်၏ လုံခြုံရေးဝန်ထမ်းများအပြင် ဟိုတယ်တစ်ဝိုက်တွင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကလည်း ကင်းလှည့်နေကြသည်။

ဦးဆောင်လာသော တပ်မှူးဖြစ်သူက အေးစက်စွာ ပြောလိုက်၏။

"လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ"

ယေဘုယျအားဖြင့် ဖိတ်စာနှင့် ကိုယ်ရေးအချက်အလက်ကို အရင်ဆုံး စစ်ဆေးရန် လိုအပ်ပေသည်။ သို့သော် ယခုအချိန်တွင်မူ ၎င်းက မလိုအပ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ညစာစားပွဲ တစ်ခုလုံးတွင် ဟွာရှလူမျိုး တစ်ယောက်တည်းသာ ရှိနေသောကြောင့်ပင်။ သူ၏ တည်ရှိနေမှုက တစ်စုံတစ်ရာ ထူးဆန်းနေကြောင်း အကြံပြုနေ၏။

ချန်ဖုန်းက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အေးစက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာတော့သည်။

"ငါ့ကို ဧကရီဘုရင်မကြီး ဖိတ်ကြားထားတာ မင်းတို့ မယုံရင် သူမကို သွားမေးလို့ ရတယ်"

ဤစကားကို ​ကြားလိုက်ချိန်တွင် တက်ရောက်လာသူ အားလုံးက ရယ်မောလိုက်ကြ၏။

အဲလစ်ဇဘက်တွင် အာဏာအစစ်အမှန် မရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ သူမက အလွန် မွန်မြတ်သော အဆင့်အတန်းရှိသည့် မဟာလင်းယုန်နိုင်ငံ၏ ဧကရီဘုရင်မ ဖြစ်ပေသည်။

၎င်းတို့ရှေ့မှ ဤကောင်ကို သူမက မည်သို့ သိရှိနိုင်မည်နည်း။ သူကို ယနေ့ ညစာစားပွဲသို့ ဖိတ်ကြားရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေးချေ။ ဤသည်မှာ သာမန် ညစာစားပွဲတစ်ခု မဟုတ်ပေ။

"မစ္စတာချန် ခင်ဗျား ဘယ်လို ခိုးဝင်လာသလဲဆိုတာကိုလည်း ကျွန်တော် တော်တော် စပ်စုချင်တယ်"

ဝီလ်က ချန်ဖုန်းအား အထက်စီးမှနေ၍ ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားက ရေနံကုမ္ပဏီကို ကျွန်တော့်ဆီ ပေးဖို့ သဘောတူမယ်ဆိုရင် ဒီနေ့ကိစ္စအတွက် ခင်ဗျားကိုယ်စား ကျွန်တော် တောင်းပန်ပေးနိုင်တယ်"

"ဒီနေ့ ညစာစားပွဲမှာ ဘယ်သူတွေ ရှိနေလဲ ခင်ဗျား သိလား"

"ကျွန်တော် နောက်နေတာ မဟုတ်ဘူး ဒီညစာစားပွဲကို ကျူးကျော်ဝင်ရောက်ရဲတဲ့ ဘယ်သူမဆို သေဖို့ အသက်ဆယ်ချောင်းလောက် လိုလိမ့်မယ်"

ချန်ဖုန်း၏ နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ဖြတ်ပြေးသွား၏။

"ငါလည်း နောက်နေတာ မဟုတ်ဘူး ဒါပေမဲ့ မင်းက ငါ့ကို ထိရဲမယ်ဆိုရင် နောက်နှစ် ဒီအချိန်လောက်ဆိုရင် မင်းရဲ့ အုတ်ဂူပေါ်က မြက်ပင်တွေက အခုလောက်ဆို ဆယ်ပေလောက် ရှည်နေလောက်ပြီ"

"ရိုင်းစိုင်းလိုက်တာ"

ဝီလ်မှာ ဒေါသပေါက်ကွဲသွားတော့သည်။

"မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့ ညစာစားပွဲကို ခိုးဝင်လာတဲ့ မင်းမှာ နောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိမယ်လို့ ငါ သံသယရှိတယ် သူ့ကို ဆွဲထုတ်သွားစမ်း"

"ရှဲ"

သေနတ်ပြောင်းဝများက ချန်ဖုန်းထံသို့ ရုတ်တရက် ချိန်ရွယ်လာကြ၏။

အကယ်၍ တစ်ဖက်လူက မည်သည့် လှုပ်ရှားမှုမျှ ပြုလုပ်လာပါက သူတို့ သေချာပေါက် ပစ်ခတ်ကြမည် ဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာ၏ လေထုမှာ ရုတ်တရက် တင်းမာသွားတော့၏။

ဤကဲ့သို့ မမျှော်လင့်ထားသော အခြေအနေမျိုးကို မြင်တွေ့ရခြင်းက အမှန်တကယ်ပင် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ အတိတ်ကာလကဆိုလျှင် ခွင့်ပြုချက်မရှိသော ဝန်ထမ်းများ ကျူးကျော်ဝင်ရောက်ရန်ဆိုသည်မှာ မဖြစ်နိုင်သောအရာပင်။

"လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းပါ မဟုတ်ရင် ကျွန်တော် ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့"

တပ်မှူးက ခလုတ်ဆွဲတော့မည့်ပုံ ပေါ်နေပေ၏။

ထိုစဉ် ရှင်းလင်းပြတ်သားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ရပ်လိုက်စမ်း"

အဲလစ်ဇဘက်က အပေါ်ထပ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့၏။ သူမက အချိုးအစားကျလှသော ခန္ဓာကိုယ် ကောက်ကြောင်းကို ပေါ်လွင်စေသည့် ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင် ဆံကေသာက သူမကို ပို၍ပင် ဆွဲဆောင်မှုရှိကာ လှပနေစေသည်။

အထူးသဖြင့် သူမ၏ ဧကရီဘုရင်မကဲ့သို့သော အငွေ့အသက်က တက်ရောက်လာသော အမျိုးသားများ အားလုံး၏ နှလုံးသားကို ချက်ချင်းပင် ညှို့ယူဖမ်းစားသွားခဲ့၏။

ဤသည်မှာ နိုင်ငံခြားဆန်သော ဆွဲဆောင်မှုရှိသည့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။

ဝီလ်သည် လှပသော အမျိုးသမီး အများအပြားကို မြင်ဖူးခဲ့သည်။

သို့သော် ယနေ့မှာတော့ အဲလစ်ဇဘက် အလှဆင်ထားသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်၏။ သူမသည် မိတ်ကပ်မပါဘဲနှင့်ပင် လှပနေပြီးဖြစ်သော်လည်း သူမ အလှဆင်ထားပြီးနောက်တွင်မူ သူ လုံးဝကို မှော်ပညာနဲ့ ညှို့ခံလိုက်ရသလို ငေးမောသွားရပေသည်။

ဤအချိန်တွင် မူလက ချန်ဖုန်းအပေါ် ကျရောက်နေသော အာရုံစိုက်မှုမှာ အဲလစ်ဇဘက်ဆီသို့ ရုတ်တရက် ရောက်ရှိသွားတော့၏။

"ဧကရီဘုရင်မကြီးနဲ့ တကယ်ကို ထိုက်တန်တာပဲ သူက တကယ်ကို လှလွန်းတယ်"

"တော်ဝင်မိသားစုဝင် အများအပြားက သူတို့ရဲ့ သွေးကြောနဲ့ အာဏာတွေ မယိုစိမ့်စေဖို့အတွက် တော်ဝင်မိသားစုအတွင်းမှာပဲ လက်ထပ်ဖို့ ဆန္ဒရှိကြတယ်လို့ ကြားဖူးတယ် တက်ရောက်လာတဲ့ တော်ဝင်မိသားစုဝင် အချို့က ဘုရင်မကြီးကို လိုက်ကြမယ့်ပုံပဲ"

"ဝီလ်လည်း အဲဒီလို စိတ်ကူးမျိုး ရှိနေမယ် ထင်တယ်"

လူအုပ်ကြီးမှာ မနေနိုင်ဘဲ စတင် ဆွေးနွေးလာကြတော့၏။

ထိုအချိန်တွင် အဲလစ်ဇဘက်က မျက်မှောင်အနည်းငယ် ကြုတ်လျက် ဖြည်းညှင်းစွာ လျှောက်လာကာ ပြောလိုက်သည်။

"မစ္စတာချန်က ငါ ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ သေနတ်ကို အောက်ချလိုက်ကြစမ်း"

All Chapters