အခန်း (၄၆၅-၄၆၇) ဇာတ်သိမ်း
Vol. 46 Ch. 465-467
အခန်း ၄၆၅။ ဒါက ကယ်ဆယ်ရေးကို စောင့်နေတာလား... အစာစားဖို့ စောင့်နေတာပဲ
ဝင်ရိုးစွန်းဝက်ဝံက ကြည့်ရသည်မှာ အနည်းငယ် အားနည်းနေသေးသည်။ အကြောင်းမှာ အချိန်အကြာကြီး အစာမစားရသေးသောကြောင့် ဖြစ်လောက်ပေသည်။ ၎င်းက ရွှီယန်၏ ဘေးနားတွင် ရပ်လျက် ရွှီယန်ကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်ရှုနေလေသည်။
ဤအချိန်တွင် ၎င်း အလွန် သက်သောင့်သက်သာ ဖြစ်သွားကြောင်းကို မြင်တွေ့နိုင်လေသည်။
သို့သော် ဤအကောင်ကို မည်သို့ ကယ်ဆယ်ရမည် ဆိုသည်ကလည်း အတော်လေး ခက်ခဲသော ပြဿနာ တစ်ရပ် ဖြစ်နေလေသည်။
"သူက အရမ်း အားနည်းနေတယ်... အချိန်အကြာကြီး အစာမစားရသေးဘူး ထင်တယ်..."
"တကယ်တမ်းလည်း ဒီလို အခြေအနေမျိုးမှာ လုံးဝ အစာစားလို့ မရနိုင်ဘူးလေ..."
"အခု အမဲလိုက်နိုင်မလား ဆိုတာကိုတောင် မပြောနိုင်သေးဘူး..."
"ဝက်ဝံ ကို ကူညီပေးပြီ ဆိုမှတော့ အဆုံးတိုင်အောင် ကူညီပေးရမှာပေါ့... သူ့ကို ကယ်ဆယ်ခဲ့ပြီ ဆိုတော့လည်း သူ့အတွက် ငါးလေး ဘာလေး ဖမ်းပေးလိုက်ဦးမယ်..."
"အခု ဝင်ရိုးစွန်းဝက်ဝံ တွေရဲ့ လက်ရှိ အခြေအနေ က အတော်လေး သနားစရာ ကောင်းနေသေးတယ်... ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်..."
ရွှီယန်က အင်တာနက်သုံးစွဲသူများကို စကားဆိုလိုက်လေသည်။
[လောင်ရွှီ... မင်း သတိထားဦးနော်... ဝင်ရိုးစွန်းဝက်ဝံ က မင်းကို အစာလို့ ထင်သွားဦးမယ်]
[ဟုတ်တယ်... အရမ်း အန္တရာယ်များတယ်]
[ဒီဝင်ရိုးစွန်းဝက်ဝံ က ဒီလောက်ကြီးတာ... သူ မင်းကို အန္တရာယ်ပြုမှာ မကြောက်ဘူးလား]
အင်တာနက်သုံးစွဲသူများက ရွှီယန်၏ အခြေအနေကို အလွန် စိုးရိမ်ပူပန် နေကြလေသည်။
ကင်မရာ မြင်ကွင်းထဲတွင် ဤဝင်ရိုးစွန်းဝက်ဝံ က အနည်းငယ် ပိန်ချုံးနေသော်ငြားလည်း ခန္ဓာကိုယ် အရွယ်အစား ကတော့ ကြီးမားနေဆဲ ပင်ဖြစ်သည်။ လူထက် အများကြီး ပိုမို အရပ်မြင့်သည်ဟု ထင်ရလေသည်။
ဤအချိန်တွင် ရွှီယန်က တည်ငြိမ်စွာဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။
"အားလုံးပဲ စိတ်ချပါ... သူ့ရဲ့ အခု လက်ရှိ အခြေအနေ အရ ဆိုရင် ကျွန်တော့်ရဲ့ ပြိုင်ဘက် မဟုတ်လောက်ပါဘူး..."
"ပြီးတော့ သူ ကျွန်တော့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ဆိုတာကို ကျွန်တော် ခံစားမိတယ်..."
"ဟိုဘက်မှာ ပင်လယ်ရေ ရှိတယ်... ငါး နှစ်ကောင်လောက် ဖမ်းလို့ ရမလား သွားကြည့်လိုက်မယ်..."
ရွှီယန်က မလှမ်းမကမ်းတွင် ရေခဲမြစ် အက်ကွဲကြောင်း ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။ မြောက်ဝန်ရိုးစွန်း စက်ဝိုင်းရှိ ရေခဲတုံးများက ရွေ့လျား နေတတ်ကြပြီး တောင်ဝန်ရိုးစွန်း နှင့်တော့ မတူညီချေ။
ထို့ကြောင့် သူက လျှောက်သွားလိုက်ပြီး တစ်လျှောက်လုံး ပင်လယ်ကမ်းစပ်သို့ ရောက်ရှိသွားခဲ့လေသည်။
ရွှီယန်က ပင်လယ်ပြင်ကို ကြည့်ရှုလိုက်ရာ ငါးရှာရန် အနည်းငယ် ခက်ခဲနေသေးကြောင်း တွေ့ရှိလိုက်ရလေသည်။ မည်သို့ပင်ဖြစ်စေ သူက ခပ်ပိုက်ကိုသာ ယူဆောင်လာခဲ့ပြီး ဤကဲ့သို့သော နေရာမျိုးတွင် ခပ်ပိုက်၏ အသုံးဝင်မှုက ထိုမျှလောက် မကြီးမားသောကြောင့် ပင်ဖြစ်သည်။
ဝင်ရိုးစွန်းဝက်ဝံ ကလည်း သူ့နောက်မှ လိုက်ပါလာခဲ့လေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ဝင်ရိုးစွန်းဝက်ဝံ၏ ခွန်အားက အနည်းငယ် ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်လေသည်။
ရွှီယန်က ၎င်းကို ငါးဖမ်းပေးရန် တွက်ချက်နေစဉ် နောက်တစ်စက္ကန့်တွင် ဝင်ရိုးစွန်းဝက်ဝံက ပင်လယ်ရေထဲသို့ ရုတ်တရက် ခုန်ဆင်းသွားသည်ကို မြင်တွေ့လိုက်ရလေသည်။
ဤအကောင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန် အစွမ်းထက် လှပေသည်။ မြောက်ဝန်ရိုးစွန်း၏ အရှင်သခင် အဖြစ် သတ်မှတ်၍ ရလေသည်။
ဝင်ရိုးစွန်းဝက်ဝံ ပင်လယ်ရေထဲသို့ ခုန်ဆင်းသွားသည်ကို မြင်သောအခါ ရွှီယန် လည်း အနည်းငယ် အံ့အားသင့် သွားခဲ့လေသည်။ ၎င်းကို ငါးဖမ်းပေးရန် ရည်ရွယ်ထားသော်ငြားလည်း ယခုကြည့်ရသည်မှာ မလိုအပ်တော့ချေ။
ထင်မှတ်ထားသည့် အတိုင်းပင် အချိန်သိပ်မကြာခင်မှာပင် ဝင်ရိုးစွန်းဝက်ဝံက ပင်လယ်ရေထဲမှ ပြန်လည် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ ပါးစပ်ထဲတွင် ပင်လယ်ငါး တစ်ကောင်ကို ဖမ်းဆီး မိထားခဲ့ပြီ ဖြစ်လေသည်။
"ကြည့်ရတာ သူ့ကို ကူညီပေးဖို့ မလိုအပ်တော့ဘူး ထင်တယ်..."
ရွှီယန်က ပြုံးလျက် စကားဆိုလိုက်လေသည်။
အင်တာနက်သုံးစွဲသူများ က ဝင်ရိုးစွန်းဝက်ဝံ၏ ဤအခြေအနေကို မြင်သောအခါ ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြလေသည်။
[ပြန်လည် နာလန်ထူ လာတာ တော်တော်လေး မြန်တာပဲ]
[လောင်ရွှီ ကို နေ့လယ်စာ အဖြစ် သတ်မှတ် မသွားရင် ရပါပြီ]
ဝင်ရိုးစွန်းဝက်ဝံက ဘေးနားတွင် ဖြည်းညင်းစွာဖြင့် ငါးကို စားသောက် နေလေသည်။
ရွှီယန်က ၎င်း မည်သည့် ကြီးမားသော ပြဿနာမျှ မရှိတော့ကြောင်း မြင်သောအခါ ထွက်ခွာသွားရန် ရည်ရွယ်လိုက်လေသည်။
ဝင်ရိုးစွန်းဝက်ဝံ နှင့် အနီးကပ် ထိတွေ့ရခြင်းက ခံစားချက် အနည်းငယ် ကွာခြားလှပေသည်။ မည်သို့ပင်ဖြစ်စေ ခန္ဓာကိုယ် အရွယ်အစားက ထိုနေရာတွင် ရှိနေရာ ဖိအား ပေးနိုင်စွမ်းကတော့ အနည်းငယ် ရှိနေဆဲ ပင်ဖြစ်သည်။
ယခု ဤဝင်ရိုးစွန်းဝက်ဝံက သိမ်မွေ့နေသဖြင့်သာ တော်တော့သည်။
ကြမ်းကြုတ်သော အကောင်နှင့် ဆုံတွေ့ရပါက အလျင်အမြန် ထွက်ပြေးရမည် သာဖြစ်လေသည်။
ရွှီယန်က တစ်လျှောက်လုံး ထွက်ခွာသွားခဲ့ရာ ဝင်ရိုးစွန်းဝက်ဝံ ကလည်း အနောက်မှ လိုက်ပါ မလာခဲ့ချေ။
သူက တာဝန်ကို သွားရောက် ပြီးမြောက်အောင် လုပ်ဆောင်ရဦးမည် ဖြစ်လေသည်။ ဒုတိယမြောက် ဝင်ရိုးစွန်းဝက်ဝံ ကလည်း အများကြီး ဝေးကွာသော နေရာတွင် ရှိမနေချေ။ နှစ်နာရီခန့် လမ်းလျှောက်သွားပြီးနောက် သူ မြင်တွေ့လိုက်ရလေသည်။ ဝင်ရိုးစွန်းဝက်ဝံ ပေါက်လေး တစ်ကောင် ဖြစ်လေသည်။
သေဆုံးနေသော အရွယ်ရောက်ပြီးသည့် ဝင်ရိုးစွန်းဝက်ဝံကြီး တစ်ကောင်၏ ဘေးနားတွင် ဤအကောင်လေး မှောက်လျက် နေပြီး တိုးတိတ်စွာ အော်မြည် နေသည်ကို ရွှီယန် အဝေးမှ လှမ်းမြင်လိုက်ရလေသည်။
"ဟိုဘက်မှာ ဝင်ရိုးစွန်းဝက်ဝံ ရှိပြန်ပြီ... တစ်ခုခု ဖြစ်ထားပုံပဲ..."
"ကြည့်ရတာ တော်တော်လေး သနားစရာ ကောင်းတယ်..."
"ဒီအကောင် ကိုတော့ ကယ်ဆယ်ရမယ်..."
ရွှီယန်က အဝေးဆီသို့ လှမ်းကြည့်ကာ အင်တာနက်သုံးစွဲသူများကို စကားဆိုလိုက်လေသည်။
အစစ်အမှန် သဘာဝတရား ကြီးက အလွန် ရက်စက် လှပေပြီး သေဆုံးနှုန်းက အလွန် မြင့်မား လှပေသည်။
ဤကဲ့သို့သော အခြေအနေမျိုးက မကြာခဏ မြင်တွေ့ရတတ်လေသည်။ တိရစ္ဆာန် အနည်းငယ် သာလျှင် အိုမင်း သေဆုံးသည် အထိ အသက်ရှင် နိုင်ကြလေသည်။
အိုမင်းလာသော အခါ အခြေခံ အားဖြင့် သဘာဝတရား ကြီး၏ ဖယ်ရှားခြင်းကို ခံရမည် သာဖြစ်လေသည်။ အချိန် အတော်များများတွင် တိရစ္ဆာန်ရုံ များတွင် မွေးမြူထားသော တိရစ္ဆာန်များ၏ သက်တမ်းက သဘာဝ ပတ်ဝန်းကျင် ထဲရှိ သက်တမ်း ထက် အများကြီး ပိုမို ရှည်လျား တတ်ကြလေသည်။
[ဟိုဝင်ရိုးစွန်းဝက်ဝံ က သေသွားပြီလား... အမွေးအမျှင် တွေ တောင် မာတောင့် နေပြီ]
[သနားစရာ လေး... လောင်ရွှီ ဆုံတွေ့ရတဲ့ ဝင်ရိုးစွန်းဝက်ဝံ တွေ အားလုံးက ဘာလို့ ဒီလောက် သနားစရာ ကောင်းနေရတာလဲ]
[အရမ်း သနားဖို့ ကောင်းတာပဲ]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကွန်မန့်စာသားများ အဆက်မပြတ် လိမ့်တက် နေလေသည်။
ဤဝင်ရိုးစွန်းဝက်ဝံ ကို ကယ်ဆယ်မည့် နည်းလမ်း ကလည်း ရိုးရှင်း လှပေသည်။ ရွှီယန်က ဒေသတွင်းရှိ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းကို ဆက်သွယ် လိုက်လေသည်။ သူက တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်း၏ ဖုန်းနံပါတ်ကို အထူး သီးသန့် မှတ်သား လာခဲ့ခြင်း ဖြစ်ပြီး အချိန် အတန်ကြာ ဆက်သွယ် ပြောဆိုပြီးနောက် တစ်ဖက်လူ ကလည်း လာရောက်ရန် သဘောတူ လိုက်လေသည်။
ဤကဲ့သို့သော ဝင်ရိုးစွန်းဝက်ဝံ ပေါက်လေးများကို တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းကို အားကိုးရမည် သာဖြစ်လေသည်။ ၎င်းတို့ကို ကြီးပြင်းလာသည် အထိ မွေးမြူပြီးနောက် သဘာဝ ပတ်ဝန်းကျင် သို့ ပြန်လည် လွှတ်ပေးရမည် ဖြစ်လေသည်။
ဝင်ရိုးစွန်းဝက်ဝံ ပေါက်လေးများက အတော်လေး ချစ်စရာ ကောင်းလှပေသည်။ ဝင်ရိုးစွန်းဝက်ဝံများ၏ နှစ်သက်မှု ရှိနေသောကြောင့် ဖြစ်မည်ဟု ခန့်မှန်းရပြီး ရွှီယန် အနားသို့ တိုးကပ်သွားသော အခါ ဤအကောင်လေးက သူ့ကို မကြောက်ရွံ့ချေ။
ယင်းအစား ဝမ်းနည်းစွာ အော်မြည်ရင်း ရွှီယန် ရှိရာဘက်သို့ လျှောက်လာခဲ့လေသည်။
နို့တိုက် သတ္တဝါ ပေါက်လေးများ၏ ရုပ်ရည်ကတော့ အများကြီး ပြောနေစရာ မလိုတော့ချေ။
အင်တာနက်သုံးစွဲသူများ က ဤဝင်ရိုးစွန်းဝက်ဝံ ပေါက်လေးကို မြင်သောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်သွားကြ သော်ငြားလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် အသီးသီး အော်ဟစ် ပြောဆို နေကြလေသည်။
[ဘုရားရေ... ဒါက အရမ်းကို ချစ်စရာ ကောင်းလွန်းတယ်]
[ချစ်စရာ ကောင်းတဲ့ ဝက်ဝံလေး ပဲ]
[ကလေး ဘဝမှာတော့ တော်တော်လေး ချစ်စရာ ကောင်းသေးတယ်]
[လောင်ရွှီ ရဲ့ နေ့ရက် တိုင်းကို အားကျ မိတယ်]
ရွှီယန်က ဆောင့်ကြောင့်ထိုင် ကာ ဝင်ရိုးစွန်းဝက်ဝံ ပေါက်လေး၏ ခေါင်းကို ပွတ်သပ် လိုက်လေသည်။ အကောင်လေးက အတော်လေး လိမ္မာ လှပေသည်။
ထို့နောက် ရွှီယန်က ဝင်ရိုးစွန်းဝက်ဝံ ပေါက်လေးကို ခေါ်ဆောင်ကာ အစာ ရှာဖွေပေးလိုက်ပြီး သေဆုံး နေသော ဝင်ရိုးစွန်းဝက်ဝံ ကိုတော့ ဟိုဘက်တွင် သဘာဝ အတိုင်း ပုပ်သိုး ဆွေးမြည့်သွားရန် ထားရစ် ခဲ့ရမည် သာဖြစ်လေသည်။ ထို့နောက် ရေခဲမြစ် နှင့် တစ်သားတည်း ဖြစ်သွားမည် ဖြစ်လေသည်။
ရေခဲပြင် ပေါ်တွင် အချိန် ကုန်လွန်ရသည်မှာ အလွန် မြန်ဆန် လှပေသည်။ ဤနေရာက အလွန် ကြီးမား ကျယ်ဝန်းလှရာ လမ်းလျှောက်မည် ဆိုပါက အချိန် အကြာကြီး လျှောက်ရမည် ဖြစ်လေသည်။
သူက ဝင်ရိုးစွန်းဝက်ဝံ ပေါက်လေးကို ခေါ်ဆောင်ကာ အပြင်ဘက်သို့ လျှောက်သွား လိုက်ရာ အချိန်သိပ်မကြာခင်မှာပင် တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းမှ လူများက ဂျစ်ကား တစ်စီး မောင်းနှင် လာသည်ကို မြင်တွေ့ လိုက်ရလေသည်။
သူတို့က ဝင်ရိုးစွန်းဝက်ဝံ များကို ကယ်ဆယ်ရန် အထူး သီးသန့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဤဘက်တွင် လည်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ ရှိနေလေသည်။
ရွှီယန်က သူတို့နှင့် အချိန် အတန်ကြာ စကားပြောဆို လိုက်ပြီးနောက် အတူတကွ ဓာတ်ပုံ ရိုက်ကူး လိုက်ကြသေးလေသည်။ ဤသည် ကလည်း ဝင်ရိုးစွန်းဝက်ဝံ ပေါက်လေး အတွက် နေထိုင်စရာ နေရာ တစ်ခုကို ရှာဖွေပေးလိုက်ခြင်း ပင်ဖြစ်သည်။
ထိုသို့သာ မဟုတ်ပါက ၎င်း၏ ယခု လက်ရှိ အခြေအနေ အရ ရေခဲပြင် ပေါ်တွင် သေချာပေါက် ငတ်သေ သွားမည် သာဖြစ်လေသည်။
အလုပ်များ လိုက်ရသည်မှာ ဤတစ်နေ့တာ ကုန်လွန် သွားခဲ့လေပြီ။
တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုက အလွန် မြင့်မားပြီး သူ့ကို ကြည့်ရှုသူ အလွန် များပြား လှပေသည်။ မြောက်ဝန်ရိုးစွန်း စက်ဝိုင်း၏ ရှုခင်း က အလွန် ကြီးကျယ် ခမ်းနား လှပေသည်။
ရွှီယန်က မြောက်ဝန်ရိုးစွန်း တွင် အလုပ်များ နေသည်ကို ကြည့်ရှု ရသည်မှာ အားလုံး အတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
တစ်ချိန်တည်း မှာပင် အားလုံး ကလည်း စိုးရိမ် ပူပန် နေကြဆဲ ပင်ဖြစ်သည်။ မည်သည့် နေရာမှန်း မသိသော နေရာမှ ကြမ်းကြုတ်သော ဝင်ရိုးစွန်းဝက်ဝံ တစ်ကောင် ခုန်ထွက်လာပြီး ရွှီယန်ကို အစားအစာ အဖြစ် စားသောက် သွားမည်ကို အလွန် ကြောက်ရွံ့ နေကြလေသည်။
ထိုနေ့ ညနေပိုင်းတွင် ရွှီယန်က မြောက်ဝန်ရိုးစွန်းရှိ သိပ္ပံ သုတေသန စခန်း တစ်ခု သို့ ပြန်လည် ရောက်ရှိကာ အနားယူ ခဲ့လေသည်။
ဤဘက်ရှိ လူများက သူ့ကို အလွန် ကြိုဆို ကြလေသည်။ သေချာသည် ကတော့ ရွှီယန် ရောက်ရှိ လာသော အခါတွင်လည်း ဤနေရာသို့ ပစ္စည်း အများအပြားကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့ပြီး တည်းခိုစရိတ် အဖြစ် သတ်မှတ် လိုက်ခြင်း ပင်ဖြစ်သည်။
စနစ် ပြောဆိုချက် အရ ရေခဲ အက်ကွဲကြောင်း ထဲတွင် ပိတ်မိ နေပြီး ကယ်ဆယ်ရန် လိုအပ်သော ဝင်ရိုးစွန်းဝက်ဝံ တစ်ကောင် ရှိနေသေးလေသည်။
ရွှီယန်က တစ်ညတာ အနားယူပြီးနောက် ဒုတိယနေ့ တွင် ကားစီးကာ မြောက်ဝန်ရိုးစွန်း စက်ဝိုင်း ထဲသို့ ဆက်လက် ထွက်ခွာ လာခဲ့လေသည်။
ကားများ က အရည်ပျော် နေသော မြေပြင်ပေါ်တွင် သာ ရပ်နား ထား၍ ရနိုင်ပြီး အတွင်းဘက်ရှိ ရေခဲမြစ် များ ပေါ်သို့ ဝင်ရောက် ၍ မရနိုင်ချေ။ ထို့ကြောင့် ခြေလျင် လမ်းလျှောက် ရမည် သာဖြစ်လေသည်။
ရေခဲမြစ် ၏ ရှုခင်းကို ပထမဆုံး အကြိမ် မြင်တွေ့ရခြင်းက အတော်လေး အံ့ဩ တုန်လှုပ်စရာ ကောင်းလှပေသည်။ သို့သော် ဒုတိယနေ့ ထပ်မံ လာရောက်သော အခါတွင်တော့ အနည်းငယ် ပျင်းစရာ ကောင်းနေပြီ ဖြစ်လေသည်။
'တောင်ဝန်ရိုးစွန်း သွားမယ့် အစီအစဉ် ကို ယာယီ ရပ်နား ထားလိုက်ဦးမယ်... ရေခဲမြစ် တွေက မြင့်မားတဲ့ တောင်တန်း တွေလောက် စိတ်ဝင်စားစရာ မကောင်းဘူး လို့ ခံစားရတယ်...'
'အရမ်းကို ပုံစံ တစ်ခုတည်း ဖြစ်လွန်းတယ်...'
ရွှီယန်က စိတ်ထဲမှ တွေးတော လိုက်လေသည်။ အပြင်ထွက် လာခဲ့ပြီ ဖြစ်ရာ ပိုမို ကြီးကျယ် ခမ်းနားသော ရှုခင်းများကို မြင်တွေ့ လိုသည်မှာ သေချာလှပေသည်။ မြောက်ဝန်ရိုးစွန်း ၏ ရှုခင်းကို တစ်ရက်ခန့် ကြည့်ရှု ရုံဖြင့် လုံလောက်ပြီ ဖြစ်လေသည်။
သို့သော် တာဝန် ကိုတော့ ပြီးမြောက်အောင် လုပ်ဆောင်ရမည် သာဖြစ်လေသည်။
နောက်ဆုံး တာဝန် ကတော့ ရေခဲ အက်ကွဲကြောင်း ထဲတွင် ပိတ်မိနေသော ဝင်ရိုးစွန်းဝက်ဝံ ကို ကယ်ဆယ်ရန် ပင်ဖြစ်သည်။ ရွှီယန်၏ စိတ်ကူး က အလွန် ရိုးရှင်းလှပြီး မနေ့က အတိုင်းပင် ဖြစ်လေသည်။ ပထမဆုံး အနေဖြင့် အမှတ်မထင် ရှာတွေ့ သည့်အလား ဟန်ဆောင်လိုက်ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့ကို အော်ဟစ် ခေါ်ဆိုရန် ပင်ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စရပ်မျိုးကို သူ တစ်ယောက်တည်း ဖြေရှင်း နိုင်မည် မဟုတ်ချေ။
ဤသို့ဖြင့် ရွှီယန်က ရေခဲပြင် ပေါ်တွင် တစ်လျှောက်လုံး လမ်းလျှောက် နေလေသည်။ အင်တာနက်သုံးစွဲသူများ နှင့် ဟိုပြော ဒီပြော စကားပြောဆို နေလေသည်။
လမ်းက အနည်းငယ် လျှောက်ရ ခက်ခဲပြီး နေရာ အများအပြား တွင် ရွှီယန် အနေဖြင့် တောင်တက် ပုဆိန် ကို အသုံးပြု ကာ တွယ်တက် ရမည် ဖြစ်လေသည်။ မိမိ ကိုယ်ပိုင် ခွန်အားဖြင့် တက်ရန် လုံးဝ မဖြစ်နိုင်ချေ။ ရေခဲပြင် ၏ ပွတ်တိုက်အား က အလွန် သေးငယ် လွန်းလှပေသည်။
အရှေ့မြောက် ဒေသ တွင် ကစားနည်း တစ်မျိုး ရှိပြီး ဆောင်းရာသီ တွင် ရေခဲပြင် ပေါ်၌ အပေါက်ငယ် တစ်ခု တူးထားကာ ခရီးသွား များ အနေဖြင့် အခြားသူများ၏ အကူအညီ မပါဘဲ ထိုအပေါက်ထဲမှ လွတ်မြောက်ရန် အလွန် ခဲယဉ်း လှပေသည်။
ဤမျှလောက် မြင့်မားသော ရေခဲမြစ် များကို ဆိုလျှင်တော့ ပို၍ပင် ပြောနေစရာ မလိုတော့ချေ။ တောင်တက် ပစ္စည်းများ မရှိဘဲ လုံးဝ တက်၍ မရနိုင်ချေ။
အချိန်သိပ်မကြာခင်မှာပင် ရွှီယန်က ပစ်မှတ် ဧရိယာ သို့ ရောက်ရှိ လာခဲ့လေသည်။ ချိုင့်ဝင် နေသော ရေခဲ အက်ကွဲကြောင်း တစ်ခု ထဲတွင် သန်စွမ်းသော အရွယ်ရောက်ပြီးသည့် ဝင်ရိုးစွန်းဝက်ဝံ တစ်ကောင် ပိတ်မိ နေပြီး အပေါ်သို့ တက်ရန် အဆက်မပြတ် ကြိုးစား နေသည်ကို မြင်တွေ့ လိုက်ရလေသည်။
"ဝင်ရိုးစွန်းဝက်ဝံ နောက်တစ်ကောင် ပဲ..."
"ပိတ်မိ နေပုံရတယ်..."
ရွှီယန်က အမြဲတမ်း အတိုင်းပင် အခုမှ ရှာတွေ့သည့် အလား ဟန်ဆောင် လိုက်လေသည်။
အင်တာနက်သုံးစွဲသူများ က ဒရုန်းကင်မရာ၏ မြင်ကွင်း ထဲမှ တစ်ဆင့် ရှင်းလင်းစွာ မြင်တွေ့ နေရလေသည်။
[တကယ်ကြီး ဝင်ရိုးစွန်းဝက်ဝံ ပဲ]
[အပြင်ထွက်လို့ မရတော့တဲ့ ပုံပဲ]
[ဒါ ဘယ်လို လုပ်ကြမလဲ... ကယ်ဆယ်ရေး အဖွဲ့ ကို ခေါ်ရတော့မှာပေါ့]
ထိုစဉ်မှာပင် ရွှီယန်က ရေခဲ အက်ကွဲကြောင်း ၏ ဘေးနားသို့ ရောက်ရှိ သွားပြီး အောက်ဘက်သို့ လှမ်းကြည့် လိုက်လေသည်။ သူက အလွန် သတိထား လေသည်။
တကယ်လို့များ အောက်သို့ ပြုတ်ကျ သွားပါက သူ တကယ်ကြီး သေဆုံး သွားနိုင်ချေ ရှိလေသည်။
ဤအချိန်တွင် ဝင်ရိုးစွန်းဝက်ဝံ က အပေါ်ဘက် တွင် လှုပ်ရှားမှု ရှိနေသည်ကို ကြားလိုက်ရပြီး အထက်သို့ ချက်ချင်း မော့ကြည့် ကာ ရွှီယန်ကို ကြည့်ရှု လိုက်လေသည်။
အကြည့်ချင်း ဆုံတွေ့ လိုက်ရပြီးနောက် ဤဝင်ရိုးစွန်းဝက်ဝံ၏ မျက်လုံးများ ထဲတွင် ကြမ်းကြုတ်မှု နှင့် ရူးသွပ်မှု များကို ရွှီယန် မြင်တွေ့ လိုက်ရလေသည်။
အခြေအနေ သိပ်မဟန်ချေ။
ဤဝင်ရိုးစွန်းဝက်ဝံ က မနေ့က ဝင်ရိုးစွန်းဝက်ဝံ နှစ်ကောင် နှင့် လုံးဝ မတူညီချေ။ ၎င်းက မြောက်ဝန်ရိုးစွန်း အရှင်သခင် ၏ အငွေ့အသက် များနှင့် ပိုမို ကိုက်ညီ နေလေသည်။
ဝင်ရိုးစွန်းဝက်ဝံ၏ မျက်လုံးများ ထဲတွင် ကြမ်းကြုတ်သော အရိပ်အယောင် များ ထွက်ပေါ် နေပြီး အစွယ်များကို လည်း ပေါ်လွင်အောင် ပြသ နေလေသည်။
ရွှီယန်က ဤဝင်ရိုးစွန်းဝက်ဝံ သည် အလွန် ကြမ်းကြုတ်ကြောင်း ညည်းညူ ပြောဆို လိုသော်ငြားလည်း နောက်တစ်စက္ကန့် တွင် ဝင်ရိုးစွန်းဝက်ဝံ က ရေခဲ အက်ကွဲကြောင်း ၏ အစောင်း မျက်နှာပြင် ရှိရာသို့ ရုတ်တရက် အရှိန်ပြင်းစွာ ပြေးဝင် လာသည်ကို မြင်တွေ့ လိုက်ရလေသည်။
ဤတစ်ကြိမ်တွင် ၎င်းက လှုံ့ဆော်မှု တစ်ခုခု ခံလိုက်ရသည့် အလား အမြန်နှုန်း နှင့် ခွန်အား က သိသာ ထင်ရှားစွာ ပိုမို မြန်ဆန် လာခဲ့လေသည်။
"ဒုက္ခပဲ..."
ရွှီယန်၏ အန္တရာယ် အာရုံခံနိုင်စွမ်း က ချက်ချင်းပင် ပွင့်ထွက် လာခဲ့ပြီး အလွန် ပြင်းထန် လှပေသည်။ ဝင်ရိုးစွန်းဝက်ဝံ က အထက်သို့ ရူးသွပ်စွာ တက်လာပြီး အချိန် အတော်များများ တွင် မူလ နေရာ၌ပင် ပွတ်တိုက် နေသော်ငြားလည်း ၎င်းက ခက်ခဲ ပင်ပန်းစွာဖြင့် အထက်သို့ ရောက်ရှိ လာခဲ့လေသည်။
ဝင်ရိုးစွန်းဝက်ဝံ အပေါ်သို့ ရောက်ရှိ လာသည်ကို မြင်သောအခါ ရွှီယန်၏ ရင်ထဲတွင် လန့်ဖြတ် သွားခဲ့လေသည်။ တစ်ဖက်မှ 'လူကောင်းကတ်' ကို အသုံးပြု လိုက်ပြီး တစ်ဖက်မှ လည်း အနောက်သို့ ဆုတ်ခွာရန် ဟန်ပြင် လိုက်လေသည်။
ထို့နောက် မျှော်လင့် မထားသော အသံ တစ်သံ က ရွှီယန်၏ ခေါင်းထဲတွင် ထွက်ပေါ် လာခဲ့လေသည်။
[ဝင်ရိုးစွန်းဝက်ဝံ သည် ဆာလောင် မွတ်သိပ် ပြီး ရူးသွပ် နေသော အခြေအနေ တွင် ရှိနေသဖြင့် လူကောင်းကတ် အသုံးပြု၍ မရနိုင်ပါ]
ဤစကားကို ကြားသောအခါ ရွှီယန် အနေဖြင့် အေးစိမ့်သော လေအေး တစ်ချက် က ခြေဖဝါး မှတစ်ဆင့် ထွက်ပေါ် လာပြီး ဦးခေါင်း ထိပ်အထိ တိုက်ရိုက် ပျံ့နှံ့ သွားသည်ဟု ခံစား လိုက်ရလေသည်။
'လခွမ်း... စနစ်... နောက်နေတာလား...'
'လူကောင်းကတ် အသုံးပြုလို့ မရဘူး ဟုတ်လား...'
'ဒါ ဝင်ရိုးစွန်းဝက်ဝံ ကြီး နော်...'
ဤအကောင်၏ ခန္ဓာကိုယ် အလေးချိန် က အရှေ့မြောက်ကျား ထက်ပင် ပိုမို ကြီးမား လေသည်။
ကံကောင်းစွာဖြင့် ရွှီယန်၏ တုံ့ပြန်မှု က အလွန် မြန်ဆန် လှပေရာ လူကောင်းကတ် အသုံးပြု၍ မရကြောင်း သိရှိ လိုက်ရသည် နှင့် တစ်ပြိုင်နက် ခြေကုန်သုတ် ကာ ထွက်ပြေး တော့သည်။ လတ်တလော တွင် ရပ်တန့် နေရန် အချိန် အနည်းငယ်မျှ ပင် မရှိတော့ချေ။
ထွက်ပြေး ရုံသာ ရှိတော့သည်။
ဝင်ရိုးစွန်းဝက်ဝံ က တကယ်ကို ကြမ်းကြုတ် လှပေရာ အပြင်သို့ ထွက်လာသည် နှင့် တစ်ပြိုင်နက် ရွှီယန် ရှိရာသို့ ချက်ချင်းပင် အရူးအမူး ပြေးဝင် လာခဲ့လေသည်။
ဒရုန်းကင်မရာ က ဤမြင်ကွင်းကို ရိုက်ကူး နေလေသည်။
ရွှီယန်ကို အနောက်မှ လိုက်လံ ဖမ်းဆီး နေသော ဝင်ရိုးစွန်းဝက်ဝံ ကို မြင်တွေ့ ရသော အခါ အင်တာနက်သုံးစွဲသူများ မှာ ဦးရေပြား များ ထုံကျဉ် သွားသည် ဟုသာ ခံစား လိုက်ကြရလေသည်။
ဤဝင်ရိုးစွန်းဝက်ဝံ ၏ အရပ် က အနည်းဆုံး နှစ်မီတာ ခွဲကျော်ခန့် ရှိပြီး ခန္ဓာကိုယ် က လူထက် အများကြီး ပိုမို ထွားကျိုင်း သန်စွမ်း ကာ ခံစားချက် မရှိသော စစ်ပွဲဝင် စက်ရုပ်ကြီး တစ်ရုပ် နှင့် အလားသဏ္ဌာန် တူလေသည်။
၎င်းက ရွှီယန် ရှိရာသို့ အရူးအမူး ပြေးဝင် လာပြီး ကြောက်စရာ ကောင်းသော မျက်နှာ အမူအရာ က လူကို တစ်ကိုယ်လုံး ချမ်းစိမ့် သွားစေလေသည်။
ဤမျှလောက် ကြောက်စရာ ကောင်းသော ကိစ္စရပ် မျိုးကို ရွှီယန် တကယ်ကြီး ကြုံတွေ့ ရလိမ့်မည် ဟု မည်သူကမျှ တွေးတော ထင်မှတ် မထားခဲ့ကြချေ။
ကံကောင်းစွာဖြင့် ရွှီယန်၏ တုံ့ပြန်မှု ကလည်း အလွန် မြန်ဆန် လှပေသည်။ ညီညာသော မြေပြင်ပေါ်တွင် ဝင်ရိုးစွန်းဝက်ဝံ ၏ အမြန်နှုန်း ကို သူ ယှဉ်နိုင်မည် မဟုတ်ကြောင်း ကို သူ သိရှိ ထားလေသည်။
ထို့ကြောင့် ရွှီယန် က စောစောက သူ တက်လာခဲ့သော ရေခဲမြစ် ၏ အစောင်း မျက်နှာပြင် ရှိရာသို့ တိုက်ရိုက် ဦးတည် သွားတော့သည်။
ထိုနေရာ ကသာ အသက်ရှင် လွတ်မြောက် နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ပင်ဖြစ်သည်။
ဤရှားပါးအဆင့် ရတနာရှာဖွေရေး တာဝန် က ကယ်ဆယ်ရေး အဖွဲ့ကို ခေါ်ဆောင် လာရုံဖြင့် အလွယ်တကူ ပြီးမြောက် နိုင်မည် မဟုတ်ကြောင်း သေချာ သွားခဲ့လေပြီ။
ဤဝင်ရိုးစွန်းဝက်ဝံ က ကယ်ဆယ်ရေး ကို စောင့်နေခြင်း မဟုတ်ဘဲ အစာစား ရန် စောင့်နေခြင်း သာဖြစ်လေသည်။
ရွှီယန် ၏ ခြေလှမ်းများ က အလွန် မြန်ဆန် လှပေရာ ကျောပိုးအိတ် ကိုပင် တိုက်ရိုက် ပစ်ချ ခဲ့ပြီး ဆောင်းတွင်းဝတ် အင်္ကျီထူထူ ကြီးကို ပါ အလျင်အမြန် ချွတ်ချ လိုက်လေသည်။
ဤအချိန် တွင် တကယ်ကို မတတ်နိုင်တော့ချေ။ အင်္ကျီထူထူ ကြီးကို ဝတ်ဆင် ထားရခြင်း က အလွန် အနှောင့်အယှက် ဖြစ်စေလေသည်။
အင်တာနက်သုံးစွဲသူများ မှာ ပါးစပ်အဟောင်းသား မျက်လုံးအပြူးသား ဖြင့် ဤမြင်ကွင်း ကို ကြည့်ရှု နေကြလေသည်။ အားလုံး၏ စိတ်ထဲတွင် အတွေး တစ်ခုတည်း သာ ရှိနေလေသည်။
'ဒီတစ်ကြိမ် လောင်ရွှီ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက် နိုင်ပါဦးမလား…’
အခန်း ၄၆၆။ ဒါက ငါပြဿနာရှာချင်လို့လား... စနစ်က ပြဿနာရှာနေတာလေ
ရေခဲမြစ်နှင့် ဆီးနှင်းပြင်များထက်တွင် အကြိတ်အနယ် လိုက်လံဖမ်းဆီးမှု တစ်ခုက ဖြစ်ပွားနေလေ၏။
အင်တာနက်သုံးစွဲသူများ အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု လုံးဝ တွေးတောထင်မှတ် မထားခဲ့ကြချေ။
ရွှီယန်ကို ဝင်ရိုးစွန်းဝက်ဝံက အရူးအမူး လိုက်လံဖမ်းဆီး နေလေသည်။
ဝင်ရိုးစွန်းဝက်ဝံက မည်သို့ပင်ဖြစ်စေ မြောက်ဝန်ရိုးစွန်း၏ အရှင်သခင် ဖြစ်ရာ ရွှီယန်က မျက်နှာချင်းဆိုင် အသေအလဲ တိုက်ခိုက်ပါက သေချာပေါက် အနိုင်ရနိုင်မည် မဟုတ်ချေ။
ကံကောင်းသည်က ရွှီယန် ပြေးလွှားသော အမြန်နှုန်းက အလွန် မြန်ဆန်လှပေသည်။
သူ ဖြတ်သန်းသွားသော နေရာများတွင် ရေခဲမှုန်များ လွင့်စင်ထွက်ပေါ် သွားလေသည်။
[လခွမ်း]
[လိုက်ဖ်လွှင့်တဲ့ အခန်းထဲကို အခုမှ ဝင်လာတာ... ဘာတွေ ဖြစ်ကုန်တာလဲ... အဲဒါ တကယ်ကြီး ဝင်ရိုးစွန်းဝက်ဝံ အစစ်ကြီးလား]
[အစ်ကိုယန်... မင်း ဘာတွေ လုပ်နေပြန်တာလဲ]
[ဒီတစ်ခါတော့ တကယ် သေတော့မယ် ထင်တယ်]
အားလုံးက ကြည့်လေ ပို၍ စိုးရိမ်ထိတ်လန့်လာလေ ဖြစ်ကြပြီး အသက်ရှူရန်ပင် မေ့လျော့နေသည့်အလား အသက်ရှူ ရပ်တန့်လုနီးပါး ဖြစ်နေကြလေသည်။
လူတိုင်း၏ အာရုံစိုက်မှုက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် လုံးဝ နစ်မြုပ်နေကြလေသည်။
မြင်ကွင်းက ကြည့်ရသည်မှာ အလွန်တရာ အရေးပေါ် အခြေအနေ ဖြစ်နေလေသည်။
ရွှီယန်နှင့် ဝင်ရိုးစွန်းဝက်ဝံ တို့၏ အမြန်နှုန်းက အလွန် မြန်ဆန်လှပေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ရွှီယန်က အားကုန်သုံး၍ ပြေးလွှားနေလေသည်။
ဤသည်က သူ့ဘဝတွင် အသက်ကို ဖက်နှင့်ထုပ်ကာ အပြေးရဆုံး အကြိမ်ဖြစ်ကြောင်း သူ သိရှိထားလေသည်။
'အသက်ကို ဖက်နဲ့ထုပ်ပြီး မပြေးလို့ မဖြစ်ဘူးလေ... ဆက်မပြေးရင် အသက် တကယ်ကြီး ပါသွားတော့မှာ...'
ကံကောင်းသည်က သူ ဝတ်ဆင်ထားသော နှင်းဖိနပ်များက စနစ်မှ ချီးမြှင့်ထားသော အထူး အထောက်အကူပြု ပစ္စည်းဖြစ်ပြီး ချော်မလဲအောင် ကာကွယ်ပေးနိုင်စွမ်း အလွန် မြင့်မားလှပေသည်။
ဤသည်ကလည်း သူ ဆီးနှင်းပြင်ပေါ်တွင် လျင်မြန်စွာ ပြေးလွှားနိုင်ရခြင်း၏ အကြောင်းရင်း ပင်ဖြစ်သည်။
ရွှီယန်က အရူးအမူး ပြေးလွှားနေရင်း အနောက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်လေသည်။
ဝင်ရိုးစွန်းဝက်ဝံက ခံစားချက် ကင်းမဲ့သော သားရဲတိရစ္ဆာန် တစ်ကောင်နှင့် အလားသဏ္ဌာန် တူနေပြီး ၎င်း၏ မျက်လုံးများထဲတွင် အစားအစာ အပေါ် လိုလား တောင့်တမှုများသာ ရှိနေလေသည်။
ထို့အပြင် ရွှီယန် ပြေးလွှားသော အမြန်နှုန်းက အလွန် မြန်ဆန်သော်ငြားလည်း ဝင်ရိုးစွန်းဝက်ဝံက ကြည့်လေ ပို၍ နီးကပ်လာလေ ဖြစ်နေလေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ရွှီယန်၏ လက်ထဲ၌ တောင်တက်ပုဆိန် နှစ်လက် ရှိနေပြီး ဘောင်းဘီတွင်လည်း ဓားမြှောင် တစ်လက် ထိုးထားသေးလေသည်။
သို့သော် ဤကိရိယာ အနည်းငယ်ဖြင့် ဝင်ရိုးစွန်းဝက်ဝံကို ယှဉ်ပြိုင် တိုက်ခိုက်၍ မရနိုင်ချေ။
ဝင်ရိုးစွန်းဝက်ဝံ၏ ခွန်အားက အရှေ့မြောက်ကျား ထက်ပင် နိမ့်ကျနေခြင်း မရှိချေ။
အရှေ့ဘက်တွင် ကြီးမားလှသော ရေခဲမြစ် အစောင်း မျက်နှာပြင် တစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ရွှီယန်က အလောတကြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အင်တာနက်သုံးစွဲသူများမှာ မနေနိုင်ဘဲ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားမိကြပြီး လက်ဖဝါး တစ်ပြင်လုံး ချွေးများ ရွှဲနစ်နေလေသည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။
ဤအချိန်တွင် ဝင်ရိုးစွန်းဝက်ဝံက ရွှီယန်နှင့် အလွန် နီးကပ်နေပြီ ဖြစ်လေသည်။
ရွှီယန်က ရေခဲမြစ် အစောင်း မျက်နှာပြင်နှင့် ကြည့်လေ ပို၍ နီးကပ်လာလေဖြစ်ပြီး နောက်ဆုံး အခိုက်အတန့်တွင် အားကုန်သုံး၍ ခုန်ချလိုက်ကာ ရေခဲမြစ် အစောင်း မျက်နှာပြင်ပေါ်သို့ ခုန်ဆင်းသွားလေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်က အစောင်း မျက်နှာပြင် ပေါ်မှ အလျင်အမြန် လျှောကျသွားပြီး ပတ်ဝန်းကျင်ရှိ ဆီးနှင်းများက သူ့နှင့်အတူ ရောနှော၍ လျှောကျလာခဲ့လေသည်။
ဆာလောင်လွန်း၍ ရူးသွပ်နေသော ထိုဝင်ရိုးစွန်းဝက်ဝံက လုံးဝ ရပ်တန့်မသွားခဲ့ချေ။
၎င်းကလည်း ရေခဲမြစ်ပေါ်မှ တိုက်ရိုက်ပင် လျှောချလာခဲ့လေသည်။
ဤပုံစံကို ကြည့်ရသည်မှာ ၎င်းက ရွှီယန်ကို လုံးဝ လက်လွှတ်ပေးရန် ရည်ရွယ်ထားပုံ မပေါ်ချေ။
ရွှီယန်က ဤမြင်ကွင်းကို သတိထားမိ သွားသောအခါ တစ်ပတ် လှည့်လိုက်ပြီး တောင်တက်ပုဆိန်ကို ရေခဲပြင်ထဲသို့ အားကုန်သုံး၍ စိုက်ချလိုက်လေသည်။
"ရွှမ်း... ရွှမ်း..."
တစ်ခဏချင်း အတွင်းမှာပင် ရေခဲမှုန် အမြောက်အမြားက လေးဘက်လေးလံသို့ လွင့်စင် ထွက်ပေါ်သွားလေသည်။
ရွှီယန်၏ အမြန်နှုန်းက လျော့ကျသွားခဲ့လေသည်။
ဝင်ရိုးစွန်းဝက်ဝံ ကတော့ ရွှီယန်၏ ဘေးနားမှ လျှောကျ သွားတော့သည်။
လျှောကျသွားစဉ် အတွင်း ၎င်းက ရွှီယန်ကို ပါးစပ်ကြီးဟကာ ကိုက်ဖြတ်ရန်ပင် ကြိုးစားနေသေးလေသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော အင်တာနက်သုံးစွဲသူများမှာ ခြေဖျားလက်ဖျားများပင် အေးစက် သွားကြလေသည်။
အားလုံး၏ စိတ်ထဲတွင် စကားလုံး တစ်လုံးတည်းသာ ရှိနေလေသည်။
တကယ် ကြမ်းတာပဲ။
ရွှီယန်က တောင်တက်ပုဆိန်ကို အားပြုကာ ခန္ဓာကိုယ်ကို ရေခဲမြစ်ပေါ်တွင် ရပ်တန့်ထားနိုင်ခဲ့လေသည်။
ဝင်ရိုးစွန်းဝက်ဝံ ကတော့ ရေခဲမြစ် အစောင်း မျက်နှာပြင်ပေါ်တွင် ရပ်တန့်၍ မရနိုင်ဘဲ ဆီးနှင်းများနှင့် အတူ အောက်ဘက်သို့ အဆက်မပြတ် လျှောကျ သွားရတော့သည်။
ရွှီယန်က နောက်လှည့်၍ ဝင်ရိုးစွန်းဝက်ဝံကို တစ်ချက် ကြည့်လိုက်ပြီးနောက် အစောင်း မျက်နှာပြင် အတိုင်း အထက်သို့ စတင် တွယ်တက် သွားလေသည်။
ဤအချိန်တွင်မှ အင်တာနက်သုံးစွဲသူများ လည်း အကြောက်လွန်ခြင်းမှ ပြန်လည် သတိဝင်လာကြလေသည်။
[လောင်ရွှီ က တကယ်ကို ကြမ်းတာပဲ... ငါ့ကို လန့်သေအောင် လုပ်နေတာလား]
[အရမ်းကြမ်းတယ်... တောရိုင်း ဝင်ရိုးစွန်းဝက်ဝံ ရဲ့ လိုက်လံ ဖမ်းဆီးမှုကို ခံရတာတောင် သူ အသက်ရှင် လွတ်မြောက်လာနိုင်သေးတယ်]
[လခွမ်း... ရုပ်ရှင် ရိုက်တာထက် တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းသေးတယ်]
[ဆရာကြီး က အမြဲတမ်း ဆရာကြီး ပဲ]
[ပြိုင်ဘက်ကင်းပဲ... တကယ်ကို အစွမ်းထက် လွန်းတယ်]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကွန်မန့်စာသားများက အရူးအမူး လိမ့်တက် နေလေသည်။
ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်သည်မှာ ကြာပြီဖြစ်ပြီး လိုက်ဖ်လွှင့်သည်နှင့် တစ်ပြိုင်နက် ကိစ္စကြီး တစ်ခုကို ဖန်တီး လိုက်ခြင်း ပင်ဖြစ်သည်။
'ဒါက ငါ ပြဿနာရှာချင်လို့များလား... စနစ်က ပြဿနာရှာနေတာလေ...' ဟု ရွှီယန်က စိတ်ထဲမှ တွေးတော လိုက်လေသည်။
'ငါက ဝင်ရိုးစွန်းဝက်ဝံကို ကယ်ဆယ်ရမယ် ထင်နေတာ... ရလဒ်အနေနဲ့ ဝင်ရိုးစွန်းဝက်ဝံကို ငါ့ကိုယ်ငါ အစာကျွေးရမလို ဖြစ်နေပြီ...'
'ယုတ္တိကို မရှိဘူး...'
ရွှီယန်က တောင်တက်ပုဆိန်ကို အသုံးပြုကာ တစ်လျှောက်လုံး အထက်သို့ တွယ်တက် သွားလေသည်။ ကံကောင်းသည်က သူ၏ စိတ်ဓာတ် ခံနိုင်ရည်က အတော်လေး တည်ငြိမ်သဖြင့် အထက်သို့ တွယ်တက်ရာတွင် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ချေ။
အချိန်သိပ်မကြာခင်မှာပင် ရေခဲမြစ် အစောင်း မျက်နှာပြင် ပေါ်မှ အထက်သို့ ရောက်ရှိလာခဲ့လေသည်။
အောက်သို့ လျှောကျ သွားသော ဝင်ရိုးစွန်းဝက်ဝံ ကတော့ အရူးအမူး ဟိန်းဟောက် နေဆဲဖြစ်ပြီး အထက်သို့ တွယ်တက်ကာ ရွှီယန်ကို တိုက်ခိုက်ရန် ကြိုးစားနေဆဲ ပင်ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ဤကဲ့သို့သော အစောင်း မျက်နှာပြင်မျိုးကို ၎င်း အနေဖြင့် တက်နိုင်မည် မဟုတ်ချေ။
"တကယ်ကို အန္တရာယ် များလွန်းတယ်... ကျွန်တော့်ရဲ့ ဖိနပ်က ချော်မလဲလို့ တော်သေးတယ်... ဆီးနှင်းပြင် ပေါ်မှာ အမြန် ပြေးနိုင်လို့..."
"အဲဒီလိုမှ မဟုတ်ရင် တကယ်ကြီး ဝင်ရိုးစွန်းဝက်ဝံ ရဲ့ အစာ ဖြစ်သွားလောက်ပြီ..."
ရွှီယန်က အထက်သို့ ရောက်ရှိလာပြီးနောက် သေဘေးမှ လွတ်မြောက်လာသည့်အလား ခံစားချက်ဖြင့် ညည်းညူ ပြောဆိုလိုက်လေသည်။
ယခုအခါ သူက အနွေးထည် ဆွယ်တာအင်္ကျီ ပါးပါး တစ်ထည်တည်း ကိုသာ ဝတ်ဆင်ထားပြီး မြောက်ဝန်ရိုးစွန်း ၏ ဤနေရာတွင် အနည်းငယ်တော့ ချမ်းအေး နေဆဲ ပင်ဖြစ်သည်။
သူ လွှင့်ပစ်ခဲ့သော ကိရိယာ ပစ္စည်းများကို ပြန်လည် ရှာဖွေရန် သွားရမည် ဖြစ်လေသည်။
ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက လုံးဝ ပေါက်ကွဲ ထွက်နေပြီ ဖြစ်လေသည်။
ကွန်မန့်စာသားများ လိမ့်တက်နေသော အမြန်နှုန်းက အလွန် မြန်ဆန် လှပေသည်။
တစ်ချိန်တည်းတွင် ကြည့်ရှုနေသူ အရေအတွက် ကလည်း အလွန် များပြား လွန်းလှပေသည်။
[အသက်ရှင် နိုင်တာက တကယ်ကို ကံကောင်းလွန်းလို့ပဲ]
[ငါက အသားကျ နေပြီလို့ ထင်မှတ် ထားခဲ့တာ... ဒါပေမဲ့ စောစောက လက်တွေ တုန်နေတုန်းပဲ]
[ပွင့်ပွင့်လင်းလင်း ပြောရရင် လိုက်ဖ်လွှင့် နေတာသာ မဟုတ်ဘူး ဆိုရင် ဝင်ရိုးစွန်းဝက်ဝံ က လောင်ရွှီ ရဲ့ ပြိုင်ဘက် ဟုတ်ချင်မှ ဟုတ်မှာ... သူ သေချာပေါက် လျှို့ဝှက် ကွက်တွေ ချန်ထားမှာပဲ]
[ငါလည်း အဲဒီလိုပဲ ထင်တယ်... သူ့မှာ သေချာပေါက် စွမ်းရည်တွေ ရှိတယ်]
အားလုံးက အသီးသီး ဆွေးနွေး ပြောဆို နေကြလေသည်။
ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ အခြေအနေကို ဂရုစိုက်ရန် စိတ်ဝင်စားမှု မရှိတော့ချေ။
သူက နောက်ကြောင်းပြန်ကာ လျှောက်သွား လိုက်လေသည်။
မြေပြင်ပေါ်ရှိ ရှုပ်ပွနေသော ခြေရာများကို ကြည့်ခြင်းအားဖြင့် စောစောက လိုက်လံ ဖမ်းဆီးမှု မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းခဲ့သနည်း ဆိုတာကို သိမြင် နိုင်လေသည်။
ဤအချိန်တွင် စနစ်၏ ဆုလာဘ် ချီးမြှင့်သံ ကလည်း ထွက်ပေါ် လာခဲ့လေသည်။
[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါပြီ]
[ဆုလာဘ် ရရှိပါသည်... ကျွမ်းကျင်မှု... နှင်းလျှောစီးခြင်း အထူး ကျွမ်းကျင်မှု... ပိုင်ရှင် သည် နှင်းလျှောစီးခြင်း နည်းစနစ် များကို ကျွမ်းကျင်စွာ တတ်မြောက် သွားပါသည်]
[ရှားပါး အထောက်အကူပြု ပစ္စည်း... သားရဲတိရစ္ဆာန် ခြိမ်းခြောက်ရေး ကတ်... အသုံးပြုပြီး နာရီဝက် အတွင်း ပိုင်ရှင် သည် သားရဲတိရစ္ဆာန် ဘုရင် ၏ အငွေ့အသက် ကို ရရှိမည် ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ တောရိုင်း တိရစ္ဆာန်များကို ခြိမ်းခြောက် နိုင်မည် ဖြစ်သည်... အသုံးပြု နေစဉ် အတွင်း အလိုအလျောက် ပိတ်ပစ် နိုင်ပါသည်]
[စူပါ အနွေးဓာတ် ပေးသော ဆောင်းတွင်းဝတ် အင်္ကျီထူထူ တစ်ထည်... အလွန် ကောင်းမွန်သော ဆောင်းတွင်းဝတ် အင်္ကျီထူထူ ဖြစ်ပြီး အနွေးဓာတ် ပေးနိုင်စွမ်း အလွန် ကောင်းမွန် ကာ ချမ်းအေးသော ဒေသများ တွင်ပင် နွေးထွေးမှုကို ထိန်းသိမ်း ထားနိုင်ပါသည်]
ဤတာဝန်၏ အခက်အခဲ က နောက်ဆုံး ဝင်ရိုးစွန်းဝက်ဝံ၏ ခြေရာခံ လိုက်လံ ဖမ်းဆီးမှုမှ ထွက်ပြေး လွတ်မြောက်ရန် သာဖြစ်လေသည်။
ပွင့်ပွင့်လင်းလင်း ပြောရမည် ဆိုလျှင် ရွှီယန်၏ ထံတွင် ကျွမ်းကျင်မှု စွမ်းရည်များ အများအပြား ရှိနေသော်ငြားလည်း ကြမ်းကြုတ်သော ဝင်ရိုးစွန်းဝက်ဝံ ကို ရင်ဆိုင်ရန် နည်းလမ်း တကယ်ကို များများစားစား မရှိချေ။
တကယ်တမ်း တွင် ရွှီယန်၏ ကျောပိုးအိတ် ထဲ၌ အချက်ပြ မီးကျည် သေနတ် တစ်လက် ရှိနေလေသည်။
အန္တရာယ် နှင့် ရင်ဆိုင်ရပါက အရေးပေါ် အသုံးပြုရန် ဖြစ်လေသည်။
သို့သော် သူ တွေးတော ကြည့်လိုက်ရာ အချက်ပြ မီးကျည် သေနတ် က ဝင်ရိုးစွန်းဝက်ဝံ အပေါ် အသုံးဝင်ဦးမည်ဟု ယူဆမိလေသည်။
ထို့ကြောင့် အလုံခြုံဆုံးသော ထွက်ပြေးမည့် နည်းလမ်းကို ရွေးချယ် လိုက်ခြင်း ပင်ဖြစ်သည်။
အချိန်သိပ်မကြာခင်မှာပင် ရွှီယန်က သူ၏ ဆောင်းတွင်းဝတ် အင်္ကျီထူထူ ကြီးနှင့် ကျောပိုးအိတ် ကို ပြန်လည် ကောက်ယူ ရရှိသွားခဲ့လေသည်။
သူက အင်္ကျီကို သေချာစွာ ဝတ်ဆင် လိုက်ပြီး ကျောပိုးအိတ် ကို လွယ်ကာ မြောက်ဝန်ရိုးစွန်း စက်ဝိုင်း ခရီးစဉ်ကို အဆုံးသတ်ရန် ရည်ရွယ် လိုက်လေသည်။
ဤနေရာက အတော်လေး အန္တရာယ် များနေဆဲ ပင်ဖြစ်သည်။
ထို့အပြင် အများကြီး ကြည့်ရှုစရာ မရှိချေ။
သေချာသည် ကတော့ ထွက်ခွာမည့် လမ်းတစ်လျှောက် တွင် စောစောက ဝင်ရိုးစွန်းဝက်ဝံ ကို သတိထားရမည် ဖြစ်လေသည်။
ဝင်ရိုးစွန်းဝက်ဝံ က အချိန်အကြာကြီး အစာမစားရ ပါက မည်သည့် ကိစ္စရပ် ကိုမဆို လုပ်ဆောင် နိုင်စွမ်း ရှိလေသည်။
ဥပမာအားဖြင့် ယခင်က ဓာတ်ပုံဆရာ တစ်ယောက် ရိုက်ကူး မိခဲ့ဖူးလေသည်။ ဝင်ရိုးစွန်းဝက်ဝံ တစ်ကောင်က အလွန် ငယ်ရွယ်သော လူသတ်လင်းပိုင် တစ်ကောင်ကို ဖမ်းဆီး မိခဲ့ပြီး ရေခဲတုံး ပေါ်သို့ ဆွဲတင် ကာ အားပါးတရ စားသောက် နေခဲ့လေသည်။
ထိုစဉ် ပတ်ဝန်းကျင် တွင် အရွယ်ရောက်ပြီးသော လူသတ်လင်းပိုင် အများအပြား က ရေပေါ်သို့ ပေါ်လာကာ ၎င်းကို အဆက်မပြတ် ခြိမ်းခြောက် နေခဲ့ကြလေသည်။
လူသတ်လင်းပိုင် က အလွန် ဉာဏ်ရည် မြင့်မားပြီး သမုဒ္ဒရာ ၏ အရှင်သခင် ဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုး တွင် ဝင်ရိုးစွန်းဝက်ဝံ သာ ရေထဲ ဆင်းသွားပါက အန္တရာယ် ရှိနိုင်လေသည်။
သို့သော် ၎င်း အနေဖြင့် ဤအရာများကို ဂရုမစိုက် နိုင်တော့ချေ။
အစာ မစားရသည်မှာ ကြာပြီ ဖြစ်ရာ မတတ်နိုင်သောကြောင့် ပင်ဖြစ်သည်။
ရွှီယန်က မူလ လမ်းကြောင်း အတိုင်း နောက်ကြောင်း ပြန်လှည့် လာခဲ့ရာ ဤတစ်ကြိမ် တွင်တော့ အနည်းငယ် ပိုမို သတိထား လာခဲ့လေသည်။
ဒရုန်းကင်မရာ ကို လည်း အမြင့်သို့ ပျံတက် စေကာ ပတ်ဝန်းကျင် တွင် အန္တရာယ် ရှိမရှိ အတည်ပြု စစ်ဆေး လိုက်လေသည်။
ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်များ နှင့် ရင်ဆိုင် ရရာတွင် လူကောင်းကတ် ပင်လျှင် အသုံးမဝင် ဖြစ်သွားလိမ့်မည် ဟု သူ ထင်မှတ် မထားခဲ့ချေ။
ဤသည်က သူ၏ အကြီးမားဆုံးသော နောက်ဆုံး လက်နက်ကြီး ပင်ဖြစ်သည်။
နောက်ပိုင်း တွင် ပိုမို သတိထားရမည် ဖြစ်ကြောင်း ခန့်မှန်းရလေသည်။
ကံကောင်းစွာဖြင့် တစ်လျှောက်လုံး အန္တရာယ်ကင်းစွာ ဖြတ်သန်း လာနိုင်ခဲ့လေသည်။
အပြန်လမ်း တွင် ရွှီယန်က ဝင်ရိုးစွန်းဝက်ဝံ ကို ထပ်မံ မတွေ့ရတော့ချေ။
ထိုဝင်ရိုးစွန်းဝက်ဝံ က အခြား နေရာသို့ အမဲလိုက်ရန် ထွက်သွားခြင်း လည်း ဖြစ်နိုင်လေသည်။
သို့သော် ချစ်စရာ ကောင်းသော မြောက်ဝန်ရိုးစွန်း မြေခွေး တစ်ကောင် ကိုတော့ သူ ဆုံတွေ့ ခဲ့ရလေသည်။
အမွေးအမျှင်များ က ဖြူဖွေး နေပြီး ကြည့်ရသည်မှာ ဖောင်းကား ဖောင်းကား လေး ဖြစ်လေသည်။
ဤမြောက်ဝန်ရိုးစွန်း မြေခွေး က ခေါင်းငုံ့ ကာ ဆီးနှင်းပြင် ကို ကြည့်ရှု နေပြီးနောက် ရုတ်တရက် အထက်သို့ ခုန်တက် သွားကာ တစ်ကိုယ်လုံး ဆီးနှင်းပြင် ထဲသို့ ထိုးစိုက် ဝင်ရောက် သွားလေသည်။
လှုပ်ယမ်း နေသော ခြေထောက်များ ကို ကြည့်ခြင်း အားဖြင့် ၎င်း အနေဖြင့် တစ်ကိုယ်လုံး အားကုန် သုံးနေကြောင်း ခန့်မှန်းရလေသည်။
အချိန်သိပ်မကြာခင်မှာပင် ၎င်းက ပါးစပ် ထဲတွင် ကြွက်တစ်ကောင် ကို ကိုက်ချီ ကာ ဆီးနှင်းပြင် ထဲမှ ဆွဲထုတ် လာသည်ကို မြင်တွေ့ လိုက်ရလေသည်။
၎င်းတို့ က ဆီးနှင်းပြင် အောက်ဘက်ရှိ ကြွက်များကို မည်သို့ ရှာဖွေ တွေ့ရှိ ကြသနည်း ဆိုတာကို မသိရှိရချေ။
မြောက်ဝန်ရိုးစွန်း မြေခွေး ထွက်ပေါ်လာခြင်း က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပျော်ရွှင်မှု အနည်းငယ် ယူဆောင် လာပေးခဲ့လေသည်။
ဤကဲ့သို့သော မြင်ကွင်း ကို မြင်ရသော အခါ ရွှီယန်၏ စိတ်ခံစားချက် ကလည်း ပေါ့ပါး လွတ်လပ် သွားခဲ့လေသည်။
ထို့နောက် တစ်လျှောက်လုံး ခရီးဆက် လာခဲ့ရာ ရေခဲပြင် ဒေသ သို့ ပြန်လည် ရောက်ရှိ လာခဲ့လေသည်။
မြောက်ဝန်ရိုးစွန်း ခရီးစဉ် ကလည်း ပြီးဆုံး သွားခဲ့ပြီ ဖြစ်လေသည်။
"ပြန်ရတော့မယ်... မြောက်ဝန်ရိုးစွန်း စက်ဝိုင်း တစ်ခုလုံး မှာ ရေခဲတွေ ချည်းပဲ ဆိုတော့ အများကြီး ကြည့်စရာ မရှိဘူး..."
"မြောက်ခဲ ပင်လယ် ထဲမှာတော့ ထူးဆန်းတဲ့ တိရစ္ဆာန် တွေ အများကြီး ရှိတယ်... အထူးသဖြင့် ဝေလငါး တွေ အရမ်း များတယ်..."
"တောင်ဝန်ရိုးစွန်း နဲ့ မြောက်ဝန်ရိုးစွန်း က ဝေလငါး တွေ အတော်လေး များပြားတယ်..."
"ဒါပေမဲ့ ပင်လယ်ပြင် ထွက်ပြီး ဝေလငါး ကြည့်ဖို့ ကတော့ မလိုအပ်တော့ဘူး... ဒါက ကံတရား အပေါ် လုံးဝ မူတည်နေတာ... တစ်ခါတစ်ရံ လဝက်လောက် နေရင်တောင် မမြင်ရတတ်ဘူး..."
"ကျွန်တော် အရင် ပြန်ပြီး အချိန် အတန်ကြာ အနားယူ လိုက်ဦးမယ်... တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် ရှိလာရင် အားလုံးကို ပြန်ပြောပြ ပါ့မယ်..."
ရွှီယန်က အင်တာနက်သုံးစွဲသူများကို နှုတ်ဆက် လိုက်လေသည်။
အားလုံးက လွမ်းဆွတ် တသစွာဖြင့် သူ လိုက်ဖ် ပိတ်သွားသည်ကို ကြည့်ရှု နေကြလေသည်။
ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယို က အင်တာနက် ပေါ်တွင် အရူးအမူး ပြန့်နှံ့ သွားခဲ့လေသည်။
သူက အမြဲတမ်း အတိုင်းပင် ရေပန်းစား နေဆဲ ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်တွင် ဝင်ရိုးစွန်းဝက်ဝံ၏ လိုက်လံ ဖမ်းဆီးမှုကို ခံရပြီးနောက် အသက်ရှင်လျက် ရှိနေသူ က မများပြား လှသောကြောင့် ပင်ဖြစ်သည်။
လူအများအပြား က ဤဗီဒီယို ကို မြင်တွေ့ ရသော အခါ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွား ကြရလေသည်။
အစပိုင်းတွင် ဝင်ရိုးစွန်းဝက်ဝံ ၏ လိုက်လံ ဖမ်းဆီးမှုကို ခံရသော လူတစ်ယောက် ကို မြင်သောအခါ အထူး ပြုလုပ်ချက် များဟု ထင်မှတ် ခဲ့ကြသော်ငြားလည်း ကွန်မန့်များကို ဝင်ရောက် ကြည့်ရှု လိုက်သော အခါ အားလုံးက အစစ်အမှန် လူသား ဖြစ်ကြောင်း ပြောဆို နေကြပြီး လူကို သေချာ ကြည့်လိုက်သော အခါ ရွှီယန် ဖြစ်နေသည်ကို တွေ့ရှိ လိုက်ကြရလေသည်။
အရာအားလုံး က ယုတ္တိတန် သွားတော့သည်။
မည်သို့ပင်ဖြစ်စေ ရွှီယန် က ကမ္ဘာကျော် လမ်းသလားသူ တစ်ယောက် ဖြစ်ကြောင်း နာမည်ကြီး နေသည် မဟုတ်ပါလား။
မည်သည့် နေရာတွင် ထွက်ပေါ်လာသည် ဖြစ်စေ အံ့ဩစရာ မရှိတော့ချေ။
အခန်း ၄၆၇။ ဇာတ်သိမ်းပိုင်း... အရာအားလုံးက သာယာလှပနေပေသည်
အင်တာနက်ပေါ်တွင် သတင်းစကားများက ဆူညံပွက်လောရိုက် နေခဲ့လေ၏။
ရွှီယန်ကတော့ လယ်ယာခြံဝင်းသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။
ဤဘက်ရှိ တည်ဆောက်ရေး လုပ်ငန်းများက ပို၍ပို၍ ကောင်းမွန်လာခဲ့လေပြီ။
ကိစ္စရပ် အများအပြားကို သူ ကိုယ်တိုင် စိတ်ပူစရာ မလိုတော့ဘဲ အစီရင်ခံစာ များကိုသာ နားထောင်ရုံဖြင့် လုံလောက်ပြီ ဖြစ်လေသည်။
ဥပမာအားဖြင့် မာဝန် ဝမ်ဝူ လီဆန်း အစရှိသော အစောဆုံး ကတည်းက သူ့အနောက်သို့ လိုက်ပါခဲ့သူများ ကလည်း အတော်လေး နေရာရလာခဲ့ကြပြီ ဖြစ်ပေသည်။
ဥပမာ မာဝန် ဆိုလျှင် ယခင်က ရွှီယန် တောင်ပေါ်သို့ သွားရောက်စဉ်က ရွှီယန်၏ အထူး သီးသန့် ယာဉ်မောင်း ဖြစ်ခဲ့ပြီး တစ်ချိန်တည်းတွင် လယ်ယာခြံဝင်း၏ မွေးမြူရေး လုပ်ငန်းများကိုလည်း ပူးတွဲ တာဝန်ယူခဲ့ရလေသည်။
ယခုအခါ တွင်တော့ မွေးမြူရေး ဌာန၏ မန်နေဂျာ ဖြစ်နေပြီ ဖြစ်ပြီး တစ်ခါတစ်ရံ လယ်ယာခြံဝင်း ကိုယ်စားလှယ် အဖြစ် ပူးပေါင်း ဆောင်ရွက်သူများနှင့် စီးပွားရေး သွားရောက် ဆွေးနွေး နိုင်ပြီ ဖြစ်လေသည်။
ယခင်က ခေါင်းဆောင်များကို ယာဉ်မောင်းပေးခဲ့ရသူများက အခြေအနေ မဆိုးလှချေ။ ဤသည်က သဘာဝ သဘောတရား ပင်ဖြစ်ပေမည်။
လီဆန်း ကလည်း အခြေအနေ အတော်လေး ကောင်းမွန်နေလေသည်။
သူက အလုပ်လုပ်ရာတွင် စေတနာ ပါပြီး တစ်နှစ်တွင် ၃၆၅ ရက်လုံးလုံး လယ်ယာခြံဝင်း ထဲတွင်သာ အမြဲတမ်း ရှိနေတတ်လေသည်။
ရွာသို့ ပြန်သည်မှာ အလွန် နည်းပါးလှပေသည်။
တကယ်လို့များ ရွှီယန်သာ မရှိခဲ့ပါက သူသည် ရွာထဲတွင် အခြားသူများ၏ အနိုင်ကျင့် ဗိုလ်ကျမှုကို ခံရသော ရွာစောင့် တစ်ယောက် အဖြစ်သာ ဆက်လက် ရှိနေမည်မှာ အသေအချာ ပင်ဖြစ်ပေမည်။
ရွှီယန် လယ်ယာခြံဝင်း သို့ ပြန်လည် ရောက်ရှိလာသောအခါ ခွေးများက အသီးသီး အမြီးလှုပ်ယမ်းကာ လာရောက် ကြိုဆိုကြလေ၏။
ယခင် အတိုင်းပင် ဖြစ်လေသည်။
လယ်ယာခြံဝင်း၏ အကြီးအကဲမှာ မည်သူဖြစ်ကြောင်းကို ၎င်းတို့ သိရှိနားလည် ကြဆဲ ပင်ဖြစ်ပေသည်။
ရွှီယန်က လယ်ယာခြံဝင်း ထဲတွင် တစ်ရက်ခန့် အနားယူလိုက်လေသည်။
နောက်တစ်နေ့တွင် သူက မြက်ခင်းပြင် ဧရိယာ သို့ လမ်းလျှောက် ထွက်လာခဲ့လေ၏။
လမ်းလျှောက်နေရင်း ထိုစဉ်မှာပင် ဘယ်နေရာမှန်း မသိသော နေရာမှ မြေခွေးပေါက်လေး နှစ်ကောင်က မြက်ခင်းပြင် ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
၎င်းတို့က ရွှီယန်ကို မြင်သောအခါ မျက်နှာပေါ်တွင် ချက်ချင်းပင် အံ့ဩမှုနှင့် သတိဝီရိယ ရှိမှုများ ထွက်ပေါ်လာခဲ့လေ၏။
ရွှီယန်က သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ရာ ဤမြေခွေးပေါက်လေး နှစ်ကောင်ကို သူ ယခင်က မမြင်ဖူးခဲ့ကြောင်း တွေ့ရှိလိုက်ရလေသည်။
လယ်ယာခြံဝင်းရှိ မြေခွေးများက အဝင်အထွက် ရှိနေတတ်ကြပြီး အမြဲတမ်း ဤဘက်တွင် ကျန်ရစ်နေသော အကောင် အချို့ ရှိနေတတ်လေသည်။
သူ့ကို မသိရှိသော အကောင်များ ရှိနေခြင်းကလည်း ပုံမှန်ကိစ္စ တစ်ခု ပင်ဖြစ်ပေမည်။
မြေခွေးများကို ရင်ဆိုင်ရာတွင် သူက အလွန် အတွေ့အကြုံ ရှိလေသည်။ အိတ်ကပ်ထဲမှ ဘီစကွတ်မုန့် နှစ်ခုကို ထုတ်ယူကာ မြေခွေးလေးများကို လက်ယပ်ခေါ်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရလေ၏။
မြေခွေးလေးများက ဘီစကွတ်မုန့်ကို မြင်သောအခါ ၎င်းတို့ကို အစာကျွေးမည်မှန်း သိရှိသွားကြပြီး ချက်ချင်းပင် သတိကြီးစွာဖြင့် အနားသို့ တိုးကပ်လာခဲ့ကြလေသည်။
ရွှီယန်က ဤလုပ်ငန်းစဉ်ကို အလွန် နှစ်သက်လေသည်။
အစပိုင်းတွင် တိရစ္ဆာန်လေးများက သူ့အပေါ် သံသယများ ပြသတတ်ကြလေ၏။
ဘီစကွတ်မုန့်ကို စားပြီးသော အခါတွင်တော့ တဖြည်းဖြည်း ယုံကြည်လာကြလေသည်။
အကြိမ်အနည်းငယ် အစာကျွေးပြီးသော အခါတွင်တော့ ပို၍ပို၍ ရင်းနှီးကျွမ်းဝင် လာကြတော့သည်။
သူက ဘီစကွတ်မုန့်ကို ကမ်းပေးလိုက်ရာ မြေခွေးလေး နှစ်ကောင်က သတိကြီးစွာဖြင့် ခေါင်းပြူထွက်လာကာ အဆက်မပြတ် တိုးကပ်လာခဲ့ကြလေ၏။
ဘီစကွတ်မုန့်ကို ကိုက်မိသွားသည်နှင့် တစ်ပြိုင်နက် ကိုက်ချီကာ အနောက်သို့ ပြေးထွက်သွားကြတော့သည်။
ဒုတိယ တစ်ကောင် ကလည်း ထိုနည်းတူပင် ဖြစ်လေ၏။
ရွှီယန်က အခြားသော အပို လှုပ်ရှားမှုများ မလုပ်ဆောင်တော့ချေ။
ပြုံးလျက် ၎င်းတို့ ပြေးထွက်သွားသည်ကိုသာ ကြည့်ရှုနေလိုက်လေ၏။
ဤအချိန်တွင် နောက်ထပ် အရွယ်ရောက်ပြီးသော မြေခွေး တစ်ကောင်က မြက်ခင်းတော ထဲမှ တိုးထွက်လာခဲ့လေသည်။
၎င်း ကတော့ ရွှီယန်ကို သိရှိလေ၏။
ရွှီယန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အနားသို့ ပြေးသွားကာ ချစ်စရာကောင်းအောင် ဟန်ဆောင် ပြုမူတော့သည်။ ထို့အပြင် နောက်လှည့်ကာ မြေခွေးပေါက်လေး နှစ်ကောင်ကိုပါ လာရောက်ရန် မျက်စိဖြင့် အချက်ပြ နေသေးလေ၏။
မည်သို့ပင်ဖြစ်စေ လယ်ယာခြံဝင်း ထဲတွင် ရှင်သန် နေထိုင်ရမည် ဖြစ်ရာ လယ်ယာခြံဝင်း ပိုင်ရှင်က မည်သူဖြစ်ကြောင်းကိုတော့ သိရှိအောင် လုပ်ထားရမည် သာဖြစ်ပေမည်။
မြေခွေးပေါက်လေးများ က အရွယ်ရောက်ပြီးသော မြေခွေး ပင်လျှင် ဤကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ၎င်းတို့ လည်း လာရောက်၍ ချစ်စရာကောင်းအောင် ဟန်ဆောင် ပြုမူကြတော့သည်။
၎င်းတို့က ရှေ့လက်သည်းများကို ရွှီယန်၏ လက်မောင်းပေါ်တွင် တင်ထားကာ ခေါင်းကို အဆက်မပြတ် အရှေ့သို့ တိုးထွက်ရင်း အီအီအီးအီး ဟူသော အော်သံများကို ပြုလုပ်နေကြလေ၏။
တစ်ကောင်ထက် တစ်ကောင် ပို၍ပင် ချစ်စရာကောင်းအောင် ဟန်ဆောင် ပြုမူတတ်ကြလေသည်။
ရွှီယန် လည်း အလိုက်သင့်ပင် ပြုံးလျက် ၎င်းတို့ကို ပွတ်သပ်ပေးလိုက်လေ၏။
လယ်ယာခြံဝင်း ပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ အလွန် များပြားလှပြီး လူသားများနှင့် အတော်လေး သဟဇာတ ဖြစ်စွာ နေထိုင်နေကြပြီ ဖြစ်ပေသည်။
ဤနေရာက တိရစ္ဆာန် နတ်ပြည်လေး တစ်ခု ပင်ဖြစ်ပေမည်။
တစ်ခါတစ်ရံ တောကြောင် နှစ်ကောင် ပြေးလွှားသွားသည်ကိုပင် အဝေးမှ လှမ်းမြင်နိုင်သေးလေ၏။
ဤအကောင်များ အားလုံးကလည်း ကြောင်စင်းကျား ဆန်းပြောင်၏ ခွင့်ပြုချက်ဖြင့် လာရောက်ကြခြင်း ပင်ဖြစ်ပေမည်။
ရွှီယန်က မြေခွေးများကို တစ်ခဏမျှ ဆော့ကစားပြီးနောက် လယ်ယာခြံဝင်း ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေ၏။
စိုက်ပျိုးရေးရုံ နှစ်တန်းက ခိုင်ခံ့ တည်ငြိမ်စွာ ရှိနေပြီး လယ်ယာခြံဝင်းကို ခန့်ညား ဩဇာရှိသော ခံစားချက် အချို့ကို ပေါင်းထည့်ပေးနေလေသည်။
ဝန်ထမ်းများ အားလုံးက စိုက်ပျိုးရေးရုံများ ထဲတွင် အလုပ်များ နေကြလေ၏။
ရှောင်ဟေး ရှောင်လန် အစရှိသော အကောင်များ ကတော့ မြေကွက်လပ်တွင် အပြန်အလှန် လိုက်လံ ဖမ်းဆီး ဆော့ကစား နေကြလေသည်။
ကြည့်ရသည်မှာ ရင်ထဲတွင် အလွန် သက်သောင့်သက်သာ ရှိလှပေ၏။
သူက မတ်တတ်ရပ်ကာ အရှေ့ဘက်သို့ ထပ်မံ လမ်းလျှောက် သွားလိုက်လေသည်။
ဤအချိန်တွင် လယ်ယာခြံဝင်း၏ အပြင်ဘက် အဝေးဆီမှ တစ်စုံတစ်ခုက သူရှိရာဘက်သို့ ပြေးလာနေသည်ကို မြင်တွေ့လိုက်ရလေ၏။
သူက အရှေ့သို့ လျှောက်သွားကာ သေချာစွာ ကြည့်ရှုလိုက်လေသည်။
ထိုအရာက ဝက်တစ်ကောင် ဖြစ်နေကြောင်း သူ မြင်တွေ့လိုက်ရ၏။ အလွန် ဆူဖြိုးသော အိမ်မွေးဝက် တစ်ကောင် ဖြစ်လေသည်။
အစပိုင်းတွင် ရွှီယန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သော်ငြားလည်း အလွန် ကြာမြင့်သော အချိန်က သူ ဝက်တစ်ကောင် ပျောက်ဆုံးခဲ့ဖူးပြီး ထိုဝက်က တောင်ပေါ်တွင် ရှင်သန် နေထိုင်နေကြောင်းကို ရုတ်တရက် သတိရသွားခဲ့လေ၏။
ထိုအချိန်က သူ၏ သားဖြစ်သူပင် မမွေးဖွားသေးသော အချိန်က ဖြစ်လေသည်။ တွက်ချက်ကြည့်မည် ဆိုပါက သုံးနှစ်ကျော်ခန့် ရှိနေပြီ ဖြစ်ပေမည်။
ဒီအကောင် က ဘာကြောင့် ရုတ်တရက် ပြန်ပြေးလာသနည်း ဆိုတာကို ရွှီယန် မသိရှိချေ။
သူက သေချာစွာ အကဲခတ် ကြည့်ရှုလိုက်ရာ ဝက်၏ ဘေးဘက်တွင် အမည်းရောင် အသည်းနှလုံး ပုံစံလေး ရှိနေသည်ကို တွေ့ရှိလိုက်ရလေ၏။
တကယ်ကို ထိုအိမ်မွေးဝက် ပင်ဖြစ်ပေသည်။
၎င်းနှင့် တစ်သုတ်တည်း ဝယ်ယူလာသော အိမ်မွေးဝက်များ အားလုံးက ယခုအခါ ဝက်ခြေထောက်ပေါင်း နှင့် ဝက်ပေါင်သားပေါင်း များ ဖြစ်ကုန်ကြပြီ ဖြစ်ပေမည်။
၎င်း တစ်ကောင်တည်း သာလျှင် ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး အလွန် ကောင်းမွန်စွာ အသက်ရှင် နေထိုင်နေသေးခြင်း ဖြစ်လေ၏။
သေချာသည် ကတော့ ၎င်း အနေဖြင့် တောင်ပေါ်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် ရှင်သန် နိုင်စွမ်း ရှိခြင်း ကလည်း အရည်အချင်း တစ်ခု ပင်ဖြစ်ပေမည်။ သာမန် အိမ်မွေးဝက်များ ဆိုလျှင် တောင်ပေါ်တွင် စောစော ကတည်းက အစားခံလိုက်ရပြီ ဖြစ်လေ၏။
"ဘယ်လိုလုပ်ပြီး ပြန်ပြေးလာတာလဲ..."
"အတွေး ပြောင်းသွားလို့လား..."
ရွှီယန် လည်း အတော်လေး စိတ်ဝင်စားသွားပြီး ခြံစည်းရိုး ဘေးသို့ လျှောက်သွားကာ လှမ်းကြည့်လိုက်လေ၏။
ပန်းရောင် ဝက် က ပြေးလွှားသော အမြန်နှုန်း အလွန် မြန်ဆန် လှပေသည်။
ထို့အပြင် ၎င်းက ဆူဖြိုး သော်ငြားလည်း ကြည့်ရသည်မှာ လေးလံ ထိုင်းမှိုင်း နေခြင်း မရှိချေ။ အမြဲတမ်း လှုပ်ရှား သွားလာနေသည်မှာ သိသာ ထင်ရှား လှပေ၏။
သာမန် အိမ်မွေးဝက်များ သာဆိုလျှင် ခြံထဲတွင်သာ တစ်လျှောက်လုံး နေထိုင်ပြီး မလှုပ်မရှား နေပါက ကြည့်လေ ပို၍ ဆူဖြိုးလာလေ ဖြစ်လာမည် ဖြစ်ပြီး နောက်ဆုံးတွင် လမ်းပင် မလျှောက်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပေမည်။
ပန်းရောင် ဝက် က အသက်ရှူသံ ပြင်းပြင်းဖြင့် ပြေးလာသည်ကိုသာ မြင်တွေ့လိုက်ရလေ၏။ သေချာစွာ ကြည့်ရှုလိုက်သော အခါမှသာ ၎င်း၏ အနောက်ဘက်တွင် အရွယ်ရောက်ပြီးသော တောဝက် သုံးကောင်က လိုက်လံ ဖမ်းဆီး နေကြောင်းကို ရွှီယန် မြင်တွေ့လိုက်ရလေသည်။
ရွှီယန် လည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ပထမဆုံး အချိန်မှာပင် ဖုန်းကို ထုတ်ယူကာ ဗီဒီယို ရိုက်ကူးလိုက်လေ၏။
ဤမြင်ကွင်းက တကယ်ကို ရှားပါး လွန်းလှပေသည်။
ယေဘုယျအားဖြင့် ဆုံတွေ့ရန် အလွန် ခဲယဉ်းလှပေ၏။
ဤအချိန်တွင် ရှောင်ဟေး၊ ယွမ်ပေါင် နှင့် ရှောင်လန် တို့ ကလည်း လှုပ်ရှားမှု အသံများကို ကြားလိုက်ရပြီး အသီးသီး ပြေးလာကာ ဝိုင်းကြည့် နေကြလေသည်။
ပန်းရောင် ဝက် က တောဝက် သုံးကောင်ကို ဒေါသထွက်အောင် လုပ်ခဲ့သဖြင့် တစ်လျှောက်လုံး လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရကြောင်း သိသာ ထင်ရှား လှပေ၏။
ဤအကောင် က အသက်လု ထွက်ပြေး လာခြင်း ပင်ဖြစ်ပေမည်။
ပန်းရောင် ဝက် က အီအီအီးအီး အော်မြည်ရင်း အချိန်သိပ်မကြာခင်မှာပင် ခြံစည်းရိုး အနီးသို့ ရောက်ရှိလာခဲ့လေ၏။
၎င်း ရပ်တန့် လိုက်ပြီးနောက် နောက်လှည့်ကာ နောက်ယောင်ခံ လိုက်လာသော တောဝက် သုံးကောင်ကို ကြည့်ရှုလိုက်လေသည်။
တောဝက် သုံးကောင် က ရွှီယန်ကို ကြောက်ရွံ့ပုံ ရသဖြင့် မူလ နေရာတွင်သာ ရပ်တန့် နေကြပြီး ထပ်မံ၍ အနားသို့ တိုးကပ် မလာတော့ချေ။
ဤသို့ တစ်ခဏမျှ ရပ်တန့် နေပြီးနောက် တောဝက် သုံးကောင် က နောက်လှည့်ကာ ထွက်ပြေး သွားကြတော့၏။
ထိုအခါမှသာ ပန်းရောင် ဝက် လည်း သက်ပြင်းချ နိုင်တော့ပြီး လယ်ယာခြံဝင်း၏ ခြံစည်းရိုးတွင် မှီကာ ပြင်းထန်စွာ အသက်ရှူ နေတော့လေသည်။
ရွှီယန် က ခေါင်းငုံ့ကာ ၎င်းကို ကြည့်ရှုလိုက်လေ၏။
ဤဝက်၏ တစ်ကိုယ်လုံးတွင် ကြွက်သားများ ပြည့်နှက်နေလေသည်။
အရသာ က သေချာပေါက် အလွန် ကောင်းမွန်မည် ဖြစ်ပေမည်။
တကယ်လို့များ ဝက်သားနီချက် ချက်ပြီး ထမင်း နှင့် နယ်စားလိုက်ပါက ဘယ်လောက်တောင် မွှေးပျံ့ အရသာ ရှိမည်နည်း။
သို့သော် ဤအကောင် က သာမန် အိမ်မွေးဝက်များ ကဲ့သို့ စားရန် နှင့် အိပ်ရန် ကိုသာ သိရှိသော အကောင်မျိုး မဟုတ်ဘဲ ကြည့်ရသည်မှာ ဉာဏ်ရည် ရှိပုံ ရလေ၏။
ဤကဲ့သို့သော အကောင်ကိုတော့ မစားတာ ပိုကောင်းပေမည်။
ဤအချိန်တွင် ပန်းရောင် ဝက် ကလည်း ၎င်း၏ ကျောဘက်မှ အေးစိမ့်သော ခံစားချက်ကို သတိထားမိ သွားပုံ ရလေသည်။
၎င်းက အလျင်အမြန် နောက်လှည့်ကာ ရွှီယန်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေလေ၏။
"အထင်မလွဲပါနဲ့... မင်းကို စားဖို့ မရည်ရွယ်ပါဘူး..."
ရွှီယန်က သွားရည်ကို သုတ်ကာ ပန်းရောင် ဝက် ကို စကားဆိုလိုက်လေသည်။
ပန်းရောင် ဝက် ၏ မျက်လုံးများ ထဲတွင် သတိဝီရိယ ရှိမှု အချို့ ပါဝင်နေဆဲ ပင်ဖြစ်လေ၏။
တောဝက်များ အဝေးသို့ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် ဖြစ်မည်ဟု ခန့်မှန်းရပြီး ၎င်း ကလည်း တောင်ပေါ်သို့ ပြန်လည် ပြေးထွက် သွားတော့လေသည်။
၎င်း၏ ကျောပြင်ကို ကြည့်ရင်း ရွှီယန် လည်း ခေါင်းခါ လိုက်ပြီး ညည်းညူ ပြောဆိုလိုက်လေ၏။
"ဒီလို စွန့်စား သွားလာချင်စိတ် ပြည့်ဝနေတဲ့ ဝက်မျိုး က တကယ်ကို ရှားပါးလွန်းတယ်..."
"ဒီလောက် အချိန် အကြာကြီး အသက်ရှင် နိုင်တာက ပိုပြီးတောင် ရှားပါးသေးတယ်..."
"နည်းနည်းတော့ ထူးခြားတယ်..."
စကားပြောဆိုပြီးနောက် ရွှီယန် က ဗိုက်ဆာလာသည်ဟု ခံစားရသဖြင့် အိမ်ပြန်ကာ မီးဖိုချောင်တွင် ဝက်သားနီချက် တစ်ခွက် ချက်ခိုင်းရန် ရည်ရွယ်လိုက်လေ၏။
ဤတစ်နေ့တာ ကလည်း ပြီးဆုံးသွားခဲ့ပြန်ပြီ ဖြစ်ပေမည်။
စီးပွားရေး လုပ်ငန်းများ တည်ငြိမ် သွားပြီးနောက် နေ့စဉ်နေ့တိုင်း သူ တကယ်ကို လုပ်စရာ ကိစ္စ ထိုမျှလောက် မရှိတော့ချေ။
ဤကဲ့သို့ ဆိုလျှင်လည်း အတော်လေး ကောင်းမွန်လှပေသည်။ လယ်ယာခြံဝင်း တစ်ခုတည်း သာရှိရာ စီမံ အုပ်ချုပ်ရသည်မှာ လုံလောက် နေလေ၏။
တကယ်လို့များ ဝန်ထမ်း ထောင်ဂဏန်း ရှိသော ကုမ္ပဏီ တစ်ခု ဖွင့်လှစ်ထားမည် ဆိုပါက တကယ်ကို ဖြေရှင်း၍ မကုန်နိုင်သော ပြဿနာများ ရှိနေမည် ဖြစ်ပြီး ရှေ့ဆက်ရန် ဖိအားပေး ခံနေရမည် ဖြစ်ပေမည်။
တကယ်တမ်းတွင် အတော်လေး ပင်ပန်းလှပေ၏။
သူက နောက်ကြောင်းပြန် လျှောက်လာခဲ့ပြီးနောက် ဇနီးသည် နှင့် အတူတကွ သားနှင့် သမီး ကို ခေါ်ဆောင်ကာ ကလေးတွန်းလှည်း ကို တွန်းရင်း လမ်းလျှောက် ထွက်လာခဲ့လေသည်။
အရာအားလုံး က သူ အလိုလားဆုံးသော အခြေအနေများ သာဖြစ်ပေ၏။
"လတ်တလော ဘာတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် ရှိသေးလဲ... သွားကြည့်ဖို့ ကောင်းတဲ့ နေရာကောင်း တွေ အများကြီး ရှိသေးတယ်နော်..."
ဇနီးသည် က ရွှီယန်ကို ကြည့်ရင်း ပြုံးလျက် မေးမြန်းလိုက်လေသည်။
"လောလောဆယ်တော့ မရှိသေးဘူး... ကြည့်သင့်တဲ့ တိရစ္ဆာန် တွေလည်း အကုန် ကြည့်ပြီးသွားပြီ..."
"လယ်ယာခြံဝင်း ထဲက တိရစ္ဆာန် တွေ ဒီလောက် များတာတောင် ဂရုစိုက်လို့ မနိုင်တော့ဘူးလေ..."
"တကယ်လို့ ထပ်သွားမယ် ဆိုရင် သမုဒ္ဒရာ ဘက်ကို သွားရလောက်တယ်..."
"ဒါပေမဲ့ သမုဒ္ဒရာ ထဲက သတ္တဝါ တွေကို ကိုယ် သိပ်ပြီး စိတ်မဝင်စားဘူး... သွားရောက် စူးစမ်း ရှာဖွေမယ့် အစီအစဉ်လည်း မရှိဘူး..."
"လယ်ယာခြံဝင်း ထဲမှာပဲ အနားယူ နေတာ ပိုကောင်းပါတယ်..."
ရွှီယန်က ပြန်လည် ဖြေကြားလိုက်လေ၏။
"အချိန် အတန်ကြာလို့ သွားချင်တဲ့ နေရာ ရှိရင်လည်း ထပ်သွားကြည့်တာပေါ့..."
သူက စကားတစ်ခွန်း ထပ်မံ ဖြည့်စွက် ပြောဆိုလိုက်လေသည်။
ဇနီးသည် က ခေါင်းညိတ်ပြလိုက်ပြီး ကလေးတွန်းလှည်း ကို တွန်းကာ ရှားပါးသော အားလပ်ချိန် များကို အပြည့်အဝ ခံစား နေလေ၏။
ကလေး နှစ်ယောက်စလုံး အိပ်ပျော် သွားကြပြီး အလွန် အေးချမ်းစွာ အိပ်ပျော် နေကြလေသည်။
လယ်ယာခြံဝင်း က တည်ဆောက်လေ ပိုမို ကောင်းမွန်လာလေ ဖြစ်ပြီး နေထိုင်ရန် လည်း ပိုမို သင့်တော် လာလေ ဖြစ်ပေမည်။
သာမန် နေ့ရက်များတွင် ဤဘက်သို့ လာရောက် လမ်းလျှောက် ရသည်မှာ တကယ်ကို မဆိုးလှချေ။
သေချာသည် ကတော့ နောက်ပိုင်းတွင် ကလေးများ ကျောင်းထားမည့် ကိစ္စများကို အလုပ်များ ရတော့မည် ဖြစ်ပြီး ထိုအချိန်ကျလျှင် နေ့စဉ် အလုပ်များ နေရတော့မည် ဖြစ်ပေ၏။
ထို့အပြင် ဤဘက်တွင် ဆောင်းရာသီ က အအေးမြန်ပြီး နှင်းများက တောင်များကို ပိတ်ဆို့ ထားတတ်လေသည်။
ဟိုင်နန် ဘက်သို့ ဆောင်းခိုရန် စောစောစီးစီး သွားရောက်ရမည် ဖြစ်ပေမည်။
လယ်ယာခြံဝင်း ထဲရှိ တိရစ္ဆာန်များ အားလုံး က အလွန် ကောင်းမွန်စွာ အသက်ရှင် နေထိုင်နေကြလေ၏။
သားရဲငှက်များ၊ ကျီးကန်းဖြူ၊ ငှက်ဖိုးရွှေလေး နှစ်ကောင် တို့ ကလည်း တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်ကြလေသည်။
ရွှီယန် ဤနေရာတွင် ရှိနေသရွေ့ လယ်ယာခြံဝင်း က စည်ကားသိုက်မြိုက် နေမည် သာဖြစ်ပေ၏။
လယ်ယာခြံဝင်း၏ အပြင်ဘက်တွင် တစ်ခါတစ်ရံ ပရိသတ်များ သို့မဟုတ် ခရီးသွားများ ဖြတ်သန်း သွားလာတတ်ကြပြီး လယ်ယာခြံဝင်းကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင် တတ်ကြလေသည်။
ဤနေရာက အလွန် ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက် နေပြီ ဖြစ်ပေမည်။
လမ်းများ ခင်းခြင်း၊ သစ်ပင် ပန်းမန်များ စိုက်ပျိုးခြင်း တို့ကို လည်း အလွန် ကောင်းမွန်စွာ လုပ်ဆောင် ထားလေ၏။
မြို့ငယ်လေး တစ်မြို့ နှင့်ပင် အလားသဏ္ဌာန် တူနေလေသည်။
ဤနေရာတွင် နေထိုင်ကြသော လူများ က တစ်ခါတစ်ရံ ရွှီယန်၏ လယ်ယာခြံဝင်း ကို မြင်တွေ့ ရသောအခါ အားတက်သရော ဆွေးနွေး ပြောဆို တတ်ကြလေ၏။
ရွှီယန်က ဤနေရာတွင် လယ်ယာခြံဝင်းကို ဤမျှလောက် အောင်မြင်အောင် ဖွင့်လှစ် နိုင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ် မထားခဲ့ကြချေ။ စီးပွားရေး ကလည်း ပို၍ပို၍ ကြီးမား လာခဲ့လေသည်။
ရွှီယန်၏ စီမံကိန်း အရ နောက်ပိုင်းတွင် ပတ်ဝန်းကျင်ရှိ မြေကွက် များကိုပါ သူ ထပ်မံ ငှားရမ်းမည် ဖြစ်လေ၏။
အကြီးစား စိုက်ပျိုးရေး အခြေစိုက် စခန်းကြီး တစ်ခု အဖြစ် တည်ဆောက်ရန် ရည်ရွယ် ထားလေသည်။
လက်ရှိ ဧရိယာ ထက် အများကြီး ပိုမို ကြီးမားမည် ဖြစ်ပေမည်။
ထိုအချိန်ကျလျှင် ရုံးခန်း အဆောက်အအုံ နှင့် ဝန်ထမ်း အိမ်ရာ အဖြစ် အထပ်မြင့် အဆောက်အအုံ နှစ်လုံးကိုပါ တည်ဆောက်မည် ဖြစ်လေ၏။
နောက်ပိုင်းတွင် ပြောင်းဖူး၊ အာလူး၊ မြေပဲ၊ နေကြာစေ့ အစရှိသည်တို့ကို နှစ်စဉ် စိုက်ပျိုးမည် ဖြစ်လေသည်။
စိုက်ပျိုးရေးရုံ ဧရိယာ တွင်လည်း စိုက်ပျိုးရေးရုံ များကို ထပ်မံ တိုးချဲ့၍ ရနိုင်သေးလေ၏။
လယ်ယာခြံဝင်း မှသည် စိုက်ပျိုးရေး အခြေစိုက် စခန်း အထိ ပြောင်းလဲရန် သူ့အတွက် အခက်အခဲ မကြီးမားလှချေ။
အကြောင်းမှာ စနစ်မှ သီးနှံများ ရှိနေသဖြင့် သူ ခြေလှမ်းတိုင်းကို အလွန် တည်ငြိမ်စွာ လျှောက်လှမ်း နိုင်သောကြောင့် ပင်ဖြစ်ပေမည်။
ထိုနေ့ နံနက်ပိုင်းတွင် ကောင်းကင်က အနည်းငယ် အုံ့မှိုင်း နေလေ၏။
နွေရာသီ ဖြစ်သော်ငြားလည်း ခြံဝင်းထဲတွင် အတော်လေး အေးမြ နေလေသည်။
သူက ခေါင်မိုး အောက်ရှိ ပက်လက်ကုလားထိုင် ပေါ်တွင် လှဲလျောင်း နေပြီး စနစ်ကို ခေါ်ထုတ်ကာ စနစ် အချက်အလက်ပြကွက် ကို ခေါင်းမော့ ကြည့်ရှုရင်း ငေးမော နေလေ၏။
စနစ် က သူ့ကို လုံးဝ အသစ်စက်စက် နေထိုင်မှု ဘဝ အတွေ့အကြုံ ကို ပိုင်ဆိုင်ခွင့် ရရှိစေခဲ့လေသည်။
ကမ္ဘာပေါ်ရှိ အန္တရာယ် အများဆုံးသော နေရာများကို သွားရောက် ခဲ့ပြီးနောက် ပြန်လည် စဉ်းစား ကြည့်လိုက်ရာ မိမိမှာ အသက် နှစ်ဆယ်ကျော် အရွယ်သာ ရှိသေးကြောင်း တွေ့ရှိလိုက်ရလေ၏။
အသက်မကြီးခင် အနားယူလိုက်သည့် သဘောမျိုး ပင်ဖြစ်ပေမည်။
သို့သော် ယခုအခါ လူ့အဖွဲ့အစည်း၏ ဖိအားများ က ကြီးမားလှပြီး အားလုံး ၏ နေထိုင်မှု ဘဝများ က ပင်ပန်း ဆင်းရဲ ကြလေရာ ဤသို့ ဖြတ်သန်း နေရခြင်း ကလည်း အတော်လေး ကောင်းမွန် လှပေ၏။
ရွှီယန် ပက်လက်ကုလားထိုင် ပေါ်တွင် လှဲလျောင်း နေသည်ကို မြင်သောအခါ ဇစ်တန့် နှင့် ရှောင်လန် တို့ ကလည်း အနားသို့ ရောက်ရှိ လာကြပြီး သူ၏ ဘေးနားတွင် မှောက်လျက် အနားယူ နေကြလေသည်။
၎င်းတို့ က အိပ်စက် ရသည်ကို နှစ်သက် ကြလေ၏။
ရှောင်ဟေး နှင့် ယွမ်ပေါင် တို့ ကတော့ ဘယ်နေရာ သို့ ပြေးသွား ကြမှန်း မသိတော့ချေ။
၎င်းတို့ နှစ်ကောင် က ဆော့ကစား ရသည်ကို နှစ်သက် ကြသဖြင့် အမြဲတမ်း အပြင်သို့ ထွက်ကာ လျှောက်သွား တတ်ကြလေ၏။
ရွှီယန်က ဆက်လက် လှဲလျောင်း နေပြီး တစ်ရေး အိပ်ရန် ပြင်ဆင် လိုက်လေသည်။
ဤအချိန်တွင် တံခါး အပြင်ဘက် မှ ခြေသံ တစ်သံ ထွက်ပေါ် လာခဲ့ပြီးနောက် သူ၏ ဖုန်း က မြည်လာခဲ့လေ၏။
လီဆန်း ထံမှ ဖုန်းခေါ်ဆို လာခြင်း ဖြစ်ပြီး ရှောင်ဟွာ လယ်ယာခြံဝင်း ထဲသို့ ဝင်လာကြောင်း သူ့ကို ပြောပြလေသည်။
မိုးခိုရန် လာရောက်ခြင်း ဖြစ်မည်ဟု ခန့်မှန်းရလေ၏။
ယခင် ကလည်း ရှောင်ဟွာ က သူ့ထံတွင် မိုးခို ဖူးလေသည်။
ရှောင်ဟွာ နှင့် ပတ်သက်၍ ၎င်း လယ်ယာခြံဝင်း ထဲသို့ ဝင်ရောက် လာခြင်း က အလွန် လွတ်လပ် ပေါ့ပါး လှပေသည်။ အားလုံး ကလည်း ၎င်းကို မကြောက်ရွံ့ ကြသလို အနှောင့်အယှက် လည်း မပေးကြချေ။
အကြောင်းမှာ ရှောင်ဟွာ က မည်သူ့ကိုမျှ မည်သည့် တိရစ္ဆာန် ကိုမျှ တိုက်ခိုက်မည် မဟုတ်သောကြောင့် ပင်ဖြစ်ပေ၏။
တောရိုင်း စရိုက်လက္ခဏာ အနည်းငယ်မျှ ပင် မရှိသလောက် ဖြစ်လေသည်။
ဤအချိန်တွင် တံခါး ပွင့်သွားပြီး ရှောင်ဟွာ က ဤအတိုင်းပင် တိုက်ရိုက် ဝင်ရောက် လာခဲ့လေ၏။
ရွှီယန် လှဲလျောင်း နေသည်ကို မြင်သောအခါ ၎င်းက ချက်ချင်းပင် အပြေးကလေး ရောက်လာပြီး ခေါင်းကို ရွှီယန်၏ ဗိုက်ပေါ်တွင် တိုက်ရိုက် တင်ထား လိုက်လေသည်။
ရွှီယန် လည်း ချက်ချင်းပင် ရယ်မော လိုက်လေ၏။ "မင်း အခု အရမ်း ဝနေပြီ ဆိုတာကို သိလား..."
သူက ရှောင်ဟွာ၏ ခေါင်းကြီးကို ပွတ်သပ် လိုက်လေသည်။
အလွန် ချောမွေ့ပြီး အလွန် နူးညံ့ လှပေ၏။
ဤအကောင်၏ အမွေးအမျှင်များ က တောက်ပ ပြောင်လက် နေလေသည်။
ရှောင်ဟွာ က မျက်လုံး မှိတ်ကာ အနားယူ နေပြီး ဤခံစားချက် ကို အလွန် နှစ်သက် နေလေ၏။
ရွှီယန် အနှစ်သက်ဆုံး ကတော့ ဤကျားသစ် ပင်ဖြစ်လေသည်။
ချစ်စရာ ကောင်းလွန်းလှပေ၏။
အခြေခံ အားဖြင့် သူ ကိုယ်တိုင် ကြီးပြင်း လာသည် အထိ ပြုစု ပျိုးထောင် ခဲ့ရခြင်း ပင်ဖြစ်သည်။
ကျွမ်းကျင်မှု စွမ်းရည် အများအပြား ကိုလည်း သင်ကြား ပေးခဲ့သေးလေ၏။
ရွှီယန်က ကျားသစ် ကို ပွတ်သပ် နေရင်း အနည်းငယ် ငိုက်မျဉ်း လာသည်ဟု ခံစားရ သဖြင့် ဤအတိုင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတော့လေသည်။
မနေ့ညက ကလေး ငိုယို သောင်းကျန်း သဖြင့် သူရော ဇနီးသည် ပါ နို့တိုက် ရန် အလုပ်များ နေခဲ့ကြပြီး ကောင်းစွာ မအိပ်စက် ခဲ့ရချေ။
ယခု အချိန်က တစ်ရေး အိပ်ရန် အနေတော် ပင်ဖြစ်ပေ၏။
ရှောင်ဟွာ ကလည်း မျက်လုံး မှိတ်ထားပြီး တဖြည်းဖြည်း နှင့် ၎င်း လည်း အတူတကွ အိပ်ပျော် သွားတော့လေသည်။
အချိန်သိပ်မကြာခင်မှာပင် ကောင်းကင်ယံ မှ တဖွဲဖွဲ ရွာသွန်းသော မိုးပေါက်များ ကျဆင်း လာခဲ့လေ၏။
ခွေးများ အားလုံး ပြန်ရောက် လာကြပြီး မိမိတို့၏ အသိုက် ထဲတွင် မိုးခို နေကြလေသည်။
ရှောင်ဟွာ ရှိနေသည်ကို မြင်သောအခါ ရှောင်ဟေး က အမြီးလှုပ်ယမ်း ကာ လာရောက် နှုတ်ဆက် သေးလေ၏။
ထို့နောက် အလိုက်သင့်ပင် မှောက်လျက် အိပ်စက် လိုက်လေသည်။
ကြောင်စင်းကျား ဆန်းပြောင် ကလည်း ရောက်ရှိ လာပြီး ခေါင်မိုး အောက်ရှိ ခြင်းတောင်း တစ်ခု ထဲသို့ ပြေးဝင်ကာ အနားယူ နေလေ၏။
ထိုအရာက ရွှီယန် ၎င်း အတွက် ပြင်ဆင် ပေးထားသော အသိုက် ဖြစ်ပြီး အတွင်းတွင် ချည်ထည် အခင်း တစ်ခု ခင်းထားကာ ကြောင်စင်းကျား အရုပ် တစ်ရုပ် ကိုလည်း ထည့်ထား သေးလေသည်။
ဆန်းပြောင် က ရွှီယန် ရှိရာဘက်သို့ တစ်ချက် ကြည့်ရှု လိုက်ပြီးနောက် ကျွမ်းကျင်စွာပင် လှဲလျောင်း လိုက်ကာ မိမိ၏ အရုပ်ကို ပွေ့ဖက် ထားလိုက်လေ၏။
ထို့နောက် ဤအတိုင်းပင် အိပ်ပျော် သွားတော့လေသည်။
အချိန်သိပ်မကြာခင်မှာပင် နွေရာသီ ၏ မိုးရေများ က တဖွဲဖွဲ ရွာသွန်း လာပြီး ကြည့်လေ ပို၍ သဲကြီးမဲကြီး ရွာသွန်း လာလေ ဖြစ်လေ၏။
မိုးရေသံများ က ခေါင်မိုး ပေါ်သို့ ရိုက်ခတ် ကာ ဒေါက်ဒေါက်ဒေါင်ဒေါင် အသံများ ထွက်ပေါ် နေလေသည်။
ဤအသံကို နားထောင် ရသည်မှာ နားထောင်လေ ပို၍ အိပ်ချင်လာလေ ဖြစ်ပေ၏။
အိပ်ချင်စိတ် က ကူးစက် သွားသည့် အလား တဖြည်းဖြည်း နှင့် ခြံဝင်း ထဲရှိ တိရစ္ဆာန်များ အားလုံး လည်း အိပ်ပျော် သွားကြလေသည်။
မြင်ကွင်း က ဤအခိုက်အတန့် တွင် ရပ်တန့် သွားသည့် အလား ပင်ဖြစ်ပေ၏။
ခြံဝင်း ထဲရှိ မြက်ခင်းပြင် က စိမ်းလန်း စိုပြေ နေပြီး ပန်းခင်း ထဲရှိ အရောင် ခုနစ်မျိုး ပါသော ပန်းပွင့်များ က ညင်သာစွာ လှုပ်ခါ နေကြလေသည်။
ရွှီယန်က ပက်လက်ကုလားထိုင် ပေါ်တွင် လှဲလျောင်း နေပြီး ကျားသစ် က ရွှီယန်၏ ဗိုက်ပေါ်တွင် ခေါင်းနှင့် လည်ပင်းကို တင်ထားကာ အတူတကွ စည်းချက်ညီညီ အသက်ရှူ နေကြလေ၏။
ဤဆူညံ ပွက်လောရိုက် နေသော ကမ္ဘာကြီး တွင် အရာအားလုံး က အလွန် သာယာ လှပ နေပုံ ပေါ်နေလေတော့သတည်း။
(ပြီးပါပြီ)