ငါဟာ နတ်ဘုရားပြစ်ဒဏ်ပဲ…
Vol. 101 Ch. 1393
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်နေ၏။ အဝေးသို့ လွင့်ထွက်သွားကြသော ကျင့်ကြံသူထောင်ချီ၏ ဗလုံးဗထွေးအော်သံများလည်း ထွက်ပေါ်နေသည်။ သူတို့သည် ကောင်းကင်ထက်သို့ မင်သက်စွာ မော့ကြည့်လျက် အချိန်အတန်ကြာသည့်အထိ ဆွံ့အနေသည်။
နတ်ဘုရားပြဏ်ဒဏ်တိမ်တိုက်များသည် တဖြည်းဖြည်း ပျောက်ကွယ်နေသည်။ ကျန်းကျင်ယွမ်ပုံစံမှာ မလုံမလောက်ဖြစ်နေဟန် ရသည်။
“တောင်းပန်တယ်…ငါ တောင်းပန်တယ်…။ ငါ နတ်ဘုရားပြစ်ဒဏ် မဖြစ်လာတာ အချိန်အတော်ကြာသွားခဲ့လို့ပါ။ သူဟာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အထွတ်အထိပ်အဆင့် ရောက်အောင် ကြိုးကြိုးစားစား ကျင့်ကြံခဲ့ရတယ်။ သူဟာ သနားစရာပါပဲ။ ဒါပေမဲ့ သူဟာ ဘာစိတ်ဝိညာဉ်မိုးကြိုးကိုမှ မထုတ်လွှတ်ပေးနိုင်တဲ့ အမှိုက်ဖြစ်နေတုန်းပဲ…” ကျန်းကျင်ယွမ်သည် ခေါင်းယမ်းလိုက်၏။
“ပြသနာမရှိပါဘူး။ ဒီခုနစ်သန်းလောကတွေထဲမှာ အခွင့်အရေးတွေ အများကြီးပါ။ စိတ်ဝိညာဉ်မိုးကြိုး မွေးဖွားလာဖို့ဆိုတာ မလွယ်ဘူးလေ…” ကျင့်ကြံသူကျိုးက သူ့လက်ကို မထူးခြားနားစွာ ဝေ့ယမ်းလိုက်၏။ ထို့အတွက် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များသည် သူတို့ကို မြင်ကွင်းကနေ ကာဆီးပိတ်ပေးသွားသည်။ ထို့နောက် သူက ဝမ်လင်းနှင့်တခြားသူများကို အေးစက်စက် ကြည့်လိုက်သည်။
သူတင် မဟုတ်ပေ။ ဘေးတစ်ဖက်တွင် ထိုင်နေသော ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူမှလွဲ၍ ကျန်းကျင်ယွမ်အပါအဝင် ကျင့်ကြံသူလေးယောက်သည် ဝမ်လင်းတို့ကို ဝိုင်းလိုက်ကြ၏။
“မင်းတို့…” ထိုအဖြစ်က ခုမှ သည်နေရာသို့ ပထမဆုံး ရောက်လာသူများ၏ အမူအရာကို ပြောင်းလဲသွားစေသည်။ အချို့ဆို ချက်ခြင်း ဒေါသတကြီး အော်လိုက်ကြ၏။
“ငါတို့ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူး။ အခု သင်တို့ အပြုအမူက ဘာသဘောလဲ…”
“ငါတို့ဟာ ကလန်တူတူပဲ။ သင်တို့ အခု ဘာလုပ်ချင်တာလဲ…”
“စတော့…” ကျင့်ကြံသူကျိုးသည် နှာခေါင်းရှုံ့ကာ ရှေ့သို့ တိုးဝင်လာ၏။ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ မိုးကြိုးကျာပွတ်နှစ်ခု ဖြစ်ပေါ်သည်။ သူက ဝမ်လင်းကို တိုက်ခိုက်လာတာ မဟုတ်ပေ။ အခြားနှစ်ယောက်ကို တိုက်ခိုက်လာတာပင်။
ကျင့်ကြံသူကျိုးနှင့်အတူ ကျန်သည့်သုံးယောက်လည်း တစ်ချိန်တည်း တိုက်ခိုက်လာ၏။ သူတို့အားလုံးမှာ အာဏာတက်ခြင်းအလယ်အဆင့်တွင် ရှိကာ အကြိမ်များစွာ အတူတကွယ် လုပ်ဆောင်ခဲ့ဖူးသည်။ သူတို့သည် ချက်ခြင်းပင် သတ်ဖြတ်မှု စတင်လေပြီ။
ထိတ်လန့်နာကျင်သံများ ပဲ့တင်ထပ်၏။ ကျင့်ကြံသူကျိုးမှာ အတော်လေး ရက်စက်၏။ သူ ရွေးချယ်လိုက်သောနှစ်ယောက်မျာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့သာ ရောက်သေး၏။ ထိုလူနှစ်ယောက်သည် လုံးဝခုခံနိုင်စွမ်းမဲ့ကာ ချက်ခြင်း သေဆုံးသွားသည်။
အသွေးအသားများ ပြန့်ကြဲကုန်၏။ ခပ်စူးစူးအနံ့တစ်ခု ပျံ့နှံ့လေသည်။
ဝမ်လင်းကို တိုက်လိုက်လိုက်သူမှာ အစောပိုင်းက ကြင်နာတတ်ဟန်ပုံပေါက်သော ကျန်းကျင်ယွမ်ပင်။ သူ့မျက်လုံးထဲတွင် အထင်အမြင်သေးမှုတို့ ရှိနေ၏။ သူက ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ နတ်ဘုရားပြစ်ဒဏ်နှင့် အလားသဏ္ဌာန်တူသော မိုးကြိုးကို ဖန်တီးလိုက်သည်။
“နိမ့်ကျတဲ့ပုရွတ်ဆိတ်…မင်းရဲ့ စိတ်ဝိညာဉ်မိုးကြိုးကို ငါ့ရှိ ကမ်းလှမ်းပေးပြီး မင်း ငါ့အတွက် သေလိုက်တော့…”
သူသည် ဝမ်လင်းထံ တိုးဝင်လာ၏။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူက သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ကျန်းကျင်ယွမ်၏မျက်နှာသည် ချက်ခြင်း ဖြူရောသွား၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဖြစ်မှုတို့ ပြည့်နှက်သည်။ သူ့ခန္ဓာကိုယ်မှာ လေထဲတွင်ပင် တောင့်တောင့်ကြီး ဖြစ်သွား၏။
“မင်း…မင်းက…” သူ့အသံသည် တုန်ယင်နေ၏။ သူသည် ဝမ်လင်းကို ထိတ်လန့်စွာ ကြည့်နေမိသည်။ သူ့စကားမဆုံးသေးခင်မှာပင် သူ့အသိဉာဏ်ပင် လွတ်သွားစေမည့် ဖိသိပ်အားတစ်ခုက သူ့ခန္ဓာကိုယ်ထံ တရကြမ်း တိုးဝင်လာသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်လျက် ထိတ်လန့်နာကျင်စွာ အော်ဟစ်လိုက်တော့၏။
“ကောင်းကင်ဘုံတာအိုအဖြစ် ဟန်ဆောင်ပြီး အခြားလူတွေအပေါ် နတ်ဘုရားပြစ်ဒဏ် သက်ဆင်းစေခဲ့တာ။ ဒါပေမဲ့ ခုချိန်မှတော့ ငါက မင်းရဲ့ ကောင်းကင်ဘုံတာအိုပဲ။ မင်းရဲ့ နတ်ဘုရားပြစ်ဒဏ်ပဲ…” ဝမ်လင်း၏အသံသည် အေးစက်၏။
ဘန်းခနဲ ပေါက်ကွဲမှုနှင့်အတူ ကျန်းကျင်ယွမ်မှာ အသွေးအသားပုံအဖြစ် ပျက်စီးသွားတော့၏။ အစောပိုင်းကအဘိုးအိုကဲ့သို့ပင် သူ့ခန္ဓာကိုယ်မှာ ပျက်စီး၍ စိတ်ဝိညာဉ်လည်း ဖျက်စီးခြင်း ခံလိုက်ရပေပြီ။
ထိုရုတ်တရက်ပြောင်းလဲမှုသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏စိတ်ကို တုန်လှုပ်သွားစေသည်။ အထူးသဖြင့် ကျန်းကျင်ယွမ်၏ အပေါင်းအပါ သုံးယောက်အတွက်ပင်။ သူတို့သည် အခုမှ ဤနေရာသို့ ပထမဆုံးရောက်လူဖူးသည့်သူများကို သတ်ပစ်ကာ ထိုသူတို့၏အမှတ်အသားများထဲမှ ရတနာများကို ယူဆောင်ပြီးရုံ ရှိသေး၏။
ကျန်းကျင်ယွမ်၏ ထိတ်လန့်တကြားအော်သံနှင့် ဝမ်လင်း၏မထူးခြားနားဟန် စကားလုံးများက သူတို့အား အလွန်ပင် ကြောက်လန့်သွားစေ၏။ ကျန်းကျင်ယွမ်သည် သိုးတစ်ကောင်ကို ဖိတ်ခေါ်ခဲ့သည်ဟု တွေးခဲ့၏။ သို့သော် အဆုံးသပ်၌ သူ့ သေဆုံးသွားရခြင်းက ဝမ်လင်းသည် သိုးတစ်ကောင်မဟုတ်မှန်း၊ အတွင်းဘက်နယ်မြေ၏ ကြမ်းကြုတ်သောဝံပုလွေတစ်ကောင် ဖြစ်ကြောင်းကို မီးမောင်းထိုးပြလိုက်ပေပြီ။
ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှု ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ ဝမ်လင်း ကျန်းကျင်ယွမ်ကို သတ်ပစ်လိုက်ချိန်က သူသည် ဝမ်လင်း၏ လွှမ်းမိုးနိုင်မှုစွမ်းအားကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။
သူက ထိုစွမ်းအားကို လုံးဝ မခုခံနိုင်ဟု သိ၏။ သူ့ဦးရေပြားပင် ထုံထိုင်းသွားမိကာ သူ့စိတ်ထဲတွင် လှိုင်းထန်သွားသည်။ သူသည် တွေဝေမနေဘဲ ချက်ခြင်း ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့ပေမည့် ဝမ်လင်း၏ မထူးခြားနားဟန် အကြည့်က သူ့ထံ ကျရောက်လာသည့်အခါ သူ့ခြေလှမ်းများသည် တုန်ယင်နေသည်။ သူသည် သွေးအန်လိုက်ရ၏။
“မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သို့သော် ထိုစကားဖြင့်ပင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်ကို တုန်ယင်သွားစေသည်။ သူသည် သွေးထပ်မံ အန်လိုက်ရကာ ထွက်မပြေးဝံ့တော့ချေ။
တစ်ချိန်တည်းမှာ ကျင့်ကြံသူကျိုးနှင့် ကျန်အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်သည်လည်း တုန်ယင်ကာ နောက်သို့ အရူးအမူး ဆုတ်တော့သည်။ သူတို့သည် ဤနေရာကနေ ထွက်သွားရန် ပြင်သည်။
သို့ပေမည့် သူတို့ကို စောင့်နေသည်မှာ ဝမ်လင်း၏ အနီရောင်မျက်လုံတစ်စုံပင်။ သူ့မျက်လုံးထဲမှ အနီရောင်လျှပ်စီးတန်းတစ်ခု ထိုးထွက်လာသည်။
ဂျီနယ်ပယ်။
ဂျီနယ်ပယ်အများစုမှာ ဝမ်လင်း၏မူလခန္ဓာကိုယ်ထဲတွင်သာ ရှိနေ၏။ အလွန်နည်းပါးသောပမာဏသာ အခု သူ့နတ်ဘုရားအာရုံနှင့်အတူ ပါရှိလာခဲ့သည်။ သို့ပေမည့် သူသည် ၎င်းကို အသုံးပြုပေသည်။ အကြောင်းမှာ ဂျီနယ်ပယ်သည် နတ်ဘုရားပြစ်ဒဏ် မဟုတ်လော။
“ငါဟာ နတ်ဘုရားပြစ်ဒဏ် ဖြစ်လာမှတော့ နတ်ဘုရားပြစ်ဒဏ်ဟာ မင်းတို့အားလုံးကို ဖျက်စီးပစ်တာ ငါ ကြည့်ရမှာ သဘာဝကျမှာ…” အနီရောင်လျှပ်စီးတန်းသည် ထိုကျင့်ကြံသူတစ်ယောက်ထံ တိုးဝင်သွား၏။ ထိုသူသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ဖျပ်ခနဲပင် အနီရောင်လျှပ်စီးသည် သူ့ခန္ဓာကိုယ်ကို ချိုးဖျက်ကာ အရာအားလုံးကို ဖျက်စီးပစ်သည်။ သူ့ခန္ဓာကိုယ်သည် စောနက နတ်ဘုရားပြစ်ဒဏ်ကြောင့် သေဆုံးသွားခဲ့သော အဘိုးအိုကဲ့သို့ ဖြစ်သွားသည်။
“မင်းတို့ကိုယ်မင်းတို့ ကောင်းကင်ဘုံတာအိုလို့ ထင်နေတာလား။ ဘာမှ အဓိပ္ပာယ်မရှိဘူး။ မင်းတို့က ကောင်းကင်ဘုံတာအို ဖြစ်ခဲ့ရင်တောင် ငါဟာ နတ်ဘုရားပြစ်ဒဏ်အဖြစ် ကောင်းကင်ဘုံကိုပါ အမြစ်ဖြုတ်ပစ်မယ်…” ဝမ်လင်းသည် ထိုသို့ ပြောနေစဉ် အနီရောင်လျှပ်စီးတန်းက ပထမဆုံးကျင့်ကြံသူတစ်ယောက်ကို ထွင်းဖောက်သွားကာ ဒုတိယမြေလူထံ ဦးတည်ဝင်သွားသည်။ ထိုကျင့်ကြံသူက ကြောက်လန့်တကြား သူ့မျက်ခုံးကြားရှိ အမှတ်ကို ထိရိုက်ကာ သူ့ရတနာများအားလုံးကို ထုတ်ယူလိုက်သည်။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှု ဖြစ်၏။ သူက သူ့ကိုယ်သူ ဖျက်စီးရန် ရွေးချယ်လိုက်သည်။
သို့ရာတွင် အရှင်ကျိုးထျန်ကဲ့သို့ သူပင် ဝမ်လင်းရှေ့၌ သူ့ကိုယ်သူ ဖျက်စီးနိုင်စွမ်းပင် မဲ့ခဲ့ရသည်။ အခုလို အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူလောက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။
သူက သူ့ရတနာများကို ထုတ်ယူလိုက်သည်နှင့် ယင်းတို့အားလုံးမှာ ဂျီနယ်ပယ်လျှပ်စီးတန်းရှေ့၌ တစစီဖြစ်သွားတော့သည်။ သူ့ခန္ဓာကိုယ်မှာလည်း တုန်ယင်လျက် ဒွရပေါက်များကနေ သွေးများ စီးကျလာတော့သည်။ သူ့ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရသည်။ သူ့မူလစိတ်ဝိညာဉ်လည်း တစစီ ဖြစ်သွား၏။
ထိုအရာများသည် လျှပ်တပြတ်အတွင်း ဖြစ်ပွားသွားခြင်းသာ။ သည်လူသုံးယောက်ကို သတ်ပစ်ဖို့ ဝမ်လင်းအတွက် ဘာမှ ထူးထူးထွေထွေ အားမစိုက်လိုက်ရပေ။
“အာဏာတက်ခြင်းအဆင့်လောက်နဲ့ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံတာအိုလို့ သမုန်ဝံ့ကြတယ်လား။ ပြန်ကြဲမိုးကြိုးကလန်ရဲ့ အရင်းအမြစ် အဆုံးသပ်ရတော့မှာပါ…” ဝမ်လင်းသည် ထိုသို့ပြောပြီးနောက် ပုံရိပ်ယောင်ယင်အဆင်ကျင့်ကြံသူထံ လှည့်လာသည်။
“အခု မင်းအလှည့်ပဲ…” ထိုသို့ ပြောရင်း ကျင့်ကြံသူသုံးယောက်ကို သတ်ပစ်ခဲ့သော ဂျီနယ်ပယ်သည် ရုတ်တရက် လှည့်လာကာ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေသည်။ သူ့မျက်လုံးသည် မှိန်ဖျော့သွား၏။ သူ့မူလစိတ်ဝိညာဉ်မှာ သေဆုံးသွားသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်သည် ဖျက်စီးမခံလိုက်ရဘဲ အောက်ဘက်သို့ ပြုတ်ကျသွားသည်။
သို့ပေမည့် သူ့ကလန်အမှတ်အသားကမူ ဝမ်လင်း၏ ယူဆောင်ခြင်း ခံလိုက်ရသည်။
အောက်ဘက်ရှိ ကျင့်ကြံသူထောင်ချီသည် သူတို့ ဘယ်တော့မှ မေ့ဖျောက်ပစ်နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို ချက်ခြင်း တွေ့မြင်လိုက်ရသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပေးစွမ်းနေသောခန္ဓာကိုယ်တစ်ခု၊ ကောင်းကင်ဘုံသားတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခု။
နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်အတွင်း၌သာ ရပ်နေသော ကောင်းကင်ဘုံသားသည် ရုတ်တရက် ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့ပေပြီ။ သူ့ခန္ဓာကိုယ်အား ဝန်းရံထားသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များမှာလည်း ကလန့်ကာတစ်ခုကို ပင့်တင်လိုက်သကဲ့သို့ ပျောက်ကွယ်သွားလေပြီ။ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်မှ ပြုတ်ကျလာသော ထိုအလောင်းမှာ သူတို့လိုသာပင်။ ကောင်းကင်ဘုံသားတစ်ယောက် ဟုတ်မနေခဲ့ပေ။
သူက ကျင့်ကြံသူတစ်ယောက်ပဲ။
မြေပြင်ထက်သို့ ကျဆင်းလာသော ထိုအလောင်း၏မျက်ခုံးနှစ်ခုကြားတွင် သွေးအလိမ်းလိမ်းဖြစ်နေသော အမှတ်အသားတစ်ခု ရှိနေ၏။ ထိုအလောင်း၏မျက်လုံးထဲ၌လည်း အပြင်းအထန်ကြောက်ရွှံ့မှု ရှိနေပြန်သည်။
ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထဲကနေ လှမ်းထွက်လျက် အောက်ဘက်သို့ အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။ “ဒါက မင်းတို့ရဲ့ ကောင်းကင်ဘုံသားပဲ…” ထို့နောက် သူက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့၏။ သို့ပေမည့် သူ့ပုံရိပ်ကမူ အောက်ဘက်ရှိ ကျင့်ကြံသူများ၏ စိတ်နှလုံးထဲတွင် ထာဝရ ရေးထွင်းနေပေတော့မည်။
ဝမ်လင်း ထွက်ခွာသွားပြီး အချိန်အတန် ကြာသည့်အထိ ထိုကျင့်ကြံသူများသည် တုန်လှုပ်နေရာကနေ ပြန်သတိမဝင်လာကြသေးပေ။ ယနေ့သည် သူတို့၏ဘိုးဘေး နတ်ဘုရားပြစ်ဒဏ်၏ ဖျက်စီးခြင်း ခံလိုက်ရသည်ကို တွေ့မြင်ရသော နေ့ဖြစ်ရုံမက ကောင်းကင်ဘုံသားအလောင်းတစ်ယောက် ကောင်းကင်ထက်မှ ပြုတ်ကျလာသည်ကိုပါ တွေ့မြင်လိုက်ရသောနေ့ ဖြစ်ပေသည်။ ထို့အပြင် သူတို့သည် ကောင်းကင်ဘုံသားတစ်ယောက်ကို သတ်ပစ်နိုင်သည့် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်ကိုလည်း တွေ့မြင်ရသေးသည်။ ထိုပုဂ္ဂိုလ်၏ လှောင်ပြောင်မှု အပြည့်ပါသော စကားလုံးများကိုလည်း ကြားလိုက်ရသေးသည်။
ယင်းကျင့်ကြံသူများက အလောင်းဘေးနားသို့ ရောက်လာကြပြီး စိုက်ကြည့်သည်။
“ဒါက ကောင်းကင်ဘုံသားလား…”
“ဒီလူဟာ ငါတို့လိုပဲ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်တယ်လို့ ဘာကြောင့် ငါ ခံစားမိနေရတာလဲ…”
“သူက ငါတို့ထက် ပိုသန်မာရုံပဲ ရှိတာ…”
အချိန်အတန်ကြာပြီးနောက် ကျင့်ကြံသူထောင်ချီသည် ညင်သာသောအသံတစ်ခု သူတို့၏နားအတွင်း ဝင်ရောက်လာချိန်၌ တုန်လှုပ်နေရာကနေ ပြန်အသိဝင်လာ၏။
“ငါ ဒီခန္ဓာကိုယ်ကို သိမ်းဆည်းသွားလို့ ရမလား…” ထိုအသံ ထွက်ပေါ်ရင်း လူငယ်တစ်ယောက် ပေါ်လာ၏။ သူ့ထံ၌ ဆံပင်ဟူ၍မရှိ၊ သူ့မျက်နှာမှာ ကြင်နာမှုအပြည့် ရှိသည်။ သူသည် လေဟာနယ်အတွင်းမှ လှမ်းထွက်ကာ ထိုအလောင်းခန္ဓာနား ရောက်လာသည်။
စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် အဘိုးအိုတစ်ယောက်မှာ တုန်လှုပ်နေ၏။ သူက မဆိုင်းမတွ ပြောလိုက်၏။ “သင်ဟာ…တာအိုပြန့်ကြဲစိတ်ဝိညာဉ်ပဲ…”
“သင်သာ ဒီအလောင်းကို လိုချင်ရင်…သင်သာ လိုချင်ရင်…” ဦးခေါင်းပြောင်လူငယ်က ပြုံးလိုက်၏။ သူက ထိုကျင့်ကြံသူများကို လစ်လျူရှုထားသည်။ သူ့လက်ကို အလောင်းကောင်ထံ ဆန့်ထုတ်ကာ သူနှင့်အတူ ယူဆောင်ပြီး လေဟာနယ်အတွင်း လျှောက်လှမ်းသွားတော့သည်။ သူ့အကြည့်ကမူ ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ ကျရောက်၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။
“သူဟာ သူတို့ကိုယ်သူတို့ နတ်ဘုရားပြစ်ဒဏ်လို့ သမုတ်ကြတဲ့လူတွေနဲ့ မတူဘူး။ ဖြစ်နိုင်တာက သူဟာ မိုးကြိုးကျေးကျွန်တစ်ယောက် မဟုတ်တဲ့ပုံပဲ…” လူငယ်သည် စဉ်းစားလျက်ဖြင့် လောကကနေ ပျောက်ကွယ်သွားသည်။ သူသည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း၊ အာဏာတက်ခြင်းအဆင့်တို့ထက် ကျော်လွန်ကာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိသူပင်။
ထိုကဲ့သို့အရာမျိုးမှာ ဒီခုနစ်သန်းလောကများတွင် မည်သို့မှ မဖြစ်နိုင်သင့်ပေ။ အခုလိုအဆင့် ကျင့်ကြံသူတစ်ယောက် ဤခုနစ်သန်းလောကတွင် မည်သို့မှ ရှိမနေသင့်ပေ။ ပြန့်ကြဲမိုးကြိုးကလန်ကသာ ထိုအဖြစ်ကို သိပါက ကလန်တစ်ခုလုံးတွင် လှိုင်းထန်သွားမည် ဖြစ်၏။ ကလန်၏ဘိုးဘေးဖြစ်သူပင် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ခွာလာကာ သည်အခြေအနေကို စစ်ဆေးကြည့်ပေလိမ့်မည်။
တစ်ချိန်တည်းမှာ ဝမ်လင်းရှိနေသော ဂြိုဟ်ပေါ်တွင်မူ ရှုလီကောသည် ပျော်ရွှင်စွာဖြင့် လူပေါင်းထောင်ချီ၏ ရင်းမြစ်များကို စုဆောင်းနေသည်။ သူ့ပလ္လင်မှာလည်း ပေတစ်သောင်းနီးပါး ရှိနေကာ ၎င်းထက်၌ အမျိုးသမီးကျင့်ကြံသူအလှလေးများစွာလည်း ရှိသည်။
ထိုအမျိုးသမီးများကြား၌ မင်သက်နေသောအမျိုးသမီးတစ်ယောက် ရှိ၏။ သူမသည် နေရာတွင်ပင် အေးစက်စက် ထိုင်နေလျက် ရှုလီကောကို မုန်းတီးစွာ စိုက်ကြည့်နေသည်။
“နင်က ရတနာတစိတ်ဝိညာဉ်တစ်ခုပါပဲ။ ဒါပေမဲ့ နင်က ငါ့ကို ဖမ်းဆီးဝံ့တယ်ပေါ့။ နင်ဟာ နင့်ကိုယ်နင်အတွက် ဘေးဒုက္ခတစ်ခု ကျလာစေသလို ဖြစ်နေပြီ။ နင်တင်မကဘူး နင့်ဆရာပါ အသတ်ခံရလိမ့်မယ်…။ နင့်ဆရာက ဘယ်သူပဲဖြစ်ဖြစ်၊ ကလန်မှာ ဘယ်အဆင့်အတန်းပဲ ရှိရှိ …နင်တို့နှစ်ယောက်လုံး အသတ်ခံရလိမ့်မယ်…”
***