အခန်း ၄၁
Vol. 5 Ch. 41
အခန်း(၄၁)
ကျန်ယုချိန်၏ တိုက်ခိုက်မှု အရှိန်အဟုန်က ကျားတစ်ကောင်ကဲ့သို့ လျင်မြန်ပြင်းထန်သည်။
သူ၏ အရှိန်အဟုန်သည် ပြိုင်ဘက်ကို ကြောက်ရွံ့သွားစေရန် လုံလောက်၏။
လူတိုင်း၏ စိတ်ထဲတွင် ထိုတိုက်ခိုက်မှုကို ချင်ယန် ခုခံနိုင်မည်မဟုတ်ဟု ယူဆခဲ့ကြသည်။
ကျန်ယုချိန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မှိန်ဖျော့ဖျော့ ရွှေရောင် အခိုးအငွေ့များက လေထုကို ပူလောင်လာစေခဲ့သည်။
စိတ်တုန်လှုပ်ခြောက်ခြားဖွယ် အော်မြည်သံကြီးနှင့် အတူ မှိန်ဖျော့ဖျော့ ရွှေရောင် အခိုးအငွေ့များသည် လျင်မြန်စွာ လှည့်ပတ်လာခဲ့ပြီး သူ၏ လက်နှစ်ဖက်တွင် ပေါင်းစည်းသွားခဲ့သည်။
ချင်ယန်ကလည်း သူ၏ ချီများကို ဆက်တိုက် လှည့်လည်ကာ ခိုင်ခံ့သော မီးတောက် အကာအကွယ် အလွှာ တစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ ဒန်တျန် အတွင်းရှိ ယွမ်မျိုးစေ့သည် ဆုံလည်တစ်ခုကဲ့သို့ လျင်မြန်စွာ လည်ပတ်နေပြီး ထိုအရာ၏ မွှေနှောက်မှုကြောင့် အလွန်ပူပြင်းသော စွမ်းအင်လှိုင်းလုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်ယုချိန်သည် ကျန်းချန်ထံမှ အပူစွမ်းအင်ကို သတိပြုမိသော်လည်း သူ၏ ကျားလက်သည်းသိုင်းက ထိုအကာအကွယ်ကို သေချာပေါက် ထိုးဖောက်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့၏။
"နှလုံးဖောက် ကျားလက်သည်း"
ထိုသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့် သူ၏ လျင်မြန်မှုသည် ရုတ်ချည်း တိုးတက်လာပြီး စွမ်းအားကြီးမားသော ကျားလက်သည်းသည် ချင်ယန်၏ ရင်ဘတ်ကို လျင်မြန်စွာ ထိုးဖောက်လာခဲ့သည်။
ထက်ရှသော ကျားလက်သည်းကြောင့် တိုက်ပွဲကို ကြည့်နေသူများသည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြသည်။
ကျန်ယုချိန်၏ ကျားလက်သည်းနှင့် ချင်ယန်၏ မီးတောက်အကာအကွယ် အလွှာ ထိမိသွားချိန်တွင် ပေါက်ကွဲသံ တစ်သံ မြည်ဟီးသွားခဲ့သည်။
အကာအကွယ် အလွှာက တစစီ ကျိုးပဲ့သွားပြီး အတွင်းဘက်မှ အပူစွမ်းအင်လှိုင်း တစ်ခုသည် ကျန်ယုချိန် ထံသို့ တိုးဝင်လာခဲ့သည်။
ယင်းနောက်တွင်မူ ကျန်ယုချိန်၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်က ဆယ်မီတာခန့်အထိ လွင့်စင်သွားသည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ကြရသည်။
သူ၏ လက်နှစ်ဖက်က မီးလောင်ကျွမ်းခံလိုက်ရပြီး နီရဲနေခဲ့သည်။
နာကျင်မှုကြောင့် ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့ကာ သူ၏ မျက်နှာသည်ပင် အပြာရောင်သန်းနေခဲ့၏။
"ချင်ယန်က တကယ် မလှုပ်ရှားဘဲနဲ့ ချီထုတ်သုံးနိုင်တဲ့ အဆင့်ကို ရောက်နေပြီပဲ... သူ့ရဲ့ ချီစွမ်းအင် လည်ပတ်မှုက အရမ်းမြန်ပြီး မီးတောက် အကာအကွယ်အလွှာကို အလျင်အမြန် ထုတ်ဖော်နိုင်တယ်"
ဆရာတစ်ဦးက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
အကြီးအကဲဇန်းပင် အံ့အားသင့်ဟန်ဖြင့်
"ချင်ယန်က အနက်ရောင်ယန် အတွင်းအားကျင့်စဉ်ကို ကျွမ်းကျင်သွားပြီ... သူ့ရဲ့ အတွင်းအားက အကြီးစားအောင်မြင်မှု အဆင့် ရောက်သွားတဲ့အတွက် အတွင်းအားထိန်းချုပ်မှုကို ပြုလုပ်နိုင်တဲ့ အပြင် သူ့အတွင်းအားတွေက ပို အားကောင်းသွားခဲ့ပြီ"
[အတွင်းအားပညာရပ်မှာ အကြီးစားအောင်မြင်မှုတဲ့လား]
ပထမနှစ် ကျောင်းသားအားလုံး၏ ရင်ထဲတွင် ငိုချင်စိတ်များ ဖြစ်သွားခဲ့ကြသည်။
သူတို့အားလုံးသည် အတွင်းအားပညာရပ်၌ ပထမအဆင့်သာလျှင် ရှိကြသေးပြီး မည်သည့် အောင်မြင်မှုမှ မရကြသေးပေ။
ချင်ယန်က အကြီးစား အောင်မြင်မှု အဆင့်ကိုပင် အောင်မြင်သွားခဲ့ချေပြီ။
"ပထမနှစ်တွေ အတွက် အတွင်းအား ကောင်းမွန်အောင် စတင်လေ့ကျင့်တာ အကောင်းဆုံး နည်းလမ်းပဲ.. အနက်ရောင်ယန် အတွင်းအား ကျင့်စဥ်ကို ချင်ယန်က အကောင်းဆုံး လေ့ကျင့်နိုင်ခဲ့တာပဲ"
ဒင်ရှန်ချန်းက ပြောလိုက်သည်။
ထို့ပြင်
"ပထမနှစ် ကျောင်းသားတွေရဲ့ ကျင့်စဉ်တွေက စိတ်ဝိညာဉ် အဆင့်တွေပဲ... အဲဒီအဆင့် ပညာရပ်တွေက သင်ကြားရတာ ခက်ခဲသလို အောင်မြင်မှုရဖို့လည်း ပိုတောင် ခက်ခဲတယ်"
ကျောင်းသားများက ထိုစကားကို ကြားလျှင် နောင်တရမိကြသည်။
သူတို့၏ မူလအတွင်းအား ကျင့်စဉ်သည် အသေးစားအောင်မြင်မှု အဆင့်ကို ရကောင်းရနိုင်သော်လည်း ပို၍ လွယ်ကူသော ကျင့်စဉ် ဖြစ်ခဲ့လျှင် ယခုအချိန်တွင် သူတို့၏ အတွင်းအားအဆင့်သည် ပိုမို မြင့်မားနေမည် ဖြစ်သည်။
"ငါ.. ငါ အရှုံးပေးတယ်"
ကျန်ယုချိန်က လောင်ကျွမ်းသွားသော သူ၏ လက်ကို ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။
သူသည်လည်း အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ဖြစ်သည်။
သို့သော် အတွင်းအား ကွာခြားချက်ကမူ အလွန်ပင် ကြီးမားနေခဲ့၏။
"ငါ လက်မခံဘူး"
စကားသံနှင့်အတူ လူအုပ်အတွင်းမှ ယန်ယွန် ထွက်လာခဲ့သည်။
"ချင်ယန်... နင့်ရဲ့ အစွမ်းက မြင့်မားနေတယ် ဆိုတော့ ငါ့ရဲ့ လက်သီးချက်ကို ခုခံနိုင်မလား... ငါက နင့်ကို နောက်ဆုတ်သွားအောင် မလုပ်နိုင်ရင် ငါ့ဘက်က အရှုံးပဲ... နင်စဉ်းစားချင်သေးလား"
ချင်ယန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"နင်ရှုံးရင် အခန်းရှစ်ရဲ့ မှော်သားရဲ အသေလေးကောင်ကို ငါပိုင်သွားမှာနော်... နင်သေချာရဲ့လား"
"သဘောတူတယ်"
ယန်ယွန်က စကားဆုံးသည်နှင့် ပျံလွှားငှက် ပျံသန်းခြင်းခြေလှမ်းကို ချက်ချင်းပင် ထုတ်သုံးလိုက်သည်။
နှင်းပွင့် ကဲ့သို့ ဖြူဖွေးသော သူမ၏ လက်ကနေ ရေငွေ့များသည် ခြေလှမ်း ဆယ်လှမ်း ဧရိယာအတွင်း ထွက်ပေါ်လာခဲ့သည်။
ထိုရေငွေ့များသည် ဆီးနှင်းများထက်ပင် အေးစိမ့်နေခဲ့၏။
သူမ၏ သိုင်းဝိညာဉ်က ရေဓာတ်သိုင်းဝိညာဉ် ဖြစ်သည်။
သူမ၏ လုပ်ဆောင်ချက်အရ လှည့်ပတ်နေသော ရေငွေ့များအတွင်း ရေခဲနှင့် ဆီးနှင်း စွမ်းအားများ ပါဝင်နေခဲ့၏။
ယင်းအခြေအနေက ပထမနှစ်ကျောင်းသားများ အတွင်း၌ အလွန်ကောင်းမွန်သော အခြေအနေ တစ်ခု ဖြစ်သည်။
ကျန်ယုချိန်က ချင်ယန်၏ အကာအကွယ်ကို အလုံးစုံ မချိုးဖျက်နိုင်ခဲ့ခြင်းမှာ အပူဒဏ်ကို အံမတုနိုင်ခြင်းကြောင့်ပင်။
ယခု ယန်ယွန် အသုံးပြုသော အအေးဓာတ် ချီများကို ကျန်းချန်၏ အပူဓာတ်ချီစွမ်းအင်က ခုခံနိုင်ပါမည်လော။
ထိုမျှသာမက သူမ၏ အခြား လက်တစ်ဖက်ကနေလည်း ပမာဏ အလွန်ကြီးမားသော ရေစွမ်းအားများကို ဖန်တီးထားခဲ့သည်။
ယန်ယွန် အတော်လေး ယုံကြည်မှုများ ပြည့်ဝနေခဲ့သည်။
သူမ ကျိန်းသေ အနိုင်ရမည်ဟု တွေးထားခဲ့၏။
ထိုအခိုက် သူမ၏ မျက်နှာပေါ်တွင် ဝင့်ကြွားသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယန်ယွန်သည် အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေရင်း ရေလုံးကြီး တစ်ခုကို ဖန်တီးလိုက်သည်။
ထိုရေလုံးကြီး၏ နောက်မှ ကပ်၍ သူမ၏ ရေခဲလက်ဝါးက လိုက်ပါသွားခဲ့သည်။
လူအုပ်ကြီးသည် သူမ၏ ဉာဏ်စွမ်းဉာဏ်စကို ချီးမွမ်းမိလိုက်ကြ၏။
သူမ၏ အစီအစဉ်သည် ပူပြင်းသော မီးကို ရေဖြင့် ငြိမ်းသတ်ရန် ဖြစ်သည်။
ယန်ယွန်သည် ယခုလို တုံ့ပြန်ရန် စဉ်းစားမိသည့် အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိသည်။
ထိုအချိန်၌ ရေလုံးကြီးသည် မီးတောက် အကာအကွယ် အလွှာနှင့် တွေ့ဆုံကာ အငွေ့ပျံသွားခဲ့၏။
သူမက မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း ရေခဲလက်ဝါး ရိုက်ချက်ဖြင့် မီးတောက် အကာအကွယ် အလွှာကို ဆက်လက် ချိုးဖျက်လိုက်သည်။
ထိုအချိန်တွင် ဆရာများသည် အလွန်အမင်း မျက်နှာပျက်သွားကြပြီး ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားကြသည်။
"အား..."
ယန်ယွန်၏ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာ၏။
ရေခဲလက်ဝါးသည် မီးတောက် အကာအကွယ် အလွှာကို ထိလိုက်သည်နှင့် အကာအကွယ်အလွှာက ပေါက်ကွဲသွားပြီး အတွင်းမှ ထွက်ပေါ်လာသော မီးတောက်များသည် သူမ၏ တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားခဲ့သည်။
ဆရာများက အလျင်အမြန် ပြေးလာခဲ့ပြီး ယန်ယွန်၏ ကိုယ်တွင် လောင်ကျွမ်းနေသော မီးများကို ငြိမ်းသတ်ပေးလိုက်ကြ၏။
သို့သော် သူမသည် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခဲ့ချေပြီ။
ယန်ယွန်က သနားစရာကောင်းလောက်အောင်ကို မီးလောင်ခံလိုက်ရသည်။
သူမ၏ လက်မှ ဒဏ်ရာသည် ကျန်ယုချိန်ထက်ပင် များစွာ ဆိုးရွားနေခဲ့၏။
ယန်ယွန်က နာကျင်မှု ဝေဒနာကြောင့် ဒေါသထွက်နေခဲ့သည်။
သူမ၏ ဘဝတွင် ပထမဆုံးအကြိမ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့၏။
ယုံကြည်ချက် ခိုင်မာ၍ လှပသော ထိုမိန်းကလေးက မြေကြီးပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်ရှိ လူများ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက် တစ်ခုကို ခံစားလိုက်ကြရသည်။
"နောက်ထပ် ဘယ်သူ စိန်ခေါ်ချင်သေးလဲ"
ချင်ယန်က ကျောင်းသားအုပ်စုကြီးကို ကြည့်ကာ မေးလိုက်သည်။
ကျောင်းသားအားလုံးက နှုတ်ဆိတ်နေကြ၏။
ဂျန်လန်သည် အသံလှိုင်း သိုင်းဝိဉာဉ်ကို ပိုင်ဆိုင်သူ ဖြစ်ပြီး အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်သည်။
သူတိုက်ခိုက်မည် ဆိုလျှင် အနိုင်ရရန် မြင့်မားသော အခွင့်အရေး ရှိမည်ဟု ကျောင်းသားများက မျှော်လင့်နေခဲ့ကြသည်။
သို့သော် သူ၏ မျက်နှာတွင် တိုက်ခိုက်ရန် အတွက် စိတ်ဝင်စားသော အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။
သူက အခြားလူများ အပေါ် အနည်းငယ်မျှပင် သနားညှာတာမှုရှိသူ မဟုတ်သည့်အပြင် မည်သူနှင့်မှလည်း စကားပြောဆိုခြင်း မရှိပေ။
အမှန်စင်စစ် ဂျန်လန်သည် အခြားလူများ အတွက် ကူညီချင်စိတ် မရှိသလို အတော်လေး လိမ္မာပါးနပ်သူလည်း ဖြစ်သည်။
သူတိုက်ခိုက်ခဲ့၍ အနိုင်ရလျှင် ယန်ကိုးပါး ဝိညာဉ်သိုလှောင်မျှော်စင်သို့ သူတစ်ဦးတည်း ဝင်ရမည် မဟုတ်ချေ။
အခြားသူများပါ ဝင်ရောက်ကြလိမ့်မည် ဖြစ်သည်။
သူရှုံးနိမ့်ခဲ့လျှင်မူ အရှက်ကွဲရုံသာမက ဒဏ်ရာ အပြင်းအထန် ရရှိပေလိမ့်မည်။
သူက အနိုင်အရှုံး မသေချာသည့် တိုက်ပွဲကို ဆင်နွှဲလိုခြင်းမရှိပေ။
"တစ်ယောက်မှ မရှိတော့ရင် နဂို ဆုံးဖြတ်ချက်အတိုင်း အတည်ပြုလိုက်ပြီ"
အကြီးအကဲဇန်းက ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်သို့ ဝင်ရောက် လေ့ကျင့်ခွင့် ကျောက်စိမ်းပြားကို ချင်ယန် ထံသို့ ပေးအပ်လိုက်တော့သည်။
ချင်ယန်က အခန်းနှစ်နှင့် အခန်းငါးမှ နတ်ဆိုးသားရဲ ရှစ်ကောင်၏ အလောင်းများကို ရရှိခဲ့သည်။
သူသတ်ခဲ့သော နတ်ဆိုးသားရဲများနှင့် ပေါင်းလျှင် ချင်ယန်သည် အကျိုးအမြတ်များစွာ ရရှိသွားခဲ့၏။
နတ်ဆိုးသားရဲများ၏ အလောင်းများကို ရှုံးနိမ့်ခဲ့သည့် အခန်းနှစ်ခန်းမှ ကျောင်းသားများ၏ မျက်နှာသည် မြင်မကောင်းလောက်အောင် ရှုံ့မဲ့နေကြသည်။
ထိုအရာများအပြင် ချင်ယန်သည် အရိပ်လူဝံ၏ အလောင်းကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
ထိုသားရဲသည် အဆင့်ခုနစ် နတ်ဆိုးသားရဲ ဖြစ်၏။
ဒင်ရှန်ချန်းသည် အရိပ်လူဝံက အလွန် အဖိုးတန်ကြောင်း သိ၍ မည်သူမှ မသိစေရန် ချင်ယန်အတွက် လျှို့ဝှက် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
နောက်ရက်များအထိ စောင့်ခဲ့သော်လည်း ကွီဟီနှင့် အခန်းသုံးမှ ကျောင်းသားများသည် လုံးဝ ပြန်ရောက်မလာခဲ့ပေ။
ထိုအတောအတွင်း သူတို့ အားလုံးသည် အလွန်လျင်မြန်စွာ ပျံသန်းနေသော ခန္ဓာကိုယ် ကြီးမားသည့် အနီရောင် မီးတောက် လင်းယုန်ငှက်ကြီးကို မြင်တွေ့ခဲ့ကြသည်။
ထိုလင်းယုန်ငှက်ကြီးသည် အဆင့်ရှစ် နတ်ဆိုးသားရဲကြီး ဖြစ်သည်။
"တိမ်နဂါးတောင်တန်းကြီးရဲ့ အပြင်ဘက်ဒေသ အထိ အဆင့်ရှစ်၊ အဆင့်ကိုး နတ်ဆိုးသားရဲကြီးတွေ ရောက်လာနေကြပြီ... အတွင်းပိုင်းမှာ တစ်စုံတစ်ခု ဖြစ်နေတာ သေချာတယ်.. ငါသွားပြီး ကြည့်လိုက်ဦးမယ်... ဆရာတွေက ကျောင်းသားတွေကို ဦးဆောင်ပြီး ဟွာလင်းဝုကျောင်းကို အမြန်ပြန်ကြပါ"
ထိုသို့ ပြောပြီးနောက် အကြီးအကဲဇန်းသည် တောအုပ်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
ဆရာများနှင့် ကျောင်းသားများသည် ဟွာလင်းဝုကျောင်းသို့ အမြန်ပြန်ခဲ့ကြရာ နေ့တစ်ဝက်ခန့် ကြာလျှင် ပြန်လည် ရောက်ရှိခဲ့ကြသည်။
ပြန်ရောက်သည်နှင့် ရန်ရှီးယုသည် အချိန်မဆိုင်းဘဲ ချင်ယန်ကို ခေါ်ဆောင်၍ ဟွာလင်းတောင်သို့ သွားခဲ့သည်။
ဟွာလင်းတောင်သည် ဟွာလင်းဝုကျောင်း၏ အမြင့်ဆုံး တောင်တစ်တောင် ဖြစ်သည်။
ဟွာလင်းတောင်၏ တည်နေရာသည် ကျောင်း၏ အတွင်းဘက် အကျဆုံးတွင် တည်ရှိ၍ မီတာ တစ်သောင်းကျော် မြင့်မားကာ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးအုပ်နေခဲ့သည်။
ထိုနေရာပ အတော်လေး အေးစိမ့်နေခဲ့၏။
တောင်တက်လမ်းသည် အလွန်မတ်စောက်ကာ ကြမ်းတမ်းလွန်းသည်။
ထိုမျှလောက်သည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ဖြစ်သည့် ချင်ယန်အတွက်မူ အခက်အခဲ မရှိချေ။
သို့သော် တောင်ထိပ်သို့ ရောက်ရန် အတွက် နာရီများစွာ ကြာမြင့်ခဲ့သည်။
တောင်ထိပ်ပိုင်းသည် အလွန် အေးရုံမျှမက လေထုအတွင်း၌ ပါဝင်နေသော ရေခဲစများနှင့် နှင်းများသည် ထက်ရှသော ဓားသွားလေးများ ပမာ အန္တရာယ် အလွန် ကြီးမား၏။
ချင်ယန်က ကောင်းကင်ပေါ်ရှိ နေကိုးစင်းကို မော့ကြည့်လိုက်ပြီး ရေခဲများ ဖုံးလွှမ်းနေသည့် အဆင့်ကိုးဆင့် ရှိသော မျှော်စင် ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။
"ဒီဧရိယာအတွင်းမှာ နေတစ်စင်းကပဲ အပူဓာတ် ထုတ်လွှတ်ပြီး ကျန်တဲ့ ရှစ်စင်းက အလင်းရောင်ကို ထုတ်လွှတ်နေတယ်... ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ"
မျှော်စင်ကြီး တစ်ခုလုံးကို နှင်းများဖြင့် ဖုံးလွှမ်းထားသောကြောင့် အမှတ်တမဲ့ကြည့်လျှင် ရေခဲမျှော်စင်ဟု ထင်မှတ်ရ၏။
ချင်ယန်က ရေခဲမျှော်စင်အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ ဆံပင်များ ဖြူဖွေးနေသော အကြီးအကဲ အဘိုးအို တစ်ဦးကို တွေ့လိုက်ရသည်။
သူက အကြီးအကဲဇန်း ပေးလိုက်သော ဝင်ခွင့် ကျောက်စိမ်းပြားကို ထုတ်ယူကာ အဘိုးအို ထံသို့ ပေးအပ်လိုက်သည်။
"စီနီယာ.. ကျွန်တော်က ယန်ကိုးပါး ဝိညာဉ်သိုလှောင်မျှော်စင်ထဲ ဝင်ဖို့ အခွင့်အရေး ရထားပါတယ်"
အဘိုးအိုက ကျောက်စိမ်းပြားကို ယူလိုက်သည်။
"ယန်ကိုးပါး ဝိညာဉ်စွမ်းအင်တွေကို အမြင့်ဆုံးမှာ သိုလှောင်ထားတာ... အဲဒီနေရာကို တက်ပြီး စိတ်ရှည်လက်ရှည် စောင့်နေပါ... အစီအရင်တွေကို ငါဖွင့်လိုက်မယ်.. အခုကစပြီး ဆယ်ရက်ပြည့်မှ အစီအအရင်တွေ ရပ်တန့်သွားပြီး ဒီနေရာက ပြန်ထွက်လို့ရမယ်... မင်းဝင်မှာ သေချာရဲ့လား"
ချင်ယန်က ခေါင်းညိတ်လိုက်ပြီး လှေကားပေါ်သို့ တက်ရောက်သွားခဲ့သည်။
ထိပ်ဆုံးအလွှာသို့ ရောက်လျှင် ကြမ်းပြင်ပေါ်၌ အလွန်များပြားသော မှော်စာလုံးအစီအရင်များ ထွင်းထုထားသည်ကို မြင်လိုက်ရ၏။
ချင်ယန်က ထိုင်ချလိုက်ပြီး စာလုံးများကို လက်ဖြင့် ပွတ်သပ်၍ သေချာစွာ လေ့လာလိုက်သည်။
ထို့နောက် သူက ရေရွတ်လိုက်သည်။
"ယန်ကိုးပါး ဝိညာဉ် သိုလှောင်မျှော်စင်ကို မှော်အစီရင် အများအပြားနဲ့ ပြုလုပ်ထားတာပဲ... ဒီမှော်စာလုံးတွေကို ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ"
အခန်း(၄၁) ပြီး၏