အခန်း ၄၃
Vol. 5 Ch. 43
အခန်း(၄၃)
ဧည့်ခံပွဲ စတင်ခဲ့ချေပြီ။
ဆရာဝေသည် ရွှေရောင် အနားကွပ်များ ပါသည့် အလွန်တန်ဖိုးကြီးမားသော ဝတ်စုံကို ဆင်မြန်းထားခဲ့သည်။
သူ၏ လေးထောင့်ကျကျ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေ၏။
သူက သိုင်းပြိုင်သည့် စင်မြင့်ရှေ့ကနေ ယဉ်ကျေးပျူငှာစွာ ကြိုဆို ဧည့်ခံနှုတ်ဆက်နေခဲ့သည်။
ဆရာဝေသည် ကြိုဆိုမှု ပြီးဆုံးလျှင် ဝေရှန်းခွန် ထံသို့ သွားရောက်ခဲ့သည်။
ဝေရှန်းခွန်သည်လည်း ဖခင်ဖြစ်သူကဲ့သို့ တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထား၏။
ထို့ပြင် သူ၏ ခါး၌ စိတ်ဝိညာဉ်ရတနာ ဖြစ်ဟန်ရှိသည့် ဓားတစ်ချောင်းကို ချိတ်ဆွဲထားသည်။
ဝေရှန်းခွန် မိတ်ဆက်စကား ပြောပြီးနောက်တွင် မီးရှူးမီးပန်းများကို စတင် ပစ်လွှတ်ခဲ့ကြသည်။
ဩဇာအာဏာကြီးမားသော အလွှာအသီးသီးမှ လူများစွာသည် ဝေရှန်းခွန်တို့ သားအဖ နှစ်ဦးထံ သွားရောက်၍ ဂုဏ်ပြုစကားများ ပြောကြားနေကြ၏။
ချင်ယန်က ရန်ရှီးယု၏ နံဘေးတွင် ထိုင်ကာ အစားအသောက်များကို သုံးဆောင်နေခဲ့သည်။
ထိုအချိန်အတွင်း ချင်ယန်သည် အစားအစာများ၌ မကောင်းကြံမည်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
ထို့ပြင် ဟွာလင်းဝုကျောင်းတွင် အကြီးအကဲဇန်း ရှိနေရာ ဆရာဝေ အတွက် အခွင့်အရေး တစ်ခုမျှ ရှိမည် မဟုတ်ချေ။
ယနေ့ည၌ ရန်ရှီးယုသည် ရိုးရှင်းသော အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ဝိုင်အချို့ကို ဟန်မပျက် သောက်နေခဲ့သည်။
ဆရာဝေသည် ဝိုင်ခွက် တစ်ခွက်ကို ကိုင်ဆောင်၍ ပေါ့ပါးသော ခြေလှမ်းများဖြင့် ချင်ယန်၏ နံဘေးသို့ ရောက်လာခဲ့သည်။
သူက ဟက်ဟက်ပက်ပက် ရယ်မော၍ ပြောလိုက်သည်။
"ချင်ယန်... မင်းက ခွန်အာကို အနိုင်ယူခဲ့တဲ့အပြင် ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်ရဲ့ ဝင်ခွင့်အရည်အချင်း စစ်ဆေးမှုမှာ ယန်လေးကို အနိုင်ရပြီး ဝင်ခွင့်ရသွားခဲ့တယ်... မင်းက ပထမနှစ်ကျောင်းသားတွေ ထဲမှာတော့ နံပါတ်တစ် ပါရမီရှင်ပါပဲ... ဒီညစာ စားပွဲကို တက်ရောက်ပေးတဲ့အတွက် မင်းကို ငါအရမ်း ကျေးဇူးတင်ပါတယ်"
သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံး ပျားပန်းခတ်မျှ လှုပ်ရှား၍ ဆူညံနေသော်လည်း ဆရာဝေ၏ အသံသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လူတစ်ဦးချင်းစီ၏ နားတွင် ပီပီသသ ကြားလိုက်ရသည်။
ဆရာဝေ၏ စကားလုံးများမှာ လွန်စွာ ယဉ်ကျေးသည့် စကားလုံးများ ဖြစ်နေသည့်တိုင် ချင်ယန် ဒေါသထွက်သွားခဲ့သည်။
ဆရာဝေအား သဘောထားကြီးသူ တစ်ယောက်အဖြစ် လူအများမှ ချီးကျူးမိကြသည်။
ချင်ယန်က လျင်မြန်စွာ ထရပ်လိုက်ပြီး ဒေါသကို ထိန်းချုပ်၍ အပြုံးမပျက် ပြန်ပြောလိုက်သည်။
"ဆရာဝေက အရမ်းကို ယဉ်ကျေးပျူငှာတာပဲ... ကျွန်တော်တို့ အားလုံးက ဟွာလင်းဝုရဲ့ ကျောင်းသားတွေပါ.. ဆရာလေး ဝေကလည်း မှော်စာလုံးအစီအရင် ပြုလုပ်နိုင်ပြီ ဆိုတော့ ဟွာလင်းဝုကျောင်းရဲ့ ဂုဏ်သရေလည်း အလိုအလျောက် မြင့်လာတာပဲပေါ့... ဒါကြောင့် ဒီဧည့်ခံပွဲကို ကျွန်တော် လာခဲ့တာပါ"
ချင်ယန်၏ ကြည်လင်သော ရယ်သံသည် သိုင်းလေ့ကျင့်ရေးကွင်းပြင် တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။
သူ၏ အားကောင်းသော ချီစွမ်းအင်သည် နန်းတွင်းအရာရှိကြီးများကို ကြောက်လန့်သွားစေခဲ့၏။
ချင်ယန်သည် ဟွာလင်းဝုကျောင်းသို့ ဝင်ရောက်သွားပြီးနောက် အရာရှိကြီးများသည် သူ့ကို မြင်တွေ့ရခြင်း မရှိခဲ့ချေ။
ယခုမှ ချင်ယန်ကို ပြန်မြင်ကြရခြင်း ဖြစ်သည်။
ယင်းအချိန်တွင် ဆံပင်များ ဖြူဖွေးနေသော အကြီးအကဲ တစ်ဦး လျှောက်လှမ်းလာခဲ့သည်။
ထိုသူသည် ခရမ်းရောင်တွင် ရွှေရောင်ပန်းပွင့်များ ဖော်ထားသော တန်ဖိုးကြီး ဝတ်စုံကို ဝတ်ထားပြီး ခါးတွင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ခါးစည်းကြိုးကို စည်းထား၏။
သူ၏ ကိုယ်မှ အထက်စီးဆန်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး အေးစက်သော အကြည့်ဖြင့် ချင်ယန်ကို စတင်ကြည့်ရှုလိုက်သည်။
ထိုဆံဖြူအဘိုးကြီးသည် ယန်ယွန်၏ အဘိုး ဖြစ်သည့် အမတ်ကြီးယန် ဖြစ်သည်။
အမတ်ကြီးယန်သည် လမ်းလျှောက်နေရင်းမှ ဆရာဝေကို ကြည့်၍ ပြောလိုက်သည်။
"အဘိုးကြီးဝေ... မင်း အဲဒီအကြောင်းကို မသိသေးဘူးလား... ဒီကောင်လေး ငယ်ငယ်တုန်းက မကောင်းဆိုးဝါးမ တစ်ဦး ထံကနေ နတ်ဆိုးပညာရပ်တွေကို သင်ပေးခဲ့လို့ စိတ်ဝိဉာဉ်သွေးကြော လေးခု ဆွဲထုတ်ခံခဲ့ရတယ်.. သူ့ရဲ့ ကျင့်ကြံမှုက နတ်ဆိုးပညာရပ်တွေမို့သာ အောင်မြင်မှုတွေ ရရှိနေတာပဲ"
အရာရှိအိုကြီးများ၏ အဖွဲ့နှင့် မင်းမျိုးမင်းနွယ်များသည် ရင်းနှီးကျွမ်းဝင်သူများ၏ ရှေ့သို့ သွားကာ အမတ်ကြီးယန် ပြောသော ချင်ယန်၏ နတ်ဆိုးပညာရပ် ကျင့်ကြံမှု အကြောင်းကို ကူညီပြောကြားခဲ့သည်။
ဤဖြစ်ရပ်မှတဆင့် ဆရာဝေက ရိုးရှင်းမှု မရှိကြောင်း ချင်ယန် သိသွားခဲ့ချေပြီ။
သူ၏ မှန်းဆချက် အရ အရိပ်လူဝံနှင့် ကွီဟီတို့ကို တိုက်ခိုက်ခိုင်းခဲ့ခြင်းသည် ဆရာဝေ ခိုင်းစေခဲ့မှန်း သေချာသွားခဲ့သည်။
ထိုအရာရှိအိုကြီးများ ကဲ့သို့ ဆရာဝေသည်လည်း ကြောင်သူတော် တစ်ဦးသာ ဖြစ်ကြောင်း ချင်ယန် နားလည်သွားခဲ့၏။
ထိုအခိုက်အတန့်တွင် အကြီးအကဲဇန်းက လူအုပ်အတွင်းမှ တည်ငြိမ်စွာ လျှောက်လှမ်းလာရင်း ပြောလိုက်သည်။
"ချင်ယန်က ငါတို့ ဟွာလင်းဝုကျောင်းရဲ့ ကျောင်းသား တစ်ဦးပဲ... သူက နတ်ဆိုးပညာရပ်ကို လေ့ကျင့်ထားခြင်း မရှိဘူး... ဆရာမရန် သူ့ကို ပေးထားတဲ့ အနက်ရောင်ယန်အတွင်းအား ကျင့်စဥ်ကိုပဲ လေ့ကျင့်ထားတယ်... နောက်ပိုင်းမှာ သူရရှိခဲ့တဲ့ အလင်းမီးတောက် လက်သီးနဲ့ တိမ်မီးတောက် ခြေလှမ်းပညာကို လေ့ကျင့်ခဲ့တယ်... ဒါက လူတိုင်းသိထားရမယ့် အမှန်တရားပဲ"
အမတ်ကြီးယန်က အကြီးအကဲဇန်း၏ အသံကို ကြားသောအခါ ချက်ချင်းဆိုသလို မျက်နှာထက်တွင် စိုးရိမ်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"အကြီးအကဲဇန်း.. ခင်ဗျားရဲ့ စကားက နားထောင်ကောင်းပေမဲ့ ယုံကြည်ဖို့ မဖြစ်နိုင်ဘူး"
"ဒီကိစ္စတွေကို ခင်ဗျား မသိပါဘူးလေ... အဲဒီကာလက နတ်ဆိုးပညာရပ်တွေ ချင်ယန် ကျင့်ခဲ့တယ်ဆိုတာ ရှန်ချင် အင်ပါာက လူတိုင်း ယုံကြည်ခဲ့ကြတယ်.. ခင်ဗျားရဲ့ တစ်ဖက်သတ် ထုတ်ပြန်ချက်တွေက ယုံကြည်ဖို့ အရမ်းခက်ခဲတယ်.. ဒါ့အပြင် ချင်ယန်ကြောင့် ဟွာလင်းဝုကျောင်းရဲ့ ဂုဏ်သတင်းပါ ဆိုးရွားသွားလိမ့်မယ်"
အခြား ဧည့်သည်များ၏ အမူအရာကို အကဲခတ်ကြည့်ပြီးနောက်တွင် ဆရာဝေတို့က ဧည့်ခံပွဲကို အသုံးပြု၍ ဟွာလင်းဝုကျောင်းကို ဖိအားပေးရန် တိတ်တဆိတ် ကြိုတင် တိုင်ပင်ထားခဲ့ကြောင်း ရန်ရှီးယု သိလိုက်သည်။
ဤနေရာသို့ ချင်ယန် မလာခဲ့လျှင်ပင် သူတို့အဖွဲ့သည် ပြဿနာ တစ်ခုခု ဖန်တီးပေလိမ့်မည်။
"ဘာလဲ.. ခင်ဗျားက ချင်ယန်ကို သတ်ချင်နေတာလား"
အကြီးအကဲဇန်းက အေးစက်တင်းမာသော အသံဖြင့် ပြောလိုက်သည်။
"ငါက လူထောင်ပေါင်းများစွာ ဆီကို ဝေရှန်းခွန်က နတ်ဆိုးပညာရပ် လေ့ကျင့်နေတယ်လို့ သတင်း အချက်အလက်တွေ ပို့ဆောင် ဖြန့်ဝေလိုက်ရင် တစ်နိုင်ငံလုံးက လူတွေက သူ တကယ် လေ့ကျင့်နေတယ်လို့ ထင်ကြမှာပဲလေ.. ဒါဘာဆန်းလို့လဲ"
အကြီးအကဲဇန်းက ချင်ယန်ကို မည်သည့် အတွက်ကြောင့် ကာကွယ်ပေးနေမှန်း လူတိုင်း ပဟေဠိ ဖြစ်နေခဲ့သည်။
ဟွာလင်းဝုကျောင်း၏ ဂုဏ်သတင်းကျဆင်းစေနိုင်သည့်အတွက် အကြီးအကဲဇန်းက ချင်ယန်ကို ကျောင်းထုတ်လိမ့်မည်ဟု သူတို့ မူလက တွေးထားကြသည်။
သို့ရာတွင် အကြီးအကဲဇန်းသည် ချင်ယန်ကို ကာကွယ်ပေးခဲ့သည်။
"ဒါဆို ဒီလိုလုပ်ရအောင်.. ချင်ယန်ရဲ့ သန်မာမှု အတွက် တစ်နာရီလောက် တိုက်ခိုက်ကြည့်မယ်... တစ်နာရီအတွင်း သူက နတ်ဆိုးပညာရပ်ကို အသုံးမပြုခဲ့ရင် သူ့မှာ ဘာအပြစ်မှမရှိဘူး... ဒီနည်းလမ်းက ရက်စက်ပေမဲ့ သူ့ရဲ့ ကျင့်စဥ်က နတ်ဆိုးပညာရပ် ဟုတ်မဟုတ် ထိထိရောက်ရောက် စစ်ဆေးနိုင်တယ်.. ယှဥ်ပြိုင်ရင်းနဲ့ တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကြောင့် ဖိအားပေးခံရပြီး နတ်ဆိုးပညာရပ်ကို ထုတ်သုံးလာနိုင်တယ်"
"နတ်ဆိုးပညာရပ်ကို သူတကယ် အသုံးပြုခဲ့ရင်တောင် သူ့ကို မသတ်ဘူးလို့ ငါတို့ ကတိပေးနိုင်ပါတယ်... သူ့ကို နိုင်ငံကနေ နှင်ထုတ်ရုံလောက်ပါပဲ"
အမတ်ကြီးယန်၏ အကြံအစည်ကို လူအများအပြားက ထောက်ခံခဲ့ကြသည်။
ရန်ရှီးယုက နားထောင်ခဲ့ပြီးနောက် ဒေါသ အလွန်အမင်းထွက်လာကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ကျွန်မ လုံးဝ လက်မခံဘူး.. ကျွန်မလည်း ရှင့်ရဲ့ ကျင့်စဉ်ကို နတ်ဆိုးပညာရပ်လို့ သံသယရှိတယ်.. ဒါကြောင့် ရှင့်ရဲ့ သိုင်းပညာကို စစ်ဆေးတဲ့အနေနဲ့ ရှင်နဲ့ တိုက်ခိုက်မယ်.. ဘယ်လိုလဲ"
ရန်ရှီးယုသည် အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ် ဖြစ်ပြီး အထွတ်အထိပ် မိုးကောင်းကင် သိုင်းကျောင်းမှ လာသူ ဖြစ်သည်။
သူမ၏ စွမ်းအားက ကျိန်းသေ အားနည်းမည် မဟုတ်ချေ။
ထို့ပြင် သူမ၏ သိုင်းဝိညာဉ်ကို မည်သူမှ မသိကြပေ။
ဤနေရာတွင် သက်ကြီးဝါကြီး သိုင်းပညာရှင် များစွာ ရှိနေသော်လည်း သူမနှင့် တိုက်ခိုက်ဝံ့သူ မရှိချေ။
ဝမ်မိသားစုမှ အကြီးအကဲ တစ်ဦးက ပြောလိုက်သည်။
"ဒီပြဿနာကို ဒီနေ့ ဆုံးဖြတ်မယ်... ချင်ယန်က ရှင်းပြချက်တစ်ခုခု မပေးရင် ငါတို့ ဒီကျောင်းက ထွက်ရလိမ့်မယ်"
လူအုပ်ကြီး ထံမှ တစ်ယောက် တစ်ပေါက် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
"ငါတို့လည်း ဒီကျောင်းက ထွက်ကြမယ်... ဒီမကောင်းဆိုးဝါးကျောင်း အစား အခြား အင်ပါယာက တိုက်ခိုက်ရေးကျောင်းတွေကိုပဲ သွားတက်တော့မယ်"
"ချင်ယန်ရဲ့ နတ်ဆိုးပညာရပ်က ပထမနှစ် ကျောင်းသားတွေထဲမှာ အရမ်းကို စွမ်းအား ကြီးမားနေတယ်... ဒါလုံးဝ မတရားဘူး... ငါတို့လည်း ဒီကျောင်းကို စွန့်ခွာရလိမ့်မယ်"
"အခြားနိုင်ငံက သိုင်းကျောင်းတွေလည်း ဟွာလင်းဝုကျောင်းထက် မညံ့ပါဘူး.. ဒီက ဆရာတွေက မကောင်းဆိုးဝါးကို ကာကွယ်ပေးနေတယ်"
"ဆရာတွေတဲ့လား... ကာကွယ်တဲ့အထဲမှာ ငါမပါဘူး"
ဆရာတစ်ဦးမှ အော်ပြောလိုက်သည်။
မိသားစုကြီးများနှင့် ဆရာ အချို့မှ တညီတညွတ်တည်း အော်ဟစ်၍ ဖိအားပေးနေကြ၏။
အကြီးအကဲဇန်း၏ မျက်နှာက လွန်စွာကြည့်ရဆိုးနေခဲ့သည်။
ဤလူအုပ်က သူ့ကို ဖိအားပေးနိုင်မှန်း သူသိလိုက်သည်။
ယခု အမတ်ကြီးယန်၏ အကြံအစည်ကို ချင်ယန် လက်ခံမှသာ အခြေအနေကို ထိန်းသိမ်းနိုင်ပေလိမ့်မည်။
ချင်ယန် ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော်နဲ့ တိုက်ခိုက်ဖို့ ဘယ်သူ့ကို စီစဉ်ထားလဲ.. အဲဒီသူက အရမ်း အစွမ်းထက်သူ မဟုတ်ရင် ကျွန်တော် လက်ခံမယ်"
အမတ်ကြီးယန်က ဝံ့ကြွားစွာ ပြောလိုက်သည်။
"မင်းနဲ့ ရင်ဆိုင်ဖို့ အသက်ဆယ့်ရှစ်နှစ်နဲ့ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို ရောက်နေတဲ့ သိုင်းသမား တစ်ယောက် စီစဥ်ထားတယ်.. သူက စိတ်ဝိညာဥ်ကျောင်းက ပြန်လာတဲ့ ငါ့မြေး ယန်ချင်ယုပဲ"
"ယန်ချင်ယုက စိတ်ဝိညာဉ် သွေးကြောလေးခုနဲ့ ရွှေဖြူရောင် ဓားသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသူပဲ... သူက ဟွာလင်းဝုကျောင်းကို ဝင်ပြီးမှ စိတ်ဝိညာဥ်ကျောင်းကို ရွေးချယ်သွားခဲ့တယ်.. သူက အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို ရောက်တာ အတော်ကြာပြီ"
ကျောင်းသားတစ်ဦးက အံ့အားသင့်စွာ မှတ်ချက်ပြုလိုက်သည်။
အထွတ်အထိပ် ကျောင်းတော်ကြီးများ ဖြစ်သည့် စိတ်ဝိညာဥ်ကျောင်း၊ မိုးကောင်းကင်ကျောင်းနှင့် ကြယ်စင်ကျောင်းတို့သည် ခမ်းနားကြီးကျယ်သော ကျောင်းတော်ကြီးသုံးခု ဖြစ်သည်။
ထိုကျောင်းတော်သုံးခု၏ အင်အားသည် မတိမ်းမယိမ်း ရှိကြ၏။
အမတ်ကြီးယန်က ပြုံး၍ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့... ပြိုင်ပွဲအတွင်း ငါတို့ဘက်က လက်နက်ကို အသုံးမပြုပါဘူး... ချင်ယန်... စစ်ဆေးမှုကို နတ်ဆိုးပညာရပ် အသုံးမပြုဘဲ ကျော်ဖြတ်နိုင်ခဲ့ရင် ငါမင်းကို ဒူးထောက်တောင်းပန်မယ်.. ဒါ့အပြင် သလင်းကျောက်ပြား တစ်သိန်းကိုပါ လျော်ကြေးအဖြစ် ပေးအပ်မယ်"
"ကောင်းပြီလေ... ကျွန်တော် သဘောတူတယ်"
ချင်ယန် ပြန်ပြောလိုက်သည်။
အခန်း(၄၃) ပြီး၏