← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း(၄၄)

ရန်ရှီးယုသည် ချင်ယန်၏ လက်ကို ဆွဲ၍ တားမြစ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ယန်ချင်ယုသည် လွန်စွာစွမ်းအားကြီးသည်ဟု သူမ ကြားသိခဲ့ရသောကြောင့် ဖြစ်သည်။

ရန်ရှီးယုက လူအုပ်ကြီးကို ကြည့်၍ ပြောလိုက်သည်။

"ချင်ယန်... နင့်ရဲ့ ပင်ကိုစွမ်းရည်နဲ့ ဒီကျောင်းကို မတက်လည်း ကိစ္စကြီးတွေကို အောင်မြင်အောင် လုပ်နိုင်ပါတယ်"

"ဆရာမ... ကျွန်တော့်ကို ယုံပါ... ကျွန်တော် တစ်ဦးတည်းအတွက် ဒါကို လုပ်တာ မဟုတ်ပါဘူး... ဆရာမက မကောင်းဆိုးဝါးကို ကာကွယ်ပေးနေတာ မဟုတ်ကြောင်းနဲ့ ဆရာမရဲ့ ထက်မြက်တဲ့ ကျောင်းသား အကြောင်းကို အခြားလူတွေ သိဖို့အတွက်ပါ"

ချင်ယန်၏ တည်ကြည်သော အသံကို ပြတ်သားစွာ ကြားလိုက်ရသည်။

ရန်ရှီးယုသည် ချင်ယန်၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်လိုက်ရ၏။

သူမက သက်ပြင်းချလိုက်ပြီး ချင်ယန်၏လက်ကို ညင်သာစွာလွှတ်၍ သိုင်းပြိုင်ပွဲ စင်မြင့်ပေါ်သို့ တက်ရောက်ခွင့် ပြုလိုက်သည်။

အမတ်ကြီးယန်သည် ဝင့်ကြွားစွာ ပြုံးလိုက်ပြီး...

"မင်းအတွက် တစ်နာရီပဲ သည်းခံရမှာပါ... အဲဒီ တစ်နာရီအတွင်း အရှုံးပေးခွင့်၊ တောင်းပန်ခွင့် လုံးဝမရှိဘူး... ကုန်ကုန်ပြောရရင် သေခြင်းရှင်ခြင်းကို မိုးကောင်းကင်က ဆုံးဖြတ်လိမ့်မယ်"

ယန်အမတ်ကြီးက ဆရာဝေကို ကြည့်လိုက်ပြီး ဆက်လက်၍

"တရားမျှတမှု ရှိစေဖို့အတွက် ပိတ်ဆို့ ဝင်္ကပါတစ်ခု လုပ်ပေးဖို့ ဆရာဝေကို တောင်းဆိုပါတယ်... တစ်နာရီအတွင်း ဘယ်သူမှ အဝင်အထွက် လုပ်လို့မရတဲ့ အစီအရင်ကို စီစဉ်ပေးပါ"

ရုတ်တရက် လူအုပ်ကြီး၏ သြဘာပေးသံများ ဆူညံသွားခဲ့သည်။

ယန်ချင်ယုက သစ်ရွက်လေး တစ်ရွက် လွင့်မျောသွားသည့်နှယ် စင်မြင့် ပေါ်သို့ ပေါ့ပါးစွာ ရောက်ရှိလာခဲ့သည်။

သူ၏ ကိုယ်ဖော့ပညာ စွမ်းရည်သည် အမှန်ပင် အသိအမှတ်ပြု၍ ချီးကျူးသင့်၏။

ယန်ချင်ယုက မိုးပြာရောင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ခန့်ညားသော ရုပ်ရည်ရှိသူ ဖြစ်သည်။

သူ၏ စူးရှထက်မြက်သော မျက်လုံးများကမူ ချင်ယန်ကို အထင်သေးစွာဖြင့် ကြည့်နေခဲ့သည်။

ဆရာဝေသည် အလံငယ် အများအပြားကို စင်မြင့်၏ ပတ်ပတ်လည်တွင် နေရာတကျ စိုက်ထူလိုက်ပြီး ပိတ်ဆို့ဝင်္ကပါကို အသက်သွင်းလိုက်သည်။

ယန်အမတ်ကြီးနှင့် အရာရှိကြီးများ အဖွဲ့သည် ထိုပိတ်ဆို့ဝင်္ကပါကို မြင်တွေ့လိုက်ရသောအခါတွင် ပျော်ရွှင်သည့် အမူအရာများ သိသာစွာ ဖြစ်ပေါ်လာခဲ့ကြသည်။

အချို့ဆိုလျှင် ဟက်ဟက်ပက်ပက် ရယ်မောနေကြ၏။

သူတို့က ချင်ယန်၏ သေဆုံးခြင်းကို ပျော်ရွှင်စွာ ကြည့်ရှုရတော့မည်ဖြစ်၍ အူမြူးနေကြခြင်းပင်။

ယန်ယွန်က ချင်ယန်ကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။

သူမက ပြုံး၍ ပြောလိုက်သည်။

"အစ်ကိုခွန်... ချင်ယန် ကံဆိုးမိုးမှောင်ကျမှာ သေချာပါတယ်နော်"

သူမ၏ နံဘေးတွင် ထိုင်နေသော ဝေရှန်ခွန်က ပြန်ဖြေလိုက်သည်။

"မင်းအစ်ကိုချင်ယုရဲ့ စွမ်းအားကို မင်းမသိဘူးလား.. စိတ်ဝိညာဥ်ကျောင်းရဲ့ အတွင်းစည်း ကျောင်းသားတွေက အရမ်းကို ကြောက်စရာကောင်းတယ်... အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သာ ရှိသေးတဲ့ ချင်ယန်လောက်ကို ထည့်တွက်စရာကို မလိုဘူး.. သူက အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် ဖြစ်နေရင်တောင် သူ့အတွက် ဘာမှ အာမခံချက် မရှိဘူး"

ဝေရှန်ခွန် ပျော်ရွှင်တက်ကြွနေခဲ့သည်။

ချင်ယန်အပေါ်၌ အသည်းခိုက်အောင် မုန်းတီးခဲ့သည့် အတွက် ချင်ယန်၏ ကြောက်ရွံ့ဖွယ် သေဆုံးခြင်းကို ပျော်ရွှင်စွာ ကြည့်ရပေမည် မဟုတ်လော။

အကြီးအကဲဇန်း၏ ဟန်ပန်က အေးစက်တည်ကြည်နေခဲ့၏။

သူက သဲနာရီ တစ်ခုကို ထုတ်ယူလိုက်ပြီး သိုင်းပြိုင်ပွဲ စတင်ချိန်ကို မှတ်သားလိုက်သည်။

လမ်းကြောင်းအရ ဤသိုင်းပြိုင်ပွဲ၏ ရလဒ်ကို စဉ်းစားရန်ပင် မလိုအပ်ချေ။

အဘယ်ကြောင့်ဆိုသော် ချင်ယန်အတွက် ယန်ချင်ယု၏ စွမ်းအားက လွန်စွာ ကြီးမားနေခြင်းကြောင့်ပင်။

ချင်ယန်သည် တစ်နာရီအတွင်း ကြံ့ကြံ့ခံ၍ နတ်ဆိုးပညာရပ် အနည်းငယ်မျှ အသုံးမပြုခဲ့လျှင် အပြစ်ကင်းကြောင်း လူတိုင်း ယုံကြည်ရပေတော့မည်။

ယန်ချင်ယုသည် ယန်မိသားစုဝင် ဖြစ်ပြီး အလွန်ကောင်းမွန်သော ပျံလွှားငှက် ပျံသန်းခြင်း ခြေလှမ်းကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ ဖြစ်သည်။

သူက ချက်ချင်း စတင် တိုက်ခိုက်လိုက်သည်။

ယန်ချင်ယု၏ လျှပ်တပြက် ပျံသန်းမှုသည် ပုံရိပ်ယောင်များကိုပင် ဖြစ်ပေါ်လာစေခဲ့၏။

ချင်ယန်နှင့် နှစ်မီတာ အကွာသို့ အရောက်တွင် သူ၏လက်မှ လေမုန်တိုင်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုလေမုန်တိုင်း အတွင်း သူ၏ ကိုယ်တွင်းစွမ်းအင် အမျိုးမျိုး ပေါင်းစပ် ပါဝင်နေပြီး ကျယ်လောင်သော မြည်ဟီးသံနှင့် အတူ ချင်ယန် ထံသို့ ရောက်ရှိလာခဲ့သည်။

"ငါ့ထက် အများကြီး ပိုမြန်နေပါလား"

ချင်ယန်က ယန်ချင်ယု၏ တိုက်ခိုက်လာမှုကို မြင်လိုက်ရသောအခါ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခြင်းမရှိကြောင်း သိလိုက်ရသဖြင့် အံကြိတ်ကာ ခုခံရန် ကြိုးစားလိုက်၏။

ဓားတစ်လက်၏ ထက်ရှမှုများ ပါဝင်သော လေမုန်တိုင်းသည် ချင်ယန်၏ ပတ်ပတ်လည်မှ ပိတ်ဆို့ ရစ်သိုင်းလာခဲ့သည်။

လေမုန်တိုင်းမှ မရေတွက်နိုင်သော ချွန်ထက်သည့် ဓားသွားများသည် သူ့အား လှီးဖြတ်လာခဲ့ပြီး အဝတ်အစားများပေါ်တွင် များပြားသော စုတ်ပြဲရာများ ပေါ်ထွက်လာစေခဲ့၏။

ကံအားလျော်စွာ ချင်ယန်သည် သူ၏ ကြွက်သားများအတွင်းသို့ စုစည်းလာသော ကိုယ်တွင်းစွမ်းအင်များကို လွှဲပြောင်းလိုက်သဖြင့် ကြွက်သားများ တောင့်တင်း သန်မာသွားခဲ့သည်။

တစ်နည်းအားဖြင့် သူ၏ကိုယ်ကို ဒဏ်ရာမရစေရန် ကာကွယ်နိုင်ခဲ့၏။

ချင်ယန်သည် ကျောက်တုံးကြီး တစ်ခုပမာ မလှုပ်မယှက် ရပ်နေပြီး စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ခုခံကာကွယ်ခဲ့ခြင်း ဖြစ်သည်။

ယန်အမတ်ကြီးသည် နှစ်ထောင်းအားရ ရယ်လိုက်ပြီး တည်ကြည်ဖြောင့်မတ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ချင်ယုက ဓားရှည်သိုင်းဝိညာဉ် ရှိတဲ့အတွက် သူ့ရဲ့လက်ကို ဓားသဖွယ် အသုံးပြုနိုင်ပြီး ဓားချီတွေကိုပါ ထုတ်လွှတ်နိုင်တယ်... အခုက သူ့ရဲ့အားကို ထိန်းချုပ်ပြီး ချင်ယန်ရဲ့ နတ်ဆိုးပညာရပ် ထွက်ပေါ်လာအောင် ဖိအားပေးနေတာပဲ... သူ့အကန့်အသတ်ကို သူသိတယ်... ချင်ယန်ကို သူက ချက်ချင်း မသတ်ပါဘူး... ဘာလို့လဲဆိုတော့ လူတိုင်း ယုံကြည် လက်ခံလာစေဖို့အတွက်ပဲ"

အဆင့်ခြောက် သိုင်းခန္ဓာ နယ်ပယ်တွင် အားကောင်းသော အတွင်းစိတ် တန်ခိုးစွမ်းအားကို အသုံးပြု၍ ရသည်။

သို့သော် ယန်ချင်ယုသည် ထိုစွမ်းအားကို အသုံးမပြုခဲ့ချေ။

"မင်းက ငါ့ညီမ ယန်လေးကို ဒဏ်ရာရစေခဲ့တယ်... အခု မင်းကို ဆယ်ဆ ပြန်လည်ပေးဆပ်စေမယ်"

ယန်ချင်ယုက ထိုသို့ ပြောလိုက်ပြီး သူ၏လက်မှ လေပွေလှိုင်းတစ်ခုကို ထုတ်ဖော်၍ ချင်ယန် ထံသို့ ပစ်လွှတ်လိုက်သည်။

ချင်ယန်က သေးငယ်သော အပ်ချွန်များစွာ ထိုးဖောက်ဝင်ရောက်လာ သကဲ့သို့ ထက်ရှသော ဝေဒနာကို ခံစားလိုက်ရသည်။

သူက ချုပ်တည်းခြင်းငှာ မစွမ်းသာတော့ဘဲ စူးရှစွာ အော်ဟစ်လိုက်မိသည်။

ယန်ချင်ယုသည် သူ၏ လက်ဖဝါးစောင်းမှ ထက်ရှသော ဓားချီများကို ထုတ်ဖော်လိုက်ပြန်သည်။

ထောင်ချီသော ဓားအလင်းတန်းများသည် ဧရိယာတစ်ခုလုံး ပြည့်နှက်နေပြီး ချင်ယန်၏ အရိုးများ အတွင်းသို့ တိုးဝင်နေကြသည်။

ချင်ယန်သည် နာကျင်မှုကြောင့် ရူးသွပ်လုနီးနီး ဖြစ်လာခဲ့၏။

ယန်ယွန်သည် တခစ်ခစ် ရယ်လိုက်ပြီး ဝေရှန်းခွန်နှင့် အတူ ဝိုင်များကို သောက်၍ အောင်ပွဲခံနေကြသည်။

အရာရှိအိုကြီးများ၏ မျက်နှာပေါ်တွင် ဝမ်းသာနေသည့် အမူအရာများ ရပ်တန့်ခြင်း မရှိကြတော့ပေ။

ရန်ရှီးယုက လက်သီးကို တင်းကျပ်စွာဆုပ်၍ ထိုအဖြစ်အပျက်ကို ကြည့်နေခဲ့သည်။

သူမ၏ ရင်ထဲတွင် ဒေါသလှိုင်းများ အရှိန်ပြင်းစွာ လှုပ်ခတ်နေခဲ့၏။

ယန်ချင်ယုသည် ခုခံနိုင်စွမ်း ကင်းမဲ့နေသော ချင်ယန်ကို ကြည့်၍ ရွှီခနဲ အသံမြည်အောင် လေချွန်လိုက်ပြီး ချင်ယန်၏ ဗိုက်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြန်သည်။

ပြင်းထန်သော ရိုက်ချက်သည် ချင်ယန်၏ ဒန်တျန်ကို ထိမှန်သွားပြီး သူ၏ ကိုယ်ကို အဝေးသို့ လွင့်စေခဲ့သည်။

ချင်ယန်သည် ပိတ်ဆို့ဝင်္ကပါ၏ နံရံနှင့် တိုက်မိကာ စင်မြင့်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများ အဆက်မပြတ် အန်နေခဲ့၏။

ထောင်ပေါင်းများစွာသော လူများ၏ အသံက တိတ်ဆိတ်သွားခဲ့ပြီး အဖြစ်အပျက်ကို တုန်လှုပ်စွာ ကြည့်နေမိကြသည်။

အချို့လူများက ပူဆွေးဝမ်းနည်းသွားကြသည်။

အချို့လူများသည် စိတ်လှုပ်ရှားနေကြပြီး အချို့ကမူ ပျော်ရွှင်နေကြ၏။

ယန်ချင်ယု၏ လက်ဝါးချက်သည် အလွန် ပြင်းထန်သည်။

ချင်ယန်က အနည်းအကျဉ်းမျှပင် မကာကွယ်နိုင်ခဲ့ပေ။

သူ၏ ဒန်တျန်အတွင်းမှ ယွမ်မျိုးစေ့ (သဘာဝစွမ်းအင်အမြုတေ) သည် သေချာပေါက် ကြီးမားစွာ ပျက်စီးသွားပေလိမ့်မည်။

လူတိုင်း၏ အမြင်တွင် ချင်ယန်သည် မသေခဲ့လျှင်ပင် ကျန်ရှိသော သက်တမ်း တစ်လျှောက်လုံး အိပ်ရာထဲတွင်သာ လှဲနေရပေတော့မည်။

အသက် ဆယ့်ငါးနှစ် အရွယ် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် လူငယ်တစ်ဦး အတွက် ထိုသို့ တိုက်ခိုက်ခံရခြင်းမှာ အလွန် ပြင်းထန်သည်။

လူအုပ်ကြီးသည် လွန်စွာ စိတ်လှုပ်ရှားနေကြသည်။

ရန်ရှီးယုက ဖြစ်ပျက်သမျှ အားလုံးကို ခံစားချက် ကင်းမဲ့စွာ ကြည့်နေခဲ့၏။

အမှန်စင်စစ်တွင်မူ သူမ၏ နှလုံးသား တစ်ခုလုံး တုန်ခါနေခဲ့သည်။

ထိုအခိုက်အတန့်၌ ချင်ယန်သည် နှေးကွေးစွာ ထရပ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ရန်ရှီးယု အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

သူမက ချင်ယန်၏ စွမ်းအားကြီးသော ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို သိရှိခဲ့ပြီးပြီ ဖြစ်သည်။

ချင်ယန်သည် ကောင်းကင်ခြင်္သေ့ ရေကန်အတွင်း၌ ဆယ်ရက်တိတိ စိမ်ခဲ့သူ ဖြစ်၏။

သူ၏ သန်မာမှု၊ မာကျောကြံ့ခိုင်မှုတို့ အရ အလွယ်တကူ ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။

ချင်ယန်၏ ထရပ်လာခြင်းကို မြင်လိုက်ကြသော ပရိသတ်များထံမှ အာမေဋိတ်သံများ ထွက်လာခဲ့ကြသည်။

"ကောင်းပြီ... မင်းဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ ငါကြည့်မယ်"

ယန်ချင်ယု၏ မျက်နှာက အေးစက်တင်းမာနေ၏။

ချင်ယန်၏ မြင့်မားသော ခံနိုင်ရည်စွမ်းသည် သူ့ကို စိတ်အနှောင့်အယှက်ကြီးစွာ ဖြစ်စေခဲ့သည်။

ယန်ချင်ယုသည် အတွင်းအားများဖြင့် လေပွေတစ်ခု ဖန်တီးလိုက်ပြီး ချင်ယန်ကို လေထဲသို့ ပင့်တင်လိုက်သည်။

ချင်ယန်၏ တစ်ကိုယ်လုံး ဓားအလင်းတန်းများ လွှမ်းခြုံသွားပြီး ထိုဓားအလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ သွေးကြောများ အတွင်းသို့ စူးချွန်များနှယ် ဖောက်ဝင်လာခဲ့ကြသည်။

ဓားအလင်းတန်းများသည် ချင်ယန်၏ ကိုယ်တွင်းသို့ အဆက်မပြတ် ထိုးဖောက် ဝင်ရောက်နေကြပြီး အရိုးများအတွင်းထိ ဝင်ရောက်လာခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ချင်ယန်သည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း ဦးခေါင်းကမူ ကြည်လင်နေခဲ့၏။

ချင်ယန်သည် အလျင်အမြန်ပင် အနက်ရောင်ယန်အတွင်းအား ကျင့်စဥ်ကို အသုံးပြု၍ ယွမ်မျိုးစေ့ (သဘာဝစွမ်းအင်အမြုတေ) နှစ်ခုကို စတင် လည်ပတ်လိုက်သည်။

သိပ်သည်းခိုင်မာသော စွမ်းအင်များသည် သူ၏ ကိုယ်တွင်း၌ စီးဆင်းလာခဲ့ကြ၏။

သူ၏ အတွင်းအားများ ပြိုကွဲပျက်စီးသွားခြင်း မရှိသေးသည်မှာ သေချာသွားခဲ့ချေပြီ။

ချင်ယန်က အတွင်းအားများကို ကိုယ်တွင်း၌ လှည့်ပတ်လိုက်ပြီး သူ၏ အရိုးများကို ထိုးဖောက်နေသော ဓားအလင်းတန်းများကို ခုခံ တွန်းလှန်လိုက်သည်။

သူ၏ အရိုးများက ပြင်းထန်စွာ တုန်ခါလာကြ၏။

ယန်ကိုးမျိုးဝိညာဉ် သိုလှောင် မျှော်စင်သို့ ချင်ယန် ဝင်ရောက် လေ့ကျင့်ခြင်း မပြုလုပ်မီက စစ်မှန်သော မဟာဖွဲ့စည်း တည်ဆောက်မှု သုံးခုကို ပြုလုပ်ရန် ရန်ရှီးယု သူ့ကို ပြောခဲ့ဖူးသည်။

ထိုသုံးခုမှ အရိုးသန့်စင်ခြင်း (အထွတ်အထိပ်အရိုးပုံဖော်ဖွဲ့စည်းခြင်း) အတွက် အမြန်ဆုံးနည်းလမ်းမှာ ခန္ဓာကိုယ်လှုံ့ဆော်ပေးခြင်း ဖြစ်သည်။

ချင်ယန်သည် ယခင်က ဆေးလုံးများစွာကို အသုံးပြုခဲ့သည့် အပြင် အဆင့်မြင့် သားရဲသွေးများ ရောစပ်ပြုပြင်ထားသည့် ကောင်းကင်ခြင်္သေ့ရေတွင် ရက်ပေါင်းများစွာ စိမ်ခဲ့သည်။

ချင်ယန်သည် ထိုအခြင်းအရာများစွာကို ပြုလုပ်ခဲ့သော်လည်း ထိုနည်းလမ်းကို အသုံးမပြုခဲ့ချေ။

သူက ကျိတ်၍ တောင့်ခံနေရာမှ ယန်ချင်ယုကို ကြည့်လိုက်ပြီး စိတ်ထဲကနေ ကြုံးဝါးလိုက်သည်။

"ကျေနပ်မနေနဲ့... မင်းရဲ့ ဓားစွမ်းအင်ကို အသုံးချပြီး ငါ့ရဲ့ အရိုးမုဒြာကို ခိုင်မာအောင် ပုံသွင်းမယ်"

"ဝုန်း"

ချင်ယန် အပေါ် ထိုးနှက်နေသော ယန်ချင်ယု၏ ဓားချီများသည် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။

ချင်ယန်၏ ခုခံမှုသည် သဲအိတ်များ ကာဆီးထားသည့်ပမာ ထိုးဖောက်ရန် ခက်ခဲလာပြီး သူ၏ ဓားချီများကို ပျက်စီးသွားစေခဲ့သည်။

ချင်ယန်၏ စွမ်းအားသည် အချိန်နှင့်အမျှ ပိုမို သန်မာလာခဲ့သည်။

စောင့်ကြည့်နေသူတိုင်း၏ ဦးခေါင်းများက မလှုပ်မယှက် ငြိမ်သက်နေကြသည်။

သူတို့အားလုံးသည် ယန်ချင်ယု၏ တိုက်ခိုက်မှု နည်းလမ်းနှင့် မကြောက်မရွံ့ ခုခံနေသော ချင်ယန်၏ ခိုင်မာသော ကိုယ်ခန္ဓာဖွဲ့စည်းမှုကို ကြည့်ကာ အသက်ရှူရန်ပင် မေ့လျော့နေကြ၏။

ချင်ယန်သည် အချိန်တိုင်း ပြင်းထန်စွာ ထိုးနှက်ခံနေရပြီး ဝေဒနာ ခံစားနေရသည်။

လူတိုင်းက မြေကြီးပေါ်သို့ ချင်ယန် လဲကျသွားတော့မည်ဟု ယူဆထားခဲ့ကြသည်။

သို့သော် အမြဲလိုလိုပင် လဲကျခါနီး အချိန်တိုင်း၌ ချင်ယန်၏ ခန္ဓာကိုယ်သည် ထပ်ကာထပ်ကာ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ထိုသို့ အလျော့မပေးသော စိတ်စွမ်းအားသည် လူအများကို လေးစားလာစေခဲ့၏။

ရန်ရှီးယုသည် ကျောက်စိမ်းကဲ့သို့ သန့်စင်သော သူမ၏ လက်သီးများကို ဆုပ်၍ အံကြိတ်နေခဲ့သည်။

သူမက ဒေါသစိတ်နှင့်အတူ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့ရသည်။

သူမသည် ချင်ယန် မည်ကဲ့သို့ အရိုးပုံဖော်နေသည်ကို မသိချေ။

ထိုအခြေအနေသည် အလွန်ဝမ်းနည်းဖွယ်ရာဟုသာ ထင်ထားခဲ့သည်။

ချင်ယန်၏ တိုက်ပွဲကို စိုးရိမ်တကြီး စောင့်ကြည့်နေရုံမှ လွဲ၍ သူမ ရွေးချယ်စရာ မရှိခဲ့ချေ။

အရာရှိအိုကြီးများသည် ယခင်က စိတ်ဓာတ်တက်ကြွနေကြသော်လည်း ယခုအခါ မအီမသာ ဖြစ်လာခဲ့ကြသည်။

ယခုအတိုင်းသာဆိုလျှင် သူတို့ မျှော်လင့်ထားသကဲ့သို့ ချောချောမွေ့မွေ့ ဖြစ်မလာနိုင်တော့ချေ။

အခန်း(၄၄) ပြီး၏

All Chapters