အခန်း ၄၅
Vol. 5 Ch. 45
အခန်း(၄၅)
ချင်ယန်၏ ကိုယ်ခန္ဓာ သန်မာမှုသည် နန်းတွင်းအရာရှိကြီးများကို တုန်လှုပ်စေရုံသာမက မနာလိုစိတ်၊ အားကျစိတ်များပင် ဖြစ်စေခဲ့သည်။
ချင်ယန်သည် ထိုတစ်နာရီကို ဖြတ်သန်းကျော်လွှားပြီး အသက်ရှင်နေခဲ့လျှင် အရာရှိအိုကြီးများ၏ ကြိုတင်ကြံစည်ထားသမျှ ကျရှုံးသွားရပေလိမ့်မည်။
"ဒါက ကောင်းကင်ခြင်္သေ့ရေကန်ထဲမှာ ဆယ်ရက်ကြာ စိမ်ခဲ့တာကြောင့်လား.. ကောင်းကင်ခြင်္သေ့ရေကန်ရဲ့ ဆယ်ရက်တာ ညှင်းပန်းနှိပ်စက်မှုက သူ့ရဲ့ကြံ့ခိုင်မှုကို ဘယ်လောက်တောင် မြင့်မားသွားစေခဲ့တာလဲ"
ဒင်ရှန်ချန်း၏ အသံက တိုးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
သူ၏ စကားက လူများစွာကို တုန်လှုပ်သွားစေခဲ့၏။
ထိုစကားကြောင့်ပင် ယန်ချင်ယုသည် ချင်ယန်ကို တိုက်ခိုက်ရာတွင် အဘယ်ကြောင့် အစွမ်းကုန် တိုက်ခိုက်နေမှန်း လူတိုင်း သိလိုက်ကြသည်။
ယန်ချင်ယုသည်လည်း ကောင်းကင်ခြင်္သေ့ရေကန်တွင် ဝင်ရောက် လေ့ကျင့်ခဲ့ဖူး၏။
သို့သော် တစ်ရက် မပြည့်ခင်မှာပင် အော်ဟစ် ညည်းတွားကာ ထွက်လာခဲ့ရသည်။
သူက ရေကန်အတွင်း၌ သေဆုံးလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
ကောလဟလများအရ ချင်ယန်နှင့် ရန်ရှီးယုတို့ ကောင်းကင်ခြင်္သေ့ခန်းမမှ ထွက်ခွာလာချိန်တွင် ချင်ယန်သည် အခြားသူများ ကဲ့သို့ အော်ဟစ်ညည်းတွားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ရှိသည်ဟု ပြောဆိုခဲ့ကြသည်။
ယန်ချင်ယုသည် ချင်ယန်ကို သူ၏ စွမ်းအားဖြင့် အလျင်အမြန် ဖိအားပေးနှိပ်စက်ပြီး ဝန်ခံလာအောင် ပြုလုပ်မည်ဟု မူလက စဉ်းစားထားခဲ့သည်။
ချင်ယန်က နတ်ဆိုးပညာရပ်ကို အမှန်တကယ် လေ့ကျင့်ထားခြင်းမရှိခဲ့လျှင်ပင် ဝန်ခံလိမ့်မည်ဟု ယုံကြည်ထားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူက ချင်ယန်ကို ရပ်တည်နိုင်စွမ်းမရှိလောက်အောင် နှိပ်စက်မည်ဖြစ်သောကြောင့်ပင်။
သို့သော် လက်ရှိအနေအထားတွင် ချင်ယန်သည် အလွယ်တကူ အညံ့မခံသည့် လက္ခဏာများကို ပြသနေခဲ့သည်။
ချင်ယန်၏ စိတ်ဓာတ်ခိုင်မာမှုအရ နှိပ်စက်ညှင်းပန်းသည့် ဝေဒနာအားလုံးကို အံကြိတ်ခံခဲ့သည်။
ပို၍ ကြောက်လန့်ဖွယ်ကောင်းသည့်အရာမှာ ယန်ချင်ယု၏ ရိုက်နှက်မှုများသည် ရွှံ့နွံအတွင်းသို့ ရိုက်ထည့်နေသည့် ပမာ ဖြစ်နေခဲ့ပြီး ချင်ယန်က ထပ်တလဲလဲ ပြန်ထလာခဲ့ခြင်းပင်။
ဤသို့ ခေါင်းမာနေခြင်းသည် အခြားလူများ အပေါ်တွင် အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။
"ဘယ်တော့မှ အားမလျှော့ဘူး"
ချင်ယန်က နှလုံးသားအတွင်းမှ အော်ဟစ် ကြုံးဝါးလိုက်ပြီး လေးဘက်ထောက်၍ ခက်ခဲစွာ ထရပ်လိုက်ပြန်သည်။
ယန်ချင်ယုသည် ဒေါသ အလွန်အမင်း ထွက်လာခဲ့သည်။
သူက စင်မြင့်အောက်ရှိ အဘိုးဖြစ်သူ ယန်အမတ်ကြီးကို ဖျတ်ခနဲ ကြည့်လိုက်မိသည်။
သူတို့အချင်းချင်းသာ နားလည်နိုင်သည့် အဓိပ္ပာယ်အဖြစ် ယန်အမတ်ကြီးသည် ခေါင်းညိတ်၍ သဘောတူကြောင်း အချက်ပြလိုက်၏။
ထိုအရာကို သတိပြုမိသော ရန်ရှီးယုသည် နေမထိထိုင်မသာ ဖြစ်သွားတော့သည်။
အကြီးအကဲဇန်းနှင့် ဒင်ရှန်ချန်းတို့ နှစ်ဦးသည်လည်း သူမကဲ့သို့ မျက်နှာပျက်သွားကြသည်။
သူတို့သုံးယောက်သည် မည်သည့်ကိစ္စဖြစ်နေပါစေ၊ ဤနေရာတွင် ချင်ယန်ကို မသတ်စေရဟု ဆုံးဖြတ်ချက် ချထားခဲ့၏။
ယန်ချင်ယုသည် ခွင့်ပြုချက်ရပြီးနောက်တွင် သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို အသုံးပြု၍ ချင်ယန်ကို တိုက်ခိုက်လိုက်တော့သည်။
တိုက်ပွဲကြာချိန်သည် နာရီဝက်ပင် ကျော်လွန်လာခဲ့ချေပြီ။
ချင်ယန်သည် မတ်တပ်ရပ်နေခဲ့၏။
ယန်ချင်ယုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓားအလင်းများကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ဓားအလင်းများကို စုစည်း၍ အစိုင်အခဲတစ်ခုဖြစ်သည်အထိ ဖိအားပေးလိုက်လျှင် လေထုအတွင်း၌ ဓားမြှောင် တစ်ချောင်း ပေါ်ထွက်လာခဲ့သည်။
"စိတ်တန်ခိုးစွမ်းအား"
လူအုပ်ကြီးထံမှ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ဓားမြှောင်ကို စိတ်တန်ခိုးစွမ်းအား အခိုးအငွေ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အားကောင်းသော စိတ်တန်ခိုးစွမ်းအားသည် သံမဏိနံရံနှင့် သံမဏိတောင်ကုန်းများကိုပင် ထွင်းဖောက်နိုင်၏။
အားကောင်းသော စိတ်တန်ခိုးစွမ်းအားကို အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် ရောက်မှသာ စတင် အသုံးပြုနိုင်သည်။
မဟာဖွဲ့စည်းတည်ဆောက်မှု သုံးမျိုးအနက် အထွတ်အထိပ်စိတ်ဝိညာဉ်ပုံဖော် ဖွဲ့စည်းထားသူများသည် အားကောင်းသော စိတ်တန်ခိုးစွမ်းအင်ကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဓားမြှောင်ပုံစံ စိတ်တန်ခိုးစွမ်းအားသည် ချင်ယန်၏ ဗိုက်သို့ ထိုးစိုက်လာခဲ့သည်။
"အား..."
ချင်ယန်သည် နောက်သို့ လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ တဆတ်ဆတ်တုန်၍ အကြောဆွဲနေခဲ့သည်။
ရန်ရှီးယု အလန့်တကြား ထရပ်လိုက်မိသည်။
သို့သော် သူမသည် မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ ဝေဒနာခံစားနေရသော ချင်ယန်၏ မျက်လုံးများနှင့် ဆုံတွေ့ချိန်တွင် အံ့အားသင့်သွားခဲ့သည်။
ချင်ယန်၏ မျက်လုံးများမှ တစ်စုံတစ်ခုကို အသိပေးနေသည့် အရိပ်အယောင်များ ပေါ်ထွက်နေ၍ သူမ၏ စိတ်လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားသည်။
စိတ်တန်ခိုးစွမ်းအား ဓားမြှောင်သည် ချင်ယန်၏ ဒန်တျန်ကို ထိမှန်သွားသော်လည်း ယွမ်မျိုးစေ့ (သဘာဝစွမ်းအင်အမြုတေ) နှစ်ခုကို ထိမှန်ခြင်း မရှိချေ။
တုန်ခါမှု ယွမ်မျိုးစေ့သည် တုန်ခါလှိုင်း တစ်ခုကို အလိုအလျောက် ထုတ်ဖော်လိုက်ပြီး ဒန်တျန်အတွင်းသို့ ထိုးဖောက်လာသည့် စိတ်တန်ခိုးစွမ်းအားကို စုပ်ယူလိုက်သည်။
ယွမ်မျိုးစေ့သည် စိတ်တန်ခိုးစွမ်းအားကို စုပ်ယူလိုက်ပြီးနောက် စတင်၍ ပြင်းထန်စွာ တုန်ခါလာခဲ့၏။
ဝင်ရောက်လာသော စိတ်တန်ခိုးစွမ်းအားကို ယွမ်မျိုးစေ့၏ သဘာဝစွမ်းအင်များမှ လွင့်ပျောက်သွားစေခဲ့ရာ ချင်ယန်ပင်လျှင် အံ့အားသင့်သွားမိသည်။
ဓားအသိပါသော စိတ်တန်ခိုးစွမ်းအားကို ယွမ်မျိုးစေ့မှ အကုန်အစင် စုပ်ယူသွားခဲ့၏။
ထိုတုန်ခါမှုသည် သူ၏ တစ်ကိုယ်လုံးတွင် နေရာအနှံ့ ဖြစ်ပေါ်နေရာမှ အရိုးများအတွင်းသို့ အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့ကြသည်။
သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်း အမျိုးမျိုးသည် တစ်ခုချင်းစီ ကွဲထွက်သွားသည်ဟု ခံစားလိုက်ရ၏။
အစိတ်အပိုင်းတစ်ခုစီ ကွဲထွက်သွားပြီးနောက် ချက်ချင်းပင် ယွမ်မျိုးစေ့ နှစ်ခုမှ ချီစွမ်းအင်များကို ထုတ်လွှတ်၍ ဒဏ်ရာများကို လျင်မြန်စွာ ကုသနေခဲ့သည်။
ထိုပြုလုပ်ပုံအဆင့်ဆင့်က အလွန်နာကျင်သော ဝေဒနာကို ခံစားစေခဲ့သော်လည်း ချင်ယန် လွန်စွာ စိတ်လှုပ်ရှားနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဒန်တျန်အတွင်းမှ ယွမ်မျိုးစေ့နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆွဲငင်ခြင်း၊ တွန်းကန်ခြင်းတို့ကို အဆက်မပြတ် ပြုလုပ်နေရာကနေ ပတ်ချာလည် လှည့်နေသည်ကို မြင်နေရ၍ဖြစ်သည်။
ထိုသို့ ပြုလုပ်နေရာမှ ယွမ်မျိုးစေ့နှစ်ခုသည် တစ်ခါတစ်ရံ အလွန်အမင်း ကြီးမားလာပြီး တစ်ခါတစ်ရံတွင် အလွန်အမင်း သေးငယ်သွားကြသည်။
သူတို့နှစ်ခုသည် အပေးအယူ မျှတစွာ ပြုလုပ်နေရာမှ ရုတ်ချည်း ကြီးမားကျယ်ပြန့်လာကြ၏။
ထိုအရာနှစ်ခုက အသက်ရှူနေသကဲ့သို့ပင်။
"ကိုယ်တွင်းယွမ်ဝိညာဉ်စွမ်းအား"
ချင်ယန် အလွန်စိတ်ဝင်စားနေမိသည်။
သူ၏ အတွင်းအားကျင့်စဉ်သည် မဟာပြီးပြည့်စုံခြင်း အဆင့်ကဲ့သို့ ဖြစ်ရပ်ကို ဆန်းကြယ်စွာ ဖြစ်ပေါ်နေခဲ့သည်။
ထိုကျင့်စဉ်သည် အဆင့်မြင့်ကျင့်စဉ် တစ်ခု ဖြစ်ခဲ့လျှင် ယွမ်မျိုးစေ့၏ ချီနှင့် သဘာဝစွမ်းအင်များသည် အကြီးစားအောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ကိုယ်တွင်းယွမ်ဝိညာဉ် စွမ်းအားသည် ယွမ်မျိုးစေ့နှစ်ခု အသက်ရှူလိုက်ချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုအရာများသည် လျင်မြန်စွာ လည်ပတ်နေပြီး ပိုမိုများပြားသော ချီစွမ်းအင်များကို ထုတ်ဖော်ခြင်းနှင့် စုပ်ယူခြင်း တို့ပြုလုပ်နေကြသည်။
ပုံမှန်အားဖြင့် ယင်းသို့ လုပ်ဆောင်ရန် အဆင့်ရှစ် (သို့) အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိမှသာ ပြုလုပ်နိုင်၏။
အခြားအဆင့်များက ကိုယ်တွင်းယွမ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းမရှိဟု ပြောကြသော်လည်း ချင်ယန်ကမူ ထိုအရာကို ရရှိခဲ့ချေပြီ။
ယန်ချင်ယုသည် ချင်ယန်၏ နံဘေးသို့ လာ၍ သရော်လိုက်သည်။
"အခုတစ်ကြိမ်တော့ မင်းပြန်မထနိုင်တော့ဘူးမလား"
ထို့နောက် သူက ခြေထောက်ကို ချင်ယန်၏ ကျောပေါ်သို့ တင်လိုက်သည်။
အမှန်တကယ်ပင် ချင်ယန်သည် ပြန်မထနိုင်ခဲ့ပေ။
ထိုသို့ ဖြစ်ရခြင်း၏ အဓိကအချက်မှာ သူ၏ ယွမ်မျိုးစေ့များ တုန်ခါနေခြင်းကြောင့် ဖြစ်သည်။
ချင်ယန်သည် အတွင်းအားလှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်၍ သူ၏ ခန္ဓာကိုယ်ရှိ အသားနှင့် အရိုးများကို ညီညွတ်မျှတစေရန် ပြုလုပ်နေခဲ့၏။
ထိုအလုပ်သည် ခက်ခဲသည့် အရိုးပုံဖော်ဖွဲ့စည်းခြင်း (ဝါ) အရိုးသန့်စင်ခြင်းကို ပြုလုပ်နေခြင်း ဖြစ်သည်။
ရန်ရှီးယု ရုတ်တရက် အော်ပြောလိုက်သည်။
"ချင်ယန် သေသွားခဲ့ရင် သူ နတ်ဆိုးပညာရပ် ကျင့်ထားပါတယ်လို့ နင်ဘယ်လို သက်သေပြမလဲ.. ဟွန်း.. သက်သေမပြနိုင်ဘဲ သူ့ကို သတ်လို့ကတော့ ငါရန်ရှီးယု သေရင်သေပါစေ နင့်ရဲ့သွေးနဲ့ ပြန်ပေးဆပ်ရမယ်"
သူမ၏ အေးစက်သောအသံသည် အရိုးခိုက်လောက်အောင်ပင် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုစကားသံကြောင့် လူတိုင်းနီးပါး ကျောစိမ့်သွားခဲ့ရ၏။
"ငါတို့ဟွာလင်းဝုကျောင်းရဲ့ ကျောင်းသားတစ်ဦးကို ဒီလို အတင်းအကျပ် ဖိအားပေး သတ်ဖြတ်တာမျိုး ဘယ်တော့မှ ခွင့်မပြုဘူး... ငါက သိုင်းတာအိုနယ်ပယ်ကို ရောက်နေခဲ့ပြီးပြီ.. ငါ့ကျောင်းသား သေဆုံးအောင် ညှင်းပန်းနှိပ်စက်တဲ့ ဘယ်သူမဆို ငါက ပြန်လက်စားချေမှာပဲ"
အကြီးအကဲဇန်း၏ အေးစက်စက် လေသံက လူတိုင်းကို ဖိန့်ဖိန့်တုန်သွားစေခဲ့သည်။
သိုင်းတာအိုနယ်ပယ်က မည်မျှအစွမ်းထက်မှန်း မည်သူမှ မသိကြပေ။
သို့သော် သူတို့ သိထားသည့်အရာမှာ အလွန်တရာ ကြောက်မက်ဖွယ် အစွမ်းထက်သည် ဟူသော အချက်ပင်။
ချင်ယန်က နတ်ဆိုးပညာရပ် လေ့ကျင့်သည့် အထောက်အထားကို ရှင်းလင်းစွာ မပြနိုင်ဘဲ သေဆုံးခဲ့လျှင် ယန်အမတ်ကြီးနှင့် အပေါင်းအပါ တစ်စုသည် အကြီးအကဲဇန်းနှင့် ရန်ရှီးယု တို့ကဲ့သို့ စွမ်းအားကြီးသူများနှင့် မျက်နှာပျက်ရပေမည်။
ရန်ရှီးယု၏ ကျင့်ကြံမှုသည် အဆင့်ကိုးသိုင်းခန္ဓာနယ်ပယ်၏ အခြေခံအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။
သူမ၏ လက်ကျန် သက်တမ်းတစ်လျှောက်တွင် မည်မျှအထိ အစွမ်းထက်မြက်လာမည်ကို မည်သူမှ အတိအကျ မသိနိုင်ပေ။
ယင်းအချက်သည် အမှန်ပင် စိုးရိမ်ဖွယ်ရာ ဖြစ်၏။
ထိုထက်ပို၍ သူမသည် မိုးကောင်းကင်ကျောင်း၏ ကျောင်းသူတစ်ဦး ဖြစ်သည်။
ယန်ချင်ယုအနေဖြင့် ဆန့်ကျင်ဝံ့သော သတ္တိမရှိချေ။
အခြားတစ်ဖက်တွင်လည်း အကြီးအကဲများသည် ချင်ယန်၏ နတ်ဆိုးပညာရပ်ကို ထင်ရှားစွာ ဖော်ထုတ်မပြနိုင်လျှင် လျော်ကြေးငွေအပြင် လူပုံအလယ်၌ ဒူးထောက်တောင်းပန်မည်ဟု ပြောခဲ့ကြသည်။
သို့သော် လက်ရှိအနေအထားအရ ချင်ယန်သည် အလွန်ကြံ့ခိုင်သူ ဖြစ်သည့်အပြင် နတ်ဆိုးပညာရပ်ကို လုံးဝ အသုံးမပြုခဲ့ချေ။
ယန်ချင်ယုသည် ချင်ယန်ကို မသတ်နိုင်ခဲ့လျှင် သူ၏ အကြီးအကဲများသည် အရှက်သိက္ခာ ကျဆင်းရပေလိမ့်မည်။
ယန်ချင်ယုက အံကြိတ်၍ စိတ်တန်ခိုးစွမ်းအားဖြင့် အားလှိုင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဓားပုံသဏ္ဌာန် စိတ်တန်ခိုးစွမ်းအားသည် ချင်ယန်၏ ကျောကုန်းမှတစ်ဆင့် ကိုယ်တွင်းသို့ ဝင်ရောက်သွားခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်လည်း ပထမတစ်ကြိမ်အတိုင်းပင် စိတ်တန်ခိုးစွမ်းအားကို တုန်ခါမှု ယွမ်မျိုးစေ့မှ စုပ်ယူလိုက်ပြီး သူ၏ တစ်ကိုယ်လုံးရှိ အရိုးများနှင့် ကြွက်သားများကို တစ်စချင်းစီ ဆွဲဖြုတ်ပစ်လိုက်ပြန်သည်။
ချင်ယန်သည် ထိုသို့ဖြစ်နေသော်လည်း လက်ရှိ အခြေအနေကို သိနေခဲ့သည်။
ယန်ချင်ယုသည် သူ့ကို မသတ်ဝံ့ချေ။
သူသေဆုံးခဲ့လျှင် ဤနေရာတွင် ရှိနေသော လူများအနက် ထက်ဝက်ကျော်ခန့်သည် သူနှင့်အတူ သေဆုံးရမည်ဖြစ်သည်။
ဆရာဝေပင် သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ရန်ရှီးယုနှင့် အကြီးအကဲဇန်းတို့၏ လူသတ်ချင်စိတ် ပြင်းပြသော အေးစက်သည့် အငွေ့အသက်သည် လေ့ကျင့်ရေးကွင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။
ချင်ယန် သေဆုံးခဲ့လျှင် ဤနေရာရှိ လူများ၏ သွေးများသည် မြစ်ကြီးတစ်ခုပမာ စီးဆင်းသွားရပေမည်။
ဖိနှိပ်လာသော လေထုကြောင့် လူတိုင်း အသက်ရှူရန်ပင် ခက်ခဲလာခဲ့ကြသည်။
အမှောင်ထု ကျဆင်းလာခဲ့သည်။
လနှင့် ကြယ်တာရာ များစွာ တို့ကို တိမ်တောင် တိမ်လိပ်များမှ ဖုံးအုပ်လိုက်ပြီး အမှောင်ထုကြီးကို ဖြစ်ပေါ်လာစေခဲ့သည်။
ဟွာလင်းဝုကျောင်း၏ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ရှိ လူအားလုံးသည် ချွေးသီးချွေးပေါက်များ ကျဆင်း၍ ခြေဖျားလက်ဖျားများ အေးစက်နေကြပြီး သဲနာရီကိုသာ စိုက်ကြည့်၍ အချိန်အမြန်ပြည့်ရန် ဆုတောင်းနေကြသည်။
တိုက်ပွဲကျင်းပရာစင်မြင့်ပေါ်တွင် ယန်ချင်ယုသည် သူ၏ စိတ်တန်ခိုးစွမ်းအားများဖြင့် ချင်ယန်ကို ထိုးနှက် တိုက်ခိုက်နေဆဲပင်။
သို့သော် ချင်ယန်သည် နတ်ဆိုးသိုင်းပညာကို အသုံးပြု၍ တန်ပြန်တိုက်ခိုက်ခြင်း လုံးဝမပြုလုပ်ဘဲ နာကျင်မှု ဝေဒနာကိုသာ ကျိတ်မှိတ်ခံနေခဲ့၏။
ချင်ယန်သည် ထိုခက်ခဲသည့် စမ်းသပ်ပွဲတွင် တစ်နာရီတိတိအချိန်ကို ကျော်ဖြတ်၍ အသက်ရှင်ခဲ့လျှင် အမတ်ကြီးယန်နှင့် သူ၏ အဖွဲ့ဖြစ်သော အရာရှိအိုကြီးများသည် ဒူးထောက်၍ အမှား တောင်းပန်ရမည် ဖြစ်သည်။
ဤဒူးထောက် တောင်းပန်ခြင်းသည် ထောင်နှင့်ချီသော လူအုပ်ကြီး၏ ရှေ့မှောက်တွင် ပြုလုပ်ရမည် ဖြစ်သည်။
ယန်အမတ်ကြီးနှင့် သစ္စာဖောက် အရာရှိကြီးများ တစ်ဖွဲ့လုံးသည် အကြံသမား မြေခွေးအိုကြီးများဖြစ်ကြသည်။
သူတို့သည် ချင်ယန်တွင် ခိုင်မာသော စိတ်တန်ခိုးစွမ်းအားရှိမည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြပေ။
အတိတ်ကာလ၌ ချင်ယန်သည် ထိုလူများ၏ လက်အတွင်းသို့ ကျဆင်းခဲ့ရသည်။
မည်သည့်ကိစ္စကိုဖြစ်စေ အလွယ်တကူ အလျော့မပေးသော စိတ်ဓာတ်ရှိသော်လည်း ထိုလူများ၏ ကောက်ကျစ်ယုတ်မာမှုများကို ကာကွယ်ဖြေရှင်းနိုင်စွမ်း မရှိခဲ့ချေ။
သို့သော် ဤတစ်ကြိမ်တွင်မူ ၎င်းတို့၏ ကြံစည်မှုများ ထိရောက်ခြင်း မရှိတော့ချေ။
လက်ရှိအချိန်တွင် အသက်တစ်ခါ ရှူလိုက်တိုင်း ချင်ယန်၏ အတွင်းစိတ် တန်ခိုးစွမ်းအားများသည် ခန္ဓာကိုယ်အတွင်း စီးဆင်းသွားကြသည်။
သူ၏ ချီစွမ်းအင်များသည်လည်း မှေးမှိန်သေးငယ်သော ရွှေအပ်များသဏ္ဌာန် ဖွဲ့စည်းလာကြပြီး သူ၏ အရိုးများနှင့် ခိုင်မာစွာ ချိတ်ဆက်နေကြ၏။
"ဒါက အထွတ်အထိပ် အရိုးဖွဲ့စည်းခြင်းလား"
ချင်ယန်သည် ကြမ်းပြင်ပေါ်တွင် လဲနေရာမှ စိတ်စွမ်းအားကို စုစည်းကြည့်လိုက်သည်။
ထိုအခါ ခံစားမှု တစ်ခုကြောင့် ချင်ယန် စိတ်လှုပ်ရှားသွားခဲ့သည်။
အခန်း(၄၅) ပြီး၏