အခန်း ၄၇
Vol. 5 Ch. 47
အခန်း(၄၇)
ဆရာဝေ၏ အရည်အချင်းသည် အများတကာ၏ ထိပ်တွင် ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
နန်းတွင်းအရာရှိများအားလုံး ဝမ်းနည်းသော ခံစားချက်ကို ခံစားနေကြရသည်။
အမတ်ကြီးယန်သည် လက်ရှိတွင် အရူးတစ်ပိုင်း ဖြစ်နေခဲ့၏။
သူ၏ အထူးချွန်ဆုံး မြေးဖြစ်သူ၏ အနာဂတ်သည် ရိုက်ချိုးခံလိုက်ရပြီ ဖြစ်သည်။
ထို့ပြင် သူ၏ မြေးဖြစ်သူ၏ သိုင်းပညာကို ဖျက်ဆီးလိုက်သော ချင်ယန်ကို ဒူးထောက် တောင်းပန်ရပေဦးမည်။
ယင်းက သူ့ကို တန်ဖိုးမဲ့သော လမ်းခင်းကျောက် ပမာ လူတကာ၏ ခြေနင်းဖက် အဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။
သူ၏ ခေါင်းကို တက်နင်းခံလိုက်ရခြင်း ဆိုလည်းမမှားပေ။
မခံချင်စိတ်နှင့်အတူ ဒေါသများက သူ၏ နှလုံးသားထဲတွင် ပြည့်နှက်နေခဲ့၏။
အမတ်ကြီးယန်က လေးနက်စွာ ပြောလိုက်သည်။
"ချင်ယန်က နတ်ဆိုးပညာရပ် မလေ့ကျင့်ဘူးဆိုတာ ကျွန်တော်တို့ တိတိကျကျ သိရှိသွားပါပြီ... ဒါပေမဲ့ ဒီတစ်ချက်တည်းနဲ့ သူ့မှာ အပြစ်မရှိဘူးလို့တော့ မသတ်မှတ်နိုင်ပါဘူး.. တချိန်က သူ့ရဲ့ သက်တော်စောင့်ကတော့ နတ်ဆိုးပညာရပ်ကို လေ့ကျင့်ခဲ့တာ သေချာပါတယ်"
မြေးဖြစ်သူ၏ အနာဂတ်က ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
သူက ချင်ယန်ကို ထပ်မံ ဒူးထောက်ရလျှင် ရှန်ချင်အင်ပါယာ၌ လူရယ်စရာ ဖြစ်ချေတော့မည်။
မည်သည့် ပြဿနာပဲဖြစ်နေပါစေ၊ သူက ချင်ယန်ကို ဒူးထောက် အရှုံးမပေးနိုင်ချေ။
ချင်ယန်က ယန်အမတ်ကြီးနှင့် အရာရှိအဖွဲ့ကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
"ကျုပ်က နတ်ဆိုးပညာရပ်ကို မလေ့ကျင့်ဘဲနဲ့ ဘာကြောင့် ကျုပ်ရဲ့ စိတ်ဝိညာဉ်သွေးကြောတွေကို ဖျက်ဆီးခဲ့တာလဲ"
ချင်ယန်က သူ၏ စကားကြောင့် ဒေါသထွက်နေသည်ကို တွေ့လျှင် ယန်အမတ်ကြီးက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
"ဘာလို့လည်းဆိုတော့ မင်းရဲ့ ကိုယ်ရံတော်က နတ်ဆိုးပညာရပ်ကို လေ့ကျင့်ထားလို့ပဲ.. မင်းက ဒီလုပ်ရပ်ကို မှားတယ်လို့ ထင်နေတာလား"
"သိပ်ကောင်းတဲ့ အတွေးအခေါ်ပဲ... မင်းတို့ရဲ့ အိမ်ရှေ့မင်းသားက စိတ်ဝိညာဉ်သွေးကြော ခြောက်ခု ပါတဲ့ ရှားပါးတဲ့ ပါရမီရှင် ဖြစ်ပေမဲ့ မင်းတို့တွေက လူစိတ်မဲ့စွာ ရက်စက်ခဲ့ကြတယ်"
ချင်ယန် ဒေါသအလွန်အမင်း ထွက်လာခဲ့သည်။
မီးတောက်ချီ စွမ်းအင်များသည် သူ၏ တစ်ကိုယ်လုံး လှည့်ပတ်နေပြီး အခိုးအငွေ့များပင် ထွက်လာခဲ့၏။
သူ၏ လက်သီးနှစ်ဖက်မှ မီးတောက်များ စတင် ထွက်လာကြသည်။
ယန်အမတ်ကြီးသည် ချင်ယန်ကို ကြည့်ကာ သရော်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
"မင်းက ငါ့ကို ဘာလုပ်ချင်လို့လဲ"
ရန်ရှီးယုသည် ချင်ယန်၏ ဒေါသကို တွေ့နေသလို သူမကိုယ်တိုင်လည်း ဒေါကန်နေသဖြင့် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီနေ့ ရှင့်ရဲ့အမှားအတွက် ချင်ယန်ကို ဒူးထောက် တောင်းပန်ရမယ်... သူ့ရဲ့ အတိတ်မှာ ဘာကိစ္စပဲရှိရှိ ကျွန်မ ဂရုမစိုက်ဘူး.. ဒီနေ့ ရှင့်စကားအတိုင်း တောင်းပန်ပါ"
သူမ၏ အသံက လူသတ်ချင်သော စိတ်ဆန္ဒများ အပြည့်အဝ ပါဝင်နေ၏။
အမတ်ကြီးယန် အတွက် လုံလောက်သော ကျောထောက်နောက်ခံ ရှိ၍ ထိုမိန်းမငယ်လေး၏ ခြိမ်းခြောက်စကားကို ကြောက်ရွံ့နေမည် မဟုတ်ချေ။
သူ၏ ဒေါသကို အရှိန်မြှင့်ပေးလိုက်သလိုပင် ဖြစ်ရာ မခန့်လေးစားဟန်ဖြင့် တုံ့ပြန်လိုက်သည်။
"ငါက ဒူးမထောက်တော့ရော မင်းဘာတတ်နိုင်လဲ.. ဘာလဲ မင်းငါ့ကို သတ်မှာလား.. ငါတို့ ယန်မိသားစုမှာ သိုင်းတာအိုနယ်ပယ် မရှိပေမဲ့ အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်ကိုတော့ ကြောက်နေမှာ မဟုတ်ဘူး"
ရန်ရှီးယုသည် အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ် ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင် ရှိသော အရာရှိအဖွဲ့တွင် အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ် များစွာ ပါဝင်နေခဲ့၏။
သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ရှိသော ဧည့်ပရိသတ်များကြားတွင်လည်း အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ် များစွာ ရှိကြသည်။
မည်သို့ပင်ဖြစ်စေ ထိုလူအားလုံးသည် အသက်နှစ်ဆယ်အရွယ် ရန်ရှီးယုထက် တိုက်ပွဲ အတွေ့အကြုံများစွာ သာလွန်သူများ ဖြစ်ကြသည်။
အမတ်ကြီးယန်သည် ပတ်ပတ်လည်ရှိ သူ၏ အရာရှိအဖွဲ့နှင့် ဆရာအနည်းငယ်ကို အကဲခတ်လိုက်သည်။
သူက အလျင်အမြန်ပင် ဆုံးဖြတ်ချက် ချလိုက်၏။
သူ၏ အဖွဲ့သည် ပိုမို၍ အင်အားသာလွန်နေခဲ့သည်။
သူက မောက်မာစွာ ပြောလိုက်သည်။
"ငါက မမှားဘူးလို့ ယူဆထားတဲ့ အတွက် ဒူးမထောက်နိုင်ဘူး.. မင်းဘာလုပ်ချင်လဲ"
ယင်းက လူအားလုံးရှေ့တွင် ပေးထားသော သူ၏ ကတိကို ဖောက်ဖျက်ခြင်းပင်။
သူ၏ အမှားအတွက် ချင်ယန်ကို ဒူးထောက်၍ တောင်းပန်ခြင်းမပြုနိုင်ဟု အတည့်အလင်း ငြင်းဆန်နေခဲ့ချေပြီ။
ရုတ်တရက် ရန်ရှီးယု၏ သွယ်လျကျစ်လစ်သော ကိုယ်လုံးလေးသည် တုန်ခါလာပြီး အေးမြသော လတစ်စင်း ကဲ့သို့ ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
သူမ၏ ဝန်းကျင်မှ အလွန် အေးစက်သော လေပြင်းများ စတင် တိုက်ခတ်လာခဲ့၏။
ရန်ရှီးယု၏ အဖြူရောင်ဝတ်စုံနှင့် သူမ၏ ဆံပင်ရှည်များသည် လေထဲတွင် လွင့်မျောနေကြသည်။
သူမ၏ ပုံစံသည် အေးစက်သော လတစ်စင်းပမာ ပြောင်းလဲသွားပြီး မြင်ရသူ အပေါင်း၏ စိတ်ထဲတွင် မြင့်မြတ်သော နတ်သမီး တစ်ပါးဟု ထင်မှတ်မိကြ၏။
ဝင့်ကြွားသော ငွေရောင် အလင်းတန်းများသည် မှောင်မိုက်သော ညလယ်တွင် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။
"ရှင့်ရဲ့ အမှားအတွက် ချင်ယန်ကို ဒူးထောက်ပြီး မတောင်းပန်လဲ ကျွန်မက ရှင့်ကို မသတ်ပါဘူး... ဒါပေမဲ့ ရှင် ဒီည ဟွာလင်းဝုကျောင်းကနေ လေးဖက်ထောက်ပြီး ထွက်သွားစေရမယ်လို့ ကျွန်မ အာမခံတယ်"
ရန်ရှီးယု၏ အသံက ငရဲပြည်မှ ထွက်ပေါ်လာသည်ဟု ထင်မှတ်ရသည်။
ကြားလိုက်ရသူတိုင်း၏ နှလုံးသားများကို လက်အေးကြီးဖြင့် ဖျစ်ညှစ်လိုက်သကဲ့သို့ ကြောက်ရွံ့သွားစေခဲ့၏။
ချင်ယန်က ရန်ရှီးယု၏ ဘေးတွင် ရပ်နေသည်။
သူကိုယ်တိုင်ပင် ထိုအရာကြောင့် တုန်လှုပ် အံ့ဩသွားမိသည်။
ရန်ရှီးယု ထုတ်လွှတ်ထားသော အရှိန်အဝါကြောင့် သူ လျှို့ဝှက်ထားသော တုန်ခါမှု သိုင်းဝိဉာဉ်သည် ပြင်းပြင်းထန်ထန်ပင် တုန်ခါလာခဲ့သည်။
သူတစ်ဦးတည်း မဟုတ်ချေ။
လူတိုင်း၏ သိုင်းဝိဉာဉ်များသည် ကြောက်ရွံ့စွာဖြင့် တုန်ခါနေကြ၏။
ထိုခဏဝယ် အမတ်ကြီးယန်၏ မျက်နှာသည် လူသေကောင်ပမာ သွေးဆုတ် ဖြူရော်သွားခဲ့သည်။
ချက်ချင်းပင် သူတို့ကို ရန်ရှီးယုက ပြစ်ဒဏ် စီရင်တော့မည့်အလား ခံစားမိလိုက်ကြသည်။
"ခရက်"
ရုတ်တရက် ရန်ရှီးယု၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်ကြည်လင်သော ခန္ဓာကိုယ်မှ စိတ်လှုပ်ရှားဖွယ် ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ငွေရောင် အလင်းတန်းများသည် အသည်းခိုက်အောင် အေးစိမ့်နေပြီး လေထု အတွင်း၌ ကြည်လင်သော ရေခဲစလေးများပင် ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ကြရ၏။
မျက်စိကျိန်းလောက်ဖွယ် အရာတစ်ခုသည် ရန်ရှီးယု၏ ဦးခေါင်း အထက်တွင် ပေါ်လာခဲ့ပြီး ထိုအရာမှာ သန့်ရှင်းကြည်လင်၍ အေးစက်သော ငွေရောင်လမင်း တစ်စင်းပင်။
ငွေလမင်းက မြင့်မြတ်သော အလင်းရောင်များဖြင့် လှပတင့်တယ်နေ၏။
ထိုလမင်းသည် ရန်ရှီးယု၏ ဦးခေါင်းအထက်တွင် မည်ကဲ့သို့ ရောက်ရှိနေပါသနည်း။
လမင်းက ကြီးမားခြင်း မရှိသော်လည်း ဟွာလင်းဝုကျောင်းဝင်း တစ်ခုလုံးကို ထွန်းလင်း တောက်ပစွာ အလင်းရောင် ပေးစွမ်းနေခဲ့သည်။
လူအားလုံးသည် စကားပြောနိုင်စွမ်း ကင်းမဲ့နေကြ၏။
ကြောက်ရွံ့မှုကြောင့် သူတို့၏ လျှာကို လှုပ်ရှားရန် မဝံ့ရဲချေ။
သူတို့၏ ခန္ဓာကိုယ်ကို ရေခဲကန်အတွင်း စိမ်ထားခြင်း ခံနေရသည့်အလား ဖြစ်နေခဲ့၏။
လရောင်သည် အလွန်လှပသလို အလွန်အမင်း အေးစက်လွန်းလှသည်။
လက်ရှိတွင် ရန်ရှီးယု၏ အလှသည် ပြိုင်ဘက်ကင်းနေ၏။
သူမက မိုးကောင်းကင်မှ ဆင်းသက်လာသော တမန်တော် (သို့) လနတ်သမီး ကဲ့သို့ အထက်တန်းကျ၍ မြင့်မြတ်သော အော်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ဝါရင့် တိုက်ခိုက်ရေးသမားများသာ ရန်ရှီးယု၏ သိုင်းဝိဉာဉ်ကို လမင်းသိုင်းဝိညာဉ် ဖြစ်ကြောင်း သိကြပေလိမ့်မည်။
လမင်းသိုင်းဝိညာဉ်သည် အသန်မာဆုံး သိုင်းဝိညာဉ်များအနက် တစ်ခု အပါအဝင် ဖြစ်သည်။
ဤအရာက လမင်းသိုင်းဝိညာဉ်ထက်ပင် ပိုမို အားကောင်းသော သိုင်းဝိညာဉ်အမျိုးအစား တစ်ခုဖြစ်သည့် ယန်လမင်းသိုင်းဝိညာဉ် ဖြစ်သည်။
ရန်ရှီးယု၏ သိုင်းဝိညာဉ်သည် အားအကောင်းဆုံး ဒဏ္ဍာရီသိုင်းဝိညာဥ် ဖြစ်သည့်အပြင် "ကောင်းကင်ဘုံမှ ချီးမြှောက်သော သိုင်းဝိညာဉ်" ဟုပင် ဝါရင့်ပုဂ္ဂိုလ်များက သတ်မှတ်ခဲ့ကြသည်။
လ၏ စွမ်းအားသည် ဒီရေ အတက်အကျကို ဖြစ်ပေါ်စေ၏။
လက်ရှိအချိန်တွင် ရန်ရှီးယုသည် လမင်းသိုင်းဝိညာဉ်၏ စွမ်းအားကို အသုံးပြု၍ အခြားလူများ၏ သိုင်းဝိညာဉ်များကို ဒီရေကဲ့သို့ လှုပ်ရှား ထွက်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
ထိုအရာသည် လမင်းသိုင်းဝိညာဉ်၏ ဆန်းကြယ်သော စွမ်းအားတစ်ခုပင်။
"မင်းတို့အားလုံး ဒူးထောက်မှာလား?"
ရန်ရှီးယု၏ အေးစက်စက် အသံသည် ယမမင်း၏ အမိန့်သံအလား ခြောက်ခြားဖွယ် သတ်ဖြတ်ချင်စိတ်များ ပါဝင်နေခဲ့၏။
ယန်အမတ်ကြီး ဦးဆောင်သော အဖွဲ့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တုန်ယင်နေသော ခန္ဓာကိုယ်ကို ထိန်းကာ စင်မြင့်ရှေ့သို့ လျှောက်လှမ်းလာခဲ့ကြသည်။
တစ်ချိန်က ချင်ယန်သည် ရန်ရှီးယု၏ သိုင်းဝိညာဉ်ကို မေးစဉ်တွင် လုံလောက်သော သန်မာမှု ရှိလာလျှင် သိရမည်ဟု ရန်ရှီးယု ဖြေကြားခဲ့သည်။
ယခု ချင်ယန်က ရန်ရှီးယု၏ သိုင်းဝိဉာဉ်ကို မြင်တွေ့ခဲ့ပြီဖြစ်သည်။
သူ့အတွက် လဲကျ သတိမေ့ရန်ပင် လုံလောက်၏။
သူမက လမင်းသိုင်းဝိညာဉ်ကို ထုတ်ဖော်ပြီး အခြားလူများ၏ သိုင်းဝိညာဉ်ကိုပါ သက်ဝင်ခံစားနိုင်စွမ်း ရှိသည်။
ထိုအခိုက် သူမ၏ နောက်တွင် သန့်စင်၍ စွမ်းအားပြည့်ဝသော သိုင်းဝိညာဥ် နှစ်ခု ခုန်ပေါက် လှုပ်ရှားနေကြောင်း ခံစားသိရှိလိုက်သည်။
သူမ၏ နောက်တွင် ချင်ယန်တစ်ဦးတည်းသာ ရှိနေခဲ့သည်။
သို့သော် ချင်ယန်တွင် အားကောင်းသော ခရမ်းရွှေမီးတောက်သိုင်းဝိညာဥ်သာ ရှိမှန်း သူမ သိထားခဲ့သည်။
ထို့ကြောင့် ချင်ယန်၏ ကိုယ်ထဲတွင် နောက်ထပ် သိုင်းဝိညာဉ် တစ်ခု၏ သဘာဝစွမ်းအား (ယွမ်မျိုးစေ့)ကို ရှာဖွေ တွေ့ရှိမိသဖြင့် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။
ယန်အမတ်ကြီး ဦးဆောင်သောအဖွဲ့သည် ထိတ်လန့်တုန်လှုပ်စွာ လျှောက်လာကြသည်။
သိပ်မကြာခင် ယန်အမတ်ကြီး ဦးဆောင်သော အရာရှိနှင့် ဗိုလ်ချုပ်များ ပါဝင်သည့် လူဆယ်ယောက်ကျော်သည် ချင်ယန်၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။
အကြိမ်အနည်းငယ် အရိုအသေ ပေးရုံသာမက တောင်းပန်စကားများကိုလည်း အသီးသီး ပြောလိုက်ကြ၏။
ချင်ယန်သည် ယန်အမတ်ကြီးကို ကြည့်လိုက်ပြီး သူ၏ ဒေါသကို ယာယီ ထိန်းချုပ်ထားလိုက်၏။
သူက အတွင်းဒဏ်ရာများကို ရရှိထားခဲ့ပြီး ကြိုးစား၍ မတ်တပ် ရပ်နေရခြင်း ဖြစ်သည်။
သို့သော် လမင်းသိုင်းဝိညာဉ်၏ အတက်အကျ စွမ်းအား အရှိန်ကြောင့် ရေရှည် ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ သွေးများကို အန်ထုတ်လိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင် ချင်ယန် အန်လိုက်သော သွေးများသည် သူ၏ ရှေ့တွင် ဒူးထောက်နေသော ယန်အမတ်ကြီး၏ မျက်နှာကို စင်သွားခဲ့၏။
လူအားလုံး၏ စိတ်ထဲတွင် ချင်ယန်သည် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်သည်ဟု ယူဆခဲ့ကြသည်။
အမတ်ကြီးယန်သည် လွန်စွာဒေါသ ဖြစ်နေသော်လည်း တစ်စုံတစ်ရာ စောဒက တက်ဝံ့ခြင်းမရှိချေ။
အဘယ်ကြောင့်ဆိုသော် ရန်ရှီးယုနှင့် တိုက်ခိုက်ရဲခြင်း မရှိသောကြောင့်ပင်။
လူအုပ်ကြီးသည် ယန်အမတ်ကြီး၏ မျက်နှာပေါ်မှ သွေးများကို မြင်လျှင် ရယ်ချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း မရယ်ဝံ့ပေ။
ရယ်ချင်စိတ်ကို ကြိုးစား၍ ဖိနှိပ်ထားခဲ့ကြသည်။
ဆရာဝေသည် အဖြစ်အပျက် အလုံးစုံကို ကြည့်ရှုနေရာမှ အကြီးအကဲဇန်းကို ပြောလိုက်သည်။
"အကြီးအကဲဇန်း.. ခင်ဗျားရဲ့ ဟွာလင်းဝုကျောင်းတော်က တကယ်ကို အမြင်ကျယ်စေတာပဲ... ခင်ဗျားကျောင်းက ဆရာတွေနဲ့ ကျောင်းသားတွေရဲ့ ပါရမီက အံ့မခန်းပဲ... ကျွန်တော် သိသလောက် ပြောရရင် ဆရာတွေက ကျောင်းသားတွေ တိုးတက်လာဖို့ သင်ကြားပျိုးထောင်ပေးကြတယ် မဟုတ်လား"
"အခု လူတိုင်းက ဆရာမရန်ရဲ့ စွမ်းအားကို မြင်တွေ့ခဲ့ကြရပြီပဲ... ဆရာမရန်က အရမ်း ချမ်းသာနေလျက်နဲ့ ဘာကြောင့် ဆရာ အလုပ်ကို လုပ်နေတာလဲ ဆိုတာ ကျွန်တော် နားမလည်တော့ဘူး"
"ချင်ယန်က နတ်ဆိုးပညာရပ် လေ့ကျင့်ခြင်းမရှိသလို စိတ်ဝိညာဉ်သွေးကြော တစ်ခုပဲ ပိုင်ဆိုင်ထားသူပါ... ဒါတောင်မှ အချိန်တိုအတွင်းမှာ အလွန်ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိခဲ့တယ်... ဆရာမရန်က ဘယ်လောက်တောင် တန်ဖိုးကြီးမားတဲ့ ဆေးဝါးတွေ ပံ့ပိုးကူညီပေးခဲ့လဲ မသိဘူး"
"တရားမျှတမှုရှိတဲ့ ဟွာလင်းဝုကျောင်း ဖြစ်စေဖို့ ကျွန်တော့်အနေနဲ့ တောင်းဆိုပါတယ်... ကျောင်းသားတွေကြားမှာ ချင်ယန်ကို အထောက်အပံ့ပေးခြင်း မရှိဘဲ ပြိုင်ဆိုင်ခိုင်းသင့်ပါတယ်... ဒါက ဟွာလင်းဝုကျောင်းမှာ တက်ရောက် သင်ကြားနေတဲ့ ကျောင်းသားအားလုံးရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်ပါတယ်"
အလွန် လူရည်လည်သော ဆရာဝေဟုသာ ဆိုရပေတော့မည်။
ယခုအချိန်တွင် ရေငုံနှုတ်ပိတ်နေလျှင် သူနှင့် နန်းတွင်း အရာရှိများကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားပေမည်။
ထို့ကြောင့် ဆရာဝေက အကွက်တစ်ကွက်ကို စတင် ရွှေ့လိုက်ခြင်း ဖြစ်သည်။
အခန်း(၄၇) ပြီး၏