အခန်း ၄၈
Vol. 5 Ch. 48
အခန်း(၄၈)
အကြီးအကဲဇန်းက ခေါင်းညိတ်လိုက်သည်။
"ဒါက ဟွာလင်းဝုကျောင်းတော်မှာ အမှန်တကယ် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းပဲ... ဒီစည်းကမ်းကို ချိုးဖောက်တဲ့ မည်သည့် ကျောင်းသား၊ မည်သည့် ဆရာ မဆို ကျောင်းတော်က ထုတ်ပယ်ခြင်း ခံရမယ်"
ရန်ရှီးယုက ထိုစည်းမျဉ်းစည်းကမ်းများကို သိထားသူ တစ်ဦး ဖြစ်သည်။
ဆရာဝေသည် ထိုကိစ္စကို ရဲရဲဝံ့ဝံ့ ပြောနေခြင်းမှာ ထိုစည်းကမ်းချက်များကို နားလည်ထား၍ ဖြစ်သည်။
နန်းတွင်းအရာရှိအဖွဲ့နှင့် ခင်မင်ရင်းနှီးသော ဆရာ အချို့သည် မတ်တပ်ရပ်လိုက်ပြီး တစ်ယောက်တစ်ပေါက် စတင် ပြောဆိုကြတော့သည်။
သူတို့သည် ရန်ရှီးယုမှ ချင်ယန် အပေါ် သဘောထားကြီးစွာဖြင့် တန်ဖိုးကြီး ရှားပါးဆေးဝါးများ ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း ထောက်ခံ ပြောဆိုနေကြခြင်းပင်။
ကျောင်းသား အများစုသည်လည်း ထိုကဲ့သို့ပင် ထင်မြင်ယူဆမိကြသည်။
ကျောင်းသားသစ် တစ်ဦးချင်း၏ လေသံကို နားထောင်ကြည့်လျှင် ထိုကိစ္စ အပေါ် အလွန်အမင်း မကျေမနပ် ဖြစ်နေကြမှန်း သိသာနေ၏။
ချင်ယန်သည် ထိုအချက်ကြောင့်ပင် ပြိုင်ပွဲများ၌ အနိုင်ရကာ ဆုလဒ်များကို အပိုင်စီးနိုင်ခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် အခြား ကျောင်းသားများ၏ ကောင်းကျိုးအတွက် ချင်ယန်ကို ဟွာလင်းဝုကျောင်းမှ နှင်ထုတ်သင့်သည်ဟု တွေးမိကြသည်။
စီနီယာကျောင်းသားများ အတွက်မူ ချင်ယန်သည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ဖြင့်ပင် သူတို့အပေါ် လွှမ်းမိုးနိုင်မှုကို မခံမရပ်နိုင် ဖြစ်နေမိကြသည်။
ဥပမာအားဖြင့် ကောင်းကင်ခြင်္သေ့ခန်းမ သိုင်းပြိုင်ပွဲတွင် ဗိုလ်စွဲသွားခြင်းသည် စီနီယာ ကျောင်းသားကြီးများ၏ ခေါင်းကို တက်နင်းလိုက်ခြင်းပင် ဖြစ်သည်။
အမတ်ကြီးယန် ခေါင်းဆောင်သော အရာရှိကြီးများသည် အစပိုင်းတွင် ဆရာဝေ ပြောသမျှကို စိတ်မဝင်စားခဲ့ချေ။
သို့သော် ယခုအခါတွင် ကျိတ်၍ ဝမ်းသာနေမိကြ၏။
ထိုကိစ္စနှင့် ပတ်သက်၍ ရန်ရှီးယုနှင့် ချင်ယန်သာ ဟွာလင်းဝုကျောင်းမှ ထုတ်ပယ်ခံရလျှင် သူတို့၏ ခံစားချက်နှင့် ဒေါသစိတ်များ သက်သာရာရပေလိမ့်မည် မဟုတ်ပါလော။
ရန်ရှီးယုက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"ငါ ဘယ်တုန်းကမှ ချင်ယန်ကို လေ့ကျင့်မှု အထောက်အကူပြု ပစ္စည်းတွေ စီစဉ်မပေးခဲ့ဘူး... ငါ့အခန်းမှာ ကျောင်းသား ဆိုလို့ သူတစ်ယောက်တည်းရှိတဲ့ အတွက် ထိထိရောက်ရောက် အချိန်ပေးပြီး သင်ကြားပေးတာနဲ့ သိုင်းပညာ ဗဟုသုတတွေကို ပြောပြပေးခဲ့တာပဲ ရှိတယ်.. ဒါ အမှန်တရားပဲ"
"မင်းပြောတာကို ယုံချင်ပေမဲ့ ငါတို့ မယုံနိုင်ဘူး"
ဆရာဝေက ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"ဘာသက်သေအထောက်အထားမှ မရှိဘူးလေ... မင်းရဲ့ပုံပြင်ကို လူဘယ်လောက်များများ ယုံမယ်လို့ မျှော်လင့်ထားလဲ"
ရန်ရှီးယု၏ အမူအရာက ရုတ်ချည်း အေးစက်တင်းမာသွားခဲ့သည်။
ဤပြဿနာမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပေ။
အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ပင် စိတ်ဝိဉာဉ်သွေးကြောတစ်ခုသာ ပိုင်ဆိုင်သော ချင်ယန်၏ တိုးတက်မှုမြန်ဆန်ခြင်းကို အဖြေရှာမရသောကြောင့် ဖြစ်၏။
ရန်ရှီးယုသည် ချင်ယန်၏ ကိုယ်တွင်း၌ အခြားသိုင်းဝိဉာဉ်တစ်ခု၏ လျှို့ဝှက်ချက်ကို တွေ့ရှိခဲ့သော်လည်း ထိုလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။
လက်ရှိတွင် ရန်ရှီးယုသည် အကျဉ်းအကျပ်နှင့် ရင်ဆိုင်နေရသော်လည်း ချင်ယန်ကမူ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"မှော်စာလိပ်ပြုလုပ်နည်းကို ငါသိတယ်.. ငါ့ရဲ့ကျင့်ကြံမှုလမ်းစဉ် အတွက် အထောက်အပံ့ ပစ္စည်းတွေကို မှော်စာလိပ်တွေ လျှို့ဝှက်ရောင်းချမှုက ရရှိခဲ့တာပဲ"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဆရာဝေက ပြုံးလိုက်သည်။
"ခွန်အာ ငယ်ငယ်လေးကတည်းက မှော်အစီအရင်တွေ ငါကိုယ်တိုင် သင်ပေးခဲ့တာတောင် ဒီနှစ်မှာမှ တချို့တလေကို သူနားလည်သဘောပေါက်လာနိုင်တယ်... မင်းက ချက်ချင်းကြီးကို မှော်စာလိပ် ပြုလုပ်နိုင်သွားတယ်တဲ့လား...ဒီထက် ရိုးရှင်းတဲ့ ဆင်ခြေတစ်ခုပေးတာ ပိုကောင်းလိမ့်မယ် ကောင်လေး"
လူအားလုံးသည် ချင်ယန်၏ ဖြေရှင်းချက်ကို စိတ်ဝင်စားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် ဆရာဝေ ပြောသကဲ့သို့ပင် ရယ်စရာစကားကိုသာ ကြားလိုက်ကြရ၏။
ဝေရှန်းခွန်က အသံကျယ်ကျယ် အော်ရယ်လိုက်သည်။
"ငါ့ရဲ့ မှော်အစီအရင် ပါရမီက သာမန်မဟုတ်ဘူး.. ငါ့လိုလူတောင် အချိန်အများကြီး ကြိုးစားရတာ... မင်းက ဘယ်လိုလူမို့လို့လဲ.. ဟမ့်.. မင်းကို ဘယ်သူက မှော်စာလိပ် ပြုလုပ်နည်း သင်ပေးမှာလဲ.. ဆရာမရန်က တခြား ပညာရပ်တွေမှာပဲ ကျွမ်းကျင်တာ ငါတို့ အားလုံးသိတယ်"
သူ့ဖခင် ဆရာဝေသည် နာမည်ကျော် မှော်အစီအရင်ပညာရှင် တစ်ဦး ဖြစ်သည်။
ယင်းအပြင် ဤနေရာတွင် မှော်စာလုံးခန်းမမှ ဆရာသခင်များလည်း ရှိနေ၏။
ချင်ယန်က တည်ငြိမ်စွာပင် ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"မြင့်မြတ်တဲ့ မှော်အစီအရင်ပညာရပ်ကို ကျုပ်ရဲ့ သက်တော်စောင့် အမကြီးက သင်ပေးခဲ့တယ်.. မှော်အစီအရင်တွေကို ကျုပ် ကလေးဘဝကတည်းက သင်ယူခဲ့ရတယ်.. မိမစစ် ဖမစစ် မျိုးမစစ်တဲ့ အဖွဲ့က သူမ အပေါ် မတရားစွပ်စွဲပြီး လုပ်ကြံခဲ့ကြတယ်... သူမရဲ့ စစ်မှန်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရပ်ကို အခု ထုတ်ဖော်ပြသမယ်"
လူအုပ်ကြီးက ဆူညံပွက်လောရိုက်သွားကြသည်။
မကောင်းဆိုးဝါးမသည် ထိုပညာရပ်ကို ချင်ယန်ထံ အမှန်တကယ် သင်ကြားပေးခဲ့ပါသလော။
ချင်ယန်၏ တော်ဝင် သက်တော်စောင့် အမျိုးသမီးသည် တားမြစ်နတ်ဆိုးပညာရပ်ကို ကျင့်ကြံသူဖြစ်မှန်း လူအများ သိထားခဲ့ကြသည်။
သို့ဆိုလျှင် လွန်ခဲ့သော နှစ်များအတွင်း မိဖုရားကြီးနှင့် အဖွဲ့သည် လူအများကို လိမ်ညာခဲ့ခြင်းပေလော။
ချင်ယန် လိမ်ညာနေခြင်း မဟုတ်လျှင် ခက်ခဲနက်နဲသော မှော်စာလုံး အစီအရင်ပညာရပ်ကို သူ၏ သက်တော်စောင့်က အမှန်တကယ် သင်ကြားပေးခဲ့ခြင်း ဖြစ်နိုင်ပေလိမ့်မည်။
ချင်ယန်သည် ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်တွင် မှော်အစီအရင် များစွာကို ရရှိခဲ့သည်ကိုမူ မည်သူမှသိမည် မဟုတ်ပေ။
၎င်းတို့အားလုံး သက်တော်စောင့် အမျိုးသမီး၏ မှော်စာလုံးအစီအရင်ပညာရပ် အပေါ် ကျွမ်းကျင်မှုကို နားလည်နိုင်စွမ်း ရှိကြမည် မဟုတ်ချေ။
ထို့ပြင် သူမသည် ဆေးပညာရပ်တွင်လည်း ထိပ်တန်းအဆင့်တွင် ရှိသည်။
တချိန်က ယုရန်ယွင်သည် ထူးဆန်းသော ရောဂါ တစ်ခုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
ကိုယ်ရံတော် အမျိုးသမီးသည် ထိုရောဂါကို ပျောက်ကင်းအောင် ကုသပေးခဲ့သည့် အပြင် ဆေးညွှန်းကိုပါ ရေးသားပေးခဲ့သည်။
ဝေရှန်းခွန်သည် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ငါ လုံးဝမယုံဘူး... ငါ့ရဲ့ အဆောင်စာရွက်နဲ့ စုတ်တံကို အသုံးပြုပြီး မှော်စာလိပ် လုပ်ပြစမ်းပါ"
"မင်း ကတိတစ်ခုခု ပေးလေ... နောက်ဆုံးအချိန် ရင်ဆိုင်တွေ့တုန်းက စိတ်ဝိညာဉ်ဓားပြာလိုပေါ့"
ချင်ယန်က မည်သူ့မျက်နှာမှ ထောက်ထားခြင်း မရှိပေ။
ဝေရှန်ခွန်ကို ခေါင်းမဖော်ရဲသည်အထိ မညှာမတာ လှောင်ပြောင်သရော်လိုက်ခြင်းဖြစ်သည်။
"မင်း..."
ဝေရှန်ခွန်သည် ဒေါသအကြီးအကျယ် ထွက်နေသော်လည်း တစ်ခွန်းတစ်လေမျှ ပြန်လည် ချေပနိုင်စွမ်းမရှိချေ။
ချင်ယန်သည် အမှန်ပင် မှော်စာလိပ် ရေးသားနိုင်သကဲ့သို့ လွန်စွာမှပင် ယုံကြည်ချက် ပြည့်ဝနေဟန် ရှိသည်။
သို့သော် လူအများစုသည် မျက်မြင်ကိုယ်တွေ့ မဟုတ်လျှင် မည်သို့မျှ မယုံနိုင်ကြချေ။
လူအားလုံး၏ အသိအမြင်၌ မှော်အစီအရင်ပညာရပ် နယ်ပယ်သို့ ခြေချရန်မှာ ရိုးရှင်း လွယ်ကူသောကိစ္စ မဟုတ်ချေ။
ဆရာဝေသည် စင်မြင့်ထက်သို့ တက်လာပြီးနောက်တွင် သေးငယ်သော်လည်း ထက်မြက်ဟန် ရှိသည့် ရွှေဖြင့်ပြုလုပ်ထားသော ရေးထွင်းဓားကို ထုတ်ယူလိုက်သည်။
"မင်းက တကယ်ပဲ မှော်စာလိပ် တစ်ခုကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ရင် ငါ ဒီဓားကို လက်ဆောင်ပေးမယ်... ဒါက အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ရတနာပဲ"
ချင်ယန်သည် ရေးထွင်းဓားကို အကြိမ်များစွာ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်သေးချေ။
သူ လက်ရှိအသုံးပြုနေသည့် ဓားထက် ဆရာဝေ၏ လက်ထဲမှ ဓားက ပိုမိုကောင်းမွန်နေခဲ့၏။
ချင်ယန်သည် ထိုဓားကို ကြည့်ကာ ကျိတ်၍ စိတ်လှုပ်ရှားနေမိသည်။
"မင်း မအောင်မြင်ခဲ့ရင်တော့ မင်းရဲ့တိုးတက်မှုကို ဆရာမရန်က လျှို့ဝှက်ကူညီခဲ့ကြောင်း ဝန်ခံရမယ်... ဟွာလင်းဝုကျောင်းရဲ့ စည်းကမ်းအရ ပြင်းပြင်းထန်ထန် အရေးယူတာ ခံယူပြီး ကျောင်းက ထွက်ရမယ်... နောက်ပြီး မင်းကို အမတ်ကြီးယန် ပေးရမဲ့ သလင်းကျောက်ပြား တစ်သိန်းကိုလည်း စွန့်လွှတ်ရမယ်"
"ကောင်းပြီ"
ချင်ယန် သဘောတူလိုက်သည်။
ဝေရှန်ခွန်သည် စိုးရိမ်စိတ် အနည်းငယ်ရှိသော်လည်း သူ၏ ဖခင် ကိုယ်တိုင် စောင့်ကြည့်နေခြင်း ဖြစ်၍ သံသယစိတ်များ ပျောက်ကွယ်သွားသည်။
"ငါ့စာရွက်နဲ့ စုတ်တံကို အသုံးပြုပါ"
ဆရာဝေသည် စက္ကူ တစ်ထပ်နှင့် အလွန် ဟောင်းနွမ်းနေသော စုတ်တံ တစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ကျွန်တော် ရေးထွင်းဓားကိုပဲ အသုံးပြုပြီး မှော်စာလိပ် ဖန်တီးပါမယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ရေးထွင်းဓားပေးပါ"
ရေးထွင်းဓါးကို အသုံးပြု၍ မှော်စာလိပ် ပြုလုပ်မှုသည် တစ်ခုဆို တစ်ခု အောင်မြင်သည့်အဆင့် ရောက်မှသာ ပြုလုပ်နိုင်ပေမည်။
ထိုတောင်းဆိုချက်ကို ကြားလျှင် ဝေရှန်းခွန်၏ စိတ်ထဲတွင် လှောင်ပြောင် ရယ်မောမိခဲ့သည်။
ဆရာဝေက သူ၏ လက်ထဲမှ ရေးထွင်းဓားကို လှမ်းပေးလိုက်သည်။
ရန်ရှီးယုသည် အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေသူ ဖြစ်ရာ တစ်စုံတစ်ယောက်က စင်မြင့်ပေါ်သို့ တက်ရောက်လာသည်ကို သတိပြုမိလိုက်သည်။
သူမက ထိုပုဂ္ဂိုလ် အနီးသို့ လျှောက်လှမ်းသွားခဲ့သည်။
ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။
ထိုအဘိုးအို၏ ရှည်လျားသော မုတ်ဆိတ်ဖြူများသည် ရင်ညွှန့်ကိုပင် ကျော်လွန်နေခဲ့၏။
အဘိုးအိုက စူးရှတောက်ပသော မျက်ဝန်းအစုံဖြင့် ချင်ယန်ကို စူးစိုက်ကြည့်နေခဲ့သည်။
ရန်ရှီးယု အနားကပ်လာသည်ကို သတိပြုမိသော အဘိုးအိုက ရယ်၍ ပြောလိုက်သည်။
"ကျုပ်က အံ့ဖွယ်မှော်စာလုံးနန်းတော်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ကျွမ်းချွမ်ပါ... ရှန်ချင်အင်ပါယာ နယ်နိမိတ်အတွင်းမှာ ရှိတဲ့ အံ့ဖွယ်မှော်စာလုံးနန်းတော်ကို စီမံခန့်ခွဲရသူပါ... ဒီစစ်ဆေးမှု ရလဒ်ကို ကျုပ် ကိုယ်တိုင် သေချာစစ်ဆေးပြီး အကဲဖြတ်ပေးပါ့မယ်"
"ရပါတယ်ခင်ဗျာ... ပြဿနာမရှိပါဘူး.. ကျေးဇူးတင်ပါတယ် အထွေထွေအုပ်ချုပ်ရေးမှူးကြီး ခင်ဗျာ"
ဆရာဝေက အလွန်အမင်း ရိုကျိုးဟန်ဖြင့် အကြီးအကဲကျွမ်းချွမ်ကို ပြောလိုက်သည်။
အခန်း(၄၈) ပြီး၏