← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း(၅၀)

ဆရာဝေ၏ မျက်နှာပေါ်မှ အပြုံးသည် အနည်းငယ် တင်းမာနေခဲ့သည်။

ယနေ့ညတွင် သူ၏ သားအတွက် အောင်ပွဲကျင်းပခြင်း ဖြစ်သော်လည်း အဓိက ဇာတ်ကောင်မှာ ချင်ယန် ဖြစ်သွားခဲ့သည်။

ချင်ယန်သည် ကြီးမားသော ဂုဏ်သတင်း ကျော်ဇောမှုကို ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ထို့ပြင် ဆရာဝေသည် ကြီးမားသော အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

ယနေ့ညတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများသည် မကြာမီအတွင်း ရှန်ချင်အင်ပါယာ တစ်ခုလုံး အပြင် ပတ်ဝန်းကျင် နိုင်ငံများသို့ လျင်မြန်စွာ ပျံ့နှံ့သွားပေလိမ့်မည်။

ဆရာဝေနှင့် ဝေရှန်းခွန်တို့ အတွက် လူတကာ၏ လှောင်ပြောင် ရယ်မောခြင်းကို ခံရမည်မှာ သေချာသလောက်ပင်။

ယန်အမတ်ကြီး၏ အဖြစ်က ပိုမို ဆိုးရွားလွန်း၏။

အလွန်ထူးချွန်ထက်မြက်သော မြေးဖြစ်သူ၏ သိုင်းပညာသည် ချင်ယန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ချင်ယန်ကမူ ထိုကိစ္စများကနေ ဂုဏ်သတင်း ထင်ရှားကျော်ကြားခြင်းဖြင့် ကောင်းကျိုးများစွာ ရရှိသွားခဲ့သည်။

ဧည့်ခံပွဲ ပြီးဆုံးသည်နှင့် တပြိုင်နက် ရန်ရှီးယုသည် ချင်ယန်ကို ဆွဲခေါ်သွားတော့သည်။

သူမသည် ချင်ယန်၏ အခြားသိုင်းဝိညာဉ်တစ်ခု အကြောင်းကို အလျင်အမြန် မေးမြန်းချင်သောကြောင့်ပင်။

"မိဖုရားကြီး... ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ.. ချင်ယန်က အရိုးမရီဒျန်ကို ပုံဖော်တည်ဆောက်နိုင်ခဲ့တဲ့ အပြင် မှော်စာလိပ်ကိုလည်း ပြုလုပ်နိုင်နေပြီ... သူက အခြေခံ မှော်အစီအရင် ပညာရှင် ဖြစ်လာပြီး အံ့ဖွယ်မှော်စာလုံးနန်းတော်ရဲ့ အထွေထွေ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် သူ့ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ပြီ"

ကုန်းကုန်း တစ်ဦးက စိုးရိမ်ပူပန်စွာ လျှောက်တင်လိုက်သည်။

"ယန်ချင်ယုလည်း ဒုက္ခိတ ဖြစ်သွားခဲ့ရပြီ"

"ယန်ချင်ယု ဒုက္ခိတ ဖြစ်သွားတော့ ဘာဖြစ်လဲ.. သူနဲ့ အိမ်ရှေ့မင်းသားက ဆက်ဆံရေး အဆင်မပြေဘူးလို့ ငါကြားထားတယ်... အခုလောလောဆယ် ချင်ယန်ကိုလည်း စိတ်ပူစရာ မလိုသေးဘူး... အဖေက သိုင်းတာအို နယ်ပယ်ကို တက်လှမ်းနိုင်သ၍ ရှန်ချင်အင်ပါယာက ငါတို့ အပိုင်ပဲ.. ငါတို့အနေနဲ့ ချင်ယန်ကို သတ်ဖို့ အခွင့်အရေး အေးဆေး ရှာနိုင်တယ်... အခု အရေးအကြီးဆုံး ကိစ္စက ငါတို့ကို ပံ့ပိုးကူညီနိုင်စွမ်း ရှိတဲ့ ရှို့ယုလင်နဲ့ အိမ်ရှေ့မင်းသားကို လက်ထပ်ပေးဖို့ပဲ"

"မျိုးနွယ်စုခေါင်းဆောင်က အဆင့်ချိုးဖျက်နိုင်တော့မှာလား"

ကုန်းကုန်းက အံ့အားသင့်ဟန်ဖြင့် အားရကျေနပ်စွာ ရေရွတ်လိုက်သည်။

"သိပ်မကြာတော့ပါဘူး"

မိဖုရားကြီးသည် ဝင့်ကြွားစွာ ပြုံးလိုက်သည်။

သူမ၏ မျက်လုံးများတွင် ကောက်ကျစ်ယုတ်မာမှုများ ပြည့်လျှံနေပြီး အသံနက်ကြီးဖြင့် အော်ဟစ် ကြုံးဝါးလိုက်သည်။

"ချင်ယန်... နင်စောင့်နေလိုက်ပါ"

--------------------------

ချင်ယန်သည် ယန်အမတ်ကြီးထံမှ နစ်နာကြေးအဖြစ် သလင်းကျောက်ပြား တစ်သိန်းကို ယူဆောင်လိုက်ပြီး ရန်ရှီးယုနောက်သို့ ကမန်းကတမ်း ပြေးလိုက်သွားခဲ့သည်။

ဝါးတောလေးအတွင်းရှိ သူတို့၏ နေအိမ်သို့ ပြန်ရောက်ချိန်တွင် သန်းခေါင်ကျော်နေပြီ ဖြစ်သည်။

ချင်ယန်က မျက်လုံးပြူးမျက်ဆံပြူး အမူအရာဖြင့် ပြောလိုက်သည်။

"ဆရာမရဲ့ လမင်းသိုင်းဝိညာဉ်က တကယ် စွမ်းအားကြီးတာပဲ"

"ငါ မင်းကို ဒေါသမထွက်ချင်သလို... မေးလည်း မမေးချင်ဘူး"

ရန်ရှီးယုက နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ် လေသံဖြင့်

"မင်းက ငါ မသိအောင် နောက်ထပ် သိုင်းဝိညာဉ်တစ်ခုရဲ့ ယွမ်မျိုးစေ့ကို ဖုံးကွယ်ထားရဲတယ်ပေါ့လေ"

ချင်ယန် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ လျှို့ဝှက်ချက်ကို တွေ့ရှိသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ရန်ရှီးယုသည် ပြောနေရင်း ပိုမိုစိတ်တိုလာဟန်ဖြင့် ခါးထောက်လိုက်သည်။

ချင်ယန် ကပျာကယာ အနားတိုးကပ်သွားခဲ့၏။

"ဆရာမ အပေါ် ကျွန်တော် ဖုံးကွယ်မထားရဲပါဘူး"

ချင်ယန်က အနစ်နာခံရသူတစ်ဦး၏ အမူအရာဖြင့် ရန်ရှီးယုကို ကြည့်လိုက်သည်။

"ချက်ချင်းမပြောပြခဲ့တဲ့ အဓိကအချက်က အဲဒီ သိုင်းဝိညာဉ်က အရမ်း ထူးဆန်းနေလို့ပဲ... အဲဒီအရာနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာ ကျွန်တော် စိုးရိမ်နေမိတယ်"

ရန်ရှီးယုက စိတ်ဝိညာဉ် ခွဲခြားခြင်း မျှော်စင်ငယ်ကို ထုတ်ယူလိုက်ပြီး ချင်ယန်ကို စစ်ဆေးကြည့်လိုက်သည်။

ချင်ယန်က လက်ကို မျှော်စင်ပေါ်သို့ တင်လိုက်ပြီး တုန်ခါမှု သိုင်းဝိညာဉ်၏ စွမ်းအားများနှင့် မျှော်စင်ကို ချိတ်ဆက်လိုက်သည်။

စိတ်ဝိညာဉ် အမျိုးအစား ခွဲခြားပေးသည့် မျှော်စင်သည် ရုတ်ချည်း အနက်ရောင် ပြောင်းသွားကာ ပြင်းပြင်းထန်ထန် စတင်တုန်ခါလာခဲ့သည်။

"အနက်ရောင်... အနက်ရောင် သိုင်းဝိညာဉ်ပဲ"

ရန်ရှီးယုသည် ကျောက်ဆစ်ရုပ် ကဲ့သို့ တောင့်တင်းသွားခဲ့သည်။

သူမသည် သန့်စင်သော စိတ်ဝိညာဉ်ခွဲခြားခြင်း မျှော်စင်ကို ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ သတိ ပြန်ဝင်လာခဲ့သည်။

"ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်က အနက်ရောင် ဖြစ်နေမှန်း သတိပြုမိခဲ့တယ်... ဒါက မကောင်းတဲ့အရာ တစ်ခုခု ဖြစ်နေမှာစိုးလို့ ကျွန်တော် လျှို့ဝှက်ထားခဲ့တာ"

"ဒါက တကယ့်ကို အမြင့်ဆုံးအဆင့် ဖြစ်ပြီး အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင် တုန်ခါမှု သိုင်းဝိညာဥ်ပဲ"

ရန်ရှီးယု၏ မျက်နှာက ပျော်ရွှင်မှုကြောင့် ဝင်းပကြည်လင်နေသည်။

သူမက ဆက်လက်၍ ပြောလိုက်သည်။

"သူ့ကို ဒဏ္ဍာရီ သိုင်းဝိညာဉ် အမျိုးအစားထဲ ထည့်သွင်းသတ်မှတ်ထားကြတယ်... မင်းအတွက် ဒီလျှို့ဝှက်ချက်ကို ငါ ထိန်းသိမ်းပေးပါ့မယ်"

ချင်ယန်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။

သူစိုးရွံ့နေသကဲ့သို့ မကောင်းဆိုးဝါး သိုင်းဝိညာဉ်မျိုး မဟုတ်ခဲ့ပေ။

"ဆရာမ... အနက်ရောင် တုန်ခါမှု သိုင်းဝိညာဉ်က ရှားလို့လား"

ရန်ရှီးယုက စိတ်ဝိညာဥ် ခွဲခြားခြင်း မျှော်စင်ကို သိမ်းဆည်းလိုက်ပြီး

"အနက်ရောင် သိုင်းဝိညာဉ်နဲ့ တုန်ခါမှု သိုင်းဝိညာဉ် နှစ်မျိုးလုံးက အရမ်း ရှားပါးတယ်.. နှစ်မျိုး ပေါင်းစပ်ထားတဲ့ အခြေအနေက ပိုပြီးတော့ ရှားပါးတယ်.. အနာဂတ်မှာ ကြယ်စင်ကျောင်းကို မင်းသွားရမယ်... ဒီသိုင်းဝိညာဥ် အပေါ်မှာ မင်းရဲ့ နားလည်နိုင်စွမ်း ပိုကောင်းလာလိမ့်မယ်"

"မိုးကောင်းကင် အထွတ်အထိပ်ကျောင်းက အဲဒီလို မလုပ်နိုင်ဘူးလား...ကျွန်တော်က ဆရာမနဲ့ အတူတူ ရှိချင်တာ"

ချင်ယန် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

"ပြဿနာမရှိဘူး.. ဘယ်ကျောင်းကို မဆို မင်းသွားနိုင်တယ်... အရေးအကြီးဆုံးက မင်းကိုယ်တိုင် တိုးတက်အောင် လုပ်ဖို့ပဲ"

ရန်ရှီးယု၏ မျက်နှာက တည်ကြည်လေးနက်နေ၏။

ထို့နောက် သူမက တုန်ခါမှု သိုင်းဝိညာဉ်အကြောင်းကို ဆက်လက် ပြောပြခဲ့သည်။

ယင်းနောက် ရန်ရှီးယုသည် ချင်ယန်၏ အယူအဆများကို နားထောင်နေရာမှ မှတ်စုစာအုပ်လေး တစ်အုပ်ကို ထုတ်ယူလိုက်သည်။

ထိုမှတ်စုစာအုပ်သည် အလွန်အရေးကြီးပုံ ရ၏။

"မင်းရဲ့ ကိုယ်တွင်းစွမ်းအင်နဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်တဲ့ အဖြစ်မှန်က အနက်ရောင်ယန် အတွင်းအား ကျင့်စဉ်မှာ ကျွမ်းကျင်အဆင့်ကို ရောက်သွားလို့ပဲ.. မင်းက ပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်လို့ ရသွားပြီ"

ရန်ရှီးယုသည် မှတ်စုစာအုပ်၏ ရှေ့စာမျက်နှာများကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။

ယနေ့အတွက် သူမ၏ အနားယူချိန် ရောက်ရှိခဲ့ချေပြီ။

ရန်ရှီးယုက မှတ်စုစာအုပ်ကို ယူ၍ သူမ၏ အခန်းတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ချင်ယန်သည်လည်း ယနေ့အဖို့ လွန်စွာ ပင်ပန်းခဲ့ရသည်။

သူက သူ၏ အခန်းတွင်းသို့ ဝင်သွားပြီးနောက် ချက်ချင်းပင် အိပ်စက် အနားယူလိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ချင်ယန် နိုးလာပြီး ရေချိုးလိုက်သည်။

ထို့နောက် အပြာရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ ဧည့်ခန်းရှိရာသို့ ထွက်ခွာလာခဲ့သည်။

စားပွဲပေါ်တွင် ရန်ရှီးယု ရေးသားထားသော စာတစ်စောင် ရှိနေပြီး ကျောင်းအုပ်ကြီး ရောက်လာသည့် အတွက် သွားရောက်တွေ့ဆုံကြောင်းနှင့် ရက်အနည်းငယ်ကြာမှ ပြန်လာမည်ဖြစ်ကြောင်း ရေးသားထားခဲ့သည်။

ဟွာလင်းဝုကျောင်းကို အကြီးအကဲဇန်းက အချိန်ပြည့် စီမံအုပ်ချုပ်ခဲ့သည်။

ကျောင်းအုပ်ကြီး ရောက်လာခြင်းသည် ကြုံတောင့်ကြုံခဲ ရှားပါးဖြစ်ရပ် ဆိုလည်းမမှားပေ။

ချင်ယန်သည် ရန်ရှီးယုကို နေရာ ရွှေ့ပြောင်းပစ်မည်ကို စိတ်ပူနေခဲ့ပြီး သူ ဘာလုပ်ရမည်ကို စဉ်းစားလိုက်မိသည်။

"အံ့ဖွယ်မှော်စာလုံးနန်းတော်ကို အရင် သွားရမယ်"

ချင်ယန်က အံ့ဖွယ်မှော်စာလုံးနန်းတော်သို့ အလည်လာပြီး အခြေခံအဆင့် မှော်အစီအရင်ပညာရှင် တံဆိပ်ကို ရယူမည်ဟု ကျွမ်းချွမ်ကို ကတိပေးထားခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းသည် သူ့အတွက် ပိုမို ကောင်းမွန်လာမည် ဖြစ်သည်။

အံ့ဖွယ်မှော်စာလုံးနန်းတော်သည် အင်ပါယာမြို့တော်အတွင်း၌ တည်ရှိ၏။

ချင်ယန်က ယခုမနက်၌ပင် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

သူက ဟွာလင်းဝုကျောင်းမှ ထွက်ခွာ၍ အင်ပါယာမြို့တော်သို့ စတင် ခရီးနှင်ခဲ့တော့သည်။

ဟွာလင်းဝုကျောင်းမှ အင်ပါယာမြို့တော်သို့ အကွာအဝေးမှာ မိုင်နှစ်ရာကျော် ရှိသည်။

ထိုအတွက်ကြောင့် ချင်ယန်သည် ကိုယ်ဖော့ပညာကို အသုံးပြုခဲ့သည်။

ချင်ယန်သည် ပေါ့ပါးစွာ ပြေးလွှားလာခဲ့ရာ တစ်နာရီ မပြည့်မီမှာပင် ခရီးတစ်ဝက်ကျော်ခန့် ရောက်ရှိလာခဲ့သည်။

ဤသည်က ချင်ယန်အတွက် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ခရီးလည်း ဖြစ်သည်။

"မိဖုရားကြီးက ငါ့ကို သတ်ဖို့ ကြိုးစားလာနိုင်တယ်"

ချင်ယန် အလွန်သတိရှိစွာဖြင့် လမ်းမပေါ်တွင် လျှောက်လှမ်းနေသည်။

သို့သော် လုပ်ကြံသတ်ဖြတ်မည့်သူ တစ်ဦးမှ မတွေ့ရပေ။

ချင်ယန်သည် တောအုပ်များ အတွင်း ပြေးလွှားဖြတ်ကျော်ခဲ့သော်လည်း လမ်းမများ ပေါ်တွင်မူ အခြားလူများ ရှိနေသဖြင့် ပြေးလွှားခြင်း မပြုခဲ့ချေ။

တောအုပ်တစ်ခု အတွင်း လေအေးတစ်ချက် ဝှေ့ယမ်းသွားခဲ့သည်။

ချင်ယန်သည် ပြေးနေရာမှ ရပ်လိုက်ပြီး လှပသော ပန်းလေးများကို ရှုစားနေခဲ့သည်။

ရုတ်တရက် အားကောင်းသော လေပြင်းများ တိုက်ခတ်လာခဲ့ပြီး သစ်ပင်ကြီးများ ယိမ်းထိုးလှုပ်ရှားသွားကြသည်။

ချင်ယန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

"ခိုးကြောင်ခိုးဝှက် လုပ်မနေနဲ့.. ထွက်လာကြစမ်း"

ချက်ချင်းဆိုသလို အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူအနည်းငယ် ထွက်ပေါ်လာခဲ့သည်။

"အတော် စွမ်းအားမြင့်ကြတာပဲ... သူတို့အားလုံး အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်တွေလား"

ချင်ယန် သတိထားလိုက်မိသော်လည်း ကြောက်ရွံ့မှု မရှိချေ။

သူက တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့၏။

"ရပ်လိုက်စမ်း"

အမျိုးသမီးတစ်ဦး၏ စကားသံ ဖြစ်သည်။

ရောက်ရှိလာသော အမျိုးသမီး၏ ကိုယ်မှ စူးရှသော မွှေးရနံ့များသည် တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

သူမက အနက်ရောင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပြီး လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့သည်။

သူမ၏ ဘဲဥပုံသဏ္ဌာန် မျက်နှာကျသည် လွန်စွာ လှပပြီး မျက်လုံးမျက်ခုံးများသည်လည်း အလှပေါ် အလှဆင့်နေသကဲ့သို့ပင်။

သူမကို ကြည့်မိသည်နှင့် ဆွဲဆောင်မှုရှိရှိနှင့် အစွမ်းကုန် ဖွံ့ဖြိုးလှပနေသော မိန်းမပျို တစ်ဦး ဖြစ်ကြောင်း သိရှိနိုင်၏။

"မိန်းကလေး... ဒီလူငယ်နဲ့ သိတာလည်း မဟုတ်ဘဲ ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်စမ်းပါ... ငါတို့အလုပ်ကို လာမရှုပ်ပါနဲ့"

ဝတ်စုံနက်တစ်ဦး၏ စကားသံ ဖြစ်သည်။

မိန်းကလေးက ထိုလူ၏ စကားကို အဖက်မလုပ်ချေ။

သူမ၏ ဆံပင်ရှည်များကို လက်ဖြင့် သပ်လိုက်ပြီး ချင်ယန်ကို ကြည့်ကာ ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်သည်။

"မောင်လေးက ဟွာလင်းဝုကျောင်းကလား"

"ဟုတ်ပါတယ်"

ချင်ယန် ပြန်ဖြေလိုက်သည်။

ထိုမိန်းကလေး၏ ဆွဲဆောင်မှုရှိဟန်ကြောင့် ချင်ယန် ရင်ခုန်သွား၏။

မိန်းကလေး၏ လက်အတွင်း၌ သွေးရောင်သမ်းနေသည့် ဓားရှည် တစ်ချောင်းသည် မျက်လှည့်ပြလိုက်သကဲ့သို့ ရောက်ရှိလာခဲ့သည်။

မိန်းကလေးသည် ချင်ယန်ထက် ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်ပြီး အသက်ဆယ့်ရှစ်နှစ် ဝန်းကျင်ရှိ၏။

သူမက သွေးနီရောင်ဓားကို ကိုင်ထားရင်း ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြန်သည်။

တစ်ခဏအတွင်း သူမ၏ ဟန်ပန်သည် ရက်စက်ကြမ်းကြုတ်သော စစ်သူရဲ တစ်ဦး၏ ပုံစံမျိုး ဖြစ်ပေါ်လာခဲ့သည်။

"ငါလည်း ဟွာလင်းဝုကျောင်းကပဲ... စီနီယာအမကြီးလို့ မြန်မြန်ခေါ်စမ်း"

သူမ၏ မျက်နှာတွင် ပြီတီတီ အပြုံးတစ်ခု ပေါ်လာပြီး ပန်းနုရောင် သမ်းနေသော လက်တစ်ဖက်ဖြင့် ချင်ယန်၏ မျက်နှာကို ရုတ်တရက် ပွတ်သပ်လိုက်၏။

"ဘယ်လောက် ခန့်ညားလိုက်တဲ့ လူငယ်လေးလဲ.. ခန္ဓာကိုယ်ကလည်း အရမ်း သန်မာတောင့်တင်းတယ်... ငါမင်းနဲ့ နီးနီးကပ်ကပ် နေချင်လာပြီ"

ထိုမိန်းကလေးသည်လည်း ဟွာလင်းဝု ကျောင်းသူတစ်ဦး ဖြစ်နေမည်ဟု ချင်ယန် မထင်မှတ်ထားခဲ့ပေ။

ထို့ပြင် သူမ၏ အပြုအမူသည် လွန်စွာ ရဲတင်းနေခဲ့၏။

သူမ၏ လက်က ချင်ယန်၏ လက်မောင်း တစ်ဖက်ကို ပွတ်သပ်လာခဲ့သည်။

"စီနီယာအမကြီး.. ကျေးဇူးပြုပြီး နည်းနည်းလောက် သိက္ခာရှိစမ်းပါ"

ထိုသို့ ပြော၍ ချင်ယန်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

အခန်း(၅၀) ပြီး၏

All Chapters