← Chapters

အခန်း ၃၆၉

Vol. 40 Ch. 369

အခန်း ၃၆၉

Vol. 40 Ch. 369

အခန်း (၃၆၉)

“သေစမ်းကွာ”

ဖုန်းပုကြွယ်သည် သိုလှောင်ခန်းထဲတွင် ကောင်းကင်ကြီးကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

ဤ “သေစမ်းကွာ” ဟု အော်ဟစ်လိုက်သံသည် လဝက်ကျော်ကြာပြီးနောက် အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ရသည်။

“ဘယ်လိုသောက်ရူးစနစ်လဲ၊ ဂိမ်းဖော်ပြချက်ထဲမှာတုန်းက ပဟေဠိအပိုင်းအစတွေကနေ အနည်းဆုံးတော့ ထူးကဲအဆင့် ပစ္စည်းကိရိယာတွေ ရနိုင်တယ်လို့ ပြောထားတယ် မဟုတ်လား”

ဖုန်းပုကြွယ် သူ့ဘာသာ ရေရွက်လိုက်မိသည်။

သူ၏ စိတ်လှုပ်ရှားမှုများသည် စက္ကန့်အနည်းငယ်သာ တည်တံ့ပြီး ခဏအကြာတွင် သူ့အမူအရာက ရုတ်တရက် တည်ငြိမ်သွားပြန်သည်။

သူ၏ စိတ်ခံစားချက်များမှာ မီးခလုတ်တစ်ခုလိုပင်။ မျက်တောင်တစ်ခတ်အတွင်း ချက်ချင်း ပြန်လည် တည်ငြိမ်သွားနိုင်စွမ်း ရှိသူဖြစ်သည်။

“နေပါဦး...”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

“ဒါက... ဖြစ်နိုင်တာက...”

သူသည် ပစ္စည်းဖော်ပြချက်ကို နောက်တစ်ကြိမ် ပြန်လည်ဖတ်ရှုလိုက်ရာ မှတ်ချက်၏ နောက်ဆုံးစာကြောင်းဖြစ်သော “အမှိုက်” ဟု တံဆိပ်ကပ်၍ ဂိုဒေါင်ထဲတွင် သော့ခတ်ထားသည် ဟူသော စာသားပေါ်တွင် သူ့အကြည့်များ ရပ်တန့်သွားခဲ့သည်။

“ဒါဆို... ဒီပစ္စည်းရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေဟာ ‘မှော်ဆရာအသင်း’ က နစ်နာသူတွေ ရေးထားခဲ့တာပဲ ဖြစ်ရမယ်၊ တကယ့် အရည်အသွေးအစစ်အမှန်ကတော့ မသိရသေးဘူးပေါ့ ဟုတ်လား...”

သူ ခန့်မှန်းတွက်ချက်လိုက်သည်။

သူ့စိတ်ထဲတွင် ထိုအတွေးမျိုး ဝင်ရောက်လာပြီးနောက် သူ၏ မဆင်မခြင်စွန့်စားမှုကြီးကို စတင်တော့သည်...။

“အင်း... စမ်းကြည့်လိုက်ရင် သိရမှာပဲ”

ထိုသို့ တွေးတောပြီးနောက် ဖုန်းပုကြွယ်သည် သူ၏ ပစ္စည်းကိရိယာများကို စတင်စစ်ဆေးတော့သည်။

“တကယ်လို့ ငါသာ ထူးကဲအဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အိုင်တမ်သုံးခုကို ပစ်ထည့်လိုက်မယ်ဆိုရင် ဒဏ္ဍာရီလာ ပစ္စည်းကိရိယာကို ရဖို့ အခွင့်အရေး ရှိသွားပြီပေါ့...”

လောလောဆယ်တွင် ဖုန်းပုကြွယ်အနေဖြင့် သူ့အတွက် အသုံးမဝင်ဆုံးဟု ယူဆရသော ပစ္စည်းကိရိယာမှာ ‘၁၈ ပါးသော ကြေးလူသားတို့၏ ခေါက်ကုလားထိုင် (နံပါတ် ၅)’ ဖြစ်သည်။ ထိုအိုင်တမ်သည် အသုံးပြုရန် လိုအပ်ချက်မရှိသည့်အတွက် အဆင့်နိမ့် PvP တိုက်ပွဲများတွင်တော့ အံ့အားသင့်စွာကောင်းလောက်အောင် သက်ရောက်မှု ရှိနိုင်ကောင်းသည်။ သို့သော်လည်း အဆင့်မြင့် တိုက်ပွဲများတွင်မူ ၎င်းကို ကိုင်ပြီး လူသွားရိုက်ခြင်းထက် လက်ဗလာနှင့် ချခြင်းကမှ ပိုထိရောက်ပေသေးသည်။ ကံဆိုးသည်မှာ ထိုပစ္စည်းကိရိယာ၏ အရည်အသွေးမှာ “ပျက်စီးနေသည်” ဖြစ်နေသည့်အတွက် အမှုန့်ကြိတ်စက်၏ အကျိုးသက်ရောက်မှုကို စတင်အသက်သွင်းရန် သတ်မှတ်ချက်နှင့် မကိုက်ညီခဲ့ချေ။

မိနစ်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် ပစ္စည်းကိရိယာသုံးခုကို ရွေးချယ်လိုက်တော့သည်။၎င်းတို့မှာ ပါစီဖုန်း၏ ဖုန်စုပ်စက်၊ ပင့်ကူမျှင် လက်အိတ်နှင့် ဂေါ်ဘလင်ဓာတ်ငွေ့ကာ မျက်နှာဖုံးတို့ ဖြစ်ကြသည်။

ကစားသမားများ၏ အဆင့်များ မြင့်တက်လာတာနှင့်အမျှ တိုက်ပွဲအရှိန်အဟုန်များလည်း ပိုမို မြန်ဆန်လာပြီး တိုက်ခိုက်မှုပုံစံများလည်း ပိုမိုရှုပ်ထွေးလာကာ ပြင်းထန်မှုသည်လည်း ပိုမို ကြီးမားလာတတ်ပေသည်။ ထို့ကြောင့်ပင် ဤအိုင်တမ်သုံးခု၏ အသုံးပြုမှုနှုန်းနှင့် လက်တွေ့ကျမှုသည် ယခုအချိန်တွင် တော်တော်လေး ညံ့ဖျင်းသည်ဟု ထင်ရလေသည်။

အဆင့်နိမ့်ပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းကိရိယာများဖြစ်ကြသည့် မာရီယို၏ ဂွနှင့် ဂျက်ဇ်ဖိနပ်တို့မှာမူ အများကြီး ပိုသာလွန်လှသည်။ ရှေ့ကပစ္စည်းသည် ကိရိယာတစ်ခု၏ ဂုဏ်သတ္တိများ ရှိပြီး အလျင်အမြန်ပြုပြင်ခြင်း စကေးဖြင့် တွဲဖက်အသုံးပြုနိုင်သကဲ့သို့ နောက်ပစ္စည်းတစ်ခု၏ ပင်ကိုယ်စွမ်းရည်ကလည်း လုံးဝ ယုံကြည်စိတ်ချစရာပင်။

“အင်း... ဒါကို ဒီလို သုံးရတာပေါ့...”

ဖုန်းပုကြွယ်သည် ဖျက်ဆီးစက်အား ကြမ်းပြင်ပေါ်မှာ ချထားလိုက်ပြီးနောက် ပထမဆုံးအနေဖြင့် အကြီးဆုံးဖြစ်သော ဖုန်စုပ်စက်ကို ကုန်ပစ္စည်းတင်ပတ်လမ်း (conveyor belt) ပေါ်သို့ တင်လိုက်သည်။

“အရေးကြီး သတိပေးချက် - သင်၏ လုပ်ဆောင်ချက်သည် နောက်ပြန်လှည့်၍မရပါ။ ဒါကို လုပ်ဆောင်ရန် သေချာပါသလား”

စနစ်၏ အသိပေးချက်နှင့် စာတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖုန်းပုကြွယ်က အတည်ပြုသည်ကို နှိပ်လိုက်ရာ ဖုန်စုပ်စက်သည် စက်ပတ်လမ်းပေါ်တွင် အမြစ်တွယ်သွားသကဲ့သို့ မြဲမြံစွာ ကပ်ပါသွားတော့သည်။ သူသည် ကျန်ပစ္စည်းကိရိယာနှစ်ခုကိုလည်း ဤနည်းလမ်းအတိုင်း လုပ်ဆောင်လိုက်ရာ မိနစ်ဝက်ခန့် အကြာတွင်တော့ အိုင်တမ်သုံးခုလုံးမှာ ပတ်လမ်းပေါ်၌ စီတန်းလျက် ရှိနေကြပြီ ဖြစ်သည်။ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အစ်ကိုကြွယ်သည် စက်ဘေးရှိ မောင်းတံကို ဆွဲချလိုက်တော့သည်။

ကကျီ ကကျီ...။

စက်အတွင်းပိုင်းမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ပတ်လမ်းမှာ စတင်လည်ပတ်လာလေသည်။ ပစ္စည်းကိရိယာသုံးခုလုံးသည် ထိုအခိုက်အတန့်တွင် ကာတွန်းဆန်ဆန် ပုံစံမျိုး ဖြစ်လာခဲ့သည်။ ပတ်လမ်းမှတစ်ဆင့် စက်ထဲဝင်ရောက်သွားချိန်တွင် ၎င်းတို့သည် အတင်း ‘ညစ်’ ထည့်ခံလိုက်ရသကဲသို့ “ထပ်” ခနဲ အသံတစ်ခု ထွက်ပေါ်လာတော့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ကိရိယာသုံးခုလုံး အထဲသို့ ရောက်ရှိသွားပြီး စက်ကြီးသည် ပျက်စီးနေသည့်အင်ဂျင်တစ်လုံးကဲ့သို့ တုန်ခါကာ တကျိကျိအသံများ ထွက်ပေါ်လာ၏။ စက်အက်ကွဲကြောင်းများကြားမှ ခရမ်းရောင်အခိုးအငွေ့များ အူထွက်လာခဲ့သည်။ မည်သို့ပင်ကြည့်ကြည့်... ဤ ‘ဇီးရိုးအမျိုးအစား မှော်ဖျက်ဆီးရေးစက်’ သည် စိတ်မချရသော ခံစားချက်မျိုးကို အမှန်ပင် ပေးစွမ်းနေလေသည်။

ခဏအကြာတွင် စက်၏ အခြားတစ်ဖက်ရှိ မှန်ဘီလူးခုံးကြီးသည် လင်းထိန်လာပြီး အလင်းတန်းတစ်ခုစုစည်းကာ ကတော့ပုံစံ အလင်းတန်းအဖြစ် ပစ်လွှတ်လိုက်ရာ ၎င်းသည် အိုင်တမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသိပ်သည်းသွားခဲ့သည်။

အမည် - ပျက်စီးသွားသော စွမ်းအင်အကြွင်းအကျန်

အမျိုးအစား - အခြား

အရည်အသွေး - အမှိုက်

အထူးအာနိသင် - မရှိပါ

မှတ်ချက် - ၎င်းတို့၏ အထူးဂုဏ်သတ္တိများ ဆုံးရှုံးသွားခဲ့သော ပစ္စည်းအကြွင်းအကျန်ဖြစ်ပါသည်။ တကယ့်အမှိုက်စစ်စစ် ဖြစ်ပြီး မည်သည့်ပုံစံမျိုးနှင့်မျှ အသုံးပြု၍ မရနိုင်ပါ။

ဖုန်းပုကြွယ်သည် ထိုအမှိုက်တုံးကြီးကို ကောက်ယူလိုက်ပြီး ပစ္စည်းဖော်ပြချက်ကို နှစ်စက္ကန့်အတွင်း ဖတ်ရှုလိုက်သည်။ ထို့နောက် သူသည် တိတ်တဆိတ်နှင့် လျင်မြန်စွာပင် ၎င်းကို ဖျက်ဆီးပစ်လိုက်တော့သည်...။

ငါးစက္ကန့် ကြာပြီးနောက်...

သူသည် ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်ပြီး သူ့အိတ်ထဲမှ ခေါက်ကုလားထိုင်ကို ဆွဲထုတ်ကာ ရှေ့ရှိ စက်ကြီးကို လှမ်းထုရင်း ကျယ်လောင်စွာ အော်ဟစ်တော့သည်။

“သေစမ်း... သေစမ်း...”

“လောဘဆိုတာ တကယ့်ကို အဆုံးအစမရှိတာပဲ...”

ဖုန်းပုကြွယ် သက်ပြင်းချလိုက်မိသည်။

“လောင်းကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်အရဆိုရင် ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာကို ရဖို့... ငါ နောက်ပိုင်းကျရင် ပစ္စည်းတွေ ပိုထည့်မိဦးမှာ သေချာတယ်...”

သူသည် သူ့အားနည်းချက်ကို ကောင်းကောင်းကြီး သိရှိပေသည်။

“ဒါပေမဲ့... ဘာပဲဖြစ်ဖြစ် ငါက အပိုဆုလာဘ်တွေကနေ ပစ္စည်းကိရိယာတွေ ရနိုင်သေးတာပဲ၊ အဆိုးဆုံးဖြစ်လှ အတွေ့အကြုံမှတ် နည်းနည်းလောက် အလျော့ခံလိုက်ရုံပေါ့၊ နောင်ကျရင် ထူးကဲအဆင့်ထက်မြင့်တဲ့ အသုံးမဝင်တဲ့ အိုင်တမ်တွေကို သိမ်းထားပြီး၊ သုံးခု ဒါမှမဟုတ် အဲ့ဒီထက် ပိုရှိလာတဲ့အခါမှ စက်ထဲထည့်ရမယ်... ငါသာ ဒီလိုမျိုး ဆက်စုဆောင်းသွားမယ်ဆိုရင် ငါ့ကံက ဘယ်လောက်ပဲဆိုးဆိုး တွက်ချက်မှုအရဆိုရင် တစ်နေ့နေ့မှာတော့ ဒဏ္ဍာရီလာ ပစ္စည်းကိရိယာကို မလွဲမသွေ ဖန်တီးနိုင်မှာပဲ”

ထိုသို့တွေးလိုက်မိသည်နှင့် အစ်ကိုကြွယ်သည် စိတ်ထဲတွင် အနည်းငယ် ပိုစိတ်သက်သာရာရသွားခဲ့သည်။

သို့သော်လည်း... သူ မသိခဲ့သည်မှာ ဤ ‘ဇီးရိုးအမျိုးအစား မှော်ဖျက်ဆီးရေးစက်’ ကြီးသည် မည်မျှကြောက်မက်ဖွယ်ကောင်းလောက်အောင် စုတ်ပြတ်သတ်နေသလဲ ဆိုသည်ကိုပင်။ ၎င်း၏ ကနဦး ပစ္စည်းဖန်တီးနိုင်စွမ်း အောင်မြင်မှုနှုန်းမှာ ၀.၀၁ ရာခိုင်နှုန်းသာရှိပြီး ပစ္စည်းကိရိယာတစ်ခုချင်းစီ (ထူးကဲအဆင့်၊ ပြည့်စုံအဆင့် သို့မဟုတ် ဒဏ္ဍာရီလာအဆင့် ဖြစ်စေ) ကျရှုံးမှု၏ စုဆောင်းမှုနှုန်းမှာ အိုင်တမ်တစ်ခုလျှင် ၁ ရာခိုင်နှုန်းစီအဖြစ် တွက်ချက်ထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရရင် ပထမဆုံးအကြိမ်တွင် အောင်မြင်ရန် အခွင့်အရေးမှာ တစ်သောင်းပုံ တစ်ပုံသာ ရှိခြင်းဖြစ်သည်။ သူ ပစ္စည်းကိရိယာသုံးခုကို အသုံးပြုပြီးသည့်နောက်မှာတောင်မှ ဒုတိယအကြိမ်မြောက် ဖန်တီးမှု၏ အောင်မြင်မှုနှုန်းမှာ ၃.၀၁ ရာခိုင်နှုန်းသာ ရှိသေးသည်။ အကယ်၍ သူ ဒုတိယအကြိမ်တွင် ကိရိယာ လေးခုကိုသုံးပြီး ထပ်မံကျရှုံးသွားခဲ့မည်ဆိုရင် တတိယအကြိမ်မြောက် ကြိုးစားမှုတွင် အောင်မြင်မှုနှုန်းမှာ ၇.၀၁ ရာခိုင်နှုန်းအထိ မြင့်တက်လာမည် ဖြစ်သည်...။

မှန်ပေသည် ယင်းတို့မှာ ကစားသမားများ မသိနိုင်သည့် ဖုံးကွယ်ထားသောဂုဏ်သတ္တိများ ဖြစ်ကြပြီး ဂိမ်းကုမ္ပဏီကသာ စနစ်၏ စုံစမ်းမှုများကနေတစ်ဆင့် ထိုအချက်အလက်များကို မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

“ကောင်းပြီ... ဆိုင်ဘက်ကို အရင် သွားလျှောက်ကြည့်ရအောင်”

သိုလှောင်ခန်းထဲတွင် သူ့ဆုလာဘ်များကို သိမ်းဆည်းပြီးနောက် ဖုန်းပုကြွယ်သည် ဈေးဆိုင်သို့ သွားရောက်ရန် ပြင်ဆင်လိုက်သည်။

၎င်းသည် အိပ်စက်ခြင်းမုဒ်ဖြစ်သလို သူ ဒီညချိန်းထားသည့် အချိန်ထက် မိနစ်အနည်းငယ်စောပြီး လော့ဂ်အင်ဝင်ခဲ့သောကြောင့် သူ့တွင် အခြားအရာများ လုပ်ဆောင်ရန် မိနစ်၁၀၀ကျော် အချိန်ပို ရှိနေပေသည်...။ ထို့ကြောင့် အတော်လေး အေးအေးလူလူ ရှိလှပေသည်။

သူသည် ဓာတ်လှေကားခန်းမဆီသို့ ပြန်လာလိုက်ပြီး ဓာတ်လှေကားတံခါးများ ပိတ်သွားပြီးနောက် ဈေးဆိုင်ခလုတ်ကို နှိပ်လိုက်ရာ လူစည်ကားလှသည့် ကွင်းပြင်ကျယ်ကြီးဆီသို့ ရောက်ရှိသွားတော့သည်။

အစောပိုင်းက ပြောခဲ့သလိုပင် သည်းထိတ်ရင်ဖို သုခဘုံထဲမှ ဈေးဆိုင်သည် မျက်နှာပြင်ပေါင်းစုံ ဖန်သားပြင်စနစ်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ဂိမ်းထဲတွင် ကစားသမားအရေအတွက်ကို ခွဲထုတ်ရန်အတွက် နံပါတ်စဉ်များဖြင့် ခွဲခြားထားသည့် တူညီသော ဆိုင်ပေါင်းမြောက်မြားစွာ ရှိပေသည်။ အစ်ကိုကြွယ်နှင့် ရီရူလီတို့ ကနဦးကျပန်းရွေးချယ်ခဲ့သည့် နံပါတ်မှာ ၁၀ ဖြစ်သောကြောင့် ငရဲတပ်ဦးရှိ အဖွဲ့ဝင်အားလုံးသည် မိမိတို့လော့ဂ်အင်ဝင်မည့်ပေါ်တယ်ကို ဧရိယာ ၁၀ အဖြစ် သတ်မှတ်ထားကြသည်။

တိုက်ဆိုင်စွာဖြင့်... မနက်စောစော ဤအချိန်အတိအကျမှာပင် အစ်ကိုကြွယ်နှင့် ရင်းနှီးသူ အတော်များများသည်လည်း ဧရိယာ ၁၀ ထဲတွင် ရှိနေခဲ့ကြသည်...။

All Chapters