အခန်း ၃၇၀
Vol. 40 Ch. 370
အခန်း (၃၇၀) ဈေးထဲမှ တွေ့ဆုံမှုတစ်ခု
ဈေးဆိုင်တန်းကြီးအတွင်း၌ လူသူအများအပြားဖြင့် စည်ကားလှုပ်ရှားနေဆဲဖြစ်ပြီး စက်ဝိုင်းပုံစံ အမိုးခုံးကြီးအောက်ရှိ ကျယ်ဝန်းလှသော နေရာလွတ်ကြီးတွင် ကစားသမားများဖြင့် ပြည့်နှက်နေလေသည်။
စည်ကားသည်ဆိုသော်လည်း ပြည့်ကျပ်ညှပ်ပိတ်နေခြင်းမျိုးတော့ မဟုတ်ပေ။ ဤသည်မှာ စနစ်၏ ကစားသမားခွဲဝေမှုစနစ်၏ အားသာချက်ပင် ဖြစ်သည်။ ကစားသမားအများစုသည် သတ်မှတ်ထားသော ဧရိယာနံပါတ်များကို သီးသန့်ချိတ်ပိတ်မထားကြသဖြင့် ဈေးဆိုင်တန်းထဲသို့ ဝင်ရောက်လာတိုင်း အတော်လေး အေးဆေးလွတ်လပ်သည့် ဖန်သားပြင်စနစ်တစ်ခုဆီသို့ ကျပန်းရောက်ရှိသွားတတ်ကြသည်။
ဖုန်းပုကြွယ်သည် အလယ်ဗဟိုရှိ သတင်းအချက်အလက်မျှော်စင်ဆီသို့ အလောတကြီး မသွားသေးဘဲ အပြင်ဘက်အဝိုင်းပတ်လမ်းရှိ စနစ်ဈေးဆိုင်များဆီသို့ အရင်ဦးတည်ကာ ခဲယမ်းမီးကျောက်များ၊ ဘက်ထရီများနှင့် အသက်အမှတ်ပြန်လည်ဖြည့်ဆင်းဆေးများကို ဖြည့်တင်းရန် သွားလိုက်သည်။
“ဟေ့... ဟိုဘက်ကို ကြည့်လိုက်စမ်း၊ အဲ့ဒီ ယူနီဖောင်းတွေက... ‘အော်ဒါ’ ကလပ်က မဟုတ်လား”
ဖုန်းပုကြွယ် ပစ္စည်းများ ဝယ်ယူနေစဉ် မီတာအနည်းငယ်အကွာရှိ လမ်းသွားလမ်းလာတစ်ဦးက လှမ်းပြောလိုက်သည်။
“ဝါး... တကယ်ကြီးဟေ့”
နောက်ထပ် လမ်းသွားလမ်းလာတစ်ဦးကလည်း ဝင်ထောက်ခံလိုက်သည်။
“နေပါဦး၊ ဟိုရှေ့ကတစ်ယောက်က ဝါးမြိုခြင်းသရဲ မဟုတ်လား၊ ပြီးတော့ သူ့ဘေးက လေးယောက်ကလည်း အော်ဒါရဲ့ အမူးသမားအိမ်မက် အဖွဲ့ဝင်တွေပဲ၊ ဆရာကြီးတွေ စုနေကြပါလား”
ထိပ်တန်းဂိမ်းစတူဒီယိုများသည် များသောအားဖြင့် ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ကစားသမားများ၏ ဓာတ်ပုံများကို တရားဝင်ဝက်ဘ်ဆိုက်များပေါ်တွင် လွှင့်တင်ပေးထားလေ့ရှိကြသည်။ ယင်းသည် တစ်ဖက်တွင် ကြော်ငြာရန်အတွက်ဖြစ်ပြီး နောက်တစ်ဖက်ကတော့ အပြင်လောကတွင် ထိုကစားသမားများကို အခြားသူက အတုအယောင်ပြုလုပ်ပြီး လိမ်လည်ခြင်းမှ ကာကွယ်ရန်အတွက်လည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုလိုလူ့အဖွဲ့အစည်းထဲတွင် လိမ်လည်လှည့်ဖြားသူများ အတော်အတန် ရှိနေတတ်သလို ပရော်ဖက်ရှင်နယ် ဂိမ်းမာအများစုသည် အွန်လိုင်းအမည်ဝှက်များကိုသာ အသုံးပြုကြသည် မဟုတ်ပါလား။ အကယ်၍ တစ်ယောက်ယောက်က သူတို့အယောင်ဆောင်ပြီး လိုက်လံလိမ်လည်မည်ဆိုပါက နစ်နာသူများအတွက် ငွေကြေးဆုံးရှုံးမည့်အပြင် ကစားသမားများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်ပေသည်။
“စောက်ရမ်းမိုက်တာပဲ... ဝါးမြိုခြင်းသရဲရှောင်က ဓာတ်ပုံထဲကထက် အများကြီး ပိုနုတာပဲဟ၊ သူ့ကြည့်ရတာ အထက်တန်းကျောင်းသားလေးတစ်ယောက်လိုပဲ၊ ဟုတ်တယ်မလား”
လမ်းသွားလမ်းလာ A က ထပ်မံ ပြောဆိုလိုက်ပြန်သည်။
လမ်းသွားလမ်းလာ B ကလည်း “ဟုတ်ပါ့၊ ဒီလိုကောင်လေးမျိုးက တိုက်ခိုက်ရေးစွမ်းရည်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို နှစ်ပေါင်းများစွာ စိုးမိုးထားနိုင်တယ်ဆိုတာ တွေးကြည့်ဖို့တောင် ခက်တယ်... ဒါပေမဲ့ သူက အော်ဒါရဲ့ အဓိကကစားသမားဖြစ်နေတော့ ညစ်ပြီး ဆော့နေတာမျိုးတော့ မဖြစ်နိုင်ပါဘူးလေ...”
“ဟူး... မကောင်းဆိုးဝါးတွေရဲ့ ကမ္ဘာကို... ငါတို့လို သာမန်လူတွေ နားမလည်နိုင်တော့ဘူး”
လမ်းသွားလမ်းလာ A က သက်ပြင်းချလိုက်မိသည်။
“ဒါပေမဲ့...”
လမ်းသွားလမ်းလာ B က ဆက်ပြောသည်။
“သူနဲ့ယှဉ်ရင် တိုက်ခိုက်ရေးစွမ်းရည်အဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယနေရာကို ရုတ်တရက် ခုန်တက်လာတဲ့ အမည်မသိကစားသမားက ပိုရေပန်းစားနေတဲ့ အကြောင်းအရာပဲ၊ အားလုံးကတော့ အဲ့ဒီလူဟာ ပရော်ဖက်ရှင်နယ်စတူဒီယိုတစ်ခုခုရဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းနေကြတာပဲ”
“အင်း... ငါလည်း အဲ့လိုပဲ ထင်တယ်၊ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကစားသမားဟာ အထွတ်အထိပ်ပြိုင်ပွဲရဲ့ အကြီးဆုံး မြင်းနက် ဖြစ်လာလိမ့်မယ်လို့ ထင်တယ်”
လမ်းသွားလမ်းလာ A က ပြန်ပြောလိုက်သည်။
ဖုန်းပုကြွယ်သည် အထောက်အပံ့ပစ္စည်းများ ဝယ်ယူဖြည့်တင်းနေစဉ် ထိုလူနှစ်ယောက်၏ စကားဝိုင်းကို တည်ငြိမ်သောအမူအရာဖြင့် နားထောင်နေခဲ့သည်။ သူ့စိတ်ထဲတွင် အတော်လေး ကျေနပ်ဂုဏ်ယူနေမိသော်လည်း သူ့စိတ်ခံစားချက်ကို အပြင်မထွက်အောင် ထိန်းချုပ်ထားနိုင်ခဲ့သည်။
“အပျော်အပါးတွေနဲ့ အချိန်ကုန်နေကြတာပဲ...ဟမ့်”
အထောက်အပံ့ပစ္စည်းများ အားလုံးဝယ်ယူပြီးနောက် ဖုန်းပုကြွယ်သည် အလယ်ဗဟိုရှိ သတင်းအချက်အလက်မျှော်စင်ဆီသို့ ဦးတည်ရန် ပြင်ဆင်လိုက်သည်။
“ဒါနဲ့ စကားမစပ်... ဟို မုန့်ကျင်းချန်ဆိုတဲ့ကောင်က ငါ့ကို သိနေတာ မဟုတ်လား...၊ တကယ်လို့ သူက ငါ့ကို မြင်ပြီး လှမ်းနှုတ်ဆက်ရင် ဘယ်လိုလုပ်မလဲ...၊ ငါ့ဘက်ကတော့ သူ့ကို ဘာပြန်ပြောရမှန်း သိမှာမဟုတ်ဘူး၊ ပတ်ဝန်းကျင် အခြေအနေကလည်း အနေခက်စရာကြီး ဖြစ်သွားလိမ့်မယ်...၊ ငါ တခြားဧရိယာကို ပြောင်းလိုက်ရင် ကောင်းမလား...၊ ဒါပေမဲ့ ငါက သူ့ကိုရှောင်ချင်လို့ တမင်တကာ ဧရိယာပြောင်းသွားတာမျိုးဆိုရင် ငါ့ကိုယ်ငါ လူတောမတိုးချင်တဲ့စိတ် ရှိနေသလိုမျိုး ဖြစ်မသွားဘူးလား၊ ငါ့မှာ အဲ့ဒီလိုစိတ် နည်းနည်းရှိနေတာကို ငြင်းလို့မရပေမယ့်လည်းပေါ့...”
တစ်ဖက်တွင်လည်း အော်ဒါမှ အဖွဲ့ဝင်ငါးဦးသည် ပတ်ဝန်းကျင်ရှိ ကစားသမားများကို အာရုံစိုက်မနေကြပေ။ သူတို့ ယနေ့ ဤနေရာတွင် စုံစည်းကြခြင်းမှာ လေလံဈေးကွက်တွင် ပစ္စည်းကိရိယာများ လိုက်လံရှာဖွေဝယ်ယူရန် သီးသန့်ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ ရက်အနည်းငယ်ကြာ ပြင်ဆင်ပြီးနောက် အော်ဒါ၏ အထက်လူကြီးများသည် ဤအထွတ်အထိပ်ပြိုင်ပွဲအတွက် ပထမတန်းစားကစားသမား ငါးဦးအဖြစ် သူတို့ကို ရွေးချယ်သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့သည် စွမ်းရည်များ မြှင့်တင်ရန်အတွက် လေလံဈေးကွက်သို့ လာရောက်နိုင်ရန် ရန်ပုံငွေအထောက်အပံ့ ရရှိခဲ့ကြခြင်းဖြစ်သည်။
အော်ဒါကဲ့သို့သော ထိပ်တန်းစတူဒီယိုကြီးတစ်ခုအတွက် ယခုကဲ့သို့သော ပြိုင်ပွဲများမှ ရရှိမည့် ဆုကြေးငွေများသည် ဒုတိယဦးစားပေးသာ ဖြစ်ပြီး ၎င်းတို့ အမှန်တကယ် ဂရုစိုက်သည်မှာ အဆင့်သတ်မှတ်ချက်များသာ ဖြစ်သည်။ ဂိမ်းတွင်းငွေကြေးဆိုသည်မှာ အသေးအဖွဲသာဖြစ်ပြီး တကယ့်ငွေကြေးအစစ်အမှန်များမှာ ဂိမ်းပြင်ပကြော်ငြာခများ၊ ကစားသမားများ၏ ကုန်ပစ္စည်းထောက်ခံချက်များ နှင့် ကုန်ပစ္စည်း အရောင်းကွင်းဆက်တစ်ခုလုံးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဥပမာအားဖြင့် အော်ဒါကိုယ်တိုင်ထုတ်လုပ်သော ဂိမ်းအသုံးအဆောင်ပစ္စည်းများဖြစ်သည့် မောက်စ်၊ ကီးဘုတ်၊ ဂိမ်းဦးထုပ်များနှင့် အခြားသော အပိုပစ္စည်းများ... ၎င်းတို့၏ အွန်လိုင်းရောင်းအားမှာ အဓိကအားဖြင့် ထိပ်တန်းကစားသမားများ၏ ထောက်ခံကြော်ငြာပေးမှုကြောင့်ပင် ဖြစ်သည်။
ကမ္ဘာကျော်အားကစားသမားများ၏ ထောက်ခံချက်များဖြင့် အချိန်အတော်ကြာ လွှမ်းမိုးခံခဲ့ရသော အားကစားအမှတ်တံဆိပ်များ၏ လမ်းစဉ်အတိုင်း ၂၁ ရာစု အလယ်ပိုင်းသို့ ရောက်ရှိလာသောအခါ အွန်လိုင်းဂိမ်းကြယ်ပွင့်များ၏ အီလက်ထရောနစ်ထုတ်ကုန် အမျိုးမျိုးကို ထောက်ခံကြော်ငြာပေးမှုများသည်လည်း ထိုလမ်းကြောင်းအတိုင်း လိုက်ပါလာခဲ့ကြသည်...။
မှန်ပေသည် အော်ဒါအဖွဲ့တွင် ဤထိပ်တန်းကစားသမားများသာမက ဒုတိယတန်းစားနှင့် တတိယတန်းစားကစားသမား မြောက်မြားစွာလည်း ရှိနေပါသေးသည်။ အတိုချုပ်ပြောရလျှင် သူတို့သည် ပိုက်ကွန်ကို ကျယ်ပြန့်စွာ ဖြန့်ကြက်ထားခြင်းဖြစ်ပြီး အော်ဒါကလပ်မှ ကစားသမားများအနေနှင့် ထိပ်တန်း အယောက် ၁၀၀ အတွင်းသို့ များများဝင်ရောက်နိုင်လေ ပိုကောင်းလေပင် ဖြစ်သည်။ ထိပ်သီးအဆင့် ၃ အတွင်း ဝင်ရောက်နိုင်သော ကစားသမားများသည် သူတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းကို တည်ဆောက်နိုင်ကြမည်ဖြစ်ပြီး ထိပ်တန်း အယောက် ၁၀၀ အတွင်း နေရာယူထားနိုင်သူများသည်လည်း စတူဒီယို၏ အမှတ်တံဆိပ်ကို ပိုမိုတောက်ပစေနိုင်မည်ဖြစ်သည်။
“ဒါနဲ့ ပြောရဦးမယ်... ငါက ဘာဖြစ်လို့ မင်းတို့နဲ့အတူ ပစ္စည်းလာဝယ်နေရတာလဲ”
သရဲရှောင်သည် သတင်းအချက်အလက်မျှော်စင်အောက်တွင် ရပ်နေရင်း ဘေးရှိ စီနီယာလေးဦးကို လှည့်ပြောလိုက်သည်။
“မင်းတို့ လေးယောက်လုံးရဲ့ အရှိန်အဝါက လွှမ်းမိုးလွန်းတယ်၊ လူတွေသွားလာတဲ့နေရာမှာ မင်းတို့လေးယောက်နဲ့ အတူတူ လမ်းလျှောက်နေရတာ... တကယ့်လူမိုက်အုပ်စုကြီး ဆူပူသောင်းကျန်းဖို့ ထွက်လာသလိုပဲ”
“အရပ်ရှည်ရှည် ဗလထွားထွား လူမိုက်ကြီးလေးယောက်က အရပ် ၁.၆ မီတာပဲရှိတဲ့ ကြံရာပါတစ်ယောက်ကို ခေါ်ပြီး ဆူပူသောင်းကျန်းဖို့ ထွက်လာတာပေါ့... ဒါကတော့ လမ်းပေါ်ကလူတွေအတွက် ငရဲပဲလေ...”
ခေါက်ဆွဲခြောက်ဆံပင်ကေနှင့် လူငယ်တစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ သူ့ဂိမ်းအိုင်ဒီမှာ မူးပြီးလဲအိပ်နေခြင်း(ကျိုက်ဝူချန်းရန်) ဖြစ်သည်။ သူ့စကားနှင့် အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် စကားများပြီး နောက်ပြောင်တတ်သူတစ်ဦး ဖြစ်ကြောင်း သိသာပေသည်။
“ငါက အရပ် ၁.၆၉ မီတာ ရှိတယ်ကွ၊ ပြီးတော့ ငါက ကြီးထွားနေတုန်းပဲ”
သရဲရှောင်က ပြန်လည် တုံ့ပြန်လိုက်သော်လည်း ထိုသို့ပြောပြီးနောက်မှ သူ့အသံက နည်းနည်း ကျယ်သွားသည်ကို သတိပြုမိလိုက်ရာ များစွာသော လမ်းသွားလမ်းလာများက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် လှည့်ကြည့်လာကြသည်။
“အေ့...”
မုန့်ကျင်းချန်သည် လက်ထဲမှ ဝိုင်ပုလင်းကို ချလိုက်ပြီး လေချဉ်တစ်ချက်တက်ကာ သရဲရှောင်၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ကိစ္စမရှိပါဘူး ရှောင်တွန်ရာ၊ မင်း အခုကစပြီး အရပ်ဆက်မရှည်တော့ရင်တောင်မှ ၁.၇ မီတာတော့ ကျော်နိုင်ပါသေးတယ်၊ ဆံပင် ကောက်လိုက်မယ်ဆိုရင်ပေါ့...”
“ဘယ်သူက ဆံပင်ကောက်ချင်လို့လဲ၊ ကလပ်တစ်ခုလုံးမှာ ဆံပင်ကောက်ထားတာ မင်းတစ်ယောက်ပဲ ရှိတာ မဟုတ်လား”
သရဲရှောင်က ညည်းတွားလိုက်သည်။
“ပြီးတော့... ငါ့ကို ရှောင်တွန်ဆိုတဲ့ ရယ်စရာကောင်းတဲ့ နာမည်ပြောင်ကြီးကို မခေါ်စမ်းပါနဲ့၊ ‘အခုကစပြီး အရပ်ဆက်မရှည်တော့ဘူး’ ဆိုတာ ဘာသဘောလဲ၊ ဒါက ကျိန်စာတိုက်တာပဲ”
(TL note – ရှောင်တွန်ဆိုတာTun Gui (devouring ghost) ကို အဖျားဆွတ်ခေါ်တာပါ)
“ကောင်းပြီ... ဒါက အလုပ်ကိစ္စနော်၊ မင်းတို့အားလုံး နည်းနည်းလောက် ပိုအလေးအနက်ထားကြစမ်းပါ”
ဝူစစ်ချန်းရွှမ်သည် ဘေးတွင်ရပ်နေရသည်ကို အနေခက်ဟန်တူပြီး နဖူးကို ပွတ်ရင်း ဝင်ရောက်ဖျောင်းဖျလိုက်တော့သည်။
ထိုအချိန်တွင် သူတို့ဘေးရှိ ကတုံးဆံတောက်၊ မျက်နှာဝိုင်းဝိုင်းနှင့် အခြားလူငယ်တစ်ဦးက ပိုမိုတည်ငြိမ်သောလေသံဖြင့် ဝင်ပြောလိုက်သည်။
“ဒါကြောင့် မင်း သိထားဖို့က... သရဲရှောင်သာ အများပိုင်ရန်ပုံငွေတွေကို သုံးပြီး အသုံးမဝင်တဲ့အရာတွေကို အမြဲတမ်း လိုက်ဝယ်မနေခဲ့ဘူးဆိုရင်... အထက်လူကြီးတွေက ငါတို့ကို အတူတူလှုပ်ရှားဖို့ တောင်းဆိုမှာ မဟုတ်ဘူး”
ထိုကတုံးဆံတောက်နှင့် လူ၏ ဂိမ်းအိုင်ဒီမှာ... ဆာရှီမိ ဖြစ်သည်။ မှန်ပေသည်၊ အော်ဒါကလပ်၏ ဆရာကြီးလေးဦးဖြစ်သော သောက်စားခြင်း၊ ရှင်သန်ခြင်း၊ အိမ်မက်မက်ခြင်းနှင့် သေဆုံးခြင်းတို့အထဲတွင် တစ်ယောက်၏အိုင်ဒီမှာ... ဆာရှီမိ ဖြစ်နေခြင်းပင်။
ဤလူ၏ အိုင်ဒီသည် မူလတန်း တရုတ်စာသင်ခန်းများမှ အတွေ့များသော မေးခွန်းပုံစံမျိုးကို သတိရစေသည်။ ပထမဦးစွာ စကားလုံးလေးလုံးကို စီတန်းပြထားသည်။ ‘အရက်မူးပြီး စိတ်ပျက်လက်ပျက်လဲလျောင်းနေသူ’၊ ‘ဆာရှီမိ’ ၊ ‘အိပ်မက်အတွင်း တရားအသိဖြင့် လန့်နိုးလာသူ’ ၊ ‘သေခြင်းတရားကို နားလည်ပြီး လောကုတ္တရာတရားများကို အားထုတ်နေသူ’… ပြီးလျှင် မေးခွန်းက “ကျေးဇူးပြု၍ ထိုလေးလုံးထဲတွင် အဆီအငေါ်မတည့်ဆုံးသော စကားလုံးကို ရှာဖွေပါ” ဟူ၍ ဖြစ်သည်။
ဤအခြေအနေသည် လုံးဝ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။ ‘ဓား၊ ဓားမြှောင်နှင့် အပြုံး’ ကဲ့သို့သော အမည်များနှင့် နတ်ဘုရားများထဲမှ အသန်မာဆုံးလေးဦး၏ အမည်များကိုမူ ကြိုတင်စီစဉ်ထားသော ဆက်စပ်မှုများဖြင့် ရွေးချယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း အော်ဒါမှ အဖွဲ့ဝင်လေးဦးသည် နာမည်ကျော်ကြားလာပြီးမှသာ တစုတစည်းတည်း ဖြစ်လာခဲ့ကြခြင်းဖြစ်သည်...။ ဆိုလိုသည်မှာ သူတို့အမည်များကြားမှ ဆက်စပ်မှုကို တစ်စုံတစ်ယောက်က အတင်းအဓမ္မ ဖန်တီးထည့်သွင်းပေးထားခြင်းသာ ဖြစ်သည်။ အကယ်၍ သင်သည် “ဆာရှီမိ” ကို ဤအုပ်စုထဲမှ ထုတ်ပယ်၍ ကျန်သုံးဦးနှင့်အတူ ထိပ်သီးဆရာကြီးလေးဦးအဖြစ် တွက်ချက်မည်ဆိုပါက ၎င်းသည် “တစ်ဖတ်မျှပင် မကျန်တော့ခြင်း” (နာမည်) မျိုး ဖြစ်သွားနိုင်ပေသည်။
“အေ့”
မုန့်ကျင်းချန်က ဆက်လက်၍ အားနည်းစွာ ပြောလိုက်သည်။
“ကြားတယ်မလား ရှောင်ကျိုက်၊ အသုံးမဝင်တဲ့ အထောက်အကူပစ္စည်းတွေပေါ်မှာ ငွေတွေဖြုန်းတီးတာ မကောင်းဘူးလေ”
“မင်းက ဘယ်ဘက်လက်မှာ ဆေးလိပ်ကိုင်ပြီး ညာဘက်လက်မှာ အရက်ပုလင်းကိုင်ထားရင်းနဲ့ အဲ့လိုပြောထွက်ရဲသေးတယ်နော်...”
မူးပြီးလဲအိပ်နေခြင်း(ကျိုက်ဝူချန်းရန်)က ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
အော်ဒါအဖွဲ့ဝင် ငါးဦးလုံးသည် အများပြည်သူရှေ့မှ ၎င်းတို့ပုံရိပ်ကို အဆင့်သစ်တစ်ခုသို့ ပြန်လည် ပြင်ဆင်နေကြစဉ်မှာပင်...
ရုတ်တရက် သူတို့နောက်မှ အခြားအသံတစ်ခု ထွက်ပေါ်လာလေသည်။
“ယိုး... ဒီမှာဆုံရတာ တကယ့်ကို ရှားရှားပါးပါးပဲဗျို့”
အော်ဒါအဖွဲ့ဝင်များ လှည့်ကြည့်လိုက်ရာ အပြာ၊ အဖြူ၊ မီးခိုးရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားသော ကစားသမားလေးဦးကို မြင်တွေ့လိုက်ရသည်။ သူတို့ယူနီဖောင်း၏ ညာဘက်ပခုံးပေါ်တွင် အပြာဖျော့ရောင် ရေခဲနှင်းဆီတစ်ခု ရှိနေပြီး ၎င်းအထက်တွင် “ရေခဲအင်ပါယာ” ဟူသော စာသားတစ်ခု ရှိနေလေသည်။
အော်ဒါအဖွဲ့ဝင်များကို လှမ်းနှုတ်ဆက်လိုက်သူမှာ နာမည်ရွေးရတာခက်လိုက်တာ ဖြစ်ပြီး သူ့ကို ၎င်း၏ နာမည်ပြောင်ဖြင့် အများစုက သိထားကြသည်။
“အိုး... မင်းတို့ကောင်တွေပဲကိုး”
အမူးသမားအိမ်မက် အဖွဲ့ဝင်လေးဦးလုံးကလည်း သူတို့ကို အမှန်တကယ် သိကြပေသည်။
“ဟင်၊ ဒါတွေက ဘယ်သူတွေလဲ”
သရဲရှောင်သည် လုံးဝဇဝေဇဝါဖြစ်ကာ ကြည့်ရှုလိုက်သည်။ သူသည် ယခင်က ဟယိုတေး အကြောင်းကို လုံးဝ မကြားဖူးခဲ့ချေ။
ဝူစစ်ချန်းရွှမ်က သူ့အား ပြောလိုက်သည်။
“မင်း ဖိုရမ်တွေ မဖတ်ဘူးလား၊ ‘ဟယိုတေး’ ဆိုတာ သည်းထိတ်ရင်ဖိုသုခဘုံထဲမှာ အမြန်ဆုံး တိုးတက်လာတဲ့ စတူဒီယိုအသစ်တစ်ခုပဲလေ”
“အိုး၊ အဲ့လောက်တောင် နာမည်ကြီးတာလား”
သရဲရှောင်က သံသယဖြင့် မေးလိုက်သည်။
“မှန်တယ်၊ တကယ့်ကို နာမည်ကြီးတာ”
ဆာရှီမိက ဆိုသည်။
“မင်းရှေ့မှာ အခုရပ်နေတဲ့အဖွဲ့က ဟယိုတေးရဲ့ အသန်မာဆုံးတပ်မဟာကြီးလို့ လူသိများကြတယ်... နာမည်ပေးရတာ အရမ်းခက်တယ်၊ နာမည်ပေးရတာ အရမ်းခက်တယ်... နေပါဦး...”
အာတိုဘီ၏ နဖူးပေါ်တွင် အကြောများ ထောင်တက်လာခဲ့သည်။
“ဘယ်သူက ‘နေပါဦး’ လဲကွ၊ ဒီမှာ လူလေးယောက် ရပ်နေတာကို သုံးယောက်က ရူးပေါပေါ နာမည်ပြောင်တွေ သုံးထားကြတာ၊ ငါတစ်ယောက်ပဲ သာမန်လူ ဖြစ်နေတာကို မင်းက ငါ့ကို ‘နေပါဦး’ လို့ ခေါ်လိုက်တယ်ပေါ့”
“အိုး၊ ငါမှတ်မိပြီ၊ ‘နာမည်ပေးရတာ အရမ်းခက်တယ်’ သုံးယောက်တွဲ မဟုတ်လား”
ထိုအခိုက်အတန့်တွင် သရဲရှောင်က ချက်ချင်း သဘောပေါက်သွားသည့် အမူအရာဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
“အင်း၊ သူတို့က တော်တော် နာမည်ကြီးတာပဲ၊ ဒါဆို သူတို့ကလပ်ကို ဟယိုတေးလို့ ခေါ်ကြတာပေါ့”
သူတို့၏ စကားဝိုင်းသည် ဤအဆင့်သို့ ရောက်ရှိလာသောအခါ ဖုန်းပုကြွယ်သည် ထိုနေရာသို့ မတော်တဆ လမ်းလျှောက်လာမိပြီး အားလုံးကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ အစ်ကိုကြွယ်သည် သဘာဝကျကျပင် ဤလူအုပ်ကြီးနားမှ အမြန်ဆုံး ဖြတ်ကျော်သွားချင်ပြီး ဤအရူးများနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိအောင် ရှောင်ရှားချင်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်ပြီး စိတ်ထဲမှ ရေရွတ်နေမိသည်။
“မင်းတို့ ငါ့ကို မမြင်ဘူး... မင်းတို့ ငါ့ကို မမြင်ဘူး... မင်းတို့ ငါ့ကို မမြင်ဘူး...”
သို့သော်လည်း... သူ၏ ခြေလှမ်းသွက်လိုက်မှုသည် အမှန်တကယ်ပင် အာရုံစိုက်မှုကို ဆွဲဆောင်မိသွားလေသည်။ သူ့ကို မြင်လိုက်သူမှာ မုန့်ကျင်းချန် ဖြစ်သည်။ မုန့်ကျင်းချန်သည် သောက်စရာကို ပါးစပ်နားကပ်နေစဉ်တွင် သူ့မျက်စိရှေ့၌ ဂျိုကာကဲ့သို့ ဝတ်ဆင်ထားသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် အရည်များကို ပြန်ထွေးထုတ်လိုက်ရသည်။
“အဟွတ်...အဟွတ်... ဖုန်း... ဖုန်းပုကြွယ်၊ ဟေ့၊ ညီအစ်ကိုဖုန်း၊ ငါလေ”
ဖုန်းပုကြွယ်ဟူသော အမည်သည် မှော်စွမ်းအားတစ်ခု ရှိနေသကဲ့သို့ ဟယိုတေးနှင့် အော်ဒါမှ အဖွဲ့ဝင်အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
“မင်း လူမှားနေပြီ ထင်တယ်...”
အစ်ကိုကြွယ်သည် မျက်နှာကို လက်တစ်ဖက်ဖြင့် ကွယ်လျက် ထွက်ခွာရန် ပြင်လိုက်သည်။
“အဲ့လို မလုပ်ပါနဲ့ အစ်ကိုဖုန်းရာ၊ ငါက ပြီးခဲ့တဲ့အကြိမ်က ဖြစ်ခဲ့တာတွေကို မင်းနဲ့ ဆွေးနွေးမလို့ စဉ်းစားနေတာပါ”
မုန့်ကျင်းချန်သည် GM နှင့် ကြုံတွေ့ခဲ့ရသော အခြေအနေနှင့် ၎င်း၏ နောက်ဆက်တွဲဖြစ်ရပ်များကြားတွင် ရုန်းကန်နေရဆဲ ဖြစ်ကြောင်း ထင်ရှားပေသည်။
“ဖုန်းပုကြွယ်...”
ဝူစစ်ချန်းရွှမ်က ထိုဂိမ်းအိုင်ဒီကို ရေရွတ်လိုက်မိသည်။
“ဂေါ်သမ်စီးတီးတုန်းက သူက ခြောက်ယောက်ထဲက တစ်ယောက် မဟုတ်လား...၊ ပြောရမယ်ဆိုရင်... အဲ့ဒီသတ်ဖြတ်ခြင်းဂိမ်းရဲ့ နောက်တစ်ရက်မှာပဲ သျှီဝက တိုက်ခိုက်ရေးစွမ်းရည်အဆင့်သတ်မှတ်ချက်ရဲ့ တတိယနေရာကို တွန်းချခံခဲ့ရတာပဲ...”
သူသည် အစ်ကိုကြွယ်ကို သံသယရှိသော အကြည့်များဖြင့် ကြည့်ရှုလိုက်သည်။
“ငရဲတပ်ဦး... ငါ တစ်ခါမှ မကြားဖူးတဲ့ ဂိုဏ်းတစ်ခုပဲ၊ ပြီးတော့ သူတို့က ဘယ်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာမှလည်း ရှိမနေဘူး၊ ငါပဲ အတွေးလွန်နေမိတာလား...”