အခန်း ၃၇၃
Vol. 40 Ch. 373
အခန်း (၃၇၃) စစ်ပွဲကြီး စတင်တော့မည်
ဈေးဆိုင်မတော်တဆမှု ဖြစ်ရပ်ကြီး ပြီးဆုံးသွားခဲ့သည်မှာ တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယနေ့သည် ဧပြီလ ၃၀ ရက်နေ့ ဖြစ်ပြီး နာရီလက်တံ ညသန်းခေါင်ယံအချိန်သို့ ရောက်ရှိသွားသည်နှင့် ‘အထွတ်အထိပ်ပြိုင်ပွဲ’ ၏ ပဏာမခြေစစ်ပွဲများကို တရားဝင် စတင်တော့မည် ဖြစ်သည်။
ဤတစ်ပတ်တာအတွင်း ငရဲတပ်ဦး အဖွဲ့ဝင်လေးဦးလုံး၏ အဆင့်များမှာ သဘာဝကျကျဖြင့် တိုးတက်လာခဲ့ကြသည်။ ဖုန်းပုကြွယ်သည် အဆင့် ၃၄ သို့ ရောက်ရှိနေပြီး အတွေ့အကြုံမှတ် (EXP) ထက်ဝက်ကျော်ဖြင့် အဖွဲ့ထဲတွင် အဆင့်အမြင့်ဆုံးသူ ဖြစ်သည်။ ရီရူလီ၊ ရီရူယွီနှင့် ရှောင်တန်တို့မှာမူ အဆင့် ၃၄ တွင်သာ ရှိနေကြသေးသည်။
တကယ်တမ်း ပြောရလျှင်... အကယ်၍ အစ်ကိုကြွယ်သာ အဆင့်တက်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားခဲ့မည်ဆိုပါက သူဇာတ်လမ်းပြီးမြောက်တိုင်း အတွေ့အကြုံမှတ် ၄၀ ရာခိုင်နှုန်း ပိုမိုရရှိသည့် အားသာချက်ကြောင့် အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိရန်မှာ သူ့အတွက် ပြဿနာမဟုတ်ချေ။
သို့သော် သူ့တွင် ထိုသို့လုပ်ရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း ထင်ရှားလှသည်။
ပထမအချက်မှာ သူသည် သူ့အဖွဲ့ဝင်များနှင့် အဆင့်ကွာဟချက် အလွန်အမင်း မကြီးမားစေချင်သောကြောင့် ဖြစ်သည်။ အဆင့်ကွာဟချက် ကြီးမားသွားပါက အဖွဲ့လိုက်ဇာတ်လမ်းများ၏ ခက်ခဲမှုအဆင့် မြင့်တက်လာမည်ဖြစ်ပြီး သူ၏ ကိုယ်ပိုင်ကျွမ်းကျင်မှု တိုးတက်ရေးအတွက်လည်း အကျိုးမရှိနိုင်ချေ။
ဒုတိယအချက်မှာ ဂိမ်းတွင်း ထိပ်တန်းကစားသမားအုပ်စုကြီးတစ်ခုလုံးသည် အဆင့် ၃၀ ကို ဖြတ်ကျော်သွားခဲ့ကြပြီဖြစ်၍ အဆင့်သတ်မှတ်ချက်စာရင်းမှာ အတော်လေး တည်ငြိမ်နေသောကြောင့် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က အဆင့်များကို အလျင်အမြန် ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ဒုန်းစိုင်းတက်လှမ်းသွားမည်ဆိုပါက လူသိရှင်ကြား ထင်ပေါ်သွားရန် အလွန်လွယ်ကူပေလိမ့်မည်...။ အမည်ဝှက်ထားခြင်းကလည်း အသုံးမဝင်ချေ။ အကြောင်းမှာ ပူးတွဲစီးနင်းမှုများတွင် အခြားသူများနှင့် ဆုံတွေ့သည်နှင့်တစ်ပြိုင်နက် သူတို့က သင့်အဆင့်ကို မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။ သည်းထိတ်ရင်ဖိုသုခဘုံ တစ်ခုလုံးတွင် အဆင့် ၃၆ သို့ ရောက်ရှိသူမှာ လက်ချိုးရေတွက်၍ ရနိုင်ပြီး အဆင့် ၃၅ ဝန်းကျင်ရှိသူများမှာလည်း စတူဒီယိုများမှ ပရော်ဖက်ရှင်နယ် ကစားသမားများသာ ဖြစ်ကြသည်။ အကယ်၍ အစ်ကိုကြွယ်သာ သူ့အဆင့်ကို မထိန်းချုပ်ထားခဲ့လျှင် သူ နာမည်ကြီးလူသိများလာရန် သိပ်မဝေးတော့ချေ...။
မှန်ပေသည် ဖုန်းပုကြွယ်အနေဖြင့် အတွေ့အကြုံမှတ် ဆုလာဘ်များကို ထပ်ခါတလဲလဲ စွန့်လွှတ်ခဲ့ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိပါသေးသည်။ ၎င်းမှာ ထူးကဲအဆင့် ပစ္စည်းကိရိယာများကို မဲနှိုက်ချင်သောကြောင့် ဖြစ်သည်။
‘ဇီးရိုးအမျိုးအစား မှော်ဖျက်ဆီးရေးစက်’ ကြီးသည် အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုနှင့် တူလှသည်။ ၂၄ ရက်နေ့ မနက်ပိုင်းက သူယဇ်ပူဇော်(စတေး)ခဲ့သော အိုင်တမ်သုံးခုအပြင် ပြီးခဲ့သည့် ခုနစ်ရက်အတွင်း ထူးကဲအဆင့် အိုင်တမ်ဆယ်ခုကို ထပ်မံဝါးမြိုသွားခဲ့ပြန်ပြီ ဖြစ်သည်။ ထိုဆယ်ခုထဲမှ ရှစ်ခုမှာ အပိုဆုလာဘ်များမှ မဲနှိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ခုမှာ ဖုန်းပုကြွယ် လေလံဈေးကွက်မှ ဈေးပေါပေါဖြင့် ဝယ်ယူခဲ့သည့် အသုံးမဝင်သောအိုင်တမ်များ ဖြစ်ကြသည်။
အစ်ကိုကြွယ်သည် ဒုတိယအကြိမ်အဖြစ် အိုင်တမ်သုံးခုကို ထည့်သွင်းကာ စမ်းသပ်ဖန်တီးခဲ့သော်လည်း ကျရှုံးခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင် စက်၏ အောင်မြင်မှုနှုန်းမှာ ၆.၀၁ ရာခိုင်နှုန်းအထိ စုဆောင်းမိသွားခဲ့ပြီ ဖြစ်သည်။
တတိယအကြိမ်မြောက် ကြိုးစားမှုတွင်မူ ထိုရိုးအလှသော လူသားသည် သူ့ကိုယ်သူ “သုံးကြိမ်မြောက်တော့ အောင်မြင်ရမယ်” ဟု ပြောကြားရင်း အံကြိတ်ကာ ပစ္စည်းကိရိယာ လေးခုအထိ ထည့်သွင်းခဲ့သော်လည်း... ထပ်မံ ကျရှုံးသွားခဲ့ရပြန်သည်။
ထိုအချိန်တွင် စက်၏ အောင်မြင်မှုနှုန်းမှာ ၁၀.၀၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
စတုတ္ထအကြိမ်မြောက် ကြိုးစားချိန်တွင် ဖုန်းပုကြွယ်၏ စိတ်ဓာတ်မှာ လောင်းကစားစက် ရှေ့တွင် ငွေသောင်းချီ ရှုံးနိမ့်ထားသော်လည်း ဆက်လက်ကစားနေသည့် လောင်းကစားသမားတစ်ယောက်၏ စိတ်ဓာတ်မျိုး ဖြစ်နေခဲ့ချေပြီ။
ထို့ကြောင့် သူ နောက်ထပ် သုံးကြိမ်တိုင်တိုင် ထပ်မံကြိုးစားခဲ့သော်လည်း... ကျရှုံးခြင်းများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
အောင်မြင်မှုနှုန်းမှာ ၁၃.၀၁ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသော်လည်း ဖုန်းပုကြွယ်၏ စိတ်ရှည်နိုင်စွမ်းမှာ သုညအမှတ်သို့ နီးကပ်သွားပြီ ဖြစ်သည်...။ သို့သော်လည်း သူ ရူးသွပ်မသွားသေးချေ။
တိုက်ဆိုင်စွာပင် ယခင်နှင့် နှိုင်းယှဉ်ပါက ပြီးခဲ့သည့် ခုနစ်ရက်အတွင်း အစ်ကိုကြွယ်၏ ထူးကဲအဆင့်ပစ္စည်းများ မဲနှိုက်ရရှိနိုင်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။ သူသည် တစ်ခါတရံ ကျောက်တုံးများနှင့် အရုပ်ဘေ့စ်ဘောတုတ်များကဲ့သို့ အရာများကို ရရှိတတ်သော်လည်း အခြေအနေအများစုတွင် သူပစ္စည်းကိရိယာကို ရွေးချယ်မဲနှိုက်သရွေ့ အနည်းဆုံး သာမန်အဆင့် သို့မဟုတ် ထိုထက်မြင့်သော အရာများကို ရရှိတတ်သည်။ ယင်းသည် သူ အဆင့် ၃၀ ကျော်သွားပြီဖြစ်သောကြောင့် ၎င်းအဆင့်နှင့်လည်း သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပေသည်။ သူရရှိသည့် “မိမိအဆင့်နှင့် ကိုက်ညီသော ပစ္စည်းကိရိယာတစ်ခုအား ကျပန်းမဲနှိုက်ခြင်း” ဆိုသည့် ဆုလာဘ်ကြီးက “ဒါကြီးက သောက်ကျိုးနည်းပစ္စည်းပဲ” ဟု ရေးထားသည့် စာတိုလေးပါသော မစင်ပုံကြီးတစ်ပုံတော့ မဖြစ်နိုင်ပါချေ။
ကံဆိုးစွာပင်... မဲနှိုက်ရရှိသည့် အိုင်တမ်များ၏ အရည်အသွေးမှာ မြင့်တက်လာခဲ့သော်လည်း အမှန်တကယ်တန်ဖိုးရှိလှသည့်အရာ ဘာတစ်ခုမျှ မပါခဲ့ချေ။ အများစုမှာ လေလံဈေးကွက်တွင် တင်ရောင်းပါက ဝန်ဆောင်ခသာ ကုန်မည့် အသုံးမဝင်သော အရာများသာ ဖြစ်ကြသည်။ ထိုအရာများကို ဖျက်ဆီးရေးစက်ထဲသို့ မပစ်ထည့်ခဲ့လျှင်ပင် ဆိုင်သို့သာ ပြန်လည်ရောင်းချရမည့် အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့်ပင် အစ်ကိုကြွယ်က ၎င်းတို့ကို စက်ထဲသို့ အမှုန့်ကြိတ်ရန် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ဤအချက်က ဖုန်းပုကြွယ်သည် စိတ္တဇလောင်းကစားသမားစစ်စစ် တစ်ဦးမဟုတ်ကြောင်း သက်သေပြနေလေသည်။ အနည်းဆုံးတော့ သူ စိတ်မလွတ်သေးချေ။ သို့မဟုတ်ပါက သူ ဝတ်ဆင်ထားသော ပစ္စည်းကောင်းအားလုံးကို ချွတ်၍ စက်ထဲသို့ ပစ်ထည့်မိပြီးသား ဖြစ်ပေလိမ့်မည်။
အစ်ကိုကြွယ်နှင့် နှိုင်းယှဉ်ပါက ပြီးခဲ့သည့် ဆယ်ရက်တာအတွင်း အခြားကစားသမားများ၏ အပြုအမူများကိုမူ “ရူးသွပ်ခြင်း” ဟုသာ အမှန်တကယ် ဖော်ပြရပေလိမ့်မည်။
အထွတ်အထိပ်ပြိုင်ပွဲ ကျင်းပမည့်နေ့ နီးကပ်လာသည်နှင့်အမျှ အမျိုးမျိုးသော ဂယက်များသည် ဒီရေလှိုင်းများကဲ့သို့ တရကြမ်း ဝင်ရောက်လာခဲ့သည်။
ပထမဦးစွာ ဂိမ်းဖိုရမ်များအကြောင်း ပြောကြပါစို့...
မကြာသေးမီက ဖိုရမ်များပေါ်ရှိ ပို့စ်အရေအတွက်မှာ ဂိမ်းတရားဝင်ကာလ စတင်ကတည်းက ဒုတိယအကြိမ်မြောက်အဖြစ် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ “xx ရက် (xx နေရာတွင် ဆယ်ရက်၊ ရှစ်ရက်၊ တစ်ပတ် သို့မဟုတ် အချို့သတ္တိရှိသူများအတွက် ငါးရက်) အတွင်း အဆင့် ၃၀ သို့ မည်သို့ လျင်မြန်စွာတက်လှမ်းမလဲ” ဟူသော ခေါင်းစဉ်များဖြင့် ပို့စ်များသည် နေရာအနှံ့ ရှိနေပြီး ၎င်းတို့အားလုံးမှာ အလွန်တရာ ရေပန်းစားနေကြခြင်းဖြစ်သည်။
ပြန်လည်တုံ့ပြန်သည့် ကွန်မန့်များမှာလည်း အတော်လေး စိတ်ဝင်စားဖို့ကောင်းလှသည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် ဆင်တူသော ပို့စ်များအားလုံးဆီသို့ လိုက်လံသွားရောက်ကာ ဒုတိယမြောက် ကွန်မန့်နေရာကို ယူပြီး copy/paste လုပ်တတ်ကြသော စာသားများမှာ အောက်ပါအတိုင်း ဖြစ်သည်။
“အောက်ကလူတွေ... ဒီလမ်းညွှန်ချက်ကို ဖတ်နေရတဲ့အတွက် မင်းတို့ရဲ့ အဆင့်တက်မယ့်အချိန်တွေကို ဖြုန်းတီးပစ်မိလို့ နောင်တရနေကြပြီ မဟုတ်လား”
ထို့ပြင် “တိုက်ပွဲစနစ်အပေါ် ကျွန်ုပ်၏ အမြင်များ” နှင့် “မေလရဲ့ ဘယ်အချိန်မှာ ကစားရင် ပရော်ဖက်ရှင်နယ် ကစားသမားတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေး အနည်းဆုံးဖြစ်မလဲ” ဟူသော ခေါင်းစဉ်များဖြင့် ပို့စ်များသည်လည်း ကလစ်နှိပ်ကြည့်ရှုသူ အများအပြား ရှိနေကြသည်။ အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့သောပို့စ်များကို ဖတ်ရှုခြင်းမှာ အချိန်ကုန်လူပင်ပန်းရုံ သက်သက်သာ ဖြစ်သည်...။ အကယ်၍ စနစ်ကို လေ့လာရုံမျှဖြင့် ရှေ့သို့ တိုးတက်နိုင်မည်ဆိုပါက တရုတ်အမျိုးသား ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် ပုံမှန်ကစားခွင့် ရနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
ထို့ပြင် “ပစ်ခတ်ရေး ကစားသမားများအတွက် လက်နက်ရွေးချယ်မှုနှင့် ကျွမ်းကျင်မှုပေါင်းစပ်မှုများ” နှင့် “ဆင့်ခေါ်ခြင်း ကျွမ်းကျင်သူများ၏ ချောင်းတိုက်ခြင်းစတိုင်” စသည့် စစ်မှန်သော ဗျူဟာမြောက် ပို့စ်အချို့လည်း ရှိနေသေးသည်။ ဤပို့စ်များ၏ အရည်အသွေးမှာ ပို့စ်တင်သူ၏ ဂိမ်းကစားနိုင်စွမ်းနှင့် စာရေးသားနိုင်စွမ်းပေါ် မူတည်၍ များစွာ ကွာခြားပေသည်။ အချို့သော ကစားသမားများသည် ဂိမ်းကစားရာတွင် ကျွမ်းကျင်ကြသော်လည်း ကောင်းမွန်သော လမ်းညွှန်ချက်များကို ရေးသားနိုင်စွမ်း မရှိကြချေ။ အချို့မှာမူ အသေးစိတ်ကျပြီး ခန့်ညားထည်ဝါသော လမ်းညွှန်ချက်များကို ရေးသားကြသော်လည်း သူတို့၏ အကန့်အသတ်ရှိသော စွမ်းရည်ကြောင့် ၎င်းတို့၏ တိကျမှန်ကန်မှုမှာ သံသယဖြစ်ဖွယ် ရှိသည်။
အရေးကြီးဆုံးအချက်မှာ... သည်းထိတ်ရင်ဖိုသုခဘုံကဲ့သို့ ကစားသမားတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ထူးခြားချက်များ အလွန်ထင်ရှားလှသည့် ဂိမ်းတစ်ခုတွင် အခြားသူများ၏ အဆင့်တက်သည့် ပုံစံများကို လိုက်လံအတုယူခြင်းက အထောက်အကူဖြစ်စေမလား သို့မဟုတ် လမ်းမှားသို့ ပို့ဆောင်မလားဆိုသည်ကို ပြောပြရန် အလွန်ခက်ခဲပေသည်...။
ယခု ဂိမ်းကိုယ်တိုင်၏ အခြေအနေကို ပြောကြရအောင်။
အဆင့်အားလုံးရှိ ကစားသမားများသည် အဆင့်တက်ရန်အတွက် မကြုံစဖူးသော စိတ်အားထက်သန်မှုကို ပြသနေကြခြင်းဖြစ်သည်။ အဆင့် ၃၀ အောက်ရှိသူများသည် ပြိုင်ပွဲဝင်ခွင့် အရည်အချင်းပြည့်မီရန် အမြန်ကြိုးစားနေကြပြီး အဆင့် ၃၀ ရောက်ရှိပြီးသူများသည် အဆင့်အားသာချက်ကို တည်ဆောက်ကာ ခွန်အားများ စုဆောင်းချင်နေကြသည်။
ဂိမ်းမုဒ်အားလုံးထဲတွင် မကြာသေးမီက သတ်ဖြတ်ခြင်းဂိမ်း၏ တန်းစီစောင့်ဆိုင်းရချိန်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ပုံမှန်အားဖြင့် PvP (Player to Player) မုဒ်ကို မနှစ်သက်သူ သို့မဟုတ် မကျွမ်းကျင်သူများဖြစ်ကြသည့် ရှောင်တန်ကဲ့သို့သော ကစားသမားများစွာသည်လည်း လွှမ်းမှိုးမှုစစ်ပွဲ မစတင်မီ ရက်ပိုင်းအလိုတွင် ဤ “တိုက်ခိုက်ခြင်း” အရှိန်အဟုန်ထဲသို့ ခုန်ဝင်လာကြပြီး တိုက်ပွဲလေထုနှင့် တိုက်ပွဲစည်းချက်တို့ကို တဖြည်းဖြည်း ကျင့်သားရလာခဲ့ကြသည်။
လေလံဈေးကွက်သည်လည်း ယခင်ကထက် ပိုမိုစည်ကားလျက် ရှိနေလေသည်...။ ဆာဗာဖွင့်လှစ်ပြီး ၂၆ ရက်တာကာလအတွင်း သည်းထိတ်ရင်ဖိုသုခဘုံ၏ လူကြိုက်များမှု၊ လူမှုရေးဆိုင်ရာ လွှမ်းမိုးမှုနှင့် ကစားသမား အရေအတွက်တို့မှာ တည်ငြိမ်စွာ တိုးတက်နေခဲ့သည်။ အထွတ်အထိပ်စစ်ပွဲ နီးကပ်လာသည်နှင့်အမျှ ထိုကိန်းဂဏန်းများမှာ သိသိသာသာ ထိုးတက်သွားခဲ့ခြင်းဖြစ်သည်။ ကစားသမား အရေအတွက်၊ အွန်လိုင်းကစားသူများနှင့် အွန်လိုင်းအချိန်များ တိုးတက်လာခြင်းသည် ဇာတ်လမ်းများ ပိုမိုဖန်တီးလာနိုင်ခြင်းနှင့် ထိုဇာတ်လမ်းများမှ ပစ္စည်းကိရိယာများ ပိုမိုယူဆောင်လာနိုင်ခြင်းတို့ကို ဆိုလိုပြီး... ယင်းတို့အားလုံးသည် နောက်ဆုံးတွင် လေလံဈေးကွက်၏ အရောင်းအဝယ် ပမာဏပေါ်တွင် ထင်ဟပ်လာခဲ့တော့သည်။
‘အထွတ်အထိပ်ပြိုင်ပွဲ’ သည် ဂိမ်း၏ ပထမဦးဆုံး အဓိကပွဲတော်ကြီး ဖြစ်သည့်အတွက် ကစားသမား အများစုကို ဆွဲဆောင်ထားနိုင်သည်မှာ အမှန်ပင်။ သူတို့ ‘ကစားသမားဟောင်းကြီးများ’ ဖြစ်လာသည့်အခါတွင် လူသစ်လေးများကို “ဟိုးတုန်းက... ပထမဆုံး အထွတ်အထိပ်ပြိုင်ပွဲတုန်းက ငါ ဒီလိုလုပ်ခဲ့တာကွ...” ဟု ကြွားဝါးနိုင်မည် ဖြစ်သည်။ ယင်းမှာ အလွန်ပင် ဂုဏ်သိက္ခာရှိပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေနှင့် အကယ်၍ သင်သည် ထိုပွဲတော်ကြီးကျင်းပစဉ်အတွင်း ဂိမ်းထဲတွင် ရှိနေခဲ့သော်လည်း အဆင့် ၃၀ သို့ မရောက်ရှိခဲ့လျှင် သို့မဟုတ် ပဏာမခြေစစ်ပွဲများသို့ ရောက်ရှိခဲ့သော်လည်း ပွဲစဉ် ၅၀ လုံး မပြီးဆုံးမီ ပြုတ်သွားခဲ့လျှင် သင့်တွင် ကြွားဝါစရာ ဘာမှရှိတော့မည် မဟုတ်ချေ...။ သင်သည် “ငါ ဂိမ်းထဲမှာ ရှိနေပေမယ့် ငါ့အကြောင်း ဒဏ္ဍာရီတစ်ခုမှ မရှိဘူး၊ သေသေချာချာ တူးဆွကြည့်ရင်တော့ ငါ့ရဲ့ အရှက်ရစရာတွေကိုပဲ ကြားရလိမ့်မယ်” ဟု ခံစားရပေလိမ့်မည်။
မှန်ပေသည် ရီရူလီနှင့် ရီရူယွီကဲ့သို့သော ကစားသမားများမှာ ချွင်းချက် ဖြစ်သည်။ သူတို့သည် သာမန်အပျော်ကစားသူများသာ ဖြစ်ကြပြီး နှစ်ယောက်လုံးမှာ ငွေကြေးအမြောက်အမြား သုံးစွဲနိုင်သည့် ကစားသမားများ ဖြစ်ကြသည်။ သူတို့သည် နိုင်ခြင်း၊ ရှုံးခြင်းအပေါ် စွဲလန်းမှု မရှိကြသလို နာမည်ဂုဏ်သတင်းနှင့် စည်းစိမ်ချမ်းသာကိုလည်း ဂရုမစိုက်ကြချေ။ အကယ်၍ ထိုလူများသည် ပြိုင်ပွဲကို စိတ်မဝင်စားပါက ရိုးရိုးရှင်းရှင်းပင် ပါဝင်ကြမည် မဟုတ်ပါချေ။
ကစားသမားများအကြောင်း ဆွေးနွေးပြီးနောက် ကျွန်ုပ်တို့ နောက်ဆုံးအနေဖြင့် ဂိမ်းကုမ္ပဏီဘက်မှ အခြေအနေကို ပြောပြရန် လိုအပ်ပါသည်...။
တိုက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ အိပ်မက်ကုမ္ပဏီသည် ၎င်းတို့၏ တသမတ်တည်းသော ချဉ်းကပ်ပုံဖြစ်သည့် အပြောင်းအလဲများအားလုံးကြားတွင် မပြောင်းလဲဘဲနေခြင်းကို ထိန်းသိမ်းထားခဲ့သည်။ သူတို့သည် လက်ဝါးကြီးအုပ်လုပ်ငန်းစုတစ်ခု၏ စက်ဆုပ်ဖွယ်ကောင်းသော မာန်မာနကို ပြသနေပြီး သူတို့၏ ချိုချိုခါးခါး ထောက်ခံအားပေးသူများကို တိတ်တဆိတ် လက်နက်ချစေခဲ့သည်။
ပုံမှန်အားဖြင့် ယခုလိုအချိန်မျိုးတွင် ဂိမ်းကုမ္ပဏီများသည် ဂုတ်သွေးစုပ်သည့် ချဉ်းကပ်ပုံမျိုးကို ကျင့်သုံးပြီး အမျိုးမျိုးသော ငွေညှစ်ဗျူဟာများကို စတင်လေ့ရှိကြသည်...။
ဥပမာအားဖြင့် သူတို့သည် အထူးအိုင်တမ်အချို့ကို စုစည်းပြီး ၎င်းတို့အား “အထွတ်အထိပ်တိုက်ပွဲ ပြင်ဆင်မှုပက်ကေ့ဂျ်” ကဲ့သို့သော ရယ်စရာကောင်းသည့် နာမည်တစ်ခု ပေးကာ မရိပ်မိသော ကစားသမားများကို ဆွဲဆောင်ရန်နှင့် သူတို့ကို သာလွန်သည်ဟု ခံစားရစေရန်အတွက် ဈေးနှုန်း ၉၉၈ ဖြင့် သတ်မှတ်နိုင်ပေသည်။
သို့မဟုတ် မကြာသေးမီက အရောင်းသွက်နေသည့် အတွေ့အကြုံမှတ် နှစ်ဆကတ်များ၏ ဈေးနှုန်းကို မြှင့်တင်နိုင်သည် သို့မဟုတ် ၎င်းတို့ကို တွဲဖက်ပရိုမိုးရှင်း အစီအစဉ်တစ်ခုအဖြစ် ကမ်းလှမ်းနိုင်ပေသည်။
သူတို့သည် အတွေ့အကြုံမှတ် ငါးဆကတ်များ သို့မဟုတ် ဇာတ်လမ်းခက်ခဲမှုအဆင့် လျှော့ချရေးကတ်များ ကဲ့သို့သော ပစ္စည်းအသစ်များကိုလည်း မိတ်ဆက်နိုင်ပေသည်...။ ယင်းတို့သည် ဂိမ်း၏ တရားမျှတမှုကို ပျက်ပြားစေနိုင်သော်လည်း “ကန့်သတ်ချိန်ရောင်းဈေး” ဟု ခေါ်ဆိုခြင်းက အပိုငွေတောင်းရန် တရားဝင်အကြောင်းပြချက်တစ်ခု ဖြစ်စေမည်ဖြစ်သည်။ သူတို့သည် ဂိမ်းသေတ္တာ ဝယ်ယူမှုတိုင်းတွင် ပုံရိပ်ယောင်အိုင်တမ်တစ်ခုကို လက်ဆောင်ပေးခြင်းကဲ့သို့သော “တွဲဖက်အရောင်းအဝယ်များ” ကိုပင် ကမ်းလှမ်းနိုင်ပေသေးသည်...။
ဤနည်းဗျူဟာများကို နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော စီးပွားရေးလုပ်ငန်းများက ကျင့်သုံးခဲ့ကြပြီး ထိရောက်မှုရှိကြောင်း အမြဲတမ်း သက်သေပြခဲ့ပြီးသား ဖြစ်သည်။ လက်ရှိ သည်းထိတ်ရင်ဖိုသုခဘုံ၏ ရေပန်းစားမှုကို ထောက်ရှုပါက သူတို့သည် ဤဗျူဟာကို အလွယ်တကူ ပုံတူကူးချပြီး ကြီးမားသော အမြတ်အစွန်းများကို သိမ်းပိုက်နိုင်ပေသည်။
သို့သော် အိပ်မက်ကုမ္ပဏီသည် ထိုမျှအထိသမားရိုးကျမဖြစ်ဘဲ... တည်ငြိမ်လှသည်...။
ဤအရေးကြီးသော အလှည့်အပြောင်းတွင် သူတို့သည် မည်သည့်လှုပ်ရှားမှုတစ်ခုမှ မပြုလုပ်ခဲ့ချေ။
ပြင်ပငွေသားနှင့် ဂိမ်းတွင်းငွေကြေးတို့၏ လဲလှယ်နှုန်းပင် တည်ငြိမ်နေခဲ့ပြီး ၁:၂၀၀၀ မှ ၁:၁၉၀၀ သို့သာ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဤအတက်အကျမှာ အပတ်စဉ် ဖြစ်ပေါ်လေ့ရှိသော သဘာဝအတက်အကျများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ချေ။ ထင်ရှားသည်မှာ အိပ်မက်ကုမ္ပဏီသည် ဂိမ်းတွင်းငွေကြေးဈေးနှုန်းကို မြှင့်တင်ရန် ရည်ရွယ်ချက် လုံးဝ မရှိခြင်းပင်။ ဤသဘောထားသည် ဆန့်ကျင်ဘက်အနေနှင့် ဈေးကွက်ကို လှုံ့ဆော်ပေးခဲ့ပြီး ကစားသမားများကို ဂိမ်းကုမ္ပဏီအပေါ် ပိုမိုယုံကြည်စိတ်ချစေခဲ့သည်။ ဂိမ်းထဲတွင် ငွေတစ်ပြားမှ မသုံးစွဲဖူးသော ကစားသမား အများအပြားသည်ပင် မအောင့်နိုင်တော့ဘဲ သူတို့၏ ပိုက်ဆံအိတ်များကို စတင်ဖွင့်လှစ်ကြတော့သည်။ သို့သော်လည်း... အိမက်ကုမ္ပဏီတွင် နောက်ထပ် ထူးခြားချက်တစ်ခု ရှိနေပါသေးသည်။ ၎င်းမှာ သူတို့ ပါးစဟလိုက်သည့်အခါတိုင်း ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာခြင်းပင်။
သေချာပေါက်ပင် ဧပြီလ ၃၀ ရက်နေ့တွင် သူတို့သည် သူတို့၏ တရားဝင်ဝက်ဘ်ဆိုက်ပေါ်၌ တုန်လှုပ်ဖွယ်ရာ သတင်းကောင်းတစ်ခုကို ကြေညာခဲ့လေသည်...။
ထိုနေ့ ညနေ ၅ နာရီတွင် ပဏာမခြေစစ်ပွဲ၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များ၏ အသေးစိတ် စည်းမျဉ်းများကို ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ကို ‘ပိုးကောင်များတိုက်ပွဲ’၊ ‘ပိုးအိမ်တိုက်ပွဲ’ နှင့် ‘လိပ်ပြာတိုက်ပွဲ’ ဟု အသီးသီး အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဤတိုက်ပွဲသုံးခုသည် ထိပ်တန်း ကစားသမား ၃,၀၀၀၊ ထိပ်တန်း ၁၀၀ နှင့် ထိပ်တန်း ၅၀ တို့ကို အသီးသီး သတ်မှတ်ပေးမည် ဖြစ်သည်။ ဤတိုက်ပွဲသုံးခုပြီးနောက် ကျန်ရှိနေသော အယောက် ၅၀ သာလျှင် စစ်မှန်သော အထွတ်အထိပ်ပြိုင်ပွဲကြီးသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။
ဤစည်းမျဉ်းကြေညာချက်များနှင့်အတူ နောက်ထပ် သတင်းအချက်အလက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။
[မေလ ၁ ရက်နေ့ ညသန်းခေါင်ယံတွင် ပြိုင်ပွဲဝင်မှတ်ပုံတင်ခြင်း ပိတ်သိမ်းမည် ဖြစ်သည်။ စနစ်သည် မှတ်ပုံတင်ထားသော ကစားသမားအားလုံးထဲမှ “အထူးဖိတ်ကြားထားသော ကစားသမား” ဆယ်ဦးကို ရွေးချယ်ကာ ‘လိပ်ပြာတိုက်ပွဲ’ သို့ တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်သည်။]