← Chapters

အခန်း ၃၇၆

Vol. 40 Ch. 376

အခန်း ၃၇၆

Vol. 40 Ch. 376

အခန်း (၃၇၆) ကျရှုံးခဲ့ရသော စတင်မှု

ဓားသွား အဖွဲ့အစည်း၏ သဘာဝကို အစောပိုင်းမှာ ကျွန်ုပ် အနည်းငယ် ပြောခဲ့ဖူးပါသည်။ ဤသည်မှာ တရားဝင် ကျောထောက်နောက်ခံရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်အားလုံးကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဌာနဆိုင်ရာများမှ စုဆောင်းထားခြင်းဖြစ်သည်။ သူတို့၏ လက်ရှိဆက်နွှယ်မှုမှာ ဆိုက်ဘာရဲတပ်ဖွဲ့၏ လွတ်လပ်သော လက်အောက်ခံအဖွဲ့တစ်ခုအနေဖြင့် အမည်ခံထားခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် မျက်မြင်တွေ့ရသည်ထက် ပိုမိုနက်ရှိုင်းသည့် အကြောင်းအရာများစွာ ရှိပေသည်...။

အစိုးရဌာနတစ်ခုက ဘာဖြစ်လို့ လူတစ်စုကို စုစည်းပြီး ဂိမ်းထဲမှာ အကောင့်တွေဖွင့်ခိုင်းပြီး အနာဂတ်အလုပ်တွေ လုပ်ဆောင်ဖို့ စိမ့်ဝင်ခိုင်းရတာလဲလို့ တချို့က မေးခွန်းထုတ်နိုင်ပါတယ်။

ကောင်းပြီ… ဒီအကြောင်းကတော့ ပြောရရင် ဇာတ်လမ်းအရှည်ကြီးပါပဲ... ထင်ရှားတာကတော့ ဒီဝတ္ထုရဲ့ လက်တွေ့ကမ္ဘာမှာ နတ်ဘုရားတွေ၊ သရဲတစ္ဆေတွေ၊ ငရဲပြည်နဲ့ နတ်ပြည်တို့လိုမျိုး သဘာဝလွန် ဖြစ်ရပ်တွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကမ္ဘာက အစိုးရဌာနတွေမှာ အဲဒီလို သဘာဝလွန် အခြေအနေတွေကို ကိုင်တွယ်ဖို့ သီးသန့်ဌာနတွေ ရှိနေတာ သဘာဝကျပါတယ်။ ပြီးတော့ ဒီလျှို့ဝှက်ဆန်းကြယ်ဌာနရဲ့ လုပ်ပိုင်ခွင့်အာဏာက အံ့ဩစရာကောင်းလောက်အောင် ကြီးမားပါတယ်၊ သူတို့ဟာ ဒီတာဝန်ကို ထမ်းဆောင်ဖို့ အမိန့်ထုတ်ပြန်နိုင်စွမ်း အပြည့်အဝ ရှိပါတယ်။ ဓားသွားအဖွဲ့အစည်းရဲ့ လူအင်အားကို မပြောပါနဲ့ဦး... အကယ်၍ လိုအပ်လာရင် သူတို့ဟာ ဂိမ်းထဲမှာ ဘယ်လိုပရော်ဖက်ရှင်နယ် ဂိမ်းစတူဒီယိုထက်မဆို ပိုအားကောင်းတဲ့ အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့အတွက် တပ်ဖွဲ့တစ်ခုလုံးကို အလွယ်တကူ စည်းရုံးလှုံ့ဆော်နိုင်ပါတယ်။

ဒါပေမဲ့ ဝူဒီဟာ အဲဒီလျှို့ဝှက်ဌာနရဲ့ လက်ရှိအကြီးအကဲနဲ့ ရင်းနှီးတဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေး ရှိတာမို့ အကြီးအကဲဖြစ်သူက ဝင်ရောက်စွက်ဖက်တာကို အတော်လေး လျှော့ပေါ့တဲ့နည်းလမ်း၊ အခြေခံအားဖြင့် "စောင့်ကြည့်ရုံသာ စောင့်ကြည့်ပြီး အရေးမယူတဲ့" သဘောထားကို ကျင့်သုံးခဲ့တာပါ။ အကယ်၍ တကယ်ပဲ ကြီးကြီးမားမားတစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင် သက်ဆိုင်ရာဌာနတွေဟာ လက်တွေ့ကမ္ဘာက အိပ်မက်ကုမ္ပဏီဌာနချုပ်ကို အရင်ဆုံး ဖြိုခွင်းဖို့ သေချာပေါက် ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ပါတယ်...

မှန်တာပေါ့ ဒီဇာတ်ကွက်တွေက ဒီစာအုပ်ရဲ့ အဓိကအနှစ်သာရတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းဆီကိုပဲ ပြန်သွားကြရအောင်။

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် ဓားသွားအဖွဲ့၏ တတိယအဆင့် အဖွဲ့ဝင်အဖြစ် လူသိများသော်လည်း တစ်ဦးချင်းတိုက်ခိုက်မှုတွင်တော့ နံပါတ်တစ်ဖြစ်ကြောင်း မငြင်းပယ်နိုင်ပေ။ သူတို့၏ နံပါတ်တစ်နှင့် နံပါတ်နှစ် ခေါင်းဆောင်များမှာ တပ်ရင်းမှူးနှင့် နိုင်ငံရေးအရာရှိ သို့မဟုတ် ဗိုလ်ချုပ်နှင့် စစ်ဗျူဟာမှူးတို့လို ဖြစ်သည်။

ခုနစ်ထွေသတ်ဖြတ်ခြင်းမှာ ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း အယောက်နှစ်ဆယ်အတွင်း ဝင်သူတိုင်းသည် ထိပ်သီးတိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ သူသည် အဆင့် ၁၆ တွင် ရှိနေသော်လည်း သူ့ရှေ့အဆင့်က လူတိုင်း သူ့ကို နိုင်မည်ဟု မဆိုလိုသလို သူ့နောက်ဆင့်က လူတိုင်းကလည်း သေချာပေါက် ရှုံးမည် မဆိုလိုပေ။ သူတို့စွမ်းရည်သည် တူညီသောအပိုင်းအခြားအတွင်း ရှိနေသရွေ့... ဂိမ်းထဲတွင် ကစားသမားနှစ်ဦးကြားက ရလဒ်မှာ ခန့်မှန်းရခက်သည့် အချိုးအကွေ့များနှင့် ပြည့်နှက်နေမည်ဖြစ်သည်...။

ရှောင်တန်ကတော့ ခုနစ်ထွေသတ်ဖြတ်ခြင်း၏ အဆင့်အတန်းမျိုး မရှိသေးချေ။

“ဒီတံဆိပ်က...”

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် ငရဲတပ်ဦး၏ ထင်ရှားလှသော ဂိုဏ်းတံဆိပ်ကို ခပ်လှမ်းလှမ်းမှ မြင်တွေ့လိုက်ရသည်။

“ဟဲ... ပထမဆုံးပွဲစဉ်မှာတင် ငရဲတပ်ဦးက လူတစ်ယောက်နဲ့ တိုးရလိမ့်မယ်လို့ မထင်ထားဘူးကွာ”

ဂေါ့သမ်မြို့တော်တုန်းက သူ့ကို အနိုင်ယူခဲ့သည့် အရူးပုကြွယ်၏ ဂိုဏ်းကို သူ ဘယ်လိုလုပ် မမှတ်မိဘဲ နေပါမည်နည်း...။

ပွဲမစမီကတည်းက ခုနစ်ထွေသတ်ဖြတ်ခြင်းသည် စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

“ခုနစ်ထွေသတ်ဖြတ်ခြင်း၊ ဓားသွားအဖွဲ့က ခုနစ်ထွေသတ်ဖြတ်ခြင်းပဲ...”

ရှောင်တန်သည် အဆင့်သတ်မှတ်ချက်ဇယားများကို မကြာခဏ စစ်ဆေးလေ့ရှိသဖြင့် မှတ်မိလွယ်သော အိုင်ဒီများကို သဘာဝကျကျပင် မှတ်မိနေလေသည်။

“အင်း... အတော် ကံဆိုးတာပဲ၊ ပထမဆုံးပွဲမှာတင် ထိပ်တန်း အယောက်နှစ်ဆယ်ထဲက ကစားသမားတစ်ယောက်နဲ့ တွေ့ရတယ်လို့”

သူ စိတ်ထဲမှ တွေးလိုက်သည်။

“ဒါပေမဲ့... ဒီလို ပြိုင်ဘက်မျိုးက အတော်ပဲ... ငါ အမှန်တကယ် ဘယ်လောက်အထိ သန်မာလဲဆိုတာ ကြည့်ရသေးတာပေါ့”

ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသော်လည်း ရှောင်တန်သည် ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်ကိုသာ ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူတို့နှစ်ဦးသည် လူသူကင်းမဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုဖြင့် ဝန်းရံခံထားရခြင်း ဖြစ်သည်။ သူတို့ခြေဖဝါးအောက်မှ မြေပြင်သည် အသင့်အတင့် မာကျောပြီး ခြောက်သွေ့နေသော မြက်ပင်များ၊ သဲများဖြင့် ဖုံးလွှမ်းနေလေသည်။ သူတို့အထက်တွင်မူ ပြာလွင်သော မိုးကောင်းကင်၌ နေမင်းကြီးသည် တောက်ပစွာ ထွန်းလင်းနေပြီး မည်သည့် အကာအကွယ်မှ မရှိဘဲ ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသည်။ ၎င်းမှာ ပဏာမ ဇာတ်လမ်းအခြေအနေသာ ဖြစ်သောကြောင့် မည်သည့်ဇာတ်လမ်းမြေပုံမျှ မရှိဘဲ အတော်လေး ရိုးရှင်းနေလေသည်။ ထို့ပြင် စနစ်သည် ရင်ဆိုင်တိုက်ခိုက်မှုကို အဓိကလုပ်ဆောင်ကြသော ဤကစားသမားနှစ်ဦးအား တိုက်ရိုက်ဆုံတွေ့နိုင်ရန် “စာနာထောက်ထားစွာ” စီစဉ်ပေးခဲ့သဖြင့်... ဇာတ်လမ်းထဲသို့ ဝင်ရောက်လာသည်နှင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ချက်ချင်း မြင်တွေ့လိုက်ရတော့သည်။

သူတို့နှစ်ဦးသည် မီတာတစ်ရာခန့်သာ ကွာဝေး၏။ စက္ကန့်အနည်းငယ်မျှ အပြန်အလှန် အကဲခတ်ပြီးနောက် ခုနစ်ထွေသတ်ဖြတ်ခြင်းက အရင်စကားစကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။

“သူငယ်ချင်း... ဒါက ပြိုင်ပွဲဖြစ်နေလို့ ငါ ညှာမှာ မဟုတ်ဘူးနော်”

“ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်”

ရှောင်တန်က ပြောဆိုလိုက်ပြီး သူ၏ ဘယ်လက်တွင် စွမ်းအင်ထည့်သွင်းထားသော တြိဂံပုံစံ စစ်တပ်သုံး ဓားမြှောင်တစ်လက်ကို ထုတ်ပြလိုက်သည်။ သူ၏ ညာလက်ကိုလည်း လက်သီးဆုပ်၍ လှည့်လိုက်ရာ ဓားသွားလက်သည်းများ ထွက်ပေါ်လာခဲ့သည်။

“အိုး... ဒီကောင်လေးက သူတို့ကပ္ပတိန်ထက် အများကြီး ပိုယဉ်ကျေးသားပဲ...”

ခုနစ်ထွေသတ်ဖြတ်ခြင်းက တွေးတောလိုက်သည်။

“ငါလည်း အတူတူပါပဲ...”

သူ အသံထွက်၍ ပြန်ပြောလိုက်သည်။ သူသည် အရည်အသွေးမြင့် လက်အိတ်များကို အသုံးပြုထားသဖြင့် ပြင်ဆင်နေစရာ မလိုဘဲ ရှေ့သို့ လှမ်းတက်လိုက်လေသည်။

“အရမ်းမြန်တာပဲ...”

ရှောင်တန်သည် သူ့မြင်ကွင်းထဲရှိ ပုံရိပ်က ရုတ်တရက် ဝေဝါးသွားသည်ကို ကြည့်ရင်း ဖိအားများ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ စကားပုံအတိုင်းပင် ကျွမ်းကျင်သူတစ်ပါးရဲ့ လှုပ်ရှားမှုဟာ သူတို့ရဲ့ အရည်အချင်းကို ဖော်ပြနေတယ်။ ခုနစ်ထွေသတ်ဖြတ်ခြင်း၏ ပထမဆုံး လှုပ်ရှားမှုဖြင့်ပင် ရှောင်တန်သည် ပြိုင်ဘက်၏ အရှိန်မှာ သူ့ထက်မနည်းကြောင်း သိလိုက်ရသည်။

ထိုအချိန်တွင် ရှောင်တန်သည် ဗီဇအရ လှုပ်ရှားလိုက်ပြီး ဘေးတိုက်ရှောင်ရှားလိုက်ရင်း သူ၏ ဘယ်လက်ကောက်ဝတ်မှ မြှားတိုမှာ အရှိန်ပြင်းစွာ ပျံသန်းထွက်ပေါ်လာတော့သည်။

“ငါ့ရဲ့ အမြန်နူန်းနဲ့ တုံ့ပြန်မှုကို စမ်းသပ်ဖို့ ကြိုးစားနေတာလား...”

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် မြှားတိုများကို အလွယ်တကူ ရှောင်တိမ်းရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ဒီဗျူဟာက အတော်လေး ကျိုးကြောင်းဆီလျော်ပါတယ်၊ ဒါပေမဲ့ ထိရောက်ချင်မှ ထိရောက်မှာပါ”

မျက်စိတစ်မှိတ်အတွင်း သူတို့ကြားက အကွာအဝေးသည် ဆယ်မီတာအောက်သို့ ကျုံ့ဝင်သွား၏။ ရှောင်တန် ပစ်လွှတ်လိုက်သော မြှားတိုငါးစင်းအနက် တစ်စင်းမျှ ပစ်မှတ်ကို မထိမှန်ခဲ့ချေ။

“ကျစ်...”

အဆင်ခြင်မဲ့စွာ ရဲရဲတင်းတင်း တိုးဝင်လာသော ပြိုင်ဘက်ကို မြင်လိုက်ရသောအခါ ရှောင်တန်သည် ရက်စက်လိုစိတ်များ ဝုန်းကနဲ ထွက်ပေါ်လာရသည်။ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“မင်းက အနီးကပ် တိုက်ခိုက်ချင်တာပေါ့... ဒါဆိုလည်း မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်”

သူ့စကားလုံးများမှာ ပြင်းထန်သော်လည်း သူ၏ နောက်ထပ်လှုပ်ရှားမှုမှာမူ... ရုတ်တရက် လျင်မြန်စွာ ဂျွမ်းထိုးလှိမ့်လိုက်ခြင်း ဖြစ်ပြီး... လုံးဝ မျှော်လင့်မထားသော အကွက်တစ်ခု ဖြစ်သည်။

တစ်ဦးချင်းတိုက်ခိုက်မှုအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်ထားသည့် အစွန်းရောက် ကစားသမားတစ်ဦးအနေဖြင့် ခုနစ်ထွေသတ်ဖြတ်ခြင်းသည် အနီးကပ်တိုက်ပွဲတွင် ဘယ်သူ့မှ မကြောက်ချေ။ သျှီဝ သို့မဟုတ် ဝါးမြိုခြင်းသရဲတို့လို ဇာတ်ကောင်များနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် အရေးနိမ့်မည်မဟုတ်ကြောင်း ယုံကြည်ချက် ရှိပေသည်။

ရှောင်တန်ဘက်တွင်မူ အတွေ့အကြုံနှင့် အရည်အချင်းပိုင်း၌ ပြိုင်ဘက်ထက် များစွာ နိမ့်ကျနေခြင်းဖြစ်သည်။ သူသည် ခုနစ်ထွေသတ်ဖြတ်ခြင်းကို အမြန်နူန်းတွင်သာ ယှဉ်ပြိင်နိုင်ခဲ့သည်...။

ထို့ကြောင့် သူ အနိုင်ရချင်ပါက သမရိုးကျတိုက်ခိုက်ရေးနည်းလမ်းများမှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ...။

ထို့ကြောင့် ရှောင်တန် အကွက်ပြောင်းလိုက်ကာ လှုပ်ရှားမှုတိုင်းတွင် အံ့အားသင့်စရာများ ဖြစ်အောင် ဖန်တီးတော့သည်။

“ဟင်”

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် အမှန်တကယ် အံ့အားသင့်သွားရသည်။ ပြိုင်ဘက်သည် အနေအထားတစ်ခုယူပြီး သူ့လက်နက်ကို ထုတ်ပြခဲ့သော်လည်း ၎င်းကို အသုံးမပြုဘဲ မြေပြင်ပေါ်တွင် လျင်မြန်စွာ လှိမ့်လိုက်ကာ သူ၏ ဘယ်ဘက်ခြေထောက်ဖြင့် ဝှေ့ယမ်းကန်ကျောက်လိုက်ခြင်းဖြစ်သည်...။

“ဟမ့်... ရုတ်တရက် အောက်ပိုင်းကို တိုက်ခိုက်တာလား... သမရိုးကျမဟုတ်တဲ့ နည်းလမ်းတွေပေါ့”

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် ဒူးကို လျင်မြန်စွာမြှောက်ကာ နင်းချလိုက်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း တစ်ပြိုင်နက်တည်းပင် တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်သည်။ သို့သော် ရှောင်တန်၏ ဝှေ့ယမ်းကန်ချက်မှာ လှည့်ကွက်တစ်ခုသာဖြစ်ပြီး သူ၏ ညာဘက်ခြေထောက်က ထိုခဏချင်းအတွင်း ကင်းမြီးကောက်ကန်ချက်ကို လုပ်ဆောင်လိုက်ကာ ပြိုင်ဘက်၏ ဝမ်းဗိုက်ကို ရိုက်ခတ်သွားခဲ့သည်။

ခုနစ်ထွေသတ်ဖြတ်ခြင်း၏ တုံ့ပြန်မှုသည် အနည်းငယ် နှေးကွေးသွားခဲ့သော်လည်း အချိန်မီ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး အကွက်ကို ပြောင်းလဲလိုက်သည်။ သူသည် အားပြုထားသော ခြေထောက်ကို အသုံးပြု၍ မြေပြင်ကို အသာတွန်းကန်ကာ သူ၏ ခန္ဓာကိုယ်ကို နောက်ဆုတ်သွားစေရန် ရွေးချယ်လိုက်လေသည်။

ယင်းကို မြင်တွေ့လိုက်ရသဖြင့် ရှောင်တန်သည် သူ၏ အင်္ကျီလက်ကို ချက်ချင်းခါထုတ်လိုက်ရာ အေးစက်စက်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လိုက်လံတိုက်ခိုက်တော့သည်။

၎င်းမှာ လက်ကောက်ဝတ်ကို ခါထုတ်လိုက်ရုံဖြင့် ပစ်လွှတ်လိုက်သော မြှားတိုတိုက်ခိုက်မှု ဖြစ်သော်လည်း မြားတစ်စင်းကဲ့သို့ ပြင်းထန်နေဆဲ ဖြစ်သည်။

မျှော်လင့်မထားသည်မှာ ခြေနှစ်ဖက်လုံး လေထဲတွင် တွဲလောင်းဖြစ်နေပြီး အားပြုစရာ နေရာမရှိသော်လည်း ခုနစ်ထွေသတ်ဖြတ်ခြင်းက အေးစက်သော ရယ်မောသံဖြင့်သာ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“မဆိုးပါဘူး၊ မင်းက ငါ့အားနည်းချက်ကို ဖော်ထုတ်နိုင်ခဲ့တယ်၊ ပြီးတော့ အဲဒါကို ဘယ်လို အသုံးချရမလဲဆိုတာလည်း သိတယ်”

သူ စကားပြောမဆုံးသေးမီ သူ့လည်ပင်းကို ဦးတည်ထားသော မြှားတိုကို လက်ချောင်းနှစ်ချောင်းဖြင့် ဖမ်းမိထားပြီး ဖြစ်သည်။

“နောက်နေတာလားဟ...”

ရှောင်တန်သည် ချွေးစေးများ စီးကျလာတော့သည်။ ဒီလောက် တိုတောင်းတဲ့ အကွာအဝေး၊ ပြီးတော့ ခက်ခဲတဲ့ ခုန်ပျံမှုအပြီး နှေးကွေးတုံ့ဆိုင်းနေတဲ့ အခြေအနေမှာတောင် ခုနစ်ထွေသတ်ဖြတ်ခြင်းက ဒီလိုအမြန်နူန်းမျိုးနဲ့ ဖမ်းနိုင်ခဲ့တာက...

“မပြီးသေးဘူးနော်...”

ခုနစ်ထွေသတ်ဖြတ်ခြင်းက ရယ်မောလိုက်သည်။ သူစကားပြောမဆုံးမီ သူ့လက်ကို ၁၈၀ ဒီဂရီ လှည့်၍ မြှားတိုကို ညပ်ကိုင်ထားသည့် သူ၏ လက်ညှိုးနှင့် လက်ခလယ်တို့ဖြင့် အားပြင်းပြင်း ခါထုတ်လိုက်ရာ ၎င်းသည် ယခင်လမ်းကြောင်းအတိုင်း ပြန်လည်လွင့်ပျံသွားလေသည်။

“သေစမ်း... လက်နှစ်ချောင်း လေဟာနယ်ဆုပ်ကွက်ပဲ”

ရှောင်တန် အော်ဟစ်လိုက်သည်။ သူ တစ်ပတ်လှည့်လိုက်ရာ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး မြှားတိုကို ကပ်သီလေး ကာကွယ်လိုက်နိုင်သည်။

သူ မှန်ပါသည်။ ခုနစ်ထွေသတ်ဖြတ်ခြင်းသည် ဟိုကူတိုရှင်းကန်မှ "လက်နှစ်ချောင်း လေဟာနယ် ဆုပ်ကွက်" ကို အသုံးပြုနေခြင်း ဖြစ်သည်။ ထိုလှုပ်ရှားမှုသည် မြားများနှင့် ပစ်လွတ်လာသော ဓားများကို ဖမ်းယူ၍ လမ်းကြောင်းပြောင်းပစ်နိုင်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုသည် မြားတစ်စင်းထက် များစွာပိုမပြင်းထန် သို့မဟုတ် အများအပြား ပြိုင်တူရောက်မလာပါက ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးများမှာ လေဟာနယ်ဆုပ်ကွက် အသုံးပြုသူအပေါ် အသုံးမဝင်ချေ။

“နှမြောစရာပဲ၊ တကယ်လို့ မင်းသာ လက်ကောက်ဝတ်ကို ခါထုတ်ရုံနဲ့ ကျည်ဆန်တွေလို အများကြီး ပစ်ထုတ်နိုင်မယ်ဆိုရင်တော့ ငါ တကယ်ဒဏ်ရာရနိုင်လောက်တယ်”

ခုနစ်ထွေသတ်ဖြတ်ခြင်း၏ တည်ငြိမ်သောသဘောထားအရ သူသည် အခြေအနေကို ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း ပြသနေလေသည်။

သူ စကားပြောနေရင်း မြေပြင်ပေါ် ပြန်လည်အားပြုကာ မတ်တတ်ရပ်ခါစ ရှောင်တန်ရှေ့သို့ ချက်ချင်း ရောက်ရှိလာလေသည်။

“မင်းကို နောက်ထပ် ပျော်စရာကောင်းတဲ့ အကွက်တစ်ခု ပြရသေးတာပေါ့... ဝံပုလွေစွယ် လေပြင်းလက်သီး”

မိုးရွာသကဲ့သို့ ကျရောက်လာသော လက်သီးချက်များသည် လေပြင်းမုန်တိုင်းကဲ့သို့ လျင်မြန်စွာဖြင့် ဝံပုလွေစွယ်များအလား ထက်မြက်စွာ ကျရောက်လာခဲ့သည်။

ရှောင်တန်သည် ပြင်ဆင်မထားခြင်း မဟုတ်သော်လည်း မနားတမ်း ကျရောက်လာသော တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် အမှန်တကယ် ခက်ခဲပေသည်။ သူ စဉ်းစားမိသော တစ်ခုတည်းသော နည်းလမ်းမှာ... တိုက်စစ်ကို ခံစစ်အဖြစ် အသုံးပြုရန် ဖြစ်သည်။

သို့သော်လည်း ရှောင်တန်သည် အံကြိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို မသိမသာရွှေ့ပြောင်း၍ သူ့အနေအထားကို ချိန်ညှိပြီးနောက် လက်နှစ်ဖက်လုံးကို အသုံးပြု၍ တန်ပြန်တိုက်ခိုက်လိုက်လေသည်။

သူ၏ စစ်တပ်သုံးဓားမြှောင်နှင့် ဓားသွားလက်သည်းများသည် ငွေရောင်အလင်းတန်းများအဖြစ် ကခုန်နေပြီး ငွေရောင်မြွေရိုင်းနှစ်ကောင် ဝဲပျံကာ ဝံပုလွေစွယ်များဆီသို့ ပျံသန်းသွားသည့်အလား ဖြစ်သည်။ တစ်ခဏချင်း သူတို့နှစ်ဦးကြား၌ “တချွင်ချွင်” မြည်သံများ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။ ၎င်းမှာ ပြတင်းပေါက်ကို သည်းထန်စွာ ရိုက်ခတ်နေသော မိုးစက်များ သို့မဟုတ် ကျောက်စိမ်းပြားပေါ်သို့ ပုလဲများ ကျဆင်းနေသကဲ့သို့ ဖြစ်သည်။

ခုနစ်ထွေသတ်ဖြတ်ခြင်း၏ စတီးသော့ခတ်လက်အိတ်များသည် အတော်လေး အားကောင်းလှပြီး သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ ရှောင်တန်၏ ဓားလက်နက်နှစ်ခုနှင့် ညီမျှနေခဲ့သည်။

မှန်ပေသည် စကေးကြောင့်ပင်... မည်သို့ပင်ဖြစ်စေ ယင်းမှာ စကေးတစ်ခု ဖြစ်ပေသည်။ ဝံပုလွေစွယ် လေပြင်းလက်သီး ဆိုသည်မှာ ခုနစ်ထွေသတ်ဖြတ်ခြင်းက ဒီအတိုင်း ရိုးရိုးရှင်းရှင်း အော်လိုက်ခြင်း မဟုတ်ချေ။ ယင်းမှာ အမှန်တကယ်ပင် သူ၏ စကေးများမှ တစ်ခု ဖြစ်သည်။ ရှောင်တန်မှာမူ ၎င်းကို ကာကွယ်ရန်အတွက် သူ၏ တုံ့ပြန်မှုအပေါ်တွင်သာ ရိုးရိုးရှင်းရှင်းအားကိုးနေရပြီး သူ့လက်နက်ကို လျင်မြန်စွာ ဝှေ့ယမ်းနေရသည်။ သူတို့နှစ်ဦး ထိပ်တိုက်တွေ့ပြီးနောက်တွင် ရှောင်တန်သည် သိသိသာသာပင် အောက်စည်းရောက်နေခဲ့သည်။

လက်သီးနှင့် ဓားသွားများ အပြန်အလှန် ဖလှယ်လိုက်ကြသည့် ခဏတာအတွင်း ရှောင်တန်သည် ဆယ်ချက်ထက်မက အထိခံလိုက်ရသည်။ သူ၏ ဘယ်ဘက်လက်မှာ လုံးဝ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်သွားပြီး သူ၏ ညာဘက်လက်ကောက်ဝတ်မှာလည်း နာကျင်ကိုက်ခဲနေလေသည်။ ခုနစ်ထွေသတ်ဖြတ်ခြင်းမှာမူ လက်သီးနှစ်ဖက်လုံးတွင် အနည်းငယ်ထုံကျင်မှုသာ ခံစားခဲ့ရသည်။

“သူက စကေးကို အတင်းအကျပ်ခုခံဖို့ တကယ်ကြီး ချက်ချင်းတုံ့ပြန်မှုအပေါ် အားကိုးခဲ့တာပဲ...”

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ တိတ်တဆိတ် အံ့အားသင့်သွားမိသည်။

“စိတ်ဝင်စားစရာပဲ... ဒီကောင်လေးကို သမရိုးကျအကွက်တွေနဲ့ သတ်လိုက်ရင် မယဉ်ကျေးရာကျသလို ဖြစ်သွားမယ် ထင်တယ်...”

“သတ်ဖြတ်လိုစိတ်”

ရှောင်တန်သည် အကြောင်းရင်းမသိ ထိုစကားလုံးနှစ်လုံးက သူ့စိတ်ထဲ ရုတ်တရက် ပေါ်ထွက်လာလေသည်။ သူသည် သူ့ပြိုင်ဘက်ကို ကြည့်မနေခဲ့သလို ခုနစ်ထွေသတ်ဖြတ်ခြင်းသည်လည်း ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်တော့မည့် အရိပ်အယောင် မပြသခဲ့ချေ။ သို့သော်လည်း ရှောင်တန်သည် ပြိုင်ဘက်၏ အသေသတ်ကွက်က နောက်ခဏအတွင်း ရောက်ရှိလာတော့မည်ဟု ပြင်းထန်စွာ ခံစားလိုက်ရသည်။

ထိုအချိန်တွင် ခုနစ်ထွေသတ်ဖြတ်ခြင်းသည်လည်း သူ့ဘာသာ တွေးလိုက်မိသည်။

“အမြန်နူန်းကလွဲလို့ သူက ငါ့ကို ဘာမှယှဉ်လို့မရဘူး... သူ့ကို ပို့ပေးလိုက်တာပေါ့...”

ထို့နောက် သူသည် လျှို့ဝှက်တစ်ရာ့ရှစ်ကွက်- အိုရိုချီနာဂီ စကေးကို ထုတ်ဖော်လိုက်တော့သည်။

သူသည် သူ၏ ဘယ်လက်ကို ရှေ့တွင်မြှောက်လိုက်ပြီး လက်ဖျစ်တီးလိုက်ရာ သူ၏ လက်ချောင်းထိပ်မှ မီးပွားတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို မသိမသာ ရွှေ့ပြောင်းလိုက်ရာ ခန္ဓာကိုယ်သည် ဘယ်မှညာသို့ လည်ပတ်သွားပြီး သူ့အား ပူပြင်းလှသော ရွှေနီရောင်မီးတောက်များဖြင့် ဝန်းရံသွားစေလိုက်သည်။ နောက်ဆုံးတွင် သူ့ညာလက်သည် ရှေ့သို့ ထိုးထွက်သွားပြီး ပြိုင်ဘက်ထံသို့ တဟုန်ထိုး ပြေးဝင်သွားသော ပေါက်ကွဲမီးတောက်များကို ထုတ်လွှတ်လိုက်တော့သည်။

ဒီလှုပ်ရှားမှုအစီအစဉ်များအား အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံစွာ လုပ်ဆောင်သွားခဲ့သောကြောင့် ရှောင်တန်မှာ တုံ့ပြန်ရန် စက္ကန့်ပိုင်းလောက်သာ အချိန်ရတော့သည်။ အကယ်၍ ပြိုင်ဘက် လက်ဖျစ်တီးလိုက်ချိန်၌ ယင်းသည် သတ်ကွက်တစ်ခု ဖြစ်ကြောင်း သူသတိမပြုမိခဲ့ပါက သူချက်ချင်း သေဆုံးသွားနိုင်ပေသည်။

ဘုန်း ဘုန်း ဘုန်း...။

ဆက်တိုက်ပေါက်ကွဲသံ သုံးချက်နှင့်အတူ ရှောင်တန်၏ ပုံရိပ်သည် မီးတောက်များအတွင်း နစ်မြုပ်သွားလေသည်။

“ပြီးသွားပြီလား...”

ခုနစ်ထွေသတ်ဖြတ်ခြင်းက စိတ်ထဲမှ တွေးလိုက်သည်။

“မဟုတ်သေးဘူး”

သူ တစ်ခုခုကို ခံစားလိုက်ရသည်...။

သူသည် ရောက်ရှိနေပြီဖြစ်သော်လည်း... သူ့ပြိုင်ဘက်သည် သူ၏ အဆုံးသတ် သတ်ကွက်ကြောင့် ရှေ့တည့်တည့်မှ ထိမှန်ခံလိုက်ရသည်ကို မြင်တွေ့ခဲ့ရသော်လည်း သူ၏ နှစ်ပေါင်းများစွာသော တိုက်ခိုက်ရေးအတွေ့အကြုံများက... ယင်းမှာ မပြီးသေးကြောင်း ပြောနေခဲ့သည်။

မှန်ပေသည် အဖြူရောင်အလင်းတန်းတစ်ခုက ခုနစ်ထွေသတ်ဖြတ်ခြင်း၏ မျက်လုံးများကို စူးရှသွားစေခဲ့သည်။ နေရောင်ခြည်၊ စစ်တပ်သုံးဓားမြှောင်၏ ဓားသွားကြောင့် ရောင်ပြန်ဟပ်လာသော စူးရှသည့်နေရောင်ခြည် ဖြစ်သည်။

တစ္ဆေရိပ်တစ်ခုသည် ခုနစ်ထွေသတ်ဖြတ်ခြင်း၏ နောက်ဘက်တွင် တိတ်တဆိတ်ပေါ်ထွက်လာပြီး ၎င်း၏ညာဘက်လက်ကို ဆန့်ထုတ်ကာ လက်ကောက်ဝတ်ရှိ လျှို့ဝှက်ဓားသွားသည် ခုနစ်ထွေသတ်ဖြတ်ခြင်း၏ လည်ပင်းကို ဖိကပ်ထားလိုက်ပြီး ဖြစ်သည်...။

လျှို့ဝှက်ဓားသွား ထွက်ပေါ်လာသော်လည်း ခုနစ်ထွေသတ်ဖြတ်ခြင်း၏ လည်ပင်းကို မလှီးဖြတ်နိုင်ခဲ့ချေ။ ထိုနောက်ဆုံးစက္ကန့်၏ နောက်ဆုံးအပိုင်းလေးတွင် ခုနစ်ထွေသတ်ဖြတ်ခြင်းက လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နိုင်လိုက်ဆဲ ဖြစ်သည်...။ သူသည် ဘေးသို့ ရှောင်တိမ်းလိုက်ပြီး သူ့လည်ပင်းကို နောက်သို့ ပြင်းထန်စွာ ဆွဲထုတ်လိုက်သည်။ သူ့လည်ပင်းမှ သွေးများ စီးကျနေခဲ့ပြီ ဖြစ်သည်...။ သတိပြုရမည်က သူ၏ ထိတ်လန့်မှုအဆင့်သည် ထိုခဏချင်း အမြင့်ဆုံးသို့ ရောက်ရှိသွားသော်လည်း သူသည် သေဘေးမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ဆဲဖြစ်ပြီး ဗီဇအရ တန်ပြန်တိုက်ခိုက်မှုကို စတင်နိုင်ခဲ့သည်။

ကလန့်ဟူသော အသံနှင့်အတူ သူဆန့်ထုတ်လိုက်သော လက်သီးသည် ရှောင်တန်၏ ပြောင်းပြန်ကိုင်ထားသော စစ်တပ်သုံးဓားမြှောင်နှင့် ထိပ်တိုက်တွေ့ဆုံသွား၏။

တိုက်ခိုက်မှုနှင့် ကာကွယ်မှုကြားက ရိုက်ခတ်မှုခွန်အားသည် ခုနစ်ထွေသတ်ဖြတ်ခြင်းအား အကွာအဝေးတစ်ခု ဖန်တီးရန်နှင့် အချိန်ဆွဲရန် ကူညီပေးခဲ့သည်။

“ဒါက နောက်ချန်ပုံရိပ်လား...”

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် အတွေ့အကြုံအရ ဤဆုံးဖြတ်ချက်ကို ချလိုက်သည်။

“ငါ့ရဲ့ သတ်ကွက်ကို တည့်တည့်ခံဖို့အတွက် နောက်ဆုံးအချိန်အထိ တမင်စောင့်ပြီး နောက်ချန်ပုံရိပ်တစ်ခု ဖန်တီးခဲ့တာပေါ့... တကယ့်ခန္ဓာကိုယ်ကတော့ ငါ့လည်ပင်းကို လှီးဖို့ တိတ်တဆိတ် ချဉ်းကပ်လာတယ်... အင်း... ဒါက ငါ ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခု ထုတ်တော့မယ်ဆိုတာကို သူ ကြိုခံစားမိသလိုပဲ”

ခုနစ်ထွေသတ်ဖြန်ခြင်း၏ နဖူးတွင် ချွေးစေးများ စီးကျလာလေသည်။ သွေးစီးကြောင်းတစ်ခုက သူ့နဖူးမှတစ်ဆင့် လိမ့်ဆင်းလာခဲ့သည်။ သူသည် တိတ်တဆိတ်ပင် ကံကောင်းသည်ဟု မခံစားရဘဲ မနေနိုင်ခဲ့ချေ...။ အကယ်၍ ဓားသွားသည် နေရောင်ခြည်ကို ရောင်ပြန်မဟပ်ခဲ့ပါက ထိုလျှို့ဝှက်ဓားသွားမှာ သူ့မေးစေ့မှတစ်ဆင့် ဦးခေါင်းခွံကို ဖောက်ထွက်သွားလောက်ချေပြီ...။ ရလဒ်ကတော့ ဆုံးဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

“ငရဲတပ်ဦးဆိုတာ လူလေးယောက်ပဲရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခု မဟုတ်လား...”

ခုနစ်ထွေသတ်ဖြတ်ခြင်းတစ်ယောက် စိတ်ထဲမှ ရေရွတ်မိလိုက်သည်။ သူသည် ဝတ်ရုံတိုက်ပွဲအပြီးတွင် လုံအောင်းမင်ထံမှ ဖုန်းပုကြွယ်နှင့် ပတ်သက်၍ မေးခွန်းအချို့ မေးမြန်းခဲ့ဖူးသော်လည်း အသေးစိတ်ကိုတော့ စူးစမ်းခဲ့ခြင်း မရှိချေ။

“ဒါက အပျော်တမ်းကစားသူတွေရဲ့ ဂိုဏ်းတစ်ဂိုဏ်းဆိုတာ အသိသာကြီးပဲလေ၊ ဒါပေမဲ့ ထွက်လာတဲ့လူတိုင်းက ဘာလို့ ဒီလောက်အထိ ထက်မြက်နေရတာလဲ...”

ရှောင်တန်သည် တစ်ဖက်လူ ဘာတွေးနေသည်ကို မသိချေ။ သူသည် ပြောင်းပြန်ဓားသွား ဝဲဂယက်ခုတ်ချက်ကို ချက်ချင်း ထပ်မံအသုံးပြုကာ ကိုယ်ကိုကိုင်း၍... အမြန်ဆုံးနှင့် အန္တရာယ်အရှိဆုံး နည်းလမ်းဖြင့် ရန်သူ့ထံသို့ တဟုန်ထိုး ချဉ်းကပ်သွားတော့သည်။

သူသည် ဤတိုတောင်းလှသော အချိန်အတွင်း အားသာချက်တစ်ခုကို ခဲရာခဲဆစ် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ရာ အကယ်၍ ၎င်းကို အမိအရမဆုပ်ကိုင်နိုင်ဘဲ အောင်ပွဲအဖြစ် မပြောင်းလဲနိုင်ခဲ့ပါက သူ၏ ယခင်ကြိုးစားမှုအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

“ငါထင်ထားတာထက် အများကြီး ပိုဒုက္ခပေးနိုင်တဲ့ကောင်ပဲ...”

ခုနစ်ထွေသတ်ဖြတ်ခြင်းသည် လက်တစ်ဖက်ဖြင့် သူ့လည်ပင်းကို အုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် မြေပြင်ကို အားပြုကာ ဂျွမ်းထိုးလိုက်ရင်း ရန်သူ့ကို ကျောခိုင်း၍ စတင်ထွက်ပြေးတော့သည်။

“မဖြစ်နိုင်တာ... သူက ထွက်ပြေးနေတယ်...”

ဤသည်မှာ အနည်းဆုံးတော့ ရှောင်တန်မြင်တွေ့ချင်သော မြင်ကွင်း ဖြစ်သည်။ သူသည် ဝံပုလွေစွယ် လေပြင်းလက်သီးကြောင့် အသက်အမှတ် ၄၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးထားခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် လျှို့ဝှက်တစ်ရာ့ရှစ်ကွက်- အိုရိုချီနာဂီကြောင့်လည်း...။ သူ လုံးဝလွတ်မြောက်ခဲ့ခြင်း မဟုတ်ချေ။ သူ၏ နောက်ချန်ပုံရိက်ဗျူဟာကို အောင်မြင်စေရန်အတွက် သူသည် မီးတောက်များ မထိမှန်မီ စက္ကန့်ပိုင်းအလိုတွင် လေငြိမ်၍ ဖုန်မှုန့်နံ့သာ ပြယ်လွင့်ခြင်း စကေးကို အသက်သွင်းခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ပေါက်ကွဲမီးတောက်များထံမှ ထိခိုက်မှုအချို့ကို ဆက်လက်ခံစားခဲ့ရဆဲ ဖြစ်သည်...။

ယခုအချိန်တွင် ရှောင်တန်၏ အသက်အမှတ်မှာ ၂၄ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး ပြိုင်ပွဲအတွင်း ကုသရေးကျွမ်းကျင်မှုမရှိသော ကစားသမားများကို သွေးဖြည့်ဆေးရည် သုံးခွင့်မပြုထားသဖြင့် သူတို့တွင် အသက်ဆက်ရန် နည်းလမ်းမရှိချေ...။ ဤသည်မှာ သေသည်အထိတိုက်ရမည့် တိုက်ပွဲတစ်ခု ဖြစ်သည်။

အကယ်၍ ခုနစ်ထွေသတ်ဖြတ်ခြင်းသာ သွေးတိတ်အောင် ပြုလုပ်နိုင်ပြီး ရန်သူကို အထင်မသေးတော့ဘဲ တိုက်ပွဲကို အလေးအနက်ထား ဆင်နွှဲလာမည်ဆိုပါက ရှောင်တန်သည် အကွက်နှစ်ဆယ်အတွင်း သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

“တောင်းပန်ပါတယ်... ငါမင်းကို အရင်က နည်းနည်း အထင်သေးမိသွားတယ်”

ခုနစ်ထွေသတ်ဖြတ်ခြင်း၏ အသံက ရှေ့မှ ထွက်ပေါ်လာ၏။ ရှောင်တန်အနေဖြင့် တစ်ဖက်လူသည် ပစ္စည်းသိုလှောင်အိတ်ထဲမှ သွေးတိတ်ဆေးတစ်ဘူးကို ထုတ်ယူကာ လည်ပင်းတွင် ကပ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

“မင်း ကောင်းကောင်း တိုက်ခိုက်နိုင်ခဲ့ပါတယ်...”

“ခဲ့” ဟူသော စာလုံး ထွက်လာသည်နှင့် ခုနစ်ထွေသတ်ဖြတ်ခြင်း၏ ပုံရိပ်သည် ရှောင်တန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

“ဆီမီးဖိုင်နယ်မှာ ပြန်ဆုံဖို့ မျှော်လင့်ပါတယ်...”

ဤစကားလုံးများမှာ ရှောင်တန်၏ နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အရိပ်ခြေလှမ်းလား...ဟမ်”

ရှောင်တန်သည် သူ့ကိုယ်သူ ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိလိုက်သော်လည်း နောက်လှည့်ရန် အချိန်နောက်ကျသွားပြီ ဖြစ်သည်။ သူသည် ခွန်အားကိုသာ ထပ်မံမြှင့်တင်လိုက်ပြီး ရှေ့သို့ကိုင်းကာ ရန်သူ၏ အမြန်နူန်းကို လိုက်မှီရန် တဟုန်ထိုးပြေးဝင်လိုက်ရသည်။

ခုနစ်ထွေသတ်ဖြတ်ခြင်း စကားပြောပြီးသွားသည်နှင့် သူ့လက်သီးသည် ရှောင်တန်၏ နောက်ကျောမှတစ်ဆင့် ရင်ဘတ်အား ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။

All Chapters