← Chapters

အခန်း ၃၇၇

Vol. 40 Ch. 377

အခန်း ၃၇၇

Vol. 40 Ch. 377

အခန်း (၃၇၇) ကျော်ကြားခြင်း

မေလ ၁ ရက်နေ့၏ နံနက်စောစောအချိန်တွင် ရီရူလီရော ရီရူယွီပါ ဂိမ်းထဲသို့ လော့ဂ်အင် မဝင်ခဲ့ကြပေ။ သူတို့သည် ပြိုင်ပွဲအတွက် စာရင်းမသွင်းထားသလို အဆင့်တက်ရန်လည်း မလောကြသဖြင့် ဤပျော်စရာထဲတွင် လာမရှုပ်ချင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အစ်ကိုကြွယ်နှင့် ရှောင်တန်တို့သည် ပဏာမအဆင့် ပြိုင်ပွဲများအပေါ်တွင် အာရုံစိုက်ခွင့် ရခဲ့ကြသည်။

သို့သော်လည်း သန်းခေါင်ယံအချိန် ရောက်လာသောအခါတွင်မူ ရှောင်တန် တစ်ယောက်တည်းသာ ပဏာမပွဲစဉ်များအတွက် တန်းစီခြင်း အောင်မြင်ခဲ့ပြီး ဖုန်းပုကြွယ်ကတော့... စနစ်ထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့လေသည်။

အီးမေးလ်၏ ခေါင်းစဉ်မှာ - “ဂုဏ်ယူပါတယ်၊ သင်သည် စနစ်၏ အထူးဖိတ်ကြားခံရသော ကစားသမားအဖြစ် ရွေးချယ်ခံရပါသည်” ဟူ၍ ဖြစ်သည်။

အကြောင်းအရာမှာ ရိုးရှင်းပြီး ရှင်းလင်းလှသည်။

“လေးစားအပ်ပါသော မစ္စတာ ဖုန်းပုကြွယ်ခင်ဗျာ၊ သင့်အား စနစ်မှ ယခုတစ်ကြိမ် အထွတ်အထိပ်ပြိုင်ပွဲအတွက် မျိုးစေ့ကစားသမားအဖြစ် အသိအမှတ်ပြုထားပါသည်။ သင်သည် အဆင့် ၅၀ - ၁၀၀ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် လိပ်ပြာတိုက်ပွဲအဆင့်သို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။ ကံကောင်းပါစေ”

ဤအီးမေးလ်သည် ၀၀:၀၁ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုမိနစ်ပိုင်းတွင်ပဲ အထူးဖိတ်ကြားခံရသည့် ကစားသမားဆယ်ယောက်စာရင်းကို တရားဝင် ဝဘ်ဆိုက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသူတို့မှာ ဝါးမြိုခြင်းသရဲ၊ အရက်မူး၍ စိတ်ပျက်လက်ပျက်အိပ်နေခြင်း(ကျိုက်ဝူချန်းရန်)၊ သျှီဝ၊ ရာမ၊ ဓားမဲ့ဓားသမား၊ အသုံးမကျသောဦးလေး၊ ကျဆုံးသူတို့၏ ငိုညည်းသံ၊ မိစ္ဆာဓားဘုရင်၊ မတ်ချာမုန့်ကြွပ် နှင့် ဖုန်း(အရူး) ပုကြွယ်တို့ ဖြစ်ကြသည်။

ကြေညာချက်ထွက်ပြီး သုံးမိနစ်ခန့်အကြာတွင် ဖုန်းပုကြွယ်ထံသို့ သူစိမ်းများထံမှ အီးမေးလ်များ၊ သူငယ်ချင်းအဖြစ် တောင်းဆိုမှုများနှင့် စိန်ခေါ်မှု တောင်းဆိုချက်များက လှိုင်းလုံးကြီးကဲ့သို့ တစ်ဟုန်ထိုး ရောက်ရှိလာတော့သည်။

သူ၏ အီးမေးလ်စာဝင်ပုံးသည် ဗိုင်းရပ်စ်ကိုက်ခံထားရသလို ဖြစ်နေပြီး အီးမေးလ်အရေအတွက်သည် တစ်စောင်ချင်းစီ သို့မဟုတ် အစုလိုက်အပြုံလိုက် တိုးလာနေခြင်းမဟုတ်ဘဲ တစ်မျက်နှာပြီး တစ်မျက်နှာ... ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ထိုမတိုင်ခင်က ဖုန်းပုကြွယ်သည် သူ၏ အီးမေးလ်စာဝင်ပုံးထဲက စာမျက်နှာတစ်ခုတွင် အီးမေးလ် ဘယ်နှစ်စောင်အဖြစ် ပြသနိုင်ကြောင်း လုံးဝမသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် စာဖတ်ပြီးတိုင်း အမြဲလိုလို ဖျက်ပစ်လေ့ရှိသောကြောင့်ဖြစ်ပြီး ထိုမျှများပြားသော အီးမေးလ်များကိုလည်း တစ်ခါမှ ပြိုင်တူ မရရှိဖူးသောကြောင့် ဖြစ်သည်။ အခုတော့ သူ သိသွားပြီဖြစ်သည်...။ အီးမေးလ်စာမျက်နှာတစ်ခုသည် အီးမေးလ် ခေါင်းစဉ်အစောင်ပေါင်း သုံးဆယ်နှင့် အီးမေးလ်တစ်ခုချင်းစီ၏ ပထမဆုံးစာကြောင်းကို ပြသပေးနိုင်ခြင်း ဖြစ်သည်။

ကနေ့ည သန်းခေါင်ယံမှ မနက် ၁ နာရီကြားတွင် ဖုန်းပုကြွယ်သည် အီးမေးလ်စာမျက်နှာပေါင်း တစ်ထောင်ကျော်ကို လက်ခံရရှိခဲ့လေသည်...။ စာမျက်နှာအောက်ခြေတွင် ပြသနေသည့် စာမျက်နှာ နံပါတ်များမှာ ၁၊ ၂၊ ၃၊ ၄... ၉၉၉. ၉၉၉+... နောက်ဆုံးစာမျက်နှာ ဟူ၍ ဖြစ်နေလေသည်။ အကယ်၍ ဤအတိုင်းလွှတ်ထားမည်ဆိုပါက ဒုတိယစာပိုဒ်က အစက်သုံးစက်၏ နောက်တွင် နောက်ထပ် "၁၉၉၉+" တစ်ခု ထပ်ပေါ်လာရန် မကြာတော့ပေ။

“ဒီဂိမ်းစနစ်က တကယ်အားကောင်းတာပဲ...”

ဖုန်းပုကြွယ်သည် စခရင်ရှေ့တွင် ရပ်ရင်း သူ့ဘာသာရေရွတ်လိုက်မိသည်။

“အွန်လိုင်းက အီးမေးလ်အကောင့်တွေက ပုံမှန်အားဖြင့် သိမ်းဆည်းနိုင်စွမ်း 2GB-3GB လောက်ပဲ ရှိတတ်တာ၊ အွန်လိုင်းဂိမ်းတွေထဲက ပုံရိပ်ယောင်စာဝင်ပုံးတွေဆိုရင် ပိုတောင်သေးသေးတယ်၊ တချို့ဆို အီးမေးလ် အရေအတွက် ကန့်သတ်ချက်တောင် ရှိသေးတယ်၊ ဒါပေမဲ့ ဒါကတော့... အစောင်ပေါင်း တစ်ထောင်ကျော် ရထားပြီးတာတောင် ပုံမှန်အတိုင်း ဆက်လက်လက်ခံနေတုန်းပဲ...”

အမှန်တကယ်တွင် ထိုသို့ဖြစ်လာခြင်းမှာ အတော်လေး ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ အမှန်စင်စစ် ဖုန်းပုကြွယ်သည် ဖိတ်ကြားခံရသည့် ကစားသမား ဆယ်ယောက်ထဲတွင် အများဆုံး နှောင့်ယှက်ခံရသည့်သူ ဖြစ်နိုင်ပေသည်။

အကြောင်းပြချက်မှာ ရိုးရှင်းပါသည်... ဤစာရင်းကို မထုတ်ပြန်ခင်က သူသည် ဘယ်သူမှမသိသည့် အညတရတစ်ယောက်သာ ဖြစ်နေခဲ့သောကြောင့်ပင်။

ဂိမ်းထဲမှ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက် ဇယားကိုပဲ ကြည့်လိုက်ပါဦး။ ပထမနေရာ - ဝါးမြိုခြင်းသရဲ (အော်ဒါ)၊ ဒုတိယနေရာ - အနောနီးမတ် (စာရင်းထွက်လာပြီးနောက်တွင် ကစားသမားအများစုက ထိုလျှို့ဝှက်ဆန်းကြယ်စွာ တက်လာသူမှာ အစ်ကိုကြွယ်ဖြစ်လိမ့်မည်ဟု သံသယဝင်လာကြသည်)၊ တတိယနေရာ - သျှီဝ (နတ်ဘုရားများ)၊ စတုတ္ထနေရာ - အရက်မူး၍ စိတ်ပျက်လက်ပျက် အိပ်နေခြင်း (အော်ဒါ)၊ ပဉ္စမနေရာ - အသုံးမကျသောဦးလေး (ဂိုဏ်းနောက်ခံမရှိသည့် အလွတ်တန်းကစားသမား)၊ ဆဋ္ဌမနေရာ - ကောင်းကင်ကို လှောင်ရယ်သူ (ကျန်းဟူ)၊ သတ္တမနေရာ - ဗိဿနိုး (နတ်ဘုရားများ)၊ အဋ္ဌမနေရာ - ဗြဟ္မာ (နတ်ဘုရားများ)၊ နဝမနေရာ - ဝူစစ်ချန်းရွှမ် (အော်ဒါ)၊ ဒသမနေရာ - ဓားမဲ့ဓားသမား (ကျန်းဟူ)၊ ဧကဒသမနေရာ - ဆာရှီမိ (အော်ဒါ)၊ ဒွါဒသမနေရာ - ရာမ (နတ်ဘုရားများ)၊ တြယောဒသမနေရာ - မုန့်ကျင်းချန် (အော်ဒါ)၊ စတုဒ္ဒသမနေရာ - အနောနီးမတ် (ဤအမည်မဖော်လိုသူမှာ ဖိတ်ကြားခံရသည့် ကစားသမားများထဲမှ တစ်ယောက်ဖြစ်သော ရွှီဟွိုက်ရှန်း ဖြစ်သည်)၊ ပဉ္စဒသမနေရာ - ဓားအရိပ်တို့၏ ရူးသွပ်သောခြေရာများ (ကျန်းဟူ)၊ သောဠသမနေရာ - ခုနစ်ထွေသတ်ဖြတ်ခြင်း (ဓားသွားအဖွဲ့)၊ သတ္တဒသမနေရာ - မတ်ချာမုန့်ကြွပ် (တောင်တန်းနှင့်မြစ်ပြင်)၊ အဋ္ဌာဒသမနေရာ - မိစ္ဆာဓားဘုရင် (မိစ္ဆာဓားသွား)၊ ဧကူနဝီသတိမနေရာ - ငါမကြောက်ဘူး (ကျန်းဟူ)၊ ဝီသတိမနေရာ - ကောင်းကင်ယံတစ်လျှောက် ပျံသန်းသော မြင်းပျံ (ကြယ်တာရာဂိုဏ်း)။

ဝတ်ရုံလုပွဲအပြီးတွင် အစ်ကိုကြွယ်သည် သူ၏ မြှင့်တက်သွားသည့် စိတ်ဝိညာဉ်ရည်ရွယ်ချက်ကြောင့် စွမ်းအားများ တိုးတက်လာခဲ့ပြီး ထိုအရာက သျှီဝ၊ ဝူစစ်ချန်းရွှမ်နှင့် ခုနစ်ထွေသတ်ဖြတ်ခြင်းတို့ကို အဆင့်သတ်မှတ်ချက်တွင် တစ်နေရာစီ ကျဆင်းသွားစေခဲ့သည်။ မူလက အဆင့်နှစ်ဆယ်တွင် ရှိခဲ့သည့် ပုဖန်(ငါမကြောက်ဘူး)သည် ယခုတွင် အဆင့်တစ်ဆယ့်ကိုးသို့ တက်လှမ်းလာနိုင်ခဲ့သဖြင့် သူမ၏ စွမ်းရည်မှာ ပိုမိုတိုးတက်လာကြောင်း ပြသနေလေသည်။ မူလက အဆင့် ၁၉ တွင် ရှိခဲ့သည့် ကျောက်ရင်းဝမ်ကတော့ ယခုမူ ထိပ်တန်းအယောက် ၂၀ စာရင်းထဲမှ ပြုတ်သွားခဲ့ပြီ ဖြစ်သည်။

မှန်ပေသည် ထိုအဆင့်သတ်မှတ်ချက်သည် ကစားသမားအချင်းချင်း တိုက်ခိုက်မှုများ၏ အမှန်တကယ် အနိုင်အရှုံးတို့ကို ထင်ဟပ်နေခြင်း မဟုတ်ပေ။

ဥပမာအားဖြင့် အဆင့် ၅၀ တွင်ရှိသည့် ကစားသမားတစ်ယောက်နှင့် အဆင့် ၈၀ တွင်ရှိသည့် ကစားသမားတစ်ယောက် ရှိသည်ဆိုပါစို့။ အကယ်၍ အဆင့် ၈၀ က လူ၏ အထူးစွမ်းရည် သို့မဟုတ် တိုက်ခိုက်ရေးပုံစံသည် အဆင့် ၅၀ ကလူကို တန်ပြန်နှိမ်နင်းနိုင်မည်ဆိုပါက အဆင့် ၈၀ ကစားသမားသည် အနိုင်ရရန် အခွင့်အရေး အတော်လေး မြင့်မားနေမည် ဖြစ်သည်။

သို့သော်လည်း ထိုအရာက စနစ်၏ အဆင့်သတ်မှတ်ချက်ကိုတော့ ပြောင်းလဲစေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စနစ်၏ အမြင်မှာ မိမိအနေဖြင့် လူတစ်ယောက်တည်းကို အကြိမ်ပေါင်းများစွာ အနိုင်ရနေခဲ့လျှင်ပင် ထိုအရာက အဓိပ္ပာယ်မရှိခြင်းကြောင့် ဖြစ်သည်။ အဓိကသော့ချက်မှာ ဖြစ်နိုင်ခြေရှိသည့် ရေတွက်မရသော တိုက်ပွဲများထဲမှ စုစုပေါင်း ဘယ်နှစ်ပွဲအခြေအနေထိ အနိုင်ရနိုင်မလဲဆိုတာပဲ ဖြစ်သည်။

စနစ်၏ အကဲဖြတ်နည်းလမ်းမှာ ထိုလူနှစ်ယောက်၏ အချက်အလက်များကို ရယူပြီး ဒေတာဘေ့စ်တစ်ခုလုံးနှင့် နှိုင်းယှဉ်ကာ သူတို့၏ ပျမ်းမျှအနိုင်ရနှုန်းကို တွက်ချက်ရန် တိုက်ခိုက်ရေးဆိုင်ရာ သရုပ်ဖော်မှုများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုပျမ်းမျှအနိုင်ရနှုန်းကို အခြေခံပြီးမှ အဆင့်သတ်မှတ်ချက်ကို သတ်မှတ်ခြင်း ဖြစ်သည်။ အဆင့် ၈၀ ရှိသူက အဆင့် ၅၀ ရှိသူနှင့် တိုက်ခိုက်တိုင်း အမြဲနိုင်နေခဲ့လျှင်ပင် ယင်းက အရေးမကြီးပေ။ အကယ်၍ သူတို့တစ်ဦးချင်းစီကို သတ်ဖြတ်ခြင်းဂိမ်းထဲတွင် ပွဲပေါင်း ၁၀၀ ပေးပြီး ကျပန်းကစားသမား ၁၀၀ နှင့် တစ်ဦးချင်းစီ တိုက်ခိုက်ခိုင်းမည်ဆိုပါက အဆင့် ၅၀ ရှိသည့်သူက သေချာပေါက် ပိုမိုအနိုင်ရရှိမည် ဖြစ်သည်။

အေအိုင်အတွက်ကတော့ ယင်းက ရိုးရိုးရှင်းရှင်း ဖြစ်နိုင်ခြေဆိုင်ရာကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။

အစ်ကိုကြွယ်၏ အခြေအနေဆီသို့ ပြန်သွားရအောင်...။

အခြားသော မျိုးစေ့ကစားသမားများသည် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များသာဖြစ်ကြောင်း သိရှိရန် မခက်ပေ။ ရွှီဟွိုက်ရှန်းသည် တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ဇယားတွင် အမည်မသိအဖြစ်နေရန် ရွေးချယ်ခဲ့သော်လည်း သူမ၏ အခြေအနေကတော့ ထူးခြား၏။ မည်သည့်အဆင့်သတ်မှတ်ချက်ဇယားတွင် ရှိမနေခဲ့လျှင်ပင် သူမသည် နာမည်ကြီး စတားတစ်ယောက် ဖြစ်နေဆဲပင်။ ထိုအကြောင်းပြချက်ကိုတော့ နောက်မှ ရှင်းပြပါမည်။

အတိုချုပ်ပြောရလျှင်မူ ဖိတ်ကြားခံရသည့် ကစားသမားများထဲတွင် ဖုန်းပုကြွယ်တစ်ဦးတည်းသာ လုံးဝ မျှော်လင့်မထားသည့် မျက်နှာသစ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

သူ့အပေါ် လူအများ၏ သံသယစိတ်များသည် ကာကွယ်ရခက်သော ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ သဘာဝကျစွာပင် အရှိန်အဟုန်နှင့် ကျရောက်လာခဲ့သည်...။

အကယ်၍ အခြားလူသာဆိုလျှင် သူတို့၏ အီးမေးလ်စာဝင်ပုံးထဲက "သူစိမ်းများထံမှ အီးမေးလ်အားလုံးကို ရှင်းလင်းပစ်ရန်" ဆိုသည့် ရွေးချယ်မှုကို နှိပ်လိုက်ကြမှာ သေချာပေသည်။ သို့သော် ဖုန်းပုကြွယ်ကတော့... ဟုတ်ပါသည်၊ သူသည် စာဖတ်သည့်အကျင့် ရှိသော်လည်း နှောက်ယှက်သည့်အီးမေးလ်တိုင်းကိုတော့ လိုက်ဖတ်နေမည် မဟုတ်ချေ... အစောင် နှစ်ရာလောက် ကြည့်ရှုပြီးသည့်နောက်တွင် သူသည် ခေါင်းစဉ်များနှင့် အစပိုင်းများကိုပဲ အပေါ်ယံ ကျော်ဖတ်လိုက်တော့သည်။

ဖုန်းပုကြွယ် အီးမေးလ်များကို အကျဉ်းချုပ်ရာတွင် အခြေခံအားဖြင့် အမျိုးအစား လေးမျိုး ခွဲခြားနိုင်ပေသည်။

ပထမအမျိုးအစား- သံသယမေးခွန်းထုတ်သည့် အမျိုးအစား ဖြစ်ပြီး အရေအတွက် အများဆုံးဖြစ်သည်။ ပေးပို့သူများသည် "ဖုန်းပုကြွယ်" ဆိုသည့် အိုင်ဒီကို တစ်ခါမှ မကြားဖူးကြပေ။သို့သော်လည်း ဖိတ်ကြားခံရသူစာရင်းကို မြင်ပြီးသည့်နောက်တွင်မူ သူတို့သည် အမျိုးမျိုး ခန့်မှန်းတွေးတောကာ "မင်းက ဘယ်သူလဲ"၊ "အစ်ကို... မင်း ဘယ်ဂိုဏ်းကလဲ"၊ "ဒါဆို မင်းက တိုက်ခိုက်ရေးစွမ်းရည်ဇယားမှာ ဒုတိယရတဲ့လူလား"၊ "မင်းက ဘယ်လိုလုပ်ပြီး ပါလာတာလဲ"၊ "မင်းက ဘယ်သူဘယ်ဝါရဲ့ အကောင့်ခွဲလား" စသည့် မေးခွန်းများပါသော အီးမေးလ်များကို ပို့ခဲ့ကြခြင်း ဖြစ်သည်။

ဒုတိယအမျိုးအစား- မနာလိုဖြစ်သည့် အမျိုးအစားဖြစ်ပြီး အရေအတွက် အနည်းငယ် ပိုနည်းပေသည်။ အချို့ကလည်း သံသယမေးခွန်းများပါပြီး အများစုကတော့ မနာလိုသည့် စကားလုံးများ ဖြစ်ကြသော "အစ်ကို... မင်းက ဂိမ်းကုမ္ပဏီပိုင်ရှင်နဲ့ ဘာတော်လို့လဲ"၊ "သူဌေးကောင်... နေရာတစ်နေရာကို ဘယ်လောက်ပေးရလဲ"၊ ပြီးတော့ "လူတွေလုပ်တာကို ကောင်းကင်က စောင့်ကြည့်နေတယ်" ဆိုတာမျိုးအထိ... အတိုချုပ်ပြောရလျှင် မလိုတမာ စွပ်စွဲချက်များနှင့် အဓိပ္ပာယ်မရှိသည့် စကားများပင်။

တတိယအမျိုးအစား- ပရောပရည်လုပ်သည့် အမျိုးအစား ဖြစ်ပြီး အီးမေးလ်အရေအတွက်က သံသယမေးခွန်းထုတ်သည့် အမျိုးအစားပြီးလျှင် ဒုတိယအများဆုံး ဖြစ်သည်။ အကြောင်းအရာကတော့ ဤရက်ပိုင်းများတွင် အော်ဒါပို့နေသည့် ပရောပရည်အီးမေးလ်များနှင့် ဆင်တူသော်ငြား စတိုင်လ်က ဆန်းပြားပြီး ထူးဆန်းသည့်အရာမျိုးစုံပင်...။ ဥပမာအားဖြင့် အချို့လူများသည် ဝါးပြီးသားပီကေတစ်ပြားကို attachment အနေဖြင့် တွဲ၍ "သူငယ်ချင်း လုပ်ရအောင်" ဆိုသည့် ခေါင်းစဉ်နှင့် ပို့ကြခြင်း၊ ဒါမှမဟုတ် ပီကေဘူးတစ်ဘူးကို ပို့ပြီး "နှစ်ခုတွဲနေတာက အကောင်းဆုံးပဲ" ဆိုသည့် ခေါင်းစဉ်နှင့် ပို့နေကြခြင်းမျိုး ဖြစ်သည်...။

စတုတ္ထအမျိုးအစား- အကြောင်းပြချက် မရှိသည့် အမျိုးအစား ဖြစ်သည်။ ထိုအီးမေးလ်များကို ပို့နေသည့်လူများသည် "ဖုန်းပုကြွယ်" ဆိုသည့် ကစားသမားမှာ အမှန်တကယ်မရှိဘဲ ဂိမ်းကုမ္ပဏီက နေရာတစ်ခု ယူထားရန်အတွက် ဖန်တီးထားသော ဇာတ်ကောင်တစ်ခုသာ ဖြစ်လိမ့်မည်ဟု ထင်နေပုံရသည်။ ထို့ကြောင့် သူတို့သည် စာလုံးအချို့ကို ကျပန်းရိုက်ပြီး အီးမေးလ် ရောက်၊ မရောက် စမ်းသပ်ရန် ပို့လိုက်ကြခြင်း ဖြစ်သည်...။

ထို့အပြင် "ဟီးဟီး"၊ "ဟယ်... လန့်သွားတာပဲ"၊ "ပရိုကြီးကို စောင့်ကြည့်နေတယ်"၊ "ပရော်ဖက်ရှင်နယ် ဂိမ်းဟက်ကာ"၊ "စစ်တပ်ဆရာဝန်ဟောင်းက ဝဲနာ၊ ယားနာများကို အထူးကုသပေးသည်" စသည့် အကြောင်းအရာများပါသော အီးမေးလ်အချို့လည်း ရှိပါသေးသည်...။ ယင်းတို့ကိုလည်း စတုတ္ထအမျိုးအစားထဲတွင် ရေတွက်နိုင်သည်။

ဤကဲ့သို့ အီးမေးလ်အမြောက်အမြားနှင့် ရင်ဆိုင်ရချိန်၌ ဖုန်းပုကြွယ်ထံတွင် စကားတစ်လုံးသာ ရှိတော့သည်။ အားလုံးကို ဖျက်ပစ်ရန် ဖြစ်သည်။

သူသည် ပြန်စာပို့ရန် မအားသလို ထိုသို့လုပ်ရန်လည်း စိတ်မဝင်စားပေ။ အစုလိုက်အပြုံလိုက် ဖျက်ပစ်သည့် စနစ်၏ အကူအညီဖြင့် အစ်ကိုကြွယ်သည် ထိုအီးမေးလ်များကို တစ်မိနစ်လျှင် တစ်မျက်နှာနှုန်းနှင့် ဖျက်ဆီးပစ်လိုက်သည်။ နောက်ပိုင်းဇာတ်လမ်းများထဲတွင် သူတို့နှင့် မဆုံတွေ့ရအောင်လည်း "သံသယမေးခွန်းထုတ်သူ" များမှလွဲ၍ ကျန်ပေးပို့သူအားလုံးကိုလည်း လမ်းကြုံသောကြောင့် အမည်ပျက်စာရင်းထဲ ထည့်ပစ်ခဲ့ပါသေးသည်...။

၁၂:၀၀ မှ ၁၂:၃၀ အထိ ဖုန်းပုကြွယ်သည် အီးမေးလ်များကို ကိုင်တွယ်ခြင်းကလွဲ၍ တခြားဘာမှ မလုပ်ခဲ့ပေ။ လက်တွေ့ကမ္ဘာတွင် နာရီဝက်သာ ဖြစ်သော်လည်း ဂိမ်းကမ္ဘာထဲတွင်မူ... ငါးနာရီအပြည့် ဖြစ်သည်။

ထိုငါးနာရီလုံးလုံး အစ်ကိုကြွယ်သည် ခေါက်ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်၍ အီးမေးလ်ခေါင်းစဉ်များကို စိတ်ဝင်တစားနှင့် တစ်မျက်နှာပြီးတစ်မျက်နှာ စစ်ဆေးကာ တစ်စောင်ချင်းစီ ဖျက်ပစ်နေခဲ့ခြင်းက ဖိုရမ်တစ်ခုကို လျှောက်ကြည့်နေရသလိုမျိုး ခံစားချက်ကို ပေးစွမ်းနေလေသည်...။ သို့သော်လည်း တကယ်တမ်းတွင် သူသည် သူ၏ အီးမေးလ်စာဝင်ပုံးကိုသာ လျှောက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သူ မသိခဲ့သည်က ဂိမ်းဖိုရမ်များပေါ်တွင် "လျှို့ဝှက်ဆန်းကြယ် ကစားသမား ဖုန်းပုကြွယ်" သည် ရေပန်းအစားဆုံးခေါင်းစဉ်များထဲက တစ်ခု ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။

"ထဲကတစ်ခု" ဆိုတာကိုတော့ ထည့်ပြောရပါလိမ့်မည်။အဘယ်ကြောင့်ဆိုသော် ကစားသမားများ၏ အာရုံစိုက်မှုမှာ အစ်ကိုကြွယ် တစ်ဦးတည်းအပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ နောက်ဆုံး၌ အခြားဖိတ်ကြားခံရသည့် ကစားသမားများလည်း ရှိနေသလို ပဏာမအဆင့် ပြိုင်ပွဲများအကြောင်း ပို့စ်အမြောက်အမြားနှင့် ပြိုင်ပွဲပုံစံအကြောင်း ဆွေးနွေးမှုများလည်း ရှိနေသောကြောင့် ဖြစ်သည်။

ဖုန်းပုကြွယ်ဆိုသည့် ဂိမ်းအိုင်ဒီအပေါ် ခန့်မှန်းတွေးတောမှုများသည် စုစုပေါင်း ပို့စ်အရေအတွက်၏ ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိနိုင်ပေသည်။

ရေတွက်မရသော ကစားသမားများက အချက်အလက်များကို ပေါက်ကြားစေခဲ့ကြပြီး ၎င်းတို့ထဲတွင် ဂိမ်းအစောပိုင်းက ကြုံတွေ့ခဲ့ရသည့် "မင်းကို လွမ်းတဲ့အခါ အထီးကျန်ဆုံးပဲ"(မစ္စတာအထီးကျန်ဆုံး) ဇာတ်လမ်းအခြေအနေနှင့် မိစ္ဆာဓားသွားအဖွဲ့ဆီက "ကမ္ဘာပျက်ကပ်တိုက်စစ်" နှင့် "နောက်ဆုံးတိုက်စစ်" ဇာတ်လမ်းများကဲ့သို့ ဖုန်းပုကြွယ်နှင့်အတူ ဇာတ်လမ်းများ ဆော့ဖူးခဲ့သူများမှာ အမှန်တကယ် ပါဝင်နေခဲ့သည်။ ဖုန်းပုကြွယ် အဆင့်တက်လာစဉ်အတွင်း ကစားသမားအမြောက်အမြားနှင့် ဆုံတွေ့ခဲ့ဖူးပြီး သူ၏ ပင်ကိုယ်စရိုက်အရလည်း သူတို့အပေါ် သဘာဝကျစွာဖြင့် အမှတ်ရစရာများ ချန်ထားမိခဲ့ခြင်း ဖြစ်သည်...။

သို့သော်လည်း ဖုန်းပုကြွယ်အား သူငယ်ချင်းအဖြစ် အပ်ထားခဲ့ဖူးသည့်သူများအပြင် နာမည်ကြီး ကစားသမားများနှင့် စတူဒီယိုများကတော့ ဆက်လက် နှုတ်ဆိတ်နေကြလေသည်။

ထို့ကြောင့် အလွန်ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်ပေါ်လာတော့သည်။ ကစားသမားအမြောက်အမြားက အချက်အလက်များ ပေါက်ကြားစေခြင်းနှင့် ကောလာဟလများ ဖြန့်နေကြခြင်းကြောင့် အစစ်အမှန်ဖြစ်သော အချက်အလက်အချို့သည်လည်း လျစ်လျူရှုခြင်း ခံခဲ့ရသည်...။ ဖုန်းပုကြွယ် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားသည် ပိုမိုလျှို့ဝှက်ဆန်းကြယ်လာပြီး ကောလာဟလများကလည်း ပိုမိုဆန်းပြားလာတော့သည်...။ အချို့က သူသည် လူသားများကို စားသည်ဟု ပြောကြပြီး အချို့က သူ့တွင် လက်ရှစ်ဖက် ရှိသည်ဟု ပြောကြကာ အခြားသူများကတော့ သူသည် ဂိမ်းကမ္ဘာထဲတွင် နေထိုင်သည့် သရဲတစ်ကောင် ဖြစ်လိမ့်မည်ဟု ယုံကြည်ကြသည်...။ အင်တာနက်အသုံးပြုသူများ၏ ကြွယ်ဝလှသော စိတ်ကူးယဉ်ပုံဖော်မှုများကိုတော့ ချီးကျူးရပါလိမ့်မည်။ ဖုန်းပုကြွယ်သည် မည်သည့် လူထုပြိုင်ပွဲတွင်မှ မပေါ်လာရသေးခင်မှာပင် မြို့ပြဒဏ္ဍာရီတစ်ခုလိုမျိုး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

All Chapters