← Chapters

အခန်း ၃၇၈

Vol. 40 Ch. 378

အခန်း ၃၇၈

Vol. 40 Ch. 378

အခန်း (၃၇၈) အသုံးမကျသော ဦးလေး

“ဟေး... အစ်ကိုကြွယ်၊ အဲဒီဘက်မှာ အခြေအနေ ဘယ်လိုလဲ...”

အသတ်ခံရပြီးနောက် ရှောင်တန်သည် လော့ဂ်အင်နေရာသို့ ပြန်ရောက်လာပြီး ဖုန်းပုကြွယ်ထံ အသံဖြင့် ဆက်သွယ်လိုက်သည်။

“အီးမေးလ်တွေ ဖျက်နေတယ်...”

ဖုန်းပုကြွယ်က အားမရှိသလို ပြန်ဖြေလိုက်သည်။ ထိုသို့ပြောနေစဉ်တွင်လည်း သူ့လက်များ အားမနေသည်မှာ သိသာလှသည်။

“ဟဟ... အခုထိ မဖျက်ရသေးဘူးလား...”

ရှောင်တန် ရယ်မောလိုက်သည်။

သန်းခေါင်ယံအချိန်ခန့်ကလည်း သူသည် ဖုန်းပုကြွယ်နှင့် ဆက်သွယ်ခဲ့သေးသည်။ ထိုအချိန်တုန်းက ဝဘ်ဆိုက်ပေါ်တွင် ဖိတ်ကြားခံရသည့် ကစားသမားစာရင်းကို ကြေညာရုံရှိသေးပြီး အစ်ကိုကြွယ်၏ စာဝင်ပုံးမှာ ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

“ငါ ထင်ထားတဲ့အတိုင်းပဲ...”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ဒီတစ်ခါတော့ ငါ သေချာပေါက် နာမည်ကြီးသွားပြီပဲ၊ နောက်ထပ် သုံးရက်ကနေ တစ်ပတ်လောက်အထိ နေ့တိုင်း အီးမေးလ်အစောင်ပေါင်း ထောင်ချီကို ကိုင်တွယ်ဖို့ ငါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတယ်...”

သူ ခဏရပ်လိုက်သည်။

“နောက်ပိုင်း ဒီအရှိန်အဟုန်လေး ကျသွားရင်တော့ အခြေအနေက နည်းနည်းသက်သာလာမှာပါ၊ ဒါပေမဲ့... ငါ လုံးဝအညတရ ဖြစ်ခဲ့တဲ့ အကောင်းဆုံးအခြေအနေကိုတော့ ဘယ်တော့မှ ပြန်သွားနိုင်တော့မှာ မဟုတ်ပါဘူး၊ တစ်ခါတုန်းက ပြေးဝင်လာသောဓားသွား (ခွမ်ကျုံးကျင်းယင်) ပြောတာ ငါကြားဖူးတယ်၊ သူတို့လို နာမည်ကြီးကစားသမားတွေဆိုရင် ဂိမ်းထဲ လော့ဂ်အင်ဝင်တာနဲ့ သူစိမ်းတွေဆီက အီးမေးလ်အစောင်ပေါင်း ဆယ်ဂဏန်းလောက် ရတတ်တာ ပုံမှန်ပဲတဲ့၊ ငါ့အခြေအနေလည်း နောင်ကျရင် အဲဒီလို ဖြစ်လာလိမ့်မယ် ထင်တယ်...”

“မင်း ရနေတဲ့ အခွင့်အရေးမျိုးကို လိုချင်နေကြတဲ့လူတွေလည်း မရေမတွက်နိုင်အောင် အများကြီးရှိမှာပါကွာ...”

ရှောင်တန်က ညည်းတွားလိုက်သည်။

“ဟွန်း... တကယ်တော့ ကောင်းကွက်လည်း ရှိပါတယ်၊ ငါ ပဏာမပွဲစဉ်တွေ ကစားစရာမလိုတော့... ပိုသက်သာသွားတာပေါ့”

ဖုန်းပုကြွယ် ဆက်ပြောလိုက်သည်...။

“ဒါနဲ့၊ မင်းရဲ့ ပဏာမအဆင့် ပထမဆုံးပွဲက ဘယ်လိုဖြစ်သွားလဲ...”

“ဟူး...ငါ ရှုံးသွားတယ်...”

ရှောင်တန် သက်ပြင်းချလိုက်သည်။

“အိုး...”

ဖုန်းပုကြွယ်မှာ အတော်လေး တည်ငြိမ်နေပုံရသည်။

“ဟေး... တုံ့ပြန်မှုကလည်း အေးစက်လိုက်တာ၊ ငါရှုံးတာက ပုံမှန်ပဲဆိုတဲ့ ပုံစံမျိုးနဲ့...”

ရှောင်တန်က ပြန်ပြောလိုက်သည်။

“တစ်ပွဲရှုံးတာက ကိစ္စမရှိပါဘူး...”

ဖုန်းပုကြွယ်က ဆိုသည်။

“ပိုးကောင်တိုက်ပွဲမှာ ပွဲပေါင်း ငါးဆယ် ရှိနေတာပဲ၊ လေးပွဲဆက်တိုက်မရှုံးဘဲ စောစောစီးစီး ပြုတ်မသွားသရွေ့တော့ ပြဿနာမရှိပါဘူး...”

“မင်းပြောတော့ လွယ်တာပေါ့... ဒီဂိမ်းထဲမှာ ကစားသမား သန်းနဲ့ချီရှိပေမယ့် ပိုးအိမ်တိုက်ပွဲကို လူသုံးထောင်ပဲ တက်လှမ်းခွင့်ရမှာ၊ ပြီးတော့ ပိုးကောင်တိုက်ပွဲရဲ့ ဘယ်အဆင့်မှာမဆို ၁၅ ပွဲ ဆက်တိုက်နိုင်တဲ့ ကစားသမားတွေက တိုက်ရိုက်အဆင့်တက်ခွင့် ရဦးမှာ...”

ရှောင်တန်က စိတ်ထဲတွင် တွက်ချက်ရင်း ပြောလိုက်သည်။

“သီအိုရီအရ ပွဲပေါင်းငါးဆယ်လုံး ကစားတဲ့သူတစ်ယောက်အတွက် အကောင်းဆုံးစံချိန်က ၄၇ ပွဲနိုင် ၃ ပွဲရှုံးပဲ... တကယ်လို့ ၁၅ ပွဲဆက်တိုက် မနိုင်နိုင်ရင် အဆင့်တက်ဖို့အတွက် အဲဒီစံချိန်ရအောင် ကြိုးစားရတော့မှာ...”

“စိတ်မပူပါနဲ့...”

ဖုန်းပုကြွယ်က ဆိုသည်။

“ပွဲ ၄၀ နိုင်ရင် အဆင့်တက်ဖို့ သေချာသလောက် ရှိပါတယ်...”

“ဟမ်...”

ရှောင်တန် ဆွံ့အသွား၏။ အစ်ကိုကြွယ်နှင့် သူငယ်ချင်းဖြစ်ခဲ့သည့် သံယောဇဉ်အရ တစ်ဖက်လူ၏ လေသံကို ကြားရုံနှင့် အခြေအနေတော်တော်များများကို ခန့်မှန်းနိုင်သဖြင့် ယခုလည်း ဖုန်းပုကြွယ်သည် အတော်လေး သေချာသည့်သဘောထားမျိုးဖြင့် ပြောဆိုနေကြောင်း သိလိုက်ရသည်။

“မင်း ဘယ်လိုသိတာလဲ...”

ရှောင်တန်က မေးမြန်းလိုက်သည်။

“ဂိမ်းကုမ္ပဏီထဲကလူတွေတောင် ဒီလိုကိစ္စမျိုးကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာ မဟုတ်ဘူးမလား...”

“ခန့်မှန်းချက်ပေါ့ကွာ...”

ဖုန်းပုကြွယ်က ဆိုသည်။

“မင်းရဲ့ စကားလုံးနှစ်လုံးက ပြီးပြည့်စုံတဲ့ အဖြေလား... ဒါမှမဟုတ် ခြုံငုံပြောလိုက်တာလား...”

ရှောင်တန် နှုတ်ခမ်းများ တွန့်သွားသည်။

ဖုန်းပုကြွယ်သည် ရှောင်တန်၏ ဆိုလိုရင်းကို နားလည်သဖြင့် တိုက်ရိုက်ပင် ရှင်းပြလိုက်သည်။

“ဂိမ်းကို တရားဝင်ဖွင့်လှစ်ပေးခဲ့တဲ့ နေ့ကစပြီး တွက်ကြည့်ရအောင်... ဒီ ၂၄ ရက်မပြည့်ခင် အချိန်အတွင်းမှာ အဆင့် ၃၀ နဲ့ အထက်ကို ရောက်နိုင်တဲ့လူအရေအတွက်က ကန့်သတ်ချက် ရှိတယ်၊ မင်းပြောတဲ့ 'ဒီဂိမ်းထဲမှာ ကစားသမား သန်းနဲ့ချီ ရှိတယ်' ဆိုတာက တကယ်တော့ အဓိပ္ပာယ်မရှိဘူး... စာရင်းသွင်းဖို့ သတ်မှတ်ချက်မပြည့်တဲ့လူတွေကို ထည့်တွက်စရာ မလိုဘူး။

မင်းရဲ့ ပြိုင်ဘက်တွေက မျိုးစေ့ကစားသမား ၁၀ ယောက်ကလွဲလို့ အဆင့် ၃၀ ကျော်ပြီး စာရင်းသွင်းထားတဲ့ ကစားသမားတွေပဲ၊ ဒီသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လူက တစ်သန်းထက် အများကြီး နည်းပါတယ်၊ တစ်သိန်းကျော်ရှိရင်ပဲ အတော်လေး ဟုတ်နေပြီ... သူတို့ထဲမှာမှ အတွေ့အကြုံနှစ်ဆကတ်တွေကို အရူးအမူး သုံးခဲ့တဲ့သူတွေ ဒါမှမဟုတ် လူငှားပြီး အဆင့်တင်ခိုင်းခဲ့တဲ့သူတွေ (ဤသည်မှာ ဂိမ်းစတူဒီယိုများ၏ ပုံမှန်လုပ်ငန်းတစ်ခုဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမား ၄၊ ၅ ယောက်က သူဌေး ၁ ယောက် သို့မဟုတ် ၂ ယောက်ကို ခေါ်ပြီး ဇာတ်လမ်းတွေကို အောင်မြင်အောင် ဆော့ပေးခြင်းဖြစ်သည်) ပါနေပြီး ပြိုင်ပွဲဝင်ခွင့်ရအောင် အဆင့်မြှင့်ခဲ့ကြပဲ၊ ဒီလိုလူတွေက လွယ်ကူတဲ့ပစ်မှတ်တွေပဲ၊ သူတို့ အချင်းချင်းကြားထဲမှာတောင် ရုန်းကန်နေရတာ၊ တကယ်လို့ သူတို့သာ ကြိုးကြိုးစားစား အဆင့်မြှင့်လာတဲ့ ကစားသမားတွေနဲ့ ဆုံရင်တော့ သေချာပေါက် လေးပွဲဆက်တိုက်ရှုံးပြီး ပြုတ်သွားဖို့က အချိန်ပဲ လိုတော့တာ။

၁၅ ပွဲဆက်တိုက်နိုင်ပြီး အဆင့်တက်ဖို့က သီအိုရီအရ ဖြစ်နိုင်ပေမယ့် ရိုးရိုးသားသား ပြောရရင် အတော်လေး ခက်ခဲတယ်၊ လုံးဝကျပန်း စနစ်နဲ့ တန်းစီရတဲ့ စည်းမျဉ်းအောက်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်၊ ၁၅ ပွဲဆက်တိုက် တစ်ဦးချင်းတိုက်ပွဲမှာ မင်းနဲ့ အဆင့်တူတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက် သို့မဟုတ် မင်းရဲ့ အားသာချက်ကို ဖိနှိပ်နိုင်တဲ့ ကစားသမားတစ်ယောက်နဲ့ တစ်ပွဲတည်းဆုံလိုက်ရုံနဲ့ အနိုင်ပွဲဆက်က ပြတ်သွားမှာပဲ။

ဖြစ်နိုင်ခြေအမြင်ကနေ ကြည့်ရင်တော့... ကစားသမားတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ဇယားက မြင့်လေလေ ဒီလို နိုင်ပွဲရဖို့ ဖြစ်နိုင်ခြေ ပိုများလေလေပဲ၊ အဆင့် ၁၀၀ အောက်က ကစားသမားတွေအတွက်တော့ ၁၅ ပွဲဆက်တိုက်နိုင်ဖို့ မျှော်လင့်ချက်က အတော်လေး နည်းပါးသွားပြီ၊ ဒါကြောင့်... နေရာ ၃၀၀၀ ထဲမှာ ဆက်တိုက်နိုင်လို့ အဆင့်တက်သွားမယ့် နေရာက အများဆုံး ၁၀၀ ပတ်ဝန်းကျင်ပဲ ရှိလိမ့်မယ်။

လူအများစုကတော့ အနိုင်ရနှုန်းကို မစဉ်းစားခင် ပွဲပေါင်း ၅၀ စလုံး ကစားဖို့ လိုလိမ့်မယ်”

သူက ဤနေရာတွင် ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်...။

“အခု မင်းပြောတဲ့ သီအိုရီအရ အကောင်းဆုံးစံချိန်ဖြစ်တဲ့ ၄၇ ပွဲနိုင် ၃ ပွဲရှုံးကို ကြည့်ရအောင်၊ ဒါက အခြေခံအားဖြင့်တော့ ၁၅ ပွဲဆက်တိုက်နိုင်ဖို့ ခက်ခဲတဲ့အဆင့်မျိုးနဲ့ အတူတူပဲ မဟုတ်လား...”

“အင်း...”

ရှောင်တန်က စဉ်းစားရင်း တုန့်ပြန်လိုက်သည်။

“အခုတစ်ကြိမ် ပြိုင်ပွဲပုံစံက တော်တော်ကောင်းပါတယ်၊ ဆက်တိုက်နိုင်ရင် အဆင့်တက်ပြီး ဆက်တိုက်ရှုံးရင် ပြုတ်မယ့် စနစ်တွေက မင်းအနေနဲ့ အရမ်းတော်တဲ့သူတွေ ဒါမှမဟုတ် အရမ်းညံ့တဲ့သူတွေနဲ့ ဆုံနိုင်မယ့် ဖြစ်နိုင်ခြေကို လျှော့ချပေးလိမ့်မယ်...”

ဖုန်းပုကြွယ် ဆက်ပြောသည်...။

“ကံတရားကို ဖယ်ထားရင်... ပုံမှန်အားဖြင့် ပွဲပေါင်းငါးဆယ်မှာ နတ်ဘုရားလို အဆင့်ရှိတဲ့ ပြိုင်ဘက် ၅ ယောက်နဲ့ အားနည်းသူ ၅ ယောက် စုစုပေါင်း ၁၀ ယောက်ထက် ပိုဆုံမှာ မဟုတ်ဘူး၊ ကျန်တဲ့ ၄၅ ပွဲမှာတော့... မင်းနဲ့ စွမ်းရည်ချင်း အဆင့်တူတဲ့ ပြိုင်ဘက်တွေနဲ့ပဲ ရင်ဆိုင်ရမှာ။

မင်းရဲ့ ကစားသမားချင်း တိုက်ခိုက်တဲ့စွမ်းရည်က ပျမ်းမျှထက် နည်းနည်းလေးပဲ မြင့်နေရင်တောင် မင်းရဲ့ အနိုင်ရနှုန်းက ၅၀ ရာခိုင်နှုန်းအောက် မကျနိုင်ဘူး၊ ဒါက ပွဲပေါင်း ၂၃ ပွဲလောက် နိုင်ထားပြီးသားနဲ့ ညီမျှတယ်၊ မင်း အဆင့်တက်၊ မတက် ဆိုတာကတော့... ကျန်တဲ့ ၂၂ ပွဲထဲက ဘယ်နှစ်ပွဲ နိုင်မလဲဆိုတာရယ်... ပြီးတော့ ကံတရားအပေါ် မူတည်တဲ့ ပွဲစဉ်တွေမှာ နတ်ဘုရားလို ပြိုင်ဘက်တွေနဲ့ ပိုဆုံမလား၊ အားနည်းတဲ့သူတွေနဲ့ ပိုဆုံမလား ဆိုတာအပေါ်မှာပဲ မူတည်တော့တယ်...”

“အာ... အတိုချုပ်ပြောရရင်...”

ရှောင်တန်က ဝင်ပြောလိုက်သည်။

“အဆင့်တက်ဖို့ အခြေအနေက ငါထင်ထားတာထက် အများကြီး ပိုမျှော်လင့်ချက် ရှိတာပေါ့...”

“မှန်တယ်...”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ငါ့အမြင်အရတော့... အဆင့်တက်ဖို့ အနိမ့်ဆုံးစံနှုန်းက ၃၅ ပွဲနိုင်... ဒါမှမဟုတ် အဲဒီထက်တောင် နိမ့်နိုင်သေးတယ်၊ မင်းအနေနဲ့ ၁၅ ပွဲဆက်တိုက် မရှုံးသရွေ့တော့ အဆင့်တက်ဖို့ အခွင့်အရေး ရှိနေတုန်းပဲ...”

“အိုကေ...”

အစ်ကိုကြွယ်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးနောက် ရှောင်တန် စိတ်အေးသွားရသည်။

“ဒါနဲ့... ကံတရားအပေါ် မူတည်တဲ့ ပွဲစဉ်အကြောင်း ပြောရရင် ငါ့ပထမဆုံးပွဲရဲ့ ပြိုင်ဘက်က ဘယ်သူလဲ သိလား...”

“မင်းလေသံအရဆိုရင် ပြိုင်ဘက်ကောင်းတစ်ယောက်ကြောင့် ရှုံးခဲ့တာလား...”

ဖုန်းပုကြွယ်က မေးမြန်းလိုက်သည်။

“ခုနစ်ထွေသတ်ဖြတ်ခြင်း၊ အစ်ကိုလုံရဲ့ ဂိုဏ်းက ခုနစ်ထွေသတ်ဖြတ်ခြင်းပဲ...”

ရှောင်တန်က အလေးအနက် ပြောလိုက်သည်။

“အိုး...”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါဆိုရင်တော့ နတ်ဘုရားအဆင့်ရှိတဲ့ ပြိုင်ဘက်လို့ သတ်မှတ်လို့ရတာပေါ့...”

“မင်းက အဲဒီလိုလူမျိုးကိုတောင် နိုင်ခဲ့ဖူးတာကို တွေးကြည့်ရင် ဖိတ်ကြားခံရတဲ့ ကစားသမားစာရင်းထဲမှာ ပါနေတာက လုံးဝမဆန်းတော့ပါဘူး...”

ရှောင်တန်က ပြောလိုက်သည်။

ဝတ်ရုံလုပွဲတုန်းက ဖုန်းပုကြွယ်သည် သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ ရှောင်တန်ကို အကြိမ်အနည်းငယ် ကြွားဝါခဲ့ဖူးသဖြင့် နောက်ပိုင်းတွင် ရှောင်တန်က အတော်များများ သိနေခဲ့ခြင်း ဖြစ်သည်။

“မင်းရဲ့ လက်ရှိ စွမ်းရည်တွေနဲ့ဆိုရင်... သူ့ကို ယှဉ်နိုင်သင့်တယ် မဟုတ်လား...”

ဖုန်းပုကြွယ် မေးလိုက်သည်။

“ဟုတ်တယ်၊ ဒါပေမဲ့ ငါသူ့ကို မနိုင်ဘူး...”

ရှောင်တန်က ဆိုသည်။

“ငါနဲ့ မင်းတို့လို ထိပ်တန်းပညာရှင်တွေကြားထဲမှာ ကွာဟချက်ကြီးတစ်ခု ရှိနေသေးတယ်လို့ ခံစားရတယ်...”

“ဟဲ... တကယ်လို့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကသာဆိုရင် မင်း ငါ့ကို အသားပြားဖြစ်အောင် ရိုက်နိုင်မှာပဲ...”

ဖုန်းပုကြွယ် လှောင်ပြုံးပြုံးလိုက်သည်။

“ဟင်... ဘာလဲ...”

ရှောင်တန်က အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... ပါးစပ်ထဲရှိရာ ပြောလိုက်တာ...”

ဖုန်းပုကြွယ်သည် အီးမေးလ်များ ဖျက်နေရင်း အာရုံများနေသဖြင့် ခေတ္တမျှ သတိလွတ်ကာ စကားကျွံသွားခဲ့ခြင်း ဖြစ်သည်။ သူက အမြန်ဖုံးကွယ်ရင်း ပြောလိုက်သည်။

“ငါ ရုပ်ရှင်ထဲက စကားတစ်ခွန်းကို ရွတ်မိသွားတာထင်တယ်... စိတ်ထဲမထားပါနဲ့...”

“အိုး...”

ရှောင်တန်လည်း အများကြီး မတွေးတော့ဘဲ ပြန်ပြောလိုက်သည်။

“ဒါဆိုရင်လည်း... မင်း အီးမေးလ်တွေ ဆက်ဖျက်နေလိုက်ဦး၊ ငါတော့ စမ်းကြည့်ဖို့ နောက်ထပ် ပွဲတချို့ သွားကစားလိုက်ဦးမယ်...”

“သွားလေ...”

ဖုန်းပုကြွယ်က ဆိုသည်။

“ဘိုင့်...”

နှစ်ဦးကြား ဆက်သွယ်မှု ပြတ်တောက်သွား၏။ အစ်ကိုကြွယ်သည် စိတ်သက်သာရာ ရစွာြဖင့် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

“ဟူး... တော်သေးတာပေါ့...”

သူ သူ့ဘာသာ ရေရွတ်လိုက်မိသည်။

“ငါက သူ့ကို အားပေးဖို့ပဲ တွေးနေမိတာ... အာရုံသိပ်မစိုက်မိလိုက်ဘူး...”

သူသည် လုပ်လက်စကို ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ရာ သူ့မျက်စိရှေ့တွင် သွေးများနှင့် အော်ဟစ်သံများ ပြည့်နှက်နေသည့် မှတ်ဉာဏ်အပိုင်းအစများ ဖြတ်ပြေးသွားလေသည်...။

“အဲဒီတုန်းက... ဒီကောင်လေးကတော့ သေချာပေါက် ရူးသွပ်နေခဲ့တာပဲ...”

...

တစ်ချိန်တည်းမှာပဲ အထူးဖိတ်ကြားခံရသည့် ကစားသမားနှစ်ဦးကြားတွင် တစ်ဦးချင်းစီ သတ်ဖြတ်ခြင်းဂိမ်းတစ်ခု ဖြစ်ပွားနေလေသည်။ ထိုသူတို့မှာ အသုံးမကျသောဦးလေးနှင့် မိစ္ဆာဓားဘုရင်တို့ ဖြစ်ကြသည်။

အသုံးမကျသောဦးလေး၏ ပုံစံမှာ လုံးဝစုတ်ပြတ်သတ်နေပြီး... ရှုပ်ပွနေသော ဆံပင်တို၊ မုတ်ဆိတ်မွေးများနှင့် နေကာမျက်မှန် တပ်ထားကာ အညိုရောင် ညအိပ်ဝတ်စုံနှင့် ညှပ်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ မိစ္ဆာဓားဘုရင်သည် ဘယ်ဘက်ရင်ဘတ်တွင် တံဆိပ်တစ်ခုပါရှိသော အစိမ်းရောင်နှင့် အနက်ရောင် ကလပ်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုတံဆိပ်မှာ သေသပ်စွာ ထုဆစ်ထားသော ဦးခေါင်းခွံ ပုံစံဖြစ်ပြီး “မိစ္ဆာဓားသွား” ဟူသော စာလုံးကို အနက်ရောင်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။ သူတို့စတူဒီယိုမှ ကစားသမားအများစုမှာ ထူးခြားမှုမရှိဘဲ အားလုံး ကတုံးတုံးထားကြပြီး ယူနီဖောင်းများကို တူညီစွာ ဝတ်ဆင်ထားကြခြင်းဖြစ်သည်။ သူတို့အမည်များသည်လည်း အဆုံးတွင် “တိုက်စစ်” သို့မဟုတ် “ဘုရင်” ဟူ၍ ပေါင်းထည့်သည့် ပုံစံအတိုင်း ဖြစ်ကြသည်။

မေပယ်တောအုပ်အထက်တွင် တောက်ပသော လမင်းကြီးက မြင့်မားစွာ ထွန်းလင်းနေလေသည်။

သစ်ပင်များကြားတွင် ညဉ့်ယံက ထင်ရှားနေပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များက ပုန်းကွယ်နေလေသည်။

သူတို့နှစ်ဦးသည် အကြိမ်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးဖြစ်ကာ သူတို့ထဲမှ တစ်ယောက်မှာ အားနည်းသည့် လက္ခဏာများ ပြသနေပြီ ဖြစ်သည်။

“ဟာသပဲ...”

မိစ္ဆာဓားဘုရင်က နောက်ဆုတ်သွားရင်း မြေပြင်ပေါ်မှ ပုဆိန်သွားတပ်လှံရှည်ကို ကောက်ယူလိုက်သည်...။ ထိုလက်နက်သည် လွန်ခဲ့သော စက္ကန့်ပိုင်းအနည်းငယ်ကမှ သူ့လက်ထဲက လွင့်ထွက်သွားခဲ့ခြင်း ဖြစ်သည်...။

“အဲဒါက ငါပြောရမယ့် စကားထင်တယ်...”

အသုံးမကျသောဦးလေးသည် ပါးစပ်တွင် စီကရက်တစ်လိပ် ခဲထားရင်း ပြောလိုက်သည်။

“မင်းက မိစ္ဆာဓားသွားအဖွဲ့ရဲ့ ထိပ်တန်းပညာရှင်၊ တိုက်ခိုက်ရေးစွမ်းရည်ဇယားမှာ ထိပ်တန်းအယောက် ၂၀ ထဲ ပါသူဖြစ်ရက်နဲ့ ဒီလောက်အားနည်းနေတာက အတော်လေး အဓိပ္ပါယ်မဲ့လွန်းတယ်...”

“မင်း...”

မိစ္ဆာဓားဘုရင်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော်လည်း အတွင်းစိတ်ထဲတွင်မူ ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ဖြစ်ပေါ်နေခဲ့သည်။ သူ စိတ်ထဲတွင် တွေးလိုက်သည်။

“ငါက လေ့ကျင့်ဖို့ သတ်ဖြတ်ခြင်းဂိမ်းတစ်ခုကို ကျပန်းဆော့ကြည့်တာပါ... ဒါကို ဘယ်လိုဖြစ်ပြီး မကောင်းဆိုးဝါးတစ်ကောင်နဲ့ လာဆုံနေရတာလဲ... ဒီလူက တကယ်ကြီး အဆင့် ၅ လား... မဖြစ်နိုင်တာ... ငါ ကျိုက်ဝူချန်းရန်နဲ့လည်း တိုက်ဖူးတယ်၊ ဒီအသုံးမကျတဲ့ဦးလေးက သူ့ထက် အများကြီး ပိုသန်မာတယ်...”

“ငါ မင်းတို့ စတူဒီယိုအကြောင်း ကောလာဟလတချို့ ကြားဖူးတယ်၊ ဟူး...”

အသုံးမကျသောဦးလေးက ဆေးလိပ်ငွေ့တစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆက်ပြော၏။

“မင်းတို့ကောင်တွေ ‘ဆေး’ သုံးနေကြတာ မဟုတ်လား...”

“မင်း ဘာပြောနေတာလဲ ငါမသိဘူး...”

မိစ္ဆာဓားဘုရင်သည် မေးစေ့နားမှ သွေးများကို သုတ်လိုက်ရင်း စကားပြောနေသည့် ခေတ္တရပ်နားမှုကို အသုံးပြုကာ အသက်ရှူနှုန်းကို ချိန်ညှိပြီး အခွင့်အရေး ရှာလိုက်သည်။

အသုံးမကျသောဦးလေးမှာမူ ပေါ့ပေါ့ပါးပါး ရပ်နေရင်း ဆေးလိပ်ဆက်သောက်ကာ ဆက်ပြောလိုက်သည်...။

“မိစ္ဆာဓားသွားအဖွဲ့က ဂိုဏ်းတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဇယားမှာ အဆင့် ၅ မှာ အမြဲရှိနေပြီး အဆင့်ဇယားရဲ့ ထိပ်တန်းအယောက် ၂၀ မှာလည်း နေရာအများဆုံး ယူထားတာပဲ၊ ဒါပေမဲ့ မိစ္ဆာဓားသွားအဖွဲ့ရဲ့ နံပါတ်တစ် ပညာရှင်ဖြစ်တဲ့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို အံ့ဩစရာပဲ...”

သူက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးပြီး ဆေးလိပ်ကို နောက်တစ်ကြိမ် ပြင်းပြင်းရှိုက်လိုက်သည်။

“ဒါက ကြောက်ရွံ့မှုတန်ဖိုးကို ဖိနှိပ်ပေးနိုင်တဲ့ ဆေးတစ်မျိုးမျိုးပဲ မဟုတ်လား... သုညအထိ လုံးဝ ထိန်းချုပ်လို့မရရင်တောင် ကြောက်ရွံ့မှုတန်ဖိုးကို နိမ့်တဲ့အဆင့်မှာပဲ ရှိနေအောင် ထိန်းပေးထားနိုင်တယ်၊ ဒီလိုနည်းနဲ့... ဇာတ်လမ်းတစ်ခုစီ အောင်မြင်ပြီးတိုင်း ‘ချီးကျူးစရာသတ္တိ’ ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အကဲဖြတ်ချက်ရဖို့ သေချာစေပြီး အတွေ့အကြုံဆုလာဘ်တချို့ ရစေတာပေါ့...”

“ဟမ့်... စကားကို ကြည့်ပြော၊ အမြဲတမ်း သက်သေပြနိုင်မှပြော...”

မိစ္ဆာဓားဘုရင်လည်း လှောင်ပြုံးပြုံးလိုက်သည်။

“မင်းက နာမည်ကြီး ကစားသမားတစ်ယောက်ပဲ၊ တကယ်လို့ မင်းက ကောလာဟလတွေ လျှောက်ဖြန့်ပြီး ငါတို့ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်မယ်ဆိုရင်...”

“သက်သေ... ဟဲဟဲ... ဒါက အရေးကြီးလို့လား...”

အသုံးမကျသောဦးလေးက ရယ်မောလိုက်သည်။

“ငါက ဂိမ်းထဲမှာ အသက်မွေးနေတဲ့ အောက်ခြေ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပါ... ငါက ဘာမှမဟုတ်တဲ့လူ၊ မင်းတို့လူတွေ ဂိမ်းစက်ထဲမဝင်ခင် ဆေးသောက်တာကို ငါကိုယ်တိုင် မြင်ခဲ့ရင်တောင် ဘာဖြစ်လဲ... မင်းတို့က ဥပဒေချိုးဖောက်တာမှ မဟုတ်တာ”

သူ ပခုံးတွန့်လိုက်သည်။

“ငါ့လို ဘာမှမဟုတ်တဲ့လူက ဂိမ်းဆော့တော်တာကလွဲလို့ တခြားဘာအားသာချက်မှ မရှိဘူး၊ မင်းတို့လို စတူဒီယိုကြီးတွေက ငါ့ဆီ ရှေ့နေစာတချို့လောက် ပို့လိုက်ရုံနဲ့ ငါ့ကို အကျပ်အတည်းဖြစ်အောင် လုပ်နိုင်တာပဲ၊ ငါက အလုပ်မရှိတဲ့အချိန်ပဲ အသက်မွေးဝမ်းကျောင်း လုပ်နေရတာ၊ မင်းတို့ကို ရန်မစနိုင်သလို အချိန်နဲ့ အင်အားလည်း မရှိဘူး”

သူ့လေသံမှာ အနည်းငယ်ခနဲ့သလို ဖြစ်နေလေသည်။

“မင်းတို့ကို ငါ ပြန်တိုက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက... ဂိမ်းထဲမှာပဲ၊ မင်းကို မှုန့်မှုန့်ညက်ညက် ဖြစ်အောင် ရိုက်ပြီး ကတ်ထူပုံးထဲ ထည့်ပစ်မှာ...”

“ဒါတော့ လွန်သွားပြီ”

မိစ္ဆာဓားဘုရင်၏ အသက်ရှူသံက ထပ်မံ မြန်ဆန်လာတော့သည်။

“မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားစေရဘူး”

သူ ဟိန်းဟောက်လိုက်ပြီး သူ၏ လှံရှည်မှ ခရမ်းရောင်အလင်းတန်းသုံးခု ဖြာထွက်လာကာ လေထုထဲသို့ ပစ်လွှတ်လိုက်တော့သည်။

အသုံးမကျသောဦးလေးသည် သူ့လက်ဖဝါးကို လှန်ကာ လက်စွပ်ကို ခါလိုက်ပြီး သက်သောင့်သက်သာဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လေထုတံတိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းကို လေထုထဲတွင် ချက်ချင်း တားဆီးပစ်လိုက်သည်။

“ကြည့်ရတာ မင်းဆီက ထိရောက်တဲ့ တိုက်ခိုက်မှုမျိုး ထွက်မလာတော့ဘူး ထင်တယ်...”

အသုံးမကျသောဦးလေးက ဆိုသည်။

“ပွဲသိမ်းရအောင်...”

သူ စိတ်ပိုင်းဖြတ်လိုက်ပြီး စကေးမှာလည်း အားပြည့်နေပြီ ဖြစ်သည်။ အသုံးမကျသောဦးလေးက ရှေ့သို့ ခြေလှမ်းတစ်ဝက်တိုးလိုက်ပြီး ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုဖြင့် ခရမ်းရောင်အလင်းတန်းများကို ဖြိုခွဲကာ မိစ္ဆာဓားဘုရင် ရှိရာနေရာသို့ ပြေးဝင်သွားတော့သည်။

“ဟမ့်... မင်းတော့ ငါ့ထောင်ချောက်ထဲ ဝင်သွားပြီ”

မိစ္ဆာဓားဘုရင်၏ မျက်နှာက ခံစားချက်သိပ်မပြနိုင်ခြင်းသည်လည်း သူ့အတွက် ဖုံးကွယ်မှုတစ်ခု ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် သူသည် “တိမ်လွှာခြေလှမ်း” ကို အသုံးပြု၍ လေထဲသို့ ခုန်တက်ကာ ပျောက်ကွယ်သွားလေသည်။

“အိုး... ပြေးတာလား...”

အသုံးမကျသောဦးလေးက တွေးလိုက်သော်သည်။

“မဟုတ်ဘူး... ဒါက...”

ဝှစ်ရှ်...။

လေခွဲသံက ကစားသမား၏ အတွေးထက်ပင် ပိုမိုမြန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။

လှံရှည်သည် အသုံးမကျသောဦးလေး၏ ဘယ်ဘက်ပခုံးအထက်မှ ရုတ်တရက် ကျဆင်းလာပြီး ပြင်းထန်သော အားအရှိန်ကြောင့် သူ၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံး ချက်ချင်း ပြတ်တောက်သွားတော့သည်...။

တိုက်ပွဲအခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လှုပ်ရှားမှုတစ်ခုတည်းဖြင့် အရာအားလုံး ပြောင်းပြန်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

အသုံးမကျသောဦးလေး၏ အခြေအနေမှာ ဆိုးရွားသွားပြီး မိစ္ဆာဓားဘုရင်သည် ရိုးရှင်းသော ပုန်းကွယ်ခြင်းနှင့် လှုပ်ရှားမှုစွမ်းရည်ကို အသုံးပြုကာ ပြိုင်ဘက်ကို အကျပ်အတည်းထဲသို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။

...အနည်းဆုံးတော့ သူက ယင်းကို အကျပ်အတည်းဟု ယူဆထားခြင်း ဖြစ်သည်။

“အာ... တကယ် နာတာပဲ...”

အသုံးမကျသောဦးလေးက အားမရှိသလို ပြောရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သူ၏ ဘယ်ဘက်လက်မောင်းကို လှည့်ကြည့်လိုက်သည်။ ဆေးလိပ်တိုလေးမှာ သူ့လက်ချောင်းများကြားတွင် ညှပ်နေဆဲ ဖြစ်သည်...။

“ငါ အဲဒါကို မသောက်ရသေးဘူးလေ...”

“ဆေးလိပ်အကြောင်းထက်... မင်း ကိုယ့်ကိုယ်ကိုယ် အရင်ပူစမ်းပါဦး”

မိစ္ဆာဓားဘုရင်သည် လေထဲတွင် တစ်ပတ်လှည့်လိုက်ပြီး ဓားသွားကို လားရာပြောင်းကာ ယခုတစ်ကြိမ်တွင်မူ အသုံးမကျသောဦးလေး၏ လည်ပင်းကို ဦးတည်လိုက်လေသည်။

ထိုစက္ကန့်ပိုင်းအတွင်း အသုံးမကျသောဦးလေးသည် ပြိုင်ဘက်ကို ဇဝေဇဝါဖြစ်စေမည့် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်သည်။ သူသည် မရှောင်ဘဲ ငြိမ်သက်စွာ ရပ်နေလိုက်ခြင်းဖြစ်သည်...။ သို့သော်လည်း လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ သူ၏ နေကာမျက်မှန်ကို ချွတ်၍ လွှင့်ပစ်လိုက်တော့သည်...။

ဘုန်း...။

ခေါင်းတစ်လုံး မြေပြင်ပေါ် ပြုတ်ကျသွား၏။

သို့သော်လည်း အသုံးမကျသောဦးလေး၏ ခေါင်းပြတ် “အလောင်း” မြေပြင်ပေါ် လဲမကျခင်တွင် အခြားတစ်ဖက်ရှိ လွှင့်ပစ်လိုက်သော နေကာမျက်မှန်နောက်မှ စွမ်းရည်အပြည့်နှင့် အသုံးမကျသောဦးလေး နောက်တစ်ယောက် ပေါ်ထွက်လာလေသည်။

“စိတ်ဝင်စားဖို့ ကောင်းတယ်မလား...”

အသုံးမကျသောဦးလေးသည် သူ၏ ညအိပ်ဝတ်စုံအိတ်ကပ်ထဲသို့ လက်နှိုက်ကာ နောက်ထပ် စီကရက်တစ်လိပ်ကို ထုတ်ယူပြီး တည်ငြိမ်စွာ မီးညှိလိုက်သည်...။

“မင်း ကတ်ထူသေတ္တာထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ လှဲနေချင်လဲ...”

သူ့ပြိုင်ဘက်က စွမ်းရည်အပြည့်ဖြင့် ပြန်လည်ရှင်သန်လာသည်ကို ကြည့်ရင်း မိစ္ဆာဓားဘုရင်သည် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ ဤတိုက်ပွဲစတင်ချိန်ကတည်းက နောက်ဆုံးလှုပ်ရှားမှုအထိ... သူသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သော်လည်း သူ့ပြိုင်ဘက်မှာ ထူးဆန်းသောနည်းလမ်းများဖြင့် အမြဲတမ်းဖြေရှင်းနိုင်ခဲ့ပြီး မည်သည့်ထိခိုက်မှုမှမရှိဘဲ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်...။

နောက်တစ်စက္ကန့်တွင် မိစ္ဆာဓားဘုရင်သည် ဂိမ်းထဲမှ အတင်းအကျပ် ထွက်ခွာသွားခဲ့တော့သည်။

အသုံးမကျသောဦးလေးသည် သူ့နားထဲမှ ထွက်ပေါ်လာသော စနစ်၏ အကြောင်းကြားသံကို နားထောင်ရင်း ဆေးလိပ်ငွေ့ အဝိုင်းလေးများကို မှုတ်ထုတ်လိုက်သည်။

“ဟွန်း... အတင်းထွက်သွားတာလား... ကြည့်ရတာ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ နောက်ဆုံးလက်နက်လိုမျိုးပဲ၊ ဒါပေမဲ့ တကယ်တော့... အဲဒါက အားနည်းသူတွေရဲ့ တုံ့ပြန်မှု သက်သက်ပါပဲ...”

All Chapters