အခန်း ၃၆၁
Vol. 37 Ch. 361
အခန်း ၃၆၁ လျှို့ဝှက်နယ်မြေ ပြီးဆုံးခြင်း
"ငါ မင်းကို အသေးစိတ် ရှင်းပြပါရစေ..." ထိုက်ရိ အထွတ်အထိပ် သခင်ကြီးက သူ၏ မုတ်ဆိတ်မွေးရှည်ကြီးကို သပ်ကာ ပြုံး၍ ပြောလိုက်သည်။
မကြာမီမှာပင် ဝိညာဉ် ဖိနှိပ်ရေး စေတီ ရှိနေခြင်းအပါအဝင် သူတို့ ဤနေရာသို့ ရောက်ရှိလာရခြင်း အကြောင်းရင်း အဖြစ်အပျက် အလုံးစုံကို ရှင်းလင်းစွာ ပြောပြလိုက်လေသည်။
"ဒါဆို ခင်ဗျားတို့က ကျွန်တော့် ညီငယ်တွေကို တပည့်အဖြစ် လက်ခံချင်သေးတယ်ပေါ့..."
ကျိုးဟန်က ခေါင်းညိတ်လိုက်ပြီး ကိစ္စရပ်၏ အကြောင်းရင်းကို နားလည်သွားသည်။ သို့သော် တပည့်လက်ခံမည့် ကိစ္စကို ကျိုးဟန် ကန့်ကွက်မည် မဟုတ်ပေ။
ဤကဲ့သို့ အထွတ်အထိပ် အဆင့် အစွမ်းထက်သူများ၏ လမ်းညွှန်မှုများ ရရှိမည်ဆိုပါက ညီငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝကျကျပင် ကြီးမားလှသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
ကျိုးဟန် ကိုယ်တိုင်မှာ အလွန် အလုပ်များနေသဖြင့် ညီငယ်များကို လမ်းညွှန်ပြသပေးရန် ထိုမျှလောက် အချိန်မရှိချေ။ ဤတစ်ကြိမ် အဖွဲ့လိုက် လျှို့ဝှက်နယ်မြေ လှုပ်ရှားမှုသာ မရှိခဲ့လျှင် သူက ညီငယ်များကို ခေါ်ဆောင်ကာ အဖွဲ့လိုက် တိုက်ပွဲဝင်မည် မဟုတ်ပေ။
"ဟုတ်တယ်... ကံကြမ္မာ အခွင့်အရေး ရထားတဲ့သူတွေ အပြင် ထူးချွန်တဲ့ ကြီးထွားနိုင်စွမ်းရှိတဲ့ အဖွဲ့ဝင်တချို့လည်း ရှိသေးတယ်လေ"
"ဒါကြောင့် သေချာ ပြုစုပျိုးထောင်ပေးလိုက်ရင် တိုးတက်လာနိုင်စွမ်း အများကြီး ရှိတယ်..." ပင်းယွဲ့ အထွတ်အထိပ် သခင်ကြီးက ပြုံး၍ ပြောလိုက်သည်။
သို့သော် သူမ၏ မျက်ဝန်းများက မေအောက်ရွှယ် ၏ ကိုယ်ပေါ်တွင် အမြဲတမ်း ရပ်တန့်နေခဲ့ပြီး သူမ၏ ရည်ရွယ်ချက်မှာ အလွန် ထင်ရှားနေပြီဖြစ်သည်။ မေအောက်ရွှယ် ရရှိထားသော အစွမ်းထက်သည့် အမွေအနှစ်မှာ သူမ၏ ပညာအမွေ အလုံးစုံကို ဆက်ခံရန် အရည်အချင်း လုံလောက်စွာ ရှိနေပေသည်။
"ညီလေး ကျိုးဟန် ရဲ့ သဘောထားက ဘယ်လိုရှိလဲ မသိဘူး..."
ဇီဖုန်း အထွတ်အထိပ် သခင်ကြီးက မေးလိုက်ပြီး အခြားသော အထွတ်အထိပ် သခင်ကြီးများကလည်း မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်လာကြသည်။
ကျိုးဟန်၏ သဘောတူညီချက်ကို မရရှိဘဲနှင့် သူတို့အနေဖြင့် အလွယ်တကူ စကားမစရဲကြချေ။ အကယ်၍ တစ်ဖက်လူကသာ ဤကိစ္စကို သဘောမကျဖြစ်သွားပါက ကျိုးဟန်ကို မမြင်ရသော နေရာမှ စော်ကားလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။
"ရပြီ... ခင်ဗျားတို့ဘာသာ ကြိုက်သလို ရွေးကြပေါ့"
"ဒါပေမဲ့ သူတို့ကို အတင်းအကျပ် မလုပ်ရဘူးနော်... နှစ်ဦးနှစ်ဖက် သဘောတူ ကျေနပ်မှ ရမယ်..." ကျိုးဟန်က လက်ဝှေ့ယမ်းကာ အလေးအနက် ပြောလိုက်သည်။
"ဒီအတွက်တော့ စိတ်ချပါ... ငါတို့က ဂုဏ်သိက္ခာရှိတဲ့ သူတွေပါ... အတင်းအကျပ် လုပ်တဲ့ ကိစ္စမျိုးကို လုံးဝ မလုပ်ပါဘူးကွာ..." အထွတ်အထိပ် သခင်ကြီးများက အာမခံလိုက်ကြသည်။
ကျိုးဟန်၏ သဘောတူညီချက်ကို ရရှိပြီးနောက် အထွတ်အထိပ် သခင်ကြီး ကိုးပါးသည် ညီငယ်များ၏ တန်းစီနေသော နေရာသို့ ပျားအုံပမာ အလုအယက် ပြေးဝင်သွားကြလေသည်။
"လူလေး... မင်းရဲ့ အရိုးက အရမ်းကောင်းပြီး မွေးရာပါ အရည်အချင်းကလည်း ထူးကဲလှတယ်... ငါနဲ့..."
"အဘိုးက ညဘက် ကောင်းကင်နက္ခတ်ကို ကြည့်လိုက်တော့ မြောက်ပိုင်းကြယ်စုက တောင်ဘက်ကို ရွေ့သွားပြီး ကောင်းကင်ဝံပုလွေကြယ်က အပြာရောင်လင်းလက်နေတယ်... ခရမ်းရောင်ကြယ်ကလည်း တောက်ပနေတာမို့ ဒီရုတ်တရက် ပေါ်ထွက်လာတဲ့ ပါရမီရှင်က တခြားသူမဟုတ်ဘူး..."
မကြာမီမှာပင် သူတို့သည် ဆွဲဆောင်စည်းရုံးမှုများထဲသို့ ဝင်ရောက်သွားကြပြီး အစွမ်းကုန် လှည့်ဖြား ပြောဆိုနေကြသည်။ ညီငယ်အချို့ကို တပည့်အဖြစ် အလွန်အမင်း လက်ခံချင်နေကြောင်းမှာ ထင်ရှားလှပေသည်။
ဤမြင်ကွင်းက ထိုနေရာရှိ လူအများကို ထပ်မံ၍ အတိုင်းအဆမသိ တုန်လှုပ်သွားစေပြီး အားကျငေးမောမှု မျက်ရည်များပင် ကျဆင်းလာကြလေသည်။
အထွတ်အထိပ် အဆင့်ရှိ ထိပ်တန်း အစွမ်းထက်သူများက တပည့်လက်ခံရန် အလုအယက် ဖြစ်နေကြခြင်းမှာ တကယ်ကို ယုံနိုင်စရာမရှိအောင် ဖြစ်နေလေသည်။
ပထမအချက် အနေဖြင့် ကျိုးဟန်၏ မျက်နှာက အလွန် ကြီးမားလှပြီး ဤအထွတ်အထိပ် သခင်ကြီးများက ကျိုးဟန်နှင့် ဆက်ဆံရေး ကောင်းမွန်ချင်နေကြကြောင်း ထင်ရှားလှသည်။
ဒုတိယအချက် အနေဖြင့် ရွှမ်ယွမ် နန်းတော် အတွင်း၌ အစွမ်းထက်သော ကံကြမ္မာ အခွင့်အရေး များစွာကို သေချာပေါက် ရရှိခဲ့ကြခြင်းကြောင့်သာ ဤကဲ့သို့ အလုအယက် လုယူမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။
"ငါတို့ အစ်ကိုကြီးက ဘာလို့ ကျိုးဟန် လောက် မစွမ်းရတာလဲ"
"အရမ်း ဒေါသထွက်ဖို့ ကောင်းတာပဲ... ငါက ဘာလို့ နယ်မြေ ၆၆၆မှာ မရှိနေရတာလဲ... နယ်မြေ ၆၆၆မှာသာ ဆိုရင် ကျိုးဟန်ရဲ့ ညီငယ် ဖြစ်ခွင့် ရမှာကို"
"ဟူး... ဒါတွေ အားလုံးက ကံကြမ္မာတွေပါပဲ... ငါတို့ အစ်ကိုကြီးက ကျိုးဟန်ရဲ့ သာမန် ညီငယ် တစ်ယောက်ကိုတောင် နိုင်မှာ မဟုတ်ဘူး... စွမ်းအား ကွာဟချက်က အရမ်း ကြီးလွန်းတယ်"
"ဒီ အထွတ်အထိပ် အဆင့် အစွမ်းထက်သူတွေရဲ့ အကူအညီကြောင့် နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော် ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပိုပြီး အရှိန်အဟုန် မြန်လာတော့မယ်"
"သူတို့ရဲ့ ပျံသန်း တက်လှမ်းလာတဲ့ ခြေလှမ်းတွေကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး..."
အတန်ကြာပြီးနောက်မှသာ အထွတ်အထိပ် သခင်ကြီး ကိုးပါးသည် ရွေးချယ်မှု ပြီးစီးသွားကာ သဘောတူညီချက်များ ရရှိသွားကြပြီး သူတို့၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးများ ထွက်ပေါ်လာလေသည်။
"ကျိုးဟန်... ငါ သွားရတော့မယ်..."
"နောက် သုံးနှစ်နေမှ ပြန်တွေ့ကြမယ်..." မေအောက်ရွှယ်က မျက်ရည်များ ရစ်သိုင်းနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ဤတစ်ကြိမ် ဟန်ချင်ရွှယ် နှင့် လောင်းကြေးတွင် သူမ ရှုံးနိမ့်သွားခဲ့လေသည်။ ထို့ကြောင့် သူမ၏ အရှုံးမပေးတတ်သော စရိုက်လက္ခဏာက လောင်းကြေးကို လက်ခံရန် တွန်းအားပေးနေခဲ့သည်။
တိုက်ဆိုင်စွာပင် ပင်းယွဲ့ အထွတ်အထိပ် သခင်ကြီး နှင့်အတူ လိုက်ပါသွားကာ သေချာစွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ပိုမို၍ အစွမ်းထက်လာမည်ဖြစ်ပြီး မျက်နှာသစ် တစ်ခုဖြင့် ကျိုးဟန်၏ အရှေ့သို့ ပြန်လည် ထွက်ပေါ်လာမည် ဖြစ်ပေသည်။
"အင်း... မင်းရဲ့ ရွေးချယ်မှုကို ငါ လေးစားပါတယ်..."
"ဒီ နတ်ဘုရားအဆင့် ဝတ်စုံတွေကို ကာကွယ်ဖို့ ယူသွားလိုက်ဦး..."
ကျိုးဟန်မှာ မေအောက်ရွှယ်၏ စရိုက်ကို အလွန် ရှင်းလင်းစွာ သိရှိထားသဖြင့် သူမကို အတင်းအကျပ် မတားဆီးခဲ့ပေ။ မည်သို့ပင်ဆိုစေ သူမက ပင်းယွဲ့ အထွတ်အထိပ် သခင်ကြီး ထံတွင် ရှိနေမည်ဆိုပါက အချိန်ကျလာလျှင် ကျိုးဟန် အနေဖြင့် အချိန်မရွေး သွားရောက် ရှာဖွေနိုင်မည်ဖြစ်ရာ ပြဿနာ မရှိလှချေ။
"ဟန်..."
"အင်း..."
မေအောက်ရွှယ်သည် ကျိုးဟန် ပေးအပ်သည်များကို ငြင်းဆန်ခြင်း မရှိခဲ့ချေ။ စကားလုံးပေါင်း ထောင်သောင်းချီသော ကျေးဇူးတင်စကားများက အေးစက်သော်လည်း ပူပြင်းလှသော အနမ်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားလေသည်။
သူမသည် ကျိုးဟန်၏ ရင်ခွင်ထဲသို့ ဝင်ရောက်သွားပြီး ခွန်အားကုန်သုံး၍ နမ်းရှိုက်လိုက်လေသည်။ ရင်ထဲရှိ တွယ်တာမှုများက ပြိုင်ဘက်ကင်းလောက်အောင် ပြင်းပြနေပြီး ခွဲခွာရမည်ကို မစွန့်လွှတ်နိုင်အောင် ဖြစ်နေလေသည်။
လမ်းခွဲပြီးနောက် ကျိုးဟန်သည် တစ္ဆေနယ်မြေ အတွင်း၌ တစ္ဆေမိစ္ဆာ အချို့ကို ထပ်မံ ရှင်းလင်းလိုက်လေသည်။ လျှို့ဝှက်နယ်မြေ ပြီးဆုံးရန် အချိန် တစ်နာရီသာ ကျန်ရှိတော့သည်။
မကြာမီတွင် တစ္ဆေနယ်မြေ အတွင်းမှ ထွက်ခွာရတော့မည် ဖြစ်ရာ ကျိုးဟန်သည် ထောက်ထျဲ့ ကို ပြန်လည် ခေါ်ယူလိုက်ပြီး အခြေခံစွမ်းရည် အမှတ်များကို ထပ်မံ၍ တစ်သုတ် ရရှိလိုက်ပြန်သည်။
ဤအချိန်ကာလအတွင်း ထောက်ထျဲ့ သည် ကြီးမားလှသော ဝါးမြိုခြင်းများမှတစ်ဆင့် ၎င်း၏ စွမ်းအားများ ပြန်လည် နာလန်ထလာခဲ့ပြီဖြစ်သည်။ ထို့အပြင် ကျိုးဟန်၏ ကောင်းကင်နှင့် မြေကြီး ရတနာများ ပံ့ပိုးကူညီမှုကြောင့် ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားမှာ ကြယ်ခြောက်ပွင့် နတ်ဘုရားအဆင့် သို့ ပြန်လည် ရောက်ရှိသွားခဲ့လေပြီ။ ယခုဆိုလျှင် ပေးစွမ်းနိုင်သော အကူအညီများမှာလည်း ပိုမို ကြီးမားလာခဲ့ပြီဖြစ်သည်။
"နောက်ဆုံးတော့ အဆင့် ၈၈ ကို ရောက်သွားပြီပေါ့..."
တစ္ဆေနယ်မြေ အတွင်း၌ ထပ်မံ ရှင်းလင်းလိုက်ပြီးနောက် ကျိုးဟန်သည် အဆင့်တက်လှမ်းခြင်း အသိပေးချက် အသံကို ကြားလိုက်ရပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
ဤတစ်ကြိမ် တစ္ဆေ တစ်ရာ ည တိုက်ပွဲ အစမ်းသပ်ခံနယ်မြေ အတွင်း၌ ရိတ်သိမ်းမှုများ အပြည့်အဝ ရရှိခဲ့ပြီး တိုက်ခိုက်ရေး စွမ်းအားမှာလည်း ကြီးမားစွာ တိုးတက်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။
ဤနေရာသို့ တွေးမိသောအခါ ကျိုးဟန်သည် အချက်အလက် မျက်နှာပြင်ကို ဖွင့်၍ ကိုယ်ပိုင် အခြေခံစွမ်းရည်များကို ကြည့်ရှုလိုက်လေသည်။
[လေပြင်း ဓားနတ်ဆိုး - ကျိုးဟန်]
[အဆင့် - ၈၈ (၁.၈၈ ရာခိုင်နှုန်း) (ဒုတိယအကြိမ် နိုးထခြင်း ပြုလုပ်နိုင်ပါသည်)]
[သွေးပမာဏ - ၄.၁၉ ဘီလီယံ]
[တိုက်ခိုက်မှု စွမ်းအား - ၁၂၀ သန်း]
[ကာကွယ်မှု စွမ်းအား - ၇၈ သန်း]
[ဝိညာဉ် စွမ်းအား - ၉၀ သန်း]
[မွေးရာပါ စွမ်းရည် - အဆုံးမဲ့ အဆင့်မြှင့်တင်ခြင်း (စကြဝဠာ တစ်ခုလုံးတွင် တစ်ခုတည်းသော စွမ်းရည်)]
[ဘွဲ့နာမည် - ဧကရာဇ်၏ ဟန်ပန်... ပထမအဆင့် ပါရမီရှင်]
[လက်နက် - ဧကရာဇ်သွေး ကောင်းကင်ဖျက်ဆီးခြင်း ဓား (အထွတ်အထိပ် အဆင့်)... ဒုတိယ လက်နက် - ကောင်းကင်ယံ ပြိုကျခြင်း ဓား (နတ်ဘုရားအဆင့်)]
[အဆင်တန်ဆာ - နဂါးဝိညာဉ် လက်စွပ် (နတ်ဘုရားအဆင့်)... ကြေးမုံ နတ်ဆိုး လက်ကောက် (အထွတ်အထိပ် အဆင့်)... နတ်ဆိုး ဝိညာဉ် ဆွဲကြိုး (နတ်ဘုရားအဆင့်)]
[အထောက်အကူပြု လက်နက် - ဖြစ်တည်ပျက်သုဉ်းခြင်း ဝတ်စုံ (အစစ်အမှန် ထိခိုက်မှု)]
[ကျောက်မျက် - တိုက်ခိုက်မှု ကျောက်မျက် (ဘုရင်အဆင့်)... ဗဟုသုတ ကျောက်မျက် (ဘုရင်အဆင့်)... ထိခိုက်မှု လျှော့ချရေး ကျောက်မျက် (ဘုရင်အဆင့်)]
[ဝတ်စုံ - မျိုးဆက်တစ်သောင်း ဂုဏ်ကျက်သရေ (ဘုရင်အဆင့်)]
[မှော်လက်နက် - နေမီးတောက် မှန် (ဘုရင်အဆင့်)... နတ်ကြိုး (အထွတ်အထိပ် အဆင့်)... ရွှမ်ဝူ လိပ်ခွံ (အထွတ်အထိပ် အဆင့်)... ဝိညာဉ် တံခွန် (နတ်ဘုရားအဆင့်)... နီဗားနား ဒိုင်းလွှား (နတ်ဘုရားအဆင့်)... ပုန်းကွယ်ခြင်း အစီအရင် (နတ်ဘုရားအဆင့်)... နတ်သတ် ပုဆိန် (ဧကရာဇ် အဆင့်တု)]
[ဂိုဏ်း အထောက်အကူပြု စွမ်းရည် - သွေးပမာဏ ငါးသိန်း တိုးမြှင့်ပေးပြီး တိုက်ခိုက်မှု စွမ်းအား တစ်သိန်းရှစ်သောင်း တိုးမြှင့်ပေးပါသည်]
[ဘုရင် အမှတ်အသား - သွေးပမာဏ သန်း ၇၀၀ တိုးမြှင့်ပေးပြီး ကာကွယ်မှု စွမ်းအား သန်း ၃၀၀ တိုးမြှင့်ပေးပါသည်]
[အထူး ဝတ်စုံ - အာဏာရှင်၏ ဒေါသ (အစမ်းသုံး)]
[သွေးမျိုးဆက် - မုန်တိုင်း နဂါးဘုရင် (အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ)]
[ဝိညာဉ် - မီးတောက်ကိုးခု ချီလင်]
[ဓား နှလုံးသား - မသေနိုင်သော ဓား နှလုံးသား]
[ဓား အရိုး - ဖန် ဓား အရိုး]
ကြည့်ရှုပြီးနောက် ကျိုးဟန်သည် အလွန် ကျေနပ်အားရသွားလေသည်။ ယခုအခါ လျှို့ဝှက်နယ်မြေ ပြီးဆုံးရန် အချိန် မိနစ်အနည်းငယ်သာ ကျန်ရှိတော့ရာ ကျိုးဟန်သည် မိစ္ဆာများကို ဆက်လက် မရှင်းလင်းချင်တော့ဘဲ ထိုင်၍ ခဏတာ အနားယူလိုက်သည်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေ အတွင်းမှ အဓိက ရိတ်သိမ်းမှုများကို ပြန်လည် စစ်ဆေး ကြည့်ရှုလိုက်လေသည်။
ပထမဆုံးအနေဖြင့် မုန်တိုင်း နဂါးဘုရင် ၏ သွေးမျိုးဆက်ကို နိုးထစေခဲ့သည်။ ထို့နောက် အထွတ်အထိပ် အဆင့် ဓားမြတ် [ဧကရာဇ်သွေး ကောင်းကင်ဖျက်ဆီးခြင်း ဓား] နှင့် ဧကရာဇ် အဆင့်တု ဘွဲ့နာမည် [ဧကရာဇ်၏ ဟန်ပန်] ကို ရရှိခဲ့သည်။
နောက်ဆုံးတွင် ဧကရာဇ် အဆင့် အရည်အသွေးရှိသော [ဧကရာဇ် ကျမ်း] ကိုပါ ရရှိခဲ့လေသည်။ ဤအရာများ ရှိလာခြင်းကြောင့် ကျိုးဟန်၏ တိုက်ခိုက်ရေး စွမ်းအားမှာ ရေတွက်၍ မရနိုင်လောက်အောင် အဆပေါင်းများစွာ အရှိန်အဟုန်ဖြင့် တက်လှမ်းသွားစေခဲ့လေသည်။
[ဒေသတွင်း အသိပေးချက်... တစ္ဆေ တစ်ရာ ည တိုက်ပွဲ အစမ်းသပ်ခံနယ်မြေ လှုပ်ရှားမှုမှာ တစ်မိနစ် အကြာတွင် ပြီးဆုံးတော့မည် ဖြစ်ပါသည်... ထိုအချိန်ရောက်လျှင် လျှို့ဝှက်နယ်မြေ အတွင်းရှိ ကစားသမားများ အားလုံး အလိုအလျောက် အပြင်ဘက်သို့ တယ်လီပို့ လုပ်ခံရမည် ဖြစ်ပါသည်... လျှို့ဝှက်နယ်မြေ ရမှတ် အဆင့်သတ်မှတ်ချက် ဆုလာဘ်များကို တွက်ချက်နေဆဲ ဖြစ်ပါသည်]