← Chapters

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆ ယွင်ကျယ် အပျက်အစီးနယ်မြေ

"မြန်မြန်လုပ် စကားမများနဲ့ တစ်ခွန်းပဲပြော သွားမှာလား မသွားဘူးလား"

ကျိုးဟန်သည် သူ့အား များစွာ ရှင်းပြမနေတော့ချေ။ အကောင်းဆုံး သက်သေပြချက်မှာ မိမိ၏ စွမ်းအားဖြင့်သာ သက်သေပြခြင်းက အကောင်းဆုံး လက်တွေ့ကျသော ရှင်းလင်းချက် ဖြစ်ပေသည်။

"သွားမယ်... သေချာပေါက် သွားရမှာပေါ့... သောက်ကျိုးနည်း သွေးဝိညာဉ် နန်းတော်က ငါ့ရဲ့ နဂါးလှံ ဂိုဏ်းကို ဖျက်ဆီးပစ်တော့မလို့ လုပ်ခဲ့တာ... ဒီအငြိုးကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ"

"ဒါ့အပြင် အစ်ကိုဟန်တောင် မကြောက်တာ ငါက ဘာလို့ ကြောက်ရမှာလဲ"

ကျောက်ရှင်း၏ မျက်နှာထက်တွင် တွေဝေသွားသော အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားလေသည်။ သွေးဝိညာဉ် နန်းတော်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ခွန်အားကြီးမားမှုကို သူ ကောင်းစွာ သိရှိထားပေသည်။ သို့သော်လည်း သူ၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာက အလျင်အမြန်ပင် အစားထိုး နေရာယူသွားတော့သည်။ တိုက်ခိုက်၍ မနိုင်လျှင်ပင် ကျိုးဟန်၏ စွမ်းရည်များကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးထားလေရာ အသက်လု ထွက်ပြေးရန်အတွက်မူ ပြဿနာ ကြီးကြီးမားမား ရှိမည်မဟုတ်ဟု တွေးတောမိသဖြင့် ကျောက်ရှင်းသည် သဘောတူလိုက်ခြင်းပင် ဖြစ်သည်။

"ပြတ်သားလှချည်လား... ကဲ သွားကြစို့"

ကျိုးဟန်သည် ကျောက်ရှင်းအား ဆွဲမကာ လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား လျင်မြန်စွာ ပျံသန်းထွက်ခွာသွားလေတော့သည်။ လေ အနှစ်သာရကို ထိန်းချုပ်နိုင်စွမ်း ရရှိပြီးနောက် လေ၏ စွမ်းအားကို အသုံးချကာ ကျိုးဟန်၏ အမြန်နှုန်းမှာ ယခင်ကထက် များစွာ ပိုမို လျင်မြန်လာခဲ့ပေသည်။

"အစ်ကိုဟန်... အစ်ကိုက ဒီလောက်တောင် အစွမ်းထက်နေတာကို ဘာလို့ ပျံသန်းရေး မှော်လက်နက် တစ်ခုလောက် မရှာထားတာလဲ"

"အဲ့ဒီလိုဆိုရင် ပိုပြီးတော့ ခမ်းနားသွားမှာပေါ့"

ကျောက်ရှင်းသည် ဆွဲမခေါ်ဆောင်ခံနေရသဖြင့် တစ်မျိုးကြီး ခံစားနေရကာ အကြံပြု ပြောဆိုလိုက်လေသည်။

"မင်းပြောတာလည်း ဟုတ်တာပဲ... အချိန်ရရင် တစ်ခုလောက် ရှာရမယ်"

ကျိုးဟန်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။

ကျိုးဟန်က အလိုမရှိ၍ မဟုတ်ဘဲ ဤကဲ့သို့သော ပျံသန်းရေး မှော်လက်နက်မျိုးနှင့် မဆုံတွေ့ဖူးခြင်းကြောင့်သာ ဖြစ်သည်။ အမှန်တကယ်တွင် ဤမှော်လက်နက်မျိုးမှာ အရည်အသွေး မည်မျှပင် မြင့်မားစေကာမူ အဓိကအားဖြင့် ဖန်တီးရာတွင် အလွန် ခက်ခဲ ရှုပ်ထွေးလှပေသည်။ ပို၍ ကြီးမားသော ပျံသန်းရေး မှော်လက်နက် ဖြစ်လေလေ ဖန်တီးရာတွင် အသုံးပြုရမည့် အချိန် ပို၍ ကြာမြင့်လေလေ ဖြစ်သည်။

လူအများစုမှာ ကျင့်ကြံရန်နှင့် အပန်းဖြေရန်ပင် အချိန် မလုံလောက်ကြချေ။ ဤမှော်လက်နက်မျိုး ဖန်တီးရန်အတွက် အချိန်အများအပြား အကုန်ခံလိုသူ အလွန် ရှားပါးလှသည်။ ထို့ကြောင့်ပင် ဤလက်နက်များ၏ အရေအတွက်မှာ အလွန်တရာ ရှားပါးသွားရခြင်း ဖြစ်ပေသည်။

'တကယ်ပဲ တစ်ခုလောက်တော့ ရှာမှ ရတော့မယ်'

တစ်ကိုယ်တော် ပျံသန်းခြင်းက အမှန်တကယ် လွတ်လပ်မှု ရှိသော်လည်း လူများလာသည်နှင့် ခရီးသွားလာရာတွင် အလွန် အဆင်မပြေဖြစ်လာကာ အချိန်ကြန့်ကြာမှုကို အထူး ဖြစ်ပေါ်စေပေသည်။

"မင်းဒီလိုပြောနေတာ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုများ ရထားလို့လား"

ကျိုးဟန်က စမ်းသပ်သည့် သဘောဖြင့် မေးမြန်းလိုက်သည်။ ထိုသို့မဟုတ်ပါက ကျောက်ရှင်း အနေဖြင့် ဤအကြောင်းအရာကို ဆွဲသွင်းလာမည် မဟုတ်ချေ။

"ဟီးဟီး... သေချာပေါက် ရထားတာပေါ့... ကျွန်တော် ဒီရက်ပိုင်း သွေးဝိညာဉ် နန်းတော်ရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းနေတာ အလကားတော့ မဖြစ်ခဲ့ပါဘူး"

"သွေးဝိညာဉ် နန်းတော်ရဲ့ ပိုင်နက်အနီးမှာ အပျက်အစီးနယ်မြေ တစ်ခု ပေါ်လာတယ်... အဲ့ဒီထဲမှာ ပျံသန်းရေး မှော်လက်နက် တစ်ခု ရှိနေတယ်တဲ့"

ကျောက်ရှင်းသည် သူ စုံစမ်းရရှိထားသော သတင်းအချက်အလက်များကို အားလုံး ပြောပြလိုက်လေသည်။

"အပျက်အစီးနယ်မြေကို ဘယ်တုန်းက တွေ့တာလဲ"

ကျိုးဟန်က အလျင်စလို မေးလိုက်သည်။

"မနေ့ညကတင် တွေ့တာလေ... ပွက်လောရိုက်သွားတာ သေးသေးတင် မဟုတ်ဘူး"

"ပျံသန်းရေး မှော်လက်နက် ရှိတယ်ဆိုတာလည်း အနီးအနားက လူတွေ တွေ့သွားကြတာ... ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲ့ဒီ အပျက်အစီးနယ်မြေကို သွေးဝိညာဉ် နန်းတော်က ဝင်စီးသွားတယ်... အခု ဘယ်လို အခြေအနေ ရှိနေလဲဆိုတာတော့ မသိရတော့ဘူး"

ကျောက်ရှင်းက ရှင်းပြလေသည်။

ကျိုးဟန်၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားလေသည်။ အချိန်တစ်ရက်ပင် ကြာမြင့်သွားခဲ့ပြီ ဖြစ်ရာ ဤအပျက်အစီးနယ်မြေထဲရှိ ကောင်းမွန်သော ပစ္စည်းများ၏ ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို သွေးဝိညာဉ် နန်းတော်မှ ယူဆောင်သွားလောက်ပြီဟု ကျိုးဟန် စိတ်ထဲမှ တွေးတောလိုက်သည်။

"မင်း လမ်းပြ... အရင်ဆုံး သွားကြည့်ရအောင်"

သို့သော်လည်း အတိအကျ အခြေအနေ မည်သို့ရှိသည်ကိုမူ ကျိုးဟန် အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ အချိန်များစွာ ကြန့်ကြာမည် မဟုတ်ပေ။

"ဟုတ်ကဲ့ အစ်ကိုဟန်"

ကျောက်ရှင်းက သဘောတူလိုက်ပြီးနောက် လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်လေသည်။

...

"သောက်ကျိုးနည်း... ဒီ သွေးဝိညာဉ် နန်းတော်က လူတွေကို အနိုင်ကျင့်လွန်းအားကြီးတယ်... ငါ အဲ့ဒီ အပျက်အစီးနယ်မြေထဲကနေ မှော်လက်နက် တစ်ခု ကောက်ရခါစပဲ ရှိသေးတယ် သူတို့က အတင်း လုယူသွားကြတယ်"

"ဟက်... ဒါ သွေးဝိညာဉ် နန်းတော်ရဲ့ လုပ်ရပ်တွေပဲလေ... မင်း အသက်မသေတာကိုပဲ ကံကောင်းတယ်လို့ မှတ်လိုက်စမ်းပါ"

"ဒီလို မိုက်ရိုင်းတဲ့ အင်အားစုမျိုးကို ဘယ်သူမှ နှိမ်နင်းမယ့်သူ မရှိတော့ဘူးလား"

"နှိမ်နင်းမယ် ဟုတ်လား... သွေးဝိညာဉ် နန်းတော်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ မင်း မသိတာလည်း မဟုတ်ဘဲနဲ့... ဘယ်သူက သူတို့ကို လာနှိမ်နင်းရဲမှာလဲ"

ကျိုးဟန်နှင့် ကျောက်ရှင်းတို့သည် အပျက်အစီးနယ်မြေ အနီးရှိ နေရာတစ်ခုသို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ဆွေးနွေးပြောဆိုနေသော အသံများကို ကြားလိုက်ရလေသည်။ ထိုစကားသံများထဲတွင် ဒေါသတကြီး ဖြစ်နေမှုများနှင့်အတူ ဘာမှ မတတ်နိုင်သော စိတ်ပျက်အားငယ်မှုများလည်း ပြည့်နှက်နေပေသည်။

ကျိုးဟန်သည် ထိုအသံများကို ကြားလိုက်ရသည်နှင့် သူတို့ ဆွေးနွေးနေသည်မှာ အပျက်အစီးနယ်မြေနှင့် ပတ်သက်သော ကိစ္စရပ်များမှန်း ချက်ချင်း သိလိုက်ပြီး ကျောက်ရှင်းကို မျက်စိပစ်ပြလိုက်လေသည်။

ကျောက်ရှင်းသည် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သဘောပေါက်သွားပြီး ပြုံးလျက် အနီးသို့ တိုးကပ်သွားကာ ပြောလိုက်သည်။

"အစ်ကိုတို့... အခု အပျက်အစီးနယ်မြေက ဘယ်လို အခြေအနေ ရှိနေလဲ"

"ညီလေးကလည်း အပျက်အစီးနယ်မြေမှာ ကံလာစမ်းတာလား"

"အဲ့ဒီအတွေးကို စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲလို့ အကြံပေးပါရစေ"

ဆံပင်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးက ခေါင်းခါလျက် ပြောလိုက်သည်။

"အိုး... ဘာဖြစ်လို့လဲ"

ကျောက်ရှင်းက ဆက်လက် မေးမြန်းလိုက်သည်။

"ဒီနေရာကို သွေးဝိညာဉ် နန်းတော်က ရှင်းလင်းထားတာ ကြာလှပြီ... အပြင်လူတွေက အနားကိုတောင် ကပ်လို့မရဘူး"

"ငါတို့လည်း နှင်ထုတ်ခံရတာပဲ"

အခြားလူတစ်ယောက်က ဝင်ပြောလိုက်သည်။

အကယ်၍ ဆွဲဆောင်ခံရပြီး ရောက်လာသော လူအုပ်ကြီးမှာ အရေအတွက် များပြားလွန်းနေကာ ရမ်းသန်း သတ်ဖြတ်လိုက်ပါက လူထု၏ ဒေါသကို ဆွပေးသလို ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်ပေမည်။ သွေးဝိညာဉ် နန်းတော်၏ လုပ်ရပ်များအရဆိုလျှင် နှင်ထုတ်ရုံ သက်သက်လောက်နှင့် ပြီးသွားမည် မဟုတ်ဘဲ သူတို့၏ အသက်လေးများပင် တည်မြဲနိုင်တော့မည် မဟုတ်ချေ။

"ဒါဆို အခု အထဲမှာ ဘယ်လို အခြေအနေ ရှိနေလဲ"

ကျောက်ရှင်းက ဆက်မေးလေသည်။

"မှော်လက်နက် အများစုကိုတော့ သွေးဝိညာဉ် နန်းတော်က ရသွားကြပြီ... ဒါပေမဲ့ အစွမ်းထက်တဲ့ အစီအရင်တွေ ကာကွယ်ထားတဲ့ မှော်လက်နက် အနည်းအကျဉ်းတော့ ကျန်နေသေးတယ်... အချိန်တိုအတွင်းမှာတော့ အဲ့ဒီအစီအရင်တွေကို ဖျက်ဆီးဖို့ သိပ်မလွယ်ကူလှဘူး"

ကျောက်ရှင်းသည် အခြားသော သတင်းအချက်အလက် အချို့ကို ထပ်မံ မေးမြန်းခဲ့ပြီး ဘေးမှ နားထောင်နေသော ကျိုးဟန်သည်လည်း အသုံးဝင်သော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ ရရှိခဲ့လေသည်။

ပထမအချက်မှာ ဤအပျက်အစီးနယ်မြေကို ယွင်ကျယ် အပျက်အစီးနယ်မြေ ဟု ခေါ်ဆိုပြီး သွေးဝိညာဉ် နန်းတော်မှ အစွမ်းထက် သိုင်းသမား အများအပြားကို စေလွှတ်၍ ဤနယ်မြေအား စောင့်ကြပ်စေထားသည်။ ဝင်ပေါက်အသီးသီးကို ပိတ်ဆို့ထားကာ အပြင်လူများ ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားလေသည်။

ဒုတိယအချက်မှာ ရယူ၍ မရသေးသော မှော်လက်နက် အနည်းအကျဉ်း ကျန်ရှိနေသေးပြီး ထိုအထဲတွင် ပျံသန်းရေး မှော်လက်နက်လည်း ပါဝင်သည်။ ၎င်းကို ရှေးဟောင်း အစီအရင် တစ်ခုအတွင်း ချိတ်ပိတ်ထားပြီး အစီအရင်ကို ဖြေရှင်းရန်အတွက် အချိန်အများအပြား လိုအပ်ပေသည်။

ဤအချက်ကို တွေးမိသောအခါ ကျိုးဟန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ ပျံသန်းရေး မှော်လက်နက် ရှိနေသေးသရွေ့ အားလုံး အဆင်ပြေပေသည်။ မည်သူမှ မရရှိသေးပါက ၎င်းမှာ ပိုင်ရှင်မဲ့ မှော်လက်နက်သာ ဖြစ်ပြီး မိမိပိုင်အဖြစ် သိမ်းပိုက်လိုက်ရုံဖြင့် မှော်လက်နက်၏ ထိန်းချုပ်ခွင့်ကို ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍ မှော်လက်နက်ကို တစ်စုံတစ်ယောက်က လက်ဦးမှု ရယူသွားခဲ့ပါက ကျိုးဟန် အနေဖြင့် ထိုသူအား သတ်ဖြတ်လိုက်လျှင်တောင်မှ လက်ရပစ္စည်း အဖြစ် ကျဆင်းလာမည်ဟု တပ်အပ် မပြောနိုင်ချေ။ ထို့ကြောင့် ဤသည်မှာ အကောင်းဆုံး ရလဒ်ပင် ဖြစ်ရာ ကျိုးဟန်၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ကောင်းမွန်သွားလေတော့သည်။

"သွားကြစို့... ငါတို့ တိုက်ရိုက် ဝင်သွားရအောင်"

ကျိုးဟန်သည် အချိန်ဆွဲမနေတော့ဘဲ စကားပြောလိုက်လေသည်။

"ဘာ... ညီလေး မင်း ကြွားလုံးထုတ်နေတာလား"

"အခု ဝင်ပေါက်တွေကို သွေးဝိညာဉ် နန်းတော်က အသေအချာ စောင့်ကြပ်ထားတာ... မင်း ဘယ်လိုဝင်မလဲဆိုတာ ငါ့ကို ပြောစမ်းပါဦး"

ပိယွန်ထောင်က သရော်လှောင်ပြောင်သော မျက်နှာဖြင့် ပြောလိုက်သည်။ ကျိုးဟန်မှာ ဟန်လုပ်နေခြင်း ဖြစ်သည်ဟု သူ ထင်မြင်နေကြောင်း သိသာလှပေသည်။

"ဟုတ်တယ် ညီလေး... မင်းလို လူမျိုးတွေကို ငါ အများကြီး တွေ့ဖူးတယ်... ခုလေးတင် သွေးဝိညာဉ် နန်းတော်က လူတွေ ရိုက်သတ်လိုက်တာ တော်တော်များများ သေသွားပြီ"

တုလေ့စီ ကလည်း ဝင်ရောက် လှောင်ပြောင်လိုက်ပြီး ကျိုးဟန်၏ စကားများကို အနည်းငယ်မျှ ယုံကြည်ခြင်း မရှိချေ။

ကျိုးဟန်သည် ဤမျက်စိလျှမ်းနေသော ကောင်များနှင့် အပိုစကားများ မပြောလိုတော့ဘဲ [ယွင်ကျယ် အပျက်အစီးနယ်မြေ] ဆီသို့ တိုက်ရိုက် လျှောက်သွားလေတော့သည်။

"ခင်ဗျားတို့က မကျေနပ်လို့လား... အနောက်ကနေ လိုက်ခဲ့ပြီး သေချာကြည့် သေချာသင်ယူထားကြ"

ကျောက်ရှင်း ကမူ ရန်စသည့်ဟန်ဖြင့် ဝင်ပြောလိုက်လေသည်။ သူသည် ကျိုးဟန်၏ စွမ်းအားကို ကောင်းစွာ သိရှိထားပေသည်။ သေချာပေါက် တစ္ဆေ တစ်ရာ ည တိုက်ပွဲ ထဲသို့ မဝင်ရောက်မီ အချိန်က စွမ်းအားကိုသာ သိရှိထားခြင်း ဖြစ်သည်။

"ညီလေး... အစ်ကို ပြောတာကို နားထောင်စမ်းပါ... ဒီထဲက အခြေအနေက တော်တော်လေး နက်ရှိုင်းတယ်... သွေးဝိညာဉ် နန်းတော်က အလွယ်တကူ ကိုင်တွယ်လို့ရတဲ့ လူတွေ မဟုတ်ဘူး... သတိမထားရင် အသက်ပါ သွားလိမ့်မယ်"

ပီယွင်ထောင်က လေးနက်သော လေသံဖြင့် အကြံပေးလိုက်သည်။

သို့သော် ကျိုးဟန်နှင့် ကျောက်ရှင်းတို့က ဆက်လက် အဖက်လုပ်မနေတော့ချေ။

"သွား... နောက်ကနေ လိုက်သွားကြစို့... မင်းတို့ သွေးဝိညာဉ် နန်းတော်က လူတွေဆီမှာ ဘယ်လိုမျိုး အရှက်ခွဲခံရမလဲဆိုတာ ငါ သေချာ ကြည့်ရသေးတာပေါ့"

"ဒါလည်း ကောင်းတာပဲ... ငါတို့ ခပ်ဝေးဝေးကနေ နေကြတာပေါ့... မဟုတ်ရင် ငါတို့ပါ ရောပြီး ဒုက္ခရောက်ကုန်လိမ့်မယ်"

တုလေ့စီနှင့် ပိယွန်ထောင် တို့ နှစ်ယောက်သား တိုင်ပင်လိုက်ကြပြီး နောက်မှ လိုက်သွားကြလေသည်။ မည်သို့ပင်ဖြစ်စေ ပွဲကြည့်ချင်သည်မှာ လူတို့၏ သဘာဝပင် မဟုတ်ပါလော။

ခြေလှမ်း ဆယ်ဂဏန်းခန့် လျှောက်လှမ်းပြီးနောက် သစ်တောအုပ်ထဲသို့ ဝင်ရောက်သွားကာ ထူထပ်နေသော သစ်ရွက်များကို ဖယ်ရှားလိုက်သည်နှင့် အရှေ့ဘက်ရှိ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြန့်သွားလေသည်။ မလှမ်းမကမ်းရှိ နိမ့်ကျနေသော ချိုင့်ဝှမ်းတစ်ခုအတွင်းတွင် ဆိတ်ငြိမ်ခြောက်ကပ်ပြီး ဟောင်းနွမ်းနေသော အပျက်အစီးများ ရှိနေကာ ၎င်း၏ အထက်တွင် အချိန်ကာလ၏ အရိပ်အယောင်များ ကျန်ရစ်နေပြီး သမိုင်းကြောင်း၏ အဆုံးမဲ့ ပြောင်းလဲမှုများကို ပြောပြနေသည့်အလား ထင်မှတ်ရပေသည်။

All Chapters