အခန်း ၃၇၀
Vol. 37 Ch. 370
အခန်း ၃၇၀ - မိုင်တစ်သောင်း ပျံသန်းခြင်း
[စနစ် အသိပေးချက် - သင်သည် ပိုင်ရှင်မဲ့ မှော်လက်နက် ခရမ်းရောင်နတ်အလင်း သင်္ဘော ကို ရရှိပါသည်... ချိတ်ဆက်မှု ပြုလုပ်မည်လား]
ကျိုးဟန် သည် အကဲဖြတ်ခြင်း မပြုလုပ်ရသေးခင်မှာပင် သူ၏ စိတ်ထဲ၌ စနစ်၏ အသိပေးချက်အသံ ထွက်ပေါ်လာသဖြင့် ထိုမှော်လက်နက်၏ အမည်ကို သိရှိသွားလေသည်။
"ချိတ်ဆက်မယ်"
ကျိုးဟန် က ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
[ဂုဏ်ယူပါသည်... ခရမ်းရောင်နတ်အလင်း သင်္ဘော နှင့် အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ... ယခု သင်သည် သက်ဆိုင်ရာ အခြေခံစွမ်းရည်များ ကို စိတ်ကြိုက် ဝင်ရောက် ကြည့်ရှုနိုင်ပါပြီ]
စနစ်၏ အသိပေးချက်နှင့်အတူ ဖြူဖွေးသောအလင်းတန်းတစ်ခုသည် ကျိုးဟန် ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးဟန် သည် ဤမှော်လက်နက်နှင့် ထူးခြားသော ဆက်သွယ်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့လေပြီ။
သူသည် ဤလက်နက်၏ ပိုင်ရှင်ဖြစ်သွားပြီဖြစ်ရာ အခြားသူများက လုယူသွားလျှင်တောင် အသုံးပြုနိုင်မည် မဟုတ်တော့ပေ။
အမည်ကို ကြားလိုက်ရသောအခါ ကျိုးဟန် က တအံ့တသြ စုတ်သပ်လိုက်မိပြီး သူ၏ ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားသည်။ ဤပစ္စည်းမှာ သာမန်မဟုတ်ကြောင်း သူ ခံစားမိနေသည်။
သေချာပေါက် ဤအရာသည် မှော်လက်နက်၏ အမည်သာဖြစ်သည်။
တိကျသော အာနိသင်များ မည်သို့ရှိမည်ကိုမူ ကျိုးဟန် အနေဖြင့် သေချာစွာ အကဲဖြတ်ရန် လိုအပ်သေးသည်။
သူက ထိုရွှေရောင် ငှက်မွေးကို ကောက်ယူကာ သေချာစွာ အကဲခတ်ကြည့်လိုက်သည်။
သူ၏ ထက်မြက်လှသော အာရုံခံစားနိုင်စွမ်းမှတစ်ဆင့် ၎င်းအပေါ်တွင် ရောင်စုံ အလင်းစက်ကလေးများစွာကို ထွင်းထုထားကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရာက အလွန်တရာ သေသပ်လှပနေပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကိုပါ ပေါင်းထည့်ပေးထားသည်။
ဤအရာသည် ရိုးရှင်းသော အလှဆင်ထားမှု သက်သက်မဟုတ်ကြောင်း ကျိုးဟန် သိထားပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွင်း၌ ထူးဆန်းလှသော စွမ်းအင်များကို သူ ခံစားနေရပြီး ထင်ထားသလောက် ရိုးရှင်းနေမည် မဟုတ်ကြောင်း သိသာလှသည်။
ထို့နောက် သူက အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ရာ ပျံသန်းနိုင်သော မှော်လက်နက်၏ ရှင်းလင်းချက်များ အားလုံးသည် ပုံရိပ်ယောင် မျက်နှာပြင်ပေါ်တွင် ပေါ်လာတော့သည်။
[ခရမ်းရောင်နတ်အလင်း သင်္ဘော]
[အရည်အသွေး - ကြယ်ငါးပွင့် အထွတ်အထိပ် အဆင့်]
[အမျိုးအစား - ပျံသန်းရေး မှော်လက်နက်]
[ဖော်ပြချက် - ရှေးဟောင်း နတ်ဘုရား သားရဲကြီးဖြစ်သော ရွှေဖုန်ငှက်၏ အမွေးကို အသုံးပြု၍ သန့်စင်ဖန်တီးထားသော ပျံသန်းရေး မှော်လက်နက် ဖြစ်သည်... သန့်စင်ခြင်း ဆရာသခင်၏ အလွန်ထူးချွန်လှသော နည်းပညာများကြောင့် ကံကောင်းထောက်မစွာဖြင့် ရွှေဖုန်ငှက်၏ စွမ်းအား အနည်းငယ်ကို ရရှိထားသည်... ပျံသန်းမှု အမြန်နှုန်းကို အများအပြား တိုးမြှင့်ပေးနိုင်သည့်အပြင် ရန်သူများ၏ အမြန်နှုန်းကိုလည်း ကန့်သတ်ထားနိုင်သည်... အလွန်အစွမ်းထက်သော ထိပ်တန်း ပျံသန်းရေး မှော်လက်နက် တစ်ခုဖြစ်ပြီး အရွယ်အစားကိုလည်း စိတ်ကြိုက် ထိန်းချုပ်နိုင်သည်... အသေးဆုံး တစ်ပေမှ အကြီးဆုံး ပေသုံးရာ အထိ ကြီးထွားနိုင်သည်... ခရီးသွားရန်နှင့် အရေးပေါ် ထွက်ပြေးရန်အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်]
[အခြေခံစွမ်းရည်များ - ပျံသန်းမှု အမြန်နှုန်းကို ဆယ့်နှစ်ဆ တိုးမြှင့်ပေးသည်... ထို့အပြင် ပျံသန်းနေစဉ်အတွင်း ပတ်လည် မီတာငါးရာ အတွင်းရှိ ရန်သူများအားလုံး၏ ရွေ့လျားမှု အမြန်နှုန်းကို ၃၀ ရာခိုင်နှုန်း လျော့ကျစေသည်]
[အထူးအာနိသင် - မြင့်မားစွာ ပျံသန်းခြင်း (အသုံးပြုနိုင်သော ကျွမ်းကျင်မှုစွမ်းရည်... အသုံးပြုပြီးနောက် ကြီးမားသော အမြန်နှုန်းကို ရရှိမည်ဖြစ်ပြီး ပျံသန်းမှု အမြန်နှုန်းကို ၃ ဆ အပိုဆောင်း တိုးမြှင့်ပေးမည်... ကြာချိန် စက္ကန့် ၃၀ ဖြစ်ပြီး ပြန်လည် အသုံးပြုရန်ကြာချိန် ၁ နာရီ ဖြစ်သည်)]
"တကယ်ကြီး ရွှေဖုန်ငှက် ရဲ့ အမွေး ဖြစ်နေတာလား"
ကျိုးဟန် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သက်ဆိုင်ရာ ရှင်းလင်းချက်များကို ဖတ်ရှုပြီးနောက် သူ အလွန်ကျေနပ်သွားသည်။
ပျံသန်းမှု အမြန်နှုန်း တိုးမြှင့်ပေးသည့် အပိုင်းတွင်မူ ကြောက်မက်ဖွယ်ကောင်းသည်ဟုပင် ဆိုရပေမည်။
ထို့အပြင် အသုံးပြုနိုင်သော ကျွမ်းကျင်မှုစွမ်းရည် တစ်ခုလည်း ပါဝင်သေးရာ အရေးကြီးသော အချိန်များတွင် အသုံးပြုပါက အံ့မခန်း အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပေသည်။
ကောင်းကင်ယံကို စိုးမိုးသော နတ်ဘုရား သားရဲကြီး ရွှေဖုန်ငှက် ဖြစ်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ အခြားနေရာများတွင် အစွမ်းထက် မထက်ကို မသိရသော်လည်း အမြန်နှုန်းတွင်မူ သူ့ကို ယှဉ်နိုင်မည့်သူ ရှိမည်မဟုတ်ချေ။
အရွယ်အစားကိုလည်း ကြီးနိုင်၊ သေးနိုင်ပြီး မိမိ၏ စိတ်ဆန္ဒအတိုင်း ထိန်းချုပ်နိုင်ခြင်းကလည်း အလွန်ကောင်းမွန်လှသည်။
သို့မဟုတ်ပါက အရွယ်အစား ကြီးမားနေလျှင် ပစ်မှတ်ကြီးတစ်ခု ဖြစ်သွားကာ ရန်သူများ၏ တိုက်ခိုက်မှုကို ခံရချိန်တွင် အရှင်လတ်လတ် ပစ်ကွင်းတစ်ခု ဖြစ်သွားမည် မဟုတ်ပါလော။
ထို့ကြောင့် ဤအာနိသင်လေးက အလွန်ပင် အရေးပါလှသည်။
'တိုက်ရိုက်ပဲ အဆင့်မြှင့်တင်လိုက်တော့မယ်'
အဆင့်မမြှင့်ရသေးခင်မှာပင် ဤမျှလောက် အစွမ်းထက်နေပြီဖြစ်ရာ အဆင့်မြှင့်တင်ပြီးနောက် အာနိသင်များ မည်သို့ဖြစ်လာမည်ကို မျှော်လင့်စောင့်စားရန် ကောင်းလှသည်။ ထို့ကြောင့် သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။
[သင်သည် မွေးရာပါ စွမ်းရည် အကန့်အသတ်မဲ့ အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုလိုက်ပါသည်... ကြယ်ငါး ပွင့် အထွတ်အထိပ် အဆင့် အရည်အသွေးရှိသော ခရမ်းရောင်နတ်အလင်း သင်္ဘော ကို ဆယ်ကြိမ်တိတိ (၁၀ကြိမ်မြှင့်) အောင်မြင်စွာ အဆင့်မြှင့်တင်လိုက်ပါပြီ... အခြေခံစွမ်းရည်များ အသစ်ကို ပုံရိပ်ယောင် မျက်နှာပြင်ပေါ်တွင် အဆင့်မြှင့်တင်ပေးထားပါသည်... ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ]
ဖြူဖွေးသော အလင်းတန်း ဆယ်ကြောင်း လင်းလက်သွားပြီးနောက် အချက်အလက် အသစ်များသည် ဖြည်းညင်းစွာ ပေါ်လာတော့သည်။
[ခရမ်းရောင်နတ်အလင်း သင်္ဘော (၁၀ကြိမ်မြှင့်)]
[အရည်အသွေး - ကြယ်ငါးပွင့် အထွတ်အထိပ် အဆင့်]
[အမျိုးအစား - ပျံသန်းရေး မှော်လက်နက်]
[ဖော်ပြချက် - ရှေးဟောင်း နတ်ဘုရား သားရဲကြီးဖြစ်သော ရွှေဖုန်ငှက်၏ အမွေးကို အသုံးပြု၍ သန့်စင်ဖန်တီးထားသော ပျံသန်းရေး မှော်လက်နက် ဖြစ်သည်... သန့်စင်ခြင်း ဆရာသခင်၏ အလွန်ထူးချွန်လှသော နည်းပညာများကြောင့် ကံကောင်းထောက်မစွာဖြင့် ရွှေဖုန်ငှက်၏ စွမ်းအား အနည်းငယ်ကို ရရှိထားသည်... ပျံသန်းမှု အမြန်နှုန်းကို အများအပြား တိုးမြှင့်ပေးနိုင်သည့်အပြင် ရန်သူများ၏ အမြန်နှုန်းကိုလည်း ကန့်သတ်ထားနိုင်သည်... အလွန်အစွမ်းထက်သော ထိပ်တန်း ပျံသန်းရေး မှော်လက်နက် တစ်ခုဖြစ်ပြီး အရွယ်အစားကိုလည်း စိတ်ကြိုက် ထိန်းချုပ်နိုင်သည်... အသေးဆုံး တစ်ပေမှ အကြီးဆုံး ပေသုံးရာ အထိ ကြီးထွားနိုင်သည်... ခရီးသွားရန်နှင့် အရေးပေါ် ထွက်ပြေးရန်အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်]
[အခြေခံစွမ်းရည်များ - ပျံသန်းနေစဉ်အတွင်း အမြန်နှုန်းကို အဆနှစ်ဆယ် တိုးမြှင့်ပေးသည်... ပတ်လည် မီတာငါးရာ အတွင်းရှိ ရန်သူများအားလုံး၏ ရွေ့လျားမှု အမြန်နှုန်းကို ၅၀ ရာခိုင်နှုန်း လျော့ကျစေသည်]
[အထူးအာနိသင် - မိုင်တစ်သောင်း ပျံသန်းခြင်း (အသုံးပြုနိုင်သော ကျွမ်းကျင်မှုစွမ်းရည်... အသုံးပြုပြီးနောက် ရွှေဖုန်ငှက်၏ စွမ်းအား အနည်းငယ်ကို အသက်သွင်းမည်ဖြစ်ပြီး အမြန်နှုန်းမှာ လုံးဝကို မြင့်တက်သွားမည်ဖြစ်သည်... မိုင်တစ်သောင်း အကွာအဝေးကို ရောက်ရှိရန် စက္ကန့် ၅ စက္ကန့်သာ အချိန်ယူရမည်ဖြစ်သည်... ဤအခြေအနေကို အသက်သွင်းပြီးနောက် စက္ကန့် ၂၀ ကြာမြင့်မည်ဖြစ်ပြီး ပြန်လည် အသုံးပြုရန်ကြာချိန် ၂ နာရီ ဖြစ်သည်)]
[အထူးအာနိသင် - ရွှေဖုန်ငှက် အတောင်ဖြန့်ခြင်း (အလိုအလျောက် ကျွမ်းကျင်မှုစွမ်းရည်... ပျံသန်းနေစဉ်အတွင်း ခရမ်းရောင်နတ်အလင်း သင်္ဘော ၏ သွေးပမာဏ နှင့် ကာကွယ်ရေးစွမ်းအားများ သိသာစွာ မြင့်တက်လာမည်ဖြစ်ပြီး အမြင့်ဆုံးအနေဖြင့် မှော်လက်နက် ပိုင်ရှင်၏ အခြေခံစွမ်းရည်များ အားလုံး၏ ဆယ်ဆအထိ ရောက်ရှိနိုင်သည်)]
"ကျွတ်... ကျွတ်... လန်းတယ်... တကယ်ကို လန်းတာပဲကွာ"
ကျိုးဟန် ၏ မျက်ခုံးများ ပင့်တက်သွားပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။
အဆင့်မြှင့်တင်ပြီးနောက်တွင် ဤကဲ့သို့သော ပျံသန်းရေး မှော်လက်နက်မျိုးကမှ ပြီးပြည့်စုံသည်ဟု ခေါ်ဆိုနိုင်ပေမည်။ အမြန်နှုန်း ရှိရုံသာမက အလွန်အားကောင်းသော ကာကွယ်ရေးစွမ်းအားလည်း ပါဝင်လာသဖြင့် စွမ်းဆောင်ရည်မှာ အဆင့်များစွာ တိုက်ရိုက် မြင့်တက်သွားခဲ့သည်။
အစွမ်းအထက်ဆုံး အထူးအာနိသင်မှာ [မိုင်တစ်သောင်း ပျံသန်းခြင်း] ပင်ဖြစ်သည်။ အသက်သွင်းလိုက်သည်နှင့် အမြန်နှုန်းမှာ လုံးဝ ပေါက်ကွဲထွက်လာပြီး ၅ စက္ကန့်အတွင်း မီတာ ၅၀၀၀ အကွာအဝေးကို ရောက်ရှိနိုင်ကာ ၁ စက္ကန့်လျှင် မီတာ ၁၀၀၀ နှုန်းနှင့် ညီမျှနေသဖြင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ရန်သူကို လိုက်လံသတ်ဖြတ်ရန်ဖြစ်စေ၊ ထွက်ပြေးရန်ဖြစ်စေ လုံးဝကို အသုံးဝင်လှသည်။
"အစ်ကိုဟန်... တကယ်ကို လန်းတာပဲ... ကျွန်တော်လည်း တစ်ခေါက်လောက် စမ်းစီးကြည့်ချင်တယ်ဗျာ"
ကျောက်ရှင်း က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူသည် ကျိုးဟန် ၏ ဘေးတွင် ရပ်နေသဖြင့် အလွန်အားကောင်းလှသော လေစီးကြောင်းများ၏ လှုပ်ခတ်မှုကို ခံစားနေရသည်။ ဤအမြန်နှုန်းမှာ ပြောစရာပင် မလိုဘဲ သေချာပေါက် ထိပ်တန်းအဆင့်တွင် ရှိနေပေသည်။
"ကောင်းပြီလေ... ငါလည်း အာနိသင်က ဘယ်လောက်လန်းလဲဆိုတာ စမ်းကြည့်ချင်နေတာ"
ကျိုးဟန် က ခပ်ဖွဖွ ပြုံးလိုက်သည်။
စကားဆုံးသည်နှင့် သူ၏ ဝိညာဉ်စွမ်းအင်များသည် ခရမ်းရောင်နတ်အလင်း သင်္ဘော အတွင်းသို့ စီးဝင်သွားတော့သည်။
ချက်ချင်းပင် လေထဲတွင် ကြီးထွားလာပြီး ကျိုးဟန် ၏ စိတ်ဆန္ဒအရ အကြီးဆုံး ကန့်သတ်ချက်ဖြစ်သော မီတာ ၃၀၀ ကျော် အထိ ကြီးထွားသွားစေသည်။
ချက်ချင်းပင် နေအလင်းရောင်ကိုပါ ဖုံးကွယ်သွားပြီး ကောင်းကင်ယံတွင် ရပ်တန့်နေကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသဖြင့် မြင်ရုံနှင့်ပင် အလွန်ခမ်းနားကြီးကျယ်လှပေသည်။
"ချီး... ဒါကြီးက အရမ်းကို ခမ်းနားလွန်းနေပြီကွာ"
ကျောက်ရှင်း က ရင်သပ်ရှုမောစွာဖြင့် ရေရွတ်လိုက်သည်။
"သခင် အဖိုးတန် ရတနာကြီး ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်... သခင်က တကယ့်ကို ကံကြမ္မာ အထောက်အပံ့ကောင်းတွေ ရှိနေတာပဲ... ဒါက ကျွန်တော်တို့လို လက်အောက်ငယ်သားတွေအတွက်လည်း ကံကောင်းမှုပါပဲဗျာ"
သွေးသတ်သမား သည်လည်း အလွန်ပျော်ရွှင်နေပြီး အလျင်စလို မြှောက်ပင့်ကာ ပြောလိုက်သည်။
ကျိုးဟန် က အနည်းငယ် စမ်းသပ်ကြည့်လိုက်သည်။ အစပိုင်းတွင် အနည်းငယ် စိမ်းသက်နေသေးသည်။
သို့သော်လည်း မကြာမီမှာပင် အလုံးစုံကို နားလည်သွားပြီး မည်သည့် အခက်အခဲမှ မရှိတော့ပေ။ ဤပျံသန်းရေး မှော်လက်နက်ကို စိတ်ဆန္ဒ (သို့မဟုတ်) အသံဖြင့် အပြည့်အဝ ထိန်းချုပ်နိုင်သဖြင့် အလွန်ပင် အဆင်ပြေလှသည်။
ထို့နောက် ကျိုးဟန် နှင့် ကျောက်ရှင်း တို့သည် ခရမ်းရောင်နတ်အလင်း သင်္ဘော ကို စီးနင်းကာ ယွင်ကျယ် လျှို့ဝှက်နယ်မြေ အတွင်း၌ တစ်ပတ်ပတ်လိုက်ကြသည်။
၎င်းအတွင်း၌ သိမ်းယူရန် ခက်ခဲသော မှော်လက်နက် အချို့ကိုပါ တစ်ခုမကျန် အားလုံး သိမ်းယူလိုက်ကြသည်။
ပျံသန်းရေး မှော်လက်နက် ရှိလာခြင်းက အလွန်ပင် အဆင်ပြေလှသည်။ ကျိုးဟန် ကိုယ်တိုင် ပျံသန်းသည်ထက် မြန်ဆန်ရုံသာမက စွမ်းအင်များစွာကိုလည်း ကုန်ဆုံးခံရန် မလိုအပ်တော့ပေ။
တကယ့်ကို သက်သောင့်သက်သာ ရှိလှပြီး လုပ်ငန်းစဉ်မှာလည်း အလွန်မြန်ဆန်လှသည်။
"အစ်ကိုဟန်... တကယ်ကို မိုက်တာပဲကွာ"
ကျောက်ရှင်း ၏ မျက်လုံးများထဲတွင် အားကျမှုများ ပေါ်လွင်နေသည်။
"ကဲ... နောက်တစ်ဆင့်က သွေးဝိညာဉ် နန်းတော် ကို အမြစ်ပြတ် ချေမှုန်းဖို့ပဲ"
ကျိုးဟန် က အပြုံးကို ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ကိုယ်စား အမုန်းတရားတွေကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဟန်"
ထိုအကြောင်းအရာကို ရောက်လာသောအခါ ကျောက်ရှင်း ၏ မျက်နှာမှာ လေးနက်သွားပြီး ကျိုးဟန် အား လက်ယှက်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခင်အကြိမ်က သွေးဝိညာဉ် နန်းတော် သည် နဂါးလှံ ဂိုဏ်း မှ တပည့်များစွာကို သတ်ဖြတ်ခဲ့ပြီး ဂိုဏ်းတစ်ခုလုံးကိုပါ ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့သောကြောင့်ပင်။
ဤအရာက လုံးဝ ပြေလည်နိုင်မည်မဟုတ်သော ရန်ငြိုးကြီးတစ်ခု ဖြစ်သွားခဲ့ပြီ။
သူ့ကိုယ်ပိုင် စွမ်းအား သက်သက်ဖြင့် သွေးဝိညာဉ် နန်းတော် ကို ရင်ဆိုင်ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲကြောင်း ကျောက်ရှင်း သိထားပေသည်။
ထို့ကြောင့် ကျိုးဟန် သာလျှင် သူ့ကို ကူညီပေးနိုင်မည်ဖြစ်သည်။
"အင်းပါ... ဒါက လက်တစ်ကမ်းစာ အကူအညီလေးပါကွာ"
ကျိုးဟန် က လက်ကာပြလိုက်ပြီး တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။