← Chapters

ဒီလောကရဲ့အဆုံးသပ်

Vol. 102 Ch. 1397

ဒီလောကရဲ့အဆုံးသပ်

Vol. 102 Ch. 1397

ဝမ်လင်း၏စိတ်သည် တုန်လှုပ်မိနေသည်။ နားထောင်နေရင်း သူသည် ထိုလူ့ကို မလေးစားမိဘဲ မနေနိုင် ဖြစ်ရ၏။ ထိုလူ၏အရည်အချင်းမှာ ဝမ်လင်းတွေ့ကြုံဖူးသော မည်သည့်ကျင့်ကြံသူကိုမဆို ဖိနှိပ်ထားနိုင်ပေသည်။

အနီရောင်လိပ်ပြာ၊ လီချန်မေ သို့မဟုတ် စစ်ထူနန် မည်သို့ပင်ဖြစ်စေ သူတို့သည် သည့်လူလောက် ပါရမီမရှိပေ။ သူတို့သည် အမှန်တရားကို ရှာဖွေရန် အရာအားလုံးကို ဖြတ်ကျော်မည့် ပြတ်သားမှုလည်း မပိုင်ဆိုင်ကြပေ။

“ငါဟာ ဒီလှောင်ချိုင့်ထဲကနေ ချိုးဖျက်ပြီး ပထမဆုံးအကြိမ်အဖြစ် လောကတစ်ခုကို တွေ့မြင်ခဲ့တယ်။ ငါတွေ့မြင်ခဲ့ရတာက ကြယ်ရောင်စုံကောင်းကင်တစ်ခုပဲ။ ဒါဟာ အလွန်လှတယ်။ တော်တော်လေးကို လှတယ်။ ငါ့ထင်မြင်ချက်ဟာ အမှန်တကယ် ဖြစ်လာခဲ့တယ်။ ငါဟာ ငါ့လိုမျိုး ကျင့်ကြံသူတွေကို တွေ့မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ အားနည်းလွန်းတယ်။ အားအနည်းဆုံးကတော့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တွေပဲ…”

“ဒါပေမဲ့လည်း အပြင်ဘက်ကမ္ဘာရဲ့ စိတ်ဝိညာဉ်ပုံစုံဖြစ်ပေါ်ခြင်းအဆင့်ကတောင် ကောင်းကင်ဘုံ ဖြစ်လာနိုင်ပြီး ငါ့လူတွေကို သတ်နိုင်နေတယ်။ ငါဟာ ဒေါသထွက်ခဲ့ပြီး သတ်ဖြတ်မှုစလုပ်တော့တာပဲ။ ငါ သတ်ဖြတ်နေရင်း ငါ သတ်ခဲ့တဲ့လူတွေရှိကနေ အမှန်တရားကို သိလာခဲ့တယ်…” ဦးခေါင်းပြောင်လူငယ်သည် ကျယ်လောင်စွာ ရယ်မော၏။ သူ့မျက်လုံးထံမှ မျက်ရည်များစီးကျလာသည်။

“ငါ ရှင်သန်ခဲ့ရတဲ့ နေရာကို ခုနစ်သန်းလောကလို့ ခေါ်တွင်ပြီး ပြန့်ကြဲမိုးကြိုးကလန်က ဒီလောကတွေကို ဖန်တီးထားခဲ့တာပဲ။ ငါတို့ဟာ အစားခံရမှာ စောင့်နေရတဲ့ ကျွဲတွေ၊နွားတွေလိုပဲ။ ငါတို့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်လာတာနဲ့ သူတို့ဟာ ငါတို့ရဲ့ စိတ်ဝိညာဉ်မိုးကြိုးကို ယူဆောင်ဖို့အတွက် နတ်ဘုရားပြစ်ဒဏ်နဲ့အတူ ရောက်လာခဲ့ကြတယ်…”

“မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ခုနစ်သန်းလောကတွေရဲ့ ငါ့ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့ ဒဏ္ဌာရီတွေဟာ မှားယွင်းနေမှန်း ငါ ရှာတွေ့လာခဲ့တယ်။ ဒီခုနစ်သန်းလောကမှာ သူတို့ဟာ ကောင်းကင်ဘုံသားတွေ ဖြစ်လာတာနဲ့ သူတို့အားလုံး သေဆုံးသွားခဲ့ရတာသာ ဖြစ်တယ်…”

ဦးခေါင်းပြောင်လူငယ်၏အသံထဲတွင် ရူးသွပ်မှုအရိပ်အမြွက်နှင့် မကျေမနပ်မှုအပြည့် ပါဝင်လေသည်။ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်စားနေ၏။ သူ့ရှုပ်ထွေးသောအမူအရာမှာ ပိုအားကောင်းလာသည်။

“ကောင်းကင်ဘုံတာအိုနဲ့ နတ်ဘုရားပြစ်ဒဏ်။ ငါ့အမြင်မှာတော့ ဒါဟာ ပြန့်ကြဲမိုးကြိုးကလန်က လူတွေအတွက် စမ်းသပ်မှုတာဝန်တစ်ခုပဲ။ ကလန်ဝင်တိုင်း ဒါကို လုပ်ဆောင်နိုင်တယ်။ ပိုပြီး ရယ်စရာကောင်းတာက ငါဟာ ဒီအမှန်တရားတစ်ခုလုံးကို မယုံကြည်ဝံ့တာပဲ။ ငါ ပြန့်ကြဲမိုးကြိုးကလန်ဝင်ရဲ့ ကလန်ဝင်အများအပြားကိုလည်း မသတ်ရဲခဲ့ဘူး…”

“ငါ လန့်နေမိတယ်။ ကြောက်နေမိတယ်။ ငါ့အသက်ကို ချမ်းသာပေးခဲ့တဲ့လူဟာ အခုဆို ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီ။ ပြန့်ကြဲမိုးကြိုးကလန်ဟာ ငါ ရှာတွေ့ခဲ့တဲ့အမှန်တရားကို သိသွားမှာ ငါ လန့်နေမိခဲ့တယ်။ ကောင်းကင်ဘုံနယ်မြေဟာ ငါနဲ့ ခုနစ်သန်းလောကအပေါ် ဝန်ပိစေလာမှာကို ငါ ကြောက်ခဲ့မိတယ်…”

“ငါ မခုခံဝံ့ခဲ့ဘူး…” ထိုဦးခေါင်းပြောင်လူငယ်၏ မျက်လုံးထံမှ မျက်ရည်များ ပိုစီးကျလာသည်။

“ငါဟာ ငါ့ကိုယ်ငါ ဒါဟာ အမှန်တရာ မဟုတ်ဘူးလို့တောင် ပြောခဲ့တယ်။ ငါနေတဲ့ လောကဟာ လှောင်ချိုင့်တစ်ခု မဟုတ်ဘူးလို့ ငါ့ကိုယ်ငါ ပြောခဲ့တယ်။ ငါဟာ ငါ ရှာတွေ့ခဲ့တဲ့ အမှန်တရားကနေ ထွက်ပြေးချင်ခဲ့တယ်။ လက်မခံချင်ခဲ့ဘူး။ ဒါ့ကြောင့် ငါဟာ ဒီခုနစ်သန်းလောကတွေအတွင်းမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ဆက်လက် ပျံသန်းနေခဲ့တော့တယ်…” ဦးခေါင်းပြောင်လူငယ်သည် ခါးသီးစွာ ပြောနေရင်း လောကများကို ဖြတ်သန်းလာ၏။

“တနေ့မှာတော့ ငါဟာ ဒီနေရာကို ရောက်ရှိလာခဲ့တယ်…” ဦးခေါင်းပြောင်လူငယ်သည် ရပ်တန့်ကာ ဝမ်လင်းကို ကြည့်၍ ရှေ့သို့ လက်ညွှန်ပြသည်။

ဤမျှအချိန်တိုအတွင်း ဦးခေါင်းပြောင်လူငယ်သည် ခုနစ်သန်းလောကများကို ဖြတ်သန်းလာခဲ့ပြီးပင်။ သူ ညွှန်ပြလိုက်သောနေရာမှာ ဟင်းလင်းပြင်တစ်ခု ဖြစ်နေဆဲသာ။ သို့သော် ၎င်းဟင်းလင်းပြင်သည် မြူလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားကာ ဝေဝေဝါးဝါး ရှိလေ၏။

ထိုနေရာသည် အလွန်တရာ ငြိမ်သက်တိတ်ဆိတ်သည်။ မည်သည့်အသံဗလံမှ ထွက်ပေါ်မနေပေ။

ဦးခေါင်းပြောင်လူငယ်သည် ရှေ့သို့ လှမ်းထွက်လာကာ ထိုမြူလွှာရှေ့တွင် ရပ်သည်။ သူက သူ့ညာလက်ကို ၎င်းပေါ်သို့ တင်ကာ ဖိချလိုက်၏။ မြူသည် တဝီဝီလည်ပတ်ကာ ခပ်စူးစူးအလင်းတစ်ခုသည် သူနှင့်ဝမ်လင်းတို့ရှေ့ရှိ ဟင်းလင်းပြင်ထံမှ ထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာ လှိုင်းဂယက်များ ပျံ့နှံ့လာ၏။ ဧရာမအရံအတားကြီးတစ်ခုသည် မြူများနောက်ကွယ်ကနေ သူ့ဟာသူ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုအရံအတားသည် အဆုံးမရှိနံရံတစ်ခုနှင့်တူကာ လောကကို ဝန်းရံထားသည်။

၎င်းရှေ့၌ ကျင့်ကြံသူများသည် ဖုန်မှုန့်အလား သေးငယ်ပေမည်။

ဦးခေါင်းပြောင်လူငယ်သည် တိုးညင်းစွာ ပြောလိုက်၏။ “ငါဟာ ဒီနေရာထိ ထွက်ပြေးလာခဲ့ပြီး ခုနစ်သန်းလောကတွေရဲ့ အဆုံးသပ်ကို ရောက်လာခဲ့တယ်။ လောကရဲ့ အဆုံးသပ်ပေါ့။ ဒီနေရာရောက်တော့ ငါ ထွက်ပြေးဖို့အတွေးဟာ ပျက်စီးသွားခဲ့တယ်။ ငါဟာ အမှန်တရား၊အစစ်အမှန်ကို ရင်ဆိုင်မယ်…”

“ငါ ဆက်ပြီး ထွက်မပြေးတော့ဘူး။ ငါဟာ သူတို့ကို ရင်ဆိုင်ဖို့ ခုခံဖို့ ရွေးချယ်လိုက်တော့တယ်။ ငါဟာ ဒီနေရာကနေ ခုနစ်သန်းလောကရှိ ပြန်လာခဲ့ပြီး ပြန့်ကြဲစိတ်ဝိညာဉ်ကလန်ကို ဖန်တီးခဲ့တယ်။ ငါ့ကိုယ်ပွားတိုင်းဟာ သူတို့ရဲ့စိတ်ဝိညာဉ်ကို ဖြန့်ကျက်နိုင်ပြီး ငါ့ပြန့်ကြဲစိတ်ဝိညာဉ်တွေဟာ ခုနစ်သန်းလောကရဲ့ ကျင့်ကြံသူအများစုကို ထိန်းချုပ်တယ်…”

“ငါဟာ သူတို့ကို ကျင့်ကြံခြင်းနည်းလမ်းတွေ သင်ပေးခဲ့ပြီး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို အမြန်ဆုံး ရောက်ရှိစေခဲ့တယ်။ ငါလည်း အသည်းအသန်အရူးအမူး စကျင့်ကြံတော့တယ်။ ကိုယ်ပွားတွေတစ်ယောက်ပြီး တစ်ယောက် ဖန်တီးခဲ့တယ်။ နှစ်ပေါင်းသိန်းချီ ကြာလာတဲ့နောက် ငါဟာ ကောင်းကင်ဘုံသားတွေ( ပြန့်ကြဲမိုးကြိုးကလန်ဝင်) အခေါ်အရ ကောင်းကင်ဘုံဒုက္ခစတုတ္ထအဆင့်ကို ရောက်ခဲ့တော့တယ်…” ဦးခေါင်းပြောင်လူငယ်သည် ဝမ်လင်းဘက်သို့ လှည့်လာ၏။

“ငါဟာ ကောင်းကင်ဘုံသားဆိုတဲ့သူတွေကို သတ်မယ်။ ငါဟာ ပြန့်ကြဲမိုးကြိုးကလန်ကို ချေမှုန်းပစ်ပြီး ငါ့လူတွေကို ဒီခုနစ်သန်းလောကနေ ထုတ်ပေးမယ်ဆိုပြီး စလုပ်တယ်။ ဒါပေမဲ့ နှစ်ပေါင်းသိန်းချီကြာလာတာတောင် ငါ့စွမ်းအားနဲ့ ကောင်းကင်ဘုံဒုက္ခပဥ္စမအဆင့်မှာရှိတဲ့ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်ကို မရိုက်ချနိုင်ခဲ့ဘူး…”

“ငါဟာ အရာအားလုံးကို အသုံးပြုခဲ့တယ်။ ငါ ထိန်းချုပ်နိုင်တဲ့ ကျင့်ကြံသူအားလုံးကို ပေါင်းစည်းစေခဲ့တယ်။ ငါဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ငါ နေရာချထားခဲ့တဲ့ သေခြင်းရှင်ခြင်းအစီအရင်ကိုတောင်မှ အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ငါဟာ သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားရုံလောက်ပဲ လုပ်နိုင်ခဲ့တယ်။ မသတ်နိုင်ခဲ့ဘူး။ ဒီတော့ ကျန်တဲ့ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲတွေဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး…”

“ငါ့ကျင့်ကြံမှုအဆင့်ဟာ အကန့်အသတ်တစ်ခုကို ရောက်ခဲ့တယ်။ ငါဟာ ကောင်းကင်ဘုံဒုက္ခပဥ္စမအဆင့်ရဲ့ အသေအရှင်ကပ်ဘေးကို တောင့်ခံနိုင်တဲ့ နေရာအဆင့်ထိ မရောက်နိုင်ခဲ့ဘူး။ ငါ သင့်ရဲ့ အကူအညီလိုအပ်တယ်…”

ဦးခေါင်းပြောင်လူငယ်သည် ဝမ်လင်းကို အသားနာခံဟန်အကြည့်ဖြင့် ကြည့်သည်။

“သင်ကတော့ ပြန့်ကြဲမိုးကြိုးကလန်ဝင်တွေနဲ့ မတူဘူး။ သင်ဟာ ငါ မြင်ခဲ့ရတဲ့ ပထမဆုံး မျှော်လင့်ချက်တစ်ခုပဲ။ ငါတို့စွမ်းအားနဲ့ဆိုရင် သင်ဟာ ငါ့ကို ကူညီပေးနိုင်တယ်။ ငါဟာ သင့်ရဲ့ ပြန့်ကြဲမိုးကြိုးကလန်အပေါ်မှာ အမြင်ကောင်းမရှိတာကိုလည်း တွေ့မြင်ခဲ့ပြီးပါပြီ။ ငါတို့သာ အတူပူးပေါင်းရင် ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိပါလိမ့်မယ်…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။

ထိုလူငယ်သည် အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “ငါ သင့်နောက်ကို တစ်လမ်းလုံး လိုက်လာခဲ့တာ။ သင်ဟာ စိတ်ဝိညာဉ်မိုးကြိုးတွေကို စုဆောင်းနေတာ ငါ မြင်ခဲ့ရတယ်။ ငါ့မှာ အဲ့မိုးကြိုးရှိတယ်။ သင်သာ ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် ငါသင့်ကို အားလုံး ပေးပစ်နိုင်တယ်…”

ဝမ်လင်းသည် စကားမဆိုပေ။ သူသည် အရံအတားကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။

“ဒါ့အပြင် ဒီခုနစ်သန်းလောကမှာ ငါ့ပြန့်ကြဲစိတ်ဝိညာဉ်ကလန်တွေ အများကြီး ရှိနေတယ်။ ဒီကိစ္စသာ အောင်မြင်သွားလို့ ငါ့ကလန်ဟာ ဒီလောကတွေကနေ ထွက်သွားနိုင်ပြီဆိုရင် ငါဟာ အနာဂတ်မှာ သင် တောင်းဆိုတာမှန်သမျှကို သဘောတူမယ်။ ငါ ဒီမှာ မရှိတော့ရင်တောင် ငါ့ကလန်ဟာ မျိုးဆက်ပေါင်းများစွာ ဒီအမိန့်ကို နာခံလိမ့်မယ်…”

“ပြန့်ကြဲမိုးကြိုးကလန်ဝင်တွေရဲ့ မှတ်ဉာဏ်တွေထဲကနေ ငါဟာ သင့်ရဲ့လောကကို ရှာတွေ့ခဲ့တယ်။ အတွင်းနဲ့အပြင်နယ်မြေဆိုပြီး ရှိတယ်မလား။ သင်သာ လိုအပ်မယ်ဆိုရင် ငါ့ကလန်တစ်ခုလုံးဟာ အတွင်းနယ်မြေရဲ့ တိုက်ပွဲမှာ သင့်ကို ကူညီပေးနိုင်တယ်…”

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သင် အကြီးအကဲခေါင်းဆောင်ကို သတ်ဖို့အတွက် ယုံကြည်ချက် ဘယ်လောက်ရှိလဲ…”

ဦးခေါင်းပြောင်လူငယ်၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ “သင်သာ ငါ့ကို ကူညီပေးခဲ့ရင် ငါ ခုနစ်ဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်…”

“ခုနစ်ဆယ်ရာခိုင်နှုန်း…” ဝမ်လင်းသည် အရံအတားထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ငြိမ်သက်စွာ စဉ်းစား၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သူသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်၏။

ဦးခေါင်းပြောင်လူငယ်သည် ကျေနပ်ပျော်ရွှင်သွားသည်။ သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ ပြုံး၏။

“ကောင်းပြီ။ ငါ ဒီနေရာရဲ့ ပြန့်ကြဲမိုးကြိုးကလန်ဝင်တွေကို သတ်တော့မယ်။ဒါဟာ သူတို့ရဲ့အာရုံကို စွဲဆောင်နိုင်ပြီး အကြီးအကဲခေါင်းဆောင်လည်း ကျိန်းသေပေါက် ဒီကို ရောက်လာလိမ့်မယ်…”

“ဒီလိုလုပ်ဖို့ မလိုပါဘူး။ ပြန့်ကြဲမိုးကြိုးကလန်ဝင်အားလုံး သေခဲ့ရင်တောင် သူတို့ဟာ အကြီးအကဲခေါင်းဆောင်တစ်ယောက်ထဲကိုပဲ စေလွှတ်မှာ မဟုတ်ဘူး။ ကျန်တဲ့အကြီးအကဲတွေပါ ရောက်လာခဲ့ရင် ပြဿနာအချို့ ရှိလာနိုင်တယ်…”

“သင် ဒီနေရာရှိ ငါ့ကို တည်နေရာရွှေ့ပြောင်းပေးနိုင်တဲ့ နည်းလမ်းရှိရင် ငါ အကြီးအကဲခေါင်းဆောင်ကို ဒီအထိ ဖြားယောင်းခေါ်ဆောင်လာနိုင်တယ်။ သူ သေသွားတာနဲ့ ဒီကိစ္စဟာ အပြီးသပ်ပြီ…” ဝမ်လင်းသည် ဦးခေါင်းပြောင်လူငယ်ကို တည်ငြိမ်စွာ ကြည့်၏။

ဦးခေါင်းပြောင်လူငယ်သည် ငြိမ်သက်စွာ ခဏ စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်၏။

“အဆောင်တုန်ကင်တစ်ခု ဖြစ်ပေါ်ဖို့အတွက် ငါဟာ ငါ့ကိုယ်ပွားတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို ဖျက်စီးပစ်နိုင်တယ်။ ဒီအဆောင်ရယ် ငါ့မန္တာန်နဲ့ရယ် ဆိုရင် ငါဟာ လျှောက်လမ်းတစ်ခုကို အသက်ရှုချိန်သုံးကြိမ်စွာကြာ ဖွင့်လှစ်နိုင်လိမ့်မယ်။ သင်ဟာ ဒီလျှောက်လမ်းထဲကနေ အပြင်မထွက်နိုင်ဘူး။ ဒါပေမဲ့ အထဲကိုတော့ ဝင်လာနိုင်တယ်…”

ထိုသို့ပြောပြီးနောက် ဦးခေါင်းပြောင်လူငယ်သည် နှေးဖင့်မနေတော့၊ သူ့မျက်လုံးကို မှိတ်လိုက်၏။

သူ မျက်လုံးမှိတ်လိုက်သည်နှင့် ကျင့်ကြံသူသောင်းချီသည် တုန်ယင်ကာ သူတို့၏ခန္ဓာကိုယ်များသည် အသွေးအသားအဖြစ် ပျက်စီးကုန်သည်။ သိပ်မကြာခင်တွင် သူတို့ခန္ဓာကိုယ်အားလုံးမှာ လေဟာနယ်အတွင်းသို့ အလျင်အမြန် ပျောက်ကွယ်သည်။

ထိုအရာများသည် မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ဦးခေါင်းပြောင်လူငယ်၏မျက်နှာမှာ အနည်းငယ် ဖြူရောသွား၏။ ထို့နောက် သူက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ လေဟာနယ်အတွင်းမှ သူ့ကိုယ်ပွားထောင်ချီထံမှ စွမ်းအားကို စုဝေးစေသည်။ ခဏအကြာတွင် သွေးရောင်တုန်ကင်အဆောင်တစ်ခု ပေါ်လာသည်။ သူက ဝမ်လင်းထံ ၎င်းကို ကမ်းလှမ်းပေးလိုက်၏။

ဝမ်လင်းသည် ထိုအဆောင်ကို လက်ခံလိုက်ကာ သေချာ ကြည့်သည်။ သူက သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက်ပြီးနောက် တစ်ဖက်သို့ လှည့်၍ ခြေတစ်လှမ်းဖြင့် ပျောက်ကွယ်သွားတော့သည်။

“ငါ့သတင်းစကားကို စောင့်နေပါ…”

ဝမ်လင်း၏အသံသည် ပဲ့တင်ထပ်ကျန်ခဲ့ကာ ဖြည်းဖြည်းချင်း လွင့်ပါးသွားလေသည်။

ဦးခေါင်းပြောင်လူငယ်သည် ဝမ်လင်း ထွက်သွားသောနေရာသို့ ကြည့်၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်သည်။ “ငါ သူ့ကိုပဲ ယုံကြည်နိုင်မယ်။ ငါ သူ့ကို ယုံရမယ်…”

ဝမ်လင်းသည် ဟင်းလင်းပြင်ကို မြန်ဆန်စွာ ဖြတ်သန်းသွားနေရင်း သူ့မျက်လုံးတို့မှာ တောက်ပနေ၏။ သူက စတင်စဉ်းစားသည်။ သူသည် ဦးခေါင်းပြောင်လူငယ် ပြောသမျှကို မယုံကြည်ပေ။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် လျှောက်လမ်းတစ်ခု ဖွင့်လှစ်ရန် စွမ်းအားမည်မျှ လိုသည်ကို ကောင်းကောင်းသိပေသည်။ ဦးခေါင်းပြောင်လူငယ်က သူ့ရိုးသားမှုကို ပြသသည့်အနေဖြင့် သူ့ကိုယ်ပွားများစွာကို ချက်ခြင်းစတေးပစ်ဖို့ ဆန္ဒ ရှိနေသည်။

ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်ကို သတ်ဖြတ်ခြင်းမှာ အကြောင်းရင်းများထဲမှ တစ်ခုသာ ဖြစ်၏။ ပို၍ အရေးကြီးသည့် အကြောင်းရင်းမှာ သူက သည်လူများကို ချိုးဖျက်နိုင်ဖို့အတွက် ကူညီပေးချင်တာသာ ဖြစ်၏။ သူက တစ်ခုခုကို ချိုးဖျက်ချင်ခဲ့၏။ သူသည် တစ်စုံတစ်ခုကို သက်သေပြနိုင်ရန်အလို့ငှာ သည်လူများကို ဤနေရာကနေ ချိုးဖျက်နိုင်ဖို့အတွက် ကူညီပေးချင်တာ ဖြစ်သည်။

ဝမ်လင်းသည် ခုနစ်သန်းလောကများ၏ ဗဟိုချက်ရင်ပြင်ထံ ဦးတည်၍ မြန်ဆန်စွာ လာနေ၏။ သိပ်မကြာခင်တွင် သူ့ရှေ့၌ ရင်ပြင်တစ်ခု ပေါ်လာသည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် တိုင်းတာ၍မရသောအကွာအဝေးတစ်ခုကို ချိုးဖျက်ကာ ရင်ပြင်ထက်သို့ ခြေချလိုက်သည်။

သူသည် ပတ်ဝန်းကျင်ရှိလူများ၏အကြည့်ကို လစ်လျူရှုလျက် သူ့ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ သူသည် မိုးထိမြင့်မားသောအဆောက်အဦတစ်ခု၏ အပြင်ဘက်သို့ ရောက်နှင့်နေပေပြီ။

ဤနေရာမှာ ခုနစ်သန်းလောကမှ ထွက်ခွာကာ ပြန့်ကြဲမိုးကြိုးကလန်ထံ ပြန်လို့ရသည့်နေရာပင်။

ထိုအဆောက်အဦဘေးတွင် ကြီးမားသောတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိလို့နေသည်။ ထိုစဉ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အတွင်း၌ လူဆယ့်နှစ်ယောက်ကျော်လောက် ရှိလျက်ဖြင့် အသက်ဝင်လာသည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသက်ဝင်လာခါနီး၌ အစီအရင်၏ တာဝန်ရှိသူများသည် အပြင်ဘက်တွင် ရှိနေသည်။

ဝမ်လင်းသည် ရုတ်တရက် ပေါ်လာ၏။ သူက သူ့ဘေးပတ်လည်သို့ ကြည့်ပင်မကြည့်ဘဲ အစီအရင်ထံသို့ ခြေလှမ်းလိုက်၏။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ တာဝန်ရှိသော ပြန့်ကြဲမိုးကြိုးကလန်ဝင်များထဲမှ တစ်ယောက်သည် ချက်ခြင်း လှမ်းအော်သည်။ “ရပ်လိုက်။ အစီအရင်အသက်ဝင်နေပြီ။ နောက်အုပ်စုကို စောင့်တော့…”

သို့ပေမည့် သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းကာ အစီအရင်အတွင်း၌ အဟတစ်ခု ဖြစ်အောင် ဆုတ်ဖြဲလိုက်သည်။ သူက အတွင်းသို့ လှမ်းလျှောက်ဝင်လိုက်၏။

ထိုမြင်ကွင်းသည် အစီအရင်ပြင်ပရှိ ကျင့်ကြံသူများ၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။ သူတို့အားလုံး လန့်သွားကြ၏။ အစီအရင်အတွင်းမှ လူများလည်း တုန်လှုပ်ကုန်သည်။

အစီအရင်သည် လင်းလက်ကာ ဝမ်လင်းအပါအဝင် ၎င်းအတွင်းရှိ လူတိုင်းမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။

***

All Chapters