← Chapters

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ (၁)

Vol. 102 Ch. 1399

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ (၁)

Vol. 102 Ch. 1399

ဝမ်လင်းသည် သူတို့ကို မတားပေ။ သူသည် ကြောက်လန့်တကြားဖြင့် အမျိုးသမီးကို ခေါ်ကာ ထွက်ပြေးသွားသော သက်လတ်ပိုင်းလူကို စောင့်ကြည့်နေ၏။ သူတို့သည် အကွာအဝေးတစ်ခု၌ ပျောက်ကွယ်သွားကြသည်။

“ပြင်ပနယ်မြေရဲ့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတွေ သေရမယ်…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ ဂျီနယ်ပယ် ထွက်ပေါ်လာ၏။ အနီရောင်လျှပ်စီးသည် ချက်ခြင်း ရှေ့သို့ တိုးဝင်သွားသည်။

ဂျီနယ်ပယ်သည် ကောင်းကင်ထက်ရှိ အဆုံးမဲ့မိုးကြိုးများအပေါ် သက်ရောက်သည်။ တုန်ဟည်းသံများ မြည်ဟည်း၏။ ကောင်းကင်သည် ပျက်စီးတော့မည့်အလား။ မိုးကြိုးသည် ဤဂြိုဟ်ပေါ်သို့ သက်ဆင်းလာသည်။ ဂြိုဟ်တစ်ခုလုံးမှာ မိုးကြိုးအကျဉ်းထောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား။

သက်လတ်ပိုင်းလူသည် နောက်ဆုတ်နေရင်း သူ့မျက်နှာထက်၌ ကြောက်ရွှံ့မှုအတိပြီး နေ၏။ သူသည် အနီရောင်လျှပ်စီးတန်းကို ခုခံနိုင်ဖို့ သူ့မန္တာန်များ၊ ရတနာလက်နက်များစွာကို အသုံးပြုလိုက်သည်။ သို့ပေမည့် ယင်းအရာများသည် အနီရောင်လျှပ်စီးတန်းနှင့် ထိမိသည်နှင့် ချက်ခြင်း ပျက်စီးသွားတော့၏။

ယင်းတို့သည် ထိုအနီရောင်လျှပ်စီးတန်းကို တစ်စက်လေးပင် တားဆီးနိုင်စွမ်း မရှိပေ။

“ဒါက ဘယ်လိုမျိုးကြိုးမျိုးလဲ…” သက်လတ်ပိုင်းလူသည် သူ့ကို ခေါင်းကိုင်အဖဟု ခေါ်လိုက်သော မိန်းကလေးကို ချက်ခြင်း ဖမ်းဆွဲကာ သူမ ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် အနီရောင်လျှပ်စီးတန်းကို ပိတ်ဆို့ရန် သူမအား ရှေ့ကနေ ကာလိုက်သည်။ အမှန်တော့ သူမသည် ထိုသူ၏ စုံတွဲကျင့်ကြံမှုအဖော်များထဲမှ တစ်ယောက်ပင်။

ထိုအမျိုးသမီး၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွား၏။ သူမ၏ခန္ဓာကိုယ်မှာလည်း ပျက်စီးသွားလေသည်။

ထိုလှစ်ဟသွားသော ခဏတာကို အသုံးချကာ သက်လတ်ပိုင်းလူသည် နောက်သို့ အရူးအမူး ဆုတ်တော့သည်။ သူက လေဟာနယ်ကို ဆုတ်ဖြဲကာ ဝင်ရောက်ရန် ပြင်၏။ သူ အတွင်းသို့ တစ်ဝက်ရောက်သွားချိန်တွင် အနီရောင်လျှပ်စီးတန်းသည် လေဟာနယ်ကို ချိုးဖျက်ကာ သူ့နောက်ကျောဘက်သို့ ဝင်ရောက်သွားသည်။

သက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့မှာ ဖျက်စီးခံလိုက်ရလေပြီ။

ဝမ်လင်း ပေါ်လာကာ အခုလိုမျိုး အဆုံးသပ်သည့်အထိ အချိန်မှာ ခဏတာသာ ကြာ၏။ သူသည် ထိုအမျိုးသမီးကိုမူ မသတ်ပေ။ သူမကဲ့သို့ လူမျိုးက သူ့အတွက် ဘာမှ မဟုတ်ပေ။

ရှုလီကောသည် ဤအဖြစ်သနစ်များကို မျက်မြင်တွေ့လိုက်ရ၏။ သူသည် ဝမ်လင်း၏ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသည်။ ထိုအခိုက်တွင် သူသည် ဝမ်လင်းကို ဖားယားပြောရန် ဟန်ပြင်လိုက်၏။ သို့သော် ဝမ်လင်းက သူ ဘာမှ မပြောနိုင်ခင် သူ့အား သိုလှောင်နေရာလွတ်အတွင်းသို့ ပစ်ထည့်လိုက်တော့သည်။ ထို့နောက် ဝမ်လင်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားလေ၏။

“နောက်တစ်ကြိမ်ကျရင်တော့ ငါဟာ ပြန့်ကြဲမိုးကြိုးကလန်တစ်ခုလုံးနဲ့ တိုက်ခိုက်တော့မယ်…” ဝမ်လင်း၏မျက်လုံးတို့မှာ အေးစက်နေ၏။ သူသည် မြန်သထက်မြန်မြန် ရွှေ့လျားနေသည်။ ချက်ခြင်းပင် သူသည် လေထုကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်ထဲ ရောက်လာ၏။

ကြယ်များကြား၌ မိုးကြိုးသည် ကျယ်လောင်စွာ ဟိန်းမြည်၏။ ၎င်းက ဝမ်လင်း၏ ဆန္ဒကို တုန့်ပြန်လိုက်ဟန် ပေါ်သည်။ ဝမ်လင်းသည် ဂြိုဟ်ဆယ့်ခြောက်လုံး၏ ဗဟိုချက်ရှိ ဧရာမကုန်းမြေကြီးထံ ဦးတည်ကာ လျှောက်လှမ်းလာသည်။

သူသည် မိုးကြိုးများအတွင်းသို့ လှမ်းလျှောက်ကာ သူ့ဘေးပတ်လည်၌ မိုးကြိုးများကို ဝန်းရံစေသည်။ သူကား တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေလေပြီ။ ကြည့်ရသည်မှာ ဤနေရာရှိ အဆုံးမဲ့မိုးကြိုးများကို သူ ထိန်းချုပ်တော့မည့်ဟန် ပေါ်သည်။

ဝမ်လင်းသည် မိုးကြိုးကို ဆင်မြန်းကာ လျှပ်စီးပေါ်သို့ ချနင်းလျက် ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်ကုန်းမြေထံ ဦးတည်ကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းသည်။

သည်ဧရာမကုန်းမြေထက်ရှိ ကျောင်းတော်ထဲမှ ထာဝရမိုးကြိုးသည်လည်း ဟိန်းမြည်သံ ပြုသည်။ ကြည့်ရသည်မှာ ၎င်းကလည်း ဝမ်လင်းနှင့် ထိပ်တိုက်တွေ့ရန် ပြင်ဆင်သည့်ပုံပင်။

ဝမ်လင်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်ကုန်းမြေနှင့် သိပ်မဝေးသောနေရာတွင် ရှိနေ၏။ သူသည် ချက်ခြင်း နီးကပ်လာသည်။ ထိုအခါ တော်ဝင်ကုန်းမြေထံမှ အစွမ်းထက်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ဒါက ငါ့ကလန်ရဲ့ တော်ဝင်ကုန်းမြေပဲ။ သင် အခွင့်မရှိဘဲ ဝင်ရောက်ခွင့် မရှိဘူး။ မြန်မြန် ထွက်သွား…”

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူသည် ထိုအသံကို လုံးဝ လစ်လျူရှုထားသည်။ သူက လက်ညွှန်လိုက်၏။ အဆုံးမဲ့မိုးကြိုးများ စုဝေးလာချေသည်။ ဝမ်လင်း၏ လက်ညွှန်ချက်က ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးများကို စုပ်ယူလိုက်သည်ဟု ထင်ရပြီး ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်ကုန်းမြေထံသို့ ဝုန်းဒိုင်းကြဲ ရိုက်ချလာသည်။

မိုးကြိုးတုန်ဟည်းသံများသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ တော်ဝင်ကုန်းမြေ ပတ်လည်၌ အစိမ်းရောင်အလင်းတစ်ခု လင်းလက်သွားသည်။ လျှပ်စီးတန်းများစွာ ကျဆင်းလာနေရင်း ယင်းတို့သည် မိုးစက်များအလား။ အစိမ်းရောင်အလင်းပေါ်၌ လှိုင်းဂယက်များစွာ ဖြစ်ပေါ်စေသည်။

“မင်း လုပ်ဝံ့တယ်လား။ တော်ဝင်ကုန်းမြေကို ကျူးကျော်လာတဲ့သူမှန်သမျှ သေရမယ်…”

ဟိန်းအော်သံတစ်ခုနှင့်အတူ တော်ဝင်ကုန်းမြေထံမှ လူတစ်ယောက် ပျံသန်းထွက်လာ၏။ ထိုလူမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွင် ရှိ၏။ သူသည် အရံအတားထံမှ လှမ်းထွက်လာကာ ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေပြီး ဝမ်လင်းထံ တိုးဝင်လာလေသည်။

ဝမ်လင်းသည် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။ နောက်ဆုတ်ရမည့်အစား သူ ရှေ့တိုးလာ၏။ ဖျပ်ခနဲပင် သူသည် ထိုအဘိုးအို၏ ရှေ့သို့ ရောက်လာသည်။ အဘိုးအို၏မျက်လုံးထဲ၌ အတိုင်းမသိထိတ်လန့်မှု ချက်ခြင်း ပြည့်နှက်သည်။ သူ နောက်မဆုတ်နိုင်ခင်မှာပင် ဝမ်လင်းက သူ့ညာလက်ဖြင့် သူ့ကို ဖမ်းဆီးကာ အဘိုးအိုကို ပင့်မြှောက်လိုက်လေသည်။

ဝမ်လင်း ထိုအဘိုးအိုကို ပင့်မြှောက်လိုက်ချိန်၌ သူ့မူလစွမ်းအင်များသည် ယင်းအဘိုးအို၏ခန္ဓာကိုယ်အတွင်း တိုးဝင်သွားသည်။ တစီစီအသံများ ထွက်ပေါ်လာကာ သူသည် ထိုအဘိုးအိုကို ချက်ခြင်း သတ်ပစ်လိုက်ပေပြီ။

ဝမ်လင်းက သူ့ညာလက်ကို ဖြေလျှော့လိုက်ရာ အဘိုးအိုသည် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ အစိမ်းရောင်အလင်းအဖြစ် ပြောင်းကာ ပေါက်ကွဲထွက်သွားသည်။

အဘိုးအို၏ သေဆုံးခြင်းက တော်ဝင်ကုန်းမြေအတွင်းရှိ ပြန့်ကြဲမိုးကြိုးကလန်ဝင်များကို တုန်လှုပ်သွားစေသည်။ စူးရှသောအော်သံများ ပဲ့တင်ထပ်၏။ ပြန့်ကြဲမိုးကြိုးကလန်ဝင်များ၏ ကျောက်စိမ်းပြားများသည် တုန်ယင်ကာ အနီရောင်တောက်ပမှုကို ပေးစွမ်းလာသည်။

ထိုကဲ့သို့ တုန်ယင်မှုနှင့် အနီရောင်အလင်းတို့သည် ပြန့်ကြဲမိုးကြိုးကလန်ဝင်များစွာကို တုန်လှုပ်သွားစေသည်။ သို့ပေမည့် သူတို့သည် မကြာခင်မှာပင် တုန့်ပြန်လာကြ၏။ သူတို့၏အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

ထိုအနီရောင်အလင်းက တစ်စုံတစ်ယောက် တော်ဝင်ကုန်းမြေပေါ်သို့ ကျူးကျော်လာပြီဟု ဆိုလိုပေ၏။

ဝမ်လင်း၏ ကျောက်စိမ်းပြားမှာလည်း ထိုအနီရောင်အလင်းကို ပေးစွမ်း၏။ သူက ၎င်းကို ထုတ်ယူကာ ချေမွပစ်လိုက်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ လေဟာနယ်အတွင်းမှ အတိုင်းမသိမိုးကြိုးများ ပေါ်လာလျက် ကောင်းကင်နှင့်မြေကြီးသည် ဟိန်းမြည်လေသည်။ ဝမ်လင်းက မိုးကြိုးများကို ထိန်းချုပ်ကာ တော်ဝင်ကုန်းမြေ၏ အရံအတားကို တိုက်ခိုက်နေခြင်းပင်။

မိုးကြိုးတုန်ဟည်းသံများမှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ တစ်ချိန်တည်းမှာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်းဂြိုဟ်ဆယ့်ခြောက်လုံးထံမှ ကျင့်ကြံသူရာချီသည် ပျံသန်းထွက်လာကြသည်။ သူတို့အားလုံးသည် သုန်မှုန်စွာဖြင့် ဝမ်လင်းထံ ဦးတည်ဝင်လာသည်။

ထိုကျင့်ကြံသူများ ပုံရိပ်ယောင်ယင်အဆင့်၊ အထည်ဒြပ်ယန်အဆင့်၊ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တို့တွင် ရှိကြ၏။ သူတို့သည် အနားမရောက်လာခင်မှာပင် သူတို့က မန္တာန်များ၊ လက်နက်ရတနာများကို ဝမ်လင်းထံ အရင်ပစ်သွင်းပြီး ဖြစ်သည်။

ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ ကျင့်ကြံသူရာချီ နီးကပ်လာသည့်အခါ သူက သူ့လက်ကို ဝေ့ယမ်း၏။ ထို့နောက် သူက မာန်သွင်းကာ အော်ဟစ်လိုက်၏။

“လောကရဲ့ မိုးကြိုးတွေ ငါ့အမိန့်ကို နာခံကြ…”

သူ ထိုသို့ ဆိုလိုက်သည့်နောက် ကျင့်ကြံသူရာချီ၏အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားပြီး သူတို့၏ခန္ဓာကိုယ်များသည် တုန်ရီကုန်သည်။ ထိုအခိုက်တွင် သူတို့၏ခန္ဓာကိုယ်ထဲရှိ မိုးကြိုးများသည် အပြင်းအထန် တုန်ယင်လေ၏။

“စုဝေးစမ်း…” ဝမ်လင်း၏အော်သံမှာ တုန်လှုပ်ဖွယ်ရာပင်။ သူ့အသံ ထွက်ပေါ်လာသည်နှင့် ကျင့်ကြံသူရာချီသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုချင်းစီထံမှ မိုးကြိုးများ ပေါက်ကွဲထွက်ကာ မိုးကြိုးတန်းများအဖြစ် ဖြစ်ပေါ်ကာ ဝမ်လင်းထံ တိုးဝင်လာသည်။

ယင်းမိုးကြိုးတန်းများသည် ဝမ်လင်း၏ ပတ်ပတ်လည်တွင် မြန်ဆန်စွာ စုဝေးကာ ပေတစ်ထောင်ကျယ်ပြောသော မိုးကြိုးလုံးတစ်လုံး ဖြစ်ပေါ်သည်။ ဝမ်လင်းက ၎င်းကို သူ့ညာလက်ဖြင့် ဖမ်းယူကာ တော်ဝင်ကုန်းမြေ ပတ်လည်ရှိ အရံအတားထံ ပစ်လွှတ်လိုက်သည်။

မိုးကြိုးတုန်ဟည်းသံတို့ အရူးအမူး ပဲ့တင်ထပ်လျက် အရံအတားသည် အပြင်းအထန် တုန်ခါသည်။

“မောက်မာလိုက်တဲ့လေသံ။ လောကရဲ့ မိုးကြိုးအားလုံးက မင်း အမိန့်ကို နာခံရမယ် ဟုတ်လား။ ငါ့ပြန့်ကြဲမိုးကြိုးကလန်က ဒီလိုကောင်လေးမျိုးကို ဘယ်လိုများ မွေးထုတ်ပေးလိုက်ရတာလဲ…” တော်ဝင်ကုန်းမြေထံမှ သုန်မှုန်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ဝတ်စုံနက်အဘိုးအိုတစ်ယောက်သည် လှမ်းထွက်လာ၏။ သူ့အမူအရာမှာ သုန်မှုန်နေသည်။ သူ့ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကို ကျော်လွန်၍ ပထမကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိနေပေပြီ။ သူသည် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ထိုအဘိုးအို ဤသို့ ပြောလိုက်သည်နှင့် ကျင့်ကြံသူထောင်ချီသည် ပတ်ဝန်းကျင်ရှိ ဂြိုဟ်ဆယ့်ခြောက်လုံးထံမှ ပျံသန်းထွက်လာလေ၏။

“မင်းမှာ ဒီလောက်မောက်မာနိုင်တဲ့ အရည်အချင်းမျိုး တကယ် ရှိရဲ့လား ငါ ကြည့်မယ်…”

အဘိုးအိုသည် နှာခေါင်းရှုံ့၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တဖျပ်ဖျပ် ပေါ်နေသည်။ သူက တော်ဝင်ကုန်းမြေထံမှ ထိုးထွက်လာပြီး သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထို့နောက် သူ့ကလန်အမှတ်အသားသည် တလက်လက် ဖြစ်ကာ ဧရာမမိုးကြိုးနဂါးတစ်ကောင် ပေါ်လာပြီး ဝမ်လင်းထံ တိုးဝင်လာတော့သည်။

ထိုအဘိုးအိုက မိုးကြိုးနဂါး၏ ထိပ်ပေါ်တွင် ရပ်နေသည်။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ မိုးကြိုးဖြင့် ဖုံးလွှမ်းသောဓားရှည်တစ်လက် ပေါ်လာသည်။

ဝမ်လင်းသည် ထိုသူ့ကို ကြည့်ကာ ခေါင်းယမ်းလိုက်၏။

“မင်းမှာ ငါနဲ့ တိုက်ခိုက်နိုင်ဖို့ အရည်အချင်း မရှိဘူး…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူ၏ဂျီနယ်ပယ်သည် အံ့မခန်းအမြန်နှုန်းဖြင့် ပေါ်လာသည်။ ၎င်းက လေဟာနယ်ကို ချိုးဖျက်ကာ မိုးကြိုးနဂါးနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ မိုးကြိုးနဂါးသည် တုန်ယင်လျက် ပျက်စီးခြင်း မစိုက်ခင် ဗလုံးဗထွေးအော်သံ ပြုသည်။ ပထမကောင်းကင်ဘုံဒုက္ခအဆင့် အကြီးအကဲ၏ မျက်လုံးထဲတွင် ဖော်ပြရန်ခက်ခဲသော ထိတ်လန့်မှု ဖြစ်ပေါ်သည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းကာ သူ့လက်ထဲရှိ ဓားရှည်ဖြင့် ထိုအနီရောင်လျှပ်စီးတန်းကို ပိတ်ဆို့ရန် ကြိုးစားသည်။

တစီစီအသံများ ပဲ့တင်ထပ်ကာ ဓားရှည်သည် အပိုင်းပိုင်း ပျက်စီးသွားသည်။ အဘိုးအို၏မျက်နှာမှာ ဖြူရောကာ သူသည် နောက်ပြန်ဆုတ်ချင်သည်။ သို့သော် အနီရောင်လျှပ်စီးက သာ၍ မြန်၏။ ဓားရှည်ကို ချိုးဖျက်လာပြီးနောက် ၎င်းက ထိုအဘိုးအို၏ခန္ဓာကိုယ်အတွင်း တရကြမ်း ဝင်ရောက်သွားလေသည်။

ယင်းအဘိုးအို၏မျက်လုံးထဲ၌ သိပ်သည်းသောထိတ်လန့်မှု ပြည့်နှက်ကုန်သည်။ သေဆုံးရမည့်ခံစားမှုက အလွန်နီးကပ်လာပေပြီ။ အနီရောင်လျှပ်စီးတန်းက သူ၏မျက်ခုံးနှစ်ခုကြားသို့ ထွင်းဖောက်သွားချိန်တွင် တော်ဝင်ကုန်းမြေရှိ ကျောင်းတော်ထံမှ ရူးသွပ်ဖွယ်အော်သံတစ်ခု ထွက်ပေါ်လာသည်။

“ရပ်လိုက်စမ်း…” အော်သံတစ်ခု ထွက်ပေါ်လာကာ အရပ်ရှည်ရှည် သက်လတ်ပိုင်းလူတစ်ယောက် ကျောင်းတော်ထံမှ လှမ်းထွက်လာသည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် အရံအတားကို ဖြတ်သန်းကာ ပထမကောင်းကင်ဘုံဒုက္ခအဆင့် အဘိုးအိုနားသို့ ချက်ခြင်း ရောက်ရှိလာသည်။

သို့ပေမည့် သူ၏အမြန်နှုန်းသည် ဂျီနယ်ပယ်နှင့်စာပါက နှေးနေဆဲသာ။ သူ ထွက်လာသည်နှင့် ဂျီနယ်ပယ်အနီရောင်လျှပ်စီးတန်းက ပထမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူ၏ ဦးခေါင်းကို ချိုးဖျက်ကာ အခြားတစ်ဖက်ကနေ ပြန်ထွက်လာခဲ့ပေပြီ။

ထိုကျင့်ကြံသူ၏မျက်လုံးသည် ပြာသွားကာ သူ သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ ပျက်စီးသွားသည်။ သို့သော် သူ့မူလစိတ်ဝိညာဉ်သည် တရကြမ်း ထိုးထွက်လာ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားပေမည့် မသေခဲ့ပေ။

ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်။ သူက သူ့မူလခန္ဓာကိုယ်ဖြင့် ဤနေရာတွင် ရှိနေသည်မဟုတ်၊ ထို့အတွက် သူ့ထံ၌ ဂျီနယ်ပယ်များများစားစား မပိုင်ဆိုင်ထားပေ။ ထို့ကြောင့်လည်း သူသည် ပထမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူကို ချက်ခြင်း မသတ်ပစ်နိုင်လိုက်ခြင်းပင်။

“မင်း ပုန်ကန်ဝံ့တယ်လား…” အရပ်ရှည်ရှည် သက်လတ်ပိုင်းလူက သူ့ကလန်၏မူလစိတ်ဝိညာဉ်ကို ဖမ်းဆုပ်ကာ ဝမ်လင်းကို ကြည့်သည်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်အပြည့် ရှိ၏။ တတိယကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာသည် သူ့ထံမှ ပျံ့နှံ့လာသည်။ ယင်းအော်ရာမှာ မြေကမ္ဘာအက်ကွဲသွားစေလောက်သည်။ လှိုင်းဂယက်များ ဟင်းလင်းပြင်အနှံ့ သူ့ဟာသူ ပျံ့နှံ့သည်။

ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့နှဖူးကို ထိရိုက်လိုက်၏။ မိုးကြိုးသံ မြည်လျက် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ယုဖေ၏ခန္ဓာကိုယ်ထံမှ ထွက်ခွာကာ လောကတွင် ပေါ်လာသည်။

သူ့မူလစိတ်ဝိညာဉ်သည် မိုးကြိုးနှင့် ပြည့်နှက်၏။ သူနှင့်အတူ စိတ်ဝိညာဉ်မိုးကြိုးလည်း အတူ ရှိနေသည်။

“လောကရဲ့ မိုးကြိုး။ ငါ့အမိန့်ကို နာခံကြ။ အဆုံးမဲ့မိုးကြိုးကန်ကနေ ထွက်လာပြီး ငါ့အတွက် ဖျက်စီးပစ်ကြစမ်း…”

ဝမ်လင်း၏နတ်ဘုရားအာရုံသည် အရူးအမူး ပျံ့နှံ့လာသည်။ ထိုစဉ် ပြန့်ကြဲမိုးကြိုးကလန် ပတ်လည်ရှိ မိုးကြိုးကန်သည် ပင်လယ်လှိုင်းထန်သကဲ့သို့ ဖြစ်ကုန်၏။ ကြောက်မက်ဖွယ်လှိုင်းတစ်ခု အထိုင်ကျလာကာ မိုးကြိုးကန်တစ်ခုလုံးသည် ဤနေရာသို့ တရကြမ်း စတင်တိုးဝင်လာတော့သည်။

လူတစ်ယောက်သည် အဝေးကနေပင် မိုးကြိုးကန် တဟုန်ထိုး တိုးဝင်လာသည်ကို မြင်နိုင်သည်။

ထိုအခါ ပတ်ဝန်းကျင်ရှိ ဂြိုဟ်များထံမှ ဤနေရာသို့ ရောက်လာသော ကျင့်ကြံသူအားလုံး၏ အမူအရာသည် ပြောင်းလဲသွားသည်။ အရပ်ရှည်ရှည် သက်လတ်ပိုင်းလူ၏ အမူအရာသည်ပင် အကြီးအကျယ် ပြောင်းလဲသွားသည်။

မိုးကြိုးတုန်ဟည်းသံသည် အရာအားလုံးကို အစားထိုးသွားလေပြီ။ သို့ပေမည့် ထိုအခိုက်တွင် တော်ဝင်ကုန်းမြေ၏ ကျောင်းတော်အတွင်းရှိ ထာဝရမိုးကြိုးတန်းထံမှ ခွန်အားပြည့်အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်း ဘယ်သူလဲ…”

ထိုအသံသည် ကျောင်းတော်ထံမှ ထွက်ပေါ်လာသည်မဟုတ်၊ ထာဝရမိုးကြိုးတန်း၏ အတွင်းနက်ပိုင်းကနေ ထွက်ပေါ်လာခြင်းသာ။ ၎င်းသည် ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲချုပ်၊ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူပင်။

ထာဝရမိုးကြိုးတန်းအတွင်း၌ ပေတစ်ထောင်ရှည်လျားသော မျက်နှာတစ်ခုပေါ်လာသည်။ ထိုမျက်နှာသည် နေမင်းအလား၊ ဤကြယ်အဖွဲ့အစည်းကို လင်းထိန်သွားစေသည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါက ဝမ်လင်း။ ဒီနေ့ ထာဝရမိုးကြိုးတန်းကို ယူဆောင်ပြီး သင်တို့ရဲ့ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးပစ်မလို့ ငါ ရောက်လာတာ ဖြစ်တယ်…”

***

All Chapters