အခန်း ၄၂၂
Vol. 39 Ch. 422
အခန်း ၄၂၂ တစ်ချက်တည်းနှင့် အပြတ်ရှင်းခြင်း
"ဒါ နည်းပညာမြင့်သံချပ်ကာဝတ်စုံပဲ"
"ဒါက ရုပ်ရှင်တွေထဲမှာပဲ တွေ့ရတဲ့အရာ မဟုတ်ဘူးလား"
"ဘာတွေဖြစ်နေတာလဲ... တစ်ယောက်ယောက် ငါ့ကို ဘာဖြစ်နေလဲ ပြောပြနိုင်မလား"
"ခေါင်းပေါ်မှာ တိုက်လေယာဉ်တွေ ရပ်နေတယ်... ပြီးတော့ တစ်ခါမှ မမြင်ဖူးတဲ့ ဒီနည်းပညာသံချပ်ကာဝတ်စုံကြီး"
"ဒါတွေ အားလုံးက တာ့ရှားရဲ့ ထုတ်ကုန်တွေလား"
"ကြောက်စရာကောင်းလိုက်တာ... ကြောက်စရာကြီးပဲ"
"တာ့ရှားက သူ့ရဲ့ အစစ်အမှန် ခွန်အားကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာပဲ... သူတို့ရဲ့ နည်းပညာသာ ဒီလောက် အဆင့်မြင့်နေရင် သူတို့က ကမ္ဘာပေါ်မှာ အသန်မာဆုံး ဖြစ်နေပြီ"
စမစ်သည် စုယွမ်နှင့် လီဟူတို့၏ နည်းပညာသုံး သံချပ်ကာဝတ်စုံများကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။ အစပိုင်းက တာ့ရှား လူမျိုးများ အနိုင်ရမည်ဟု သူ မျှော်လင့်ခဲ့သော်လည်း ယခုမူကား။
အခြေအနေက ထိုသို့ လုံးဝ မဟုတ်တော့ပေ။
ယခုမူ တာ့ရှားရော ဂျပန်နိုင်ငံပါ နှစ်ဖက်စလုံး အကြီးအကျယ် ထိခိုက်နစ်နာသွားရန် သူ မျှော်လင့်နေ၏။ ဤနည်းဖြင့်သာ သူ၏ အရေးပါသော ရာထူးနေရာကို အာမခံနိုင်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စုယွမ်နှင့် လီဟူတို့ နည်းပညာသုံး သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသည်ကို မြင်တွေ့ရချိန်၌ တစ်ကမ္ဘာလုံး အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားကြသည်။ ရုပ်ရှင်များသည် လက်တွေ့ ဖြစ်လာခဲ့လေပြီ။ ဤအစွမ်းထက်သော ခြိမ်းခြောက်မှု ခံစားချက်က ဖန်သားပြင်ပေါ်မှတဆင့်ပင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ ၎င်းသည် အဆင့်နိမ့် ယဉ်ကျေးမှုမှ အဆင့်မြင့် ယဉ်ကျေးမှု၏ ထုတ်ကုန်များအပေါ် ခံစားရသည့် သဘာဝအလျောက် ကြောက်ရွံ့မှုပင် ဖြစ်၏။ ဤသည်မှာ တကယ်ကို အံ့မခန်းပင် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒါက နည်းပညာသုံး သံချပ်ကာဝတ်စုံလေ။ လူတိုင်း၏ အိပ်မက်ထဲတွင်သာ တည်ရှိသောအရာ ဖြစ်သည်။ ထိုသို့သော သံချပ်ကာဝတ်စုံသည် လက်ရှိ ကမ္ဘာမြေအတွက် တကယ်ဖြစ်လာသော အိပ်မက်တစ်ခုပင် ဖြစ်သည်။
"ဒါ တကယ်ပဲ... နည်းပညာမြင့်သံချပ်ကာဝတ်စုံပဲ... တာ့ရှားက နည်းပညာသုံး သံချပ်ကာဝတ်စုံကို တကယ်ကြီး ထုတ်လုပ်နိုင်ခဲ့တာပေါ့"
"ဘုရားရေ... တာ့ရှားက ဘုရားသခင်ရဲ့ ကောင်းချီးပေးတာကို ခံထားရတာလား"
"တာ့ရှားက အရမ်း အစွမ်းထက်လွန်းတယ်... သူတို့က ဒီလို နည်းပညာသုံး သံချပ်ကာဝတ်စုံတွေကိုတောင် ထုတ်လုပ်နိုင်ရုံမကဘူး လေထဲမှာ ရပ်နေတဲ့ တိုက်လေယာဉ်တွေပါ ရှိသေးတယ်... ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ... သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ကမ္ဘာပေါ်မှာ နံပါတ်တစ် ဖြစ်နေပြီ"
"ဘာလို့ တာ့ရှားက ခေတ်ကို ကျော်လွန်နေတဲ့အရာတွေကို ဖန်တီးနိုင်ရတာလဲ... ဘာလို့ ငါတို့ နိုင်ငံက ဒီလို မလုပ်နိုင်ရတာလဲ"
အွန်လိုင်းပေါ်ရှိ မရေမတွက်နိုင်သော ကွန်ရက်သုံးစွဲသူများက စတင်ဆွေးနွေးလာကြသည်။
"ဟက်... နည်းပညာသုံး သံချပ်ကာဝတ်စုံက ဘာတွေများ အဲဒီလောက် ကြီးကျယ်နေလို့လဲ... သောက်ခွေး... အလကား အသုံးမကျတဲ့ အရာတွေပါ... အပေါ်ယံ အလှပြထားတဲ့ လုံးဝ အသုံးမကျတဲ့ အမှိုက်တွေချည်းပဲ"
"ငါတို့ရဲ့ ကြီးမြတ်တဲ့ တောင်ကိုရီးယားမှာတောင် မရှိတဲ့အရာကို တာ့ရှားက ဘယ်လိုလုပ် ရှိနိုင်မှာလဲ... တာ့ရှားက လူတိုင်းကို လိမ်ညာလှည့်စားဖို့ပဲ တတ်တာ.... ဒီနည်းပညာသုံး သံချပ်ကာဝတ်စုံက အမှိုက်ပုံကြီးပဲ... မင်းတို့က ရုပ်ရှင်ထဲက နည်းပညာသုံး သံချပ်ကာဝတ်စုံတွေလို တကယ် အလုပ်လုပ်နိုင်မယ်လို့ ထင်နေကြတာလား... တကယ် ရယ်စရာကောင်းတာပဲ"
"ဘာပဲဖြစ်ဖြစ် တာ့ရှားက ဒီလို ယဉ်ကျေးမှု ထုတ်ကုန်မျိုးကို ဖန်တီးနိုင်စရာ အကြောင်းမရှိဘူး... ဒါ ငါတို့ဆီက ခိုးသွားတာ သေချာတယ်"
တောင်ကိုရီးယားလူမျိုးများက ၎င်းသည် တာ့ရှား၏ ထုတ်ကုန်ဖြစ်သည်ကို လုံးဝ ယုံကြည်ရန် ငြင်းဆန်ခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ တာ့ရှားရှိ ကွန်ရက်သုံးစွဲသူများသည် နည်းပညာသုံး သံချပ်ကာဝတ်စုံနှင့် ထိုသို့သော အဆင့်မြင့် တိုက်လေယာဉ်များကို မြင်တွေ့ပြီးနောက် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
"ရှီး....ဥက္ကဋ္ဌစုက တကယ် မိုက်တာပဲ... သူက နည်းပညာသုံး သံချပ်ကာဝတ်စုံကိုတောင် တီထွင်နိုင်ခဲ့ပြီ"
"မိုက်တယ်... ဒါက တကယ့်ကို ခေတ်သစ်ကို ဖွင့်လှစ်ပေးလိုက်တဲ့ ထုတ်ကုန်ပဲ"
"ပြီးတော့ လေထဲမှာ ရပ်နေတဲ့ ဒီတိုက်လေယာဉ်က ဒဏ္ဍာရီလာ UFOလိုမျိုး လေထဲမှာ ရပ်နေတာ မဟုတ်ဘူးလား... အဲဒါက လူသားတွေ လုပ်နိုင်တဲ့အရာမျိုးလား"
အွန်လိုင်းပေါ်တွင် ထင်မြင်ယူဆချက် အမျိုးမျိုး ရှိနေသော်လည်း အများစုမှာ အံ့အားသင့်မှုများပင် ဖြစ်သည်။
နိုတန် အသွင်ပြောင်းသွားပြီးနောက် စုယွမ်နှင့် လီဟူတို့၏ နည်းပညာသုံး သံချပ်ကာဝတ်စုံကို မြင်တွေ့ရချိန်တွင် အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။
"စက်ဆုပ်စရာကောင်းလိုက်တာ..."
"စုယွမ်... ဒါကိုလည်း မင်းပဲ တီထွင်ခဲ့တယ်လို့တော့ ငါ့ကို လာမပြောနဲ့" နိုတန်က ဒေါသတကြီး ပြောလိုက်၏။ စုယွမ်သည် အသစ်အဆန်းများကို အဆက်မပြတ် တီထွင်နေခဲ့ရာ သူတို့၏ ဂျပန်နိုင်ငံအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိခဲ့လေသည်။
"ဒါကို ငါ တကယ်တမ်း ဖန်တီးခဲ့တာ မဟုတ်ပါဘူး... တစ်ယောက်ယောက်က ငါ့ကို ပေးခဲ့တာ... ပြီးတော့ ဒါက ငါသိတဲ့ အခြေခံအကျဆုံး နည်းလမ်းတွေထဲက တစ်ခုပဲ" စုယွမ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"မင်း..."
"စုယွမ်... ငါ မင်းကို သိတယ်..."
"မင်းက လေလုံးထွားနေတာပဲ"
"အမှိုက်ပုံကြီးကို ဝတ်ထားရုံနဲ့ မင်းကိုယ်မင်း အမြင့်မြတ်ဆုံးနဲ့ အစွမ်းအထက်ဆုံးလို့ ထင်နေတာလား"
"မင်း သိလား... အခု ငါက အသန်မာဆုံး မျိုးရိုးဗီဇပြောင်းလူသားပဲ... တစ်ကမ္ဘာလုံးမှာ အသန်မာဆုံး လူသားပဲ"
"မင်း ဆက်ပြီး ခေါင်းမာမနေဖို့ ငါ မျှော်လင့်တယ်"
"မင်းတို့ နှစ်ယောက်လုံး ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... မင်းတို့ဆီမှာရှိတဲ့ နည်းပညာတွေ အကုန်လုံးကို လွှဲပြောင်းပေးပြီး တာ့ရှား ကိုယ်စား ငါတို့ဆီမှာ အညံ့ခံလိုက်"
"ဒီလိုဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်မယ်" နိုတန်က ရူးသွပ်နေသည့်အလား ပြောလိုက်၏။
"ဟားဟား... နိုတန်... ငါက တာ့ရှားကို ကိုယ်စားပြုဖို့ အရည်အချင်း မမီပါဘူး"
"ဒါပေမဲ့ လူတိုင်း ကိုယ်စား မင်းကို ဖျက်ဆီးပစ်ဖို့ အခွင့်အရေးတော့ ငါ့မှာ ရှိတယ်" စုယွမ်က သဲ့သဲ့လေး ပြုံးလိုက်သည်။
"ဟားဟား"
"ပညာရှိဆိုတာ အခြေအနေအရ ဘယ်အချိန်မှာ အလျှော့ပေးရမလဲဆိုတာ သိတယ်"
"ငါ့ဆီမှာ မင်း အညံ့ခံလိုက်တာနဲ့ မင်း လိုချင်တာ အားလုံး ရနိုင်တယ်"
"မင်းကို ငါ့ရဲ့ နံပါတ်တစ် လက်အောက်ငယ်သား... ငါ့ရဲ့ နံပါတ်တစ် လူယုံအဖြစ် ငါ ခန့်အပ်နိုင်တယ်"
"မင်း သိလား" နိုတန်က အရှုံးပေးလိုခြင်း မရှိသေးပေ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ နည်းပညာကိုသာ သူ ပိုင်နိုင်သွားပါက ကမ္ဘာကြီးကို အုပ်စိုးမည့် သူ၏ နည်းလမ်းများက ပို၍ပင် အစွမ်းထက်လာမည် ဖြစ်သည်။
"ဟားဟား.."
"ဒါဆို မင်းက ခုထိ အညံ့မခံချင်သေးဘူးပေါ့"
"အဲဒီလိုဆိုမှတော့ ဒီနေ့ အားလုံး ဒီမှာပဲ ကျန်ရစ်ခဲ့ကြတော့" နိုတန်က လေထဲသို့ ခုန်တက်လိုက်ပြီး ရေပုံးတစ်လုံးခန့် ကြီးမားသော သူ၏ လက်သီးဖြင့် စုယွမ်ဆီသို့ အရိုင်းဆန်စွာ ထိုးချလိုက်၏။
ဤထိုးချက်က အနည်းဆုံး တန်ဆယ်တန်ခန့် အားလုံးပါဝင်နေမည်မှာ သေချာသည်။ ကြောက်မက်ဖွယ်ကောင်းလှသည်။ အခြားတစ်နည်းဖြင့် ဆိုရလျှင် လက်ရှိ နိုတန်သည် လူပုံစံရှိသော ထရပ်ကားငယ် တစ်စီးနှင့် တူနေလေသည်။
လက်သီးက စုယွမ်၏ ရှေ့သို့ ရောက်လာပြီး စုယွမ်၏ နည်းပညာသုံး သံချပ်ကာဝတ်စုံကို မည်မျှ ကောင်းစွာ အသုံးပြုနိုင်မည်ကို လူတိုင်း မြင်တွေ့ချင်နေကြသည်။
နိုတန်က ပြုံးလိုက်ပြီး သူ၏ လက်သီးက စုယွမ်ကို ထိခိုက်မိတော့မည့် အချိန်တွင် သူ၏ မောက်မာသော အမူအရာက ပို၍ အစွမ်းထက်လာ၏။
ဘုန်း
ခရမ်းရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး နိုတန်သည် ချက်ချင်း ထိတ်လန့်သွားလေသည်။ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူ အနောက်သို့ လွင့်စင်သွားစဉ် သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
"အာ..."
ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်ကျွမ်းနေသော နိုတန်သည် ပြိုကျနေသော နံရံပေါ်သို့ ပြုတ်ကျသွားပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။
"မင်း အခုလေးတင်..."
"မင်း..."
"ဘယ်လို... ဘယ်လိုလုပ် မင်းရဲ့ နည်းပညာသုံး သံချပ်ကာဝတ်စုံက ဒီလောက် အစွမ်းထက်နေရတာလဲ" နိုတန်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
အခုလေးတင် သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ စုယွမ်၏ နည်းပညာသုံး သံချပ်ကာဝတ်စုံက မိုးကြိုးတွေကို ပစ်လွှတ်နိုင်စွမ်း ရှိနေ၏။ ဟုတ်ပေသည်။ ဖန်တီးထားသော လျှပ်စစ်ဓာတ်အား မဟုတ်ဘဲ တကယ့် မိုးကြိုးအစစ်ပင် ဖြစ်သည်။
စမစ်နှင့် အခြား ရာထူးကြီး အရာရှိများလည်း ဆွံ့အသွားကြသည်။
ဒါက ဘာကြီးလဲ။
လက်ချည်းသက်သက်နဲ့ မိုးကြိုးတွေကို ပစ်လွှတ်တယ်ပေါ့။
ဒါက တကယ်ပဲ လူသားတစ်ယောက် လုပ်နိုင်တဲ့ အရာလား။
လူသားများသည် လျှပ်စီးကြောင်းမှ လျှပ်စစ်ဓာတ်အားကို စုဆောင်း၍ မရနိုင်သော်လည်း ဤနည်းပညာသုံး သံချပ်ကာဝတ်စုံက လျှပ်စီးကြောင်းများကို ပစ်လွှတ်နိုင်စွမ်း ရှိနေသည်။ နိုတန်ကဲ့သို့ အစွမ်းထက်သော မျိုးရိုးဗီဇပြောင်းလူသားပင်လျှင် ချက်ချင်း နိုင်ယူခံလိုက်ရသည်။
ဒါ...
ဒါက ကြောက်စရာကောင်းလွန်းတယ်။
ဤအရာမျိုးသည် ကြောက်စရာကောင်းပြီး ၎င်းကို မထိန်းချုပ်နိုင်ပါက ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။
ခဏတာမျှ စမစ်၏ မျက်လုံးများထဲတွင် လောဘစိတ်များ ပေါ်လာလေသည်။