ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ (၂)
Vol. 102 Ch. 1400
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ယုဖေ၏ခန္ဓာကိုယ်ကနေ ထွက်ခွာလာ၏။ ထိုအခါ ယုဖေ၏ခန္ဓာကိုယ်သည် အဝေးသို့ ဖြည်းဖြည်းချင်း လွင့်မြောသွားလေသည်။ ပြန့်ကြဲမိုးကြိုးကလန်ရှေ့၌ ပေါ်ထွက်လာသည်ကား မိုးကြိုးနှင့် ပြည့်နှက်နေသော ဝမ်လင်း၏မူလစိတ်ဝိညာဉ်ပင်။ သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော မိုးကြိုးတန်းအလား။
သူ့စကားလုံးများသည် တည်ငြိမ်၏။ သူ စကားဆိုနေစဉ် ပြန့်ကြဲမိုးကြိုးကလန်ဂြိုဟ်ဆယ့်ခြောက်လုံး ပတ်လည်ရှိ မိုးကြိုးကန်သည် သာ၍ ပြင်းထန်စွာ မြည်ဟိန်းလာ၏။ ၎င်းက သူ့ကို တုန့်ပြန်နေသည့်အလား။
ထိုမြင်ကွင်းသည် အရပ်ရှည်ရှည်သက်လတ်ပိုင်းလူ၏ မျက်လုံးသူငယ်အိမ်ကို ကျုံ့သွားစေသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဝမ်လင်းထံမှ မိုးကြိုးခွန်အားကို လွှမ်းမိုးနိုင်လုနီးနီး ခံစားချက်ကို ရှင်းလင်းစွာ ရရှိနေသည်။
“ဒီတော့ မင်းက ပြန့်ကြဲမိုးကြိုးကလန်ဝင် မဟုတ်ဘူးပေါ့…” တော်ဝင်ကုန်းမြေ၏ ကျောင်းတော်ရှိ ထာဝရမိုးကြိုးတန်းထံမှ ထွက်ပေါ်လာသော ဧရာမမျက်နှာကြီးဆီမှ ခပ်နိမ့်နိမ့်အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းရဲ့ နိမ့်ကျတဲ့ကျင့်ကြံမှုအဆင့်နဲ့ ငါ့ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးပစ်မယ်လို့ ကြေငြာဝံ့တယ်လား...။ ဘယ်လောက်တောင် မောက်မာလိုက်လဲ..."”
ထိုအသံသည် လှောင်ပြောင်မှု အပြည့်ပါဝင်သည်။ သူ့အသံမှာ မိုးကြိုးကန်မှ ဟိန်းမြည်သံများကိုပါ ဖိနှိပ်သွားလေ၏။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ဟင်းလင်းပြင်အတွင်း လွင့်မြောနေ၏။ မိုးကြိုးအလင်းများ တဖျပ်ဖျပ်လင်းလက်နေလျက် နဂါးတစ်ကောင်၏ပုံရိပ်သည် တလက်လက် ဖြစ်ပေါ်သည်။ သူသည် အကြီးအကဲခေါင်းဆောင်၏ အသံရှေ့တွင်ပင် တည်ငြိမ်စွာ ရှိနေ၏။ မည်သည့်သက်ရောက်မှုမှ သူ့အပေါ်တွင် ရှိမနေပါ။ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ပေါ်ကာ သူသည် ထာဝရမိုးကြိုးထံ လက်ညွှိုးထိုး၍ အေးတိအေးစက် ပြောလိုက်သည်။ “မင်း ငါနဲ့ မိုးကြိုးကန်ထဲမှာ တိုက်ခိုက်ဝံ့လား…”
ဝမ်လင်းသည် ယနေ့၌ တိုက်ခိုက်ရန် လာခြင်းသာ။ မည်သည့်လှည့်ကွက်၊အကြံအစည်မှ မပါဝင်ပေ။
အရင်က သူ လုပ်ဆောင်ခဲ့သမျှသည် ဤတိုက်ပွဲအတွက်သာ ဖြစ်၏။ ထို့ကြောင့်လည်း သူက ယုဖေ၏ခန္ဓာကိုယ်ကို လက်လွှတ်ကာ သူ့မူလစိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်ခြင်းပင်။ ထိုအရာများအားလုံးက အကြီးအကဲခေါင်းဆောင်ကို အာရုံစိုက်လာစေပေပြီ။ ဝမ်လင်းသည် ထိုအကြီးအကဲခေါင်းဆောင်မှာ ပုံမှန်အားဖြင့် မည်သည့်အရာကိုမှ သတိပြုမိမည့် မဟုတ်ဟု ယုံကြည်၏။ သူက သူ့မူလစိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်မှသာ ထိုအကြီးအကဲခေါင်းဆောင်သည် သဲလွန်စအချို့ကို ကောက်ယူနိုင်ပေလိမ့်မည်။
သူက ပြန့်ကြဲမိုးကြိုးကလန်၏ အသန်မာဆုံးပုဂ္ဂိုလ်၊အကြီးအကဲခေါင်းဆောင်နှင့် တိုက်ခိုက်ဖို့အတွက် သူ့ကိုယ်သူ တည်ကြက်အဖြစ် အသုံးချလိုက်ခြင်းပင်။
ထိုသို့ ပြောလိုက်ပြီးနောက် ဝမ်လင်းက နောက်သို့ဆုတ်၏။ မိုးကြိုးတန်းအဖြစ် ပြောင်းကာ သူသည် မိုးကြိုးကန်အတွင်းသို့ တိုးဝင်သွားလေသည်။ သူ့မူလစိတ်ဝိညာဉ်ထံမှ ပေးစွမ်းနေသော မိုးကြိုးခွန်အားက မည်သူကမျှ သူ့ကို မရပ်တန့်ရဲအောင် ပြုလုပ်နေပေ၏။
အရပ်ရှည်ရှည် သက်လတ်ပိုင်းလူ၏ မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူက နောက်ကလိုက်ရန် ပြင်သည်။ သို့သော် ထိုစဉ် ကျောင်းတော်ထံမှ အော်ရာကိုးခု ထွက်ပေါ်လာကာ ဝမ်လင်းထံသို့ ပိတ်ဆို့လာ၏။
ထိုအော်ရာကိုးခုလုံးသည် ကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူများ ဖြစ်လေ၏။
“ငါနဲ့ လာတိုက်ခိုက်တာလား။ ကောင်းပြီ…” မိုးကြိုးကန်သည် တုန်ဟည်းကာ ပဲ့တင်ထပ်၏။ ထာဝရမိုးကြိုးသည် ဟိန်းမြည်သံ ပြု၏။ ယင်းမိုးကြိုးပေါ်ရှိ ဧရာမမျက်နှာကြီးသည် တောက်ပသောမိုးကြိုးတန်းတစ်ခုဖြစ်သည့်အထိ ကြုံ့သွားပြီးနောက် လူတစ်ယောက် လှမ်းထွက်လာသည်။
ထိုလူသည် အသက်လေးဆယ်ခန့်ရှိကာ သူ့မျက်လုံးမှ မည်သည့်စိတ်ခံစားချက်ကိုမှ ဖော်ပြမနေပေါ။ သူ့နှုတ်ခမ်းက ပါးလှပ်၏။ ထို့ကြောင့် သူသည် ရက်စက်ပြတ်သားသူတစ်ယောက် ဖြစ်ရမည်။ ထိုစဉ် သူသည် ထာဝရမိုးကြိုးတန်းကနေ လှမ်းထွက်ကာ တော်ဝင်ကုန်းမြေမှ ထွက်လာ၏။
“အကြီးအကဲခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…” အရပ်ရှည်ရှည် သက်လတ်ပိုင်းလူက ချက်ခြင်း ဦးညွတ်၏။ ထိုအကြီးအကဲခေါင်းဆောင် ပေါ်လာချိန်တွင် ပြန့်ကြဲမိုးကြိုးကလန်ဝင်များအားလုံးသည် လေးစားသမှု ပြကြသည်။
ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်သည် ထိုကလန်၏ အထွတ်အထိပ် ဖြစ်၏။ လူတိုင်းသည် သူ့ကိုလေးစားကြသည်။ သူတို့အတွက် ထိုလူသည် ကောင်းကင်နှင့်မြေကြီးပင်။
ဝမ်လင်း ပေါ်သို့ ခပ်နှိပ်ထားသော အော်ရာကိုးခုသည်ပင် သူတို့ကိုယ်သူတို့ ဖော်ပြလာကာ ဦးညွတ်ကြလေ၏။
“ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေအများကြီး ရှိတယ်။ သူဟာ ငါ့အတွက် အတော်လေး အသုံးဝင်နိုင်တယ်။ ဒါ့အပြင် ဒီလူဟာ သူ့ရဲ့ ဒီကျင့်ကြံမှုအဆင့်နဲ့တောင် ဒီနေရာကို တစ်ကိုယ်တည်း လာဖို့ ကြောက်မနေခဲ့ဘူး။ မင်းတို့အားလုံး ဒီနေရာကို စောင့်ကြပ်နေပါ။ သူ ဘယ်လောက် အရည်အချင်း ရှိမလဲ ငါ မြင်ချင်တယ်…”
အကြီးအကဲခေါင်းဆောင်သည် မထူးခြားနားစွာ ပြောလိုက်၏။ ထို့နောက် သူသည် လက်နောက်ပစ်လျက် ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားသည်။
သူသည် မမြန်ပေ။ သို့သော် ခြေလှမ်းအနည်းငယ်ဖြင့်ပင် သူသည် အတိုင်းမသိအကွာအဝေးကို ဖြတ်သန်းသွား၏။
ဝမ်လင်းသည် မိုးကြိုးတန်းအဖြစ်ပြောင်းကာ တဟုန်ထိုး သွားနေ၏။ သို့သော် ဤအခိုက်တွင် သူသည် ရုတ်တရက် လှည့်ကြည့်၏။ အကြီးအကဲခေါင်းဆောင်သည် ပြန့်ကြဲမိုးကြိုးကလန်မှ လူများကို ချန်ရစ်ကာ ဝမ်လင်းနောက်ရှိ ပေတစ်ထောင်အကွာတွင် ပေါ်လာဖို့ ခြေနှစ်လှမ်းမျှသာ လှမ်းလိုက်၏။
ထိုနေရာသည် ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်ကုန်းမြေနှင့် အဝေးသို့ ရောက်နေပေပြီ။ သူတို့နှစ်ယောက်ကို အဆုံးမဲ့မိုးကြိုးများ ဝန်းရံနေ၏။ ဤနေရာတွင် သူတို့နှစ်ယောက်သာ ရှိတော့သည်။
“နတ်ဘုရားပြစ်ဒဏ်မိုးကြိုး၊ စိတ်ဝိညာဉ်မိုးကြိုး၊ ငါတို့ တော်ဝင်ကုန်းမြေရဲ့ မိုးကြိုးနဲ့ အလားသဏ္ဌာန်တူတဲ့ ထာဝရမိုးကြိုး…။ မဆိုးပါဘူး။ မင်းမှာ ဒီအဘိုးအိုကို စွဲဆောင်စေနိုင်တဲ့ အရာတွေရှိနေတာပဲ။ ဒါ့ကြောင့်လည်း မင်းက ငါ ထွက်လာမယ်ဆိုတာ သေချာနေတာပေါ့…”
အကြီးအကဲခေါင်းဆောင်သည် တည်ငြိမ်၏။ သူသည် အချိန်ကြာမြင့်လွန်းစွာ အသက်ရှင်ခဲ့ပြီးသူ မဟုတ်လား။ ထို့ကြောင့် သူသည် အလွန်ဉာဏ်များပေ၏။ ဝမ်လင်း၏ရည်ရွယ်ချက်များမှာ သူ့အမြင်တွင် ရှင်းလင်းနေပေသည်။
“မင်းက ဒီအဘိုးအိုရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါ့ကြောင့် မင်းရဲ့အကူအညီကို ခေါ်ထုတ်လိုက်ပါ…” ခုချိန်ထိ အကြီးအကဲခေါင်းဆောင်သည် မည်သည့်စိတ်ခံစားချက်ကိုမျှ မဖော်ပြသေးပေ။ အစကနေ အဆုံးထိ သူသည် ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ပေးစွမ်းနေရင်း တည်ငြိမ်စွာသာ ရှိနေသည်။
သူ ထိုသို့ ပြောလိုက်ပြီးနောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ ချက်ခြင်းပင် ဟင်းလင်းပြင်သည် တုန်ယင်လျက် မထင်မှတ်စွာဖြင့် ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာသည်။ ကောင်းကင်ဘုံတုန်လှုပ်ဖွယ် ဟိန်းအော်သံတစ်ခု ထိုဝဲကတော့အတွင်းမှ ထွက်ပေါ်လာ၏။
မိုးကြိုးနဂါးများ ထိုဝဲကတော့အတွင်းမှ အရူးအမူး ထွက်ပေါ်လာကြ၏။ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်၊ မျက်စိတစ်မှိတ်အတွင်း မိုးကြိုးနဂါးပေါင်း(၉၉၉)ကောင် ပေါ်လာလေ၏။ ယင်းတို့ ပေါ်လာသည်နှင့် အဆုံးမဲ့မိုးကြိုးများ ဝန်းရံကာ ၎င်းနဂါးအားလုံးသည် မာန်ဟိန်းသံ ပြုကာ ဝမ်လင်းရှိ တိုးဝင်လာတော့သည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွား၏။ သည်တစ်ကြိမ်သည် သူ့အနေဖြင့် ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကို ပထမဆုံး ရင်ဆိုင်ခြင်းပင်။ ၎င်းအဆင့်သည် တတိယအဆင့် မဟုတ်သေးသော်လည်း တတိယအဆင့်အောက်တွင်မူ အသန်မာဆုံး ဖြစ်၏။ အခြားတစ်ဖက်မှလူသည် လက်တစ်ဝေ့ဖြင့် မိုးကြိုးနဂါးပေါင်း(၉၉၉)ကောင်ကို ဖန်တီးလိုက်ပေပြီ။ ထိုမန္တာန်ကား တုန်လှုပ်ဖွယ်ရာတည်း။
ဝမ်လင်း အများကြီး တွေးနေဖို့ အချိန်မရခင်မှာပင် ထိုနဂါးများသည် သူ့ထံ တိုးဝင်လာကြပေပြီ။ ဝမ်လင်းသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ နောက်ဆုတ်သည်။ မိုးကြိုးသည် သူ၏မူလစိတ်ဝိညာဉ်ပတ်လည်တွင် လင်းလက်ကာ သူ့ပတ်လည်တွင် စက်ဝန်းတစ်ခု ဖြစ်တည်၏။
ထိုစက်ဝန်း ပေါ်လာသည်နှင့် ဝမ်လင်းက သူ့လက်ကို တွန်းထုတ်လိုက်ရင်း အေးစက်စက် ပြောလိုက်သည်။ “လောကရဲ့မိုးကြိုး၊ ငါ့အမိန့်ကို နာခံကြ။ ကောင်းကင်နဲ့မြေကြီးပင် ဖြစ်ပါစေ…ငါ့အတွက် ပျက်စီးလိုက်စမ်း…”
သူ့လက်နှစ်ဖက်ကို တွန်းထုတ်လိုက်သည့်အခါ သူ့မူလစိတ်ဝိညာဉ်ပတ်လည်ရှိ စက်ဝန်းသည် ချက်ခြင်းပင် သူ့ကို ဗဟိုပြုလျက် ပျံ့နှံ့သွားသည်။ မိုးကြိုးနဂါးများ ထိုစက်ဝန်းနှင့် တွေ့ကြုံသည်နှင့် သူတို့၏ခန္ဓာကိုယ်များ တုန်ယင်လျက် သူတို့၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ရုန်းကန်မှုတို့ ဖြစ်ပေါ်လာတော့သည်။
ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ အကြိမ်များစွာ ညွှန်လိုက်၏။ ထိုအခါ မိုးကြိုးနဂါးများ၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာတော့၏။ ထို့နောက် ၎င်းတို့သည် နောက်လှည့်ကာ အကြီးအကဲခေါင်းဆောင်ကို ပြန်တိုက်ခိုက်ရန် တာဆူတော့သည်။
ထိုရုတ်တရက် ပြောင်းလဲမှုက အကြီးအကဲခေါင်းဆောင်၏ မန္တာန်အတွင်း မတည်မငြိမ် ဗရမ်းဗတာ ဖြစ်ကုန်စေ၏။ အကြီးအကဲခေါင်းဆောင်၏မျက်လုံးသည် လင်းလက်ကာ သူသည် နှာခေါင်းရှုံ့လိုက်သည်။
“စိတ်ဝင်စားစရာပဲ။ တကယ့်ကို စိတ်ဝင်စားစရာပဲ…” ထိုသို့ပြောရင်း သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲခေါင်းဆောင်တစ်ယောက်အနေနဲ့ တော်ဝင်မိုးကြိုးရဲ့ ကျေးကျွန်တစ်ယောက်အနေနဲ့ လောကရဲ့မိုးကြိုးအားလုံးကို အမိန့်ပေးတယ်…”
သူ ထိုကဲ့သို့ ပြောလိုက်သည့်နောက် မိုးကြိုးနဂါးပေါင်းတစ်ထောင်နီးပါးသည် ဝမ်လင်းပတ်လည်တွင် ပေါ်လာကာ ရူးသွပ်သွားသည့်အလား ဟိန်းသံပေးလျက် ဝမ်လင်းထံ တိုးဝင်လာကြသည်။ ဝမ်လင်း ထိန်းချုပ်ထားသော မိုးကြိုးနဂါးများသည်ပင် စတင် ရုန်းကန်လာကြ၏။ အချို့သည် သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းကာ အကြီးအကဲခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်သို့ တဖန် ပြန်ရောက်ရှိသွားတော့သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ထိုမိုးကြိုးနဂါးများသည် ဝမ်လင်းထံ ဝုန်းဒိုင်းကြဲ တိုက်ခိုက်လာကာ သူ့မူလစိတ်ဝိညာဉ်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။ သူသည် နောက်သို့ ဆက်တိုက်ဆုတ်နေ၏။ သူ့မူလစိတ်ဝိညာဉ်သည် ဝေဝါးလာသည်။
မိုးကြိုးနဂါးတိုင်းတွင် အကြီးအကဲခေါင်းဆောင်၏ ဆန္ဒ ပါဝင်နေ၏။ ၎င်းက သူ့မူလစိတ်ဝိညာဉ်ကို ပျက်စီးထိခိုက်စေရုံသာမက သူ့မူလစိတ်ဝိညာဉ်အတွင်းသို့ပင် ယင်းဆန္ဒသည် သူ့ကို ထိန်းချုပ်ဖို့ငှာ တိုးဝင်လာသည်။
ယခုလိုအဖြစ်မျိုးကို ဝမ်လင်းအနေဖြင့် ပထမဆုံး ကြုံရခြင်းပင်။ သူ့စိတ်သည် တုန်လှုပ်မိ၏။ သူသည် တိုက်ခိုက်ခံနေရရင်း နောက်သို့ လျင်မြန်စွာ ဆုတ်သည်။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လွန်းသည်။ သူ စိတ်ကူးနိုင်သည်ထက် ပိုနေ၏။ သို့ပေမည့် ဝမ်လင်းသည် ပေတစ်သောင်းလောက် နောက်ဆုတ်လိုက်ရသည့်အချိန်မှာ သူ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် နှေးဖင့်မနေတော့ဘဲ အနှစ်သာရစွမ်းအင်ကို ထွေးထုတ်လိုက်ကာ ရှေ့သို့ လှမ်း၏။ ထို့နောက် သူ့မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ကျုံ့သွားသည်။
သူသည် ဦးတည်ရာ အလျင်အမြန် ပြောင်းလိုက်ရုံ ရှိသေး သူ ရှိနေသော နေရာတွင် လှိုင်းထသွားသည်။ ရှေးဟောင်းလက်တစ်ဖက်သည် ဆန့်ထွက်လာကာ သူ့ထံသို့ ကြမ်းတမ်းစွာ ရိုက်ချလာ၏။
ဝမ်လင်းသည် ထိုရုတ်ချည်း ပေါ်လာသော အန္တရာယ်ကို ရှောင်လိုက်နိုင်သော်လည်း ထိုလက်ဝါးရိုက်ချက်၏ တုန်ခါလှိုင်း၏ ထိမှန်ခြင်းကိုမူ ခံလိုက်ရသည်။ သူ့မူလစိတ်ဝိညာဉ်သည် အပြင်းအထန် တုန်ယင်ကာ သူ့မျက်နှာသည် ဖြူရောသွား၏။
“အလျင်မီ ရှောင်လိုက်နိုင်တယ်။ ဒါပေမဲ့ မင်း ဘယ်နှစ်ကြိမ်များ ရှောင်နိုင်မလဲ…”
အကြီးအကဲခေါင်းဆောင်သည် လှိုင်းဂယက်များကြားကနေ လှမ်းထွက်လာ၏။ ဝမ်လင်းထံ သူ့အကြည့်ထဲတွင် လှောင်ပြောင်မှု ပြည့်နှက်နေ၏။
“ငါ့ကလန်ရဲ့ ထာဝရမိုးကြိုးကို သိမ်းပိုက်ပြီး ငါ့ကလန်ကို ဖျက်စီးပစ်မယ်လို့ မင်း ပြောခဲ့တယ်။ မင်းရဲ့အစွမ်းက ဒါအကုန်ပဲဆိုရင်တော့ မင်း အဲ့လို လုပ်နိုင်မယ် ထင်လား…”
ဝမ်လင်းသည် စကားတစ်ခွန်းမှမဆို၊ သူသည် နောက်သို့ ဆက်ကာ လူသားအသွင်ကနေ ရှေးဟောင်းမိုးကြိုးနဂါးအသွင်သို့ ပြောင်းလဲသည်။ သူသည် အကွာအဝေးတစ်ခုရှိ မိုးကြိုးကန်ဆီ ဦးတည်သွားနေသည်။
အကြီးအကဲခေါင်းဆောင်က နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ ကျန်သည့် မိုးကြိုးနဂါးရာချီသည် ဝမ်လင်းထံ တိုးဝင်လာတော့သည်။ ထိုမြင်ကွင်းကို တွေ့မြင်ရသူတိုင်းအဖို့ တုန်လှုပ်မိမှာ ကျိန်းသေ၏။
မိုးကြိုးနဂါးရာချီသည် ရှေ့ရှိ မူလစိတ်ဝိညာဉ်ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်နောက်သို့ လိုက်လံနေခြင်းပင်။ ရှေ့သို့ ဖြည်းဖြည်းချင်း လက်နောက်ပစ်လျက် တည်ငြိမ်စွာ လှမ်းလာသော သက်လတ်ပိုင်းလူကြီးလည်း ရှိသေး၏။
“မင်းက မိုးကြိုးကန်ထဲ ထွက်ပြေးချင်တာလား။ ဒီမိုးကြိုးကန်ကို အသုံးပြုပြီး ဒီအဘိုးအိုကို တိုက်ခိုက်မယ်ပေါ့…။ ဒါပေမဲ့ ဒီနေရာရဲ့ မိုးကြိုးအားလုံးမှာ ငါ့ဆန္ဒ ပါဝင်တယ်။ ဒါ့ကြောင့် မင်းက ဘယ်လိုများ ဒီမိုးကြိုးကန်ရဲ့ အစွမ်းကို ငှားယမ်းနိုင်ပါ့မလဲ…”
အကြီးအကဲခေါင်းဆောင်၏အသံဿည် မိုးကြိုးတုန်ဟည်းသံများကြားတွင်ပင် အလွန်တရာ ကြည်လင်ထင်ရှားပေသည်။
ဝမ်လင်းသည် စကားတစ်ခွန်းမှမဆို၊ သူသည် အရူးအမူး ရွှေ့လျားနေရာ ချက်ခြင်း တုန်ဟည်းနေသော မိုးကြိုးကန်အနား ရောက်လာ၏။
အဆုံးမဲ့မိုးကြိုးကန်သည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဝမ်လင်း အနားရောက်လာချိန်တွင် မိုးကြိုးဟိန်းသံများက ပိုပြင်းထန်လာသည်။
တစ်ချိန်တည်းမှာ ထိုကန်အတွင်းနက်ပိုင်းတွင် ပေတစ်သောင်းခန့်မိုးကြိုးလုံးတစ်လုံး ရှိလို့နေ၏။ ဝမ်လင်း၏မူလခန္ဓာကိုယ်သည် မျက်လုံးဖွင့်လာကာ အေးစက်စက်အကြည့်ကို ထုတ်ဖော်သည်။
သူ မျက်လုံးဖွင့်လိုက်ချိန်၌ ပြန့်ကြဲမိုးကြိုးကလန်ဂြိုဟ်ဆယ့်ခြောက်လုံး ပတ်လည်ရှိ မိုးကြိုးကန်သည် စတင် ဆူပွက်လာသည်။ ယင်းမိုးကြိုးတို့၏ ဘုရင်သည် နိုးထလာသည့်အတွက်ကြောင့် တုန့်ပြန်သည့်အလား။
***