← Chapters

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ(၄)

Vol. 102 Ch. 1402

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ(၄)

Vol. 102 Ch. 1402

“ဧရာမမိုးကြိုးတံဆိပ်တုံး…” ချိပ်တံဆိပ်ကို ဖယ်ရှားပြီး စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ကို ထုတ်ဖော်ပြသပြီးနောက် အကြီးအကဲခေါင်းဆောင်သည် မတူညီသောလူတစ်ယောက် ဖြစ်လာသည့်ပုံ ပေါက်သည်။ သူ့ထံမှ ပြင်းထန်သောဖိအားတစ်ခုကို ပေးစွမ်းလေသည်။

ပတ်ဝန်းကျင်ဟင်းလင်းပြင်သည်ပင် ထိုဖိအားကို တောင့်မခံနိုင်ဟု ထင်ရ၏။ ၎င်းသည် စတင် တွန့်ခေါက်လာကာ အက်ကြောင်းများ ပေါ်လာသည်။

သူက ဧရာမမိုးကြိုးတံဆိပ်တုံးဟု ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိ မိုးကြိုးများသည် တုန်ဟည်းလာ၏။ ထို့နောက် မိုးကြိုးတို့သည် အကြီးအကဲခေါင်းဆောင်၏ ညာလက်ထံ စုဝေးလာကြသည်။

ဧရာမိုးကြိုးလုံးတစ်လုံး ရုတ်တရက် ပေါ်လာလေပြီ။

ထိုမိုးကြိုးလုံးသည် ချက်ခြင်းပင် ပေသောင်းချီ ကြီးမားလာ၏။ မိုးကြိုးများမှာ အတောမသပ်နိုင်အောင် စုဝေးနေသည်။ ထိုမိုးကြိုးလုံးအတွင်းမှ မိုးကြိုးဟိန်းသံ အော်မြည်လျက် မြန်ဆန်စွာ လှည့်လည်သည်။

“ငါ့အတွက် စုဝေးလာကြစမ်း…” အကြီးအကဲခေါင်းဆောင်သည် မာန်သွင်းအော်ဟစ်၏။ ထိုအခါ သူ့လက်အတွင်းမှ မိုးကြိုးလုံးထံမှ ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းမြည်သံများ ထွက်ပေါ်လာချေသည်။ မိုးကြိုးလုံးသည် အရူးအမူး ဖိသိပ်လေ၏။

ဆယ်ဆ၊အဆတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊တစ်သိန်း၊ တစ်သန်းအဆထိ ဖိသိပ်လာ၏။ မိုးကြိုးလုံးသည် ဖိသိပ်နေစဉ် မိုးကြိုးသံ တုန်ဟည်းလျက် မျက်စိကျိန်းလောက်အောင် လင်းလက်သည်။ ထိုအလင်းက ပတ်ဝန်းကျင်ဟင်းလင်းပြင်ကိုပါ လင်းထိန်သွားစေသည်။ အကြီးအကဲခေါင်းဆောင်သည်ပင် ယင်းစူးရှတောက်ပသောအလင်းအတွင်း ကွယ်ပျောက်နေသလား မှတ်ထင်ရလေ၏။

အလင်း၊မိုးကြိုး၊သက်ရှိအားလုံးတို့သည် အကြီးအကဲခေါင်းဆောင်၏ လက်အတွင်းရှိ မိုးကြိုးလုံး၏ စုဝေးခြင်း ခံလိုက်ရသည့်အလား။ ၎င်းမိုးကြိုးလုံးမှာ ဆက်လက် ဖိသိပ်နေ၏။ ထပ်ခါထပ်ခါ ဖိသိပ်နေ၏။

ထိုကြောက်မက်ဖွယ်မြင်ကွင်းကား ဝမ်လင်း၏စိတ်ကိုပင် တုန်ယင်မိစေ၏။ သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားမိသည်။ သူသည် တစ်ဖက်လူအသုံးပြုနေသော မန္တာန်ကို သိထား၏။ သူကိုယ်တိုင်လည်း ထိုမန္တာန်ကို သိရှိထားသည်။ ဤအခိုက်တွင် သူ့မျက်လုံးသည် တလက်လက် ဖြစ်ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်လေသည်။

“ဧရာမမိုးကြိုးတံဆိပ်တုံး…” ဝမ်လင်း၏အသံမှာ ပဲ့တင်ထပ်၏။ မိုးကြိုးအားလုံးသည် အကြီးအကဲခေါင်းဆောင်ထံ စုဝေးလို့နေသည်။ ဝမ်လင်း၏ညာမျက်လုံးထဲတွင် မိုးကြိုးအမှတ်အသားတစ်ခု ပေါ်လာသည်။ ၎င်းအမှတ်အသားကို အဖော်ပြုလှည့်ပတ်နေသော မိုးကြိုးတန်းတစ်ခုလည်း ရှိသည်။ ဝမ်လင်း၏ညာမျက်လုံးသည် တောက်ပလာကာ နတ်ဆိုးဆန်သောခံစားမှုကို ပေးစွမ်းသည်။

ဤလောကရှိ မိုးကြိုးများသည် ထက်ပိုင်းကွဲထွက်သွားတော့သည်။ တစ်ဝက်သည် ဝမ်လင်း၏ညာမျက်လုံးရှိတိုးဝင်လာကာ ချက်ခြင်းပင် ဧရာမမိုးကြိုးလုံးအဖြစ် ဖွဲ့စည်းသည်။

အကြီးအကဲခေါင်းဆောင်သည် ဝမ်လင်းက ထိုဧရာမမိုးကြိုးတံဆိပ်တုံး မန္တာန်ကို အသုံးပြုသည်ကို တွေ့မြင်သည့်အခါ သူ မျက်မှောင်ကြုတ်သွား၏။ သို့သော် သူက ဘာမှတော့ မဆိုပေ။

မိုးကြိုးလုံးများကို ကိုင်ဆောင်ထားရင်း သူတို့နှစ်ယောက်၏အကြည့်က ထိပ်တိုက်တွေ့၏။ အကြီးအကဲခေါင်းဆောင်နှင့် ဝမ်လင်းတို့သည် မိုးကြိုးလုံးကို ကိုယ်စီ အရူးအမူး ဖိသိပ်ကြတော့သည်။

ဝမ်လင်း၏လက်ထဲရှိ မိုးကြိုးလုံးသည် ချက်ခြင်းပင် အဆတစ်သိန်း ဖိသိပ်ပြီးသွားကာ ဆက်လက် ဖိသိပ်နေစမြဲ။ ထိုမိုးကြိုးလုံးထံမှ မြေကမ္ဘာအက်ကွဲသည့်အလား တစီစီအသံများ ထွက်ပေါ်လာသည်။

အဆတစ်သန်း၊ နှစ်သန်း။ သုံးသန်းထိ ဖိသိပ်ပြီးလေပြီ။ ဝမ်လင်း၏လက်ထဲရှိ မိုးကြိုးလုံးထံမှ လောကကို ဖျက်စီးပစ်နိုင်သော ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ပေးစွမ်းလာသည်။ ယင်းသည် ရိုးရှင်းသောမိုးကြိုးလုံးတစ်လုံးမျှသာ မဟုတ်တော့၊ လောကကို အမြစ်ဖြုတ်မည့် မိုးကြိုး ဖြစ်လာခဲ့ချေပြီ။

မိုးကြိုးတုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်၏။ အကြီးအကဲခေါင်းဆောင်၏ လက်ထဲရှိ မိုးကြိုးလုံးသည်လည်း ပတ်ဝန်းကျင်ရှိ မိုးကြိုးများကို စုပ်ယူနေရင်း အရူးအမူး ဖိသိပ်လို့နေသည်။ ၎င်းသည် အဆငါးသန်းထိ ဖိသိပ်ပြီးခဲ့လေ၏။

ထိုအရာများအားလုံးသည် ချက်ခြင်းလိုလို ဖြစ်လာခဲ့ခြင်းပင်။ လူနှစ်ယောက်သည် မိုးကြိုးကို ဖိသိပ်နေကြစဉ် ဧရာမပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။ လောကသည် နှစ်ပိုင်းကွဲထွက်သွားဟန် တူ၏။ တစ်ပိုင်းစီကို တစ်ယောက်စီက ဆွဲငင်ကြလေသည်။

မိုးကြိုး၏ မတူညီသောအားနှစ်မျိုးသည် ကွဲထွက်သွားလော လောကထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ပြန့်ကြဲမိုးကြိုးကလန်က ဆုပ်ကိုင်ထားသည်မှာ ထာဝရမိုးကြိုးဖြစ်၏။ ယင်းမိုးကြိုးသည် ရှေးဟောင်းအချိန်များကတည်းက လေဟာနယ်အတွင်းမှ ထွက်ပေါ်ခဲ့သော မိုးကြိုးအနှစ်သာရပင်။

အကြီးအကဲခေါင်းဆောင်၏ မျက်လုံးထံမှ ထူးဆန်းသောအလင်း ထွက်ပေါ်လာကာ သူသည် ရုတ်တရက် ခုန်ထွက်လာ၏။ သူက ဝမ်လင်းထံသို့ အဆငါးသန်းသိပ်သည်းထားသော မိုးကြိုးနှင့်အတူ တိုးဝင်လာလေပြီ။

“ငါ့အတွက် သေလိုက်တော့…”

ဝမ်လင်း ပိုင်ဆိုင်ခဲ့သော အရာအားလုံးကမူ သူကိုယ်တိုင် တစ်ဆင့်ချင်း ရရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် ရှေးဟောင်းမိုးကြိုးနဂါးတစ်ဝက်ကို ဝါးမြိုခဲ့သည့်အချိန်မှစ၍ ယခုထိ သူ့ဟာသူ ကိုယ်ပိုင်မိုးကြိုးအနှစ်သာရကို ဖြစ်ပေါ်စေနိုင်ခဲ့ခြင်းပင်။ ၎င်းသည် ထာဝရမိုးကြိုးကို မယှဉ်နိုင်သော်လည်း တူညီသောအဆင့်၌ တည်ရှိမှုတော့ ဟုတ်၏။

အကြီးအကဲခေါင်းဆောင် ရောက်ရှိလာသည့်အခါ ဝမ်လင်းကလည်း အဆသုံးသန်းသိပ်သည်းဖိသိပ်ထားသော မိုးကြိုးနှင့်အတူ ခုန်ထွက်လိုက်သည်။ ဝမ်လင်းသည် မာန်သွင်းကာ တိုးဝင်လာလေ၏။

“ငါ့မိုးကြိုးအနှစ်သာရရဲ့ အမည်နာမအရ ငါဟာ မိုးကြိုးအားလုံးကို ထပ်မံ သိပ်သည်းဖို့ အမိန့်ပေးတယ်…” ဝမ်လင်း၏လက်ထဲရှိ မိုးကြိုးလုံးသည် တုန်ဟည်းသံ ပေး၏။ ၎င်းသည် စတင်၍ အရူးအမူး ဖိသိပ်ကာ ရုတ်တရက် အဆလေးသန်းအထိ သိပ်သည်းသွား၏။

ထိုသိသည်းမှုမှာ ဝမ်လင်း၏အကန့်အသတ် ဖြစ်သည်။ သူက အကြီးအကဲခေါင်းဆောင်ထံ တိုးဝင်လာရင်း သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု လှစ်ပေါ်လာသည်။ သူတို့သည် ကြယ်များကြားတွင် မိုးကြိုးတိုက်ပွဲတစ်ခုကို စတင်ကြပေပြီ။

သူတို့နှစ်ယောက်လုံးမှာ မိုးကြိုးကျင့်ကြံသူများ ဖြစ်ကြ၏။ မိုးကြိုးကျင့်ကြံသူနှစ်ယောက်ကြားမှ တိုက်ပွဲကို အရိုးရှင်းဆုံးနည်းဖြင့် ရှင်းပြနိုင်၏။ သူတို့သည် မိုးကြိုးအပေါ် ထိန်းချုပ်နိုင်မှုကို ယှဉ်ပြိုင်ကြသည် မဟုတ်လား။

အလားတူပင် သူတို့နှစ်ယောက်လုံးသည် မိုးကြိုးကို ခုခံနိုင်ကြ၏။ ထို့ကြောင့် သာမန်မိုးကြိုးသည် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ သို့ပေမည့် သူတို့ အခု ထိန်းချုပ်ထားသော၊ သူတို့၏ဆန္ဒများ ပါဝင်နေသော မိုးကြိုးကမူ အပြင်းအထန်ထိခိုက်မှုကို ဖြစ်စေနိုင်သည်။

မိုးကြိုးတုန်ဟိန်းသံတစ်ခု အရူးအမူး ပျံ့နှံ့၏။ ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် အရူးအမူး စတင် ပြိုကျလာသည်။ လေဟာနယ်အက်ကြောင်းများ ပေါ်လာ၏။ မိုးကြိုးကန်သည် တုန်ခါသည်။ မိုးကြိုးလုံးနှစ်လုံး ထိပ်တိုက်တွေ့မှုသည် အံ့မခန်းတုန်ခါလှိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုတုန်ခါလှိုင်းသည် မြင့်တက်လာသောလှိုင်းများကဲ့သို့ ပျံ့နှံ့၏။ ထိုဖိသိပ်အားသည် အဘက်ဘက်သို့ မြင့်တက် ပျံ့နှံ့သည်။ ၎င်းသည် ချက်ခြင်းပင် ပြန့်ကြဲမိုးကြိုးကလန်၏ ကျင့်ကြံခြင်းဂြိုဟ်များပေါ်သို့ သက်ရောက်လေသည်။

ထိုအခါ မရေမတွက်နိုင်သော သေဆုံးမှုများ ဖြစ်ကုန်၏။ ဒဏ်ရာရမှုများ ဖြစ်ကုန်၏။

မိုးကြိုးတုန်ခါလှိုင်းသည် မိုးကြိုးကန်ကိုပါ တဝီဝီလှည့်ပတ်သွားစေကာ အထက်အောက် ချဲ့ကား ထွက်စေသည်။ ၎င်းသည် ချက်ခြင်းပင် အဆတစ်ရာ ချဲ့ကားသွားသည်။ ထိုအခါ ဤရှေးဟောင်းကြယ်အဖွဲ့အစည်း၌ မိုးကြိုးတုန်ဟည်းသံမှာ ပဲ့တင်ထပ် ပျံ့နှံ့လေ၏။

ပြန့်ကြဲမိုးကြိုးကလန်နှင့် သိပ်မဝေးလှသော ကျင့်ကြံခြင်းဂြိုဟ်အချို့ပင် သက်ရောက်မှု ခံလိုက်ရသည်။ မိုးကြိုးများသည် ယင်းဂြိုဟ်များပေါ်သို့ မိုးစက်များအလင်း ပြိုဆင်းကျရောက်လာလေ၏။

ထိုပျက်စီးပြိုပျက်မှုသည် အလွန်ပြင်းထန်သည်။ ၎င်းသည် ပျံ့နှံ့နေရင်း ချက်ခြင်းပင် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အစွမ်းထက်ကျင့်ကြံသူများ၏ အာရုံစိုက်မှုကိုပါ စွဲဆောင်လေသည်။

တတိယအဆင့်ကျင့်ကြံသူအချို့သည် ပြန့်ကြဲမိုးကြိုးကလန်၏ ကြီးမားသောပြောင်းလဲမှုကို သတိပြုမိကြသည်။

မိုးကြိုးချင်း ထိပ်တိုက်တွေ့နေစဉ်အတွင်း ဝမ်လင်း၏မိုးကြိုးသည် ပျက်စီးသွား၏။ သူလည်း နောက်သို့ လွင့်စင်သွားသည်။ သူသည် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးများသည်ပင် ကျိုးကြေသွားသည့်အလား၊ နာကျင်မှု သူ့ထံ၌ လှိုက်တက်လာ၏။

ဤသည်က ပထမဆုံးတုန်ခါလှိုင်းမျှသာ ရှိသေး၏။ ဝမ်လင်း နောက်သို့ နောက်သို့ လွင့်စင်သွားနေစဉ် ဒုတိယကြိမ်တုန်ခါလှိုင်း ရောက်ရှိလာတော့သည်။ အဖျက်အစီးအော်ရာသည် သက်ရှိအားလုံးကို အမြစ်ဖြုတ်ပစ်ဖို့ လုံလောက်နေသည်။

ဤကဲ့သို့ သေရေးရှင်ရေး အခိုက်၊ တုန်ခါလှိုင်းနီးကပ်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းသည် သူ့ကိုယ်သူအကြောင်း တွေးမနေတော့၊ သူက အကြီးအကဲခေါင်းဆောင်ကို မည်သို့တိုက်ခိုက်ရမည်ကိုသာ တွေးပေသည်။ သူသည် တခြားတစ်ဖက်မှာလည်း သူ့လိုပင် ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေရမည်ဟု ယုံကြည်၏။

“ငါ အစွမ်းကုန်လုပ်မယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်လာသည်။ သူ့စိတ်နေစရိုက်က ထိုသို့ပင်။ အန္တရာယ်ပိုများလေ သူသည် ပိုရဲတင်းလာလေပင်။ သူ၏ အတွက်အချက်ဉာဏ်နှင့် အံ့ချီးဖွယ်ရာ စိတ်အင်အားတို့ကြောင့် ဝမ်လင်းသည် သူ့ထက် သန်မာသူများကို ထပ်ခါထပ်ခါ အနိုင်ယူနိုင်ခဲ့ခြင်း မဟုတ်လား။

ဒုတိယလှိုင်းရောက်ရှိလာသည့်အခါ ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်လိုက်၏။ ဤသို့ ပရမ်းပတာရှုပ်ယှက်ခက်နေသော အခြေအနေတွင် ရုတ်တရက် အလင်းတန်းများ ပေါ်လာ၏။

ထိုအလင်းတန်းများထဲ၌ မိုးကြိုး၊လျှပ်စီး၊ ကြယ်အလင်းနှင့် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ အဆုံးမဲ့အလင်းတို့ပင် ပါ၏။ ပြန့်ကြဲမိုးကြိုးကလန်၏ ဂြိုဟ်များမှ အလင်းနှင့် အဝေးရှိ ကျင့်ကြံသူများထံမှ အလင်းဓာတ်တို့လည်း ပါသည်။

ပို၍ အရေးကြီးသည်မှာ သူ၏သိုလှောင်နေရာလွတ်ထဲရှိ ခုနစ်သန်းလောကအဆောင်ထံမှ အလင်းပင် ပါဝင်နေခြင်းပင်။ ထိုအလင်းအားလုံးသည် အရူးအမူး စုစည်းကာ ဝမ်လင်းကို ဝန်းရံသည်။ ဧရာမအလင်းအရိပ်မည်းတစ်ခုသည် ဝမ်လင်းပတ်လည်၌ ရုတ်တရက် ပေါ်လာလေ၏။

ယင်းကား တာအိုသခင်အိပ်မက်ပြာ၏ အစွမ်းထက်ဆုံးအကာအကွယ်မန္တာန်၊ အလင်းနှင့်အရိပ်ဒိုင်း မန္တာန်ပင်။

ထိုအလင်းအရိပ် ပေါ်လာသည်နှင့် ဒုတိယမြောက်တုန်ခါလှိုင်းသည် ရောက်ရှိလာကာ ဝမ်လင်း၏ပတ်လည်ရှိ အလင်းအရိပ်နှင့် ထိပ်တိုက်တွေ့သည်။ အလင်းအရိပ်သည် အပြင်းအထန် တုန်ယင်ကာ အလင်းဓာတ်မှာ တောက်ပသထက်တောက်ပလာကာ လောကတစ်ခွင်ကို လင်းထင်းစေသည်။

အလင်းအရိပ်သည် ဆက်၍ တောင့်မခံနိုင်တော့ဟန် ပေါ်သည်။ ဝမ်လင်းက မာန်သွင်းလျက် အလင်းအရိပ်ထံသို့ သွေးများ ထွေးထုတ်လိုက်သည်။ ထိုသွေးသည် အလင်းအရိပ်အနှံ့ ပျံ့နှံ့ကာ ဒုတိယ၊တတိယ၊စတုတ္ထတုန်ခါလှိုင်းများကိုပါ တန်ပြန်နိုင်ဖို့အတွက် ကူညီပေးလေ၏။

ထိုကဲ့သို့ တန်ပြန်သွားသည့်အခိုက်မှာပင် အလင်းအရိပ်သည် ပျက်စီးသွားလေသည်။ ဝမ်လင်း၏မျက်နှာမှာ ဖြူရောသွားလေ၏။ သို့သော် သူ့မျက်လုံးထဲတွင်မူ သတ်ဖြတ်လိုစိတ် ပြည့်နှက်သည်။ သွေးအလင်း ဖျပ်ခနဲ လင်းလက်ကာ သွေးဓားသည် တုန်ခါလှိုင်းကို တန်ပြန်မှုနောက်သို့ လိုက်ပါသွားသည်။

“ငါ့အတွက် သေလိုက်တော့…” ဝမ်လင်း၏ညာမျက်လုံးထဲတွင် မိုးကြိုးအမှတ်အသားသည် တလက်လက် ဖြစ်ပေါ်ကာ နတ်ဆိုးဆန်မှုကို ပေး၏။ ထိုအမှတ်အသားသည် သူ၏ညာမျက်လုံးထဲကနေ ပျံသန်းထွက်လာကာ သွေးဓားနောက်သို့ လိုက်ပါသွားသည်။ သူ၏မျက်လုံးသည် ဖျပ်ခနဲ နီလင်းသွားကာ ဂျီနယ်ပယ်မှာ တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။

အဖြစ်အပျက်များမှာ မြန်လွန်း၏။ ချက်ခြင်းပင် တန်ပြန်တုန်ခါလှိုင်းသည် သွေးဓား၊မိုးကြိုးအနှစ်သာရ၊ ဂျီနယ်ပယ်လျှပ်စီးတို့နှင့်အတူ ထိုးထွက်သွားသည်။

အကြီးအကဲခေါင်းဆောင်သည် နောက်သို့ ဆုတ်နေလျက် သူ့လက်ကို ဝေ့ယမ်းကာ ထိုတုန်ခါလှိုင်းများကို ခုခံသည်။ သို့ပေမည့် ထိုအခိုက်တွင် သူ၏အမူအရာမှာ ပြောင်းလဲသွား၏။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ စီးဆင်းသည်။ သူသည် ဝမ်လင်းမှာ ထိုကဲ့သို့ ရဲတင်းလိမ့်မည်၊ ဤကဲ့သို့ အခြေအနေတွင် ယခုလိုမျိုး လုပ်ဆောင်လိမ့်မည်ဟု လုံးဝ မထင်ထားမိပေ။

အထူးသဖြင့် အလင်းအရိပ် ထွက်ပေါ်လာမှုက သူ့စိတ်ကို ပြင်းထန်သောရိုက်ချက်တစ်ခု ဖြစ်စေသည်။

“ဒါ…ဒါက တာအိုသခင်အိပ်မက်ပြာရဲ့ အလင်းအရိပ်ဒိုင်းပဲ။ တာအိုသခင်အိပ်မက်ပြာကများ ငါ့ကို သတ်ချင်နေတာများ ဖြစ်နိုင်မလား…”

တန်ပြန်တုန်ခါလှိုင်းများသည် သူ့ထံသို့ တရကြမ်း တိုးဝင်လာကာ စောနက သူ့ထံ တိုးဝင်နေသော တုန်ခါလှိုင်းများနှင့် ပေါင်းစည်းသွားသည်။ အကြီးအကဲခေါင်းဆောင်သည် ခုချိန်၌ ပျက်စီးမှုအားတစ်ခုလုံးကို တောင့်ခံလိုက်ရသကဲ့သို့ ဖြစ်နေပေပြီ။

နှစ်ပေါင်းကြာရှည်လွန်းစွာ ပေါ်ပေါက်မလာခဲ့သော သေရေးရှင်ရေးအန္တရာယ်အာရုံသည် အကြီးအကဲခေါင်းဆောင်၏ စိတ်နှလုံးထဲတွင် ရုတ်ချည်း မြင့်တက်လာခဲ့သည်။ သူသည် တွေးနေရန်ပင် အချိန်မရှိဘဲ တုန်ခါလှိုင်းများသည် သူ့အား လုံးဝ ခြုံလွှမ်းသွားခဲ့ပေပြီ။

လောကတွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် အချိန်ကြာသည့်အထိ လွင့်ပါးမသွားပေ။ ဝမ်လင်းသည် နောက်သို့ဆုတ်နေရင်း သူ၏လေနှင့်မိုးလောကကို အသုံးပြုသည်။

သို့ရာတွင် ထိုအခိုက်၌ ကောင်းကင်တုန်လှုပ်ဖွယ်၊ဒေါသနှင့် ပြည့်နှက်နေသော အသံတစ်သံ ပေါက်ကွဲထွက်လာ၏။ ဖိသိပ်အား ပျောက်ကွယ်သွားချိန်၌ အဆုံးမဲ့မိုးကြိုးများနှင့် ပုံရိပ်တစ်ခု လှမ်းထွက်လာသည်။

ထိုပုံရိပ်မှာ ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲပင် ဖြစ်၏။ သို့သော် သူသည် အရင်ထက် ပိုအစွမ်းထက်လာ၏။ သူ၏အစွမ်းထက်အော်ရာသည် သူ့ပတ်လည်တွင် မုန်တိုင်းအသွင် ဆောင်သည်။ သူသည် တတိယအဆင့်နှင့် အလွန်တရာနီးကပ်နေလေပြီ။

သူ့ဝတ်ရုံမှာ စုတ်ပြဲနေလေပြီ။ တစစီဖြစ်နေပေပြီ။ သူ့ရင်ဘက်၌ သွေးဓားကြောင့် အပေါက်တစ်ပေါက် ရှိနေ၏။ သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း အက်ကြောင်းတစ်ခု ရှိနေသည်။ ၎င်းမှာ ဂျီနယ်ပယ်ကြောင့် ဖြစ်သွားရခြင်းပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ဖုံးအုပ်နေ၏။ ထိုသည်မှာ ဝမ်လင်း၏မိုးကြိုးအဆီအနှစ်ကြောင့် ဖြစ်ခဲ့ရခြင်းပင်။ သူ့မူလစိတ်ဝိညာဉ်မှာလည်း ထိခိုက်ခံထားရ၏။ ထိုသို့ဖြစ်ရခြင်းမှာ တုန်ခါလှိုင်းကြောင့်ပင်။

“မင်း သေရမှာ သေချာသွားပြီ။ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ငါ့ရဲ့ အတောမသပ်အသက်ဓာတ်နဲ့၊ ထာဝရမိုးကြိုးရဲ့ ကျေးကျွန်ဆိုတဲ့ ငါ့အဆင့်အတန်းနဲ့ ငါဟာ ရှေးဟောင်းလောကကို ဖွင့်လှစ်ပြီး ရှေးဟောင်း…မိုးကြိုးနဂါးကို ဆင့်ခေါ်တယ်…”

***

All Chapters