← Chapters

အခန်း ၁၇၃

Vol. 16 Ch. 173

အခန်း ၁၇၃

Vol. 16 Ch. 173

အပိုင်း (၁၇၃) သရုပ်ဆောင်မင်းသား။

နိမ့်ရန်၏ စိတ်ထဲတွင် စိုးရိမ် ပူပန်လာခဲ့၏။ ကွမ်းထျန်းချိုင်၏ အစွမ်းအစက အမှန်တော့ အဖွဲ့တစ်ခုလုံးတွင် အမြင့်ဆုံး ဖြစ်သည်။ ကွမ်းထျန်းချီထက်ပင် တစ်ဆင့် သာလွန်လှ၏။ သို့သော်ငြား သူ၏ စရိုက်လက္ခဏာက အနည်းငယ် အစွန်းရောက်လွန်းလှသည်။ ဤအကြောင်းရင်းကြောင့်ပင် မူလခေါင်းဆောင်မှာ သူမဟုတ်ဘဲ ကွမ်းထျန်းချီ ဖြစ်နေခဲ့ရခြင်း ဖြစ်၏။

ယခုအခါ အလွန်အမင်း ရှုပ်ထွေးနေသည့် သူ၏ မျက်နှာအမူအရာကို ကြည့်ကာ တစ်စုံတစ်ခုသော မတန်တဆ စကားများ ထပ်မံ ပြောဆိုလာမည်ကို စိုးရိမ်နေခဲ့သည်။

သို့သော်ငြား ကွမ်းထျန်းချိုင်က လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်ကို မြင်တွေ့လိုက်ရ၏။ "အစ်ကိုဟုန် ... ဒီတစ်ခါ ကျေးဇူးတရားကြီးကို ကျုပ်တို့အဖွဲ့က လုံးဝ မမေ့ပါဘူး။ ခင်ဗျားက ကျုပ်တို့ကို ...။"

ဟုန်ရှောင်ပေါင်က တစ်စုံတစ်ခု ပြောဆိုရန် ပြင်ဆင်လိုက်၏။ သို့သော်ငြား အမြဲတမ်း ရင်ဆိုင် စောင့်ကြည့်နေကြသည့် မိစ္ဆာသားရဲများတွင် အပြောင်းအလဲ ထွက်ပေါ်လာခဲ့သည်။ မြည်းပုံစံ မျက်နှာရှိပြီး ဦးခေါင်းနောက်တွင် ဦးချိုပေါက်နေကာ လည်ပင်းတွင် အကြေးခွံများ ထပ်ကျော့ ပေါက်ရောက်နေသည့် မိစ္ဆာသားရဲတစ်ကောင် က ခုန်ဝင်သွားခဲ့ပြီဖြစ်သည်။

"ဝူး...။"

လေးကျန်လျှပ်စီးပြာက အနည်းငယ်မျှ မကြောက်ရွံ့ချေ။ အလွန် သွက်လက် ဖြတ်လတ်စွာဖြင့် ကိုယ်ကို တစ်ချက် လှည့်လိုက်၏။ သံမဏိကဲ့သို့ မာကျောသည့် ဧရာမ အမြီးကြီးက ဘန်းခနဲ ရိုက်ခတ်လာခဲ့သည်။ မြည်းမိစ္ဆာသားရဲ ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းပင်။

မြည်းမိစ္ဆာသားရဲက ခေါင်းကို ငုံ့လိုက်ပြီး ဦးချိုဖြင့် ပင့်တင် တိုက်ခိုက်လိုက်သည်။

ဘုန်းခနဲ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။ မိုးကြိုးတစ်ချက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သည်။ မြည်းမိစ္ဆာသားရဲ၏ ခန္ဓာကိုယ်မှာ နောက်သို့ တစ်လှမ်း ဆုတ်ခွာသွားရ၏။

ဤအချိန်တွင် အခြားသော သားရဲများကလည်း အားမယားနေကြတော့ချေ။ တစ်ကောင်တည်း ယှဉ်ပြိုင် တိုက်ခိုက်ပါက လေးကျန်လျှပ်စီးပြာ၏ ပြိုင်ဘက် မဟုတ်ကြောင်း သူတို့ အားလုံး ရှင်းလင်းစွာ သိရှိကြသည်။ ထို့ကြောင့် ကြမ်းကြုတ် ရက်စက်စွာဖြင့် တိုက်ခိုက်မှုများကို စတင်လိုက်ကြတော့သည်။

"အစွမ်းထက်လိုက်တာ ... အရမ်း အစွမ်းထက်တာပဲ။" ကွမ်းထျန်းချိုင်က အောက်ဘက်တွင် ဘာ ကျေးဇူးတင်စကားတွေ ပြောဆိုနေသည် မသိချေ။ သို့သော်ငြား ဟုန်ရှောင်ပေါင်ကတော့ နားဝင်ခြင်း မရှိတော့ချေ။ လူတိုင်း သိရှိကြသည့်အတိုင်းပင် ဟုန်ရှောင်ပေါင်တွင် အတည်ပေါက် အလုပ်လုပ်ပါက ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကိုပင် မသိချင်ယောင် ဆောင်တတ်သည့် မွေးရာပါ ပါရမီတစ်ခု ရှိ၏။

ကွမ်းထျန်းချိုင် "... နောက်ပိုင်း အသုံးလိုတဲ့ နေရာရှိရင် ဓားတောင်ကို တက်ရပြီး မီးပင်လယ်ကို ဖြတ်ရမယ်လို့ မပြောပေမဲ့ လေမုန်တိုင်းနဲ့ မိုးရွာထဲမှာဆိုရင်တော့ လုံးဝ ...။"

"အဘိုး ... ဟိုမိစ္ဆာသားရဲ အနည်းငယ်ထဲမှာ ကျုပ်ရဲ့အစွမ်းအစနဲ့ အနီးစပ်ဆုံးက ဘယ်တစ်ကောင်လဲ။" ဟုန်ရှောင်ပေါင်က စိတ်လှုပ်ရှား တက်ကြွစွာဖြင့် မေးလိုက်သည်။

"ရောင်စုံခေါင်းပြာမြည်း။"

ယင်းကျိုယိုက ထိုမြည်းမိစ္ဆာသားရဲကို လက်ညှိုးထိုးပြလိုက်၏။ "အဲ့ဒီတစ်ကောင်ပဲ။"

"သူလား ... ကောင်းပြီ။ သူပဲ ထားလိုက်တော့။" ဟုန်ရှောင်ပေါင်က လက်သီးလက်မောင်း တန်းကာ ထိုမြည်းမိစ္ဆာသားရဲကို တလက်လက် တောက်ပြောင်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ကွမ်းထျန်းချိုင် "ကျုပ်တို့ အဖွဲ့က သဘာဝအတိုင်း အစ်ကိုဟုန်လောက် အစွမ်းအစ မရှိပါဘူး။ ဒါပေမဲ့ ဆယ်နှစ်တာ ကျင်လည်ခဲ့တာဆိုတော့ လူမှုဆက်ဆံရေး ကွန်ရက်ကတော့ မဆိုးပါဘူး။ အစ်ကိုဟုန်သာ ...။"

"တိုက်ပြီဟေ့ ...။" ကွမ်းထျန်းချိုင် ဘာတွေ တတွတ်တွတ် ပြောနေသည်ကို ဟုန်ရှောင်ပေါင် သဘာဝအတိုင်း မကြားခဲ့ချေ။

ဤအချိန်တွင် အခြားသော သားရဲသုံးကောင်က တိုက်ခိုက်မှုများကို စတင်လိုက်ကြပြီဖြစ်၏။ သူတို့က လေးကျန်လျှပ်စီးပြာကို တစ်ခဏချင်း ဝိုင်းရံ ချုပ်နှောင်လိုက်ကြသည်။ ရောင်စုံခေါင်းပြာမြည်းကမူ အခွင့်အရေးကို မြင်တွေ့သွားခဲ့ပြီဖြစ်၏။ ခြေထောက်လေးချောင်းဖြင့် အဆက်မပြတ် ကန်ကျောက်ကာ လေးကျန်လျှပ်စီးပြာဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။

"အား ဟေး ... အခုပဲ။" ဟုန်ရှောင်ပေါင်၏ ခြေထောက်နှစ်ဖက်က သစ်ပင်ကို အစွမ်းကုန် ကန်ကျောက်လိုက်၏။ သစ်စည်ကြီးမှာ ဖြောင်းခနဲ အသံနှင့်အတူ ဟုန်ရှောင်ပေါင်၏ ကန်မှုကြောင့် အပေါက်ကြီးနှစ်ပေါက် ဖြစ်ပေါ်သွားခဲ့၏။

နောက်တစ်ခဏတွင်တော့ ဟုန်ရှောင်ပေါင်သည် လေးညှို့မှ ထွက်ခွာသွားသည့် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားခဲ့ပြီဖြစ်သည်။

ဝူး

ဟုန်ရှောင်ပေါင်သည် လေပြင်းများက နားထဲသို့ တိုက်ရိုက် တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် သူသည် ရောင်စုံခေါင်းပြာမြည်း၏ အရှေ့သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဒယ်အိုးဖြင့် အားရပါးရ ရိုက်ချလိုက်၏။

ဒေါင်

ဒယ်အိုးက ရောင်စုံခေါင်းပြာမြည်း၏ ဦးချိုကို တည့်မတ်စွာ ထိမှန်သွားခဲ့၏။ ပြန်ကန်ထွက်လာသည့် ခွန်အားက ဟုန်ရှောင်ပေါင်၏ လက်ဖဝါးကြားကို ထုံကျင်သွားစေခဲ့သည်။ ဒယ်အိုးကိုပင် မကိုင်ထားနိုင်တော့လောက်အောင် ဖြစ်သွားစေခဲ့သည်။

ခွာပါသည့် မိစ္ဆာသားရဲများတွင် မည်သည့်နေရာက အမာကျောဆုံး ဖြစ်သနည်း။ သဘာဝအတိုင်း ဦးချိုပင် ဖြစ်သည်။ ဟုန်ရှောင်ပေါင်က တမင်သက်သက်ပင် ရောင်စုံခေါင်းပြာမြည်း၏ ဦးချိုကို စတင် တိုက်ခိုက်မည့် နေရာအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ၎င်းကို ဒဏ်ရာရစေရန် မဟုတ်ဘဲ လေးကျန်လျှပ်စီးပြာ၏ အာရုံစိုက်မှုကို ရရှိစေရန်အတွက်သာ ဖြစ်၏။

ထင်သည့်အတိုင်းပင် ဟုန်ရှောင်ပေါင်၏ ရည်ရွယ်ချက် အထမြောက်သွားခဲ့၏။ သို့မဟုတ် ပြောရလျှင် ရည်ရွယ်ချက်က သတ်မှတ်ချက်ထက်ပင် ပိုမို အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။

ဟုန်ရှောင်ပေါင်ကို မြင်တွေ့နိုင်သည့် တောင်ကြားတစ်ခုလုံးရှိ မိစ္ဆာသားရဲ အားလုံးက လှမ်းကြည့်လာကြ၏။

"သေချင်းဆိုး မြည်းမိစ္ဆာ ... လေးကျန်လျှပ်စီးပြာကို ဒဏ်ရာရအောင် လုပ်ဖို့ မင်းကို ငါ ခွင့်မပြုဘူး။"

ဟုန်ရှောင်ပေါင်က အားအင်ကုန်သုံး၍ အော်ဟစ်လိုက်၏။ ပြောပြောဆိုဆိုနှင့် လေးကျန်လျှပ်စီးပြာ နားမလည်မည်ကို စိုးရိမ်သောကြောင့် လက်နှစ်ဖက်ကို အစွမ်းကုန် ဆန့်တန်းထားလိုက်သည်။ ‘လေးကျန်လျှပ်စီးပြာကို ဒဏ်ရာရအောင် လုပ်ချင်ရင် ငါ့ရဲ့ အလောင်းကောင်ပေါ်ကနေ ဖြတ်ကျော်သွား’ ဆိုသည့် ဟန်ပန်မျိုးကို ပြုလုပ်ပြလိုက်၏။

"….."

ယင်းကျိုယိုက မျက်ဖြူပင် လန်သွားသည်။ "ဟေ့ကောင် ... မင်းက လူတွေကို သရုပ်ဆောင်ပြတာ ထားပါတော့။ တိရစ္ဆာန်တွေကိုတောင် ဒီလောက် အားထည့်ပြီး သရုပ်ဆောင်ပြဖို့ လိုလို့လား။"

ဟုန်ရှောင်ပေါင်က လုံးဝ ဂရုမစိုက်ချေ။ သူက ဒေါသတကြီးဖြင့် ထပ်မံ ပြောလိုက်၏။ "လေးကျန်လျှပ်စီးပြာကို နောက်ကွယ်ကနေ လုပ်ကြံရဲရင် မင်းနဲ့ ငါ အသေအလဲ တိုက်ခိုက်ပစ်မယ်။"

"သူ ... သူ ရူးသွားပြီလား။" ကွမ်းထျန်းချိုင်၊ နိမ့်ရန်တို့ အုပ်စုမှာ ကြက်သေ သေနေကြပြီဖြစ်သည်။

လေးကျန်လျှပ်စီးပြာတို့လို မိစ္ဆာသားရဲများက မည်သည့် နောက်ခံရှိမှန်း သေချာ မသိကြသော်လည်း ဤမိစ္ဆာသားရဲများသည် ကြေးမျောက်ဝံ၊ ရွှေမျောက်ဝံတို့ထက် အဆပေါင်းများစွာ သာလွန်သည့် တည်ရှိမှုများ ဖြစ်ကြောင်း သူတို့ သတိပြုမိကြသည်။ လုံးဝ မကျူးလွန်ရဲသည့် တည်ရှိမှုများ ဖြစ်၏။ အသာအယာ နှာချေလိုက်ရုံဖြင့်ပင် သူတို့ကို ဖျက်ဆီးပစ်နိုင်လောက်သည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်ကတော့ ဤအတိုင်း ပြေးဝင်သွားခဲ့သည် မဟုတ်ပါလား။

မည်မျှလောက်ပင် ပါရမီရှင် ဖြစ်နေပါစေ၊ ဤမိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရပါက သေချာပေါက် သေလမ်းသာ ဖြစ်ပေလိမ့်မည်။

ယခုအခါ ဟုန်ရှောင်ပေါင်သည် သူတို့သုံးဦး အသက်ရှင်လျက် ပြန်သွားနိုင်ရေး၏ မျှော်လင့်ချက် တည်ရှိရာနေရာ ဖြစ်သည်။ ထို့ကြောင့် နိမ့်ရန်ပင်လျှင် စိတ်နှလုံး တုန်လှုပ်သွားခဲ့ရ၏။ ဟုန်ရှောင်ပေါင်၏ အရိပ်အယောင်ကို ကြည့်ကာ ဒေါသများ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေခဲ့သည်။

တိုက်ပွဲအကြောင်းကို ပြန်ပြောကြပါစို့။

ရောင်စုံခေါင်းပြာမြည်းက ဟုန်ရှောင်ပေါင်၏ အဓိပ္ပာယ်ကို နားလည်လား မသိနိုင်ချေ။ သို့သော်ငြား အနည်းဆုံးတော့ ဟုန်ရှောင်ပေါင်က သူနှင့် ရန်ဖြစ် သတ်ပုတ်လိုကြောင်းကတော့ မြင်သာသည်။ ဤအရာအတွက် ဘာများ ယဉ်ကျေးနေစရာ လိုပါသနည်း။ ချက်ချင်းဆိုသလိုပင် နှာခေါင်းထဲမှ ဟွန့်ခနဲ အသံနှင့်အတူ လေပူကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။ နောက်တစ်ခဏတွင် ခြေထောက်လေးချောင်းဖြင့် အဆက်မပြတ် ကန်ကျောက်ကာ အားရပါးရ ဝင်တိုက်လေတော့သည်။

ရောင်စုံခေါင်းပြာမြည်း၏ ခန္ဓာကိုယ် အရွယ်အစားက ဆင်တစ်ကောင်ခန့် ကြီးမားလှ၏။ ထိုမျှမက ထိုဦးချိုပေါ်တွင် တစ်စုံတစ်ခုသော အားဖြည့်မှုများ ရှိနေပုံရသည်။ ဟုန်ရှောင်ပေါင်သည် အမှန်တကယ်ပင် ၎င်းနှင့် အားပြိုင်ရန် မဝံ့ရဲချေ။ ခြေထောက်များကို အားပြုကာ ဘေးဘက်ဆီသို့ အလျင်စလို ခုန်ရှောင်လိုက်၏။

ရောင်စုံခေါင်းပြာမြည်း၏ ဦးချိုက ဟုန်ရှောင်ပေါင်၏ ခြေထောက်အောက်မှ ပွတ်တိုက် သွားခဲ့သည်။ ၎င်းကလည်း တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ပေ၏။ ခွန်အားကို အသေ မသုံးထားချေ။ ဦးခေါင်းကြီး၏ အားပြုရာ လမ်းကြောင်းကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး ဦးချိုဖြင့် ဟုန်ရှောင်ပေါင်ဆီသို့ အားရပါးရ ပင့်တင် တိုက်ခိုက်လိုက်သည်။

"ဟေး။" ဟုန်ရှောင်ပေါင်ကလည်း ထိတ်လန့်သွားခြင်း မရှိချေ။ ခြေထောက်နှစ်ဖက်ဖြင့် ရောင်စုံခေါင်းပြာမြည်း၏ ဦးချိုပေါ်သို့ အစွမ်းကုန် နင်းချလိုက်၏။ ခန္ဓာကိုယ်က လေထုထဲသို့ မြင့်တက်သွားခဲ့သည်။ သို့သော်ငြား ခန္ဓာကိုယ် တစ်ဝက်ကတော့ ထုံကျင်သွားခဲ့၏။ ထိုဦးချိုပေါ်မှ အလွန်အမင်း ထူးဆန်းလှသည့် ခွန်အားတစ်ခု ရှိနေခဲ့သည်။ တစ်ခဏချင်းမှာပင် ဟုန်ရှောင်ပေါင်ကို ထုံကျင် သွားစေခဲ့၏။

"မူး ...။" ရောင်စုံခေါင်းပြာမြည်းက အနည်းငယ်မျှ အားမနေချေ။ နောက်ခြေထောက်ကို ကွေးလိုက်ရုံဖြင့် လေထုထဲသို့ ခုန်တက်သွားခဲ့ပြီဖြစ်၏။ ကျောက်ဆုံအရွယ်အစားရှိသည့် ဦးချိုကြီးက ဟုန်ရှောင်ပေါင်ဆီသို့ တည့်မတ်စွာ ဝင်တိုက်လေသည်။

ဤမျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် လေတရှဲရှဲ မြည်နေသည့် ဧရာမ အမြီးကြီးတစ်ချောင်းက ပြင်းထန်စွာ ရိုက်ခတ်လာခဲ့၏။ ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားသည်။ ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်မှာ မြှားတစ်စင်းကဲ့သို့ သစ်ပင်ကြီးတစ်ပင်ဆီသို့ ပစ်လွှတ်ခြင်း ခံလိုက်ရ၏။

ဘုန်း

ဖြန်း ဖြန်း ဖြန်း ခေါက် ခေါက် …။

သစ်ကိုင်းကျိုးသံများ ထွက်ပေါ်လာခဲ့၏။ ဟုန်ရှောင်ပေါင်သည် သစ်ကိုင်းအတော်များများကို ဝင်တိုက် ကျိုးပဲ့သွားစေခဲ့သည်။ ခန္ဓာကိုယ်က သစ်ပင်အုပ်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

All Chapters